Chapter 7
Viewers 575

အပိုင်း ၇

 

 

ဆိုင်ထဲမှပြန်ထွက်လာသည်အထိ ရွှယ်မုန်မှာပြောစရာစကား ရှာမတွေ့သေးချေ။ "ဒီလိုရမ်းသမ်းစွပ်စွဲတာတွေက အရမ်းများနေပေမယ့် အားလုံးကိုလျစ်လျူရှုထားလို့လည်းမရဘူး။ အခုတော့ အချိန်ကုန်တာပဲအဖတ်တင်တယ်။"

 

 

"လူတွေကိုဝန်ဆောင်မှုပေးရတဲ့ အလုပ်ကတော့ဒီလိုပဲပေါ့။" ကျန်းလန်ပြုံးကာပြောမိသည်။

 

 

သူ့လက်ထဲ၌ လက်ကောက်အားအတော်ကြာအောင် ကိုင်ထားမိသဖြင့် ပုတီးစေ့များမှာ ပူနွေးနွေးဖြစ်နေချေပြီ။ ထိုပူနွေးနူးညံ့သည့်အထိအတွေ့အား သူရင်းနှီးနေသလိုပင်။ သို့သော်မည်သို့မည်ပုံ ရင်းနှီးသည်ကို သူတွေးမရနေပေ။

 

 

သူလက်ကောက်ကိုကိုင်ကာ အလင်းထဲ၌ထားကြည့်လိုက်သည်။ ပုတီးစေ့များသည် ကျောက်စိမ်းလည်းမဟုတ်သလို သာမန်ကျောက်များလည်းမဟုတ်ရပါ။ "ဒါဘယ်လိုပုတီးစေ့မျိုးပါလိမ့်။"

 

 

ရွှယ်မုန်ကသူ့စကားကိုကြားကာ ပြောလာ၏။ "ဒီလောက်စျေးပေါတော့ ကျောက်ခဲ ဒါမှမဟုတ် လူလုပ်ဖန်သားဖြစ်မှာပေါ့။ ဒါပေမယ့်လှတာတော့လှတယ်။ ပိုင်ရှင်က ကံကြမ္မာကျောက်လို့ပြောတယ်မလား။ ဒီတိုင်းကံကောင်းစေတဲ့ ကျောက်ပဲဖြစ်မှာပါ။"

 

 

ကျန်းလန်ခေါင်းသာခါပြလိုက်သည်။  "ကံကြမ္မာကိုပြောင်းနိုင်တယ်ဆိုတာ အလိမ်အညာပဲ။ ကံဆိုတာက လူနဲ့ပဲဆိုင်တယ်။ ကံကြမ္မာကိုပြောင်းလဲဖို့က နေ့စဥ်လူမှုဘဝလောက် မလွယ်ကူဘူး။ ခန္ဓာကိုယ်ကကောင်းမွန်တဲ့ စွမ်းအားတွေပြည့်နေမှ အနှောင့်အယှက်အလိုလိုကင်းပြီး ကံဇာတာတက်တာ။"

 

 

ရွှယ်မုန်ကသူ့အား 'လာနောက်နေတာလား'ဟူသည့် မျက်နှာပေးနှင့်ကြည့်နေသဖြင့် သူဆက်ပြောလိုက်သည်။ "အရာရာတိုင်းမှာ အပေးအယူဆိုတာရှိတယ်။ ကိုယ်မပိုင်တဲ့အရာကို ယူမိရင်တန်ဖိုးတူတဲ့ တစ်စုံတစ်ခုကိုပြန်ပေးရမှာပဲ။ ကံဆိုတာလည်းဒီလိုပဲ။ ကောင်းကင်ကနေ ငွေတွေကျလာတယ်ဆိုတာမရှိဘူး။"

 

 

ရွှယ်မုန်ကမေးကိုပွတ်ရင်း သူ့ကိုကြည့်နေ၏။ သူပြောနေသည်ကို နားထောင်နေသလား သေချာမသိနိုင်သော်လည်း ရွှယ်မုန်ပြောလာသည်မှာ "ကျန်းရှောင်လန်၊ မင်းကဦးလေးကျိုးနဲ့ သိပ်တူတာပဲ။ ဦးလေးကျိုးလည်း ဒါမျိုးတွေပြောနေကျပဲ။ ကြားရတာအဓိပ္ပါယ်တော့ရှိသလိုပဲ။"ဟူ၍ပင်။

 

 

ကျန်းလန်ပါးစပ်ဟလိုက်သည်နှင့် သူကကျန်းလန်အားအတင်းဖက်ကာ ပြုံးစိစိ​နှင့်ကားရပ်ထားသည့်နေရာဆီသို့ ဆွဲခေါ်လာသည်။ "မင်းပြောတာငါနားလည်ပါတယ်။ ငါကဒီတိုင်းယှဥ်ပြရုံပါ။ ငါလည်းကောင်းကင်က​နေ ငွေတွေကျလာတာမျိုးကို မမျှော်လင့်ထား..."

