အပိုင်း ၁၇
သောကြာနေ့မှာ အေးအေးချမ်းချမ်း ကုန်ဆုံးနေသော်လည်း အလုပ်ဆင်းချိန်၌ မအေးချမ်းတော့ဘဲ မိုးစတင်ရွာတော့သည်။
မိုးမှာ အတော်လေးပြင်းနေသဖြင့် ၎င်းတို့သုံးဦး မိုးတိတ်မည့်အချိန်အား စောင့်ရင်း ရုံးခန်းထဲ၌ စကားပြောနေကြ၏။
ရှောင်းရှောင်ယွီက ပြောလာသည်။ "ပိတ်ရက်ကျ အားကြလား။ အားရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ။ ဒီရက်ပိုင်းတင်တဲ့ကားတွေ ကောင်းတယ်လို့ ကြားတယ်။"
"ငါက ဒီအပတ် ငါ့အဖိုးကို သွားတွေ့ရမယ်။" ရွှယ်မုန်က သူဘာမှမတတ်နိုင်ဟန် လက်မြှောက်ပြလာ၏။ "အဖိုးကြီးကို သွားမတွေ့တာကြာပြီ။ ဒီထက်ကြာရင် ငါ့ကို အိမ်က အမွေဖြတ်တော့မယ်။"
"ငါကတော့ တနင်္ဂနွေနေ့ကျ ဆေးရုံသွားကြိုရမယ်။"
ဦးလေးယောင်မှာ တနင်္ဂနွေနေ့ ဆေးရုံဆင်းမည်ဖြစ်၍ ကျန်းလန် သွားကြိုရမည်။
ရှောင်းရှောင်ယွီက ပခုံးတွန့်ပြကာ စိတ်မကောင်းစွာ ပြောလာ၏။ "နောက်တစ်ခေါက်မှပဲ ကြည့်ကြတာပေါ့။"
ထိုအချိန်၌ မိုးအတော်ညံ့လာသဖြင့် သုံးဦးသားနှုတ်ဆက်ကာ အိမ်ပြန်ခဲ့ကြသည်။
ကျန်းလန် ထီးမယူလာမိသဖြင့် ကားငှားရ၏။ ယာဥ်မောင်းမှာ ကျန်းချိန်လေသံပီပီနှင့် သက်လတ်ပိုင်းအရွယ်လူပင်။ ကျန်းလန် လက်ထဲထည့်ပိုက်ထားသည့် အနက်ရောင်အိတ်ကို တွေ့သောအခါ ယာဥ်မောင်းက မေးလာသည်။ "လူလေးကိုင်ထားတဲ့အိတ်က ဘယ်တံဆိပ်ထဲကလဲ။"
ယာဥ်မောင်းအနေနှင့် နာမည်ကြီးတံဆိပ် လက်ကိုင်အိတ်ကိုင်၍ မိုးရွာသောအခါ အိတ်အစား လူသာအစိုခံသည့် မိန်းကလေးများစွာ ကြုံဖူးသော်လည်း ယောက်ျားလေးကိုမူ ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။
ကျန်းလန် ခရီးသည်ခုံ၌ ထိုင်လိုက်ပြီး အိတ်မှမိုးရေစက်များအား တစ်ရှူးနှင့်သုတ်ရင်း ပြုံးကာ ပြန်ဖြေလိုက်သည်။ "အိတ်ထဲမှာ အိမ်က ကြောင်လေးရှိနေလို့ပါ။"
ယာဥ်မောင်းဦးလေးက အလန့်တကြားထအော်၏။ "ဘယ်လိုကြောင်အမျိုးအစားလဲ။ ဘာသံမှ မထွက်ပါလား။"
