Chapter 18
Viewers 581

အပိုင်း ၁၈

 

 

ပြင်ပလူနာဆောင်အတွင်းမှ ဇာတ်လမ်းအား စပ်စုနေကြသူများ မကြာမီပျောက်ကွယ်သွားကြသည့်တိုင် ဦးလေးယောင်က ခေါင်းတခါခါနှင့် သက်ပြင်းချနေဆဲပင်။

 

 

ဆေးများထုတ်ကာ ပြန်လာသည့်ရှောင်ဟေးအား လက်ညှိုးထိုးကာ ကျန်းလန် ယခုလိုမေးလိုက်သည်။ "သူကတော့ လူကောင်းပဲမလား။"

 

 

ဦးလေးယောင်က သူ့မေးခွန်းကြောင့်ရယ်ကာ သူ့ပေါင်ကိုပုတ်၍ ပြောလာ၏။ "လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့ကွာ။"

 

 

သူ့အားပြုံးကာ ကြည့်နေကြသဖြင့် ရှောင်ဟေးမှာ စိတ်ရှုပ်ထွေးသွားပြီး သူ့မျက်နှာသူစမ်းလျက် ယောင်နနနှင့် မေးလာ၏။ "ဘာဖြစ်လို့လဲ။"

 

 

ဦးလေးယောင်မှာ စိတ်မဆိုးတော့ပါ။ "ဘာမှမဖြစ်ဘူး။ မင်းကို အဝတ်နှစ်စုံလောက်ဝယ်ပေးဖို့ ရှောင်ကျန်းကို ပြောထားတယ်။ မင်းအဝတ်အစားကိုလည်း ကြည့်ဦး။ ဒီလိုဆက်နေရင် အသက်ကြီးလို့နေမကောင်းဖြစ်မှ မင်းနောင်တရနေလိမ့်မယ်။"

 

 

ရှောင်ဟေးက ဆေးအိတ်အား ဝှီးလ်ချဲ၌ ချိတ်ကာ သူ့အားအပြင်သို့ တွန်းထုတ်လာသည်။ "ကျွန်တော်မအေးပါဘူး။"

 

 

'မအေးပါဘူး'ဟုပြောခြင်းသည် အမှန်တကယ် မအေး၍ပြောခြင်းပင်။ မကောင်းဆိုးဝါးငယ်သည် အဆင့်မြင့်ကျင့်ကြံရေးစွမ်းရည်များမရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် အတော်လေးကောင်းမွန်ပြီး လွယ်ကူစွာ ဖျားနာမှုမဖြစ်နိုင်ပေ။

 

 

သို့သော် ဦးလေးယောင်က လက်မခံပါ။ ရှောင်ဟေးသည်လည်း ဦးလေးယောင်၏စေတနာအား ပြုံးရယ်၍ပင် လက်ခံလိုက်တော့သည်။

 

 

နှစ်ဦးသား၏အိမ်ခန်းများက ကပ်ရက်ဖြစ်၍ သုံးဦးသားအိမ်ရာဝင်းအတွင်း အလွယ်တကူပင် ရောက်လာကြ၏။ ဓာတ်လှေကားရပ်သွားပြီးနောက် သုံးဦးသား အပြင်ထွက်လာကြသည်နှင့် ရှောင်ဟေး တစ်ခုခုအား သတိရလာသည်။ ပြီးနောက် ကျန်းလန်အား အလန့်တကြားကြည့်၍ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာ၏။ "အမ် ဟို သာ့ဟေးကို အစ်ကိုပဲ ခဏယူထားဦး။ အိမ်သန့်ရှင်းရေးလုပ်ပြီး နှစ်ရက်လောက်ကြာမှ လာယူမယ်။"

 

 

သူ့ခမျာ သူ့ကိုယ်သူအပြစ်ရှိစိတ်ကြောင့် အသံပင်မထွက်နိုင်ပေ။

 

 

