Chapter 19
Viewers 571

အပိုင်း ၁၉

 

 

 

 

ကျိုးရွှီသည် မူလက လီအာ၏ စီးတော်သားရဲ နွားပြာကြီးဖြစ်သည်။ ၎င်းမှာ အသက်ဝိညာဥ်ရပြီးသည့်တိုင် လျစ်လျူရှုခံရဆဲပင်။ လီအာက သူ့အားရွေးချယ်ပြီးနောက် လီအာ တရားဟောတိုင်း လိုက်ပါအဖော်ပြုပေးလျက် ကျင့်ကြံခြင်းလမ်းစဥ်ပေါ် အမှတ်မထင် ရောက်ရှိလာသည်။ နောက်ပိုင်း ကျိုးတော်ဝင်အိမ်တော် နန်းကျပြီး လီအာ လက်အောက်မှ ပိုင်ဆိုင်မှုများသည် ဝမ်ဇီချောင်လက်အောက်ရှိ ချူးပြည်နယ်သို့ ပို့ဆောင်ခံခဲ့ရ၏။ လီအာသည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ စိတ်ပျက်အားငယ်စွာဖြင့်၊ သူသည် သူ့အား ဟန်ကုတောင်ကြားလမ်း အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး၊ ကိုယ့်ဘာသာ တရားဟောရန် ခရီးထွက်ခဲ့သည်။  တဖြည်းဖြည်း ကျင့်ကြံရင်းနှင့် လီအာသေဆုံးပြီး နှစ်တစ်ရာအကြာ၌ ကျိုးရွှီသည် လူအသွင်ပြောင်းလဲခဲ့သည်။

 

 

 

အချိန်အားဖြင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့် သူ လူသားအသွင် စတင်ပြောင်းလဲခဲ့စဥ်က ကျိုးမင်းဆက် ကျရှုံးပြီး နန်းလုခဲ့ကြသည်။ နောက်ဆုံး၌ ချင်မင်းဆက်က အုပ်စိုးခဲ့၏။ ပထမအင်ပါယာအား စတင်တည်ထောင်ပြီးနောက် နေရပ်သို့ သူပြန်အလာ၌ ဆူရာဘာရာဧရိယာမှ ဖန်ချန်ဒေသကိုအဖြတ်တွင် ကံကောင်းထောက်မပြီး ယင်းလုံနဲ့ ဆုံခဲ့ရသည်။

 

 

 

ထိုအဖြစ်အပျက်သည် ပထမအင်ပါယာ၏ ၂၈ နှစ်မြောက်၌ဖြစ်ခဲ့ခြင်းပင်။ ဧကရာဇ်မင်းသည် ယွီဘုရင်၏ 'ယန်ချန်ဒေသမှ အိုးများအားစုစည်းခြင်း' လမ်းစဥ်ကိုလိုက်နာခဲ့ပြီး အိုးကိုးလုံးအားရှာရန် လူအင်အားများစွာ အသုံးပြုခဲ့သည်။ ထို့နောက် ထိုအိုးကိုးလုံးသည် ဖန်ချန်၊ဆူရာဘာရာတွင်ရှိနေကြောင်း ကြားသိရပြန်၏။ ထိုကြောင့် ဆူရာဘာရာဒေသရှိ နတ်နန်းတွင်  ပူဇော်ပသပြီးနောက် အိုးကိုးလုံးအားရှာရန် လူပေါင်း တစ်ထောင်ကျော်အားစေလွှတ်ခဲ့သည်။ အိုးအား ရှာတွေ့ချိန်တွင် ရေပြင်၌ ယင်းလုံတစ်ကောင်ပေါ်လာပြီး အိုးနှင့်တွဲချည်ထားသည့် ကြိုးကိုကိုက်ဖြတ်ကာ လှိုင်းကြမ်း၊လေကြမ်းများ လွှင့်ခဲ့သဖြင့် ပထမဧကရာဇ်မင်းသည် အိုးများရှာဖွေခြင်းအား ရပ်တန့်ခဲ့ရ၏။

 

 

 

