Chapter 8
Viewers 574

အပိုင်း ၈

 

 

စူးရှရှအနံ့ကြောင့် ရွှယ်မုန်အိပ်ရာမှ နိုးလာသည်။

 

 

နေအတော်မြင့်မှ နိုးလာသော်လည်း အခုထိ ခေါင်းထိုးကိုက်နေဆဲပင်။ သူအိပ်ရာမှထွက်သည်နှင့် နားထင်အားပွတ်သပ်ရင်း ရေချိုးခန်းထဲရောက်လာ၏။ မှန်ထဲမှသူ့ပုံရိပ်သည် ဆံပင်များရှုပ်ပွကာ မျက်နှာဖောင်းကာ၍ မျက်လုံးများက နီရဲနေသည်။ သူမျက်လုံးပင် ကောင်းကောင်းမပွင့်သေးဘဲ သွားတိုက်မျက်နှာသစ်ကာ အလုပ်သွားရန် အိမ်တံခါးဖွင့်လိုက်ချိန်၌….

 

 

သူနေထိုင်သည့် အိမ်ပတ်ဝန်းကျင် မဟုတ်နေချေ။ မြင်မြင်ရသမျှ၌ ဘာဆိုဘာမှမရှိနေပါ။ အထက်နှင့်အောက် တွေ့သမျှသည် အဖြူရောင်ဖြစ်နေပြီး ရွှေရောင်အလင်းများ ရောယှက်နေသည့် တိမ်တိုက်များကိုသာ တွေ့ရ၏။ ရွှေရောင်အလင်းများသည် ခေါင်းမူးသည်အထိ စူးရှနေသည်မျိုးမဟုတ်ဘဲ ကြည့်ရုံနှင့်ပင် နွေးထွေးမှုအား ခံစားရစေသည့် အလင်းရောင်မျိုးပင်။

 

 

ရွှယ်မုန်၏ ထိတ်လန့်ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး စိတ်လိုလက်ရနှင့် အလင်းများဆီ သူလှမ်းလိုက်မိသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် လည်ပြန်ကြည့်လိုက်သောအခါ ယခုနကသူထွက်လာသောအိမ်မှာ ပျောက်ကွယ်သွားပြီဖြစ်ကာ အဖြူရောင်တိမ်တိုက်များကသာ နေရာယူထား၏။

 

 

အမှန်၌ထိုမြင်ကွင်းသည် သာမန်လူအတွက် အဆန်းတပြားဖြစ်နေရမည့်တိုင် သူ့စိတ်ထဲ၌ဘာမှမခံစားရပါ။ ရွှေရောင်အလင်းများဆီကိုသာ သူဆက်တိုးချင်စိတ်ရှိနေ၏။

 

 

ကံကောင်းသည်မှာ အနည်းငယ်ထပ်လျှောက်လိုက်သည်နှင့် အလင်းလာရာရင်းမြစ်အား သူတွေ့လိုက်ရသည်။

 

 

ကြာပန်းအသွင်ရှိစင်မြင့်ပေါ်၌ အဖြူရောင်ရုပ်ထုသည် တင်ပလ္လင်ခွေထိုင်ကာ ဘယ်လက်ထဲ၌ ရွှေသပိတ်အားပိုက်၍ ညာလက်အား ဒူးပေါ်နေရာချထားပြီး မိမိအားကိုးကွယ်ဆည်းကပ်နေသည့် ယုံကြည်ကိုးကွယ်သူများအား သနားချစ်ခင်စွာနှင့် ငုံ့ကြည့်နေ၏။ ထိုရွှေရောင်အလင်းများသည် ထိုဗုဒ္ဓရုပ်ထု၏ ဘယ်လက်ထဲရှိ ရွှေသပိတ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။ အလင်းတန်းငယ်များသည် တစ်မျှင်ပြီးတစ်မျှင် အဆုံးမရှိထွက်ပေါ်လာနေပြီး သက်ရှိများလိုလေထုထဲပျံဝဲနေ၏။

 

 