ယခုရက်ပိုင်းအတွင်း ဆေးရုံ၌ အလုပ်များသဖြင့် သူမေ့လျော့နေခဲ့သည်။ သာ့ဟေးသေပြီဖြစ်၍ ရှောင်ဟေးက သာ့ဟေးအဖြစ်ဆောင်နေသည်ကို ဦးလေး​ယောင်မှာ မသိဘဲ ယခုရှောင်ဟေးဘဝရောက်နေသဖြင့် သာ့ဟေးမှာ ပျောက်ဆုံးနေလိမ့်မည်။

 

 

သူအချိန်ဆွဲရန်သာတတ်နိုင်ပြီး ကျန်းလန်အား ဖြေရှင်းပေးရန်အကြည့်နှင့်စစ်ကူတောင်းရ၏။

 

 

ကံကောင်း၍  ဦးလေးယောင်မှာ သံသယမဝင်ဘဲ ကျန်းလန်ဖက်လှည့်ကာ ပေါ့ပါးစွာပြောလာသည်။ "မင်းကိုပဲ ဒုက္ခပေးရဦးမှာပေါ့။ ခြေထောက်သက်သာမှပဲ ထမင်းကောင်းကောင်းဖိတ်ကျွေးဦးမယ်။ မင်းလာကိုလာရမယ်နော် ၊ ရှောင်ကျန်း။"

 

 

ကျန်းလန်သည် ရှောင်ဟေးအား နှစ်သိမ့်သလို ပြုံးပြပြီးနောက် ဦးလေးယောင်အား ပြုံးပြလိုက်သည်။

 

 

တနင်္လါနေ့ မနက်တွင်လည်း မိုးရွာပြန်၏။ မိုးရာသီမရောက်ခင်၌ပင် မိုးရွာသည့်ရက်များက စိပ်လာသည်။

 

 

ရာသီဥတုမကောင်းသဖြင့် ကျန်းလန်မှာ လက်ဖက်ကြက်ဥနှစ်လုံးသာဝယ်ပြီး ရုံးခန်းထဲ ပြေးလာရ၏။ ကျန်းလန်သာ မိုးကြောင့်နောက်ကျနေပြီး ကျန်သည့်လူအားလုံး ရောက်နေပြီဖြစ်သည်။

 

 

ကျန်းလန် သူ့ထီးပေါ်မှ ရေစက်များအား 

ရုံးခန်းတံခါးဝရှိ ရေပုံးထဲသို့ ခါချပြီး ထီးအား အခြောက်ခံရန် ရုံးခန်းအနောက်ဖက်ရှိ နေရာလွတ်အား ဖွင့်ကာထားလိုက်၏။

 

 

ထုံးစံအတိုင်း ပြုံးတုံ့တုံ့နှင့် လက်ဖက်ရည်သောက်နေသည့် ဦးလေးကျိုးကို ကျန်းလန်နှုတ်ဆက်ပြီးနောက် စွမ်းနီကို စားပွဲထံ ခေါ်လာလိုက်သည်။ အသံကြောင့် ဘေးခုံမှ ရွှယ်မုန်က မော့ကြည့်လာပြီး သူ့အား နှုတ်ဆက်လာ၏။

 

 

"မင်းအသံက ဘယ်လိုဖြစ်တာလဲ။"

 

 

ရွှယ်မုန်သည် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အားပါပါနှင့် စကားပြောတတ်သူပင်။ အသံကြားရုံနှင့် တက်ကြွလန်းဆန်းသည့်လူငယ်ဖြစ်ကြောင်း သိနိုင်၏။ ယနေ့မူ ရွှယ်မုန်က စကားပြောတိုင်း လည်ချောင်းအားကိုင်ကာ ပြောနေပြီး အသံမှာ မြင့်သကဲ့သို့ စူးရှသဖြင့် မည်မျှထူးဆန်းနေသည်ကို သူမဖော်ပြတတ်ပေ။

 

 

"ငါ့အသံ ​အဆင်ပြေရဲ့လား။" ရွှယ်မုန်က လည်ချောင်းအားထိရင်း ချောင်းနှစ်ချက်ဟန့်ပြီး မေးလာသည်။ "မနေ့ညကအိပ်ပျော်သွားပြီး အအေးမိသွားတာ၊ ဆေးသောက်လည်းမထူးဘူး။ ချောင်းဆိုးတုန်းပဲ။ အသံမထွက်ဘူးလား။"