"မျိုးစိတ်အတိအကျ မပေါ်သေးပါဘူး။" ကျန်းလန် အိတ်မှဇစ်ကို အနည်းငယ် ဟလိုက်သည်။
ယာဥ်မောင်း မှုန်ဝါးဝါးမြင်လိုက်ရသည်မှာ အမြှီးအား ခပ်ဖြေးဖြေးဝေ့ရင်း ညင်သာစွာ အသံပြုနေသည့် ညိုဝါရောင် ကြောင်ကလေးပင်။
"လိမ်မာလိုက်တာ၊ ဘာအသံမှမထွက်ဘူး။"
ချီးကျူးစကားကြောင့် ကျန်းလန်ပြုံးမိသည်။ "ဟုတ်တယ်၊ လိမ်မာတော့ မွေးရလွယ်တာပေါ့။"
အိတ်ထဲမှ စွမ်းနီက ထိုစကားအား သူကြားသည်ကို တုံ့ပြန်သည့်သဘောဖြင့် ရုတ်တရက် အသံကျယ်ကျယ်တစ်ချက် ထအော်၏။ ထို့အပြင် အမွှေးပွပွလက်ကလေးတစ်ဖက်အား ထုတ်ကာ ကျန်းလန်၏ လက်ချောင်းများကို ကစားရန် ဆွဲယူနေသည်။
ကျန်းလန်တို့ရပ်ကွက်နှင့် အလုပ်သည် သိပ်မဝေးလှသဖြင့် စက်ဘီးနှင့်ပြန်ပါက ဆယ်မိနစ်ပင်မကြာပေ။ သို့သော် ကားနှင့်ပြန်သည့်အခါမှ လမ်းကွေ့များစွာကွေ့ရပြီး မိုးနှင့် ကားလမ်းပိတ်ဆို့မှုကြောင့် အရှိန်ကို လျှော့ချထားရသည်။
ယာဥ်မောင်းမှာ အတော်စကားများပြီး ပါးစပ်ပိတ်ထားချိန်ပင်မရှိပါ။ ယခုလည်း ရေဒီယိုကိုဖွင့်ကာ နောက်ဆုံးရသတင်းများအား ကျန်းလန်နှင့် ဆွေးနွေးနေပြန်သည်။
ကားလမ်းခွဲပေါ်ရောက်သောအခါ ယာဥ်မောင်းက ညာဖက်လမ်းခွဲဆီ ကွေ့လိုက်၏။ "ခုနကကွေ့ခဲ့တဲ့လမ်းချိုးက မနေ့ညက ဟိုမိန်းကလေးသေသွားတဲ့ နေရာမှန်းသိတယ်မလား။"
ကျန်းလန် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုန်ကျင့်ယွမ်ကမလား။ မနက်ကပဲ ဖတ်လိုက်ရသေးတယ်။ ရေမြောင်းဖုံး အခိုးခံရတဲ့နေရာမှာ ခြေချော်ကျပြီး ခေါင်းထိသွားတာဆို။"
ယာဥ်မောင်းက ထူးဆန်းသည့် ကိစ္စတစ်ခုအား ပြောနေဟန်နှင့် အသံကို နိမ့်ချလိုက်သည်။ "ချော်လဲရုံနဲ့တော့ မသေပါဘူး၊ ငါကြားတာတော့ သူအသတ်ခံရတာတဲ့။"
"လူသတ်မှုတော့ မဟုတ်လောက်ပါဘူး။"
ကျန်းလန်ဘထိုသတင်းအား အသေအချာနားထောင်ထားပြီး ရဲများမှ လူသတ်မှုဟု မကြေညာသွားခဲ့ပါ။ မတော်တဆမှုတစ်ခုသာဖြစ်ပြီး သေဆုံးသူမှာ ကျန်းချိန်ဒေသခံမဟုတ်ပေ။ ကျန်းချိန်၌ အလုပ်လုပ်ရန် ရောက်လာပြီး အိမ်ငှားနေပုံရ၏။
