အပိုင်း ၁၀
ရွှယ်မုန် အိပ်ရာနိုးလာသောအခါ ခေါင်းတရိပ်ရိပ်မူးကာ မီတာရှစ်ရာပြေးထားရသလို နုံးချိအားနည်းနေသည်။
ဖုန်း၌တပ်ဆင်ထားသည့် နှိုးစက်သည် အဆက်မပြတ်မြည်နေပြီး ကြက်တွန်သံမှာ နားစည်ထဲအထိ လာရိုက်ခတ်နေ၏။ ရွှယ်မုန်ထထိုင်ကာ နှိုးစက်ပိတ်လျက် နားကိုလက်နှင့်ထိုးကလော်ပြီး ဖုန်းကိုနံဘေးသို့ ပြန်ပစ်ချလိုက်သည်။
ဖုန်းသည်ကုတင်နံဘေးမှ စားပွဲပေါ်ဒေါက်ခနဲသွားကျပြီး စက္ကန့်ပိုင်းအကြာတွင် သူ့အခန်း၌မဟုတ်မှန်း ရွှယ်မုန်သဘောပေါက်လိုက်၏။
သူနဖူးကိုပွတ်ရင်း ထရပ်ရန်ပြင်လိုက်စဥ် ကျန်းလန်အခန်းထဲဝင်လာသည်။ ကျန်းလန်သည် ညအိပ်ဝတ်စုံ ဝတ်ထားဆဲဖြစ်ပြီး သူ့အိတ်ကပ်ထဲမှ ကြောင်ကလေးသည် ခေါင်းကလေးပေါ်ရုံနှင့် အိပ်မောကျနေ၏။
"နိုးပြီလား၊ မနေ့ကမင်းအရမ်းမူးနေလို့ ငါ့အိမ်ကိုခေါ်လာလိုက်တာ။"
ရွှယ်မုန် ဦးနှောက်အား ပြင်းပြင်းထန်ထန်အလုပ်ပေးပြီးမှ မနေ့ကကိစ္စများကို ပြန်သတိရသည်။ "မင်းကိုဒုက္ခပေးမိသွားတာပဲ။"
"ဘာမှမဖြစ်ပါဘူး။ သွားတိုက်တံနဲ့ မျက်နှာသုတ်ပုဝါ ထုတ်ပေးထားတယ်။ မြန်မြန်ထပြီး ရေချိုးလိုက်။ ငါမနက်စာပြင်ထားမယ်။"
မနက်ကိုးနာရီ ရုံးတက်ရမည်ဖြစ်၍ ရွှယ်မုန်နာရီကြည့်ကာ ကမန်းကတန်း ထပြေးတော့သည်။
မှန်ထဲမှ သူ့မျက်နှာထက်၌ ပန်ဒါကဲ့သို့ အနက်ရောင် ကွင်းနှစ်ကွင်းရှိနေ၏။ ညကလည်း နတ်ဘုရားတစ်ပါးအား လူများစွာက ဒူးထောက်ပူဇော်၍ ဆန္ဒပြုနေကြသည့် ထူးဆန်းသော အိမ်မက်အားမက်ခဲ့သည်။ ထိုနတ်ဘုရားရုပ်ထုသည် ကောက်ကျစ်သည့်အသွင်ရှိကာ သူ့အားဆက်သွယ်ပြောဆိုလာ၏။ အိပ်မက်ထဲတွင် သူဆန္ဒအားထုတ်မပြောမိခင် ဘာလုပ်ရမှန်းမသိဖြစ်နေချိန်၌ လာရောက်ကယ်တင်သူမှာ ကျန်းလန်ဖြစ်နေသည်။
ကျန်းလန်နှင့်ရုပ်ထုတို့အကြား မည်သူအနိုင်ရခဲ့သည်ကိုမူ သူမသိပါ။ ရွှယ်မုန်သွားတိုက်ရင်း အတွေးများနေရ၏။
သူရေချိုးခန်းဝင်နေစဥ် ကျန်းလန်က ဖက်ထုပ်နှစ်ပွဲပြင်ကာ သူ့အား မနက်စာစားရန်လာခေါ်သည်။ ရွှယ်မုန် ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး ဖက်ထုပ်အား ပလုတ်ပလောင်းစားရင်း သူ့အိမ်မက်အကြောင်း ပြန်ပြောပြနေ၏။
"..... မင်းမသိပါဘူး။ အိမ်မက်ကတကယ်လက်တွေ့နဲ့တူလွန်းလို့ ငါအသေးစိတ်မှတ်မိနေတာ။ ကြက်သီးထစရာကြီး။ အိမ်မက်ဖြစ်နေလို့ပေါ့....."