 

 

"ဘာလို့ နင့်အသံက ဒီလိုဖြစ်နေတာလဲ။" သူ့အသံကြောင့် ရှောင်းရှောင်ယွီက လှည့်ကြည့်ပြီး မခံနိုင်စရာလေသံနှင့် ပြောလာ၏။ "သင်းကွပ်ခံထားရတဲ့ * နဲ့တူလိုက်တာ။"

 

 

သူ့အသံမှာ ပါးလျလျနှင့်စူးလွန်းသဖြင့် နားဝင်ဆိုးသည်ကတော့ အမှန်ပင်။ သူမစကားမှာ မခံနိုင်စရာကောင်းသည့်တိုင် များသည်ဟု မဆိုသာချေ။

 

 

"မင်းပဲ သင်းကွပ်ခံ၊ မင်းတို့တစ်မျိုးလုံးပဲ သင်းကွပ်ခံလိုက်။"

 

 

ရွှယ်မုန်က ကျန်းလန်ဖက် လှည့်လာ၏။ "ကျန်းလန်၊ ငါ့အသံက မိန်းမစိုးနဲ့တူနေလား။"

 

 

ကျန်းလန် - '.........'

 

 

အစက ကျန်းလန်သည် ရွှယ်မုန်လည်ချောင်းအား ဖိထားသဖြင့်သာ ယခုလို အသံဖြစ်နေသည်ဟု ထင်သော်လည်း ရှောင်းရှောင်ယွီပြောမှသာ အမှန်တကယ်တူနေသည်ကို သတိထားလိုက်မိသည်။

 

 

သူအသံတိတ်နေသဖြင့် ရွှယ်မုန်မှာ သစ္စာဖောက်ခံရသကဲ့သို့ ခံစားရပြီးဒေါသထွက်လာတော့၏။ "မင်းတို့အားလုံး ငါ့ကိုဝိုင်းလှောင်နေကြတာပဲ။ လူနာကို ဂရုစိုက်ရကောင်းမှန်း မသိကြဘူး။"

 

 

ထိုစကားကြောင့် ရှောင်းရှောင်ယွီက အံဆွဲအတွင်းမှ အအေးမိနှာစေးဆေးများထုတ်ကာ စားပွဲပေါ် တင်ပေးလာသည်။ "နင့်အသံက တကယ်တူနေတာလေ။ ရော့ ဒီဆေးသောက်လိုက်။"

 

ရွှယ်မုန်က နှာမှုတ်၍ ရေနွေးတစ်ခွက်ထခပ်၍ ဆေးနှစ်တောင့် သောက်လေ၏။

 

 

နေ့လယ်ရောက်မှသာ မိုးကစဲတော့သည်။ ဒါရိုက်တာချိန်က ရွှယ်မုန်နှင့်ကျန်းလန်အား အခန်းထဲခေါ်ပြီး တုပ်ကွေးရောဂါကာကွယ်ရေး စာစောင်များပေးလာ၏။

 

 

"ဆေးရုံရဲ့ တုံ့ပြန်ချက်အရတော့ ငါတို့ခရိုင်အတွင်းမှာ သံသယဖြစ်စရာ အသေးစားတုပ်ကွေးပျံ့ပွားမှု ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်ရက်လုံးလုံး မိုးကတောက်လျှောက်ရွာနေတာကိုး။ မင်းတို့အချိန်ယူပြီး ပြည်သူလူထုအတွက် ကြိုတင်ကာကွယ်ရေးတွေလုပ်ဖို့ ရောဂါပျံ့နေတဲ့နေရာတွေဆီ သွားလိုက်ဦး။"

 

 

