Chapter 9
Viewers 579

အပိုင်း

 

 

မှောင်မဲနေသည့်အခန်းထဲ၌ အပ်ကျသံပင်မကြားရ။

 

 

 

ရွှယ်မုန်သည် စောင်ခြုံကာ ထောင့်ကပ်၍ အိပ်နေသည်။ ကျန်းလန်၏စနက်ဖြင့် ရွှယ်မုန်မှာ အိပ်မောကျနေခြင်းပင်။ ထိုလူသည် နေ့လယ်ကတွေ့ခဲ့သည့် ကျန်းလန်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း ယင်းချောင် အတည်ပြုနိုင်ခဲ့သည်။

 



နတ်ဆိုးလေးသည် အင်မတန်လူချစ်လူခင်များပုံရပြီး ယခင်တစ်ကြိမ်တွင် နတ်ဆိုးပေါက်စလေးနှင့် ယခုတစ်ကြိမ်တွင် လူသားနှင့် လိုအပ်သည်ထက် ရင်းနှီးလွန်းနေ၏။

 

 

လူသားမျိုးနွယ်စုတွင် လူငယ်အချင်းချင်း ညအတူအိပ်ကြခြင်းသည် အထူးအဆန်းမဟုတ်ပေ။ သို့သော် နတ်ဆိုးမျိုးနွယ်စုတွင် မိမိ၏အသိုက်၊အိပ်ခန်းသည် အင်မတန်အရေးကြီးသဖြင့် ကြုံရာလူအား ခေါ်သွင်း၍မရပါ။ နတ်ဆိုးလေးသည် ငယ်ရွယ်လွန်းသဖြင့် ထိုအချက်အား နားလည်သည့်ပုံမရပေ။

 

 

ထိုက်ဆွေ့နတ်ဆိုးကအတုဆိုရင်တောင် နတ်ဆိုးလေးက ငါ့ရဲ့ သာမန်မိတ်ဆွေဖြစ်နေတဲ့အတွက် ငါ့အနေနဲ့တာဝန်အရ အသိပေးရမှာပဲ။

 

 

လူသား၏လက်ကောက်ဝတ်၌ နေ့လယ်က လက်ကောက်မှာမရှိနေပါ။ ထို့အပြင် နတ်ဆိုးလေးမှာလည်း အိမ်၌မရှိသဖြင့် တစ်ခုခုမှားနေသည်အား သတိထားမိသွားလေသလား။

 

 

မင်းအစ်ကို ဘယ်သွားတာလဲ။ယင်းချောင် စွမ်းနီအား ငုံ့ကြည့်ကာ မေးလိုက်သည်။

 

 

စွမ်းနီကသူ့လက်ထဲ၌ ရုန်းကန်နေဆဲပင်။ ဇက်ပိုးအားအဆွဲခံထားရသည်ကို အသားမကျ၍ဖြစ်မည်။ လက်သည်းချွန်လေးများပြည့်နေသည့် လက်ကလေးလေးဖက်သည် သူ့အသားစအား လှမ်းဆွဲရန်ကြိုးစားနေ၏။

 

 

 

ယင်းချောင် သူ့အား စိုက်ကြည့်ရင်း ခဏအကြာ၌ စွမ်းနီအား ဆွဲဖက်လိုက်သည်။ သူ့ဘဝတစ်လျှောက်လုံး ခြင်္သေ့ပေါက်စအား မဖက်ဖူးသဖြင့် သူ၏လှုပ်ရှားမှုများမှာ အနည်းငယ် ကြမ်းတမ်းနေလိမ့်မည်။

 

 

စွမ်းနီကဒေါသတကြီးနှင့် ရုန်းကန်နေပြီးမှ ယင်းချောင်၏ မျက်နှာအားတွေ့သွားပြီး ပျားဖယောင်းလို နူးညံ့သည့်အသံနှင့် ပြန်ဖြေလာသည်။ပဥ္စမအစ်ကို နတ်ဆိုးစီမံခန့်ခွဲရေးဌာနကို သွားတယ်။

 

 

ကျန်းလန်သည် လက်ကောက်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေသည်ကို သတိထားမိသော်လည်း သူကိုယ်တိုင်မဖြေရှင်းတတ်သဖြင့် နတ်ဆိုးစီမံခန့်ခွဲရေးဌာနသို့ သွားခြင်းဖြစ်မည်ဟု ယင်းချောင် ကောက်ချက်ချလိုက်သည်။

 

 