ရွှယ်မုန်က ဖက်ထုပ်အားတစ်လုတ်ကိုက်ကာ အိပ်မက်အကြောင်း ပြန်တွေးနေသည်။
ကျန်းလန်ရေနွေးခွက်အားကိုင်၍ ရွှယ်မုန်ကိုစိုက်ကြည့်ကာ မေးလိုက်၏။ "အိမ်မက်ကအစစ်မဟုတ်မှန်း မင်းဘယ်လိုသိတာလဲ။"
"မင်း မနက်အစောကြီး ဒီလိုကြက်သီးထစရာတွေမပြောနဲ့။" ရွှယ်မုန်လန့်ကာ ပန်းကန်အားတွန်းမိသဖြင့် စွပ်ပြုတ်ရည်အချို့ပင် လျှံကျကုန်၏။
ပြီးနောက် တစ်ရှူးကြုပ်ဆီ လက်လှမ်းလာပြီး ရုတ်တရက်ရပ်ကာ သူ့လက်ကောက်ဝတ်အား ကြည့်၍မေးလာသည်။ "ငါ့လက်ကောက်ကရော။"
ညစာစားသည့်အချိန်ကပင် လက်ကောက်သည် သူ့ဘယ်ဖက်လက်၌ ရှိနေခဲ့သေး၏။
"လက်ကောက်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့ အာဏာပိုင်တွေဆီ အပ်လိုက်ပြီ။"
ရွှယ်မုန်သည် သူ့လက်ကောက်ဝတ်အား ကြည့်လိုက် ကျန်းလန်ကိုကြည့်လိုက်နှင့် အိမ်မက်ထဲမှ ရုပ်ထုအကြောင်း ပြန်တွေးကာ မျက်နှာပျက်လာတော့သည်။
"မင်းရောညက အိမ်မက်မမက်ဘူးလား။"
ကျန်းလန်ကရေခွက်အား ပြန်ချကာပြောလာ၏။ "မှန်းကြည့်လေ။'"
ရွှယ်မုန်မှာပြန်ဖြေချင်သည့်တိုင် အခြေအနေမှာထူးခြားလွန်းနေ၍ သူမတွေးတတ်ပေ။ ပုံမှန်အားဖြင့် ဝတ္ထုစာအုပ်များထဲတွင် သူနှင့်အခြေအနေချင်းတူသည့် ဇာတ်ကောင်များသည် များမကြာမီ၌လာမည့် အခန်းဆက်များတွင် နတ်ဆိုး၏အစာအဖြစ်နှင့် အဆုံးသတ်သွားလေ့ရှိသည်။ ရွှယ်မုန် နတ်ဆိုးအစားမခံချင်ပါ။ သူဇာတ်လမ်းအဆုံးထိ အသက်ရှင်ချင်မိ၏။
'ဘာမှမသိတာက အားလုံးကိုသိခြင်းပဲ' ဟူသည့်စကားအတိုင်း မသိသည့်အရာကို မသိသည့်အတိုင်း ဆက်ထားခြင်းက ပိုအကျိုးရှိလိမ့်မည်။
မနက်စာစားပြီးနောက် ရွှယ်မုန်က ပန်းကန်ဝင်ဆေးကာ နှစ်ဦးသားအလုပ်သို့ ထွက်လာကြသည်။
စွမ်းနီအားမနေ့ကပင် အားလုံးလက်ခံပေးကြသဖြင့် ကျန်းလန် သူ့အား ပေါ်တင်ခေါ်လာခဲ့တော့၏။
သူတို့က အလုပ်ချိန်ထက် ငါးမိနစ်သာစော၍ ရုံးသို့ရောက်ကြသည်။ ဦးလေးကျိုးမှာ လက်ဖက်ရည်ဖျော်ပြီးသလို ရှောင်းရှောင်ယွီမှာလည်း မိတ်ကပ်အဖွေးသား လိမ်းထားပြီးဖြစ်၏။
ကျန်းလန်ရုံးခန်းထဲဝင်လိုက်သည်နှင့် ဦးလေးကျိုးက လက်ယပ်ခေါ်ကာ ကြိမ်ပင်ဖြင့်ရက်လုပ်ထားသော ကြောင်အိမ်ကလေး ထုတ်ပေးလာသည်။ "မင်းအတွက်။"