ကျန်းလန် စာရွက်စာတမ်းများအားကြည့်ကာ ယခုလိုပြောလိုက်သည်။ "ရွှယ်မုန်ကအအေးမိနေတော့ ကျွန်တော်တစ်ယောက်တည်း သွားလိုက်တော့မယ်။ ဘယ်နေ့အပြီးသတ်ရမလဲ။"

 

 

ဒါရိုက်တာချိန်က ပြုံးကာပြန်ဖြေ၏။ "ဒီတစ်ပတ်အတွင်းလောက်ပေါ့။"

 

 

ရွှယ်မုန်က အတူလိုက်မည့်အကြောင်း ပါးစပ်ဟလိုက်သည်နှင့် သူ့ထံမှ စကားနှစ်လုံးသာထွက်သေးသည့်အချိန်မှာပင် ဒါရိုက်တာချိန်က အတင်းကာရောတားဆီးလာသည်။

 

 

"ရှောင်ရွှယ်၊ မင်းမသက်သာရင်လည်း နေမကောင်းခွင့်တင်ပြီး ဆေးရုံသွားလိုက်ကွာ။" ဒါရိုက်တာချိန်က ကျန်းလန်ဖက်ပြန်လှည့်လာပြီး ပြုံးရယ်ကာ လက်ဖဝါးနှစ်ဖက်အားရိုက်၍ ပြောလာ၏။ "ရှောင်ကျန်းတော့ ပင်ပန်းတော့မှာပဲ။ အလုပ်ပြီးမှပဲ အေးဆေးနားဦးပေါ့။"

 

 

ကျန်းလန်နှင့်ရွှယ်မုန်တို့ ကြေညာရမည့် လက်ကမ်းစာစောင်များအပြည့်နှင့် ရုံးခန်းအတွင်းမှ ပြန်ထွက်လာကြသည်။

 

 

ရွှယ်မုန်က မကျေမနပ်ရေရွတ်နေဆဲပင်။ "ငါနေကောင်းပါတယ်၊ လည်ချောင်းက သိပ်အဆင်မ​ပြေရုံနဲ့ ယားလွန်းလို့ ချောင်းဆိုးရုံပဲ။"

 

 

သူ့အသံမှာစူးလွန်းသဖြင့် နားစည်အား တုတ်နှင့်ထိုးသကဲ့သို့ ခံစားရပြီး ကျန်းလန်မှာ သည်းမခံနိုင်တော့ချေ။ ထိုကြောင့် ဂရုစိုက်ဟန်ဆောင်ကာ ရေပူတစ်ခွက်ခပ်ပေး၍ ပါးစပ်ပိတ်စေရတော့သည်။ "ငါတစ်ယောက်တည်းလုပ်နိုင်ပါတယ်။ မင်းကနားလိုက်ဦး၊ ရေပူလေးသောက်၊ စကားအရမ်းမပြောနဲ့။"

 

 

ရွှယ်မုန်မှာ ရင်ထဲထိသွားပုံပင်။ "ကျန်းလန်၊ မင်းက အရမ်းကြင်နာတတ်တာပဲ။"

 

 

ကျန်းလန် ပြုံးသာပြုံးပြလိုက်သည်။

 

 

ကြေညာရေးဆင်းရန်အတွက် ကျန်းလန် ကြိုတင်ပြင်ဆင်ရလိမ့်မည်။ ကျန်းလန်သည် အတွေ့အကြုံမရှိသူဖြစ်၍ ရွှယ်မုန်က ယခင်နှစ်မှ PPTအား ကိုးကားနိုင်ရန် ရှာကြည့်စေ၏။ ကျန်းလန်က ဖတ်ရှုကာ နားမလည်သည်များအား ဆက်တိုက်မေးမြန်းသည်။

 

 

အဓိကကျသည့် ဒေသစာရင်းအား ကြည့်ပြီးနောက် ကျန်းလန်က တစ်နေရာအား လက်ညှိုးထိုး၍ အံ့သြတကြီးမေးလာသည်။ "ထပ်ပြီးတော့ ဟုန်ကျင့်ယွမ်ပဲလား။"

 

 

