အပိုင်း ၁၂
ထိုကာလများအတွင်း ထိုက်ဆွေ့သည် လူသား မည်မျှအထိ စားသောက်ခဲ့ပြီး ၊ အငြှိုးအတေးနှင့်သွေးသားများ မည်မျှအထိစုပ်ယူခဲ့၍ ကောင်းကင်ဘုံနှင့် မဟာမြေကြီးမှ ချစ်မြတ်နိုးရပါသည်ဟူသော ထိုမြင့်မြတ်သည့် ဝိညာဥ်သက်ရှိသည် ယခုမျှလောက် ဆိုးယုတ်သည့် အရာဝတ္တုတစ်ခုဘဝ ရောက်သွားရမှန်း သူမသိပါ။
ထိုက်ဆွေ့သည် မကုန်နိုင်သော အသားတစ်ကြီးဆိုသော်ငြား ကျန်းလန်အနေနှင့် ရွေးချယ်စရာရှိပါက ထိုအသားအား မစားချင်ပေ။
ထိုအရာကြီးသည် သူ့အကြိုက်လည်းမဟုတ်သလို ဝမ်းဗိုက်ပြဿနာအချို့ပင် ဖြစ်စေလိမ့်မည်။
သူလက်ချောင်းများအား ခဏတာလောက် ကိုက်နေမိပြီးနောက် ကျောက်ချွင်ဖန့်၏ ပါးစပ်အားဟကာ အထဲသို့ဝင်ရန်ပြင်နေသည့် ထိုက်ဆွေ့အား တွေ့လိုက်ရသဖြင့် သူစတင်လှုပ်ရှားကာ ထိုအရာကြီးအား မြေကြီးနှင့် လွှဲရိုက်ချလိုက်ပြီးနောက် ထိုအရာအား စားမည်၊မစားမည်ကို ဆုံးဖြတ်ရတော့သည်။
ထိုက်ဆွေ့သည် ခြေရာဖျောက်ကာ နှစ်ပေါင်းများစွာ နေလာသူပီပီ အလွန်သတိကြီးပြီး သူ့အား ချက်ချင်း သတိထားမိသွား၏။ သူသည် ချက်ချင်း ငေါက်ခနဲထရပ်ရင်း မေ့မျောနေသည့် ကျောက်ချွင်ဖန့်အား မ,ယူကာ လက်နှစ်ဖက်ဖြင့် သူ့နောက်ကျောဖက်တွင် နေရာချ၍ သူ၏နံရိုးဆီမှ လက်တံနှစ်ဖက်လွှတ်ထုတ်လျက် အကာအကွယ်ယူပြီးနောက် မှောင်ရိပ်ကြားမှ သူ့ဆီလျှောက်လာနေသူအား မျက်နှာအသွင်အပြင်များမရှိသည့် ဦးခေါင်းအားလှည့်၍ သတိကြီးစွာ စိုက်ကြည့်နေသည်။
ကာယကံရှင်အား တွေ့လိုက်ချိန်၌ ထိုအရာသည် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ကာ အော်သံလိုလို တုန်ရီနေသည့်အသံနှင့် အံကြိတ်လျက် ကြောက်ရွံ့စွာ ပြောလာ၏။ “ထျောင်းထျဲ့လား။”
သူ့ဘဝတွင် ပထမဆုံးအကြိမ် ရှင်သန်ခွင့်ရသည်မှစကာ အရှက်အရခဲ့ဆုံး၊ အကြောက်ရွံ့ခဲ့ဆုံးကာလအား ပြောပါဆိုလျှင် ထျောင်းထျဲ့၏အစာအဖြစ် အဖမ်းခံထားရသည့်အချိန်ကိုသာ ပြောရမည်။ ထျောင်းထျဲ့၏သားရဲတွင်းမှ လွှတ်မြောက်လာသည်မှစကာ သူသည် အာဏာကိုပိုမိုတောင့်တလာပြီး လူသတ်ရာ၌လည်း ပို၍သတိကြီးလာခဲ့သည်။