ကြောင်အိမ်ကလေးသည် လုံးရှည်ပုံသဏ္ဍာန်ရှိကာ အထဲ၌နူးညံ့သည့် ကောက်ရိုးဖျာအား ခင်းထား၏။ စွမ်းနီအတွက်လုံးဝ အံကိုက်ပင်။
"ကျေးဇူးတင်ပါတယ် ဦးလေးကျိုး။"
ကျန်းလန်အမှန်ပင် အံ့သြသွားရသည်။ ကြောင်အိမ်ကလေးသည် ရိုးရှင်းလှသော်လည်း ကိုင်ကြည့်လိုက်သည်နှင့် Taobao မှဝယ်သည့်ပစ္စည်းထက် အရည်အသွေးအဆမတန်ကောင်းသည်ကို ခံစားနိုင်၏။
"ငါကိုယ်တိုင်လုပ်ထားတာမလို့ ဘာမှတန်ဖိုးမများပါဘူးကွာ။ မင်းကြောင်လေးသဘောကျရင် ငါထပ်လုပ်ပေးဦးမယ်။"
ကျန်းလန် 'အာ...' ဟုသာအာမေဋိတ်သံပြု၍ ကြောင်အိမ်အားပြတင်းပေါက်အောက်၌ နေရာချထားလိုက်သည်။ ပြတင်းပေါက်ကနေ မနက်ခင်းအလင်းရောင်တိုးဝင်လာသည်နှင့် ဝါနုနုကြောင်အိမ်အား နွေးထွေးမှုများ လွှမ်းခြုံသွားတော့၏။
ကျန်းလန်ပင် အသိပေးစရာမလိုဘဲ စွမ်းနီသည် သူ့အိတ်ထဲမှခုန်ထွက်၍ ကြောင်အိမ်ပေါ် ခုန်တက်သွားသည်။ ကြောင်အိမ်အား သဘောတကျနှင့် ငုံ့ကြည့်ပြီးနောက် အထဲသို့ဝင်သွားပြီး ခန္ဓာကိုယ်ကို ဘောလုံးလိုလှိမ့်ကာ အမြှီးတယမ်းယမ်းနှင့် တမြောင်မြောင်အသံပေးလာ၏။
ရှောင်းရှောင်ယွီက ဘေးကနေပြုံးကြည့်နေပြီး သူ့အိတ်ထဲမှ အသားခြောက်ထုပ်အား ဆွဲထုတ်၍ ကြောင်အိမ်ထဲ ထည့်ပေးလာသည်။ "ဒီမှာ ကလေးအတွက်ဝယ်လာခဲ့တာ။"
စွမ်းနီမနေ့က အငမ်းမရစားခဲ့သည့် အသားခြောက်တံဆိပ်ပင်။ စွမ်းနီဝမ်းသာအားရနှင့် အပြင်ပြန်ထွက်ကာ သူမ၏လက်ဖဝါးအား ခေါင်းကလေးနှင့်ပွတ်သပ်လာ၏။
သို့သော် ရှောင်းရှောင်ယွီ သူ့အားဆွဲမဖက်ခင် ဦးလေးကျိုးဆီသို့အရင်ပြေးကာ ခြေဖျားထောက်ရပ်၍ ဒူးခေါင်းအား လက်လေးနှစ်ဖက်နှင့်ပုတ်ကာ ကျေးဇူးတင်စကားပြောနေသည့်အလား 'မြောင်၊မြောင်' နှစ်ကြိမ်အသံပေးလာသည်။
ဦးလေးကျိုးသည် ထိုမြောင်၊မြောင်အား အဓိပ္ပါယ်မပြန်တတ်သည့်တိုင် သူ့အားဆွဲချီကာ ပွတ်သပ်ရင်း အနွှာခံထားရသည့် လိမ္မော်သီးခွံကြီးလို မျက်နှာအရေးအကြောင်းများပေါ်သည်အထိ ပြုံးရယ်နေ၏။ ပြီးနောက် အိတ်ကပ်ထဲလက်နှိုက်ကာ ဘာမှန်းမသိရသည့် အထုပ်တစ်ထုပ်အား ထုတ်ပေးလာသည်။
"အရမ်းလိမ်မာတဲ့ကလေးမလို့ နောက်ထပ်ဆုချရမှာပေါ့။"