ဧကရာဇ်မင်းသည် အသက်ကိုးဆယ့်ငါးနှစ်အရွယ် ဘုန်းကံကြီးမားသည့် လူသားမျိုးနွယ်ဝင်ဖြစ်ပြီး ယင်းလုံသည် မြေအောက်ကမ္ဘာမှ အစိုးမရသော နတ်ဘုရားတစ်ပါးဖြစ်သည်။

 

 

 

ဆူရာဘာရာ၌ နှစ်ဦးနှစ်ဖက် ဆယ်ရက်ခန့်မျှ အချေအတင်ဖြစ်ကြပြီးနောက် ဧကရာဇ်မင်းကသာ လက်လျော့လိုက်ရပြီး ယင်းလုံသည် အိုးကိုပြန်သိမ်းကာ ဆူရာဘာရာရေပြင်အတွင်း ဝင်ရောက်သွား၏။

 

 

 

ထိုစဥ်က ယင်းလုံအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ ယင်းလုံအား တစ်ချက်ကလေးမျှသာ ကြည့်ဖူးသည့်တိုင် ထိုရှေးခေတ်နတ်ဘုရားထံမှလာသည့် ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါက သူ့အား မိန်းမောစေ၏။

 

 

 

နောက်ပိုင်း သူကျင့်ကြံရင်း ယင်းလုံ၏သတင်းများအား အမြဲတစေ နားစွင့်နေခဲ့ပြီး သူတွေ့ခဲ့ရသောယင်းလုံသည် အဝါရောင်အင်ပါယာကို ချီယိုဒေသအားသိမ်းပိုက်ရာ၌ ကူညီပေးခဲ့သည့် ယင်းလုံမဟုတ်ကြောင်း သိခဲ့ရသည်။

 

 

 

ယင်းလုံမျိုးနွယ်စုသည်မူလက ကောင်းကင်ဘုံမှ နတ်ဘုရားမျိုးနွယ်စုဝင် ဖြစ်ခဲ့ဖူး၏။ အဝါရောင်အင်ပါယာနှင့် ချီယိုစစ်ပွဲတွင် ယင်းလုံကမ်းချန်သည် နဂါးတပ်ဖွဲ့အားဦးဆောင်၍ ချီယိုကိုတိုက်ခိုက်ပြီး နေဘီလူးအားသတ်ဖြတ်ခဲ့သည်။ သို့သော် နတ်ဘုရားစွမ်းရည်အား ကုန်စင်အောင်သုံးခဲ့မိသဖြင့် ကောင်းကင်ဘုံသို့ မပြန်နိုင်ဘဲ မြေအောက်ကမ္ဘာ၌ နေရန် ဖိအားပေးခံခဲ့ရပြီး တောင်ဖက်ပိုင်းဒေသ၌ ဇာတ်မြုပ်နေခဲ့ရ၏။

 

 

 

ဆူရာဘာရာ၌ သူတွေ့ခဲ့သည့်ယင်းလုံသည် ကမ်းချန်နောက် လိုက်ပါလာသည့် နဂါးတစ်ကောင်ဖြစ်နေခဲ့သည်။

 

 

 

ကမ်းချန်သည် အမှန်တရားအား လက်ကိုင်ထားသူပီပီ ယွီဘုရင်အား ရေပြင်ကိုထိန်းချုပ်စေကာ ဝူကျစ်ချီအားသိမ်းပြီးနောက် နတ်ဘုရားစွမ်းအင် ကုန်ဆုံးမှုကြောင့် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ရ၏။

 

 

သူ မပျောက်ကွယ်သွားခင်၌ သူ၏နဂါးဝိညာဥ်လက်ကျန်အား ယွီဘုရင်၏အိုးကိုးလုံးထံ ထည့်သွင်းခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။

 

 

 

အိုးများအား သုံးကြိမ်ရွေ့​ပြောင်း၍ ရှားမင်းဆက်၊ ရှန့်မင်းဆက်နှင့် ကျိုးမင်းဆက်တို့အား ကျော်ဖြတ်ပြီးနောက် ကျိုးမင်းဆက်သည် ချင်မင်းဆက်၏ ဖျက်ဆီးမှုခံရကာ အိုးများမှာ ပျောက်ဆုံးသွားခဲ့ပြီး ရာစုနှစ်များစွာအကြာ၌ ဆူရာဘာရာတွင် ယင်းလုံတစ်ကောင်က ပြန်လည်ရှာတွေ့ခဲ့၏။