ကျန်းလန် အိမ်ပြန်ရောက်သောအခါ အိမ်တံခါးကြီးပွင့်နေ၏။ သူအလွန်ထိတ်လန့်သွားသော်လည်း ကရူးမူးထိုးပြေးမဝင်သွားဘဲ သတ္တိမွေးကာ ခြေသံမထွက်စေဘဲ အိပ်ခန်းထဲ ဖြည်းဖြည်းဝင်လာနေသည်။


 

ထိုအချိန်တွင် ယင်းချောင်က စွမ်းနီအားပိုက်ကာ ကျန်းလန်ကိုရှာရန် အိပ်ခန်းထဲမှ ထွက်သည့်အချိန်ဖြစ်နေ၏။ နှစ်ဦးသား ဧည့်ခန်းအလယ်၌လာဆုံပြီး ထိုနေရာ၌ မီးများပိတ်ထားသဖြင့် အချင်းချင်း ကြောင်ကြည့်နေမိကြသည်။

 

 


ကျန်းလန်လက်သည်းများထုတ်ကာ ကျော၌ဝှက်ထားသည့်လက်အား ဘာမှမဖြစ်သလို ရှေ့သို့ပြန်ပို့လိုက်၏။

 


 

ဘာလာလုပ်တာလဲ။

 

 

 

နတ်ဆိုးလေးသည် သူထင်ထားသလောက် ရိုးအသူတော့ မဟုတ်တန်ရာ။

 


 

ယင်းချောင် နတ်ဆိုးလေးအား စိုက်ကြည့်ရင်းပြောလိုက်သည်။သူဌေးကဒီနေ့ လက်ကောက်ရောင်းတဲ့ဆိုင်ကို လာစစ်ဆေးတာလေ။ နေ့လယ်က မင်းအဲ့ဒီလက်ကောက်ဝတ်ထားတာ ကိုယ်တွေ့လိုက်မိလို့။ အဲ့ဒါစိုးရိမ်လို့ ဝင်လာကြည့်တာ။

 

 

 

ဒါဆိုမင်းသူဌေးက ဒီကိစ္စကို စုံစမ်းနေတဲ့သူပေါ့။” 

 

 

 

ကျန်းလန် နတ်ဆိုးစီမံခန့်ခွဲရေးဌာနသို့ရောက်ပြီး အခြေအနေအားတင်ပြသည်နှင့် ထိုကိစ္စအားစုံစမ်းနေပြီဖြစ်ကြောင်း ပြန်သိခဲ့ရသည်။ သို့သော် အချက်အလက်အစုံအား မသိခဲ့ရသဖြင့် သူခံပြင်းသော်လည်း သူ့အားတာဝန်အသစ် မပေးလာသည်ကိုပင် သူဝမ်းသာရမည်ဖြစ်၏။


 

 

အဲ့တော့ နတ်ဆိုးကိုဖမ်းမိပြီလား။

 

 



လွတ်သွားတယ်။ ဒီကိုရောက်တုန်းကလည်း ကိုယ်အနံ့စူးစူးတစ်ခု ရလိုက်သေးတယ်။ မင်းသူနဲ့ တွေ့ပြီးပြီလား။

 

 

 

အင်း၊ တွေ့ပြီးပြီ။


 

 

ကျန်းလန်အမှန်အတိုင်း ပြောမိမလိုဖြစ်ပြီးမှ ယင်းချောင်၏စူးရှလှသော မျက်လုံးအား သတိထားမိကာ တံတွေးမျိုချ၍ လျှာရိုးမရှိ လျှောက်ပြောလိုက်ရသည်။ဟို ခန္ဓာကိုယ်အတုနဲ့တွေ့တာပါ။ ပြီးတော့ အိပ်မက်ထဲမှာ တွေ့တာ။

 

 

 

အင်းယင်းချောင်က ကျန်းလန်ကြောက်နေသည်ဟု ထင်ကာ သူ့စကားဆုံးသည်အထိ စိတ်ရှည်ရှည်စောင့်၍ နားထောင်နေ၏။ ပြီးနောက် ကျန်းလန်အား ခေါင်းကလေးပင်ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။မကြောက်ပါနဲ့၊ သူမင်းကို ဘာမှမလုပ်နိုင်ပါဘူး။

 


 