စွမ်းနီဦးလေးကျိုးအား အမြှီးနှံ့ပြကာ တစ်ပတ်ပတ်ပြီးနောက် ထိုအသားခြောက်ထုပ်အား ပါးစပ်နှင့်ကိုက်၍ ကြောင်အိမ်ဆီ ပြန်လျှောက်လာ၏။
အသားခြောက်များအပြည့်နှင့် ညီဖြစ်သူအားကြည့်ကာ ကျန်းလန်တောက်လျှောက်ပြုံးနေမိသည်။ ပြီးနောက်စွမ်းနီဆီမှ အကြည့်ကိုခွာကာ ကွန်ပျူတာအားဖွင့်၍ ခွန်အားအပြည့်ဖြင့် တစ်နေ့တာအလုပ်အား စတင်လိုက်၏။
လုပ်ရိုးလုပ်စဥ်များနှင့် ရင်းနှီးပြီးနောက်တွင် ကျန်းလန်သည် ရှောင်းရှောင်ယွီအား ဖိုင်တွဲများစွာ ကူညီကိုင်တွယ်ပေးရပြီး ခဏတဖြုတ် အနားယူချိန်၌ ဆယ်နာရီခွဲနေပြီဖြစ်သည်။ ဒါရိုက်တာချိန် အခန်းထဲသို့ မည်သည့်အချိန်ကရောက်နေမှန်း သူသတိထားမိချိန်၌ ဒါရိုက်တာချိန်သည် သူ့အခန်းထဲ ပြန်ဝင်ရန်ပြုနေပြီးမှ ကျန်းလန်အား တစ်ချက်လှည့်ကြည့်ကာ ရွှယ်မုန်ကိုပြောလိုက်၏။ "ရှောင်ကျန်း အလုပ်နဲ့ ရင်းနှီးတာမြန်အောင် ခေါ်သွားလိုက်။"
အောက်တိုဘာလအဆုံးတွင် ချင်းချုံမြို့၌ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတစ်ခု ကျင်းပရမည်။ ပွဲပြင်ဆင်ရေးအတွက် ဌာနအနေနှင့် ရပ်ကွက်နေ ပြည်သူများ၏ အချက်အလက်များအား ကောက်ယူရမည်ဖြစ်၏။
ဟန်ယန်းခရိုင်သည် မြို့လယ်ခေါင်နှင့် အတော်ဝေးသည်။ မြို့လယ်ရှိခရိုင်များနှင့်ယှဥ်ပါက ဖွံ့ဖြိုးမှုနှေးကွေးပြီး လူတန်းစားမျိုးစုံရောနှောနေ၏။ ထိုကြောင့်ပြိုင်ပွဲဧရိယာအတွင်း အနှောင့်အယှက်များမပေါ်လာစေရန် စုံစမ်းစစ်ဆေးမှုအား ထိထိရောက်ရောက်လုပ်ရမည်ဟု ဒါရိုက်တာချိန်မှ မှာကြားလာသည်။
ရွှယ်မုန်သည်စာရင်းကောက်ရာ၌ ကျွမ်းကျင်အဆင့်ရောက်နေသူပီပီ မေးခွန်းစာရွက်အထပ်လိုက်နှင့် အိတ်တစ်လုံးလွယ်ကာ ကျန်းလန်ကိုခေါ်၍ ရုံးမှထွက်လာခဲ့၏။
စာရင်းကောက်ယူမှုအား ရုံးခွဲအသီးသီးမှတာဝန်ယူဆောင်ရွက်ရမည်ဖြစ်၍ ကျန်းလန်တို့သည် လမ်းသွယ်အချို့ကိုသာ တာဝန်ယူရမည်။ ထိုအလုပ်သည် ရိုးရှင်းသော်လည်း စနစ်ကျရန်လိုအပ်ပြီး အချိန်ကုန်လှသည်။ ကျန်းလန်နှင့်ရွှယ်မုန်တို့ အနီးဆုံးအိမ်ရာဝင်းအတွင်းသို့ ရောက်လာကြ၏။
စာရင်းကောက်ယူရန် ထိုအိမ်ရာဝင်းအတွင်းရှိ အိမ်တံခါးပေါက်စေ့အားခေါက်ကာ မေးခွန်းများမေးမြန်းရလိမ့်မည်။
