အပိုင်း ၁၁
ဧည့်ခန်းအလယ်တည့်တည့်ရှိ ဆိုဖာ၌ ကျောက်ချွင်ဖန့်ထိုင်နေပြီး တစ်ဖက်၌ ရဲနှစ်ဦး နောက်တစ်ဖက်၌ ကျန်းလန်နှင့်ရွှယ်မုန်တို့ ထိုင်နေကြသည်။ ရဲအရာရှိမှ မိတ္တူကူးထားသည့်စာရွက်အား ထုတ်ပြပြီးကတည်းက သူမအလွန်ကြောက်လန့်နေပုံပင်။ ညှိုးငယ်သောမျက်နှာထားနှင့် မျက်လုံးများကလည်း ဂဏှာမငြိမ်ပေ။
ရဲနှစ်ဦးမေးမြန်းသမျှကိုလည်း တုန်ရီစွာနှင့် မရေမရာသာ ပြန်ဖြေသည်။
ကျန်းလန်ငြိမ်၍နားထောင်ရင်းနှင့် မေလမရောက်ခင် နှစ်ရက်အလို၌ ရပ်ကွက်ထဲလူတစ်ဦး သေခဲ့ကြောင်း သိလိုက်ရ၏။ လီချွင်းဟွာသည် အိမ်ရာနံပါတ်တစ်၌နေသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။ လီချွင်းဟွာနှင့် ကျောက်ချွင်ဖန့်တို့ နှစ်ဦးစလုံးသည် အိမ်ထောင်ကွဲများဖြစ်ကြပြီး တစ်ကိုယ်တည်းနေထိုင်ကြ၏။ လီချွင်းဟွာသည် အိမ်ရာတစ်၌ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကျောက်ချွင်ဖန့်သည် အိမ်ရာနှစ်၏ပထမထပ်ရှိ စျေးဝယ်စင်တာ၌ ငွေကိုင်ဖြစ်၏။ ဘဝအခြေအနေတူသူချင်းပီပီ နှစ်ဦးသားမှာ အလွန်ရင်းနှီးကြသည်။
ဧပြီလ ၂၇ ရက်နေ့တွင် လီချွင်းဟွာသည် အကြောင်းပြချက် မည်မည်ရရမရှိဘဲ နေအိမ်၌သေဆုံးခဲ့၏။ အလောင်းခွဲစစ်ဆေးရာတွင် သေသူ၌အတွင်းအပြင် သေလောက်သည့်ဒဏ်ရာဒဏ်ချက် မရှိသည့်အပြင် ရောဂါအခံလည်းမရှိချေ။ ထို့အပြင်သူမ၏ သေဆုံးစဥ်က မျက်နှာအနေအထားမှာလည်း အတော်လေးထူးခြားနေသည်။
ဧပြီလအတွင်း၌ လီချွင်းဟွာကဲ့သို့ ထူးခြားစွာသေဆုံးခဲ့သူ နောက်ထပ်နှစ်ဦးလည်းရှိသေး၏။
လီချွင်းဟွာ၏ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုများအား စစ်ဆေးကြည့်သောအခါ ကျောက်ချွင်ဖန့်နှင့် မကြာခဏဆက်သွယ်လေ့ရှိကြောင်း တွေ့ခဲ့ရသည်။ သို့သော် လီချွင်းဟွာမသေခင် တစ်ပတ်အလို၌ ကျောက်ချွင်ဖန့်သည် အလုပ်ထွက်ခဲ့ပြီး လီချွင်းဟွာနှင့်လည်း တွေ့ဆုံခြင်းမပြုတော့ပေ။ နှစ်ဦးသားသည် Wechat ကနေသာ ဆက်သွယ်ခဲ့ကြ၏။
"ဧပြီလ ၂၄ ရက်နေ့က လီချွင်းဟွာက ခင်ဗျားကို 'နတ်ဘုရားပေါ်လာပြီ'လို့စာပို့ထားတယ်။ အဲ့ဒါဘာအဓိပ္ပါယ်လဲ။"
ကျောက်ချွင်ဖန့်သည် ဒူးကိုလက်နှင့်ပွတ်လျက် ခေါင်းငုံ့ထား၏။ "ငါ ငါမသိဘူး။"
သူမ မပူးပေါင်းလိုကြောင်းရိပ်မိသဖြင့် အရဲရှိ၏အသံမှာ ပိုခက်ထန်လာတော့သည်။ "စာထဲမှာတော့ 'ငါမလိမ်ဘူး၊တွေ့လား'လို့ပြောထားတယ်။ ခင်ဗျားတကယ်မသိတာလား။ တစ်ခုခုကိုဖုံးကွယ်နေတာလား။"