 

 

ရုတ်တရက်ကြမ်းပြင်ပေါ်၌ ငွေစက္ကူအချို့ရောက်နေသည်ကိုတွေ့ကာ ရွှယ်မုန်စကားပင်ဆက်မပြောနိုင်တော့။

 

 

"ဒါမကောင်းမှုတော့ မမြောက်ဘူးမလား။"

 

 

ရွှယ်မုန်သည်လက်ကောက်အားကြည့်လိုက် ငွေစက္ကူများအားကြည့်လိုက်နှင့် နောက်ဆုံးတွင်ကျန်းလန်အား မျက်လုံးအပြူးသားနှင့် လှည့်ကြည့်လာ၏။ "တကယ်ကြီး ကောင်းကင်ကနေပြုတ်ကျလာတာလား။"

 

 

ကျန်းလန်ကမျက်မှောင်ကြုတ်ကာ ငွေစက္ကူများအား ကောက်ယူကြည့်သောအခါ စုစုပေါင်း ငွေစက္ကူရှစ်ရွက်ခန့်ရှိနေပြီး ပမာဏမှာ မများသော်လ​ည်း အချိန်ကာလမှာ မူမမှန်နေပေ။

 

 

လက်ကောက်မှာလည်း ဘာမှထူးထူးခြားခြား မပြောင်းလဲသွားသဖြင့် သူမတွေးနိုင်ဘဲရှိနေရ၏။

 

 

ရွှယ်မုန်ကမူ အံ့သြတကြီးပြောလာသည်။ "ဒါတိုက်ဆိုင်တာမလား။ ငါတို့အခုလာတဲ့လမ်းမှာ ကင်းတဲရှိတယ်။ ပိုင်ရှင်လာရှာရင်တွေ့အောင် သွားအပ်ခဲ့ရင်ကောင်းမလား။"

 

 

နှစ်ဦးသားပြန်လှည့်ကာ ကင်းတဲ၌ငွေအပ်ပြီးအပြန် လမ်းတစ်ဝက်၌မမျှော်လင့်ထားသည့် အသိတစ်ဦးနှင့်ပက်ပင်းတိုး၏။

 

 

"ယင်းချောင်"

 

 

ကျန်းလန်သည် ငွေရောင်ကားအကောင်းစားကြီးထဲမှ ဆင်းလာသည့်လူအား မရေမရာနှင့်လှမ်းခေါ်လိုက်သည်။

 

 

ယင်းချောင်သည်ယခုနေရာသို့ စစ်ဆေးရေးလုပ်ရန် ချန်ဟွားနှင့်အတူလာခြင်းဖြစ်ပြီး ကျန်းလန်နှင့်မထင်မှတ်ဘဲ ကြုံကြိုက်ခြင်းပင်။ သူခဏလောက်ကြောင်နေပြီးမှ ရှေ့သို့ခပ်သွက်သွက်တိုးလာ၏။ "မင်းဒီကိုဘာလာလုပ်တာလဲ။"

 

 

ကားအကောင်းစားကြီးဆီသာ စိတ်ရောက်နေသည့်ကျန်းလန်မှာ ကြောင်တောင်တောင်ပြန်​ဖြေလိုက်သည်။ "ရုံးခွဲမှာတိုင်ကြားချက်ရောက်လာလို့ လာစစ်ဆေးတာ။"

 

 

ယင်းချောင်သည် သူ့လည်ပင်း၌ဆွဲထားသည့် အလုပ်သမားကဒ်ကို့ငုံ့ကြည့်ကာ ပြုံးပြလာ၏။ "တိုက်ဆိုင်တာပဲ၊ ကိုယ်လည်းသူဌေးနဲ့လာတာ။"

 

 

ကျန်းလန်၏စပ်စုချင်စိတ်မှာ ထိန်းထား၍မရတော့။ "ဒီကားက မင်းသူဌေးရဲ့ကားပေါ့။"

 

 

ယင်းချောင်းကခေါင်းငြိမ့်ပြသည်။ "သေချာပေါက်သူဌေးရဲ့ကားပေါ့။ ကိုယ်မှမဝယ်နိုင်တာ။"

 

 

နံဘေးသို့ခုမှရောက်လာသည့် ချန်ဟွား - "............"