ရွှယ်မုန်ကတံခါးခေါက်၍ မေးခွန်းမေးမြန်းခြင်းအား တာဝန်ယူပြီး ကျန်းလန်က အသံမှတ်တမ်းယူရသည်။ ဤသို့နှင့် အိမ်ရာဝင်းတစ်ခုမှ ထွက်လာကြပြီး နောက်တစ်ခုသို့အသွား၌ ရွှယ်မုန်က ကျန်းလန်အား မေးလာ၏။
"မင်းမြင်လိုက်လား။"
"မင်းကဘာမြင်လိုက်လို့လဲ။"
"လက်ကောက်တွေလေ။" ရွှယ်မုန်ကမျက်ခုံးပင့်ပြကာ ထအော်မိပြီးမှအသံအုပ်အုပ်နှင့်ဆက်ပြောလာသည်။ "ငါတို့ထွက်လာတဲ့အိမ်ရာက မိသားစုဆယ်စုထက်မနည်းက လက်ကောက်တွေဝတ်ထားကြတယ်။ ဆွဲကြိုးနှစ်ကုံး၊သုံးကုံးတောင် တွေ့လိုက်သလိုပဲ။ တချို့ကျတော့လည်း လက်ရှည်တွေဝတ်ထားတော့ လက်ကောက်ရှိမရှိမတွေ့ရဘူး။"
စာရင်းကောက်သူမှာရွှယ်မုန်ဖြစ်၍ ကျန်းလန် ထိုကိစ္စအား သတိမပြုလိုက်မိပါ။ သူတို့ထွက်လာသည့်အိမ်ရာသည် ရပ်ကွက်၏နံပါတ်တစ် အိမ်ရာဖြစ်သည်။
"တခြားအိမ်ရာတွေမှာရော လက်ကောက်ဝတ်ထားတာ တွေ့မိသေးလား။"
"မမြင်မိသလိုပဲ။" ရွှယ်မုန်ကအိမ်ရာအားမော့ကြည့်ကာ ဆက်ပြောလာ၏။ "မင်းပြောတော့လက်ကောက်က တစ်ခုခုမှားနေတာဆို။ ဒီလောက်လူအများကြီး ဝတ်ထားတာကျတော့ ဘာမှမဖြစ်ကြဘူးလား။"
ကျန်းလန်တွေးတွေးဆဆနှင့်ပြန်ဖြေလိုက်သည်။ "မဖြစ်သေးတဲ့ပုံပဲ။"
ထိုကိစ္စအား ဌာနသို့တင်ပြပြီးဖြစ်၍ ယင်းချောင်၏သူဌေးကသာ ထိုက်ဆွေ့အား ဖမ်းရန်မြန်မြန်လှုပ်ရှားပါက မည်သည့်ပြဿနာမှ ပေါ်လာမည်မဟုတ်ချေ။
သူ့လေသံထဲ၌ မရေရာမှုများရောစပ်နေသဖြင့် ရွှယ်မုန်ကစိုးရိမ်စွာနှင့်ပြန်မေးလာသည်။ "ဘယ်လိုစကားကြီးလဲ။ တစ်ခုခုဖြစ်ဖို့ရှိနေတာလား။"
"ပြောရခက်တယ်။" ၎င်းတို့နှစ်ဦး စာရွက်စာတမ်းများကိုင်ကာ နံပါတ်နှစ်အိမ်ရာသို့ နီးလာပြီဖြစ်၏။ "အဓိကက ငါတို့လိုအပြင်လူတွေက ဘာမှတွေးပူပေးနေလို့မရဘူး။ အားလုံးက သူတို့ရဲ့ရွေးချယ်မှုပဲ။"
ထိုက်ဆွေ့၏လက်ကောက်များသည် လူတို့အပေါ်တိုက်ရိုက် ထိခိုက်စေနိုင်စွမ်းမရှိဘဲ ကြားခံအရာဝတ္ထုတစ်ခုသာဖြစ်ပြီး ထိုက်ဆွေ့သည် ၎င်းတို့အားဖြားယောင်းကာ ဆန္ဒပြုရန်ဖိအားပေးပြီး အသက်နှင့်ဆန္ဒအား လဲယူမည်ဖြစ်သည်။
