Chapter 13
Viewers 587

အပိုင်း ၁၃

 

 

နာရီဝက်အကြာ၌ ရဲကားတစ်စီး ရောက်လာပြီး နေ့လယ်က ကျောက်ချွင်ဖန့်အိမ်၌ စုံစမ်းစစ်ဆေးမှုနှင့် သက်သေစုဆောင်းမှုများ လုပ်ခဲ့သည့် အရာရှိနှစ်ဦးပင် ဖြစ်နေသည်။

 

 

အခင်းနေရာ၌ မွစာကျဲနေသော အနီအဖြူစပ်ကြား အသားစများအား တွေ့သောအခါ ရဲနှစ်ဦးသည် နောက်သို့ ပြန်​ဆုတ်ကုန်ကြ၏။ ပြီးနောက် ကျန်းလန်အား တွေ့ပြီး နောက်တစ်လှမ်း ထပ်ဆုတ်ကုန်ကြပြန်သည်။ "မင်းဘာလို့ ဒီရောက်နေတာလဲ။ ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ။"

 

 

ကျန်းလန် ဖြစ်ပျက်သမျှအား အစအဆုံး ပြန်ပြော​ပြရတော့သည်။ အသက်ငယ်ငယ် ရဲအရာရှိသည် နားထောင်နေရင်း အံ့သြနဘမ်းဖြစ်နေ၏။ သူမနေနိုင်တော့သည့်အဆုံး၌ လက်ထောင်ပြကာမေးလာသည်။ "နေပါဦး၊ ဒီရက်ပိုင်းအတွင်း လူသတ်မှုအားလုံးက ဒီမကောင်းဆိုးဝါးက လုပ်တာလား။ ကျောက်ချွင်ဖန့်က သူ့ရဲ့ ကြံရာပါဖြစ်တယ်။  ပြီးတော့မင်းတို့က ခက်ခက်ခဲခဲနဲ့ သူ့ကိုဖမ်းလိုက်နိုင်တယ်ပေါ့။"

 

 

ကျန်းလန် ခေါင်းငြိမ့်ပြလိုက်သည်။ "မှန်ပါတယ်။"

 

 

ရဲအရာရှိလေးသည် အတည်ပေါက်နှင့် သူ့အား သင်ခန်းစာပေးလာ၏။ "ရဲဘော်၊ အခုက သိပ္ပံခေတ်ကိုရောက်နေပြီ။ ပြီးတော့ မင်းက အစိုးရရုံးဝန်ထမ်းလေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အယူသည်းနေရတာလဲ။"

 

 

ကျန်းလန်မပြောတတ်ပါ။ လျှို့ဝှက်ဝန်ဆောင်မှုဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဥ်က ပြည်သူ့လုံခြုံရေးဌာနသို့ သူအစီရင်ခံစာတင်ခဲ့ဖူးသည်။ တစ်ဖက်ဌာနသည် လျှို့ဝှက်ဝန်ဆောင်မှုဌာန၏ တည်ရှိမှုအားသိရှိခဲ့ပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး လွန်စွာချောမွေ့နေခဲ့၏။ ယခုရဲအရာရှိများသည်လည်း ထိုစည်းမျဥ်းများအား သိရှိလိမ့်မည်ဟု သူထင်ထားသဖြင့် သူ့အား သံသယဝင်နေလိမ့်မည်ဟု မတွေးထားခဲ့မိချေ။

 

 

သူအိတ်ကပ်ထဲစမ်းကာ သူ၏မူလဇစ်မြစ်အား ပြရန် လျှို့ဝှက်ဝန်ဆောင်မှု ဝန်ထမ်းကဒ်ပြားအား ဆွဲအထုတ်၌ ယင်းချောင်လည်း အတူရှိနေသည်ကို သတိရလာသည်။ သူလက်ကိုပြန်ထုတ်ကာ ယင်းချောင်အား သနားကမားနှင့်ကြည့်လိုက်၏။ "ID ကဒ်မေ့ခဲ့လို့၊ မင်းမှာပါလား။ မဟုတ်ရင်လည်း ဒီကိစ္စကိုရှင်းဖို့ မင်းသူဌေးကို ခေါ်လိုက်ပါလား။"