သို့သော်သူ၏အရိုးတွင်းအထိ စူးနစ်နေသည့် အကြောက်တရားနှင့် အားကိုးရာမဲ့မှုအား သူမမေ့နိုင်ခဲ့ပါ။
ပြီးခဲ့သောညက သူ၏ အတုအယောင်ဝိညာဥ်အား အိမ်မက်ထဲတွင် ထျောင်းထျဲ့စားသွားသဖြင့် ပြေးရမည်ဟု အသိဝင်လာပြီး အရေခွံအားပြောင်းကာ ကျန်းချန်မြို့မှ ထွက်သွားရန် ပြင်နေခြင်းပင်။
သို့သော် ကံအကြောင်းမလှသဖြင့် ထိုနေရာအထိ လာပုန်းနေသည့်တိုင် ထျောင်းထျဲ့က ရှာတွေ့သွားလေပြီ။
အမုန်းတရားအသစ်နှင့် အမုန်းတရားလက်ကျန်တို့ ဆင့်ကဲစုပုံကာ ထိုက်ဆွေ့၏ခန္ဓာကိုယ်သည် ပုံပျက်ယွင်းလာပြီး သူ၏ ပုံဆိုးပန်းဆိုးလက်တံများသည် သူ၏နံရိုးများဆီမှ အဆက်မပြတ်ထွက်လာနေပြီး တိုက်ခိုက်မှုအား စတင်လာသည်။
ကျန်းလန်၏ မျက်နှာပေးမှာလည်း အတော် စိတ်ကသိကအောက် ဖြစ်နေဟန်ပင်။
ပို၍နီးလာလေလေ ထိုက်ဆွေ့၏ခန္ဓာကိုယ်မှ အညှီအဟောက်နံ့သည် ပို၍အနံ့ပြင်းလာနေ၏။ လူ့အရေခွံခြုံထားစဥ်က ဖြူစွတ်စွတ်နှင့်အဆီများသည့်တိုင် စားချင်စဖွယ် ကောင်းနေသေးသည်။ ထိုလက်တံများ အပြည့်နှင့်အရာကြီးသည် အရိုးသားဆုံးပြောရပါက ရွံစရာကောင်းလွန်းနေ၏။
ထိုက်ဆွေ့က ပို၍ဒေါသထွက်လာပြီး ကျန်းလန်အား တိုက်ခိုက်ရန် နံရိုးအောက်မှ လက်တံများသည် ကမန်းကတန်း လိမ်ဖယ်နေကြသည်။
ကျန်းလန်၏ လက်ချောင်းငါးချောင်းသည် လက်သည်းအဖြစ်ပြောင်းသွားပြီး တိုက်ခိုက်ရန် ပြင်လိုက်ချိန်၌ အနောက်မှ အော်သံနက်နက်ကြီးအား ကြားလိုက်ရ၏။
“အခုချက်ချင်းဖယ်လိုက်စမ်း။”
ယင်းချောင်၏အသံပင်။ သူခဏလောက် ငြိမ်သွားပြီးနောက် ရည်ရွယ်ချက်ရှိရှိဖြင့် လက်ကိုပြန်ရုပ်ကာ ထိုက်ဆွေ့၏ တိုက်ခိုက်မှုအား ရှောင်ရန် နောက်သို့ဆုတ်လိုက်သည်။
တစ်ပြိုင်တည်းမှာပင် အဖြူရောင်ဓားရှည်တစ်စင်းသည် တဝေါဝေါ ပျံသန်းဝင်ရောက်လာပြီး ထိုက်ဆွေ့၏ လက်တံများအား ဖြတ်ပစ်ချလိုက်၏။
ထိုက်ဆွေ့အော်ဟစ်ကာ သူ့လက်တံများအား ပြန်သိမ်း၍ ထပ်ရောက်လာသည့်ယင်းချောင်နှင့် ချန်ဟွားအား ကြည့်လာသည်။