အပြင်လူများအနေနှင့် အလွန်ဆုံးလုပ်ပေးနိုင်သည်မှာ ထိုက်ဆွေ့အား အမြန်ဆုံးဖမ်းယူရန်ပင်။ ထိုက်ဆွေ့အား ဖမ်းနိုင်ခဲ့လျှင်သော်မှ သူနှင့်ဆန္ဒအလဲအလှယ် ပြုထားသူများ လုံခြုံမည်ဟု အာမမခံနိုင်ပါ။
ဆန္ဒပြုခြင်းသည်က တစ်ကြောင်း၊ တန်ကြေးပေးရခြင်းသည်က တစ်ကြောင်းဖြစ်သည်။ ထိုက်ဆွေ့ကိုယ်တိုင်သည်ပင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုအပေါ် တန်ကြေးပြန်ဆပ်ရမည်ဖြစ်ပြီး ရူးသွပ်သည့်လူသားများသည်လည်း မိမိ၏ဆန္ဒအတွက် တန်ကြေးကို ပြန်ပေးရမည်သာဖြစ်၏။
အိမ်မက်ထဲမှ စိတ်လိုလက်ရနှင့် ဆန္ဒပြုနေကြသူများအကြောင်း ပြန်တွေးကာ ကျန်းလန်၏စကားအသွားအလာကို ရွှယ်မုန်နားလည်လိုက်သည်။ ကျန်းလန်၏စကားလုံးများအား ပြန်တွေးရင်း သူကြက်သီးများပင်ထလာ၏။
စကားပြောရင်းနှင့် နံပါတ်နှစ်အိမ်ရာသို့ရောက်လာကြသည်။ ရွှယ်မုန်ထိုကိစ္စအား ဆက်တွေးမနေတော့ဘဲ ပထမဆုံးအိမ်၏တံခါးကို ခေါက်လိုက်သည် ။
တံခါးလာဖွင့်သူမှာ သက်လတ်ပိုင်းအရွယ် ခက်ထန်သောမျက်နှာနှင့် အမျိုးသမီးတစ်ဦးပင်။ သူမကတံခါးအားကိုင်ထားလျက် အလိုမကျစွာမေးလာသည်။ "ဘာလာလုပ်ကြတာလဲ။"
ရွှယ်မုန် လည်ပင်း၌ဆွဲထားသော ကဒ်အားထုတ်ပြလိုက်၏။ "ဟန်ယန်းရုံးခွဲက ဝန်ထမ်းတွေပါ။ အိမ်ထောင်စုစာရင်း ကောက်ဖို့လာတာပါ။ နာမည်ဘယ်လိုခေါ်ပါသလဲ။ ဒီအိမ်မှာလူဘယ်နှယောက်ရှိလဲ။"
အမျိုးသမီးသည် မျက်မှောင်ကြုတ်၍ ခပ်ပြတ်ပြတ်ပြောလာသည်။ "ကျောက်ချွင်ဖန့်၊ ငါတစ်ယောက်တည်းနေတာ။"
ရွှယ်မုန်ကသူမ၏ စိတ်အလိုမကျမှုအား ဂရုပင်မစိုက်ချေ။ "ဖုန်းနံပါတ်လေးတစ်ချက်ပြောပေးပါဦး။"
ကျောက်ချွင်ဖန့်က နံပါတ်အချို့အား ရွတ်ပြလာသည်။ "ပြီးပြီလား။"
ရွှယ်မုန်ပြန်ဖြေရန်အလုပ်၌ ကျန်းလန်ကသူ့ဇက်ပိုးအား ဘောပင်နှင့်ထိုးကာ အသိပေးလာ၏။ "မေလ ၄ ရက်နေ့ နေ့လယ်ဖက်က ဝမ့်ဟွားလမ်းပေါ်က ရတနာဆိုင်အကြောင်း တိုင်ကြားတဲ့သူက မင်းမလား။ ငါတို့သွားစစ်ဆေးကြည့်တော့ ဘာသာရေးအစွန်းရောက်တဲ့လှုပ်ရှားမှုမျိုး မတွေ့ခဲ့ရဘူး။"
ကျန်းလန်စိတ်ထဲ သူမ၏အသံကို ရင်းနှီးနေသလိုခံစားရသဖြင့် ထုတ်မေးလိုက်မိသည်။