 

 

 

ထိုစဥ်မှစကာ ယင်းလုံနှင့် အိုးများ ဘယ်ဆီ၌ရှိသည်ကို မည်သူမှ မသိကြရတော့ပါ။

 

 

 

တစ်ဖက်၌မူ ကျိုးရွှီသည် လူသားအသွင်ပြောင်းခါစ နတ်ဆိုးအဆင့်မှ မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်လာတော့သည်။

 

 

 

ယင်းလုံနှင့် နောက်တစ်ကြိမ် ထပ်တွေ့သည်မှာ အမျိုးသားလုံခြုံရေးဝန်ကြီးဌာနအား တရုတ်၌ဖွင့်လှစ်ပြီး ကာလကဖြစ်၏။

 

 

 

ဓမ္မတရား ထွန်းပေါက်သောကာလ၌ အားအင်ချိနဲ့သူများပျက်သုဥ်းကြပြီး မရေမတွက်နိုင်သော စုန်း၊မကောင်းဆိုးဝါးတို့ ပျောက်ကွယ်သွားခဲ့ကြသည်။ မကောင်းဆိုးဝါးမျိုးနွယ်စုများနှင့် ပညာသည်များ ရုန်းကန်ခဲ့ကြရပြီး အများစုသည် ကမ္ဘာပေါ်၌ နာမည်သာကျန်ရစ်ကြကုန်၏။ ထိုအခါ ၎င်းတို့သည် နတ်ဘုံမှနှုတ်ထွက်ကာ နတ်ဘုရားအဖြစ် မခံယူကြတော့ချေ။

 

 

 

ထိုထဲ၌ ယင်းချောင်လည်း ပါ၏။

 

ကောင်းကင်ဘုံ၏လမ်းစဥ်အရ ရှင်သန်နိုင်ရေး မကောင်းဆိုးဝါးကြီးများနှင့် ပညာသည်များသည် လုံခြုံရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နတ်ဆိုးစီမံခန့်ခွဲရေးဌာနနှင့် အထူးဌာနတို့ ဖြစ်ပေါ်လာပြီး လူသားမျိုးနွယ်စုနှင့် ယှဥ်တွဲနေထိုင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

 

 

 

ကျိုးရွှီသည် လီအာ၏ ကြင်နာမှုဖြင့် အသက်ဆက်ခဲ့ရပြီး ငယ်စဥ်က ကမ်းချန်အား လေးစားအားကျရသူပီပီ ထိုစနစ်၌ အားတက်သရော ပါဝင်ခဲ့၏။

 

 

 

သူ၏ ကမ်းချန်နှင့် ယင်းလုံမျိုးနွယ်စုအပေါ် အားကျလေးစားသည့် ဓာတ်ခံကြောင့် ယင်းချောင်အား ချဥ်းကပ်ရန်ပင် ကြံခဲ့ဖူးသည်။

 

 

 

သို့သော် ယင်းချောင်နှင့်ကမ်းချန်သည် မျိုးနွယ်စုတူများ ဖြစ်ကြသည့်တိုင် အတွေးအခေါ်များ လုံးဝကွဲပြားခြားနားကြကြောင်း သူသိလာ၏။

 

 

 

ကမ်းချန်သည်ကမ္ဘာမြေကိုချစ်ကာ လူသားမျိုးနွယ်စုအတွက် အသက်ကိုပင်စွန့်ဝံ့သော်လ​ည်း ယင်းချောင်ကမူ ထိုကမ္ဘာမြေကိုသာမက လူသားမျိုးနွယ်စုကိုပါ မုန်းတီးနေသည့်ပုံပင်။

 

 

 

ဤသည်မှာ ယင်းချောင်နှင့် ဆက်သွယ်ပြောဆိုခွင့်ရပြီးနောက် သူတစ်ယောက်တည်း၏အမြင်သာ။

 

 

