Chapter 14
Viewers 573

အပိုင်း ၁၄ 

 

 

ထိုညအဆုံး၌ ဒေါသကြီးသော ယင်းချောင်သည် အချိုးပြောင်းကာ နတ်ဆိုးပေါက်စလေး မွေးထားသည့်အကြောင်း ရာထူးကြီးကြီးနတ်ဆိုးများအားလုံး သတင်းကြားခဲ့ရသည်။

 

 

နတ်ဆိုးလေး၏မျိုးနွယ်စုနှင့် ဇစ်မြစ်အားထုတ်မပြောသည့်တိုင် ယင်းချောင်၏အဆိုအရ ပေါက်စလေးသည် အကျင့်ကောင်း၍ ချစ်စရာကောင်းသည့်အပြင် ထိုသတင်းကြားပြီးသည့် နတ်ဆိုးများအားလုံးထက်ပင် ပိုကြည့်ကောင်းသည်ဟူ၍ပင်။

 

 

အထက်လူကြီးများသည် ထိုသတင်းအချက်အလက်များအား သံသယဝင်ကုန်ကြ၏။

 

 

ယင်းချောင် ညလယ်ခေါင် ဖုန်းလိုက်ဆက်ရခြင်းသည် ပေါက်စလေးအား ပျိုးထောင်ရာ၌ အခက်အခဲရှိတန်ရာပြီး ပေါက်စလေး၏ ပုန်ကန်တတ်သည့် အသက်အရွယ်အရ ဒေါသတကြီး ပြုမူနေ၍သာ ဖြစ်မည်။

 

 

ယင်းချောင်က သူ့ကလေးလေးအား လူတကာကို ကြွားဝါချင်၍ မဟုတ်ရပါ။

 

 

ညလယ်ခေါင်၌ ဖုန်းဆက်ခြင်းခံရသည့် နတ်ဆိုးကြီးများသည် ယင်းချောင်အား စနောက်ရန် အားစိုက်ထုတ်ကြပြီး ကလေးပျိုးထောင်ရေးစာအုပ်များအား သေတ္တာလိုက်ဝယ်၍ ယင်းချောင်၏စံအိမ်ဆီ ပို့လိုက်ကြသည်။

 

 

ယင်းချောင်သည် သူ့ကလေးလေးအား ကြွားရန် အကူအညီတောင်းသည်ဟု ခေါင်းစဥ်တပ်ပြီး ညလယ်ခေါင်၌ လူတိုင်းအား ဖုန်းလိုက်ဆက်သည့်​အကြောင်း ထိုက်ဖန်းမှတဆင့် ချန်ဟွားသိလိုက်ရ၏။ နူးညံ့သောနတ်ဆိုးလေးအား ယင်းချောင်က စိတ်ဆိုးသည်အထိ စနောက်ရန်မှာ မလွယ်လှပါ။

 

 

ချန်ဟွား ထိုက်ဆွေ့ကိုအပ်ပြီးသည်နှင့် ယင်းချောင်ဆီ အပြေးရောက်လာ၏။ သူစံအိမ်ထဲရောက်သည်နှင့် သေတ္တာတစ်လုံးအားဖွင့်နေသည့် ယင်းချောင်ကို တွေ့လိုက်ရသည်။

 

 

ချန်ဟွားကြောင်သွားခဲ့ပြီး ယင်းချောင်မူမမှန်ဟု တွေးလိုက်မိ၏။ "မင်းပြောတော့ သေတောင် လိုင်းပေါ်ကနေ ပစ္စည်းမမှာဘူးဆို။"

 

 

အကောင်းကြိုက်၍ ဇီဇာကြောင်သော နဂါးပီပီ ယင်းချောင်သုံးသမျှသည် ဇိမ်ခံတံဆိပ်များနှင့် ဒီဇိုင်နာထုတ်ပစ္စည်းများ ဖြစ်ကြသည်။ အွန်လိုင်းစျေးဝယ်ခြင်းသည် သူ၏ပုံရိပ်နှင့် မကိုက်ညီပေ။