ကျောက်ချွင်ဖန့်သည် မျက်ရည်ဝဲနေသောမျက်လုံးများနှင့် ဆတ်ခနဲမော့ကြည့်လာပြီး တံတွေးတစ်ချက်မျိုချကာ စကားလမ်းကြောင်းလွဲလာ၏။ "မေ့ မေ့သွားပြီ။ ငါတို့နှစ်ယောက်လုံးက အယူသည်းတဲ့အထဲပါတယ်။ အဲ့တုန်းကငါလည်း အစွမ်းထက်တဲ့ဆရာတစ်ယောက်နဲ့တွေ့လို့ သူ့ကိုမိတ်ဆက်ပေးခဲ့မိတယ်။ သူဘာတွေဆက်လုပ်လဲတော့ ငါလည်းမသိဘူး။"
အရာရှိသည်သူမအား အရေပြားကိုဖြတ်ကာ အသည်းထဲဖောက်ဝင်သည်အထိ စူးစိုက်ကာ ကြည့်နေသည်။
"ဘယ်လိုဆရာလဲ။ ဘယ်လိုဆုံခဲ့ကြတာလဲ။ ခင်ဗျားအလုပ်ထွက်လိုက်တာက ဒီဆရာနဲ့ ဒါမှမဟုတ် လီချွင်းဟွာနဲ့ ပတ်သက်နေလား။"
"ငါတို့ သူ့ကို ဆရာဆွေ့လို့ခေါ်တယ်။ သူဘယ်ကလဲ ငါမသိဘူး။ ဒီတိုင်း လမ်းမှာဆုံကြတာ။" ကျောက်ချွင်ဖန့်သည် သွက်လက်စွာပြောလာသော်လည်း စကားလုံးများများစားစား ထုတ်မပြောလာပေ။ "ငါအလုပ်ထွက်တာက ဆရာညွှန်းပေးတဲ့ ထီလက်မှတ်ကိုဝယ်ပြီး ယွမ် ၁၅၀၀၀၀ ဆုပေါက်လို့ပါ။"
အရာရှိနှစ်ဦးသည် သူမထီပေါက်ခဲ့သည်အား မမျှော်လင့်ထားသည့်ကိစ္စတစ်ခုလို အချင်းချင်းပြန်ကြည့်နေကြ၏။
"ပုံမှန်အားဖြင့် ဆရာဆိုသူနဲ့ ဘယ်လိုဆက်သွယ်ကြလဲ။"
"မဆက်သွယ်ကြဘူး။ ဆရာကတွေ့ဖို့လိုအပ်ရင် သူ့ဘာသာလာရှာတယ်။" ကျောက်ချွင်ဖန့်သည် ခေါင်းခါပြလာပြီး ဆရာဖြစ်သူအကြောင်းပြောတိုင်း သူမ၏မျက်လုံးထဲ၌ ကြောက်ရွံ့မှုများကအတိုင်းသားပင်။
နံဘေးမှနားထောင်နေသောကျန်းလန်သည် ပို၍နားထောင်မိလေလေ ထိုဆရာသည် ထိုက်ဆွေ့ဖြစ်ကြောင်း ပိုသေချာလာလေလေဖြစ်၏။
သို့သော် ထိုက်ဆွေ့နှင့် ကျောက်ချွင်ဖန့်ကြားမှ ဆက်ဆံရေးအားသူမသိပါ။ ထို့အပြင်သူမသည်ယခင်က ထိုက်ဆွေ့ဖွင့်ထားသည့်စတိုးဆိုင်အကြောင်း တိုင်ကြားခဲ့ဖူးသည်။
ကျန်းလန်ချောင်းဟန့်ကာ တစ်ခုခုပြောချင်ကြောင်း လက်ထောင်ပြလိုက်၏။ "ရဲအရာရှိကြီးတို့၊ ကျွန်တော်ပြောစရာရှိလို့ပါ။"
အရဲရှိများကလှည့်ကြည့်လာသဖြင့် သူဆက်ပြောလိုက်သည်။ "မေလ ၄ ရက်နေ့က ရုံးခွဲဆီကို မစ်ကျောက်ချွင်ဖန့်ဆီက အမည်မသိဖုန်းခေါ်ဆိုမှုကနေတဆင့် ဝမ်ဟွားလမ်းပေါ်က 'ဆန္ဒပြုခြင်း' လက်ဝတ်ရတနာဆိုင်က အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းနဲ့ သူတို့ရဲ့အယူသည်းမှု လုပ်ငန်းစဥ်တွေက လူတွေအပေါ် ထိခိုက်စေတယ်လို့ တိုင်ကြားမှုကို လက်ခံခဲ့ရပါတယ်။"
