Chapter 16
Viewers 572

အပိုင်း ၁၆

 

 

 

နှစ်ဦးသား ဟော့ပေါ့ စားပြီးသောအခါ ညနေပင် စောင်းလေပြီ။

 

 

စားပြီးနောက် အစာကြေစေရန် အိမ်သို့ အမြန်မပြန်ကြဘဲ လူသွားလမ်းတလျှောက် လမ်းလျှောက်ကြသည်။

 

 

ည ၇-၈ နာရီခန့်ရောက်မှသာ စျေးဆိုင်များမှ မီးရောင်စုံများ ဖွင့်ကြပြီး ယာဥ်များနှင့် ခြေကျင်လျှောက်သူများ​က ဟိုဟိုဒီဒီသွားလာနေကြ၏။ ကျန်းလန်က အိတ်ကို ရင်ဘတ်ရှေ့၌ထား၍ ဖက်ထားပြီး စွမ်းနီက ခေါင်းကလေးထုတ်ကာ မျက်လုံးတစ်ဖက်​ပြူး၊တစ်ဖက်မှေး၍ အသက်ဝင်နေသော လမ်းမကြီးအား ငေးကြည့်နေသည်။

 

 

စိတ်လှုပ်ရှားစရာများ ဝိုင်းရံထားသည့် ခံစားချက်အား ကျန်းလန် အလွန်သဘောကျ၏။ မိမိကိုယ်ကို ထင်ပေါ်နေသည်ဟု ခံစားရစေ၍ပင် ။ ပြီးခဲ့သောကာလများ၌ ထိုသစ်လွင်တက်ကြွမှုအား သူမခံစားခဲ့ဖူးပါ။ ထိုခံစားချက်မျိုးကို လူ့အသိုင်းအဝိုင်းအတွင်း၌သာ ရှာဖွေနိုင်သည်။

 

 

ယင်းချောင်က သူ့အား ချော့ရလွယ်သားပဲ ဟူသောအကြည့်မျိုးနှင့် ငုံ့ကြည့်နေ၏။ သကြားလုံး၊ဟော့ပေါ့နှင့် စိတ်လှုပ်ရှားစရာကောင်းသည့် ခံစားချက်များပေးရုံနှင့် ကျန်းလန်မှာ စိတ်ပျော်နေပြီ ဖြစ်သည်။

 

 

သူပြုံးလိုက်တိုင်း မျက်ခုံးများ ကွေးညွှတ်ကာ မျက်လုံးများက ကြည်လင်နေပြီး အသက်ဝင်နေသည့် ကမ္ဘာကြီးတစ်လုံး၏ ပုံရိပ်ထင်ဟပ်နေ၏။

 

 

နှစ်ဦးသား အသံတိတ်သာ လမ်းဆက်လျှောက်နေကြသည်။ ကျန်းလန် မနေ့ညမှကိစ္စအား မည်သည်မှထုတ်မပြောလာသည့်တိုင် ယင်းချောင်သည် သူ၏ခန့်မှန်းချက်မှန်မမှန်အား အတည်ပြုရန် ဆန္ဒရှိနေ၏။

 

 

ထိုကြောင့် သူ့ဖက်ကသာ စကားစလိုက်သည်။ "ကိုယ်ညက ပြောခဲ့တာတွေက အရမ်းတစ်ဖက်သတ်ဆန်ပြီး အမြင်ကျဥ်းသွားခဲ့တယ်။ ကြားဖူးနားဝရှိခဲ့တဲ့စကားတွေနဲ့ ထျောင်းထျဲ့ကို မဝေဖန်ခဲ့သင့်ဘူး။"

 

 

ကျန်းလန် မဆိုစလောက် အံ့သြသွားရပြီး သူ့အား တဖြည်းဖြည်းလှည့်ကြည့်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ခပ်ပါးပါး ပြုံးပြလာ၏ ။ "ရပါတယ်၊ ထျောင်းထျဲ့ကို မင်းမှမသိတာ။ အပြစ်တင်ကြေးဆိုရင် ကောလဟာလတွေ ဖြန့်တဲ့လူတွေကိုပဲ တင်သင့်တာပေါ့။"

 

 

သူ၏တုံ့ပြန်မှုက ယင်းချောင်၏'နတ်ဆိုးလေးသည် ထျောင်းထျဲ့အား အလွန်သဘောကျသည်'ဟူသည့် အယူအဆအား အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