 

 

ယင်းချောင်က သူ့အား မလိုလားဟန်နှင့် ကြည့်လာသည်။ "ငါအသိတရားရအောင် ပို့ပေးထားတဲ့စာအုပ်တွေကွ။"

 

 

သေတ္တာအားဖွင့်ပြီး စာအုပ်များကိုတစ်အုပ်ချင်း ယူထုတ်ကြည့်သောအခါ စာအုပ်ခေါင်းစဥ်များမှာ -

 

 

'မြှီးကောင်ပေါက်များနှင့် ဆက်သွယ်ခြင်းအနုပညာ'

 

 

'ကလေးများ၏လွတ်လပ်ရေး'

 

 

'ကလေးများအားပျိုးထောင်ခြင်း'

 

 

ချန်ဟွား - "............"

 

 

ယင်းချောင်ကမူ သူ၏သူငယ်ချင်းများက စိတ်ရင်းနှင့်အကြံပေးသည်ဟု တွေးနေသည့်ပုံပင်။ 'မြှီးကောင်ပေါက်များနှင့် ဆက်သွယ်ခြင်းအနုပညာ'ဟူသည့်စာအုပ်အား ကောက်ကိုင်၍ စိတ်လိုလက်ရဖတ်နေလေ၏။

 

 

စာမျက်နှာအချို့ဖတ်ပြီးနောက် ပွစိပွစိပြောသံအား ချန်ဟွားကြားလိုက်ရသည်။

 

 

"ကလေးတွေရဲ့စိတ်ဝင်စားမှုကို နားလည်လေးစားဖို့လိုအပ်ပြီး အထူးသဖြင့် အရွယ်ရောက်ခါစကလေးတွေရဲ့ အသိအမြင်က မဖွံ့ဖြိုးသေးတဲ့အတွက် ကလေးတွေက အင်အားကြီးပြီး မိမိုက်တဲ့နတ်ဆိုးတွေ​ဖြစ်ဖို့ ဆန္ဒရှိတတ်ကြတယ်။"

 

 

ယင်းချောင်က တွေး​တွေးဆဆနှင့် ထိုစာပိုဒ်ကိုထပ်ဖတ်ချိန်၌ ချန်ဟွားကို လှည့်မေးလာသည်။ "နတ်ဆိုးပေါက်စလေးတွေအတွက် အထူးတပ်ဖွဲ့က အရမ်းအင်အားကြီးပြီး အရေးပါလွန်းတဲ့ပုံပေါက်နေလား။"

 

 

ချန်ဟွားမျက်လုံးပင့်လိုက်မိ၏။ "ဒါပေါ့၊ ငါမြေညီထပ်ကို အလုပ်ကိစ္စနဲ့သွားတိုင်း နတ်ဆိုးလေးတွေက တလေးတစားဆက်ဆံတဲ့အပြင် လက်မှတ်တောင်းတဲ့သူတွေတောင် ရှိသေးတယ်။"

 

 

ယင်းချောင်၏ခန့်မှန်းမှုသည် သေချာသလောက် ရှိနေချေပြီ။ "ထျောင်းထျဲ့ကိုရော၊ နတ်ဆိုးလေးတွေက ထျောင်းထျဲ့ကိုရော အထင်ကြီးလေးစားကြလား။"

 

 

ချန်ဟွားဌာနသို့ မကြာခဏမသွားဖြစ်၍ ထိုကိစ္စကိုကား သူမသိပါ။ အထူးတပ်ဖွဲ့အတွင်းသို့ ထျောင်းထျဲ့အား ခေါ်ယူထားသည့်အကြောင်း ယခင်ကတည်းက သူကြားဖူးသော်လည်း သူနှင့်မဆုံဖူးပါ။ နတ်ဆိုးလေးများကလည်း ထျောင်းထျဲ့၏ကောလဟာလများကိုသာ ကြားဖူးကြလိမ့်မည်။