ကျောက်ချွင်ဖန့်သည် ကြောက်လန့်တုန်ရီစွာနှင့် ထအော်၏။ "နင်လိမ်ပြောနေတာပဲ။ ငါ ငါဖုန်းလုံးဝမဆက်ခဲ့ဘူး။"
သူမအရှိုက်ထိသွားသည့်ပုံပင်။ ရဲအရာရှိများနားချသည်ကိုပင် သူမလက်မခံတော့သလို စကားလည်းမပြောလာချေ။
ကျန်းလန်က သူမအား လက်ညှိုးထိုးကာ ဆက်ပြောလိုက်သည်။ "အဲ့ဒီတုန်းက သူ့ဖုန်းကို ကျွန်တော်ကိုင်တာ၊ ပြီးတော့ ကျွန်တော်က အကြားအာရုံကောင်းလို့ သူ့အသံကိုမှတ်မိတယ်။ အရာရှိကြီးတို့မယုံရင် ရုံးကိုသွားပြီး အသံဖိုင်နားထောင်ပြီးမှ အတည်ပြုလို့ရတယ်။ မေလ ၄ ရက်နေ့မှမဟုတ်ဘဲ အရင်ရက်တွေကလည်း သူဖုန်းခေါ်ခဲ့သေးတယ်။ ဆရာဆွေ့ဆိုတဲ့လူက ဒီဆိုင်နဲ့တစ်ခုခု ပတ်သက်နေတာပဲဖြစ်ရမယ်။"
အရာရှိနှစ်ဦးသည် ဆရာဆွေ့ဟူသောလူမှာ ဂိုဏ်းဆရာတစ်ဦးဖြစ်ကာ ၎င်း၏နောက်တွင် လူတို့အားလှည့်ဖြားနေသည့် ဘာသာရေးဂိုဏ်းတစ်ခုရှိမည်ဟု ထင်လိုက်ကြသည်။ ကျောက်ချွင်ဖန့်က ရူးဟန်ဆောင်နေဆဲဖြစ်၍ အရာရှိနှစ်ဦးက ထရပ်ကာပြောလာ၏။ "ဖုန်းနံပါတ်နဲ့စတိုးဆိုင်ကို သွားစစ်ဆေးကြတာပေါ့။ အတည်ပြုပြီးမှ ခင်ဗျားဆီထပ်လာခဲ့မယ်။ ရဲတွေနဲ့ပူးပေါင်းပြီး အမှန်အတိုင်းထွက်ဆိုပေးဖို့ မျှော်လင့်ပါတယ်။"
အရာရှိနှစ်ဦးသည် ထိုမျှသာပြော၍ ထွက်ခွာသွားကြသည်။ ကျန်းလန်နှင့်ရွယ်မုန်တို့က ၎င်းတို့နောက်မှပါလာကြပြီး ကျောက်ချွင်ဖန့်က သူတို့နှစ်ဦးအား စူးစူးရဲရဲကြည့်ကာ ဆဲဆိုမောင်းထုတ်လေ၏။ သူတို့ထွက်သွားသည်နှင့် သူမလဲပြိုကျသွားပြီး အတော်ကြာသည်အထိ ခြေလက်များတုန်ရီနေခဲ့ပြီး ခက်ခက်ခဲခဲထရပ်၍ ဆိုဖာ၌ပြန်ထိုင်သည်။ သူမထိုင်ချလိုက်သည်နှင့် နံဘေးရှိဖုန်းကထမြည်၏။
ကျောက်ချွင်ဖန့် အံကြိတ်လိုက်မိပြီး အတန်ကြာအောင် အားယူပြီးမှ ချပစ်လိုက်သည်။ မကြာမီနောက်တစ်ကြိမ် ထပ်မြည်လာသဖြင့်သူမ အလန့်တကြားနှင့် ထပ်ချပစ်လိုက်ပြန်၏။ သုံးကြိမ်တိတိခေါ်ပြီးနောက် ခေါ်ဆိုမှုမှာရပ်နားသွားပြီး 'ဒင်းဒေါင်'သံနှင့်အတူ စာတစ်စောင်ရောက်လာသည်။
(ဒီည ၁၁း၃၀၊ သံမဏိတံတား ပင်လယ်ကွေ့ကိုလာခဲ့)
ကျောက်ချွင်ဖန့်အိမ်မှထွက်လာသည်နှင့် အရာရှိနှစ်ဦးသည် ရုံးခွဲ၏လိပ်စာကိုမေးကာ ဖုန်းနံပါတ်အားအတည်ပြုရန် ရုံးသို့တန်းသွားလေသည်။ ကျန်းလန်နှင့်ရွယ်မုန်တို့ကမူ စာရင်းကောက်ယူမှုအား ဆက်လုပ်ကြရမည်။
နှစ်ဦးသားလေးနာရီခွဲသည်အထိ ဆက်တိုက်အလုပ်လုပ်ကြပြီး ရုံးဆင်းချိန်အမီ ရုံးသို့ပြန်လာကြ၏။