“နတ်ဆိုးစီမံခန့်ခွဲရေးဌာနကကောင်တွေလား။ မင်းတို့နှစ်ကောင်လုံးက နတ်ဆိုးတွေဖြစ်နေရက်သားနဲ့ ကိုယ့်မျိုးရိုးကို ထိခိုက်စေပြီး လူသားမျိုးနွယ်ကို ကူညီနေကြတာပေါ့။”
ချန်ဟွားက သူ့ဓားအားပြန်သိမ်းကာ ကြမ်းပြင်ပေါ်မှ လက်တံများအား ရှောင်ရှင်း ရှုံ့မဲ့မဲ့နှင့် နောက်ပြန်ဆုတ်သွားသည်။
“မင်းက နတ်ဆိုးဆိုတာ အမှန်ပေမယ့် မျိုးတူချင်း ထိခိုက်အောင် လုပ်တယ်ဆိုတာက ဘာစကားပြောတာလဲ။ မင်းလိုရုပ်ရည်မျိုးနဲ့ ဒီကမ္ဘာပေါ်မှာ မျိုးတူတဲ့သူရှိသေးတာလား။ ပြောရရင် မင်းလိုကောင်မျိုးက ရှေးခေတ်မှာသာရှိခဲ့ရင် နတ်ဆိုးအကြီးကြီးတစ်ကောင်ကောင်ဆီက အစားခံရပြီးလောက်ပြီ။ ငါတို့လည်း ဒီလိုနေရာမှာ မင်းနဲ့ စကားလာပြောနေရမှာမဟုတ်ဘူး။”
ထိုက်ဆွေ့သည် ထျောင်းထျဲ့၏အစားခံရမလို ဖြစ်ခဲ့ဖူးသည်ကိုမူ သူမသိပါ။ ထိုခန့်မှန်းချက်က ထိုက်ဆွေ့၏ နှလုံးအား ဓားနှင့် ထိုးစိုက်ခံရသလို ခံစားရစေသည်။
ထိုက်ဆွေ့သည် ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ကာ နောက်ကျောရှိ ကျောက်ချွင်းဖန့်အား ပစ်ချပြီး ချန်ဟွားဆီပြေးအဝင်
ချန်ဟွား ယင်းချောင်အား သတိတရ လှည့်ကြည့်လိုက်သောအခါ ထိုမကောင်းဆိုးဝါးကောင်သည် ကျန်းလန်အားခ ပ်ဝေးဝေးသို့ ဆွဲသွားပြီး သူ့အား ထိုက်ဆွေ့နှင့် လွတ်ထားခဲ့ကြောင်း တွေ့လိုက်ရ၏။
ချန်ဟွားသည် စိတ်ထဲမှကျိန်ဆဲရင်း သူ့အား ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ကျန်းလန်မှာ ရှက်သွားရပြီး ယင်းချောင်က သူ့အားကွယ်ထားသဖြင့် သူ့နောက်မှ ခေါင်းလေးထွက်ကာ ရန်ပွဲအား ကြည့်၍မေးလာ၏။ “ဒီတိုင်း ရပ်ကြည့်နေလို့ ရရဲ့လား။ အကူအညီလိုသေးလား။”
“ကိုယ့်သူဌေးက အရမ်းတော်တယ်။ ဒီလို ထိုက်ဆွေ့လေးလောက်နဲ့တော့ ဝင်ကူဖို့မလိုသေးဘူး။”