 

 

သူသည် ယင်းချောင်နှင့်ကျန်းလန်အား အစုန်အဆန်ကြည့်ရင်းနှင့် တစ်ခုခုကိုသဘောပေါက်သွားပုံရပြီး ခပ်တိုးတိုးမေးလာ၏။ "ရှောင်ယင်း၊ ဒါ မင်းသူငယ်ချင်းလား။"

 

 

သူငယ်ချင်းဆိုသည့် စကားလုံးအား သူပိုပိုသာသာဖိ၍ပြောလိုက်သည်။

 

 

ယင်းချောင်ကသူ့ဖက်လှည့်ကာ ပြုံးပြလာသော်လည်း အကြည့်နှင့်ဆဲနေ၏။ "ဟုတ်ပါတယ်၊ မာစတာချန်။"

 

 

ထိုစကားလေးလုံးအား သူအံကြိတ်ကာပြောလိုက်ခြင်းပင်။

 

 

ချန်ဟွားက ကျန်းလန်အားစိတ်ဝင်တစား လှည့်ကြည့်လာ၏။ တစ်ဖက်လူသည် ဌာနတစ်ခု၏အလုပ်သမားကဒ်ကိုဆွဲထားပြီး အဝတ်အစားများအရ သာမန်လူမှန်းသိနိုင်သော်လည်း ယင်းချောင်၏အဆင့်အတန်းအရ ယခုလိုသာမန်လူများနှင့် အပေါင်းအသင်းမလုပ်တန်ရာ။

 

 

ထိုချစ်စရာလူငယ်လေးသည် ယင်းချောင်ပြောပြောနေသော ကြင်ဖက်တွေ့ပွဲမှ ခြင်္သေ့မျိုးနွယ်ဖွား လူငယ်​လေးသာဖြစ်ရမည်။

 

ယင်းချောင်၏အကြည့်အား လျစ်လျူရှုကာ ကျန်းလန်အားပြုံးရယ်၍ သူနှုတ်ဆက်လိုက်သည်။ "ရှောင်ယင်းကအားလုံးကောင်းပေမယ့် ဒေါသတော့ကြီးတယ်။ မင်းကသူနဲ့ဘာလို့ သူငယ်ချင်းဖြစ်ချင်ရတာလဲ။"

 

 

"ဟမ်" ကျန်းလန်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချန်ဟွားကိုကြည့်နေ၏။ သူဌေးဖြစ်သူသည်အဘယ်ကြောင့် ယင်းချောင်၏မကောင်းကြောင်းအား ထုတ်ပြောနေမှန်းသူနားမလည်နိုင်ချေ။ 

 

 

'ဝန်ထမ်းကတကယ်အရည်အချင်းရှိလို့ သူဒီလိုခေါ်လာတာမဟုတ်ဘူးလား။'

 

 

သို့သော်သူသတိမထားမိပါဘဲ ယင်းချောင်ဘက်မှဝင်ပြောပေးလိုက်မိသည်။ "မဟုတ်ပါဘူး။ ယင်းချောင်က တကယ်စိတ်ရှည်တဲ့ သူငယ်ချင်းကောင်းပါ။"

 

 

​'ငွေမသုံးတတ်တာလေးတစ်ခုပဲ။' ထိုစကားကိုတော့ သူထုတ်မပြောဖြစ်ပါ။

 

 

ချန်ဟွားကဆက်ပြောရန်ကြံလိုက်သော်လည်း ယင်းချောင်ကသူ့အနားကပ်လာသဖြင့် လည်ပင်းတစ်ဝိုက်တွင် အေးစက်စက်ခံစားရပြီး ခြင်အော်သံလိုလိုစကားသံအား ကြားလိုက်ရ၏။ "နောက်တစ်ခွန်းထပ်ပြောရင် ပြန်ရောက်တာနဲ့ ငါမင်းကိုအရေခွံခွာပစ်မယ်။"

 

 

ချန်ဟွားသည်လူ့အရေခွံခြုံ နတ်ဆိုးဖြစ်ပြီး ယင်းချောင်ပြောသည့်အရေခွံမှာ သူ့ကိုယ်ပိုင်အရေခွံအား ဆိုလိုခြင်းပင်။