ယင်းချောင် သံသယမဝင်သွားမှန်းသေချာမှ ကျန်းလန်ခမျာ သက်ပြင်းချနိုင်၏။ ဗိုက်ဆာလွန်း၍ နတ်ဆိုးအား မျိုချလိုက်သည့်အကြောင်းကိုတော့ ယင်းချောင်အား သူမပြောပြချင်ပါ။ ယင်းချောင်၏အထင်အတိုင်း အင်မတန်သနားစဖွယ်ကောင်းသည့် နတ်ဆိုးလေးအဖြစ်သာ သူသရုပ်ဆောင်လိုက်မည်။

 

 

 

“.....ဘာလို့မှန်းမသိ သူထွက်ပြေးတဲ့အချိန် ငါနိုးလာတာပဲ။ သူကဘာကြီးလဲ။

 

 

 

ယင်းချောင် ခဏလောက်စဥ်းစားကာ ပြန်ဖြေလာ၏။အသိဉာဏ်ရသွားတဲ့ထိုက်ဆွေ့အပင်လေ။ သူ့အဆင့်ကအရမ်းမမြင့်သေးပေမယ့် ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ရထားတော့ လွယ်လွယ်ကိုင်တွယ်လို့မရဘူး။

 

 

 

ထိုက်ဆွေ့

 

 

 

သူဘာကြောင့် ထိုနတ်ဆိုးအား ရင်းနှီးသလို ခံစားနေရမှန်း ကျန်းလန်သဘောပေါက်လိုက်သည်။

 


 

လွန်ခဲ့သောနှစ်များက ထိုက်ဆွေ့အား သူတွေ့ခဲ့ဖူး၍ပင်။

 

 

 

ထိုစဥ်က သူ့အစ်ကိုများနှင့်အတူမနေဘဲ အပြင်၌တစ်ကိုယ်တည်း ပတ်သွားနေရာမှ ထိုက်ဆွေ့နှင့်ဆုံခဲ့၏။ ထိုက်ဆွေ့သည် သရဲအယောင်ဆောင်ကာ လူပေါင်းများစွာအား သတ်ဖြတ်ခဲ့သဖြင့် သူဖမ်းယူခဲ့ရသည်။

 

 

 

 

 

ထိုက်ဆွေ့၏အသားသည် အလွန်နူးညံ့ပြီး မကုန်နိုင်သဖြင့် အသိုက်ထဲထိသယ်ကာ အချိန်အချို့ကြာအောင် စားသောက်ရန်တွေးခဲ့သော်လည်း ထိုထိုက်ဆွေ့မှာ လွတ်မြောက်သွားလေ၏။ ထိုစဥ်က သူအလွန် ဝမ်းနည်းခဲ့ရသေးသည်။

 

 

 

 

 

ယခုထိုထိုက်ဆွေ့နှင့်ပြန်တွေ့သော်လည်း ကံဆိုးသည်မှာ ထိုအမှုအား တာဝန်ယူထားသူသည် ယင်းချောင်၏သူဌေး ဖြစ်နေ၏။ ကျန်းလန်တွေးရင်းနှင့် ဝမ်းနည်းလာမိသည်။

 

 

 

 

 

ယင်းချောင်က ကျန်းလန်ကြောက်နေသည်ဟုထင်ကာ ကျန်းလန်ဖုန်းအားယူ၍ သူ့နံပါတ်ကို ရိုက်ထည့်ပေးလာ၏။နောက်သူ့ကိုတွေ့တာနဲ့ ကိုယ့်ကိုခေါ်လိုက်နော်။

 

 

 

 

 

ကျန်းလန်က သူ့အား မျက်ဖြူလှန်ကြည့်ကာ တစ်ဖက်သို့လှည့်သွားသည်။မင်းကိုခေါ်လိုက်ရင် ငါကဘာစားရဦးမှာလဲ။

 

 

 

 

 

သို့သော်သူသည် အားနည်းသည့်နတ်ဆိုးလေး အသွင်ယူထားသဖြင့် ထိုစကားအား ပြော၍မရပါ။ ထိုကြောင့် သူခေါင်းသာ ငြိမ့်ပြလိုက်သည်။အင်းပါ။

 

 

 

 

 

ပြီးနောက်ယင်းချောင်ပြောခဲ့သည့် စကားများအား ပြန်တွေးကာ မေးလိုက်မိ၏။မင်းပြောတော့ကုမ္ပဏီမှာလုပ်တာဆို။ ဘာလို့ နတ်ဆိုးစီမံခန့်ခွဲရေးဌာနနဲ့ ပတ်သက်နေရတာလဲ။

 

 

 

 

 