ယင်းချောင်သည် ချန်ဟွားကို လုံးလုံးလျားလျား လျစ်လျူရှုကာ ကျန်းလန်ကိုသာ အာရုံအပြည့်စိုက်၍ မလိုမကျဟန်နှင့် ပြောလာ၏။ “မင်းကသာ၊ မင်းဘာလို့ဒီရောက်နေတာလဲ။ ကိုယ့်ကိုခေါ်ပါလို့ ပြောထားတယ်မလား။”
သူတို့သာ အချိန်မီ မရောက်ပါက နတ်ဆိုးလေးခမျာ အနိုင်ကျင့်ခံရရှာတော့မည်။
ထိုက်ဆွေ့၏ ရွံစရာလက်တံများ ကျန်းလန်၏ ကိုယ်ပေါ်ရစ်ပတ်နေပုံကို တွေးကြည့်ရုံနှင့် ယင်းချောင် စိတ်မချမ်းမြှေ့ပါ။ အကယ်၍ကျန်းလန်သာ မရှိနေပါက ထိုက်ဆွေ့အား သူကိုယ်တိုင် သင်ခန်းစာပေးရလိမ့်မည်။
“ဟို ငါမေ့သွားတာ။” ကျန်းလန် မျက်လုံးပင် မဆိုစလောက်ပြူးသွားရသည်။ ပထမဆုံးတွေ့ဆုံမှုနှင့်ယှဥ်ပါက သူ၏သရုပ်ဆောင်စွမ်းရည်နှင့် စကားပြောစွမ်းရည်သည် အင်မတန် တိုးတက်လာခဲ့သည်။ သူနှုတ်ခမ်းကိုကိုက်၊ မျက်လုံးလေးကလယ်ကလယ်နှင့် သနားစရာနတ်ဆိုးလေးဇာတ်ရုပ်အား စတင်သရုပ်ဆောင်လိုက်၏။ “ဒီနေ့ရပ်ကွက်ထဲမှာ စာရင်းလိုက်ကောက်ရင်း ကျောက်ချွင်ဖန့်က ထိုက်ဆွေ့နဲ့ တစ်ခုခုပတ်သက်နေတာကို သိလိုက်ရတယ်လေ။ ညနေရောက်တော့ သူ့အိမ်ကိုသွားရင်း ဒီအထိလိုက်လာမိတာပဲ။ ထိုက်ဆွေ့က ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ ငါမထင်ထားမိဘူး။”
ထိုစကားအဆုံး၌ ပင့်သက်တစ်ချက်ရှိုက်ကာ လွှင့်ပစ်ခံထားရသည့် ကျောက်ချွင်ဖန့်အား ထိုးပြလိုက်သည်။ “ဟိုမှာ၊ ကျောက်ချွင်ဖန့်ဆိုတာသူပဲ။ ထိုက်ဆွေ့ လူတွေကို ထိခိုက်အောင်လုပ်ဖို့ သူကူညီနေတာဖြစ်မယ်။”
ယင်းချောင်၏ မျက်လုံးများက ကျန်းလန်အား တွေ့သည်နှင့် အလိုလိုနူးညံ့သွားတတ်၏။ “မင်းအရမ်းတော်တယ်။ ကိုယ့်သူဌေးတောင် ထိုက်ဆွေ့အကြောင်းစုံစမ်းဖို့ တော်တော်အားထုတ်လိုက်ရတာ။ မင်းက ကိုယ်တို့ထက်တောင် လက်ဦးနေသေးတယ်။”
ကျန်းလန် ရှက်သွားသည့်ဟန်နှင့် ခေါင်းငုံ့သွားသော်လည်း သူတွေးနေသည်မှာ ‘ထိုက်ဆွေ့ကို စားဖို့ဆို လက်မြန်မှ ရမှာပေါ့။’ ဟူ၍ပင်။
သို့သော် လက်ရှိ၌ သူလက်ဦးမှု ရခဲ့သော်လည်း ထိုက်ဆွေ့အား သူမစားချင်တော့ပါ။ ထိုကိစ္စကို တွေးရင်း ကျန်းလန် ပို၍ စိတ်ပျက်အားငယ်လာတော့သည်။