 

ယင်းချောင်သည် အင်အားကြီးလွန်းသဖြင့် လုံခြုံရေးဝန်ကြီးဌာနသည် သူ့အား နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ ဒါရိုက်တာအဖြစ် တာဝန်ယူပေးရန် ကမ်းလှမ်းခဲ့သော်လည်း သူသည် တွေဝေခြင်းမရှိ ပယ်ချခဲ့သည်။ အဖွဲ့အစည်းပေါင်းစုံမှ အဆက်မပြတ် ကမ်းလှမ်းခံရပြီးနောက်မှ ကျန်းချန် နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ လက်ထောက်ဒါရိုက်တာရာထူးအား လက်ခံခဲ့၏။

 

 

 

နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ အုပ်ချုပ်ရေးပိုင်း၌ များစွာပါဝင်လိမ့်မရှိကြောင်း ကြားသိရသည်။

 

 

 

အခြားသောနာမည်ကျော် မကောင်းဆိုးဝါးကြီးများကဲ့သို့ပင် သူသည်လည်း လူ့အသိုင်းအဝိုင်းအတွင်း အံဝင်ခွင်ကျ ရှိခဲ့ပုံရပြီး ကုမ္ပဏီဖွင့်၍ မြို့ထဲ၌ နေထိုင်လေ၏။ နိုင်ငံအတွင်း အရေးကိစ္စပေါ်မှသာ ထိုနတ်ဘုရားကြီးများအား ဝင်ရောက်ဖြေရှင်းပါရန် ဖိတ်ကြားကြရသည်။

 

 

 

သို့သော် သူနှင့်ဆုံဖူးသည့်အခါတိုင်း မျက်လုံးများက တရားသေတည်ရှိနေသည်ကို ကျိုးရွှီ သတိထားမိခဲ့၏။

 

 

 

အပေါ်ယံဟန်ဆောင်မှုများ၏နောက်ကွယ်၌ နက်ရှိုင်းလှသည့် စက်ဆုပ်ရွံ့ရှာမှုများရှိနေသည်။ သူသည် အတတ်နိုင်ဆုံး ကြိုးစားဖုံးကွယ်ထားပြီး အတုယောင်ငြိမ်းချမ်းမှုများကိုသာ ဖန်တီးနေခဲ့လေ၏။

 

 

 

ကျိုးရွှီသည် သူ၏ ရှာဖွေတွေ့ရှိမှုအား မည်သူကိုမှ ထုတ်မပြောခဲ့သည့်တိုင် နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများ ယောင်ဝါးဝါးကိန်းအောင်းနေသည်။ ထိုစိုးရိမ်ပူပန်မှုကြောင့်ပင် နှစ်အနည်းငယ်အကြာ၌ သူအငြိမ်းစားယူခဲ့ပြီး သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရန် ပေကျင်းမှ ကျန်းချန်သို့ ပြောင်းရွေ့ခဲ့ခြင်းပင်။

 

 

 

အငြိမ်းစားယူပြီးသည့်တိုင် နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ သတင်းအချို့မှာ သူ့ထံ နားပေါက်စမြဲဖြစ်သည်။

 

 

 

ဥပမာအားဖြင့် ယခုနှစ်များအတွင်း ယင်းချောင်၏ဒေါသသည် ပို၍ဆောက်တည်ရာမရ ကြီးမားလာပြီး သူနှင့်ရင်းနှီးသည့် မကောင်းဆိုးဝါးကြီးများပင် သူ့အား လွယ်လွယ်ရန်မစရဲဟူသည့် သတင်းမျိုးပင်။

 

 

 

သို့သော် ဒေါသကြီးလာရုံမှလွဲကာ ကျိုးရွှီ ပူပန်နေသည့်ကိစ္စများက ယခုထိ မဖြစ်လာသေးပါ။

 

 

 

ထိုကြောင့် သူစိတ်သက်သာရာ ရမိသည်။

 

 

 

သို့သော် သူတိတ်တဆိတ်စုံစမ်းနေသည့် ယင်းလုံသည် ရုံးခန်းအတွင်းရောက်လာပြီး သူ့အား'ဦးလေးကျိုး'ဟု ယဥ်ကျေးစွာ လောကွပ်ပြုလာမည်ဟု သူမမျှော်လင့်ထားမိပါ။