ဗုဒ္ဓရုပ်ထု၏ခြေရင်း၌ အမျိုးသား၊အမျိုးသမီးများစွာ ဒူးထောက်ထိုင်နေကြသည်။ ရွှယ်မုန်မကြားနိုင်သောအသံဖြင့် စကားလုံးအချို့အား ခပ်တိုးတိုးရေရွတ်နေကြပြီး စာကြောင်းတစ်ကြောင်းဆုံးလေတိုင်း ဦးချနေကြ၏။

 

 

ရွှယ်မုန်ကြောင်ကြောင်အအနှင့် ရောယောင်ကာ ဒူးထောက်ချလိုက်မိသည်။ နံဘေးရှိဒူးထောက်နေသူများ၏ စကားသံအား အသေအချာနားထောင်မှ ရေရွတ်နေသည့် စကားလုံးများကို သူကြားလိုက်ရ၏။

 

 

"သခင်ဆွေ့ရှန်း၊ တပည့်တော် ထီပထမဆု ပေါက်ရပါလို၏။"

 

 

"သခင်ဆွေ့ရှန်း၊ ထိုအမိုက်မအား တပည့်တော်ကို သနားသောအားဖြင့် အသေသတ်ပေးပါ။"

 

 

"သခင်ဆွေ့ရှန်း၊ ချန်းယွီ တပည့်တော်အား ချစ်လာပါစေ “ 

 

 

"သခင်ဆွေ့ရှန်း....."

 

 

"သခင်ဆွေ့ရှန်း....."

 

 

သောင်းနှင့်ချီသော ယုံကြည်ကိုးကွယ်သူများ၏ အသံများသည် ရေစက်များလိုစုစည်းကာ သခင်ဆွေ့ရှန်း၏ နားစည်အတွင်းသို့ ရေလက်တက်တစ်ခုလို စီးဝင်နေကြသည်။

 

 

 

ထိုဆုတောင်းသံများထဲ၌ စိတ်ခံစားချက်မျိုးစုံ၊ ရူးသွပ်မှုနှင့်အတူ အမုန်းတရားများကပ်ပါနေသည့်တိုင် ဆုတောင်းသူများကမူ အရိုကျိုးဆုံးသော သက်ရှိလူသားများလို ဒူးထောက်ခေါင်းငုံ့နေကြ၏။

 

 

ရွှယ်မုန် ခေါင်းပင်မူးနောက်လာသည်။ 

 

 

ထိုအချိန် သူ့နားအတွင်းသို့ ကရုဏာအပြည့်နှင့် စကားသံတစ်ခု ထိုးဖောက်ဝင်ရောက်လာ၏။

 "ငါ့ရဲ့သားတော် ဘာများအလိုရှိလို့လဲ။"

 

 

"ကြွယ်ဝမှု၊ အာဏာ၊ အချစ်..... မင်းတောင်းဆိုတဲ့အရာတစ်ခု​ကို ဖြည့်ဆည်းပေးမယ်။"

 

 

အသံမှာ အလွန် သာယာနာပျော်ဖွယ်ရှိပြီး သူ့အား ဆန္ဒတစ်ခုပြုရန် ခပ်လေးလေး တိုက်တွန်းနေ၏။

 

 

ရွှယ်မုန်ပါးစပ်ဟကာ ဆုတောင်းအား ပြောထုတ်တော့မည့်အချိန်၌ သူ၏ဘယ်ညာ၌ထိုင်နေကြသူများထဲမှ ရွှေသပိတ်ဆီမှ အလင်းရောင်ဖြင့် ခန္ဓာကိုယ်အနှံ့ရစ်ပတ်ခံရသူများသည် မျက်နှာများနီရဲကာ ထရပ်လာကြသည်ကို သူတွေ့လိုက်ရသည်။

 

 

ထိုရွှေရောင်အလင်းသည် ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ကာ အလင်းမှုန်များအဖြစ် ​ပြောင်းလဲသွားခြင်းပင်။

 

 

"သားတော်၊ ဘာလိုချင်သလဲ။"

 

 

'ငါဘာလိုချင်တာလဲ။' ရွှယ်မုန်အတော်ကြာအောင် စဥ်းစားပြီးမှ ဆန္ဒတစ်ခုကိုသတိရလာ၏။

 

 

"သခင်၊ ကျွန်တော်....."