 

 

သူခဏတွေးပြီးမှ ပြန်​ဖြေလိုက်သည်။ "အင်း၊ အဲ့လိုထင်တာပဲ။"

 

 

မကောင်းဆိုးဝါးများသည် အင်အားကြီးသူအား  ရိုသေလေးစားကြသည်မှာ သဘာဝကျသည်ပင်။

 

 

ယင်းချောင် အဖြေကို ရှာတွေ့လိုက်ပြီ ​​ဖြစ်၏။ ကျန်းလန်စိတ်ဆိုးသွားသည်မှာ ထျောင်းထျဲ့အကြောင်းပြောမိ၍ ဖြစ်လိမ့်မည်။

 

 

ထိုအချက်အား သူသဘောမတွေ့သည့်တိုင် နတ်ဆိုးလေး၏အပြုအမူအရ ထျောင်းထျဲ့အား အလွန်သဘောကျနေသည့်ပုံပင်။

 

 

တရားဥပဒေအရ နတ်ဆိုးမျိုးနွယ်စုမှာ ကျရှုံးခန်းရောက်ပြီဖြစ်ကာ ကြမ်းကြုတ်သောသားရဲနှင့် ယဥ်ပါးသောသားရဲတို့ကြား ကြီးမားသောကွာခြားချက်များ မရှိတော့ပေ ။ ရက်စက်ကြမ်းကြုတ်၍ဒေါသကြီးသည့် ထျောင်းထျဲ့ကဲ့သို့ အင်အားကြီးမကောင်းဆိုးဝါး၌လည်း သူ့ပရိသတ်နှင့်သူရှိနိုင်သည်။

 

 

အထူးသဖြင့် အရွယ်ရောက်ခါစ ကလေးများပင်။

 

 

ယင်းချောင်သည် လက်တစ်ဖက်က စာအုပ်ကိုင်ကာ တစ်ဖက်က ဆိုဖာလက်ရန်းကို တတောက်တောက်ခေါက်ရင်း စာအုပ်ကိုသည်းကြီးမဲကြီးဖတ်လျက် နတ်ဆိုးလေးအနေနှင့် ကောင်းမွန်သည့်အကျင့်စရိုက်ရှိသော စံပြပုဂ္ဂိုလ်ရှိသင့်သည်ဟု တွေးနေသည်။

 

 

ဥပမာ သူ့လိုလူပေါ့။

 

 

ယင်းနဂါးမျိုးနွယ်စုသည် ယဥ်ပါးသောသားရဲအဖြစ် မွေးဖွားလာသည့် နတ်ဘုရားများဖြစ်ကြ၍ ထျောင်းထျဲ့ထက် သူကပို၍ အားကိုးယုံကြည်စရာကောင်းသည် မဟုတ်ပါလား။

 

 

သူ၏အရောင်အသွေးစုံသော မခန့်မှန်းနိုင်သည့် မျက်နှာအမူအရာများအား ကြည့်ကာ ချန်ဟွားမှာ အတော်လေး ကသိကအောက်ခံစားနေရ၏။

 

အတော်ကြာမှ ယင်းချောင်က ထရပ်ကာ အပြင်သွားရန်ပြင်နေပြီး တံခါးဝအရောက်၌ ပြန်လှည့်ကာ ဆိုဖာပေါ်မှစာအုပ်ပုံကို ထိုးပြ၍ပြောလာသည်။ "ဒီစာအုပ်တွေက အသုံးဝင်လို့ သူတို့ကို လက်ဆောင်ပြန်ပေးချင်တယ်။ မြေအောက်ဂိုဒေါင်ကနေ လက်ဆောင်သွားရွေးပေးဦး။"

 

 

သူကခဏနားပြီးနောက် ဆက်ပြောလာ၏။ "ငါ့အစားအကြောင်းကြားပေးဦး။ လက်ဆောင်တွေနဲ့ စာအိတ်နီတွေ ကြိုပြင်ထားတော့လို့။ အချိန်တန်ရင် ငါသူ့ကိုအလည်ခေါ်သွားမလို့။"

 

 

ချန်ဟွား - ".........."