 

 

အလားတူပင် ယင်းချောင်၌ ကဒ်ပါလာသော်လည်း အထူးစပါယ်ရှယ်ကဒ်ဖြစ်နေ၍ သူထုတ်ပြ၍ မဖြစ်သေးပါ။

 

 

သူခဏလောက် စဥ်းစားပြီးနောက် ရဲအရာရှိငယ်၏ လက်ထဲ ကဒ်ကို ထည့်ပေးလိုက်သည်။ "ယာယီထွက်လာတာဆိုတော့ အလုပ်သမားကဒ်တော့မပါလာဘူး။ အ​​​ခြေအနေကို အတည်ပြုဖို့လိုရင်တော့ မြူနီစပယ်ဌာနက ခေါင်းဆောင်လျှိူကို ဆက်သွယ်လို့ရပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် ခေါင်းဆောင်လျှိူက အထူးတပ်ဖွဲ့ကို လွှတ်ထားပါတယ်။"

 

 

ရဲအရာရှိငယ်သည် သဘောပေါက်ပုံမရဘဲ သူ့အား သတိထားစောင့်ကြည့်လာသည်။ သူသည် ၎င်းတို့နှစ်ဦးအား ညကြီးမင်းကြီးလှုပ်ရှားနေကြသည့် အစွန်းရောက်ဘာသာရေးဂိုဏ်း၏ အဖွဲ့ဝင်များဟု သံသယဝင်နေပုံရ၏။

 

 

သို့သော် အသက်ကြီးသည့်အရာရှိကမူ အတန်အသင့် နားလည်ပုံရသည်။ ထိုအမှုအား လျှို့ဝှက်စုံစမ်းနေသည့်အကြောင်း သတင်းများထွက်ပေါ်နေသည့်အပြင် မြို့တော်ဌာန၏ အထူးတပ်ဖွဲ့လက်ထဲအပ်ရလိမ့်မည်။ စုံစမ်းဆဲကာလဖြစ်နေ၍ တရားဝင်အကြောင်းကြားစာ မထုတ်ပြန်သေးရုံသာရှိ၏။

 

 

"လုံခြုံရေးဌာနအကြောင်း ကပ္ပတိန်ဆီကတော့ ကြားဖူးတယ်။ အတည်ပြုနိုင်ဖို့အတွက် ဆက်သွယ်ကြည့်ကြတာပေါ့။"

 

 

ဤသို့ပြော၍ အရာရှိသည် ကပ္ပတိန်၏နံပါတ်အား နှိပ်လိုက်၏။

 

 

အရဲရှိငယ်သည် ထိုအချင်းအရာအားမြင်မှ ကျောက်ချွင်ဖန့်အား အရင်နိုးပြီး လက်ထိပ်ခတ်ကာ လိုအပ်သည်များ စစ်မေး၍ စခန်းဆီ ခေါ်သွားရန် ပြင်သည်။

 

 

ထိုအချိန်မှာပင် တစ်ဖက်နှင့် ဖုန်းအဆက်အသွယ်ရ၏။ အသက်ကြီးသည့်အရာရှိသည် မှုခင်းအစုံအလင်အား ရှင်းပြ၍ ကျန်းလန်နှင့်ယင်းချောင်၏နာမည်အား တင်ပြနေသည်။ တစ်ဖက်က မည်သို့ပြန်ပြောသည် မသိသော်လည်း အရာရှိ၏အမူအရာသည် တဖြည်းဖြည်းနှင့် ထူးဆန်းလာ၏။

 

 