 

 

လက်တစ်ဖက်အား အိတ်ကပ်အတွင်းထည့်ကာ ခေါင်းကို အနည်းငယ်ငုံ့၍ သာမန်ကာလျှံကာ လေသံနှင့် သူမေးလိုက်၏။ "မင်းက ထျောင်းထျဲ့ကို ကောင်းကောင်းသိတဲ့ပုံပဲ။ ရှေးခေတ်က မကောင်းဆိုးဝါးတွေမှာ လူသားစစ်စစ် ယုံကြည်ကိုးကွယ်သူတွေအပြင် မကောင်းဆိုးဝါးတွေထဲမှာတောင် လေးစားအားကျတဲ့သူတွေ ရှိတယ်လို့ ကြားဖူးတယ်။"

 

 

'ဒါပေါ့၊ သိတာပေါ့ ၊ ငါကထျောင်းထျဲ့ပဲဟာ။' ဤစကားကိုမူ သူစိတ်ထဲမှသာ ပြောလိုက်ခြင်းပင်။

 

 

"အဲ့လောက်လည်း မသိပါဘူး။ သူ့အကြောင်း သူများတွေ သွားပုပ်လေလွှင့်ပြောတာကို မကြိုက်ရုံပါ။ ထျောင်းထျဲ့က ဒဏ္ဍာရီတွေထဲကလောက် မရက်စက်၊မကြမ်းကြုတ်ဘူးလို့ ထင်တာပဲ။ ကြင်နာတတ်ပြီး ပေါင်းသင်းလို့ ကောင်းမယ့်ပုံပါ။ ပြီးတော့ အင်အားလည်းကြီးတယ်။ သူ့လိုမကောင်းဆိုးဝါးကို သဘောကျမိတာ သဘာဝကျတယ်မလား။"

 

 

ဆက်ပြောချင်သေးသည့်တိုင် မိမိကိုယ်ကိုချီးကျူးခြင်းက ရှက်စရာကောင်းသဖြင့် စကားလုံးများအား မျိုချကာ ရှက်ရှက်နှင့် နှုတ်ခမ်းကို ကိုက်၍ ရပ်လိုက်ရ၏။ အနီးကပ်သာကြည့်ပါလျှင် သူ၏ပါးနှစ်ဖက်လုံး နီရဲနေသည်ကို တွေ့ရလိမ့်မည်။ 

 

 

ယင်းချောင် အနီရောင်သန်းနေသည့် ပါးပြင်အား သတိထားမိသော်လည်း နတ်ဆိုးလေးသည် သူလေးစားရသည့် မကောင်းဆိုးဝါးကြီးအကြောင်း ပြောရင်း စိတ်လှုပ်ရှားလာသည်ဟုသာ မှတ်ယူလိုက်သည်။

 

 

နတ်ဆိုးလေးအား ငုံ့ကြည့်ရင်း သူ၏ဖြူစင်မှုအတွက် စိတ်ကြည်နူးမိသလို လိမ်ညာရလွယ်ကူလွန်းသဖြင့် စိုးရိမ်ပူပန်လာရပြန်၏။

 

 

ဒဏ္ဍာရီလာ ထျောင်းထျဲ့မကောင်းဆိုးဝါးကြီးနဲ့ ကီးကိုက်အောင် နေနိုင်ဖို့က ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

 

 

ယင်းချောင် ထျောင်းထျဲ့နှင့် မပတ်သက်ဖူးသော်လည်း မကောင်းဆိုးဝါးကြီးလေးကောင်၏ မကောင်းသတင်းကား အတော်လေးမွှေးသည်လေ။

 

 

ရှေးအခါက လူသားနှင့်နတ်ဘုရားတို့ကြား ကွာခြားချက် ကြီးကြီးမားမားမရှိခဲ့ပါ။ လူသားမျိုးနွယ်စုသည် အင်အားနည်းသဖြင့် မြေကမ္ဘာအား နတ်ဘုရားနှင့် မကောင်းဆိုးဝါးတို့က လက်ဝါးကြီးအုပ်နိုင်ခဲ့ရုံသာ။ ရှေးခေတ်လူသားမျိုးနွယ်စုဝင်များအတွက် နတ်ဘုရားများနှင့် မကောင်းဆိုးဝါးတို့သည် မှော်ဆရာများ ဖြစ်ခဲ့ကြသည်။