 

 

'မင်းဒီအချိန်အထိ အသက်ရှင်နေတာ မင်းကိုနိုင်မယ့်ကောင် မပေါ်သေးလို့။ မဟုတ်ရင် မင်းအုတ်ဂူပေါ်မှာ နှစ်မီတာလောက်မြင့်တဲ့ မြက်ပင်တွေ ပေါက်နေလောက်ပြီ။'

 

 

နောက်တစ်နေ့မနက် ရှစ်နာရီခွဲ၌ ကျန်းလန်မောပန်းစွာနှင့် အလုပ်သွားရန်ထွက်လာသည်။ ညက ပေါက်ကရအိမ်မက်များကြောင့် သူကောင်းကောင်းမအိပ်ခဲ့ရပါ။

 

 

အိမ်မက်၏အစ၌ ယင်းချောင်ကသူ့အား မျက်နှာချင်းဆိုင်အနေအထားနှင့် ဆိုးဝါးသောစကားများပြောဆိုနေပြီး သူသည် ဒေါသကြောင့် မူလအသွင်ပြောင်းကာ ယင်းချောင်အား သေအောင်ခြောက်လှန့်လိုက်မိသည်။ ယင်းချောင်မှာ ကြောက်လန့်ကာ မေ့လဲသွားသဖြင့် ဆရာဝန်ဆီပို့လိုက်မှ သတိပြန်လည်လာသော်လည် သူ့အားမမှတ်မိတော့ချေ။ သူ့ကိုမြင်လေတိုင်း သွေးရူးသွေးတန်းနှင့် အော်ဟစ်ကာ သူလို့သူငယ်ချင်းမျိုးမရှိဟု အော်ဟစ်ငြင်းဆိုနေသည်။ သူစိတ်မကောင်းစွာနှင့် ယင်းချောင်အား ထားခဲ့ရပြီး အလုပ်သွားရန်သတိရသဖြင့် အလုပ်သို့လာချိန်၌ လူသားအသွင်ပြန်​ပြောင်းရန်မေ့ကာ ရုံးခွဲထဲဝင်သွားမိ၏။

 

 

ဒါရိုက်တာချိန်က ဒေါသတကြီးနှင့် သူ့အားအလုပ်ထုတ်လိုက်သည်။ သူ့ခမျာ သူငယ်ချင်းနှင့် အလုပ်အား ဆုံးရှုံးလိုက်ရ၏။

 

 

အိမ်မက်မှာ ဆိုးဝါးလွန်းလှသည်။ ကျန်းလန် အိပ်ရာနိုးကတည်းက အားအင်ကုန်ခမ်းနေ၏။

 

 

မနေ့ကအထိ ယင်းချောင်အား ထျောင်းထျဲ့ဖြစ်ကြောင်း ဝန်ခံရန်တွေးခဲ့မိသော်လည်း ရှုပ်ထွေးသည့်အိမ်မက်အရ ခဏလောက်အချိန်ယူခြင်းက ပို၍ကောင်းမည့်ပုံပင်။ 

 

 

ယခုထက်ပို၍ရင်းနှီးလာမှ သူဝန်ခံပါက ထျောင်းထျဲ့သည် ထင်သလောက် ရက်စက်ကြမ်းကြုတ်သူမဟုတ်ကြောင်း ယင်းချောင် နားလည်သွားလိမ့်မည်။

 

 

အကယ်၍သူသာ ကောလဟာလများကိုမယုံပါက သို့မဟုတ် လိုက်မဖြန့်ပါက သူတို့က သူငယ်ချင်းကောင်းများ ဆက်ဖြစ်နေနိုင်သည်။