 

 

 

သူသိသည့်ယင်းလုံမှာ ထိုသို့မဟုတ်။ ကျိုးရွှီမှာ ကြောက်သော်လည်း မျက်နှာချိုသွေးရတော့မည်။

 

 

 

ကျန်းလန်အား တစ်ချက်လှည့်ကြည့်ကာ ယင်းချောင်အား ပြန်လှည့်ကြည့်ပြီးနောက် ယင်းချောင်၏ မျက်လုံးထဲမှ ပြင်းစွာသောခြိမ်း​ခြောက်မှုအား အထင်အရှားအာရုံခံမိလိုက်ပြီး ယင်းချောင်၏စကားအတိုင်း မျောလိုက်ရုံသာ တတ်နိုင်တော့သည်။

 

 

 

"ရှောင်ကျန်းရဲ့… ရှောင်ကျန်းရဲ့အစ်ကိုဆိုတော့ ကြိုဆိုပါတယ်ကွာ။"

 

 

 

ယင်းချောင်က ပို၍ လှိုက်လှဲစွာပြုံးပြလာပြီး အိတ်ထဲမှ လက်ဖက်ခြောက်ထုပ်အား ယူထုတ်ကာ ပြောလာသည်။ "ဦးလေးက လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်လို့ ကျန်းလန်ကပြောတယ်။ အိမ်မှာလည်း လက်ဖက်ရည်ထုပ်တွေ အရမ်းများနေတာနဲ့ တစ်ထုပ်ယူလာခဲ့တယ်။"

 

 

 

ယင်းချောင်သည် တလေးတစားပြောနေသည့်တိုင် သူ၏အပြုံးက အသက်မပါနေသည်ကို ကျိုးရွှီ သိနေ၏။

 

 

 

လက်ဖက်ခြောက်ထုပ်အား ခါးကုန်းကာ မယူမိစေရန် သူ အတော်ကြိုးစားထိန်းချုပ်ထားရသည်။

 

 

 

ယင်းချောင် သရေစာများအား ရုံးမှလူသုံးဦးကို ခွဲဝေပေးလိုက်ပြီး ကျန်းလန်နှင့်စွမ်းနီတို့အတွက် နောက်ဆုံးအိတ်သာကျန်၏။ စွမ်းနီနှင့်ရင်းနှီးပြီးသားဖြစ်၍ အမွှေးလုံးလေးအား သူကောက်ချီကာ ခေါင်းအား ခပ်ဖွဖွပွတ်ပေးလျက် ငါးလိပ်ကျောက်ခြောက်အိတ်ကို ယူထုတ်ပြီး စွမ်းနီ၏ လက်ဖဝါးသေးသေးလေးနှစ်ဖက်ကြား ထည့်ပေးလိုက်သည်။

 

 

 

ငါးလိပ်ကျောက်သားသည် နူးညံ့ချိုမြ၍ သားပေါက်ကလေးများ ကြိုက်ကြ၏။ ဘဲလိပ်ကျောက်များသည် အရှေ့တရုတ်ပင်လယ်တွင် နေထိုင်ပြီး ရေကူးကျွမ်းကျင်သဖြင့် ဖမ်းရန်မလွယ်လှပါ။ ထိုကြောင့် ငါးလိပ်ကျောက်ခြောက်သည် ရှားပါးဈေးကြီးသဖြင့် ချမ်းသာသည့်မိဘများနှင့် အလိုလိုက်လွန်းသည့် မိဘများကသာ ကလေးများကို ဝယ်ပေးလေ့ရှိသည်။

 

 

 

ယင်းချောင်၏ အိတ်ထဲ၌ပါလာသည့် ငါးလိပ်ကျောက်ခြောက်ထုပ် လေး၊ငါးထုပ်လုံးသည် ရှောင်စွမ်းနီအတွက်ပင်။

 

