အပိုင်း ၁၅
နေ့လယ်စာစားပြီးနောက် သုံးဦးသား ရုံးခွဲသို့ ပြန်လာကြသည်။
ကျန်းလန်ဖင်ထိုင်လိုက်သည်နှင့် သူ့ဖုန်းကထမြည်၏။ ဖုန်းအားတစ်ချက်ကြည့်လိုက်သောအခါ ဝမ့်ချင်းဆီမှစာ ဖြစ်နေသည်။
ဝမ့်ချင်းဟူသည် မနေ့ကတွေ့ခဲ့သော ရဲအရာရှိငယ်ပင်။ မနေ့ညက သူတို့နှစ်ဦး Wechat အကောင့်များ လဲခဲ့ကြ၏။
ဝမ့်ချင်းက သူ့အား စာတောက်လျှောက်ပို့ထားသည်။
"အမှုကို လက်လွဲပေးလိုက်ပြီးပြီ။ ကပ္ပတိန်ပြောပုံအရ အမှုကိုပိတ်ကြတော့မယ်။ ဒါပေမယ့် သဘာဝမကျတဲ့ အကြောင်းကိစ္စတွေလည်း ပါဝင်နေတော့ အမှုပိတ်ကြောင်း ကြေညာပြီးမှ ထပ်စစ်ဆေးကြလိမ့်မယ်။"
"ကျောက်ချွင်ဖန့်ကလည်း ထိုက်ဆွေ့နဲ့ပတ်သက်မှုရှိတဲ့အကြောင်း အားလုံးဝန်ခံပြီးပြီ။ သူ့ရဲ့ဖြောင့်ချက်အရတော့ ဒီဆိုင်မှာမထင်မှတ်ဘဲ လက်ကောက်ဝယ်ဖြစ်သွားတာ။ သူကပုံမှန်လည်းထီထိုးလေ့ရှိတယ်။ လက်ကောက်ဝယ်ပြီးရက်ပိုင်းအတွင်းမှာလည်း သူထီဆုကြီးပေါက်သွားတယ်။ အစက သူ့ကိုယ်သူ ကံကောင်းလို့လို့ထင်ခဲ့ပေမယ့် ညဖက်ရောက်တော့ ထိုက်ဆွေ့ကိုအိပ်မက်မက်ပြီး ထိုက်ဆွေ့က သူ့ကိုဆန္ဒပြုဖို့ပြောခဲ့ပေမယ့် သူလန့်နိုးလာလို့ ဆန္ဒမပြုဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကံကြမ္မာကျောက်က အလုပ်ဖြစ်တယ်ဆိုတာ သိသွားတော့ လီချွင်းဟွာကိုပြပြီး အတည်ပြုခိုင်းခဲ့တယ်။"
"လီချွင်းဟွာက သူ့ခင်ပွန်းနဲ့ကွာရှင်းပြီးကတည်းက သူ့ခင်ပွန်းဟောင်းရဲ့ ဇနီးအသစ်ကို မျက်မုန်းကျိုးနေခဲ့တာ။ ကျောက်ချွင်ဖန့်ဆီက သတင်းလည်းကြားရော ခင်ပွန်းဟောင်းရဲ့ဇနီးအသစ်ကို သေပါစေလို့ ထိုက်ဆွေ့ဆီမှာ ဆန္ဒပြုခဲ့တာပဲ။"
"ငါတို့ လီချွင်းဟွာရဲ့ ခင်ပွန်းဟောင်းအိမ်ကို ညတွင်းချင်း သွားစစ်ဆေးတော့ သူ့ဇနီးအသစ်က လီချွင်းဟွာမဆုံးခင် နှစ်ရက်အလိုကပဲ ယာဥ်တိုက်မှုဖြစ်ပြီး ဆုံးသွားပြီ။ လီချွင်းဟွာက ဒီကိစ္စကို ကျောက်ချွင်ဖန့်ကို ပြောပြခဲ့ပြီး နှစ်ရက်အကြာမှာပဲ သူလည်း နေအိမ်မှာ ထူးဆန်းစွာနဲ့ သေဆုံးသွားခဲ့တယ်။ ကျောက်ချွင်ဖန့်က ကြောက်လန့်ပြီး ဆန္ဒမပြုရဲတော့ဘူး။ ဒါပေမယ့်ကံကြမ္မာကျောက်ရဲ့ အကျိုးအာနိသင်ကိုလည်း လက်မလွှတ်ချင်တော့ ထိုက်ဆွေ့နဲ့ အပေးအယူလုပ်ခဲ့တယ်။ ယုံကြည်ကိုးကွယ်သူတွေ ပိုများလာအောင် လုပ်ပေးမယ်ဆိုပြီးတော့ပေါ့။"