 

 

ထိုအတွေးကြောင့် ကျန်းလန်သည် လမ်းလေးမှ ခေါက်ဆွဲခြောက်ပူပူတစ်ပွဲ၊ လက်ဖက်ကြက်ဥနှစ်လုံးနှင့် ပဲနို့တစ်ခွက်ဝယ်ကာ ရုံးသို့တက်ကြွစွာ ချီတက်လာ၏။

 

 

ဒါရိုက်တာချိန်သည် ရုံးသို့စောရောက်နေပြီး မျက်ကွင်းညိုနေသော ကျန်းလန်အားတွေ့သောအခါ  ဂိုချီစေ့ရေနွေးကြမ်းခွက်အား ကိုင်ထားလျက် စိတ်ပါလက်ပါပြောလာသည်။ "လူငယ်တွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ ညနက်မှအိပ်တာက ဆံပင်ကျွတ်စေတယ်။ မင်းငါ့လိုဖြစ်လာမှ နောင်တရလို့ကတော့ အချိန်နှောင်းပြီပဲ။"

 

 

ပြီးနောက် သူသည် ပြောင်နေသောနဖူးအား ထိကာ သက်ပြင်းချနေသည်။ ကျန်းလန် အလွန်ထိတ်လန့်သွားရ၏။

 

 

ထိုအချိန်၌ ရွှယ်မုန်သည် အမှိုက်ပစ်ရန် အပြင်ထွက်လာပြီး မျက်နှာက ချက်ချင်းတည်သွားသည်။ ဒါရိုက်တာချိန် အထဲပြန်ဝင်သွားမှ သူက ကျန်းလန် အနားကပ်ကာ အသံတိုးတိုးနှင့် ပြောလာ၏။ "ဒါရိုက်တာ ပေါက်ကရပြောသမျှကို လိုက်ယုံမနေနဲ့။ သူတို့မျိုးရိုးကကို ထိပ်ပြောင်တာ။ သူ့ဘိုးဘေးသုံးဆက်လုံးမှာလည်း ဆံပင်မရှိကြဘူး။ မင်းကတော့ ကတုံးပြောင်မဖြစ်လောက်ပါဘူး။"

 

 

ကျန်းလန် အခုမှ စိတ်သက်သာရာရသည်။ မကောင်းဆိုးဝါးများ၏ လူသားများနှင့် မတူသည့်အချက်မှာ အကယ်၍ သူ့အနေနှင့်ဆံပင်ကျွတ်ပါလျှင် ကျန်သည့်အမွှေးများအားလုံးပါ ကျွတ်သွားလိမ့်မည်။

 

 

ကတုံးပြောင်နှင့်အမြှီးသာပါသော ထျောင်းထျဲ့အား  စိတ်ကူးကြည့်ရုံနှင့် အင်မတန်အကျည်းတန်လွန်းလှသည်။

 

 

ကျန်းလန် စားပွဲ၌ဝင်ထိုင်ပြီးနောက် လက်ဖက်ကြက်ဥနှစ်လုံးအား အခွံစင်အောင်ခွာ၍ ပန်းကန်ပြားငယ်ထဲ ပဲနို့များလောင်းထည့်ကာ စွမ်းနီအတွက် မနက်စာပြင်လိုက်၏။ 

 

 

သူကမူ ကျန်သည့်ပဲနို့တစ်ဝက်နှင့် ခေါက်ဆွဲပြုတ်ပူပူအား စားသည်။ အလုပ်ဝင်ချိန်အမီ မနက်စာအား ခပ်သွက်သွက်သွပ်ရသေး၏။

 

 

ဒါရိုက်တာချိန်က ဟိုလျှောက်ဒီလျှောက်လုပ်ပြီးနောက် အစည်းအဝေးလုပ်ရန် လူအချို့အား အစည်းအဝေးခန်းထဲ ခေါ်လိုက်သည်။