ကျန်းလန်စားပွဲရှင်းပြီးနောက် စွမ်းနီအားအိတ်ထဲခုန်ဝင်စေ၍ ပြည်သူ့မြူနီစပယ်ဆေးရုံ၌ ဦးလေးယောင်အား အရင်ဝင်တွေ့ရန်သွားကြသည်။ ရွှယ်မုန်လည်း သူနှင့်အတူပါလာ၏။ သူတို့နှစ်ဦးသည် ဘတ်စ်ကား၏ နောက်ဆုံးတန်း၌ နေရာယူထားကြပြီး ရွှယ်မုန်သည် အတော်ကြာအောင် ထိန်းချုပ်ထားပြီးမှ သည်းမခံနိုင်တော့ဟန်နှင့် အသံတိုးတိုးလေးဖြင့် မေးလာသည်။ "သေသွားတဲ့လူတွေက အိမ်မက်ထဲမှာ ဟိုရုပ်ထုဆီ ဆန္ဒပြုမိကြတဲ့လူတွေလား။"
သူတစ်လမ်းလုံး ထိုကိစ္စကိုသာ တွေးမိနေခြင်းပင်။ မနက်ကကျန်းလန်ပြောသည့် စကားများကိုကြားစဥ်၌ သရဲနှင့်နတ်ဘုရားများအပေါ် သူသံသယစိတ်ဖြစ်လာ၏။ ကျောက်ချွင်ဖန့်အိမ်မှစကားဝိုင်းသည် သူ့သံသယများအား တစ်ဝက်ခန့်အတည်ပြုပေးနိုင်ခဲ့သည်။
သူ၏အိမ်မက်နှင့် ရုပ်ထုတို့မှာ အစစ်ဖြစ်ရမည်။
ထိုကမ္ဘာပေါ်တွင် အမှောင်ထဲ၌ပုန်းကွယ်နေသော နတ်ဆိုးနှင့်မကောင်းဆိုးဝါးများ အမှန်တကယ်ရှိနေသည့်သဘောပင်။
နတ်ဆိုးနှင့်မကောင်းဆိုးဝါးများ အမှန်တကယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ 'မသေချင်ရင် မလုပ်နဲ့'ဟူသည့်ဆိုရိုးမှာ အမှန်ဖြစ်ပုံရ၏။
"မင်းထင်တာမှန်တယ်။"
သူသည်ကျန်းလန်အား မည်သည့်အတွေးမျိုးတွေးနေမှန်း မသိနိုင်သော မျက်လုံးတောက်တောက်များနှင့် ကြည့်လာသည်။ သူ၏မျက်နှာအမူအရာအရ ဘတ်စ်ကားပေါ်၌သာမဟုတ်ပါက ကျန်းလန်အား ပခုံးကိုရိုက်၊ ပေါင်ကိုဆုပ်ကိုင်ကာ သူသိသမျှအား ထုတ်ပြောလာလိမ့်မည်။
ယခုလက်ရှိသူ့မျက်လုံးထဲ၌ ကျန်းလန်သည် ဗုဓ္ဒဘာသာဝင်ဘုန်းတော်ကြီးလိုလို ရာထူးကြီးကြီးအကောင်တစ်ကောင်လိုလို နေရာ၌ရှိနေသည်။
ရွှယ်မုန်က ကျန်းလန်၏လက်အား ဆတ်ခနဲဆွဲကိုင်၍ ခံစားချက်အပြည့်နှင့်ပြောလာ၏။ "အဖေရာ၊ အခုကစပြီး ငါကမင်းရဲ့သားလုပ်တော့မယ်။ ချမ်းသာသွားရင်လည်း အချင်းချင်းမမေ့သွားကြေး။"
ကျန်းလန် ရယ်ရခက်ခက်၊ ငိုရခက်ခက်နှင့် သူ့လက်အားရိုက်ကာ ရုပ်တည်နှင့်ပြောလိုက်သည်။ "ဖယ်စမ်း၊ ငါ့မှာမင်းလိုရုပ်ဆိုးတဲ့ သားမျိုးမရှိဘူး။"
ပြည်သူ့မြူနီစပယ်ဆေးရုံသည် အလွန်နီးသဖြင့် ကျန်းလန် ဘတ်စ်ပေါ်မှ အရင်ဆင်းရသည်။
ဦးလေးယောင် ဆေးရုံတက်နေသည်မှာ သုံးရက်ရှိလေပြီ။ ကျန်းလန်အလုပ်ဝင်ပြီးနောက် ယောင်ရှောင်ဟေးက ဦးလေးယောင်အား စောင့်ရှောက်ပေးနေသည်။ ရှောင်ဟေးသည် လူ့အသိုင်းအဝိုင်းနှင့် အသားမကျသေးသူဖြစ်၍ ပြဿနာရှာမိမည်ကိုစိုးရိမ်သဖြင့် အချိန်ရသည်နှင့်လာကြည့်ခြင်းပင်။