ထိုနေရာမှစကာ ဝမ့်ချင်း၏ လေယူလေသိမ်းက ပြောင်းလဲလာ၏။
"တစ်ခါတစ်လေတော့လည်း လူတွေက မကောင်းဆိုးဝါးတွေထက် ပိုကြောက်ဖို့ကောင်းတာပဲ။ သူတို့အိမ်ရာဝင်းထဲက ကံကြမ္မာကျောက်လက်ကောက်ဝယ်ထားတဲ့ လူအများစုက ကျောက်ချွင်ဖန့်ရဲ့ စနက်ကြောင့်ပဲ။ မင်းသာထိုက်ဆွေ့ကိုမဖမ်းပေးခဲ့ရင် နောက်ထပ်လူဘယ်နှယောက်တောင် ထိခိုက်နစ်နာဦးမလဲမသိဘူး။ အခုကျောက်ချွင်ဖန့်ကို ရဲစခန်းမှာခဏချုပ်ထားပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ မြို့ခေါင်းဆောင်တွေ ဆွေးနွေးနေကြတယ်။"
ထိုစာအားဖတ်ပြီးနောက် ကျန်းလန်၏စိတ်ထဲသို့ ဝမ်းနည်းပူနွေးမှုတို့ ခဏတာ ဝင်ရောက်လာသည်။
ကျောက်ချွင်ဖန့်အား ကြံရာပါမှန်း သူရိပ်မိခဲ့သော်လည်း ထိုက်ဆွေ့အား ကိုးကွယ်ယုံကြည်သူများ ရှာပေးရန် သူမဖက်မှ စတင်ညှိနှိုင်းခဲ့မည်ဟု သူမထင်ထားခဲ့မိပါ။ ထိုက်ဆွေ့အားကူညီခြင်းသည် လူသတ်မှုကျူးလွန်ခြင်းပင်။ ဝမ့်ချင်း ယခုလို မခံမရပ်နိုင်ဖြစ်နေသည်မှာ မဆန်းချေ။
စာမှာ ဤမျှနှင့် မဆုံးသေး။
"ကုသိုလ်ပြုရင် ကုသိုလ်ရသလို အကုသိုလ်တွေ ပြုထားရင်လည်း ဒဏ်ပြန်ခတ်ခံရမှာပဲ။ ငါတို့ကလူတွေရဲ့စိတ်ကို မထိန်းချုပ်နိုင်ရင်တောင် ပြစ်မှုတွေမဖြစ်လာအောင်တော့ တားဆီးလို့ရပါတယ်။ အားမလျော့သွားနဲ့၊ အတူကျော်ဖြတ်ကြမယ်။"
ဝမ့်ချင်းက အတော်လေး တက်ကြွသည့်လူမျိုး ဖြစ်လိမ့်မည်။
"အစ်ကိုလန်၊ မင်းရဲ့သတိက ငါ့ထက် အများကြီးသာတယ်။ နောက်ထပ်အမှုတွေထပ်ကြုံရင် မင်းကိုလာရှာလိုက်မယ်။ အခုတော့ကပ္ပတိန်ခေါ်နေလို့ နောက်မှဆက်ပြောကြတာပေါ့။"
ဝမ့်ချင်းသည် အခြေအနေအပြည့်အစုံ တင်ပြပြီးနောက် အီမိုဂျီပုံ အတွဲလိုက်ပို့လာပြန်သည်။
ကျန်းလန်ဖုန်းကိုပြန်ချပြီးနောက် မသိမသာပြုံးလိုက်မိ၏။ စွမ်းနီကအသိုက်ထဲမှ သူ့ပေါ်ခုန်တက်လာပြီး ဒေါသတကြီးအော်ဟစ်ပြီးနောက် အမြှီးလေးနှံ့ကာ ခြေထောက်အောက်သို့ခုန်ဆင်းပြီး တရေးအိပ်ရင်းနှင့် ဟောက်ပင်ဟောက်နေချေပြီ။