ယာဥ်မောင်းက ခေါင်းခါ၍ ဆရာကြီးလေသံနှင့် ပြန်ဖြေသည်။ "မင်းက သတင်းထဲကြေညာသမျှကို ယုံတာပဲလား။ အဲ့ဒီရပ်ကွက်မှာ ငါ့အသိတစ်ယောက်ရှိတယ်။ သူပြောတာတော့ ဒီမိန်းမက ပေါ့ပေါ့နေပေါ့ပေါ့စားထဲကတဲ့။"
ယာဥ်မောင်းက သူ့အား'မင်းသိမှာပါကွာ'ဟူသည့် အကြည့်မျိုးနှင့် လှည့်ကြည့်ကာ ပြုံးပြလာ၏။ "အလုပ်တော့ တော်တော်ဖြစ်ပုံပဲ။ ပြီးခဲ့တဲ့လကပဲ သူ့အိမ်ကို ဧည့်သည်တစ်ယောက် ခေါ်လာသေးတယ်။ နှစ်ယောက်သား စျေးညှိရင်း ပြဿနာတက်ကြပြီး ဧည့်သည်ကပြန်သွားပုံပဲ။ သူက ဧည့်သည်ပြန်သွားမှ ရဲစခန်းကိုဖုန်းဆက်ပြီး သူ့ကိုမုဒိန်းကျင့်ပါတယ်ဆိုပြီး တိုင်ကြားတယ်လေ။"
"သတင်းမှာတော့ သူက ဘားမှာ စားပွဲထိုးလုပ်တာဆို။"
"ဘားဆိုတာကလည်း ဘယ်က ရိုးရိုးသားသား မိန်းကလေးက အလုပ်လုပ်ရဲပါ့မလဲ။ ငါ့အသိပြောတာတော့ ဒီမိန်းမက လှလှပပဝတ်စားပြီး ညဆိုအပြင်သွား၊ မနက်မှ အိမ်ပြန်လာတတ်တာတဲ့။ သူဘာလုပ်နေလဲဆိုတာ တစ်ရပ်ကွက်လုံးသိတယ်။"
သူ၏လေသံမှာ ပိုပိုသာသာ ထည့်ပြောနေမှန်းသိသာပြီး အမှန်ကို သူမြင်တွေ့ထားရသကဲ့သို့ စကားလုံးများက ပြတ်သားလှသည်။
ကျန်းလန်ကမူ သေဆုံးသူနှင့်ပတ်သက်ပြီး သတင်းထဲပါသလောက်သာ သိရ၏။ သို့သော် ယာဥ်မောင်း၏ ပါးစပ်မှထွက်သည့် ထွေရာလေးပါးစကားများအား နားမထောင်ချင်သဖြင့် ကားပြတင်းအပြင်ကိုသာ သူလှည့်ကြည့်နေလိုက်သည်။
သို့သော် ယာဥ်မောင်းက ဆက်ပြောနေဆဲပင်။ "အဲ့ဒီဧည့်သည်ကို ရဲတိုင်မိလို့ လက်စားချေခံရတာလို့လည်း ပြောကြတာပဲ။ တကယ်ဆို သူဒီလိုဖြစ်တာ နည်းတောင်နည်းသေးတယ်။ အစကတည်းက သူကိုယ်တိုင် လိုလိုလားလား လက်ခံပြီးမှ ဘာလို့ရဲတိုင်ရတာလဲ။ ..... ဖြစ်ချင်လို့ ဉာဏ်ဆင်တာလားပဲ။"
ဤသို့နှင့် ရပ်ကွက်အတွင်းရောက်လာသဖြင့် ကျန်းလန် QR ကုဒ်ဖတ်ကာ ငွေရှင်းလိုက်သည်။ ကားထဲမှထွက်လာပြီးနောက် သူ မည်သို့မှ သည်းမခံနိုင်တော့သဖြင့် လှည့်ပြောလိုက်မိ၏။ "အမှုအသွားအလားအမှန်ကို ရဲတွေက အခုမှစစ်ဆေးနေကြတုန်းဆိုတော့ သတင်းအမှားတွေကို မဖြန့်တာကောင်းလိမ့်မယ်။ ကိုယ်ပြုတဲ့ကံက ကိုယ့်ဆီကို ပြန်လာတတ်တယ်။"