မ ကိုခင်လျှင်၊ ဥကိုလည်းခင်ရမည် ဟူသည့်စကားအတိုင်း စံချိန်မီ မိဘကောင်းဖြစ်ရေး နတ်ဆိုးလေးကို သာမက နတ်ဆိုးလေး၏ညီဖြစ်သူကိုပါ သူဂရုစိုက်ပေးရလိမ့်မည်။

 

 

 

နတ်ဆိုးလေးသည် သူ၏ ကလေးဖြစ်လာပြီဆိုပါလျှင် သဘာဝကျကျ သူ၏ညီလေးသည်လည်း သူ၏ကလေးသာ ဖြစ်လာရမည်မဟုတ်ပါလား။ လက်ရှိမိသားစုထဲ၌ လူသုံးယောက်၊ကလေးနှစ်ဦး ရှိပြီဖြစ်ကာ ယင်းချောင် အတော်လေး ဝမ်းသာမိသည်။

 

 

 

စွမ်းနီက အနံ့ရသည်နှင့် အိတ်ကိုဖောက်ကာ ငါးခြောက်အား လက်သေးသေးနှင့်ကိုင်ပြီး ဝမ်းသာအားရကိုက်ဝါးနေ၏။

 

 

 

ကျန်းလန်က စွမ်းနီ၏ နားရွက်ဝိုင်းဝိုင်းများအား ပွတ်သပ်ပြီး "အစားပုပ်"ဟုခေါ်လိုက်သည်။

 

 

 

စွမ်းနီမှာ စားသောက်ရင်း မအားမလပ်နှင့် သူ့အား တစ်ချက်မော့ကြည့်ကာ ပြန်တုံ့ပြန်သည့် သဘောဖြင့် နှစ်ချက်ခန့် ထပ်ဝါးစားပြလေ၏။

 

 

 

ယင်းချောင် ထိုညီအစ်ကိုနှစ်ဦးအား နွေးထွေးမှုအပြည့်နှင့် ကြည့်နေမိပြီး အိတ်ခွံကို အမှိုက်အိတ်ထဲထည့်၍ ကျန်းလန်ကို လှမ်းပြောလာသည်။ "အမှိုက်သွားပစ်ရင်း သန့်စင်ခန်း ဝင်လိုက်ဦးမယ်။"

 

 

 

"အင်း၊ ငါဒီမှာပဲ စောင့်နေမယ်။"

 

 

 

ယင်းချောင် ခေါင်းငြိမ့်ပြကာ ရုံးခန်းအတွင်းမှ ထွက်လာ၏။

 

 

 

ရုံးခန်းထောင့်တစ်နေရာ၌ ကျိုးရွှီက သူ့အားစောင့်နေသည်။

 

 

 

နတ်ဆိုးလေးမရှိသည်နှင့် ယင်းချောင်၏မျက်နှာမှာ အေးစက်ကာ မျက်ခုံးများ မသိမသာကြုံ့နေပြီး သန့်စင်ခန်းထံ ဘောက်ဆတ်ဆတ် လျှောက်သွားလေ၏။

 

 

 

သူဘာမှမပြောသည့်တိုင် ကျိုးရွှီ အလိုက်တသိနှင့် သူ့နောက် လိုက်သွားမိသည်။

 

 

 

ရုံးဆင်းချိန်ကျော်ပြီဖြစ်၍ သန့်စင်ခန်း၌ လူမရှိချေ။ ကျိုးရွှီ တံခါးကိုပိတ်ပြီးနောက် အပြင်လူများ မကပ်လာစေရန် သန့်ရှင်းရေးလုပ်နေကြောင်း အသိပေးစာရွက်ကပ်ပြီး ယင်းချောင်အား ရိုသေစွာ ဂါရဝပြုလိုက်သည်။

 

 

 

"မာစတာယင်း"

 

 

 

ယင်းချောင်က သူ့အား အေးစက်စွာ ကြည့်လာ၏။

 

 

 

"ဌာနရဲ့ ဂုဏ်သရေရှိ လက်ထောက်မန်နေဂျာက ဒီလို ရုံးသေးသေးလေးမှာ လာပုန်းနေမယ်လို့ မထင်ထားဘူး။ မြို့တော်က မင်းကို သွားခွင့်ပြုတာပဲလား။"