 

 

စကားတစ်ဝက်၌ သူစိတ်ရှုပ်ထွေးလာသည်။ ရုတ်တရက် နေ့လယ်က ကျန်းလန်ပြောခဲ့သည့်စကားအား သူပြန်သတိရလာ၏။ 

 

 

"အရာရာတိုင်းမှာ အပေးအယူဆိုတာရှိတယ်။ ကိုယ်မပိုင်တဲ့အရာကို ယူမိရင် တန်ဖိုးတူတဲ့ တစ်စုံတစ်ခုကို ပြန်ပေးရမှာပဲ။"

 

 

"တန်ဖိုးတူတဲ့ တစ်စုံတစ်ရာ။"

 

 

"တန်ဖိုးတူတဲ့ တစ်စုံတစ်ရာ။"

 

 

ထိုစကားတစ်ခွန်းတည်းကသာ သူ့အာရုံအတွင်း ပဲ့တင်ထပ်လာ၏။

 

 

သူအသိစိတ်ပြန်ကပ်လာပြီး ရုပ်ထုအား မော့ကြည့်လိုက်သောအခါ ရုပ်ထုသည်ယခင်အတိုင်း ပြုံးယောင်ယောင်နှင့် ကြည်ညိုစရာကောင်းနေဆဲပင်။ သို့သော် ထိုအပြုံးသည် အချိန်ကြာကြာစိုက်ကြည့်ပါက စိတ်မလုံခြုံမှုအား ခံစားရစေ၏။

 

 

ရွှယ်မုန် ဇောချွေးများ ပြန်လာသည်။

 

 

သူရတက်မအေးဖြစ်လာချိန်၌ ကျန်းလန်၏အသံကို ထပ်ကြားလိုက်ရပြီး အကြောက်တရားထဲမှ သူရုန်းထွက်လိုက်နိုင်၏။

 

 

"ရှာတွေ့ပြီ။"

 

 

ရွှယ်မုန်လှည့်ကြည့်လိုက်သောအခါ ကျန်းလန်က ဝမ်းသာအားရနှင့် သူ့ဆီပြေးလာနေသည်။ သူထရပ်ကာ အ​​ခြေအနေအား ရှင်းပြရန်ကြိုးစားသော်လည်း ဘာအသံမှမထွက်လာပေ။

 

ကြောက်ရွံ့စိတ်ကြောင့် သူနဖူးမှ ချွေးများစီးကျလာသည့်တိုင် ကျန်းလန်ကသူ့အနား ပြုံးရယ်ကာ လှမ်းလာနေဆဲပင်။ ပြီးနောက် သူ့နဖူးအားပုတ်ကာ ပြောလာ၏။

 

 

"သွား၊ အိပ်ရေးဝအောင်ထပ်အိပ်လိုက်။"

 

 

ရွှယ်မုန်လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။ ရွှယ်မုန်အားကြည့်ကာ ရုပ်ထု၏နှုတ်ခမ်းမှာ မပြုံးရယ်တော့ချေ။

 

 

"မင်းဘုရားရှင်ကို ပစ်မှားရင် သေဒဏ်အပေးခံရမယ်နော်။"

 

 

ကျန်းလန်ကရုပ်ထုအား ပြုံးပြလိုက်သည်။ "ငါပြောရင် မင်းကြောက်သွားမလားမသိဘူး။ ငါ့လက်အောက်မှာ မင်းလိုဘုရားအဆူဆူ သေခဲ့ဖူးပြီးပြီ။ အနိမ့်ဆုံးငါးဆယ်၊တစ်ရာတော့ရှိလိမ့်မယ်။"

 

 

"ပေါက်ကရတွေ ဖေ့သားရယ်။"

 

 