ကျန်းလန် စွမ်းနီအား ချစ်ခင်စွာကြည့်ရင်း နားရွက်လုံးလုံးလေးများကို ပွတ်သပ်နေသည်။
ဝမ့်ချင်းအား သူချွေးသိပ်နေခြင်းမဟုတ်ရပါ။ နတ်ဘုရားတို့၏ခေတ်ကုန်ဆုံးပြီးသည့်တိုင် ကောင်းကင်ဘုံ၏ဖြစ်တည်မှုက မတိမ်ကောသွားသေးပါ။ ကောင်းကင်ဘုံ၏အခွင့်ထူးခံ ထိုက်ဆွေ့သည်ပင် အကုသိုလ်အမှုကိုပြုသဖြင့် သူ့အား ပထမဆုံးသုတ်သင်မည့်သူမှာ ကောင်းကင်ဘုံပင်ဖြစ်လေ၏။
ရှေးလူကြီးများက ကောင်းကင်ဘုံ၏ဒဏ်ခံခြင်းသည် အင်မတန်ပြင်းထန်သည်ဟု ဆိုကြသည်။
ထိုစကားကအမှန်ပင်။
ထိုက်ဆွေ့ကိုမဆိုထားနှင့် ကျောက်ချွင်ဖန့်နှင့် လီချွင်းဟွာကဲ့သို့ အလိုကြီးသောလူသားတို့ပင် ကံကြမ္မာကျောက်အားဝယ်ယူ၍ ကံကြမ္မာအား ပြောင်းလဲခဲ့ကြသည့်အတွက် ချွင်းချက်မရှိ အပြစ်ပေးခံရလိမ့်မည်။
ကျန်းလန် မျက်ခုံးအား မြှောက်ကစားရင်း 'ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း၊ တာဝန်တွေ ထမ်းဆောင်ရင်း၊ လူ့လောကအတွက် ရုန်းကန်ရင်း' ဟူသည့်ခေါင်းစဥ်နှင့် ပို့စ်တစ်ခု ကောက်တင်လိုက်သည်။
တင်လိုက်သည့်ပုံကမူ စွမ်းနီ၏ပုံဖြစ်၏။
ကျန်းလန်၏ Wechat ၌သူငယ်ချင်းများများစားစားမရှိပါ။ ဆွေမျိုးအချို့သာရှိပြီး မကြာသေးမီက ယင်းချောင်၊ ရွှယ်မုန်နှင့် ရှောင်းရှောင်ယွီစသည့် သူငယ်ချင်းအသစ်အချို့သာရှိ၏။
ပထမအစ်ကိုကပုံကို like ပေး၍ မှတ်ချက်ရေးလာသည်။
"ရှောင်ပါးက ဝလာတာလား။"
ပဥ္စမအစ်ကိုဖြစ်သူ ကျောင်းထူလည်း ရောက်လာ၏။
"ငါအခုပဲနိုးတာ၊ အတူကစားဖို့လာခဲ့မယ်။"
မှတ်ချက်ရေးသူများထဲ၌ ဒါရိုက်တာချိန်ကလည်း တစ်ဦးအပါအဝင်ပင်။
"ဒီနေ့ခေတ်လူငယ်တွေများ ဆင်ခြင်တုံတရားရှိလိုက်ကြတာ၊ ကြိုက်တယ်ကွာ၊ Like။"
ပို့စ်တင်ပြီးနာရီဝက်အကြာ၌ ယင်းချောင် ထိုမှတ်ချက်များအား တွေ့လိုက်ရသည်။ သူသည်ပုံမှန်အားဖြင့် မှတ်ချက်ရေးတတ်သူမဟုတ်သဖြင့် like ပေးပြီးနောက် မှတ်ချက်ရေးသင့်၊မရေးသင့် အတွေးများနေရ၏။
ယင်းချောင် - "စိတ်ဆိုးနေတုန်းလား။ ကိုယ်ညစာလိုက်ကျွေးပါရစေ။"