ပြီးခဲ့သည့်ရက်များအတွင်းမှစကာ ဟုန်ကျင့်ယွမ်ခရိုင်အတွင်းသတင်းများသာ သူအဆက်မပြတ် ကြားနေရသည်။

 

 

"လူတွေသေတာက ကံဆိုးလို့ပါကွာ။"

 

 

ရွှယ်မုန် စကားပြောမြန်သဖြင့် ကျန်းလန်မဖမ်းမိ၍ ပြန်မေးလိုက်၏။ "ဘာပြောလိုက်တာလဲ။"

 

 

ရွှယ်မုန်က သူ့အားကြောင်ကြည့်ကာ ကြက်တွန်သံနှင့် ပြောလာသည်။ "ငါဘာမှမပြောမိပါဘူး။"

 

 

ကျန်းလန် မျက်မှောင်ကြုတ်ကာ ရွှယ်မုန်အား ရုပ်တည်နှင့်စိုက်ကြည့်ပြီး သူ့နဖူးအား ထိကြည့်သော်လည်း မူမမှန်သည်ကို မတွေ့ရပေ။ သူ့ခန္ဓာကိုယ်၌ မကောင်းဆိုးဝါးအပူးခံရခြင်း သို့မဟုတ် အကိုင်ခံရခြင်းမရှိဘဲ မကောင်းဆိုးဝါးအငွေ့အသက် တစ်မြှူစာမျှပင် မရှိပါ။

 

 

ရွှယ်မုန် ကကြောင်တောင်တောင်နှင့် စိုက်ကြည့်ရင်း ဒေါသထွက်လာပုံရကာ အော်တော့သည်။ "ငါမဖျားဘူးကွ။"

 

 

မည်သည့်ပြသာနာမှမရှိသည့်တိုင် ကျန်းလန်မှာ စိုးရိမ်မိနေဆဲပင်။ မကောင်းဆိုးဝါးနှင်ခြင်းသည် သူမကျွမ်းကျင်သောအလုပ်ဖြစ်၍ မေးမြန်းရုံသာ သူတတ်နိုင်၏။ "ပိတ်ရက်တုန်းက ဘယ်တွေသွားသေးလဲ။"

 

 

ရွှယ်မုန်က ပြန်စဥ်းစား၍ ပြောပြလာသည်။ "သောကြာနေ့ အလုပ်ပြန်ကတည်းက ငါ့အဖိုးအိမ်သွားတာပဲ။ တနင်္ဂနွေညမှ အိမ်ပြန်ရောက်တယ်။ ဒီကြားထဲလည်း ဘယ်မှမရောက်လိုက်ဘူး။"

 

 

"ထူးခြားတာ တစ်ခုခုရော ဖြစ်ခဲ့သေးလား။"

 

 

"ရပ်ကွက်ထဲက အန်တီကြီးတွေ အတင်းပြောနေတာ ငါကြားခဲ့တယ်။ အဲ့ဒီရပ်ကွက်မှာ လူသေခဲ့သေးတယ်မလား။ ရေမြောင်းဖုံးမှာ အခုထိ အသိပေးချက်ကပ်ထားတုန်းပဲလေ။ အဲ့ဒီသတင်းကို ငါကြားလာတယ်။"

 

 

သူက ကျန်းလန်အား စိုက်ကြည့်လျက် မျက်လုံးများအတွင်း​ကြောက်ရွံ့မှုများ ဝင်ရောက်လာပြီး အသံကိုနိမ့်၍ မေးလာသည်။ "ငါအပမှီလာတာတော့ မဟုတ်ဘူးမလား။"

 

 

ကျန်းလန်က သူ့အားတစ်ချက်ရိုက်လျက် ပြုံး၍ပြန်ဖြေ၏။ "ဘာပြသာနာမှမတွေ့ပါဘူး။ ငါဒီတိုင်း အတွေးများသွားတာ။ အတည်ပြုလို့ရအောင် ငါ့သူငယ်ချင်းတွေကို မေးပေးမယ်။ မင်းဘာမှမပူနဲ့။"

 

 