ဖုန်းကျသည်နှင့်အရာရှိကြီးသည် သူတို့အား တောင်းပန်စကားပြောလာသည်။ "မင်းတို့က တွဲဖက်ဌာနက ရဲဘော်တွေဖြစ်နေတာပဲ။ အထင်လွဲမိလို့ တောင်းပန်ပါတယ်ကွာ။"

 

 

အရာရှိငယ်သည် ပါးစပ်ထဲ ကြက်ဥဝင်ဥနိုင်သည်အထိ အထိတ်တလန့်ဖြစ်သွား၏။ သူသည် အရာရှိကြီးအား နံဘေးသို့ဆွဲကာ အံကြိတ်သံနှင့် မေးလာသည်။ "လုံခြုံရေးဌာနက တကယ်ရှိတာလား။ သူတို့က မကောင်းဆိုးဝါးတွေကို ကိုင်တွယ်ရတာလား။"

 

 

အရာရှိကြီးမှာလည်း ထိုကိစ္စအား ပထမဆုံးကြုံဖူးခြင်းဖြစ်၍ သူ့အတွက်လည်း လက်ခံရန်မလွယ်နေပေ။ သို့သော် ကပ္ပတိန်ကိုယ်တိုင် ၎င်းတို့နှင့် ပူးပေါင်းရန်ပြောလာသဖြင့် ထိုကိစ္စက အမှန်သာဖြစ်လိမ့်မည်။

 

 

သူတို့နှစ်ဦးကသာ ထိုကိစ္စအား မသိရှိခဲ့ကြခြင်းပင်။ အရာရှိငယ်သည် လှည့်ဖြားခံရသလို ခံစားရပြီး သူ့ကိုယ်သူ ကြိုးစားထိန်းပါသော်လည်း ကျန်းလန်တို့နှစ်ဦးအား အကြည့်မလွှဲနိုင်ဘဲ ဒွိဟဖြစ်ကာ ငြိမ်သက်နေ၏။

 

 

အရာရှိကြီးကမူ ကြောင်တောင်တောင်ဖြစ်နေသော ကျောက်ချွင်ဖန့်အား ကားထဲထည့်နေသည်။ အသားစများအပြည့်နှင့် ကြမ်းပြင်က သူ့အား ခေါင်းကိုက်စေ၏။ သူမဝံ့မရဲနှင့် ကျန်းလန်တို့နှစ်ဦးအား ကြည့်လာသည်။ "ဒါတွေ အခင်းနေရာမှာ ရှိနေတာက ဘာမှကောင်းကျိုးမရှိလောက်ဘူး။  ရဲဘော်တို့ နှစ်ယောက် ရှင်းပေးလို့ရမလား "

 

ယင်းချောင်ခေါင်းငြိမ့်ပြကာ သူ့လက်ညှိုးထိပ်မှ အပြာရောင်အလင်းတန်းအား ထုတ်လွှင့်လိုက်သောအခါ ကြမ်းပြင်၌ မီးထတောက်ပြီး ကွင်းပြင်ကျယ်တစ်ခုလုံး မီးစွဲသွား၏။ နှစ်မိနစ်အကြာ၌ မီးပြန်ငြိမ်းသွားပြီး ကြမ်းပြင်ပေါ်မှ ထိုက်ဆွေ့၏ အသားစများအားလုံးသည် အစအနမကျန်အောင် လောင်ကျွမ်း ပျက်စီသွားကြသည်။

 

 

အရာရှိနှစ်ဦး - "................"