ကျန်းလန်တစ်ရေးနိုးလာပြီး နာရီကြည့်ရန် ဖုန်းထုတ်လိုက်သောအခါ Wechat မှ အသိပေးစာများ ထပ်ရောက်နေသည်။ သူမှတ်ချက်များအား တစ်ခုချင်းဖတ်ရင်း ယင်းချောင်၏မှတ်ချက်အားတွေ့လိုက်ရ၏။
တစ်ရက်တာကုန်လွန်ပြီးနောက် သူစိတ်မထိခိုက်တော့သလို စိတ်လည်းမဆိုးတော့ပါ။
သူကထျောင်းထျဲ့ဖြစ်ကြောင်းကို ယင်းချောင်မသိထားသလို တခြားသော မကောင်းဆိုးဝါးများကဲ့သို့ ကောလဟာလများ ကြားထား၍သာ ဖြစ်မည်။
သဘောကောင်းသည့် မကောင်းဆိုးဝါး တစ်ကောင်အနေနှင့် ယင်းချောင်မှ သူ့အမှားအား ဝန်ခံလာသဖြင့် ကျန်းလန် ခွင့်လွှတ်ပေးသင့်သည် မဟုတ်ပါလား။
ထိုကြောင့် သူ့ဖက်မှစကာ Wechat မှတဆင့် ယင်းချောင်ဆီ စာပို့လိုက်သည်။
"မဆိုးတော့ပါဘူး။ ညစာဘယ်မှာစားကြမလဲ။"
ယင်းချောင် Wechat မှစာကိုဖတ်ကာ နှုတ်ခမ်းမြှောက်တက်သွားသည်ဆိုရုံ ပြုံးလိုက်မိသည်။
စာအုပ်ထဲပါသည့် အချက်အလက်များက အမှန်ပင်အသုံးဝင်လှ၏။
စာအုပ်ထဲ၌ပြောထားသည်မှာ အကယ်၍ကလေး၏ ပုန်ကန်ရေးကာလအတွင်း မိဘများသည်မတော်တဆ ၎င်းတို့၏ခံစားချက်ကို နာကျင်စေခဲ့မိပါက မိဘများအနေနှင့် သတ္တိရှိရှိမိမိ၏အမှားကို ဝန်ခံ၍တောင်းပန်ခြင်းက ကလေး၏စိတ်နှလုံးကို ဖွင့်ပေးစေနိုင်စွမ်းရှိပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ပြတ်တောက်သွားခြင်းမရှိစေရန် ကာကွယ်ပေးနိုင်မည်ဟူ၍ပင်။
သူတောင်းပန်လိုက်သည်နှင့် နတ်ဆိုးလေးမှာစိတ်မဆိုးနိုင်တော့။
အရောင်းဌာနမှဝန်ထမ်းသည် သူ၏အမူအရာ ရုတ်တရက်ပျော့ပျောင်းသွားပြီး အေးစက်သောမျက်ခုံးနှစ်ဖက်ကြား နွေးထွေးမှုများ ဝင်ရောက်လာသည်ကို သတိထားမိသွားကာ ရှက်ရွံ့စွာနှင့် မေးလာ၏။ "ဆရာ၊ ဒီဖိနပ်တွေကို ထုပ်ပိုးလိုက်ရတော့မလား။"
ကိုလူချောအား ဆိုင်ထဲဝင်လာကတည်းက ဝန်ထမ်းအများစုက သတိထားမိကြပြီးသားပင်။ ၁.၉ မီတာကျော်သောအရပ်၊ ခြေတံရှည်ရှည်၊ ချက်ချင်းမျက်မှန်းတန်းမိနိုင်သည့် ခပ်ချောချောမျက်နှာနှင့် အနုပညာရှင်ထက်မလျော့ချေ။ အေးစက်သောမျက်နှာထားနှင့် ပြင်းထန်သောအရှိန်အဝါကြောင့် မည်သူမှ မကပ်ရဲခြင်းသာ။ သူဝတ်ထားသည့် အဝတ်အစားများမှာလည်း ပြူးပြဲနေသည့်တံဆိပ်များမပါသည့်တိုင် အမြင်ရှိသူတိုင်း မကြာသေးမီက ပွဲထုတ်ထားသည့် အနိမ့်ဆုံးဂဏာန်းခြောက်လုံးနှင့်အထက်ရှိသော အထက်တန်းစား တံဆိပ်တစ်ခုမှ ဖြစ်ကြောင်းသိနိုင်၏။