ကျန်းလန်သစ်သီးတစ်ခြင်းဝယ်ကာ ဦးလေးယောင်၏ လူနာဆောင်အရောက်၌ ဦးလေးယောင်သည် ဖတ်စာအုပ်တစ်အုပ်နှင့် ရှောင်ဟေးအား စာဖတ်တတ်အောင်သင်ပေးနေပြီး အဖိုးနှင့်မြေးတို့မှာ ဝမ်းသာပျော်ရွှင်နေကြသည်ကို တွေ့လိုက်ရသည်။
ရှောင်ဟေးသည်လူအသွင်ယူထားသော်လည်း ကျောင်းမနေဖူးသဖြင့် စာမဖတ်တတ်ပါ။ ဦးလေးယောင်ကမူ အလယ်တန်းကျောင်းဆရာလုပ်ခဲ့သူဖြစ်၍ ထိုလူလေး စာမတတ်ကြောင်း တစ်ချက်ကြည့်ရုံနှင့်သိပြီး အိမ်ပြန်၍ပုံနှိပ်စာအုပ်ယူစေကာ စာဖတ်တတ်အောင် သင်ပေးနေ၏။
ကျန်းလန်လူနာလာကြည့်သောခါ ဦးလေးယောင်သည် ပွစိပွစိလုပ်တော့သည်။ "ကျန်းလန်၊ ငါ့ကိုရှောင်ဟေးအကြောင်းလေးပြောပြပါဦး။ ဒီအရွယ်ကလေးက စာတော့တတ်သင့်တာပေါ့။ ငါသူ့ကို ကိုးနှစ်တာပညာရေး (မှတ်ချက်။ အစိုးရမှမတက်မနေရ သတ်မှတ်ထားသောပညာရေး) တက်ခဲ့လားမေးတော့ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။"
ရှောင်ဟေးက ကျန်းလန်အား မှိတ်တုတ်မှိတ်တုတ်မျက်လုံးများနှင့် အကူအညီတောင်းလာ၏။
ကျန်းလန်ပြုံးကာ သူ့အစား ဖာထေးပေးရတော့သည်။ "သူကမိဘမဲ့လေ။ မွေးတာကလည်းအရမ်းခေါင်ပြီးနွမ်းပါးတဲ့ တောင်ပေါ်ရွာမှာ။ သူမူကြိုတောင်မတက်ရဘဲ ငယ်ငယ်လေးနဲ့ အလုပ်ထွက်လုပ်ရတာပဲ။"
ရှောင်ဟေးက ခပ်သွက်သွက်ခေါင်းငြိမ့်ပြလာသည်။ "ဟုတ်တယ်။"
ဦးလေးယောင်သည် အထွန့်မတက်တော့ဘဲ စိတ်မကောင်းစွာပြောလာ၏။ "သြော်၊ ဘာမှမဖြစ်ပါဘူးကွယ်။ ငါမင်းကိုအစကနေ သင်ပေးနိုင်ပါတယ်ကွ။"
ရှောင်ဟေးက ဝမ်းသာအားရပြုံးပြနေပြီး သူသည်အမှန်ပင် ဇနပုဒ်မှလာသည့် အရူးလေးနှင့်တူနေသည်။
ကျန်းလန်လူနာဆောင်၌ ခဏထိုင်ပြီးရှောင်ဟေး၏ အနာဂတ်အစီအစဥ်အား တီးခေါက်ကြည့်သောအခါ ရှောင်ဟေးသည် ဦးလေးယောင်ဆေးရုံဆင်းသည်နှင့် အလုပ်ရှာမည့်အကြောင်း ပြောပြလာ၏။ ရှောင်ဟေးသည် မလည်မဝယ်ဆိုသော်ငြား အတွက်အချက်မဆိုးရှာ။
"သခင်ကအခုစာသင်ပေးနေပြီဆိုတော့ စာဖတ်လို့တတ်တာနဲ့ အစားအသောက်လိုက်ပို့မယ်။"
သူ့တွင် ပညာအရည်အချင်းနှင့် အလုပ်အတွေ့အကြုံမရှိပါ။ အခြေအနေအရ အစားအသောက်ပို့သည့်အလုပ်သာ သူရွေးချယ်ရလိမ့်မည်။ သူ့ဝမ်းရေးသူဖြေရှင်းနိုင်မည့်အပြင် ဦးလေးယောင်ကိုလည်း အလွယ်တကူစောင့်ရှောက်နိုင်မည်ဖြစ်၏။