‘ဝမ်းနည်းစရာကောင်းလိုက်တာ။’
ယင်းချောင်ကမူ သူအလွန်ကြောက်နေသည်ဟု ထင်သွားပြီး ခေါင်းအား ခပ်ဖွဖွ ပွတ်သပ်ပေးလာ၏။ “မင်းကတော်ပေမယ့် မဆင်မခြင်လုပ်လွန်းတယ်။ နောက်ဆိုရင် ဒီလိုတစ်ယောက်တည်း စွန့်စားတာမျိုး မလုပ်နဲ့။”
ကျန်းလန် ချက်ချင်းပင် လိမ်လိမ်မာမာ ခေါင်းငြိမ့်ပြလိုက်သည်။ “အင်းပါ။”
ယင်းချောင်က သဘောတကျ ပြုံးနေ၏။ ဟိုယခင် ကမ်းချန်မှ သားပေါက်ကလေးမွေးချင်သည်ဟု ပြောစဥ်က သားပေါက်များသည် နူးညံ့လွန်းသည်ဟု တွေးကာ သူသဘောမကျခဲ့မိပါ။ သို့သော် မျက်စိရှေ့မှ ကျန်းလန်အား ကြည့်ရင်း ဤသို့ ကလေးလေးကို မွေးမည်ဆိုလျှင် ကောင်းသားပဲဟု အတွေးဝင်လာသည်။
ချန်ဟွား ထိုက်ဆွေ့ကို ဓားဖြင့် နှစ်ပိုင်းပိုင်းကာ လှည့်အကြည့်၌ ယင်းချောင် ကြင်ကြင်နာနာ ပြုံးပြနေသည်ကို သူတွေ့လိုက်ရ၏။
ချန်ဟွား စိတ်ထဲမှ ကျိန်ဆဲရင်း ထိုမြင်ကွင်းကြားမှ ကျွမ်းကျင်စွာ ဓားရေးပြလိုက်သည်။
ထိုက်ဆွေ့သည် မူလက ဘာသာရေးအရ မြင့်မြတ်သော သက်ရှိတစ်မျိုးဖြစ်၍ သဘာဝအရ နူးညံ့ပြီး ရန်မူလိုစိတ် မရှိပါ။ ကောင်းကင်ဘုံသည် ထိုက်ဆွေ့အား သူမတူသောကံကို ပေးထား၍သာ ထိုက်ဆွေ့မျိုးနွယ်တို့ ဆက်လက် အသက်ရှင်ခွင့်ရနေခြင်းပင်။
သို့သော် ချန်ဟွားရှေ့မှ ထိုက်ဆွေ့ကမူ သူသိထားသည့် ထိုက်ဆွေ့၏ သဘာဝနှင့် မကိုက်ညီနေချေ။ ရွံစရာအသွင်အပြင်ရှိသည့်အပြင် တိုက်ခိုက်သည့် နည်းလမ်းများမှာလည်း အလွန် ရက်စက်ကြမ်းကြုတ်သည်။
ဘယ်နှပိုင်းဖြတ်ဖြတ် မသေနိုင်သည့် တီကောင်ကြီးနှင့်ပင် တူ၏။ နှစ်ပိုင်းဖြတ်ခံရသောအခါ ၎င်းသည် လှုပ်ရှားနေဆဲဖြစ်ကာ အကူအညီပင် ပိုရသွားပုံပေါ်သည်။
ပို၍ ရွံစရာကောင်းသည်မှာ သူ၏လက်တံများမှ အနီရောင်အကျိအချွဲများ ထုတ်လွှတ်လာခြင်းပင်။ ကျန်သည်များကို ထည့်မတွက်ဘဲ ရုပ်ရည်တစ်ခုနှင့်တင် အတော်လေး ရွံစရာကောင်းနေချေပြီ။
ချန်ဟွား အံကိုတင်းတင်းကြိတ်ကာ ထိုက်ဆွေ့အား ဓားနှင့်အပိုင်းပိုင်းဖြစ်အောင် ခုတ်တော့သည်။ ခဏအကြာ၌ နေရာအနှံ့တွင် ထိုက်ဆွေ့၏ အသားစများ ပြန့်ကျဲသွားတော့၏။