 

 

မှော်ဆရာတို့သည် အင်အားကြီး၍ မောက်မာကြပြီး အားနည်းသူကို စားသုံးလေ့ရှိကြ၏။ အချင်းချင်းလည်း တိုက်ခိုက်ကြပြီး လျှင်သူစားတမ်းပင်။ အင်အားကြီးမှော်ဆရာများအတွက် လူသားမျိုးနွယ်စုနှင့် အင်အားနည်းမှော်ဆရာများသည် ပုရွတ်ဆိတ်ကလေး သို့မဟုတ် စားစရာဟုသာ သတ်မှတ်ခံခဲ့ရ၏။

 

 

ထိုအထဲမှ မကောင်းဆိုးဝါးကြီးလေးကောင်သည် ပို၍ ထင်ရှားကျော်ကြားခဲ့သည်။ လူသားမျိုးနွယ်စုဝင်များသာမက အင်အားနည်းလှသည့် မှော်ဆရာများပင် ၎င်းတို့အား ကြောက်ရွံ့ခဲ့ကြရ၏။

 

 

ထိုလေးကောင်ထဲဝယ် ကြောက်စရာအကောင်းဆုံးမှာ ထျောင်းထျဲ့ပင်။ သူသည် အလွန်ခက်ထန်ပြီး အလွယ်တကူမသေနိုင်သကဲ့သို့ မည်သည့်အရာကိုမဆို ဝါးမျိုပစ်နိုင်၏။ သူအနိုင်မယူနိုင်ခဲ့သည့် အချိူ့သောသူများမှလွဲ၍ ကျန်သည့်လူသားနှင့်မှော်ဆရာ သက်ရှိမှန်သမျှသည် သူ့အတွက် စားစရာအဆင့်၌သာ ရှိခဲ့သည်။

 

ထိုအချက်ကြောင့် နှစ်ပေါင်းထောင်ချီ ကြာပြီးသည်အထိ ထျောင်းထျဲ့၏ဇာတ်လမ်းမှာ မပျောက်ကွယ်သွားရခြင်းပင်။ ထျောင်းထျဲ့သည် မကောင်းသည့်လမ်းကိုစွန့်၍ ကောင်းသည့်လမ်းကို လျှောက်နေလိမ့်မည်ဟု မည်သူကမှ မယုံကြည်ကြပေ။

 

 

ထျောင်းထျဲ့သည် အခြေအနေအရ ဟန်ဆောင်နေထိုင်ရန် ဖိအားပေးခံရ၍သာ လျှို့ဝှက်တပ်ဖွဲ့ထဲ ရောက်နေရသည်ဟု ယင်းချောင် ကောက်ချက်ချထားသည်။

 

 

လက်ရှိ၌ နတ်ဘုရားများ၏ခေတ် ကုန်ဆုံးကာ မှော်ဆရာများမှာလည်း ဆုံးခန်းတိုင်ခဲ့ချေပြီ။ အသက်ရှင်နေဆဲဖြစ်သော မကောင်းဆိုးဝါးကြီးများသည် ယခင်က မည်သည့်အဆင့်၌ရှိခဲ့ပါစေ ကောင်းကင်ဘုံ၏ အုပ်ချုပ်မှုအောက်၌ အမြှီးကိုဖင်ကြားညှပ်ကာ ကုပ်ကုပ်ကလေး နေကြရသည်သာဖြစ်၏။

 

 

ထျောင်းထျဲ့ လိမ်မာနေသည်ဆိုသည်မှာ ဟန်ဆောင်နေခြင်းသာ ဖြစ်မည်။

 

 

ပြဿနာမှာ ထိုအချက်ကို နတ်ဆိုးလေးက အမှန်ဟု ယုံကြည်နေခြင်းပင်။

 

 

သူ၏လေးနက်လှသည့် မျက်လုံးများနှင့် အကြည့်ချင်းဆုံလေတိုင်း ယင်းချောင် သက်ပြင်းချမိသော်လည်း စာအုပ်ထဲမှ သတိပေးချက်များအား ပြန်တွေးကာ ပြန်မချေပနိုင်တော့။

 

 