ထိုရုပ်ချောချောနှင့်လူငယ်လေးက သူ့အားချေပကာ ဝဋ်လည်တတ်ကြောင်း ပြောလာမည်ဟု မထင်ထားသဖြင့် ယာဥ်မောင်း၏မျက်နှာမှာ ချက်ချင်းအိုကျသွားတော့သည်။ သူသည် ကျန်းချိန်ဒေသိယစကားဖြင့် ခွန်းကြီခွန်းငယ်ဆဲပြီး လီဗာကိုနင်းကာ အရှိန်နှင့်မောင်းထွက်သွားသဖြင့် ကျန်းလန်၏ကိုယ်ပေါ် ရေများ လာစင်စေ၏။
ကျန်းလန် အရှောင်ကောင်း၍သာ ရေမစိုခြင်းပင်။ ကျန်းလန် သက်ပြင်းချကာ ခေါင်းခါ၍ လွယ်အိတ်ကိုကိုင်လျက် ရပ်ကွက်ထဲ ဝင်လာခဲ့သည်။
ယာဥ်မောင်းအား သူပြောလိုက်သည့်စကားများက ကြိမ်းဝါးခြင်းမဟုတ်သလို ခြောက်လှန့်ခြင်းလည်းမဟုတ်ပါ။
ဗုဒ္ဓဘာသာ၌ ကာယကံ၊ဝစီကံနှင့် မနောကံဟူ၍ ကံသုံးပါးရှိသည်။ စကားလုံးများသည် သေနတ်နှင့်ဓားများထက် လူကိုသေစေနိုင်စွမ်းရှိပြီး ကံကြီးအထိုက်ဆုံးကံမှာ ဝစီကံပင်။
ပညတ်တော်ဆယ်ပါးအနက်မှ လေးပါးမြောက်မှာလည်း လိမ်ညာ၍မပြောရဟူ၍ဖြစ်သည်။
သို့သော် ယနေ့ခေတ်၌ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရပြီးဖြစ်၍ လူတို့မှာ ပါးစပ်စည်းမစောင့်နိုင်ကြတော့ပါ။ မိမိစိတ်ကူးထဲ တွက်ချက်ထားသည်ကို အမှန်တရားတစ်ခုကဲ့သို့ ထုတ်ပြော၍ တပါးသူအားဆွဲချကာ အကြံပေးသယောင်ယောင် အယောင်ဆောင်တတ်ကြ၏။ အမှန်တွင် ၎င်းတို့သည် မိမိ၏အတွင်းစိတ်ထဲမှ အတွေးများအား မျိုသိပ်နိုင်စွမ်း မရှိကြသူများ ဖြစ်သည်။
ထိုသတင်းအောက်မှ မှတ်ချက်များမှာလည်း ယာဥ်မောင်း၏စကားကဲ့သို့ မိမိကိုယ်ကိုသာ လက်ခံယူဆထားကြသည့် အမှန်တရားများ ဖြစ်ကြ၏။
ကျန်းလန် အိမ်ရောက်သည်နှင့် ရေချိုးအဝတ်အစားလဲကာ အပန်းဖြေ၏။
အပြင်ဖက်၌ မိုးညံ့နေပြီဖြစ်သော်ငြား တဖွဲဖွဲရွာနေဆဲပင်။ သူကျောက်စိမ်းတစ်စိတ်အား စားပြီး အစားအသောက်အချို့ မှာယူကာ စွမ်းနီအား ပွတ်သပ်လျက် ဆိုဖာပေါ်၌ ဖုန်းသုံးနေ၏။