ကျန်းလန်က အဝေးမှလှမ်းကြည့်ကာ စိတ်ဓာတ်ကျသွားပြီးမှ ‘ဒါကြီးက အရသာမှ မရှိတော့တာ၊ ဘာလို့ စိတ်ညစ်နေရမှာလဲ။’ဟု အတွေးဝင်လာပြီး စိတ်သက်သာရာ ရလာသည်။
ယင်းချောင်ကမူ ကျန်းလန်သည် ချန်ဟွားကို စိတ်ပူနေသည်ဟုထင်ကာ လျန်ဟွားအား မျက်ပေါက်ကျဥ်းကျဥ်းနှင့် ကြည့်လိုက်၏။ ဓားရှည်၏ တံလျှပ်များကြား လူ့အရေခြုံနတ်ဆိုးသည် ကြည့်ကောင်းသလို အနည်းငယ် စိတ်ရှုပ်စရာကောင်းနေသည်။
သူမျက်မှောင်ကြုတ်၍ ချန်ဟွားကို အသိပေးလိုက်၏။ “ဘော့စ်၊ ဆယ့်နှစ်နာရီခွဲ နေပြီနော်။”
အဓိပ္ပါယ်မှာ ‘မြန်မြန်လုပ်၊အချိန်မဖြုန်းနဲ့’ဟူ၍ပင်။
“Lima ကို အမှောက်သိပ်ရသလိုပဲကွ။ မင်းနိုင်မယ်ထင်ရင် မင်းလာချလေ။”
(Lima - လက်ဝှေ့ MVP)
ချန်ဟွား ဆဲဆိုပြီးနောက် အရှိန်ထပ် တင်လိုက်သည်။ ထိုက်ဆွေ့၏ လုပ်နိုင်စွမ်းသည် အကန့်အသတ် ရှိပုံရ၏။ ချန်ဟွား ချက်ကောင်းကို ထိလိုက်သည်နှင့် ဆက်တိုက်ဆိုသလို အထိနာတော့သည်။
နှစ်ခြမ်းအပိုင်းခံရသည်နှင့် ထိုက်ဆွေ့က အဝေးသို့ရှောင်ထွက်ကာ တုန်လှုပ်နေသည့် မျက်လုံးများနှင့် ပြောလာ၏။ “ရပ်တော့၊ ငါအရှုံးပေးတယ်။ မင်းငါ့ကို လွှတ်ပေးမယ်ဆို ငါပြောင်းလဲပါ့မယ်။ မင်းတို့ အဖွဲ့ဝင်အသစ်တွေ လိုတယ်မလား။ နတ်ဆိုးစီမံခန့်ခွဲရေးဌာနထဲ ငါဝင်ချင်တယ်။”
ချန်ဟွားက သူ့အား ဓားနှင့် ခုတ်ပိုင်းကာ ခနဲ့လိုက်သည်။ “ဌာနထဲ လာချင်သေးတယ်ပေါ့။ နတ်ဆိုးစီမံခန့်ခွဲရေးဌာနကို အမှိုက်ပုံးများ မှတ်နေလား။ အမှိုက်မှန်သမျှ ကောက်ထည့်စရာလား။”
ထိုစကားသည် ကြောင်သူတော် အယောင်ဆောင်သော ထိုက်ဆွေ့အား အမျက်ဒေါသ ထွက်သွားစေသည်။ သူသည် ခန္ဓာကိုယ်အား လိမ်ဖယ်ရင်း အလိုအကျစွာဖြင့် အော်ဟစ်လာ၏။ “ဘာလို့လဲ။ လူသားတွေက ထိုက်ဆွေ့မျိုးနွယ်စုကို နှိပ်ကွပ်တုန်းကကျ လျစ်လျူရှူထားပြီး ငါက လက်စားချေမှ ဝင်နှောင့်ယှက်တယ်ပေါ့။ ကောင်းကင်ဘုံကတောင် ငါ့ဖက်က ပါပြီးသားကွ။ မင်းတို့ကမှဘဘာတွေဖြစ်နေကြတာလဲ။”