သူအတန်ကြာတွေးတောကာ စကားလုံးလှလှများသုံး၍ အချိုသပ်ကြည့်ပြန်သည်။ "စံထားရတဲ့ပုဂ္ဂိုလ်ရှိတာက ကောင်းတော့ကောင်းပေမယ့် လူ့အသိုင်းအဝိုင်းမှာ 'ပြီးပြည့်စုံသောသူဟူ၍မရှိ'ဆိုတဲ့ စကားလည်းရှိသေးတယ်မလား။ မကောင်းဆိုးဝါးတွေလည်းအတူတူပါပဲ။ မင်းအနေနဲ့ အများကြီးလေ့လာသင်ယူပြီး ဘယ်အရာကို သဘောကျလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုအပ်တယ်။ အဓိကနဲ့သာမညကို ခွဲခြားတတ်မှ တိုးတက်မှုဆိုတာ ရှိမှာပေါ့။"

 

 

ကျန်းလန်က သူ့စကားအား နားထောင်ရင်း တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။ သို့သော် အသေအချာတွေးကြည့်သောအခါ ထိုစကားများက အဓိပ္ပါယ်ရှိနေမှန်း သူသဘောပေါက်လာသည်။

 

 

သို့ရာတွင် သူ့အနေနှင့် ပထမအစ်ကိုနှင့် စတုတ္ထအစ်ကိုမှလွဲ၍ လေးစားအားကျမိသော မကောင်းဆိုးဝါးကြီးဟူ၍ မရှိပါ။

 

 

တွန့်ချိုးနေသည့် မျက်ခုံးများအား ကြည့်ကာ ကျန်းလန် အတွေးများနေမှန်း ရိပ်မိပြီး ယင်းချောင်ပြုံးစိစိလုပ်ကာ သူ့အား စည်းရုံးရေးဆင်းတော့သည်။ "ထျောင်းထျဲ့အပြင် တခြား အတုယူရတဲ့ မကောင်းဆိုးဝါးတွေ ရှိသေးလား။"

 

 

ကျန်းလန် ရိုးသားစွာ ခေါင်းခါပြလိုက်၏။ "မရှိဘူး။"

 

 

"ဒါဆို ကိုယ်တစ်ယောက်လောက် အကြံပြုပေးချင်တယ်။"

 

 

"ဘယ်သူလဲ။"

 

 

"ယင်းလုံ"

 

 

ယင်းချောင်၏ မိမိကိုယ်ကိုအမွှန်းတင်ခြင်း စတင်ပြီဖြစ်သည်။ "ယင်းလုံက အဆင့်နိမ့်လောကက နတ်ဘုရားဖြစ်တဲ့အပြင် ကျက်သရေမင်္ဂလာရှိတဲ့ သားရဲတစ်ကောင်လေ။ ထျောင်းထျဲ့ထက်မသာရင်တောင် မလျော့တဲ့သူမျိုးပဲ။"

 

 

ကျန်းလန်မှာ ကြောင်အအပုံနှင့် သတိကြီးစွာ ပြန်ဖြေလာသည်။ "ယင်းလုံမျိုးနွယ်စုမှာ ယင်းလုံတစ်ဦးပဲ ကျန်တော့တယ်လို့ သတင်းကြားထားတယ်။"

 

 

ယင်းချောင် ခေါင်းငြိမ့်ပြလိုက်၏။ "အရပ်ရှစ်မျက်နှာမှာ တစ်ဦးတည်းသောလေ။"

 

 

ကျန်းလန် - "အဲ့ဒီယင်းလုံက ဒေါသကြီးပြီး ပြဿနာလည်း ရှာတတ်တယ်လို့ ကြားတယ်။ ပြီးတော့ရန်လည်းရှာတတ်....."