 

 

တစ်ဖက်လူအား သူမယှဥ်နိုင်မှန်းသိသဖြင့် စနောက်မှုအားရပ်မှဖြစ်တော့မည်။ "ဒီနေ့ကတော့ အလုပ်သိပ်များနေတယ်။ နောက်မင်းအားမှ ငါတို့ကုမ္ပဏီကို လာလည်ဦးပေါ့ကွာ။"

 

 

ချန်ဟွားက ကျန်းလန်အားလိပ်စာကတ်ထိုးပေးကာ လှည့်ထွက်သွားခဲ့သည်။

 

 

"ဒီနေ့အလုပ်များနေလို့ နောက်မှညစာစားဖို့ချိန်းလိုက်မယ်။" ယင်းချောင်ကသူ့အား ငုံ့ကြည့်ကာပြောလာ၏။

 

 

ကျန်းလန်ခေါင်းသာငြိမ့်ပြလိုက်သည်။

 

 

၎င်းတို့နှစ်ဦးထွက်သွားသည်နှင့် ရွှယ်မုန်ကသူ့အား အော်ပြောလာ၏။ "လခွမ်း၊ ဒီကားကယွမ်ရှစ်သန်းတန်ကြီးကွ။ မင်းသူငယ်ချင်းက သူဌေးသားလား။"

 

 

"သူ့သူဌေးကားပါဆိုမှ။"

 

 

"သူ့ကိုကြည့်ရသလောက်တော့ သူဌေးသားရုပ်ပဲ။"

 

 

'ငါပြောရင်မင်းယုံမှာမဟုတ်ဘူး။ မင်းမြင်တာက အပေါ်ယံလေးပဲ။ တကယ်တမ်းသူ့လစာက တစ်လမှယွမ်သုံးထောင်တည်း။' ကျန်းလန်စိတ်ထဲကနေသာ ပြောနိုင်၏။

 

 

ဤသို့နှင့်နှစ်ဦးသား ယွမ်ရှစ်ရာအား ရဲလက်အပ်ပြီးနောက် ရုံးသို့ပြန်လာကြသည်။

 

 

တစ်ဖက်၌မူ ချန်ဟွားသည်ကားကိုလက်ပိုက်၍မှီကာ ပြုံးစိစိနှင့်ပြောလာ၏။ "​ရှောင်ယင်း..."

 

 

ယင်းချောင်ကသူ့အား ရုပ်တည်နှင့်လှည့်ကြည့်လာသည်။

 

 

"နတ်ဆိုးလေးသွားပြီ၊ ဟန်ဆောင်မနေနဲ့တော့။ မာစတာယင်းက စိတ်ကောင်းရှိပြီး သူငယ်ချင်းအပေါ်ကောင်းတတ်မှန်း ငါလည်းမသိလိုက်ရပါလား။ ငါကပဲ မာစတာယင်းနဲ့ သူငယ်ချင်းဖြစ်ဖို့ မထိုက်တန်ဘူးထင်တယ်။"

 

 

"မင်းရောသရုပ်ဆောင်လို့ပြီးပြီလား။"

 

 

"ပြီးပါပြီဗျ။"

 

 

သူ၏အရေခွံသည် လွန်စွာအဖိုးတန်သဖြင့် သူငယ်ချင်းထက် ချစ်သူအားဦးစားပေးသူ၏လက်နှင့် အရေခွံခွာခြင်းအား မခံနိုင်ပါ။

 

 

"ပြီးရင်လူသွားရှာတော့။" ယင်းချောင်က လမ်းမဖက်ကိုမေးငေါ့ပြသည်။ "ကြားတာတော့ သဲလွန်စတွေကဒီမှာပဲရှိသေးတယ်တဲ့။"

 

 

"နားလည်ပါပြီ၊ မာစတာယင်း။"

 

 

 

ရွှယ်မုန်နှင့်ကျန်းလန် ရုံးသို့အပြန်လမ်း၌ ငွေကောက်ရစဥ်ကလို ထူးထူးခြားခြားဖြစ်စဥ်များ ထပ်မကြုံခဲ့ရပါ။ သူတို့ပြန်ရောက်ချိန်သည် အလုပ်ဆင်းချိန်နီးနေပြီဖြစ်ကာ ရှောင်းရှောင်ယွီပင် ဧည့်ကြိုကောင်တာ၌မရှိတော့သဖြင့် ရုံးခန်းထဲသို့သာ တန်းတန်းမတ်မတ်သွားကြရသည်။