 

 

ဤသည်မှာ ကျန်းလန်အလုပ်ဝင်သည်မှစ၍ ခရိုင်ရုံးခွဲရှိ ဌာနအားလုံးမှ လုပ်ဖော်ကိုင်ဖက်များအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ ဌာနငါးခုမှ စုစုပေါင်း လူနှစ်ဆယ်ခန့်ရှိမည်။ ကျန်းလန်တို့၏ အရပ်ဖက်ရေးရာဌာနအပြင်၊ အစိုးရအဖွဲ့အစည်းဌာန၊ မိသားစုရေးရာဌာန၊ ဘဏ္ဍာရေးဌာနနှင့် စီးပွားရေးဌာနတို့ ပါဝင်ကြသည်။

 

 

ရုံးခွဲ၌ ဒါရိုက်တာချိန်အပါအဝင် ခေါင်းဆောင်လေး၊ငါးဦးခန့်ရှိ၏။

 

 

အားလုံး အစည်းအဝေးခန်းထဲ နေရာယူပြီးကြသည်နှင့် ခေါင်းဆောင်များ အလှည့်ကျပြောသည်များကို ဂရုတစိုက်နားထောင်ကြရသည်။

 

 

ကျန်းလန်မှာ ချွေးပင်ပြန်ချင်လာပြီး အစည်းအဝေးအား အကျဥ်းချုပ်ရမည်ဆိုပါ​က နဂါးလှေပြိုင်ပွဲ နီးကပ်လာသည့်ကိစ္စသာရှိ၏။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအနေနှင့် ရုံးခွဲများသည် ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးသူများပပျောက်ရေးနှင့် ပစ္စည်းဥစ္စာပေါကြွယ်ရေးကို ရှေးရှု၍ 'ဆင်ခြေဖုံးဒေသများ၌ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး'အမည်ခံ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ဌာနခွဲတစ်ခုစီတိုင်းသည် ဟန်ယန်းခရိုင်၏ တရားစီရင်ပိုင်ခွင့်ရ မြို့ သို့မဟုတ် ရွာများအား တာဝန်ယူကြရမည်။ မြို့ခေါင်းဆောင်များသည် ထိုအစီအစဥ်၌ အလွန်အရေးပါကြသဖြင့် ကြိုတင်ပြင်ဆင်ရမည်ဖြစ်၏။ ရုံးခွဲတိုင်းမှ ဝန်ထမ်းများအားလုံးသည် အစီအစဥ်ဆွဲကြရမည်ဖြစ်ပြီး ခေါင်းဆောင်များက ထိုအစီအစဥ်အား စမ်းသပ်ကြမည်။ အကျိုးရှိရှိ ဖန်တီးနိုင်ခဲ့သူများအား ဦးစွာအကဲဖြတ်မည်ဖြစ်၏။

 

 

အစည်းအဝေးပြီးချိန်၌ နေ့လယ်ပင် ရောက်လုတော့မည်။

 

 

ကျန်းလန်သည် ယခုလိုလုပ်ငန်းများ၌ မပါဝင်ဖူးသဖြင့် နားမလည်နိုင်သည့်ကိစ္စများ ရှိနေသော်လည်း ရွှယ်မုန်နှင့် ရှောင်းရှောင်ယွီတို့က သက်ပြင်းချနေကြသည်။

 

 