 

 

ယင်းချောင်၏ မျက်နှာကြီးမဲလာသဖြင့် ကျန်းလန် ထိုမျှနှင့် ရပ်လိုက်ရသည်။

 

 

ထိုစကားများအား သူ၏ စတုတ္ထအစ်ကိုဖြစ်သူ ယာကျီဆီမှ ကြားခဲ့ရခြင်းပင်။

 

 

တစ်ခါက ပင်လယ်အနီးရှိ ဖန်းချမ်ဒေသ၌ ဖြစ်ရပ်တစ်ခုရှိခဲ့ဖူးသည်။ ယုတ်မာသော နဂါးနှစ်ကောင်သည် ကောင်းကင်ဘုံအား အလစ်ဝင်တိုက်၍ အားလုံးကို နဂါးများဖြစ်အောင် ပြောင်းလဲပစ်ကာ ကမ်းရိုးတန်းဒေသတလျှောက်တွင် ဟာရီကိန်းနှင့် ဆူနာမီများ ဖြစ်စေခဲ့၏။ ယင်းလုံနှင့် ယာကျီတို့သည် နဂါးများဖြစ်ကြသည့်အလျောက် ထိုနဂါးနှစ်ကောင်အား ဖမ်းရန်နှင့် အခြေအနေအား ထိန်းချုပ်ရန် ဖန်းချမ်သို့ သွားရောက်ခဲ့ရသည်။

 

 

ဖန်းချမ်သို့သွားသည့်လမ်း၌ ၎င်းတို့နှစ်ဦး တာဝန်အတူ ထမ်းဆောင်ရင်း အဖွဲ့ကျသွားခဲ့ကြ၏။

 

 

စတုတ္ထအစ်ကိုဖြစ်သူ၏ အာဘော်အတိုင်း ပြန်ပြောရပါလျှင် - "ယင်းလုံက ပါရမီရှင်ပဲ၊ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူ။ မျိုးတုံးသတ်ဖြတ်မှု ခံရတာတောင် အခုထိ အသက်ရှင်ကျန်နေခဲ့ရုံနဲ့တင် နောက်ဘဝ မကူးသွားတာကို ကျေးဇူးတင်ရမယ်။ မဟုတ်လို့ကတော့ သူနဲ့ မကျေပွဲနွှဲဖူးတဲ့သူတွေက သူ့အုတ်ဂူမှာ ပန်းခွေတွေချပြီး ဝိုင်းပတ်ကခုန်နေလောက်ပြီ။"ဟူ၍ပင်။

 

 

စတုတ္ထအစ်ကိုသည် ဖြစ်ခဲ့သမျှအား စုံစီနဖာထုတ်မပြောသော်လည်း ထိုအချိန်မှစ၍ ယင်းလုံအကြောင်း မကြာခဏပြောတတ်သဖြင့် အစ်ကိုဖြစ်သူအား လေးစားအားကျသူ ကျန်းလန်၏အပေါ် ယင်းလုံ၏ ပုံရိပ်မှာ  လေးစားအားကျစရာကောင်းသည့်အသွင် ရှိခဲ့၏။

 

 

လက်ရှိတွင် ယင်းချောင်သည် ယင်းလုံအား လေးစားအားကျသူမှန်း သိလိုက်ရသဖြင့် သူစိုးရိမ်စိတ်များဝင်လာမိသည်။ ယင်းချောင် အတုယူမှားမည်ကို စိုးရိမ်ခြင်းမဟုတ်ဘဲ သူ၏အလိမ်အညာများ တစ်ရက်တွင် ပေါ်ပေါက်လာပြီး ယင်းချောင် မခံမရပ်နိုင်ဖြစ်မည်ကို စိုးရိမ်မိခြင်းဖြစ်၏။

 

 

Weibo ၌ သူရှာဖတ်ခဲ့သည့်ပို့စ်များအရ ကြယ်ပွင့်များ နောက်လိုက်ကြသည့် လူအများစုသည် မိမိ၏စံပြပုဂ္ဂိုလ် ကျရှုံးခန်းရောက်သည်နှင့် ၎င်းတို့ပါ အလဲလဲအပြိုပြိုဖြစ်တတ်ကြသည်။ သူ့အနေနှင့် ထိုအခြေအနေအား စောစီးစွာ တွေ့ကြုံရလေတော့မလား။

 

မြွေမျိုးနွယ်စုသည် နဂါးမျိုးနွယ်စုအား ကိုးကွယ်သည်မှာ မှန်သော်လည်း နဂါးမျိုးနွယ်စုထဲ၌ ယင်းလုံနဂါးအပြင် နဂါးမျိုးနွယ်ပေါင်းများစွာ ရှိလေ၏။ ဥပမာအားဖြင့် သူ၏ နဂါးနန်းတော်၌ရှိသော နဂါးများအားလုံးမှာလည်း အရည်အချင်းရှိ ပြည့်ဝကြသူများပင်။