ရွှယ်မုန်က ခေါင်းတဆတ်ဆတ်ငြိမ့်လာသည်။ "မြန်မြန်မေးပေးပါ အဖေရယ်၊ မဟုတ်ရင် သားဒီညအိပ်ပျော်မှာမဟုတ်ဘူး။"

 

 

ပြီးနောက် နှစ်ဦးသားအလုပ်ကိုသာ အာရုံစိုက်၍ လုပ်ကြပြီး မည်သည့်ပြသာနာမှမပေါ်လာပေ။

 

 

ကျန်းလန် အလုပ်ဆင်းချိန်၌ ယင်းချောင်က ဖုန်းခေါ်ဆိုလာသည်။

 

 

တစ်ဖက်လူ၏အသံမှာ ပြုံးရယ်နေသည်ကား သိသာလှ၏။ "ကိုယ်အလုပ်ပြန်ရင်း မင်းတို့ရုံးရှေ့ကဖြတ်ရမယ်။ ကိုယ်ဝင်လာလို့ရလား။ ပေးစရာလေးရှိလို့။"

 

 

ကျန်းလန် နာရီကြည့်လိုက်သောအခါ အားလုံး အလုပ်ဆင်းကြသည့်အချိန်ပင်။ "ရတယ်၊ ဘယ်မှာလဲ။ ငါလာခေါ်မယ်။"

 

 

"မလိုတော့ဘူး၊ ကိုယ်ဧည့်ခန်းတောင် ရောက်နေပြီ။"

 

ယင်းချောင် ကားထဲမှထွက်ပြီး အိတ်အချို့သယ်ကာ ချန်ဟွားကို ထွက်သွားရန် မေးထိုးကာအချက်ပြလိုက်သည်။ သူ၏လာရင်းရည်ရွယ်ချက်မှာ နတ်ဆိုးလေးအား မုန့်ကျွေးရန်နှင့် သူ့သူငယ်ချင်းများနှင့် ရင်းနှီးမှုရယူရန်သာ။

 

 

မိမိ၏ကလေးနှင့် သူ၏မိတ်ဆွေ၊အပေါင်းအသင်းများကြား ကောင်းမွန်သောဆက်ဆံရေးအား တည်ဆောက်ပေးခြင်းက အရေးပါသည့်အချက်တစ်ချက်ပင်။

 

 

အိတ်လေးငါးအိတ်အားသယ်လျက် သူ့အားကြိုရန် ထွက်လာနေသည့် ကျန်းလန်ထံ သူအပြေးသွားလိုက်မိသည်။

 

 

ယနေ့သည် အတော်အေးသဖြင့် ကျန်းလန်သည် အဖြူရောင်လက်ရှည်ဆွယ်တာပွပွအား ဝတ်ထား၏။ အလျင်စလိုပြေးလာသဖြင့် ကြိုးနှစ်ချောင်းသည် မျက်နှာရှေ့တွဲလောင်းကျနေပြီး ထိုသူ့အား ပို၍ချစ်စရာကောင်းသွားစေသည်။

 

 

"ဒီနေ့မလာတော့ဘူးထင်နေတာ။"

 

 

ယင်းချောင်က သူ့ရှေ့ရောက်လာပြီး ညင်သာစွာပြောလာသည်။ "လာမယ်လို့ပြောထားရင် လာရမှာပေါ့။ နည်းနည်းနောက်ကျသွားရုံပါ။"

 

 

သူ့တွင်လည်း နတ်ဆိုးလေးအားအလိုလိုက်ရန် ငွေရှာရဦးမည်လေ။

 

 

ကျန်းလန်က သူ့အားရုံးခန်းအတွင်းသို့ ဖိတ်ကာထိုင်စေ၏။

 

 

ရှောင်းရှောင်ယွီက ပထမဆုံးသတိထားမိကာ မေးလာသည်။ "ကျန်းလန်၊ ဒါနင့်သူငယ်ချင်းလား။"

 

 

"အင်း၊ ယင်းချောင်လို့ခေါ်တယ်။"

 

 

"သူကရှောင်းရှောင်ယွီ။" 