ကျန်းလန် ၎င်းတို့၏အပြုအမူအား နားမလည်နိုင်ဖြစ်နေမှန်း သဘောပေါက်သည့် ရွှယ်မုန်က သူ့အား ရှင်းပြလာ၏။ "လွန်ခဲ့တဲ့နှစ်နှစ်လောက်က ငါတို့ရွာသားတွေကို စပါးစိုက်တတ်အောင်သင်ဖို့ ဆင်ခြေဖုံးဖက်ကိုသွားခဲ့ရတယ်။ အဲ့ဒီနှစ်ရဲ့ရှေ့တစ်နှစ်(လွန်ခဲ့တဲ့သုံးနှစ်ခန့်)​ကလည်း ရွာသားတွေကိုဖျော်ဖြေဖို့ ရောင်စုံဝတ်စုံတွေနဲ့ ရိုးရာသီချင်းနဲ့ ​ကပြဖျော်ဖြေခဲ့ရသေးတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သက်ကြီးရွယ်အိုမုဆိုးမတွေနဲ့ မိမဲ့ဖမဲ့ကလေးတွေကို နှစ်သိမ့်မှုပေးတဲ့အနေနဲ့ မီးဖိုနဲ့ တစ်ပတ်စာ ထမင်းဟင်းဘယ်လိုချက်ပြုတ်ရမလဲ သင်ပေးခဲ့ရသေးတယ်။"

 

 

သူက အတော်လေး စိတ်ပျက်လက်ပျက်အသံနှင့် ဆက်ပြောလာသည်။ "ဒီနှစ် ဘာတွေ ထပ်လုပ်ရဦးမလဲမသိဘူး။"

 

 

ရှောင်းရှောင်ယွီ၏အမူအရာမှာလည်း အတော်လေးစိတ်ထိခိုက်နေပုံပင်။ "ဒါရိုက်တာကျန်းထျန်းရှင်း ဘယ်တော့ပြန်လာမလဲ သွားမေးကြည့်ပါလား။ စိတ်ညစ်ရတာချင်းအတူတူ အဖော်ရှိတော့ ပိုကောင်းတာပေါ့။"

 

 

ကျန်းလန်မှာ သူကိုယ်တိုင်မကြုံဖူးသေးသည့်တိုင် လုပ်ဖော်ကိုင်ဖက်များနှင့် ထပ်တူ စိတ်ပျက်လက်ပျက် ဖြစ်လာတော့သည်။

 

 

နေ့လယ်အလုပ်ဆင်းသည်နှင့် သုံးဦးသား နေ့လယ်စာ အတူစားရန် ထွက်လာကြ၏။ စီချွမ်စားသောက်ဆိုင်တွင် သူတို့ဝင်ထိုင်လိုက်သည်နှင့် ရွှယ်မုန်က သူ့ဖုန်းအား ထုတ်ပြလာသည်။ "ခရိုင်အတွင်းက လူသတ်မှုတွေကတော့ ဖြေရှင်းလို့ပြီးသွားပြီ။ ဒီလူတွေကို သတ်သွားတာက အစွန်းရောက်ဘာသာရေးဂိုဏ်းကလို့ ကြေညာသွားတယ်။ ငါတို့ အရင်ကရောက်သွားတဲ့ဆိုင်က အဲ့ဒီဂိုဏ်းရဲ့စခန်းပဲ။"

 

 

ကျန်းလန်နှင့်ရှောင်းရှောင်ယွီတို့ ခေါင်းတိုးကာ ကြည့်ကြသောအခါ Weibo အက်ပ်၏မျက်နှာပြင်ထက်၌ Ping An Jiangcheng official V ဟူသည့်ပေ့ချ်မှ

ထိုအစွန်းရောက်ဂိုဏ်းသည် 'စိုက်ရှန်'အမည်ရ '*'အားကိုးကွယ်ယုံကြည်သည်ဟုဖော်ပြထား၏။ ထိုဂိုဏ်းသည် ယုံကြည်ကိုးကွယ်သူများအား လှည့်ဖြားကာ ကံကြမ္မာကျောက်များအား ဝယ်ယူစေပြီး ကံကိုလဲလှယ်၍ ဆန္ဒကိုဖြည့်စည်းနိုင်ကြောင်း အယုံသွင်းခဲ့ကြသည်။

 

 