 

 

အရာရှိနှစ်ဦးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အရာရှိငယ်သည် မည်သည့်ခံစားချက်မှမရှိသည့် မျက်နှာထားနှင့် ၎င်းတို့နှစ်ဦးအား ကားထဲဝင်ရန် ဖိတ်ကြားလာ၏။

 

 

ထိုအမှုအတွက် ရဲဌာနနှင့်ဆက်သွယ်ရန် တာဝန်ရှိသည်ဟု ယင်းချောင်ကဆိုလာသဖြင့် အရာရှိနှစ်ဦးသည် ၎င်းတို့အား ကျားဟယ်ကျင့်ယွမ်ဂိတ်အထိ ခေါ်လာရမည်ဖြစ်သည်။ ကားထဲမှမထွက်ခင်၌ အရာရှိငယ်သည် ကျန်းလန်အား ရှက်ရွံ့စွာနှင့် စကားစလာ၏။ "ရဲဘော်ကျန်းလန်၊ မင်းရုံးမှာရှိနေတဲ့အချိန် ငါတို့ ထူးထူးခြားခြားအမှုတွေ ကြုံလာရင် အကူအညီလာတောင်းလို့ရမလား။"

 

 

ဟန်ယန်းရဲဌာနနှင့် ဟန်ယန်းခရိုင်ရုံးခွဲတို့သည် ခရိုင်တူရုံးဌာနများပင်ဖြစ်၏။

 

 

အခွင့်အရေးက မိမိဆီ ဆိုက်ဆိုက်မြှိုက်မြှိုက်ရောက်လာသဖြင့် ကျန်းလန် ဝမ်းသာအားရ လက်ခံလိုက်တော့သည်။ အရာရှိငယ်နှင့် Wechat အကောင့် လဲကြပြီးနောက် သူတို့လမ်းခွဲခဲ့ကြ၏။

 

 

ယင်းချောင်က ပျော်နေပုံရသည့် ကျန်းလန်အားကြည့်ကာ မျက်ခုံးပင့်၍ မေးလာသည်။ "ဘာလို့ဒီလောက်ပျော်နေတာလဲ။"

 

 

ကျန်းလန်က ဖုန်းကိုရမ်းပြကာ ပြန်ဖြေ၏။ "ဒါငါ့အနာဂတ်အတွက် အခွင့်အရေးပဲလေ။"

 

 

ရုံးခွဲနှင့်ယှဥ်လျှင် ရဲဌာနသည် ယခုလိုအမှုမျိုးနှင့် နေ့စဥ်မပြတ် ကြုံရတတ်သော်ငြား ရဲအရာရှိဖြစ်ရန် လိုအပ်ချက်များမှာ တင်းကျပ်လွန်းသဖြင့် ကျန်းလန်သည် ရုံးခွဲကိုသာ ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။

 

 

ယင်းချောင်က ရုတ်တရက်ထရယ်၏။

 

 

လုံ​ခြုံရေးဌာနသည် အောက်ခြေသိမ်းဌာနများအတွက် ပြီးခဲ့သည့်နှစ်နှစ်အတွင်းမှစကာ လူသားအင်အားစုများကိုသာ အသုံးချလာကြောင်း ယင်းချောင်သိပြီးဖြစ်သည်။ အောက်ခြေသိမ်းစာရေးများသည် များသောအားဖြင့် မကောင်းဆိုးဝါးပေါက်စလေးများနှင့် သာမန်ကျင့်ကြံသူများဖြစ်ကြ၏။ ကျင့်ကြံရေးအဆင့်များနိမ့်ပါးကြပြီး အထက်လူကြီးများက ၎င်းတို့အား အရေးကြီးကိစ္စများကို မခိုင်းတတ်ပေ။ ၎င်းတို့၏တာဝန်မှာ အချိန်နှင့်အမျှ မူမမှန်သည့် အခြေအနေများကို စောင့်ကြည့်၍ တင်ပြရန်သာဖြစ်သည်။ အထက်လူကြီးမှ ထိုအ​ခြေအနေအား အတည်ပြုပြီးသည်နှင့် အခြေအနေအလိုက် ဆုကြေးငွေလက်ခံရရှိသဖြင့် ငွေဝင်ပေါက်ဟုပင် ဆိုရမည်။ အထက်လူကြီးများကြား ပဋိပက္ခဖြစ်ပွားခြင်းအား ညင်သာစွာ ကိုင်တွယ်သည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။

 

 