"ဒါဆိုငါမင်းကို လျှပ်စစ်ကားဝယ်ပေးမယ်။" ကျန်းလန်အားတက်သရောပြောလိုက်သည်။
ရှောင်ဟေးကရှက်ရွံ့စွာနှင့် ခေါင်းအားကုတ်လျက်ပြောလာ၏။ "ဦးလေးယောင်က လျှပ်စစ်ကားနဲ့ဖုန်းဝယ်ဖို့ သူငွေထုတ်ချေးထားမယ်၊ ငွေရှာပြီးမှပြန်ပေးပါတဲ့။"
ဦးလေးယောင်၏ရည်ရွယ်ချက်အား သူမလွန်ဆန်ချင်သဖြင့် ကျန်းလန်သူနှင့်စကားခဏပြောကာ ထပြန်လာခဲ့တော့သည်။ အပြန်၌အစားအသောက်များဝင်ယူပြီးမှ အိမ်သို့ရောက်၏။
ယနေ့ညစာမှာ အောက်ထပ်၌ အသစ်စက်စက်လာဖွင့်ထားသောဆိုင်မှ ဝက်လက်ထမင်းဖြစ်သည်။ ဝက်လက်သည် ငံကျိကျိ၊ကြွပ်ရွရွနှင့် နူးအိနေ၏။ ကျန်းလန်ထမင်းစားရင်း ယခင်ကထွက်ပြေးသွားခဲ့သည့် ထိုက်ဆွေ့အကြောင်း ခေါင်းထဲရောက်လာသည်။
သူ့အတွက်အရသာရှိသော အစားအသောက်များသည် လျှာစည်းစိမ်ခံရုံမျှသာဖြစ်ပြီး ဗိုက်ပြည့်သည်အထိစားမည်ဆိုပါက ထိုက်ဆွေ့ကအကောင်းဆုံးရွေးချယ်မှုပင်။ ကျန်းလန်သတိပင်မထားမိဘဲ အလေးအနက်ခွဲခြမ်းစိတ်ဖြာနေမိသည်။
ယင်းချောင်၏သူဌေးသည် ထိုအမှုအားလိုက်နေသူဖြစ်သော်ငြား ကျန်းလန်၌မူသဲလွန်စများစွာရထားပြီး ကျောက်ချွင်ဖန့်ကိစ္စကိုပါ သိရှိခဲ့ရသဖြင့် ထိုသဲလွန်စများကိုသုံးကာ ထိုက်ဆွေ့အားရှာနိုင်လိမ့်မည်။ သူသာလက်ဦးမှုယူနိုင်ပါက ထိုက်ဆွေ့အားသူစားလိုက်သည်အကြောင်း မည်သူကမှရိပ်မိမည်မဟုတ်ပါ။
ပြဿနာမှာ ယခုတစ်ခေါက်၌ထိုက်ဆွေ့အား အရသာခံကာမစားလိုဘဲ တစ်လုတ်တည်းမျိုချပစ်ချင်ပြီး ယင်းချောင်၏သူဌေးရှာတွေ့နိုင်စေရန် အကြွင်းအကျန်အချို့ ထားရှိပေးရန်လိုအပ်နေခြင်းပင်။
သူတွေးလေလေ ထိုကိစ္စမှာပို၍လွယ်ကူလာလေလေဖြစ်၏။ ညစာစားပြီးနောက် စွမ်းနီအတွက်သစ်သီးနှင့် မုန့်အချို့ပြင်ပေးကာ ကျောက်ချွင်ဖန့်အိမ်သို့ သူထွက်လာခဲ့သည်။
ကံကိုစမ်းသပ်ရမည်။ နေ့ဖက်ကကျောက်ချွင်ဖန့်၏ အပြုအမူများအရ သူမနှင့်ထိုက်ဆွေ့ကြား ဆက်စပ်မှုရှိနေသည်မှာသေချာပြီး သူမအကူအညီတောင်းရန် သွားရှာမည်မှာမလွဲပေ။
အိမ်ရာ၏အပြင်ဖက်ရှိ ပန်းခင်းထဲ၌သူဝင်ထိုင်လိုက်ပြီး ပန်းပင်များ၊သစ်ပင်များအားအရိပ်ခိုကာ ကျောက်ချွင်ဖန့်၏ပြတင်းအား သူစောင့်ကြည့်နေလိုက်သည်။
၁၀း၃၀ ခန့်တွင် အခန်းမီးပိတ်သွားပြီးနောက် ကျောက်ချွင်ဖန့်သည် ခေါင်းငိုက်စိုက်နှင့်ဂိတ်တံခါးဆီ လျှောက်လာနေ၏။
ကျန်းလန်တက်တက်ကြွကြွဖြင့် သူမနောက်မှတိတ်တဆိတ်လိုက်ပါလာသည်။
.........................................