“ကောင်းကင်ဘုံက တကယ်ပဲ မင်းဖက်ကလို့ ထင်တာလား။”
ကျန်းလန်အား ရှေ့သို့ဆွဲထုတ်လိုက်ပြီး ယင်းချောင်က ထိုအရာအား ကြည့်ကာ မုန်းတီးရွံရှာစွာနှင့် ပြောလာသည်။ “ကောင်းကင်ဘုံရဲ့ အကာအကွယ်ကိုယူပြီး ကျင့်ကြံရေးတိုးတက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းတို့မျိုးနွယ်စုက လူသတ်နေတာ ဘယ်လောက်တောင် ရှိနေပြီလဲ။”
ထိုက်ဆွေ့မျိုးနွယ်တို့အတွက် ကျင့်ကြံခြင်းသည် မလွယ်ကူသလို ကောင်းကင်ဘုံမှ ၎င်းတို့အား အကာအကွယ်ပေးခြင်းသည်လည်း တဖြည်းဖြည်းနိမ့်ကျလာခဲ့သည်။ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုအား ခံရသည်မှာ လူသားမျိုးနွယ်စုဖြစ်လာပြီး ထိုက်ဆွေ့မျိုးနွယ်စုအား ရန်စခြင်းက မည်သည့် အကျိုးကျေးဇူးမှ မရှိပါ။ ‘ထိုက်ဆွေ့အားသုတ်သင်ခြင်း’ဆိုသည့်စကားသည် ထိုအခြေအနေမှ ပေါက်ဖွားလာခဲ့ခြင်းပင်။
သို့သော် သူတို့မျက်စိရှေ့မှ ထိုက်ဆွေ့ဗီဇကောင်သည် လူ့အသက်များစွာကို သတ်ဖြတ်ခဲ့ရုံသာမက မျိုးနွယ်တူ ထိုက်ဆွေ့များကိုပင် အလွတ်ပေးခဲ့ဖူးသူ မဟုတ်ချေ။ သူ့အပေါ် အကြွေးတင်နေသည်မှာ လူသားတို့၏ သွေးများသာမက မျိုးနွယ်တူများ၏ အမုန်းတရားများလည်း ပါဝင်သည်။
“ကောင်းကင်ဘုံကသာ မင်းဖက်ပါရင် ငါတို့မင်းကို လွယ်လွယ်နဲ့ ရှာတွေ့ပါ့မလား။”
ယင်းချောင်သည် ထိုက်ဆွေ့၏ အထင်မှားမှုအား အေးစက်စွာ ချိုးဖျက်ပစ်လိုက်သည်။ “မင်းလူတွေ အများကြီး သတ်ခဲ့မှတော့ ကံဇာတာ ကျသွားပြီလေ။”
စကားအဆုံး၌ ယင်းချောင်က ထိုက်ဆွေ့အား ရှင်းပစ်နိုင်ရန် နတ်ဆိုးစီမံခန့်ခွဲရေးဌာနဆီ အမြန်ဆုံးပို့ရန် ချန်ဟွားကို အကြည့်နှင့် သတိပေးလိုက်၏။
မျက်နှာအသွင်အပြင်များမပါသည့် ထိုက်ဆွေ့၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုများက အတိုင်းသားပင်။ ပြီးနောက် ကျန်းလန်အား ကြည့်ကာ အော်ပြောလာသည်။ “မင်းကြောင့်ပဲ၊ မင်းကြောင့်သာ မဟုတ်ရင်.....”