 

 

သို့သော် ယင်းချောင် မျက်နှာမကောင်းသဖြင့် ၎င်းတို့၏ခင်မင်မှုအား မဖျက်ဆီးမိရန်အလို့ငှာ ကျန်းလန် ထိုစကားလုံးများကို မျိုသိပ်ထားရ၏။

 

 

သူစိတ်ကိုစုစည်းကာ ခပ်တောင့်တောင့်ဖြစ်နေသည့်လေသံအား အတတ်နိုင်ဆုံး ချိုသာအောင်ပြု၍ ယင်းချောင်အား နှစ်သိမ့်လိုက်သည်။ "တကယ်တော့ ငါကြားထားတဲ့သတင်းကလည်း မင်းလို သတင်းအမှားဖြစ်နေနိုင်တာပဲ။ ထျောင်းထျဲ့နဲ့ ပတ်သက်တဲ့သတင်းတွေဆို အကုန်အမှားတွေချည်းပဲ။"

 

 

ယင်းချောင် - 'နတ်ဆိုးလေးရဲ့ မျက်လုံးတွေက ငြိမ်သက်နေပေမယ့် မျက်တောင်မကြာခဏခတ်နေပုံအရဆို စိတ်မပါတဲ့စကားကို အတင်းလုပ်ယူပြီး ပြောနေရလို့ အပြစ်ရှိစိတ်ဝင်နေတာဖြစ်မယ်။'

 

 

ယင်းချောင် ပို၍ပင် စိတ်ဓာတ်ကျသွားတော့သည်။ သူခေါင်းငိုက်စိုက်ကျကာ အိမ်ပြန်ရောက်သည်နှင့် မိမိမကောင်းကြောင်းပြောသူအား တွေ့အောင်ရှာမည်ဟု တေးလိုက်၏။ "မင်းပြောတာမှန်ပါတယ်။ ဘာပဲပြောပြော ဒီမကောင်းဆိုးဝါးတွေနဲ့ ကိုယ်တို့ဆုံမှမဆုံဖူးတာ။ အပြောထက် မြင်ရမှယုံသင့်တယ်။ ကောလာဟာလတွေက အမှန်ဟုတ်မဟုတ် နောက်ကျ ကိုယ်တို့ သိခွင့်ရမှာပါ။"

 

 

ကျန်းလန် အခုမှ စိတ်ဒုံးဒုံးချနိုင်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း၊ မင်းပြောတာ မှန်တယ်။"

 

 

နှစ်ဦးသား ထိုကိစ္စအား ဆက်မပြောကြတော့ဘဲ ယင်းချောင်က ကျန်းလန်အား အိမ်အရောက်ပို့ပြီး ကျန်းလန် ဓာတ်လှေကားထဲရောက်မှသာ လှည့်ပြန်လာ၏။

 

 

ကျားဟယ်ကျင့်ယွမ်ဂိတ်မှထွက်သည်နှင့် ယင်းချောင်မှာ အသက်ရှူပင်မဝဖြစ်လာပြီး ချန်ဟွားထံ ဆက်သွယ်လိုက်သည်။

 

 

"ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်း တစ်ယောက်ယောက်များ ဖြန့်ထားသေးလား။"

 

 

"ဘယ်လိုမကောင်းကြောင်းလဲ။"

 

 

ယင်းချောင် အံကြီးကြိတ်ကာ ကျန်းလန်​ပြောသမျှအား ပြန်ပြောပြလိုက်သည်။

 

 

"ငါက ဒေါသကြီးပြီး ပြဿနာရှာရတာကြိုက်တဲ့ ဂြိုလ်ကောင်တဲ့။"

 

 

ချန်ဟွား - 'အမှန်ပဲကို၊ မကောင်းသတင်းလို့ ခေါ်လို့ရပါ့မလား။ မင်းကိုယ်မင်း အမြင်မှန်မရသေးတာလား။'

 

 

ထိုစကားများကို ထုတ်ပြောရန် သတ္တိကား သူ့တွင်မရှိပါ။ ခဏလောက် ငြိမ်ကျသွားပြီးမှ သူအရူးကွက်နင်းရတော့သည်။ "တကယ်လား၊ ငါတော့မကြားဖူးပါဘူး။ မင်းဘယ်က ကြားလာတာလဲ။"