ဌာန၏ အုပ်စုဖွဲ့စကားပြောခန်းထဲ၌ ရွှယ်မုန်က အဖိုးဖြစ်သူအကြောင်း စောဒကတက်နေသည်။ သူ၏အဖိုးမှာ တော်လှန်ရေးသမားဟောင်းဖြစ်ပြီး သူအနှစ်သက်ဆုံးမှာ မောင်ကျူးရှီ(ဥက္ကဌမောင်ဟုနာမည်ကြီးသည့် တရုတ်တော်လှန်ရေးသမား)ဖြစ်၏။ အဖိုးထံသို့ သွားလည်သည့်လူတိုင်း မောင်ကျူးရှီ၏ဇာတ်လမ်းများ ရွတ်ပြရပြီး လက်ရှိ၌ ရွှယ်မုန်သည် စိတ်မလိုမကျစွာဖြင့် မောင်ကျူးရှီ၏ နာမည်ကျော်စကားအသုံးအနှုန်းများအား ကူးရေးနေရသည်။
ထိုသို့ ကူးနေရင်းဖြင့် အဖွဲ့ထဲသို့ ရွတ်နောက်နောက်နှင့် ပေါက်ကရများ ဝင်ရေးနေခြင်းပင်။
ကျန်းလန် အဖွဲ့ထဲမှစာများကို ဖတ်ရင်း အရယ်မပြတ်ချေ။ ယာဥ်မောင်းကြောင့် စိတ်ထဲစွဲကျန်နေသည့် မကောင်းသောခံစားချက်များပင် ပျောက်ကွယ်သွားလေပြီ။
လူ့လောက၌ လူအမျိုးအထွေထွေရှိတတ်ကြပြီး လူကောင်းနှင့် ဗီဇအရလူဆိုးတို့အပြင် လူဆိုး၊လူကောင်းပင် ခွဲရန်မလွယ်သည့် လူတို့လည်း ရှိတတ်ကြသည်။
သို့သော်လည်း ခင်မင်စုံမက်စရာ စိတ်ထားကောင်းသူများလည်း များစွာကျန်ရှိနေဆဲပင်။
အဖွဲ့ထဲမှ စာအားလုံးကိုဖတ်ပြီးနောက် အောက်ဖက်မှ အချိန်မရသဖြင့် မကြည့်မိသော စာများကို ကြည့်လိုက်သောအခါ ယင်းချောင်ထံမှ စာများဖြစ်နေ၏။
ယင်းချောင် စာပို့သည့်အချိန်၌ သူကားထဲရောက်နေ၍ ဖြစ်မည်။
ယင်းချောင်က သူ့ထံသကြားလုံးပုံများ ဆက်တိုက်ပို့ထားပြီး နောက်တစ်ကြိမ်ထပ်တွေ့ပါလျှင် ယူလာပေးနိုင်ရန် မည်သည့်သကြားလုံးကို ကြိုက်ကြောင်း မေးထားသည်။
ပုံများအားကြည့်ရင်း ကျန်းလန်သည် မက်မွန်သီးအရသာအား တောင်းတမိသဖြင့် လောဘမကြီးဘဲ အသေအချာရွေးချယ်ပြီးနောက် သစ်သီးသကြားလုံးပုံအား ပြန်ပို့လိုက်၏။
နတ်ဆိုးလေး - "ဒီဟာ"
"ဓာတ်ပုံ"
"ဒါနဲ့ ဘာလို့ အချိုတွေအများကြီး ဝယ်ထားရတာလဲ။"
ယင်းချောင်၏ အရှေ့ရှိကော်ဖီစားပွဲပေါ်၌ စျေးကြီးပေးဝယ်ရသော သကြားလုံးဘူးများ စီတန်းရှိနေ၏။ ယနေ့မနက်ကမှ လူတစ်ယောက်အား သကြားလုံးအဝယ်လွှတ်ထားခြင်းပင်။