၎င်းတို့၏ အရောင်းဌာနသည် စျေးပေါသည်ဟုမဆိုနိုင်သော်လည်း သာမန်လူတန်းစားများအတွက် ရည်ရွယ်ထားသည့်နေရာဖြစ်သည်။
ထိုကြောင့်သူဆိုင်ထဲဝင်လာကတည်းက သူ့အား မည်သူမှ ဧည့်မခံရဲကြဘဲ ကိုလူချောက ဖုန်းကိုကြည့်ရင်း အမူအရာပြောင်းသွားမှ ထိုဝန်ထမ်းသည် စျေးရောင်းရန် ရှေ့တိုးလာခြင်းဖြစ်၏။
ကိုလူချောက မိမိုက်စွာ ခေါင်းငြိမ့်ပြလာသည်။ "ထုပ်လိုက်တော့။"
ဝန်ထမ်းသည် ဖိနပ်အား စိတ်လိုလက်ရ ထုပ်ပိုးပေးပြီးနောက် ယင်းချောင်က ကတ်နှင့်ငွေချေကာ အိတ်ကိုဆွဲ၍ ကသောကမျောထွက်သွား၏။
ထိုအရောင်းဌာနသို့ ကျန်းလန်အတွက် ဖိနပ်ဝယ်ရန် ရောက်လာခြင်းပင်။ ညကကိစ္စကြောင့် သူစိတ်မကြည်ဖြစ်ခဲ့ရသော်လည်း နတ်ဆိုးလေးအား ဖိနပ်ဝယ်ပေးမည်ဟု ကတိပေးထားပြီးဖြစ်၍ ကတိအားတည်ရလိမ့်မည်။
ဖိနပ်အိတ်အား ဘေးခုံ၌တင်ကာ ကျန်းလန်၏ အလုပ်ဆင်းချိန်ကို စောင့်ရန် ရုံးသို့တိုက်ရိုက်သွားမည်ဟု တွေးပြီးမှ ထိုကားနှင့် နတ်ဆိုးလေးဆီသွားခြင်းက ကြွားဝါလွန်းရာရောက်သည်ဟု သူတွေးလိုက်မိသည်။
ဖိနပ်ကို သာမန်အရောင်းဌာနမှ ဝယ်ခဲ့သလို ကားကိုပါ လဲသွားမှဖြစ်လိမ့်မည်။
မနေ့ညက နားလည်မှုလွဲခြင်းအား မဖြေရှင်းရသေးခင် နောက်ထပ် အမှားထပ်ဖြစ်စေ၍မရပါ။
ယင်းချောင် ဤသို့တွေးကာ စံအိမ်သို့ပြန်ရောက်လာသည်။ ပြီးနောက် ရင်းနှီးသည့် S4 ကားအရောင်းစင်တာမှ မန်နေဂျာအား ဆက်သွယ်၍ အနက်ရောင် Honda ကားအား ဝယ်ယူပြီး အိတ်များအားယူ၍ ရုံးခွဲဆီ မောင်းလာလိုက်၏။
နေ့လယ်အလုပ်ဆင်းသည်နှင့် အားလုံးကို ပွေ့ဖက်နှုတ်ဆက်ကာ ကျန်းလန် ဂိတ်တံခါးဆီ ထွက်လာသည်။ ယင်းချောင်က တံခါးဝ၌ အိတ်အချို့ကိုင်ကာစောင့်နေပြီး သူ့အားတွေ့သောအခါပြုံး၍ လက်ဝေ့ပြလာ၏။
ကျန်းလန် သူ့ဆီတည့်တည့် လျှောက်သွားလိုက်သည်။ "သွားမယ်လေ၊ ဘယ်မှာသွားစားကြမလဲ။"
ယင်းချောင်က သူ့အားအိတ်နှင့်တကွ အိတ်ကပ်ထဲမှ သကြားပြားတစ်ခု ထုတ်ပေးလာ၏။ "မင်းကို တောင်းပန်တဲ့အနေနဲ့ ပေးတာ။"