 

 

"ကျန်းလန် သူများတွေ​ဆီက ကြားလာတာ။"

 

 

'ဒါကြောင့် မင်းဒေါသထွက်နေတာကိုး။'

 

 

ချန်ဟွား စိတ်ထဲ၌မူ အတော်လေး ဝမ်းသာပီတိဖြာနေ၏။ 'ကဲ အခုတော့ မင်းဝဋ်လည်ပြီမလား။'

 

 

"လူတိုင်းသဘောကျရအောင် မင်းက ငွေစက္ကူမှ မဟုတ်တာ။ ကောလဟာလဆိုတာကလည်း မင်းကိုကြောက်လို့ မင်းနောက်ကွယ်မှာ ပြောကြတာလေ။ မင်းရှေ့မှာသာ ရှိရင် ဘယ်ပြောရဲကြမလဲ။ ဒါနဲ့ မင်းဒီလိုကိစ္စတွေကို ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ။"

 

 

မိမိရှေ့၌ မ​ပြောရဲကြသော်လည်း နတ်ဆိုးလေး​​ထံ နားပေါက်သည်အထိ မိမိအကြောင်း ပြောနေကြခြင်းအပေါ် ယင်းချောင် အလိုမကျဖြစ်မိ၏။

 

 

'ဒါငါ့ကို အသရေဖျက်နေတာပဲ။'

 

 

နတ်ဆိုးလေး၏ရှေ့၌ မည်သို့စံပြပုဂ္ဂိုလ်အထာ ဖမ်းရတော့မည်နည်း။ ကောင်းစွာ လမ်းမပြနိုင်သော မိဘဟူသည် အသုံးမကျသည့် အုပ်ထိန်းသူပင် ဖြစ်လေသည်။

 

 

ချန်ဟွားက ထိုကိစ္စအပေါ် သိပ်အရေးမစိုက်သော်လည်း ယင်းချောင်က အလေးထား​ဖြေရှင်းရန် လိုအပ်သည့် ပြဿနာဟု မှတ်ယူလိုက်၏။

 

 

သူ၏ကောင်းသတင်းများအား နည်းလမ်းမျိုးစုံ အသုံးပြုလျက် ပြန့်စေပြီး နတ်ဆိုးလေး မိမိအား လေးစားအားကျလာအောင် ပြုရမည်။

 

 

"ဌာနက အရေးကြီးကိစ္စတွေကို အာရုံစိုက်ဖို့လိုပြီ။ ငါကိုယ်တိုင် ဝင်ဖြေရှင်းမှဖြစ်တော့မယ်။"

 

 

ယင်းလုံ နောက်ထပ်ကြီးမားသော အမှုတစ်ခုအား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း သိရပါလျှင် နတ်ဆိုးလေးသည် ယင်းလုံအပေါ် လေးစားအားကျလာလိမ့်မည်။ သို့မှသာ ထျောင်းထျဲ့သည် မိမိနှင့်ယှဥ်ပါလျှင် မလောက်လေးမလောက်စားဘဝသို့ ရောက်မည်ဖြစ်၏။

 

 

ယခုရက်များအတွင်း ကျန်းလန်အတွက် ထူးထူးခြားခြား ဖြစ်ရပ်များ မကြုံရသေးပါ။ မနက်ဖြန်သည် ပိတ်ရက်ဖြစ်၍ ပိတ်ရက်အား မည်သို့ကုန်ဆုံးမည်ကို တွေးရခြင်းက သူ့အား ပို၍စိတ်လှုပ်ရှားစေသည်။

 

 

နောက်ဆုံးရုံးတက်ရက်ဖြစ်၍ ရုံးခန်းတစ်ခုလုံးမှာလည်း တက်ကြွနေကြ၏။ ပုံမှန်အားဖြင့် သောကြာနေ့တိုင်း အလုပ်များများစားစားမရှိချေ။ အဓိကအားဖြင့် အစီရင်ခံစာများသာ ရေးကြရသည်။ ကျန်းလန် အလုပ်ဝင်သည်မှာ လေးရက်သာရှိသေး၍ အစီရင်ခံစာမရေးရပါ။ ထိုကြောင့် သတင်းအသစ်များသာ ရှာဖွေဖတ်ရှုရသည်။

 

 