ရုပ်ထုကပြုံးနေသည့်တိုင် သူ့မျက်နှာပေါ်၌ ကရုဏာတရားအစား အမျက်ဒေါသများက နေရာယူထား၏။ ဒူးထောက်လျက်ရှိသော ယုံကြည်ကိုးကွယ်သူများမှာ ရုတ်ချည်းပျောက်ကွယ်ကုန်ပြီး ရုပ်ထုသည် ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာထလာသည်။ သူ၏ညာလက်အား မြှောက်လိုက်သည်နှင့် ထိုလက်သည် လက်သည်းချွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် လေအလျှင်နှင့် ကျန်းလန်အား ဖမ်းဆုပ်လာ၏။

 

 

ကျန်းလန်ကမရှောင်ဘဲ ထိုရှည်လျားသော လက်တံ၏ ကုပ်တွယ်မှုဖြင့် ပလ္လင်ဆီ လိုက်ပါသွားတော့သည်။

 

 

ရုပ်ထုသည် သူ့အား အမျက်ဒေါသအပြည့်နှင့် စိုက်ကြည့်နေ၏။

 

 

ကျန်းလန်က ရုပ်ထုအား ရယ်ပြလိုက်သည်။ သို့သော်သူ၏မျက်လုံးများသည် ရုပ်ထုအား ဝက်ဗိုက်သားကင်အား ကြည့်သလိုကြည့်နေ၏။

 

 

'ဒီရုပ်ထုကအတုကြီးပဲ။ စည်းမျဥ်းထဲမှာလည်း ရုပ်ထုကိုမစားရဘူးဆိုတာမပါဘူး။ လူမသိအောင်စားလိုက်ရင် ဘာပြဿနာမှမရှိလောက်ဘူး။'

 

 

ရုပ်ထုမှ ကျန်းလန်၏ အကြည့်ကို အဓိပ္ပါယ်မဖော်နိုင်ခင်မှာပင် ကျန်းလန်၏ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း အနက်ရောင်သားရဲကောင်ကြီးအဖြစ် ပြောင်းလဲသွားသည်။

 

 

ခန္ဓာကိုယ်မှာ မြေခွေးနှင့် တူကာ ၊ ဦးချိုမှာ နွားနှင့်တူပြီး ကျားနှင့်တူသောသွားများ၊ မြင်းတစ်ကောင်၏​ခြေထောက်များနှင့် နဂါးတစ်ကောင်၏အမြှီးနှင့် ထိုသတ္တဝါကြီး၏ ကြက်သွေးရောင် ဒေါင်လိုက်မျက်လုံးကြီးများသည် အစားအသောက်အား စိတ်လှုပ်ရှားစွာနှင့် စိုက်ကြည့်နေ၏။

 

 

"ထောင်းထျဲ့"

 

 

ရုပ်ထု၏မျက်လုံးမှာ ပြူးကျယ်နေပြီး သူ၏အသံထဲ၌ ကြောက်ရွံ့မှုက အတိုင်းသားပင်။ သို့သော် သူနောက်ထပ် အသံထပ်မထွက်နိုင်ခင်မှာပင် ထောင်းထျဲ့က သူ့အား အကောင်လိုက် မျိုချလိုက်တော့၏။

 

 

ကျန်းလန် လူအဖြစ်သို့ ပြန်ပြောင်းကာ သူ၏ဖောင်းကားနေသော ဗိုက်အားပွတ်၍ လေတက်လိုက်သေးသည်။

 

 

ယခုလို သူ့ခြေထောက်နှင့်သူ လာအစားခံသည့်အရူးမျိုးနှင့် သူမဆုံရသည်မှာ ကြာပြီဖြစ်၏။

 

 

သူနှုတ်ခမ်းအားသပ်လိုက်သောအခါ ထိုအရသာအား ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော် ထိုအသားမျိုးကို ဘယ်နေရာ၌စားခဲ့ဖူးမှန်း သူမတွေးနိုင်ပေ။ သူ့အနေနှင့် နတ်ဘုရားများ၊နတ်ဆိုးများအား မရေတွက်နိုင်အောင် စားသောက်ခဲ့ဖူးသည် မဟုတ်ပါလား။