ကျန်းလန်က သကြားပြားအားယူသော်လည်း အိတ်ကိုမယူချေ။ ထိုတံဆိပ်အား သူကောင်းကောင်းသိပြီး ဖိနပ်တစ်ရံသည် ယွမ်ရာချီကုန်မည်ကိုလည်း သူသိနေ၍ပင်။ ဆိုရပါက ယင်းချောင်၏ လစာသုံးပုံတစ်ပုံခန့် ကုန်ကျလိမ့်မည်။
"အဲ့ဒါစျေးကြီးတယ်၊ ပြီးတော့ ငါတကယ်စိတ်မဆိုးတော့ဘူး။" ကျန်းလန်က ခေါင်းတခါခါနှင့် အိတ်ကို သူ့ဆီပြန်ထိုးပေးကာ ပြန်အပ်ရန်ပြောလိုက်သည်။
ယင်းချောင်က ခေါင်းကိုပွတ်ကာ ရယ်လျက်ပြောလာ၏။ "မင်းကိုဖိနပ်ဝယ်ပေးမယ်လို့ ကိုယ်ညကပြောခဲ့တယ်လေ။ ပြီးတော့ကိုယ်ဒီနေ့ပဲ ဘောနပ်စ်ရလာလို့ စိတ်ပူစရာမလိုဘူး။"
ကျန်းလန်ကခေါင်းကလေးစောင်းကာ သူ့အားလိမ်ညာနေသလား စစ်ဆေးနေ၏။ ယင်းချောင်ကသူ့ပခုံးကိုမှီ၍ပြောလာသည်။
"မင်းအတွက်လည်းဘောနပ်စ်ပေးဖို့တင်ပြထားတယ်။ ဒါပေမယ့်အချိန်တော့လိုတယ်။ ရမှာက ယွမ်တစ်သောင်းပတ်ချာလည်ပဲ။ ကိုယ့်ဘောနပ်စ်ကတော့ ဒီထက်များတယ်။"
ကျန်းလန်က အခုမှသာ လက်ဆောင်ကိုလက်ခံယူပြီး သကြားပြားအား ပါးစပ်ထဲထည့်လျက် ပြောလာ၏။ "ဒါဆိုဘောနပ်စ်ရရင် မင်းကိုလည်း လက်ဆောင်ပြန်ဝယ်ပေးမယ်။"
ယင်းချောင် ပြုံး၍သာတုံ့ပြန်သည်။
ယခင်တစ်ခေါက်က မစားဖြစ်ခဲ့သော ဟော့ပေါ့ကိုယခုတစ်ခေါက်၌ စားဖြစ်ကြ၏။ စားသောက်ဆိုင်ထဲ အိမ်မွေးတိရိစ္ဆာန်ယူခွင့်မပြု၍ စွမ်းနီမှာအိတ်ထဲပုန်းနေရသဖြင့် စိတ်မကြည်လှပေ။
ကျန်းလန် ညီဖြစ်သူအား ချော့မြှူရင်း စွမ်းနီတတွတ်တွတ်ပြောသည်ကို ကြည့်ကာပြုံးနေမိသည်။
နောက်ဆုံး၌ ယင်းချောင်မှာကျန်နေသည့် လိမ်မော်သီးအရသာ သကြားပြားကိုထုတ်၍ စွမ်းနီအား ချော့ရလေ၏။
ကျန်းလန်ကခေါင်းဆန့်ထုတ်ကာ သူ့အိတ်ကပ်ထဲ ပြူးကြည့်ရင်းမေးလာသည်။ "ဘယ်နှခုတောင်ဝယ်ခဲ့တာလဲ။"
"ကုန်ပါပြီ။"
ထိုသကြားပြားသည်ကျန်းလန်ဆီသို့လာစဥ် မီးအောက်မီးရထားလမ်းရှိ စတိုးဆိုင်ဆီမှဝယ်လာခဲ့ခြင်းပင်။
ကျန်းလန်အားသကြားလုံးကြိုက်သည်ဟုထင်၍ ယင်းချောင်က ဆက်ပြောလာသည်။ "ကိုယ့်အိမ်မှာလည်း သကြားလုံးရှိပါတယ်။ မင်းကြိုက်ရင် ကိုယ်ယူခဲ့ပေးမယ်။"
ကျန်းလန်မှာ ကလေးအရွယ်လေးဖြစ်၍ အချိုကြိုက်ရှာလိမ့်မည်။ ယခုပင် ကျန်းလန်ကသူ့အား ဝမ်းသာအားရပြုံးပြလာ၏။ "ဟုတ်ပြီလေ။"