ဒေသတွင်းသတင်းများအား မိုဘိုင်းအက်ပ်မှ လွယ်ကူစွာကြည့်ရှုနိုင်၏။ သူပျင်းသည့်အခါတိုင်း ထိုသတင်းများကိုသာ ဖတ်လေ့ရှိသည်။

 

 

ဟန်ယန်းခရိုင်သည် မြို့ဟောင်းပီပီ ​သာမန်ဒေသတစ်ခုဖြစ်ပြီး စီးပွားရေး လွန်စွာ မဖွံ့ဖြိုးသေး၍ ဒေသတွင်းသတင်းများမှာ မယ်မယ်ရရမရှိလှချေ။ ငြိမ်ဝပ်ပိပြားရေးအတွက်သာ သတင်း အသုံးဝင်သည်ဟု ကျန်းလန်ထင်မိသည်။

 

 

သို့သော် ယနေ့သတင်းစာမျက်နှာဖုံး၌ နေရာယူထားသည်မှာ ခပ်သေးသေးသတင်း မဟုတ်နေပါ။ သတင်းအား နှိပ်ဖတ်ပြီးနောက် သူမျက်မှောင်ကြုတ်မိသွားပြီး တခြားသူများအား လှည့်မေးလိုက်သည်။ "ဟုန်ကျင့်ယွမ်မှာ လူသေတဲ့သတင်းကို သိပြီးကြပြီလား။"

 

ထိုက်ဆွေ့သည် လူလေးဦးဆက်တိုက် သတ်ဖြတ်ထားသဖြင့် ကျန်းလန်မှာ သေဟူသည့်အသုံးအနှုန်းအား အာရုံစိုက်မိနေ၏။

 

 

"မနေ့ညက သတင်းကိုပြောတာမလား။" ရွှယ်မုန်က မေးလာသည်။ "ငါ့အဖိုးက ဟုန်ကျင့်ယွမ်မှာနေတာ။ သေသွားတဲ့မိန်းကလေးက အသက်သုံးဆယ်တောင် မပြည့်သေးဘူး။ လမ်းက ရေမြောင်းအဖုံး အခိုးခံရပြီး မြို့ဟောင်းက လမ်းမီးတွေ ပျက်နေတဲ့အချိန် သူက ညဖက်လမ်းလျှောက်ရင်း နံရံနဲ့ဆောင့်ပြီးမေ့သွားတာ။ ရပ်ကွက်ထဲက အန်တီကြီးတွေ သူ့ကိုဆေးရုံပို့လိုက်ကြသေးတယ်။"

 

 

ရှောင်းရှောင်ယွီက သူ့စကားအား ခွန်းတုံ့ပြန်သည်။ "ရေမြောင်းဖုံး ခိုးသွားတဲ့လူက လုပ်ကြံသလိုဖြစ်သွားတာပေါ့။ ငါတို့လမ်းမှာ အတားအဆီးတွေနဲ့ အသိပေးချက်တွေ လုပ်ကြမလား။"

 

 

ရွှယ်မုန်က ပခုံးတွန့်ပြ၏။ "အခုမှဆို အရမ်းနောက်ကျမနေဘူးလား။"

 

 

ရွှယ်မုန်​ပြောမှ ကျန်းလန်သည် သူအလွန်အတွေးများနေပြီး လူသေသည့် သတင်းကြားသည်နှင့် မကောင်းဆိုးဝါးလက်ချက်ဟုသာ ကောက်ချက်ချနေမိကြောင်း သတိထားလိုက်မိ၏။ သူ့နဖူးအား ရိုက်ကာ ထိုသတင်းအောက်၌ ရေးထားသည့် မကောင်းသည့်မှတ်ချက်အား ရီပို့စ်ထုကာ အက်ပ်ထဲမှ ပြန်ထွက်လာခဲ့သည်။

 

 

စာရေးသူမှတ်ချက်

 

 

#မင်းမလုပ်နိုင်တာ ဘာများရှိသေးလဲ၊ ဘာလို့ ဒီလောက် လူမုန်းများရတာလဲကွာ၊ နဂါးကြီး#

 

 

မာစတာယင်း - 'ငါက ဒေါသကြီးနေလို့လား။ ပြဿနာလိုက်ရှာမိနေလို့လား။ ငါကဂြိုလ်ကောင်လား။'