 

 

 

ကျိုးရွှီ ပြုံးလိုက်သောအခါ အရေးအကြောင်းများ ပေါ်လာပုံက သူ့အား လူအိုကြီးနှင့် ပိုတူစေ၏။ "တွေ့တဲ့အတိုင်း ကျွန်တော်က အသက်ကြီးပြီလေ။ လူငယ်တွေကို နေရာပေးသင့်ပါပြီ။"

 

 

 

သူသည် ခေါင်းကိုသာ တွင်တွင်ငုံ့ကာ မျက်လုံးများက အောက်စိုက်နေပြီး ယင်းချောင်အား မော့မကြည့်ရဲချေ။

 

 

 

ဤသည်မှာ မျိုးနွယ်စုများကြား မည်သို့မှ ညှိယူ၍မရသော သဘောထားကွာခြားချက်ကြောင့် ဖြစ်လိမ့်မည်။ သူသည် နှစ်ပေါင်းနှစ်ထောင်ကျော် အသက်ရှင်လာပြီးသည့်တိုင် ယင်းလုံကဲ့သို့ ဒဏ္ဍာရီလာ မကောင်းဆိုးဝါးနှင့် ယှဥ်ပါလျှင် သဲတစ်ပွင့်အဆင့်သာ ရှိသည်။

 

 

 

သို့သော် မည်သည်မှ မသိနားမလည်သော ကျန်းလန်အကြောင်း တွေးမိသောအခါ အလွန်အမင်း ကြောက်ရွံမိသဖြင့် သူမဝံ့မရဲ ထုတ်ပြောလိုက်မိ၏။ "ကျန်းလန်က သာမန် မကောင်းဆိုးဝါးလေးတစ်ကောင်ပါ။ မာစတာယင်း သူ့ကို....."

 

 

 

ဒဏ္ဍာရီလာမကောင်းဆိုးဝါးကြီးများသည် သာမန်မကောင်းဆိုးဝါးများနှင့် ပေါင်းသင်းလေ့မရှိကြပါ။ ယင်းလုံသည် အခြားသော ရည်ရွယ်ချက်တစ်ခုခုကြောင့် ကျန်းလန်အား ချဥ်းကပ်နေသလား သူမေးမြန်းရမည်။

 

 

 

အစက ယင်းချောင်သည် ဆွေးနွေးမှုအပေါ် စိတ်အလိုမကျ ဖြစ်နေမည်ဟု သူတွေးထားခဲ့သော်လည်း ယင်းချောင်က ဝမ်းသာအားရ ဂုဏ်ယူနေသည့်အသံနှင့် ပြန်ဖြေလာ၏။ "ကျန်းလန်က ငါ့ရဲ့ကလေးပဲ။ သူက ငယ်သေးတော့ မင်းသူ့ကို စောင့်ရှောက်ဖို့ လိုလိမ့်မယ်။"

 

 

 

ကျိုးရွှီမှာ သိသိသာသာ ထုတ်မပြရဲသည့်တိုင် စိတ်အေးလက်အေးနှင့် သက်ပြင်းချမိသည်။

 

 

 

သူ၏လေသံအရ ကျန်းလန်အား အမှန်ပင် ချစ်မြတ်နိုးပုံရသဖြင့် သူစိုးရိမ်ပူပန်နေရန် မလိုတော့ပါ။

 

 

 

ယင်းချောင်က သူ့အမူအရာကိုရိပ်မိကာ နှာခေါင်းရှုံ့၍ ပြောလာ၏။ "ကျန်းလန် ကြောက်သွားမှာစိုးလို့ ငါသူ့ကိုအမှန်အတိုင်း မပြောထားသေးဘူး။ သူ့အတွက်ငါက သာမန်မြွေမျိုးနွယ်စုဝင်ပဲ။ မင်းလုံးဝ စကားမဟမိစေနဲ့။"

 

 

 

ကျိုးရွှီမှာ အတော်လေး အံ့သြသွားသော်လည်း မျက်နှာ၌ မပေါ်စေဘဲ ချက်ချင်းပင် လက်ခံလိုက်သည်။