ကျောက်ချွင်ဖန့်၏မျက်နှာသည် သိသိသာပျက်ယွင်းသွားပြီး တံခါးကိုပိတ်ရန် ကြိုးစားတော့၏။ "ငါဘာမှမတိုင်ကြားထားဘူး။ ငါမဟုတ်ဘူး။"
ရွှယ်မုန်ကတံခါးကြား ခြေထောက်ညှပ်ကာ ဆက်ပြောလိုက်သည်။ "ဘာမှစိတ်မပူပါနဲ့။ မင်းကိုဘာမှ တာဝန်မယူခိုင်းပါဘူး။ စတိုးဆိုင်နဲ့ပတ်သက်ပြီး သဲလွန်စအချို့ပေးနိုင်မလား မေးချင်ရုံပါ။"
"မသိဘူး၊ ငါဘာမှမသိဘူး။ နင်တို့ထပ်ပြဿနာရှာရင် ငါရဲခေါ်လိုက်တော့မယ်။"
ကျောက်ချွင်ဖန့်သည် ဒေသိယဘာသာစကားနှင့် ရုပ်ပျက်ဆင်းပျက်အော်ဆဲကာ တံခါးကိုဆောင့်ပိတ်၏။ သို့သော်ခြေထောက်ခံနေသဖြင့် တံခါးမပိတ်သွားဘဲ ရုန်းရင်းဆန်ခတ်ဖြစ်နေကြစဥ် ရဲနှစ်ယောက်ရောက်လာပြီး မေးလာသည်။
"ဒါကျောက်ချွင်ဖန့်အိမ်လား။"
"ဟုတ်တယ်။" ကျောက်ချွင်ဖန့်အစား ရွှယ်မုန်ကဝင်ဖြေသည်။
ကျန်းလျန်ကရဲနှစ်ယောက်အား ဝန်ထမ်းကဒ်ထုတ်ပြနေ၏။ "မင်္ဂလာပါရဲအရာရှိကြီးတို့၊ ကျွန်တော်တို့က ဟန်ယန်းရုံးခွဲကဝန်ထမ်းတွေပါ။ ရပ်ကွက်နေပြည်သူတွေရဲ့ အိမ်ထောင်စုစာရင်းလာကောက်တာပါ။ မစ်ကျောက်နဲ့က နားလည်မှုလွဲနေကြရုံပါပဲ။"
ရဲနှစ်ယောက်က၎င်းတို့အားခေါင်းငြိမ့်ပြ၍ တံခါးကိုခေါက်လိုက်သည်။
ကျောက်ချွင်ဖန့်သည် တံခါးကိုဟရုံဖွင့်ကာ ကြောက်လန့်စွာနှင့်မေးလာသည်။ "ကျွန်မဘာအမှားလုပ်မိလို့လဲ။ ကျွန်မ ဘာဥပဒေကိုမှ မချိုးဖောက်ထားမိပါဘူး။"
ရဲနှစ်ယောက်က အရာရှိကဒ်များထုတ်ပြလာ၏။ "အိမ်ထဲဝင်ပြီးပြောကြမလား။ လီချွင်းဟွာရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး မေးစရာလေးတွေရှိတယ်။"
ကျောက်ချွင်ဖန့်က အကြည့်လွဲသွား၏။ "ကျွန်မဘာမှမသိဘူး။"
ရဲနှစ်ယောက်က စာရွက်တစ်ရွက်ထုတ်ပြလာသည်။ "မင်းဖုန်းနံပါတ်ကို လီချွင်းဟွာဖုန်းမှာတွေ့တယ်။ သူမသေခင်က အဆက်အသွယ် အများဆုံးရှိခဲ့တာလည်း မင်းပဲ။"
ကျောက်ချွင်ဖန့်သည် ခဏလောက်ငြိမ်ကျသွားပြီးမှ ဘေးသို့ရွေ့ကာ တံခါးဖွင့်ပေးလာ၏။ "ဘာမေးကြမလို့လဲ။"
ရဲနှစ်ယောက်အထဲဝင်သွားချိန်တွင် ကျန်းလန်စိတ်ထဲ တစ်ခုခုမူမမှန်ဟု ခံစားရသဖြင့် ရွှယ်မုန်အား အတင်းဆွဲကာ အခန်းထဲအမြန်ဝင်လိုက်သွားသည်။
စကားချပ်
အရိပ်ပင်မပေါ်လာသည့် နဂါးတစ်ကောင် - "အလုပ်များနေလို့ပါဗျာ။"