အောက်ခြေသိမ်းစာရေးများသည် အတတ်ကောင်းများ တတ်နေကြသည်ဟု ထိုက်ဖန်း အထွန့်တက်သည်ကို ယင်းချောင်ကြားဖူး၏။ ထိုကြေညာချက်အား ထုတ်ပြန်ပြီးမှ အောက်ခြေသိမ်းဝန်ထမ်းများသည် အလုပ်ကြိုးစားချင်စိတ် ပျောက်ကုန်ကြပြီး ပျင်းရိကုန်ကြသည်။

 

 

တစ်ဖက်၌ ကျန်းလန်ကဲ့သို့ အလုပ်အား အလေးထားသူမှာ အင်မတန်ရှားပါးလာ၏။

 

 

"ဒီအမှုပြီးရင် သူဌေးကိုပြောပြီး မင်းအတွက် ဆုကြေးငွေ တောင်းပေးမယ်။" ယင်းချောင်က ပြောလာသည်။ 

 

 

နတ်ဆိုးလေးသည် သူ့အလုပ်အား အလွန်ချစ်သည့်အတွက် ဆုကြေးငွေရသင့်သူပင်။

 

 

ကျန်းလန်အလွန်ပျော်သွားပြီး မျက်လုံးများပင် အရောင်တောက်လာကာ အင်မတန်လိုချင်သည့်ပုံ ပေါက်နေသော်လည်း ရှက်နေပုံရသည်။ "ငါဘာမှသိပ်မလုပ်လိုက်ရဘဲ အဆင်ပြေပါ့မလား။"

 

 

ယင်းချောင်က ခေါင်းကိုဆတ်ခနဲပင် ငြိမ့်ချလိုက်သည်။ "သိပ်ပြေတာပေါ့။"

 

 

ဤသို့ပြောပြီးမှ သူ့ဖန်တီးထားသည့်ဇာတ်လမ်းအား ပြန်သတိရလာပြီး ချန်ဟွားကို ခုတုံးလုပ်ရပြန်၏။ "ကိုယ့်သူဌေးက အထူးတပ်ဖွဲ့ကလေ။ မင်းအတွက် ကိုယ်သူ့ကို ပြောပေးလိုက်မယ်။"

 

 

ကျန်းလန်က သူနားကြားမှားသည်ဟုထင်ကာ ခေါင်းရှုပ်လာ၏။ "လျှို့ဝှက်အထူးတပ်ဖွဲ့ကလား။"

 

 

သူစစ်စစ်ပေါက်ပေါက်တွေးနေသည်မှာ ယင်းချောင်ရဲ့သူဌေးက လျှို့ဝှက်အထူးတပ်ဖွဲ့ကတဲ့လား။ဟူ၍ပင်။

 

 

လျှို့ဝှက်အထူးတပ်ဖွဲ့မှ မကောင်းဆိုးဝါးကြီးများ အားလုံးသည် စိတ်ဝင်စားစရာကောင်းကြသူများ ဖြစ်သော်လည်း အချင်းချင်းဆုံရန် အခွင့်မရှိကြပေ။ အကယ်၍ တစ်နေ့နေ့တွင် အကြောင်းကြောင်းကြောင့် သူတို့ဆုံကြပါ​က မည်မျှအထိ ရှက်စရာကောင်းနေလိမ့်မည်နည်း။

 

 

ကျန်းလန် စတွေ့စဥ်က လိမ်ပြောခဲ့မိသည်ကိုပင် နောင်တရချင်လာသည်။ တစ်ကြိမ်လိမ်ပြောမိရုံနှင့် တစ်နွယ်ငင်တစ်စင် ပါရတော့မည်။

 

 

ယခုမှ သူရပ်ချင်တိုင်း ရပ်၍မဖြစ်နိုင်တော့။ ယင်းချောင်က ကျန်းလန် အလွန်အံ့သြသွားသည်ဟု ထင်နေသည်။

 

 