 

 

 

ယင်းချောင် အလွန်စိတ်ကျေနပ်သွားပြီး သူ့အား ပုတီးစေ့တစ်စေ့ ပစ်ပေးလာ၏။ "ဒီအရာက မင်းကို အကျပ်အတည်းကနေ လွတ်မြောက်စေလိမ့်မယ်။"

 

 

 

ပြီးနောက် တံခါးဖွင့်၍ ဦးစွာထွက်သွားလေသည်။

 

 

 

ရုံးခန်းထဲ၌ ကျန်းလန်ကပစ္စည်းများသိမ်းကာ အတူပြန်ရန် ယင်းချောင်အား စောင့်နေ၏။

 

 

 

ရုံးခန်းထဲ သူတစ်ဦးတည်းကျန်သဖြင့် ယင်းချောင်အိတ်ကပ်ထဲမှ သစ်သီးသကြားလုံးအား ယူထုတ်၍ လှမ်းပေးလိုက်သည်။ "မင်းအတွက် ဝယ်ခဲ့တာ။ ခုနကလူ အရမ်းများနေလို့ ထုတ်မပေးတာ။"

 

 

 

ကျန်းလန်၏ မျက်လုံးများက ကွေးတက်သွားပြီး ချက်ချင်းဖောက်ကာ ပါးစပ်ထဲ ထည့်လိုက်သဖြင့် ပါးများမို့တက်သွားပြီးနောက် မျက်လုံးကိုမှေး၍ အိတ်ကပ်အတွင်းကြည့်လျက် မေးလာသည်။ "တစ်ခုပဲ ဝယ်လာတာလား။"

 

 

 

ဓာတ်ပုံပို့စဥ်က ဘူးလိုက်ကြီးရှိနေသည် မဟုတ်ပါလား။

 

 

 

"ရှိသေးတာပေါ့။" ယင်းချောင်က မျက်လှည့်ပြဟန်နှင့် နောက်တစ်လုံးအား ယူထုတ်ပြီး အခွံခွာ၍ စွမ်းနီပါးစပ်ထဲ ထည့်ပေးလိုက်သည်။

 

 

 

စွမ်းနီက ကျေနပ်သည့် အသံပြုကာ သူ့လက်အားပွတ်၍ အိတ်ထဲ ပြန်ဝင်သွားတော့၏။

 

စွမ်းနီထံမှ အကြည့်လွှဲလိုက်သည်နှင့် စိတ်ပျက်တကြီးဖြစ်နေသော ကျန်းလန်အား တွေ့ရသဖြင့် သူအသည်းအသန် ရှင်းပြရတော့သည်။ "အချိုစားတာများရင် သွားပိုးစားလိမ့်မယ်။ နောက်တစ်ခေါက်ကျမှ ထပ်ယူလာခဲ့ပေးမယ်။"

 

 

 

ထိုအခါမှ ကျန်းလန်က ကျေနပ်သွားပြီး သကြားလုံးဝါးနေရသဖြင့် 'အင်းအင်းအဲအဲ'သာ အသံပြုလာ၏။

 

 

 

 

စာရေးသူမှတ်ချက်

 

 

 

ယင်းလုံ - 'နတ်ဆိုးလေးက ငါ့မိသားစုဝင်ဆိုတော့ သူ့ညီလေးကလည်း ငါ့မိသားစုဝင်ပဲ။ ယင်းလုံကို တစ်ကောင်ကြွက်လို့ ဘယ်သူပြောရဲလဲ။ သုံးကောင်ကွ။'

 

 

 

နံဘေးမှ ဖြတ်သွားသည့် ဦးလေးကျိုး - 'ဟုတ်ကဲ့၊ ကလေးမွေးတာ ကောင်းပါတယ်။ ဒါမှ လူထုကို ဒုက္ခပေးဖို့ အချိန်မရမှာ။'

 

 

 

လုံလုံက သူများညီလေးကို သူ့အပိုင် ဖြစ်အောင်လုပ်နေပြီး မိသားစုဝင် သုံးဦးရှိနေပါပြီ။ လက်ခုပ်တီးပေးကြပါဦး။