 

 

ယင်းချောင် လူကြီးလူကောင်းဆန်ဆန် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်တော်က ကျန်းလန်ထက်တော့ အသက်ကြီးတယ်။ သူက ကျွန်တော့်အတွက် ညီလေးတစ်ယောက်လိုပါပဲ။"

 

 

ယင်းချောင်က အိတ်များကို စားပွဲပေါ်တင်ကာ မုန့်နှင့်အသီးအနှံ့များအား ဝေပေးလေသည်။ "ဒီကိုတော်ရုံမရောက်ဖြစ်တော့ ကြုံတုန်းမုန့်ဝယ်လာခဲ့တယ်။ ကျန်းလန်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။"

 

 

ရှောင်းရှောင်ယွီက ဟန်ပင်မဆောင်နေဘဲ လိမ္မော်သီးတစ်လုံးကို ယူကာ မနာလိုဟန်နှင့် ပြောလာ၏။ "ကျန်းလန်၊ နင့်အစ်ကိုက နင့်အပေါ်အရမ်းကောင်းတာပဲ။"

 

 

သူမလည်း ယင်းချောင်ကဲ့သို့ ခန့်ညားနွေးထွေးသည့် အစ်ကိုလိုချင်မိသည်။

 

 

ရွှယ်မုန်ကလည်း စကားဝိုင်းအတွင်း ဝင်ပါလာ၏။ "နောက်လည်း မကြာမကြာ လာလည်ပါဦး အစ်ကိုယင်း။"

 

 

ကျန်းလန်မှာ ရှက်နေချေပြီ။ ယင်းချောင်ကဲ့သို့ သာမန်မြွေမျိုးနွယ်စုဝင်တစ်ဦးသည် သူ့ထက်များစွာ ငယ်ရွယ်လိမ့်မည်။ ယင်းချောင်က သူ့မူလသဏ္ဍာန်အား မသိ၍သာ သူ့အပေါ်ချစ်ခင်ဂရုစိုက်နေပြီး သူ့အနေနှင့် မငြင်းသာ၍ အလိုက်အထိုက်ဟန်ဆောင်နေရခြင်းပင်။

 

 

ထိုအချိန် ဦးလေးကျိုးက လက်ဖက်ရည်ခွက်ကိုင်ကာ အထဲဝင်လာ၏။ "အမယ်၊ စည်ကားလှချည်လား။"

 

 

ရှောင်းရှောင်ယွီက သူ့အား အသီးလာစားရန် ဖိတ်လိုက်သည်။ "ကျန်းလန်ရဲ့အစ်ကို ရောက်နေလို့။"

 

 

ဦးလေးကျိုးက ရှေ့တိုးလာပြီးမှ ယင်းချောင်အား တွေ့သည်နှင့်နောက်ပြန်ဆုတ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလာ၏။ "ယင်း ယင်း..."

 

 

ယင်းချောင် သဘောပေါက်သွားပြီး သူ့အားပြုံးပြ၍ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ဦးလေးကျိုး၊ ယင်းချောင်ပါ၊ ကျန်းလန်ရဲ့အစ်ကိုပါ။"

 

 

ဦးလေးကျိုးမှာ ကြောက်လွန်းသဖြင့် လက်ထဲမှ လက်ဖက်ရည်ခွက်အား လွှင့်ပစ်မိတော့မလိုပင်။

 

 

စာရေးသူမှတ်ချက်

 

 

ယင်းချောင် - 'အဖေဖြစ်ဖြစ်၊ အစ်ကိုပဲဖြစ်ဖြစ် မဆိုးလှဘူးပဲ။'

 

 

ဦးလေးကျိုး - '.........'

 

 

ကျန်သည့်လူများ - 'အရှက်မရှိတဲ့ကောင်ပဲ။'

 

 

လုံလုံသည် နတ်ဆိုးလေးရှေ့၌တစ်မျိုး၊ နောက်ကွယ်၌တစ်မျိုး စုစုပေါင်းမျက်နှာနှစ်မျိုးနှင့်လူပင်။