ယင်းချောင်သည် လိမ်ပြောရာတွင် မျက်နှာတစ်ချက်မပျက်ဘဲ ပြောနိုင်သည့်အစွမ်းအစရှိသည်။အပိုငွေရအောင် သူဌေးနောက်လိုက်ပေးတာပါ။ မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ အလုပ်လုပ်လို့ငွေက ဘယ်လောက်မှမရတာ။

 

 

 

 

 

ရုံးခွဲ၌အချိန်ပိုအလုပ်ဝင်လုပ်နေရသည့် ကျန်းလန်၏ဘဝမှာလည်း ထို့အတူပင်။ သူယင်းချောင်အား ရင်းနှီးစွာပြုံးပြလိုက်သည်။ လူကြီး၊လူငယ်မရွေး အားလုံးသည် ငွေနောက်ကို လိုက်နေကြသည့်ပုံပင်။

 

 

 

 

 

သို့သော် ယင်းချောင်ကမူ တောက်ပသောမျက်လုံးများနှင့် စိုက်ကြည့်ခံနေရသဖြင့် စကားပင်ဆက်မပြောနိုင်တော့။

 

 

 

 

 

ကျန်းလန်သည် အတော်လေးကြည့်ကောင်းပြီး မျက်လုံးအလွန်လှသည်။ မျက်တောင်များသည် ရှည်လျားကော့ညွှတ်နေပြီး မျက်ရစ်အလွန်ပေါ်ကာ အဖြူအပြာရောစပ်နေသည့် မျက်ဆံချွန်ချွန်ကလေးများသည် ပင်လယ်ပြင်နှင့်တူ၏။

 

 

 

 

 

ယင်းချောင်သည် သူ့ကိုယ်သူ ကျောက်တုံးလို အသည်းနှလုံးရှိသူဟု ထင်ခဲ့သော်လည်း ကျန်းလန်ကိုတွေ့လိုက်တိုင်း နူးညံ့သွားလေ့ရှိသည်။

 

 

 

 

 

ကြောင်မွေးဖူးသည့်အတွေ့အကြုံ မရှိသည့်တိုင် ထိုနတ်ဆိုးလေးသည် သူတယုတယပြုစုရမည့် ကြောင်ကလေးနှင့်တူ၏။ ရုတ်ချည်း သည်းခံနိုင်စွမ်းများ ကြီးမားလာတတ်သည်။

 

 

 

 

 

မင်းကငယ်သေးတော့ လူ့အသိုင်းအဝိုင်းမှာနေရတာ ဘယ်လောက်ပင်ပန်းလဲ သိမှာမဟုတ်ဘူး။ တကယ်လို့ငွေလိုလာရင်လည်း ကိုယ့်ကိုပဲပြော။

 

 

 

 

 

ငါသူ့ကိုတင်ကျွေးထားမယ်လို့များ ပြောလိုက်မိတာလား။

 

 

 

 

 

ကျန်းလန်မှာ မျက်လုံးအပြူးသားနှင့် ခေါင်းခါပြလာ၏။ ယင်းချောင်သည် ပထမအစ်ကိုနှင့် စတုတ္ထအစ်ကိုမှလွဲ၍ သူ့အားကျွေးမွေးရန် ကမ်းလှမ်းလာသည့် ပထမဆုံးသောနတ်ဆိုးပင်။ 

 

 

 

 

 

ထို့အပြင်ယင်းချောင်သည် အပိုဝင်ငွေရရန် ညလယ်ခေါင်အထိ အလုပ်လုပ်နေရသည့် သူ့ထက်ပင် နွမ်းပါးသည့် နတ်ဆိုးဖြစ်နေ၏။

 

 

 

 

 

ငါ့ဘာသာငါ ငွေရှာနိုင်လို့ မင်းလည်းမင်းရှာထားတာကို မင်းဘာသာပဲသုံးပါ။

 

 

 

 

 

ထိုနေရာ၌ ခဏရပ်ကာ သူဆက်ပြောလိုက်သည်။ပြီးတော့ လက်လွတ်စပယ်မသုံးနဲ့။

 

 

 

 

 

ယင်းချောင်အား ထိုစကားပြောချင်နေသည်မှာ အတော်ကြာပြီဖြစ်၏။

 

 

 

 

 

ယင်းချောင်မှာ ရယ်ရခက်၊ငိုရခက်ဖြစ်လာပြီး လူဆင်းရဲဇာတ်ရုပ်အား ရုတ်ချည်းပြောင်းလဲ၍လည်း မရသဖြင့် အောင့်သက်သက်နှင့်သာ ခေါင်းငြိမ့်ပြလိုက်ရသည်။