ကျန်းလန်၏ မျက်လုံးအိမ်များ လှုပ်ရှားသွားပြီး ထိုက်ဆွေ့၏ မျက်နှာအား ကန်ပစ်လိုက်သည်။ “ငါက ဘာလုပ်လို့လဲ။ မင်းကိုငါ ဘာမှတောင် မလုပ်ရသေးဘူး။”
၎င်းသည် ဒေါသတကြီးနှင့် ပြန်အော်ပြောချင်သော်လည်း ကျန်းလန်က သူ့မျက်နှာအား နင်းကာ အမှောက်သိပ်လိုက်၏။ “ငါဘာမှားလဲ ပြောလေ။ မင်းအခုထိ ကိုယ့်အခြေအနေကိုယ် မသိသေးဘူးလား။”
ထိုက်ဆွေ့မှာ ခေါင်းကိုအနင်းခံထားရပြီး စကားပင် ပြန်မပြောနိုင်ချေ။
ကျန်းလန် အခုမှသာ စိတ်ကျေနပ်သွားတော့သည်။
နူးညံ့သောနတ်ဆိုးလေးသည် ယခုလောက်အထိ ဒေါသကြီးမည်ဟု ယင်းချောင် မထင်ထားမိပါ။ အထူးသဖြင့် ထိုက်ဆွေ့၏ မျက်နှာပေါ်တက်နင်းကာ ဆိုးဝါးသောစကားများအား ပြောချိန်၌ လေသံမှာအလွန်တက်ကြွပြီး အနိုင်ကျင့်နေသည့်ပုံ ပေါက်နေ၏။
ယင်းချောင် နှုတ်ခမ်းပင် တွန့်မိပြီး သူ့အားပြန်ဆွဲကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ဒီလောက် ညစ်ပတ်တာကြီးကို တက်မနင်းနဲ့လေ။”
ကျန်းလန်က အာမေဋိတ်သံပြုကာ ဖိနပ်ခွာနှင့် ကြမ်းပြင်အား ဖိသုတ်တော့၏။
“ဒါကို မစီးနဲ့တော့။ ကိုယ်အသစ်ဝယ်ပေးမယ်။”
ယခုတစ်ကြိမ်၌ပင် ကျန်းလန် တွေဝေမှုမရှိ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုက်ဆွေ့၏ အနံ့အသက်မှာ ဆိုးဝါးလွန်းသည်လေ။
ထိုက်ဆွေ့ - ‘ငါပြောတာရောကြားသေးရဲ့လား။’
ထိုက်ဆွေ့အား ဖမ်းဆီးပြီးသော်လည်း ကျောက်ချွင်ဖန့်နှင့် ကိစ္စက မပြတ်သေး။
သူမနှင့် ထိုက်ဆွေ့ကြားမှ ဆက်ဆံရေးသည် မရှင်းလင်းသည့်တိုင် လက်ရှိ ရှိနေသည့် သုံးဦးလုံးသည် သူမနှင့် ပတ်သက်၍ ခံစားချက်မကောင်းပါ။ နောက်ဆုံး၌ ကျန်းလန်ကသာ ရဲခေါ်၍ ထိုပြဿနာအား ရဲလက်အပ်ရတော့သည်။
ချန်ဟွားနှင့် ယင်းချောင်သည် ထိုက်ဆွေ့အား နတ်ဆိုးစီမံခန့်ခွဲရေးဌာနသို့ ခေါ်သွားရမည် ဖြစ်သော်လည်း ယင်းချောင်၏ အင်မတန်ယဥ်ကျေးချိုသာသည့် မျက်နှာအား တွေ့သောအခါ မျက်မုန်းကျိုးရသဖြင့် ချန်ဟွားသည် ကားပေါ်တက်ကာ လီဗာပေါ် ခြေထောက်တင်လိုက်၏။
ပြီးနောက် ယင်းချောင်အား ကြည့်ကာ ကားပြင်သို့ ခေါင်းထုတ်၍ အဝေး၌ ရပ်နေသည့် နှစ်ယောက်အား လက်ရမ်းပြလိုက်ပြီး ပြုံးစိစိနှင့် အော်ပြောလိုက်သည်။ “ရှောင်ယင်း၊ ငါလုပ်စရာလေးတွေ ရှိသေးလို့ ဌာနကို အမြန်ရောက်ဖို့လိုနေပြီ။ မင်းတို့က ဒီမှာပဲ ရဲကို ဆက်စောင့်နေလိုက်ပေါ့။ လျှောက်မသွားနေကြနဲ့ဦး။”
ပြီးနောက် လီဗာကိုနင်းကာ အရှိန်နှင့် မောင်းထွက်သွားတော့သည်။
စာရေးသူစကားချပ်
နာမည်ကြီး သရုပ်ဆောင် မင်းသားလန် - “ထိုက်ဆွေ့က ကြောက်စရာကြီး။”
မာစတာယင်း - “မကြောက်ပါနဲ့၊ သူသေတော့မှာပါ။”
ထိုက်ဆွေ့ - ‘အမေရေ’