 

 

တံခါးဝအရောက်၌ပင် ရှောင်းရှောင်ယွီ၏ နူးနူးညံ့ညံ့စကားသံအား နှစ်ယောက်သားကြားလိုက်ရ၏။ "ကလေးလေး ဖြည်းဖြည်းစားလေ။ ဒီတစ်အိတ်လုံးက ကလေးလေးအပိုင်ပဲ။"

 

 

ရွှယ်မုန်သည် အခန်းထဲပင်မရောက်သေးဘဲ လှမ်းအော်မေးလေ၏။ "ရှောင်းရှောင်ယွီ၊ နင်အပမှီနေတာလား။"

 

 

ရှောင်းရှောင်ယွီက သူ့အားလှည့်ကြည့်ကာ ရန်တွေ့တော့သည်။ "နင်ကမှဝဲကုတ်နေရတာမလား။" 

 

 

ရွှယ်မုန်ပြန်ခံမပြောမိခင်၌ပင် စားပွဲပေါ်မှသတ္တဝါလေးအားတွေ့ကာ အလန့်တကြားထခုန်မိ၏။ "ချီးပဲ၊ နင့်ကလေးက သားရဲကောင်ကြီးလား။ နင်ဒီလိုဥပဒေချိုးဖောက်ရင် အပြစ်ပေးခံရမှာနော်။"

 

 

ရှောင်းရှောင်ယွီ၏စားပွဲပေါ်၌ လူကြီးလက်သီးဆုပ်ခန့် ခြင်္သေ့ပေါက်စလေးသည် တံခါးကိုကျောပေးထိုင်ကာ အသားညှပ်ပေါင်မုန့်ကိုပိုက်ထားလျက် တကျွတ်ကျွတ်ဝါးနေသည်။

 

 

စွမ်းနီက အသံကြားသဖြင့် လှည့်ကြည့်သောအခါ အထိတ်တလန့်မျက်နှာနှင့် ကျန်းလန်အားတွေ့လိုက်ရ၏။

 

 

"မြောင်"

 

 

ရွှယ်မုန် - 'ဒါဘယ်လိုခြင်္သေ့လဲဟ။'

 

 

"နင့်ကိုအကန်းလို့ခေါ်ရင်လည်းမကြိုက်ဘူး။ ဒါကျန်းလန်အိတ်ထဲကတွေ့တဲ့ ကြောင်လေးပဲ။"

 

 

စွမ်းနီက သူမစကားကိုထောက်ခံသည့်အလား တမြောင်မြောင်အော်ပြလာ၏။ သူ့အသံမှာအမှန်ပင် ကြောင်အစစ်နှင့်တူနေသည်။

 

 

ညီဖြစ်သူ၏ အပြစ်ကင်းသည့်မျက်နှာကိုထောက်ကာ ကျန်းလန်လိမ်ဖန်ဆင်ရတော့၏။ "အဲ့ဒါငါ့ကြောင်လေ။ အရမ်းငယ်သေးတော့စိတ်ပူလို့ အလုပ်ကိုခေါ်လာမိတာ။"

 

 

ရွှယ်မုန်ကစွမ်းနီအနားကပ်ကာ နားရွက်များအားတို့ကြည့်လာသည်။ "မြင်မြင်ချင်းခြင်္သေ့ထင်သွားတာ။ ဒီလိုကြောင်မျိုးလည်းရှိတာပဲလား။ ဘာမျိုးစိတ်လဲ။"

 

 

"သူငယ်ချင်းလက်ဆောင်ပေးလို့ ဘာမျိုးစိတ်မှန်းငါလည်းမသိဘူး။ နိုင်ငံခြားမှာပေါ်နေတဲ့ မျိုးစိတ်အသစ်လို့တော့ပြောတာပဲ။"

 

 

ရွှယ်မုန်က စွမ်းနီ၏မေးအားပွတ်ပေးရင်းပြောလာ၏။ "ကောင်းတာပေါ့၊ သားရဲတစ်ကောင်မွေးရသလို ခံစားချက်မျိုးရမှာပဲ။"

 

စွမ်းနီကမျက်လုံးများကိုမှေးကျဥ်းကာ ရွှယ်မုန်၏လက်အားတွန်းဖယ်၍ စားပွဲပေါ်မှထပြေးပြီး လက်ဖဝါးသေးသေးလေးများနှင့် ကျန်းလန်၏ပခုံးပေါ်တက်ထိုင်လေသည်။ ပြီးနောက်တမြောင်မြောင်အသံပေးကာ ကျန်းလန်အားခေါင်းနှင့်ပွတ်တော့၏။