 

 

 

 

 

ပြီးနောက်အိပ်ရာထက်မှ ရွှယ်မုန်အားသတိရလာပြီး အထက်စီးဆန်သည့် လေသံနှင့်မေးလိုက်၏။မင်းသူငယ်ချင်းတွေကို ဒီလိုပဲ အိမ်ခေါ်လာတတ်တဲ့ အကျင့်ရှိတာလား။

 

 

 

 

 

ကျန်းလန်ကသူ့အား ခေါင်းကလေးစောင်းကြည့်လာသည်။ရွှယ်မုန်ကိုပြောတာလား။ သူညစာစားပွဲမှာ မူးသွားလို့ပါ။

 

 

 

 

 

ယင်းချောင်ကသူ့အား ပေါက်ထွက်မတတ်စိုက်ကြည့်ကာ ခပ်တိုးတိုးသာအသံပြုလာ၏။

 

 

 

 

 

အင်း.....”

 

 

 

 

 

လူသားတွေက လိုအင်ရမ္မက်တွေ ပြည့်နှက်နေတတ်တယ်။ လူသားတွေနဲ့ပတ်သတ်တာများရင် မင်းဒီဒဏ်တွေခံရလိမ့်မယ်။ နတ်ဆိုးမျိုးနွယ်တွေက လူသားမျိုးနွယ်တွေနဲ့ မတူညီဘူး။ နတ်ဆိုးတွေဆိုတာ ကျင့်ကြံခြင်းအမှုကိုပြုရပြီး ကာမဂုဏ်တပ်မက်မှုကို ရှောင်ရှားရတယ်။ တကယ်လို့မစောင့်ထိန်းနိုင်ရင် အားလုံးပျက်စီးပြီပဲ။

 

 

 

 

 

စကားအဆုံး၌ ကျန်းလန်အားကြည့်လိုက်သောအခါ သူ့အားနားမလည်ဟန်နှင့် ပြန်ကြည့်နေသဖြင့် ပိုလွယ်ကူသည့်စကားလုံးကို သုံးကာ ထပ်ပြောရပြန်သည်။လူသားတွေက မူးရူးသောက်စားပြီး ကာမဂုဏ်ခံစားရတာကြိုက်လို့ အရက်သောက်ပြီးရင် အတူအိပ်ဖို့လူကို ခေါ်လာတတ်ကြတယ်။ မင်းဒီလိုအနေအထားကို မရှောင်နိုင်ရင် ကျင့်ကြံခြင်းအတွက် မကောင်းနိုင်ဘူးနော်။

 

 

 

 

 

 

ကျန်းလန် - “.........”

 

 

 

 

 

ကျန်းလန်ကတော့ ရွှယ်မုန်နှင့်ထိုကဲ့သို့မလုပ်နိုင်ပါ။ ယင်းချောင်၏စကားလုံးများသည် မှားယွင်းနေသော်လည်း ကျန်းလန်အနေနှင့် ပြဿနာတစ်စုံတစ်ခု ရှိသည်ဟုမခံစားရသဖြင့် ပြီးပြီးရော ခေါင်းငြိမ့်ပြလိုက်သည်။ငါသိပါပြီ။

 

 

 

 

 

ယင်းချောင်နှုတ်ခမ်းကွေးရုံပြုံးကာ ကျန်းလန်ခေါင်းအားပွတ်ရန် လက်လှမ်းလိုက်ပြီးမှ လက်ကိုပြန်ရုတ်လိုက်၏။လူသားတွေက သက်တမ်းတိုတယ်။ မင်းလက်တွဲဖော်ရှာမယ်ဆို နတ်ဆိုးမျိုးနွယ်ထဲကပဲရှာပေါ့။ လူသားနဲ့နတ်ဆိုးကြားက အချစ်ဆိုတဲ့အကြောင်း ဟောပြောနေတဲ့လူတွေဆီက ဘာပညာမှမယူနဲ့။

 

 

 

 

 

ကျန်းလန်ကခေါင်းငြိမ့်ပြရင်း သမ်းလိုက်မိသည်။ စွမ်းနီကမူ ယင်းချောင်၏လက်ပေါ်၌ အိပ်ပျော်နေလေပြီ။

 

 

 

 

 