အထူးတပ်ဖွဲ့သည် ကျင့်ကြံရေးအဆင့်မြင့်မားသည့် မကောင်းဆိုးဝါးကြီးများနှင့် ဖွဲ့စည်းထားသဖြင့် အများစုမှာ ပေါင်းသင်းဆက်ဆံရေးမကောင်းလှပါ။ သာမန်မကောင်းဆိုးဝါးလေးများ၏ အမြင်၌ အင်မတန်အင်အားကြီးသည့် လူများဟုသာ ထင်မှတ်တတ်ကြသည်။

 

 

ယင်းချောင် သတိပင်မထားမိဘဲ မျက်မှောင်ကြီးကြုတ်လျက် ကျန်းလန်အား မေးလာ၏။ "မင်းက အထူးတပ်ဖွဲ့ဝင် ဖြစ်ချင်တာလား။"

 

 

'ဖြေရမလား၊မဖြေရဘူးလား။'

 

 

ကျန်းလန် ခဏလောက်တွေးပြီးမှ ခေါင်းငြိမ့်ပြလိုက်၏။

 

ယင်းချောင်က နှုတ်ခမ်းကိုဖိကာ သူ့အား နားချတော့သည်။ "အထူးတပ်ဖွဲ့က မကောင်းဆိုးဝါးကြီးတွေက အကျင့်စရိုက်တွေ ထူးဆန်းတဲ့အပြင် တစ်ကောင်ထက်တစ်ကောင် ပိုကြောက်စရာကောင်းတဲ့ကောင်တွေချည်းပဲ။"

 

 

နူးညံ့သောနတ်ဆိုးလေးသည် အထူးတပ်ဖွဲ့ထဲရောက်သည်နှင့် အကြောက်လွန်ပြီး ငိုလိမ့်မည်။

 

 

အထူးတပ်ဖွဲ့က ဘာတွေများ ထူးခြားနေလို့လဲ။ သူ၏ကလေးလေးသည် သူ့အုပ်ထိန်းမှုအောက်၌သာ ရှိရမည်ဟု ယင်းချောင်တွေးမိသည်။ အနာဂတ်တွင် သူ၏အတွင်းရေးမှူးနေရာ၌ အလုပ်ဝင်ခြင်းကသာ၍ ကောင်းလိမ့်မည်။ အထူးတပ်ဖွဲ့ဝင်များထက် လစာပိုပိုသာသာရနိုင်သည်လေ။

 

 

သို့သော်ကျန်းလန်သည် သူထင်ထားသလို ကြောက်ရွံ့သည့်အမူအရာမျိုးမပြဘဲ မျက်လွှာချသွားကာ အသံသေးသေးလေးနှင့် ပြန်ပြောလာ၏။ "အားလုံး ကြောက်စရာကောင်းတဲ့သူတွေချည်း မဟုတ်ပါဘူး။"

 

 

'ငါဆို ကြောက်စရာလည်းမကောင်းသလို စကားကောင်းလည်း ပြောတတ်သေးတယ်လေ။'

 

 

ယင်းချောင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ကျန်းလန်အနေနှင့် အထူးတပ်ဖွဲ့ထဲ ဝင်လိုစိတ်မကုန်သေးဟု တွေးကာ ထပ်မံတိုက်တွန်းနားချပြန်သည်။

 

 

"ရှေးခေတ်သားရဲကြီး ထျောင်းထျဲ့ကို သိလား။ သူလည်း အထူးတပ်ဖွဲ့မှာပါတယ်လို့ ကြားတယ်။ သူကဒေါသကြီးတဲ့အပြင် နတ်ဆိုးပေါက်စလေးတွေကို မြိုချပစ်တတ်သေးတယ်။"

 

 

ယင်းချောင်က ဤသို့ပြောပြီးနောက် 'အခုလောက်ဆိုနတ်ဆိုးလေး အထူးတပ်ဖွဲ့ထဲ ဝင်ချင်စိတ်ရှိတော့မှာမဟုတ်ဘူး။'ဟု တွေးကာ ကျန်းလန်၏ကြောက်ရွံ့ထိတ်လန့်သွားမည့် မျက်နှာအမူအရာအား ကျေနပ်တကြီး စောင့်ဆိုင်းနေသည်။