သကြားလုံးဘူးအားလုံးမှာ နတ်ဆိုးလေးထံ ပို့ရန်မဟုတ်ဘဲ နှစ်ယောက် တွေ့သည့်အချိန်တိုင်း အနည်းငယ်စီ ယူသွားပေးရန်ဖြစ်သည်။ သို့မှသာ နှစ်ဦးသားတွေ့လေတိုင်း အံ့အားသင့်စရာနှင့် မျှော်လင့်ချက်များ ပြည့်နေလိမ့်မည်။
ကလေးပေါက်စများရှိသည့် မိဘများအနေနှင့် ကလေးနှင့်ဆုံတိုင်း လက်ဆောင်ကလေးများပေးရန် အထူးလိုအပ်သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် ကလေးများ၏ မျှော်လင့်ချက်အား တိုးစေသကဲ့သို့ မိဘနှင့်ကလေးကြားမှ ရင်းနှီးမှုကိုလည်း တိုးစေ၏။
ဖုန်းမျက်နှာပြင်အား လက်နှင့်ပွတ်သပ်ရင်း သူယခုလို စာပြန်လိုက်သည်။ "လက်ဆောင်ရတာပါ၊ ကိုယ်စားမကုန်လို့။"
သေးငယ်သောလက်ဆောင်ပင် ဖြစ်လင့်ကစား နတ်ဆိုးလေးအား စိတ်မသက်မသာ ခံစားသွားရစေ၍ မဖြစ်ပါ။
ကျန်းလန် ထိုမှသာ သက်တောင့်သက်သာလေသံနှင့် စာပြန်ပို့လာသည်။ "ငါစားကူမှာပေါ့၊ ဟီးဟီး"
"နောက်အပတ် တနင်္လါနေ့ အလုပ်ကိစ္စနဲ့ မင်းတို့ရုံးကို ဖြတ်ဖို့ရှိလို့ သကြားလုံးတွေ ဝင်ပို့ခဲ့မယ်။"
ကျန်းလန် ဝမ်းသာအားရပင် သဘောတူလိုက်တော့သည်။ စွမ်းနီအားဖက်ကာ စွမ်းနီ၏ အမွှေးပွခေါင်းလေးနှင့် သူ့မေးစေ့အားပွတ်ရင်း သူပြုံးရယ်၍ ပြောလိုက်၏။ "တနင်္လါနေ့ကျ အလုပ်မှာ သကြားလုံးစားရတော့မယ်။"
ကျန်းလန်အနေနှင့် သကြားလုံးအား ကိုယ်တိုင်ဝယ်စားနိုင်သော်လည်း သူများဝယ်ကျွေးသည်က ပို၍ ချိုသည်လေ။ စွမ်းနီလည်း သူနှင့်ထပ်တူ ခံစားရဟန်နှင့် သူ့မေးစေ့အား ပြန်ပွတ်သပ်နေ၏။
ရုတ်တရက် ရွာလာသည့်မိုးမှာ တနင်္ဂနွေနေ့ နေ့လယ်ရောက်သည်အထိ မရပ်သေးပါ။ နေ့လယ်၌ မိုးစဲသွားပြီးသည့်တိုင် တိမ်ထူထပ်နေဆဲဖြစ်ကာ အပူချိန်အတော်လေးကျသွား၏။ ကျန်းလန်က စွမ်းနီအား အိမ်စောင့်စေပြီး အနွေးထည်ခပ်ပါးပါးလေးဝတ်ကာ ဦးလေးယောင်နှင့် ရှောင်ဟေးအား ဆေးရုံ၌ကြိုရန်သွားရသည်။
ဦးလေးယောင်၏ ဒဏ်ရာမှာ မပြင်းထန်သော်လည်း အသက်ကြီးပြီဖြစ်၍ အရိုးအဆစ်များထိခိုက်နေပြီ ဖြစ်သောကြောင့် ဆေးရုံ၌ တစ်ပတ်နေရခြင်းပင်။ ယခုမှသာ အိမ်ပြန်၍ အနားယူရမည်။