 

 

သူထိုကိစ္စအား ဆက်တွေးမနေတော့ဘဲ ခြေဆောင့်ကာ ရွှယ်မုန်၏ အိပ်မက်ထဲကနေ ထွက်လာခဲ့တော့သည်။

 

 ညစာစားပွဲပြီးခဲ့သည့် ညကိုးနာရီခွဲ အချိန်သို့  ပြန်သွားကြပါစို့။ 

 

 

ထိုညက ကျန်းလန် ကားငှား၍ ရွှယ်မုန်အား အိမ်သို့ခေါ်လာရသည်။ အိပ်ရာမှာတစ်ခုသာရှိ၍ ရေချိုးပြီးသည်နှင့် ရွှယ်မုန်နှင့်အတူအိပ်ခဲ့ရပြီး စွမ်းနီက သူ့ခေါင်းအုံးနံဘေး၌ အိပ်ခဲ့ရ၏။ 

 

 

ညလယ်ခေါင်တွင် စူးရှရှအနံ့ကြောင့် သူနိုးလာခဲ့ပြီး ထိုအနံ့သည် ရွှယ်မုန်ဆီမှလာခြင်းဖြစ်ကာ ရွှယ်မုန်ကမူ အိပ်ပျော်လျက်သားနဲ့ ပြုံးနေပေသည်။ သူဝတ်ထားသည့် အဖြူရောင်ကျောက်လက်ကောက်ဆီမှ အနီရောင်အလင်းစက်ငယ်များ ထုတ်လွှတ်နေ၏။ 

 

 

ကျန်းလန် တစ်ခုခုမှားနေသည်ကို သတိထားလိုက်မိပြီး ရွှယ်မုန်၏အိပ်မက်ထဲ ဝင်ကြည့်လိုက်သောအခါ ပြဿနာအရင်းအမြစ်၏ နတ်ဆိုးနှင့် ဆုံခဲ့ရခြင်းပင်။ 

 

 

ကျန်းလန် ရွှယ်မုန်၏လက်ကောက်အား ချွတ်ပေးရင်း ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။ "ကံကြမ္မာဆိုတာ ပြောင်းလဲလို့မရဘူးလို့ ပြောသားပဲ။" 

 

 

ထိုအချိန်၌ စွမ်းနီနိုးလာ၏။ "ကိစ္စရှိလို့ ဌာနကိုသွားဦးမယ်။ မင်းအိမ်မှာပဲနေခဲ့။" 

 

 

စွမ်းနီသည် မြောင်ဟုအော်ပြပြီးနောက်မှ သူသည် ကြောင်မဟုတ်မှန်း သတိရကာ သူ့လက်ဖဝါးနှစ်ဖက်အား ပွတ်သပ်နေသည်။ 

 

 

ကျန်းလန် သဘောတကျနှင့် စွမ်းနီ၏ နဖူးအား ပွတ်လိုက်၏။ "မင်းတကယ် ကိုယ့်ကိုယ်ကိုယ် ကြောင်လို့ထင်နေပုံပဲ။" 

 

 

စွမ်းနီက စိတ်ဆိုးမာန်ဆိုးနှင့် သူ့အားကျောပေးသွားသဖြင့် ကျန်းလန် သူ့နောက်ကျောအား တစ်ချက်ပုတ်ကာ နတ်ဆိုးစီမံခန့်ခွဲရေးဌာနသို့ ထွက်လာခဲ့သည်။ 

 

 

သူယခုစားသောက်လိုက်သည့် ခန္ဓာကိုယ်မှာ အတုအယောင်ဖြစ်ပြီး နတ်ဆိုး၏မူလခန္ဓာကိုယ်ကို သူမသိရသလို အဘယ်ကြောင့် နတ်ဘုရားအယောင်ဆောင်ကာ ကံကြမ္မာကျောက်အားသုံး၍ အိပ်မက်မှတဆင့် လူသားများအား လှည့်ဖြားနေမှန်း သူမခန့်မှန်းနိုင်ချေ။ သူ့ထံတွင် ဆုတောင်းမိပါက သူသည် ထိုဆုတောင်းအားဖြည့်ဆည်းပေးပြီး တန်ကြေးပြန်တောင်းယူပေလိမ့်မည်။ 