 

 

ကျန်းလန် အလွန်ထိတ်လန့်သွားပြီး စိတ်ထိခိုက်သွားရ၏။ ယင်းချောင်ကဲ့သို့ ကျိုး​ကြောင်းချင့်ချိန်တတ်သောနတ်ဆိုးသည် ထျောင်းထျဲ့အား မကောင်းပြောလိမ့်မည်ဟု သူမထင်ထားမိပါ။

 

 

'ငါက သူ့ကို သူငယ်ချင်းကောင်းလို့ သတ်မှတ်ထားပေမယ့် သူက ငါ့မကောင်းကြောင်း ငါ့ကိုပြောတဲ့အပြင် ကောလာဟလတွေပါ လွှင့်လိုက်သေးတယ်။ သူအရမ်းလွန်တာပဲ။'

 

 

ကျန်းလန်စိတ်ဆိုးမိသော်လည်း ထျောင်းထျဲ့ကသူပါဟု ယင်းချောင်အားမပြောနိုင်ပါ။

 

 

သူခဏတာ ဝင်သက်ထွက်သက်မှတ်ပြီးနောက် တစ်နေ့လောက် ယင်းချောင်အား တစ်ဖက်သတ် အဆက်အသွယ်ဖြတ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ 

 

 

သူယင်းချောင်အား စိုက်ကြည့်၍ ယခုလိုပြောချလိုက်၏။ "မင်းပေါက်ကရတွေ ပြောနေတာပဲ။" 

 

 

ပြီးနောက် ရပ်ကွက်ထဲ ဝင်ပြေးသွားတော့သည်။

 

 

ယင်းချောင် - "........."

 

 

'ဘာလို့ရုတ်တရက်ကြီး စိတ်ဆိုးသွားရတာလဲ။'

 

 

ယင်းချောင်နားမလည်နိုင်စွာနှင့် ထပ်ခါထပ်ခါတွေးရင်း နတ်ဆိုးလေး၏ပုန်ကန်တတ်သော အကျင့်စရိုက်သာဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။

 

 

နတ်ဆိုးလေးသည် ငယ်သေးသ​ဖြင့် ပုန်ကန်တတ်သည့်အရွယ်လေးဖြစ်သည်။ အထူးတပ်ဖွဲ့ထဲဝင်ချင်သည့် သူ၏စိတ်ကူးအား ရုတ်တရက် ရိုက်ချိုးခံလိုက်ရသဖြင့် စိတ်ဆိုးသည်မှာ အဆန်းမဟုတ်ပေ။

 

 

ယင်းချောင် ဂိတ်တံခါးဝ၌ အတော်ကြာအောင်ရပ်နေပြီးမှ ပြုံးလိုက်မိသည်။

 

 

'ကလေးထိန်းရတာခက်တာပဲ။' 

 

 

ထိုကလေးအား သူပြန်ချော့ရတော့မည်။

 

 

သူ၏ရေရှည်ထမင်းစားလက်မှတ်အား ဆုံးရှုံးလိုက်ရသည့်အပြင် မိတ်ဆွေအသစ်၏ အထင်လွဲခြင်းအားခံရသဖြင့် ကျန်းလန်မပျော်တော့ပါ။

 

 

'မပျော်ဘူး၊ လုံးဝမပျော်ဘူး။'

 

 

အိမ်ရောက်သည်နှင့် စွမ်းနီကသူ့အား ခြေထောက်တိုတိုလေးများနှင့် လာကြို၍သာ တော်သေးသည်။

 

 