ဟန်ယန်းလမ်း၊ တောက်ပြောင်လှသော အဝါရောင်ဖာရာရီကားလေးသည် လမ်းဘေး၌ရပ်လိုက်၏။
ယာဥ်မောင်းခုံမှလူငယ်လေးသည် သံလိုက်အိမ်မြှောင်အားကိုင်ထားလျက် ဆဲဆိုနေသည်။ "နွားနှာခေါင်းနဲ့ကောင်တွေလုပ်လိုက်သမျှ ယုံကြည်လို့ရတာကိုမရှိဘူး။ အခုလည်းပတ်နေပြန်ပြီ၊ ဘယ်တွေပတ်နေတာလဲကွာ။"
သူတို့ ထိုက်ဆွေ့အားဖမ်းရန်လာခဲ့ကြခြင်းဖြစ်ပြီး ထိုက်ဆွေ့သည်နှစ်ပေါင်းများစွာ ကျင်လည်လာသူပီပီ သူ၏ကောက်ကျစ်သောသန္ဓေအပြင် ထိုက်ဆွေ့မျိုးနွယ်တို့၏ ကြီးကျယ်သောကံဇာတာအရ သူ့အားသာမန်နည်းလမ်းများသုံးကာ ရှာ၍မတွေ့နိုင်ပါ။ ထိုက်ဆွေ့အားခြေရာခံရန် ရင်းနှီးသည့် အထူးစီမံခန့်ခွဲရေးဌာနရှိ တာအိုဘုန်းတော်ကြီးတစ်ပါးထံမှ နောက်ယောင်ခံသံလိုက်အိမ်မြှောင်အား ချန်ဟွားငှားယူခဲ့ရသည်။ ထို့အပြင် ထိုက်ဆွေ့အားရှာဖွေရန် အခွင့်အလမ်းပိုများစေရေးအတွက် ထိုက်ဖန်းဆီမှ ကောင်းချီးဆံနွယ်အချို့ပင် တောင်းယူခဲ့ရသေး၏။
အစ၌အရာရာအဆင်ပြေနေသော်လည်း သံလိုက်အိမ်မြှောင်သည် မမျှော်လင့်ဘဲလမ်းတစ်ဝက်၌ ဖောက်လာတော့သည်။ညွှန်တံသည်အရပ်မျက်နှာအားလုံးသို့ ပတ်လည်ညွှန်ပြနေသဖြင့် ချန်ဟွားလက်သီးယားနေလေပြီ။
ကားနောက်ခန်းမှယင်းချောင်ကမူ မှန်တံခါးကိုလက်နှင့်ခေါက်ရင်း မျက်လုံးမှိတ်ကာတွေးနေပြီးနောက် ပြောလာ၏။ "ဆက်သွား၊ သံမဏိတံတားပင်လယ်ကွေ့ကို ရောက်တဲ့အထိသာမောင်း။"
ချန်ဟွားကသံလိုက်အိမ်မြှောင်အား စိတ်ဆိုးမာန်ဆိုးနှင့်ဘေးသို့ပစ်ပေါက်လိုက်ပြီး ပြောလာ၏။ "စောစောပြောပေါ့ကွာ။ အခုတော့ဒီသံလိုက်အစုတ်နဲ့ ပြဿနာတက်နေရင်း အချိန်ကုန်နေပြီ။"
သူလီဗာအားနင်းကာ အရှိန်မြန်မြန်နှင့် သံမဏိတံတားပင်လယ်ကွေ့ဆီ မောင်းလာသည်။
သံမဏိတံတားအိမ်ရာအား ပင်လယ်ကွေ့ဟုသမုတ်ကြသော်လည်း အမှန်၌ ၎င်းသည်ဆောက်၍မပြီးစီးခဲ့သော အဆောက်အဦးတစ်ခုသာသာပင်။ မူလကထိုအိမ်ရာသည် အိမ်ခြံမြေကုမ္ဂဏီတစ်ခု၏ ကြော်ညာရုံးအဖြစ်တည်ဆောက်ခဲ့သော်လည်း ဆောက်လုပ်ရေးစသည်နှင့် လုပ်ငန်းခွင်အတွင်း မတော်တဆမှုများဆက်တိုက်ဖြစ်ကာ အိမ်ခြံမြေကုမ္ပဏီသည် ဒေဝါလီခံသွားရ၏။ မူလကထိုအိမ်ရာအား နယ်မြေချဲ့ထွင်သူသည် သံမဏိတံတားအိမ်ရာဟုသာ ကြေညာခဲ့သော်လည်း မြေမျက်နှာသွင်ပြင်မှာအလွန်နိမ့်သဖြင့် မိုးရွာပါက ရေအလွန်အကျွံဝပ်သည့်မြေနေရာမျိုးပင်။ အချိန်ပြောင်းရွေ့လာသည်နှင့်အမျှ ထိုအိမ်ရာအား သံမဏိတံတားပင်လယ်ကွေ့ဟုသာ ခေါ်ဆိုကြတော့သည်။
သံမဏိတံတားအိမ်ရာ၌ ခေတ်ဟောင်းစတိုင်အိမ်များအပြည့်ရှိနေဆဲပင်။ မူလနေထိုင်သူများမှာ ပြောင်းရွေ့ကုန်ကြပြီဖြစ်၍ ပြုပြင်မွမ်းမံခြင်းမခံရသည့် အိမ်အလွတ်ကြီးများသာကျန်ခဲ့တော့သည်။ ညဖက်ရောက်သောအခါ အနက်ရောင်ပြတင်းပေါက်များသည် ဟထားသည့်ပါးစပ်ပေါက်များနှင့်တူပြီး ထိုအမှောင်ထုထဲ၌ သရဲတစ္ဆေနှင့် မကောင်းဆိုးဝါးများမည်မျှ ပုန်းကွယ်နေမည်ကို မည်သူမှ မှန်းဆနိုင်မည်မဟုတ်ပေ။
ခေတ်ဟောင်းစတိုင်အိမ်များကြား ပတ်သွားနေသည့် ကျောက်ချွင်ဖန့်နှင့်မလှမ်းမကမ်း၌ ကျန်းလန်ရှိနေပြီး သူမအထိတ်တလန့်နှင့်ဘေးဘီကိုအကဲခတ်ကာ ကြောက်ကြောက်နှင့်ဒူးထောက်ချလိုက်သည်ကို ကျန်းလန်တွေ့နေရသည်။
"ကျွန်မရောက်ပါပြီ သခင်၊ ကျွန်မကိုလွှတ်ပေးပါတော့။ ပိုက်ဆံတွေလည်းပြန်ပေးပါ့မယ်။ ကျွန်မမလိုချင်တော့ဘူး....."