 

 

လက်ဝတ်ရတနာဆိုင်သည် ဖွင့်ထားသည်မှာ မကြာသေးသော်လည်း ကံကြမ္မာကျောက်မှာ ချက်ချင်းအစွမ်းပြသဖြင့် လူအများစု ဖျားယောင်းသွေးဆောင်ခံရပြီးသည့်ပုံပင်။ ဤသို့ဆက်သွားပါက သာမန်လူများ မကြာမီ အကြီးအကျယ်ဒုက္ခရောက်လိမ့်မည်။ ထိုပြဿနာကို ဌာနသို့တင်ပြပြီး အချိန်မီကာကွယ်နိုင်ရန် ပြည်သူ့လုံခြုံရေးဌာနသို့ ဆက်သွယ်ရမည်ဖြစ်၏။ 

 

 

.................................... 

 

 

"ထပ်လွှဲသွားပြန်ပြီ။" ချန်ဟွားဒေါသတကြီးနှင့် အံကြိတ်ကာပြောလာသည်။ 

 

 

ယင်းချောင်ကမူ အချိန်မီသယ်ဆောင်ခြင်းမပြုနိုင်ခဲ့သည့် ဆိုင်အတွင်းမှ  ကံကြမ္မာကျောက်လက်ကောက်များအား ပတ်ကြည့်နေ၏။ သူသည် လက်ကိုင်ပုဝါဖြင့် လက်ကောက်အားယူကာ စစ်ဆေးပြီးနောက် ရွံရှာစွာနှင့် စင်ပေါ်ပြန်တင်လိုက်သည်။ 

 

 

"ဒီကိစ္စကိုလူထုမသိအောင် ဖုံးထားဖို့ပြောထားတယ်။ တကယ်ကို အဓိပ္ပါယ်မရှိတဲ့နည်းတွေသုံးနေတာပဲ။" 

 

 

"ဒီကျောက်တွေအားလုံးက သူ့မူလခန္ဓာကိုယ်ကနေ ဖြတ်ထုတ်ထားတဲ့ အသားစတွေနဲ့ လုပ်ထားတယ်။" 

 

 

လက်ကောက်အား ယူကြည့်ရန် လက်လှမ်းနေသည့် ချန်ဟွားသည် ယင်းချောင်စကားကြောင့် ချက်ချင်း နောက်ပြန်ဆုတ်သွား၏။ 

 

 

"ထိုက်ဆွေ့ရဲ့အသားက မကုန်မခမ်းနိုင်အောင် များတဲ့သဘောရှိတော့ ဒီလိုဖြတ်ပြီး ရောင်းနိုင်တာ ထိုက်ဆွေ့ပဲမလား။" 

 

 

ထိုက်ဆွေ့ဟူသည် ကောင်းကင်နှင့် မြေကြီးကြားဒေသ၌ မွေးဖွားခဲ့သည့် လင်ဇီးမှိုကပ်ပါး မသေမျိုးသတ္တဝါတစ်ကောင်ဖြစ်သည်။ သူ့အားမွေးဖွားရန် သစ်ပင်တစ်ပင်အနေနှင့် နှစ်ပေါင်းတစ်ရာကျော်ခန့် အချိန်ယူရပြီး လူ့အသားနှင့်အရိုးမှ အင်အားကိုစုပ်ယူ၍ သက်ဝင်လှုပ်ရှားသည့် သက်ရှိတစ်မျိုးပင်။ ထိုက်ဆွေ့အား ကြောက်ကြသဖြင့် လူသားတို့သည် ရှေးခေတ်မှစကာ ယခုအချိန်အထိ လူစုလူဝေးနှင့် သွားလာတတ်ကြပြီး ထိုက်ဆွေ့တို့သည်လူသားတို့၏ မြင်ကွင်းမှပျောက်ကွယ်သွားကြသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ 