ကျန်းလန် သူ့ညီလေးအားချီကာ သူ့မျက်နှာကို ဗိုက်နှင့်ပွတ်နေသော်လည်း ပွစိပွစိအပြောမပျက်ပေ။ "မင်းကိုဘယ်သူကငါ့အကြောင်း သွားပုပ်လေလွှင့်ပြောခိုင်းတာလဲ။ ငါ့ခန္ဓာကိုယ်အစစ်ကိုပြောင်းပြီး မင်းကိုသေအောင်ခြောက်ပစ်ဦးမယ်။"

 

 

သူသာ ထျောင်းထျဲ့မှန်းသိသွားပါက ထိတ်လန့်ကြောက်ရွံ့သွားမည့် ယင်းချောင်၏ပုံစံကို တွေးကြည့်ရင်း သူအနည်းငယ်စိတ်ပျော်လာပြီး သူ့ညီလေးအားချီကာ အိပ်ခန်းထဲဝင်လာလိုက်သည်။

 

 

ယင်းချောင်ဂိတ်တံခါးဝ၌ရပ်ရင်း ထိုက်ဖန်းဆီဖုန်းခေါ်၍ ပေါ်ပေါ်ထင်ထင်ပင် မေးလိုက်၏။ "အိမ်ကကလေးလေး စိတ်ဆိုးနေတာကို ဘယ်လိုချော့ရင်ကောင်းမလဲ။" 

 

 

ထိုက်ဖန်း - "..........."

 

 

သူဖုန်းမျက်နှာပြင်အား စစ်ကြည့်သောအခါ အမှန်ပင် ယင်းချောင်ဆီမှ ဖြစ်နေ၏။

 

 

"ညလယ်ခေါင်ကြီးကို မအိပ်သေးဘဲ ယောင်ပြီး လမ်းထလျှောက်နေတာလား။ မင်းအိမ်မှာ မင်းတစ်ယောက်တည်းနေတာလေ။ ဘယ်က ခွေးမသားလေးအကြောင်း ပြော​နေတာလဲ။"

 

 

ယင်းချောင်က အထက်စီးဆန်ဆန်နှင့် ပြန်ပြောလာသည်။ "မင်းမှာမရှိတာနဲ့ သူများဆီမှာ မရှိရတော့ဘူးလား။ ငါမကြာသေးခင်ကမှ မွေးထားတာကွ။"

 

 

ထိုက်ဖန်း - "............"

 

 

ညလယ်ခေါင် သူ့ထံ ထိုလူဆက်သွယ်လာသည့် အကြောင်းအရင်းအား ထိုက်ဖန်းနားလည်လိုက်သည်။ သူဖုန်းအား ခပ်ဝေးဝေးရောက်အောင် ခွာလိုက်၏။ "ဟယ်လို၊ ဟယ်လို၊ ဘာပြောနေတာလဲ။ ဘာမှမကြားရဘူး။ လိုင်းမကောင်းဘူး။ မနက်ဖြန်မှပြောကြတာပေါ့။"

 

 

ပြောပြီးသည်နှင့် သူဖုန်းအား ရက်ရက်စက်စက် ချပစ်လိုက်သည်။

 

 

ယင်းချောင်က တိခနဲလိုင်းကျသွားသည့် မျက်နှာပြင်ကိုကြည့်ကာ တစ်ချက်ရယ်ပြီး ဆက်သွယ်မှုစာရင်းထဲဝင်ကာ နောက်ထပ်ဖုန်းနံပါတ်တစ်ခုအား ဆက်သွယ်နေ၏။

 

 

စာရေးသူစကားချပ်

 

 

ယင်းချောင် - "ထျောင်းထျဲ့ကရုပ်ဆိုးပြီး ကြောက်စရာကောင်းတဲ့အပြင် ကလေးတွေကို စားရတာကြိုက်လို့ အထူးတပ်ဖွဲ့ထဲ မဝင်ရဘူးနော်။ သိပြီလား။"

 

 

စိတ်ဆိုးနေသောကျန်းလန် - "မင်းပေါက်ကရတွေ ထပ်မပြောရင်ကောင်းမယ်။"