အမှန်၌ ထိုကံကြမ္မာကျောက်များသည် မည်သည့်ဒြပ်စင်ဖြင့် ပြုလုပ်ထားသည်ကိုမသိရဘဲ ရှားပါးသော ဘက်တီးရီးယားတစ်မျိုးပါဝင်နေပြီး ပိုးမွှားစွဲကပ်ခံရသည့်ခန္ဓာကိုယ်သည် တဖြည်းဖြည်းအားအင်ချိနဲ့လာပြီးနောက် ရုတ်တရက်သေဆုံးစေ၏။ ဟန်ယန်းခရိုင်အတွင်း၌လည်း ထိုကဲ့သို့အမည်မသိသေဆုံးမှုမျိုး လေးခုဆက်တိုက်ဖြစ်ခဲ့သည်။ မှုခင်းဆေးပညာအရ ခွဲစိတ်စစ်ဆေးသောအခါ ဘက်တီးရီးယားစွဲကပ်၍ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့၏။

 

 

ထိုပေ့ချ်တွင် ဆိုင်လိပ်စာနှင့်တကွ ဆိုင်၏ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြထားပြီး ထိုဆိုင်မှ ကံကြမ္မာကျောက်များ ဝယ်ယူဖူးကြပါက မိမိ၏ကျန်းမာရေးမထိခိုက်စေရန် အနီးစပ်ဆုံးရဲစခန်းတွင် အမြန်ဆုံးသွားရောက်အပ်နှံပါရန် အသိပေးထားသည်။

 

 

ထိုပို့စ်၏အောက်တွင် မှတ်ချက်များစွာရှိနေပြီး အများစုသည်မိမိတို့မိသားစု၊ သူငယ်ချင်းများအနေနှင့် ကံကြမ္မာကျောက်များဝယ်ယူထားမိသဖြင့် အလုပ်ဆင်းသည်နှင့် သို့မဟုတ် အိမ်ပြန်ရောက်သည်နှင့် အနီးစပ်ဆုံးရဲစခန်းတွင် သွားရောက်အပ်နှံမည့်အကြောင်း ရေးသားထားကြ၏။

 

 

ရှောင်းရှောင်ယွီက မှတ်ချက်များအားဖတ်ရင်း မယုံနိုင်စွာနှင့် မေးလာသည်။ "ကံကြမ္မာကျောက်ဆိုတာကိုယုံတဲ့ လူ့ငတုံးတွေလည်းရှိတာပဲလား။"

 

 

အယုံလွယ်သည့် လူ့ငတုံးရွှယ်မုန် - ".........."

 

 

သူက ကျန်းလန်အား တစ်ချက်ကြည့်ကာ ရှောင်းရှောင်ယွီအား ဆရာကြီးအထာနှင့် ကြည့်နေ၏။ 

 

 

'ဘာမှမသိတဲ့ငတုံးမ'

 

 

'ကံကြမ္မာကျောက်ကလည်း အစစ်၊ မကောင်းဆိုးဝါးကလည်း အစစ်ဟ။ လူကိုတောင် သတ်နိုင်သေးတယ်။'

 

 

စာရေးသူမှတ်ချက် 

 

 

မာစတာယင်း (မကောင်းဆိုးဝါးများအားဖုန်းဆက်ကာ) - 'ဟယ်လို၊ သတင်းကောင်းလေး ကြားချင်ကြမယ်ထင်လို့။ ငါတော့ ကလေးလေးတစ်ယောက်​ကို ပြုစုပျိုးထောင်နေပြီ။ မင်းတို့မှာရော ရှိကြရဲ့လား။ မရှိလည်း မနာလိုဖြစ်နေမယ့်အစား စာအိတ်နီလေးပဲ ကြိုပြင်ထားကြ။'

 

 

တခြားသောမကောင်းဆိုးဝါးများ - 'လူကြီးမင်း ခေါ်ဆိုနေသောတယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်။'