 

 

အကယ်၍ ထိုက်ဆွေ့တစ်ကောင်သည် အသိဉာဏ်ရရှိကာ ထိုအသိဉာဏ်အား အကျိုးရှိအောင် အသုံးချနိုင်ပါက ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုအား ခံရပေသည်။ 

 

 

ယခုသူတို့ရှာဖွေနေသည်မှာလည်း အသိဉာဏ်ရရှိထားသည့် ထိုက်ဆွေ့တစ်ကောင်ပင်။ နှမြောစရာမှာ ထိုထိုက်ဆွေ့သည် အသိဉာဏ်အား မှန်ကန်သည့် လမ်းကြောင်း၌ အသုံးမချဘဲ လူသားတို့အား အသုံးချ၍ မသေမျိုးဖြစ်ရန် ကြိုးစားနေသည့်အချက် ဖြစ်သည် ။ 

 

 

လွန်ခဲ့သောဆယ်နှစ်ခန့်က ပေကျင်းတွင်  

ထိုက်ဆွေ့ကြောင့် သွေးမြေကျရသည့် အမှုတစ်ခုဖြစ်ခဲ့ပြီး ဤထိုက်ဆွေ့သည်လည်း ယခုချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ 

 

 

ပြီးခဲ့သည့်လအတွင်း၌ ဟန်ယန်းခရိုင်အတွင်း လူသုံးဦးဆက်တိုက်သေဆုံးခဲ့၏။ သုံးဦးလုံး၏ သေရသည့်အကြောင်းကိစ္စအား မသိရသည့်အပြင် ထူးခြားသည့်မျက်နှာအမူအရာများနှင့် သေဆုံးခဲ့ကြသည်။ ထိုအတွက် နတ်ဆိုးစီမံခန့်ခွဲရေးဌာမှ ယင်းချောင်အား စစ်ဆေးရန်လွှတ်ခဲ့ခြင်းဖြစ်ပြီး လူသတ်တရားခံသည် လွှတ်မြောက်နေသည့် ထိုက်ဆွေ့သာဖြစ်မည်။ 

 

 

ထိုက်ဆွေ့နှင့် သူယခင်က ဆုံခဲ့ကြဖူးပြီး ထိုစဥ်ကလည်း ကံကောင်းစွာနှင့် လွတ်မြောက်ခဲ့သလို ယခုတစ်ခေါက်လည်း ထို့အတူပင်။

 

စင်ပေါ်မှ ထိုက်ဆွေ့အသားများကို ကြည့်ပါလျှင် အထဲ၌ယှက်ပြေးနေသည့် သွေးစက်များအရ အနှီထိုက်ဆွေ့သည့် လူ့ဝိညာဥ်များစွာကို စုပ်ယူစားသုံးပြီး ဖြစ်လိမ့်မည်။ သူ၏ကျင့်ကြံရေးအဆင့်မှာလည်း အတော်လေးမြင့်ပုံရ၏။ 

 

 

"အခုတော့ ပြန်ကြတာပေါ့။ မနက်ဖြန်မှ စစ်ဆေးဖို့ လူထပ်လွှတ်လိုက်မယ်။" 

 

 

ယင်းချောင် မျက်နှာမကောင်းပေ။ "မင်းအရင်ပြန်နှင့် ၊ ငါလုပ်စရာရှိလို့။" 

 

 

ချန်ဟွားဘာမှပြန်မပြောနိုင်ခင် ယင်းချောင်က ကားဆီပင်ရောက်နေချေပြီ။ 

 

 

ချန်ဟွားမှာ လမ်းမ၌ ပစ်ချခံခဲ့ရပြီ ဖြစ်၏။ 

 

 

"မအေဘေး" 

 

 