ယခုတစ်ပတ်အတွင်း ရှောင်ဟေးသည် လူ့အသိုင်းအဝိုင်းနှင့် များစွာရင်းနှီးကျွမ်းဝင်လာပြီး ကျန်းလန် ရောက်သွားသည့်အချိန်၌ ဆေးရုံဆင်းရ န်လိုအပ်သည့်လုပ်ငန်းစဥ်များကိုပင် ပြီးဆုံးအောင် စီစဥ်ထားပြီး ဖြစ်၏။ ဦးလေးယောင်သည် ကုတင်ပေါ်ထိုင်ကာ လက်ဖက်ရည်သောက်လျက် ရယ်မောနေပြီး ရှောင်ဟေးကမူ အထုပ်များသိမ်းဆည်းရင်း မအားလပ်ချေ။
ကျန်းလန် သူ့အားဝင်ကူညီမှသာ ရှောင်ဟေးသည် ဝှီးလ်ချဲအား တွန်းထုတ်ကာ ဦးလေးယောင်အား ဝှီးလ်ချဲပေါ်တင်ပြီး ဆေးများထုတ်ယူရန် ပြင်ပလူနာဆောင်သို့ ရောက်လာကြသည်။
အတွင်းလူနာဆောင်နှင့် ပြင်ပလူနာဆောင်မှာ သိပ်မဝေးသဖြင့် ရှောင်ဟေးအား ဆေးများသွားယူစေပြီး ကျန်းလန်နှင့် ဦးလေးယောင်တို့က ဧည့်ခန်း၌ အိတ်များကိုစောင့်ရင်း ကျန်နေခဲ့၏။ ပိတ်ရက်ဖြစ်သည့်အပြင် ထိုနှစ်ရက်အတွင်း အပူချိန်သိသိသာသာကျသွားခဲ့သဖြင့် ဆေးရုံ၌ လူအပြည့်ပင်။ အများစုမှာ တုပ်ကွေးမိနေကြပြီး ၎င်းတို့ဖြတ်လာသည့်အချိန်ခဏအတွင်း လူဆယ်ဦး၌ရှစ်ဦးမှာ ချောင်းတဟွတ်ဟွတ်ဆိုးနေကြ၏။
"အဆောင်ထဲမှာတုန်းက ဒီလောက်ထိအေးမယ် မထင်ထားဘူး။" ဦးလေးယောင်က ပိုက်ဆံအိတ်ထဲမှ ယွမ်ငါးရာအား ယူထုတ်ရင်း ပြောလာသည်။ "ရှောင်ဟေးမှာ အဝတ်အစား ကောင်းကောင်းမရှိရှာဘူး။ အဝတ်ဝယ်ဖို့ ငွေနည်းနည်းပေးချင်တယ်။ ဒါပေမယ့် သူ့ကိုလည်း မသိစေချင်ဘူး။ ဒီတော့ မင်းကို ပေးလိုက်မယ်။ မင်းသူ့ကိုခေါ်ပြီး အဝတ်အစားဝယ်ပေးလိုက်ဦး။ ဒါမှ သူနေမကောင်းမဖြစ်မှာ။"
ကျန်းလန်က သူ့တွင်အဝတ်အစားများရှိကြောင်းနှင့် ငွေအကုန်မခံရန် ပြောသော်လည်း ဦးလေးယောင်က အတင်းထိုးပေးလာသည်။
သူတို့နှစ်ဦးကြား အကြွေစေ့တစ်စေ့ ကျလာသဖြင့် ကျန်းလန်ကုန်းကောက်စဥ်၌ ခက်ထန်လှသည့်လေသံအား ကျန်းလန်ကြားလိုက်ရ၏။ "အရူး၊ မင်းငါ့လမ်းကို လာပိတ်နေတာပဲ။"