နတ်ဆိုးလေး မနက်ဖြန် အလုပ်သွားရဦးမည်ဖြစ်၍ အိပ်ရေးပျက်ပါက အားပြတ်နေလိမ့်မည်။ညနက်နေပြီပဲ၊ အိပ်တော့လေ။ ထိုက်ဆွေ့နဲ့တွေ့ရင် ကိုယ့်ကိုဆက်သွယ်လိုက်ဦး။

 

 

 

 

 

ကျန်းလန်အိပ်ချင်းမူးတူးနှင့် ခေါင်းငြိမ့်ပြကာ စွမ်းနီအားလက်ပြောင်းယူပြီး သူ့အားအပြင်သို့လိုက်ပို့သည်။

 

 

 

 

 

ယင်းချောင်းတိုက်ထဲမှထွက်ကာ ကားမောင်း၍အိမ်ပြန်လာ၏။

 

 

 

 

 

သူအိမ်ပြန်ရောက်သောအခါ စံအိမ်၏ပထမထပ်ဧည့်ခန်းမှာ မီးများပွင့်နေပြီး ချန်ဟွားက စူပုပ်ပုပ်နှင့်ထိုင်နေသည်။ ယင်းချောင်အားတွေ့သည်နှင့် ချန်ဟွားက မဲ့ရွဲ့ကာပြောလာ၏။သူဌေးမင်းယင်းက အိမ်ပြန်လာဖို့မှတ်မိသေးတာပဲ။

 

 

 

 

 

ယင်းချောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ဘာလာလုပ်တာလဲ။

 

 

 

ချန်ဟွားမှာဒေါသထွက်ကာ သူ့အား ကြိမ်းမောင်းတော့၏။လမ်းလေးမှာဒီတိုင်း ချထားခဲ့ပြီးမှ ဘာလာလုပ်တာလဲ မေးရဲသေးတယ်ပေါ့။

 

 

 

နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ စည်းကမ်းချက်အရ လူသားမြို့တော်တွင်နေထိုင်သည့် နတ်ဆိုးများသည်အရေးမကြီးပါက အဆင့်မြင့်လေကြောင်းလိုင်းများအား အသုံးပြုရသည်။ ကြားရက်များအတွင်း အခြေအနေမပေးမှသာ ပြည်သူပိုင် ပို့ဆောင်ဆက်သွယ်ရေးအား အသုံးပြုရ၏။

 

 

 

ခွေးသားလေး ယင်းချောင်ကမူ သူ့အားလမ်းဘေး၌ချထားခဲ့သည် မဟုတ်ပါလား။

 

 

 

မင်းကားမငှားတတ်ဘူးလား။ယင်းချောင်ကသူ့အား အရူးအားကြည့်သလိုကြည့်လာ၏။မင်း လမ်းလျှောက်လာတာလား။

 

 

 

ချန်ဟွား - “..........”

 

 

 

ချန်ဟွား၏အသံသည် ဝမ်းနည်းနေသည့်ဟန် အနည်းငယ် ရောစွက်လာပြီးနောက် ချက်ချင်းအသံကျယ်ကျယ်နှင့် အော်ပြောလာပြန်၏။ညလယ်ခေါင်ကြီး မင်းဘယ်တွေသွားတာလဲ။ နတ်ဆိုးလေးကို စိတ်မချလို့ သွားစောင့်ရှောက်တာလား။

 

 

  

အစကယင်းချောင်သည် သူ့စကားအားငြင်းကာ အိမ်ပြင်ကန်ထုတ်မည်ဟု ထင်ခဲ့သော်လည်း ခွေးသားလေး ယင်းချောင်သည် သူ့အားခေါင်းငြိမ့်ပြလာသည်။ 

 

 

ဟုတ်တယ်။

 

 

ကြီးမှ ဝက်သက်ပေါက်နေတာလား။

 

 

ယင်းချောင်က မျက်စောင်းထိုးကာ ရန်လုပ်လာ၏။ပေါက်ကရတွေမပြောနဲ့။ ကျန်းလန်က အရမ်းငယ်သေးတယ်။ ကလေးပဲရှိသေးတယ်ကွ။” 


 

ဒီတော့ မင်းက နွားအိုမြက်နုကြိုက်နေတာပေါ့။

 

 

ထွက်သွား.....”

 

 

 

စာရေးသူစကားချပ်

 

 

ကျန်းလန် - “တကယ်တော့ငါက နတ်ဆိုးကြီးတစ်ကောင်ပါ။

 

 

ယင်းချောင် - “နတ်ဆိုးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။

 

 

ချန်ဟွား (ထိုးအန်တော့သည်။)