ကျန်းလန်နှင့် သူ့သူငယ်ချင်းဖြစ်သူတို့ လက်ကောက်ဝတ်ထားသည်ကို ယင်းချောင်တွေ့ခဲ့ရသည်။ ထိုက်ဆွေ့သည် ဝိညာဥ်အသွေးအသားကိုစားသုံးကာ ကြီးထွားလာသည့်နတ်ဆိုးဖြစ်၍ ကျန်းလန်ကဲ့သို့ နတ်ဆိုးပေါက်စလေးအား အလွယ်တကူ လှည့်စားနိုင်လိမ့်မည်။ 

 

 

ငွေရောင် Aston Martin ကားလေးသည် ညလယ်ခေါင်၌ လမ်းပေါ်တရိပ်ရိပ်ပြေးကာ ကျန်းလန်အိမ် အနီးရောက်လာသည်။ 

 

 

ကျန်းလန်သူ့အား လိပ်စာပို့စဥ်က တစ်ချက်မျှကြည့်ခဲ့မိ၍ မှတ်မိနေခြင်းသာ။ ဤသို့နှင့်တိုက်ထဲရောက်လာပြီး ဓာတ်လှေကားနှင့်ကျန်းလန်အိမ်တံခါးဝအထိ သူရောက်လာပြီဖြစ်သည်။ သို့သော်သူတံခါးမခေါက်ခင် စူးရှရှအနံ့အားရလိုက်၏။ 

 

 

"တကယ်နှောင့်ယှက်ခံနေရပြီပဲ။" 

 

 

ယင်းချောင်ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တံခါးကိုကန်ဖွင့်လိုက်တော့သည်။ 

 

 

ရွှယ်မုန်က အိပ်ပျော်နေဆဲဖြစ်ပြီး အိမ်စောင့်နေသည့်စွမ်းနီသည် အသံကြောင့်နိုးလာသဖြင့် တံခါးဆီအမြန်ပြေးကာ မဖိတ်ခေါ်ထားသည့် ဧည့်သည်အား တိုက်ခိုက်ရန် နေရာယူလိုက်၏။ အနံ့သည် အိပ်ခန်းထဲ၌ ပို၍စူးရှနေသည်။ ထိုအနံ့မှာ အိပ်ရာဆီမှလာခြင်းဖြစ်ပြီး အမှောင်ထဲ၌ သူအိပ်ရာဆီတိုးသွားစဥ် တစ်စုံတစ်ဦးက သူ့အား တိုက်ခိုက်လေ၏။ သူလက်ဆန့်တန်းကာ ထိုအရာအား ဖမ်းယူလိုက်သောအခါ သူ့လည်ပင်းအား တိုက်ခိုက်ရန်ပြင်နေသည့် စွမ်းနီမှာ သူ့လက်ထဲ၌ပါလာသည်။ 

 

 

စွမ်းနီ၏မျက်လုံးလေးများသည် အမှောင်ထဲ၌ပင် ရွှေရောင်တဝင်းဝင်းတောက်နေပြီး ယင်းချောင်အားတွေ့သောအခါ မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့သည့်ပုံပင်။ 

 

 

"မြောင်"  

 

 

ထိုအရာသည် ခြင်္သေ့ပေါက်စဖြစ်ကြောင်း ယင်းချောင်သဘောပေါက်လိုက်သည်။ ယင်းချောင်၏မျက်နှာပေါ်မှ ဒေါသများကင်းစင်ကုန်သည် ။ စွမ်းနီ၏ဇက်ပိုးအား ခပ်ဖွဖွဆွဲကာ အိပ်ရာဆီခေါ်လာ၏။ 

 

 

"မင်းအစ်ကိုရော....." (အဆင်ပြေရဲ့လား) 

 

 

စကားလုံးတစ်ဝက်ခန့်သည် အိပ်ရာထက်မှလူကြောင့် ထပ်မထွက်လာတော့။ 

 

 

ကျန်းလန်မှာအိမ်၌ပင်မရှိဘဲ အိပ်ရာထက်၌ လူသားတစ်ဦးသာရှိနေသည်။ 

 

 

'ဒါ အထီးကြီးပဲ။'