ဟော့ပေါ့အိုးရောက်သည်နှင့် ကျန်းလန်က သူအကြိုက်ဆုံး အမဲအူကြမ်း၊ ဘဲအူတို့ကို ရွေးယူကာ ပန်းကန်နှင့်ထည့်၍ ယင်းချောင်ဆီပေးလိုက်သည်။ "ဒီဆိုင်က အမဲအူကြမ်းနဲ့ဘဲအူက ဒီဆိုင်မှာအကောင်းဆုံးပဲ၊ လတ်ဆတ်ပြီးကြွပ်ရွနေရော။ စားကြည့်လေ။"
သူ့အတွက်ပင်သူမတွေးဘဲ ယင်းချောင်အတွက် ဦးစွာပြင်ပေးနေခြင်းပင်။
ယင်းချောင်မှာအစက ကျန်းလန်အားအဖော်ပြုပေးရုံသာ၊ တူအား လုံးဝမကိုင်ဟု တွေးထားခဲ့သည်။ သို့သော် ကျန်းလန်၏ စိတ်အားထက်သန်လှသည့်အကြည့်ကြောင့် သူပြောထုတ်ရန်မလွယ်ဖြစ်ကာ တူကိုကိုင်၍ ပူနေသည့် အမဲအူကြမ်းအား ညှပ်ယူလိုက်၏။
အမဲအူကြမ်းအား သူ့ပါးစပ်ထဲ မထည့်သေးသောအခါ စားပွဲတစ်ဖက်ရှိ နတ်ဆိုးလေးသည် မျက်ခုံးကလေးများ မြှောက်သည်အထိ နွေဦးပန်းများထက် ပိုတောက်ပစွာ ပြုံးပြနေသည်။
သူအမြန်ခေါင်းပြန်ငုံ့ကာ ပန်းကန်ထဲရှိသမျှအား စားရင်း တွေးနေမိသည်မှာ 'ကလေးမိဘတွေ ကလေးတွေကို အလိုလိုက်တာအဆန်းမဟုတ်ဘူးပဲ။ မိဘတွေက ကျိုးကြောင်းမဆီလျော်တာမဟုတ်ဘဲ ကလေးတွေက ချစ်စရာကောင်းလွန်းနေလို့ကိုး။' ဟူ၍ဖြစ်၏။
ကလေးများသည် မိမိရှေ့မှ နတ်ဆိုးလေးလောက် ချစ်စရာကောင်းနေမည်ဆိုပါက အလိုလိုက်ခြင်းသည် အမှားတစ်ခုဖြစ်လိမ့်မည်မဟုတ်ပါ။
စာရေးသူမှတ်ချက်
လျှို့ဝှက်တပ်ဖွဲ့၏ အုပ်စုဖွဲ့ စကားပြောခန်း မှတ်တမ်း -
ကလေးလေးထိပ်ထားစံယင်းချောင် - "မင်းတို့မှာရှိတဲ့ ဘယ်ကလေးက ငါ့ကလေးလောက် ချစ်ဖို့ကောင်းလဲ။ လုံးဝမကောင်းဘူး။"
"ငါ့ကလေးလောက်ဘယ်သူတော်လဲ။ ဘယ်သူမှမတော်ဘူး။"
"လေးလေးစားစားပြောရရင် မင်းတို့အားလုံးက အမှိုက်လိုကောင်တွေချည်းပဲ။ မင်းတို့အားလုံး ကလေးတစ်ယောက်ကို လက်တွေ့ကျကျ ဘယ်လိုပျိုးထောင်မလဲဆိုတဲ့အကြောင်း စာအုပ်တွေ များများဖတ်သင့်ပြီ။"
(တစ်မိနစ်ကြာပြီးနောက်)
ကလေးလေး ထိပ်ထားစံယင်းချောင်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည်။
ယင်းချောင် မုန်းတီးသူအဖွဲ့မှာ အင်မတန်အင်အားကြီးသလို နတ်ဆိုးကြီးများ၏ ဘုံရန်သူ၏ အောင်မြင်မှုက ကြောက်ခမန်းလိလိပင်။