အသံမှာ စူးရှကြမ်းတမ်းလှ၍ ကျန်းလန်သာမက အနီးရှိလူများပါ ကြောင်အအဖြင့် အသံပိုင်ရှင်အား လှည့်ကြည့်လာကြ၏။ ကျန်းလန် ကိုယ်ကိုမတ်ကာ ကြည့်လိုက်သောအခါ တစ်ဖက်လူသည် သိမ်မွေ့သောရုပ်ရည်နှင့် မိန်းကလေးတစ်ဦးဖြစ်နေ၍ စူးရှကြမ်းတမ်းလှသည့်အသံနှင့် သူမ၏အသွင်အပြင်မှာ လုံးဝမလိုက်ဖက်သဖြင့် ကျန်းလန် အံ့အားသင့်သွားရ၏။
ကျန်းလန် တစ်ခုခုပြောရန် ပြင်ပြီးမှ မိန်းကလေးက သူ့အားစိုက်ကြည့်နေသဖြင့် ရှက်ရှက်နှင့် အကြည့်လွှဲလိုက်မိသည်။
ဦးလေးယောင်ကမူ ဤသည်ကိုမရိပ်မိဘဲ ဒေါသတကြီး ထပြောလာ၏။ "ရုပ်ကလေးလှရဲ့သားနဲ့ ဘာလို့ ဒီလိုရုတ်ရင်းတဲ့စကားမျိုး ပြောရတာလဲ။"
မိန်းကလေးက ခေတ္တမျှ ကြောင်သွားပုံရပြီးနောက် ဦးလေးယောင်၏ မျက်နှာထားအား ကြည့်ကာ မေးလာသည်။ "ဘာဖြစ်ချင်လို့လဲ။"
ဦးလေးယောင်မှာ ယခုလို တစ်ပါးသူအား ဆဲဆိုခြင်းမပြုဖူးပါ။ ခေတ္တမျှ တွေဝေနေပြီးနောက်တွင် အလွန်ဒေါသထွက်လာပြီး ဝှီးလ်ချဲ၏လက်ကိုင်အား လက်ဖဝါးနှင့်ရိုက်ရင်း ဒေါသတကြီး အော်ပြောတော့သည်။ "ဒီကောင်မလေး အသက်ငယ်ငယ်နဲ့ ရိုင်းလှချည်လား။"
အနီးနားရှိလူများမှာလည်း အဖြစ်အပျက်ကို အစအဆုံးမြင်ကြသဖြင့် ဝေဖန်ပြောဆိုကြတော့၏။ "နင့်ဘာသာ လမ်းကြည့်မလျှောက်ဘဲ ဖုန်းသုံးနေပြီး ဘာလို့ဟိုကောင်လေးကို အပြစ်သွားတင်နေရတာလဲ။"
"ဟုတ်တယ်၊ ငယ်ငယ်လေးနဲ့ ဘာလို့ဒီလောက်ရိုင်းနေရတာလဲ။"
"အဖိုးကြီးပါမချန် ပြောဆိုနေတာ စာမတတ်မှန်း သိသာချက်။"
မိန်းကလေးသည် အပြောအဆိုခံရမှုကြောင့် အထိတ်တလန့်နှင့် ဘေးဘီအားလိုက်ကြည့်ရင်း ပါးစပ်အားလက်နှင့်အုပ်ကာ ရှက်ရွံ့ဒေါသထွက်လျက် ဧည့်ခန်းထဲမှပြေးထွက်သွားတော့သည်။
စာရေးသူမှတ်ချက်
ယင်းချောင် - "တနင်္လါနေ့ကျ ကျန်းလန်တို့ ရုံးရှေ့က သွားဖြတ်ရဦးမယ်။"
ချန်ဟွား - "ဘာကိစ္စလဲ၊ ငါလည်း ဘာမှမသိရပါလား။"
ယင်းချောင်(ပြုံးစိစိနှင့်) - "သိချင်တယ်ပေါ့။"
ချန်ဟွား - "ယီးပဲ"
ယင်းလုံက လူမုန်းများရုံမက ဉာဏ်ကလည်း များချက်။