သူမ၏ညှိုးငယ်စွာ အသနားခံနေသည့်အသံသည် ညကောင်းကင်ယံအထိ ပဲ့တင်ထပ်နေကာ သူမ၏အရှေ့မှ အနက်ရောင်အဆောက်အဦးဆီမှ အရိပ်များတိုးထွက်လာနေပြီး အတန်ငယ်ကြာမှ လက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်ဖြစ်သူ ခပ်ဝဝ၊အသားဖြူဖြူနှင့် လူကြီးထွက်လာ၏။
ကျန်းလန်အသက်ကိုပင်ထိန်းရှူရင်း အာရုံစိုက်၍မှောင်ရိပ်ခိုကာ ထိုလူအား စူးစူးရဲရဲစိုက်ကြည့်နေမိသည်။
ထိုလူသည် ယခင်ထက်ပင် ပိုဝလာပြီး ခန္ဓာကိုယ်သည် လူသားသဏ္ဍာန်ရှိသည့်တိုင် ရေဖြည့်ထားသည့်ပူဖောင်းတစ်လုံးကဲ့သို့ ပျော့အိအိနှင့်ဖောင်းကားနေ၏။ သူလမ်းလျှောက်လိုက်တိုင်း အသားစိုင်များက ဘယ်ညာရမ်းခါနေသည်။ သူသည် ကျောက်ချွင်ဖန့်ဆီ နှေးဖင့်စွာလျှောက်လာနေပြီး ခန္ဓာကိုယ်အားလိမ်ဖယ်၍ ရှည်မျောမျောဖြစ်လာပြီးနောက် ခါးကုန်းကာသူမအားငုံ့ကြည့်လာ၏။
"မင်းရဲ့ဆန္ဒကပြည့်ပြီပဲ။ အခုတန်ရာတန်ကြေးပေးဖို့ အချိန်ကျပြီ။"
ကျောက်ချွင်ဖန့်က ရုတ်တရက်ရှည်လျားသွယ်လျလာသည့် သူ့အားကြည့်ကာ ကြောက်ရွံ့မှုကြောင့် မျက်လုံးများပြုတ်ထွက်မတတ် ပြူးကျယ်လာသော်လည်း အသံမထွက်နိုင်အောင် ကြောက်နေပုံရသည်။
ထိုက်ဆွေ့ကသူမအားပြုံးပြကာ လက်ကိုနောက်ကျောဆီပို့၍ ဆန့်ထုတ်လိုက်၏။အဝတ်ချွတ်သလို လူ့အရေခွံအားရှေ့နောက်ခွာချလိုက်သောအခါ သူ၏မျက်နှာအသွင်အပြင်များမပါသည့် အနီအဖြူစပ်ကြား အသားတုံးကြီးများသာပေါ်လာသည်။
"ဒီခန္ဓာကိုယ်ကို မလိုအပ်တော့ဘူး။"
ကျောက်ချွင်ဖန့် သူမအရှေ့မှ လူ့အရေခြုံမကောင်းဆိုးဝါးအားကြည့်ကာ မျက်လုံးသူငယ်အိမ်များ လှုပ်ခါလာပြီးမျက်ဖြူဆိုက်၍ မေ့မြောသွားတော့သည်။
အဝေး၌ပုန်းနေသည့်ကျန်းလန်ပင် ထိုမြင်ကွင်းကြောင့် အသံပင်မထွက်နိုင်တော့သည်အထိ ထိတ်လန့်သွားခဲ့၏။
ထိုက်ဆွေ့ဟူသည့် လူသားပုံသဏ္ဍန်နှင့် အနီအဖြူစပ်ကြား ဝက်ဗိုက်သားတုံးကြီးကိုကြည့်ကာ ကျန်းလန်ဒေါသထွက်စွာနှင့် သူ့လက်သူကိုက်မိသည်။ ထိုက်ဆွေ့၏ခန္ဓာကိုယ်သည် သွေးနှင့်အငြှိုးအတေးများဖြင့်သာဖွဲ့စည်းထားပြီး အသားဟူ၍မရှိချေ။
အလွန်လှမ်းနေသည့်တိုင် သူ့ခန္ဓာကိုယ်ပေါ်မှ စာရိတ္တပျက်ပြားမှု အငွေ့အသက်များအား ကျန်းလန်အာရုံခံမိနေသည်။
စာရေးသူမှတ်ချက်
ကျန်းလန် - "ငါ့ရဲ့စားစရာလေးကတော့ ဒိတ်ကုန်သွားရှာပြီ။"
ထိုက်ဆွေ့ - "ဒီဖေ..."