 

 

"ငါလည်းဒီလိုချစ်စရာကောင်းတဲ့ ကြောင်လေးလိုချင်လိုက်တာ။" ရှောင်းရှောင်ယွီက​ပြောလာသည်။

 

 

ရှောင်းရှောင်ယွီသည် ကြောင်ကလေးအား မည်သို့မည်ပုံရှာတွေ့သည်ကို ကျန်းလန်အားရှင်းပြပြီးနောက် တစ်ဆက်တည်းဆူတော့၏။ "ကြောင်လေးကိုအိတ်ထဲထည့်ပိတ်ထားတာက အရမ်းအန္တရာယ်များတယ်။ နေ့လယ်စာလည်းမကျွေးသွားတော့ သူဗိုက်ဆာပြီပေါ့။"

 

 

စွမ်းနီအိပ်ပျော်နေ၍ သူနေ့လယ်စာမကျွေးခဲ့မိခြင်းသာ။ နိုးမှကျွေးမည်ဟု ဆုံးဖြတ်ထားသော်လည်း အလုပ်၌ကြန့်ကြာနေခဲ့ပြန်သည်။ စွမ်းနီနိုးလာပြီး ရှောင်းရှောင်ယွီနှင့်တိုးမည်ဟု သူမတွေးခဲ့မိပါ။

 

 

"ငါပေါ့လျော့သွားတယ်။ နောက်သူ့ကိုအိမ်မှာပဲ ထားခဲ့လိုက်မယ်။"

 

 

ရှောင်းရှောင်ယွီက အသည်းအသန်ငြင်းတော့သည်။ "မရဘူး။ ဒီကို​ခေါ်လာ။ ဒီအရွယ်လေးနဲ့ တစ်ယောက်တည်းနေဖို့က သနားစရာကောင်းလွန်းနေတယ်။ ရုံးမှာပဲဝိုင်းကျွေးမွေးကြမယ်လေ။"

 

 

ရုံးသို့ အိမ်မွေးတိရိစ္ဆာန်ခေါ်ခွင့်ပြုသည်ဟု သူမကြားဖူးသဖြင့် စွမ်းနီအားဖွက်ထားခဲ့မိခြင်းပင်။

 

 

ဖြစ်သမျှကိုထိုင်ကြည့်နေသည့် ဦးလေးကျိုးကပါ ဝင်ပြောလာသည်။ "ရှောင်ယွီပြောတာမှန်တယ်။ ဒီပေါက်စလေးကို အိမ်မှာထားခဲ့လို့မဖြစ်လောက်ဘူး။ ဒါရိုက်တာချိန်ကလည်း သဘောကောင်းပါတယ်။ ငါခွင့်သွားတောင်းပေးမယ်။"

 

 

ယခုမှသာကျန်းလန်သည် ဦးလေးကျိုးမှာ သာမန်လူမဟုတ်ကြောင်း ဒါရိုက်တာချိန် မနက်ကပြောခဲ့သည်ကို ပြန်သတိရလာသည်။ ဦးလေးကျိုးက စွမ်းနီသည်အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘဲ မိသားစုဝင်ဖြစ်ကြောင်း သိနေလိမ့်မည်။

 

 

"ကျေးဇူးတင်ပါတယ် ဦးလေးကျိုး။"

 

 

ဦးလေးကျိုးကလက်ခါပြကာ 'Minesweepers' ဂိမ်းအားဆက်ဆော့နေ၏။

 

 

ကျန်းလန်နှင့်ရွယ်မုန်တို့ နေ့လယ်ကသွားရောက်စစ်ဆေးခဲ့သည့်ကိစ္စအား အစီရင်ခံစာရေးပြီးနောက် အလုပ်ဆင်းချိန်ရောက်ပြီဖြစ်သည်။

 

 

ဦးလေးကျိုးမှာ လူငယ်များအားမနှောင့်ယှက်ချင်ဟုဆိုလာသဖြင့် သူတို့သုံးဦးသာ ညစာစားရန်ထွက်လာကြ၏။

 

 

စွမ်းနီမှာအိတ်ထဲ၌သာရှိနေပြီး ရှောင်းရှောင်ယွီပေးထားသည့် ဝက်ပေါင်ခြောက်နှင့်သရေစာများအား မနားတမ်းစားလျက်ရှိနေသည်။

 

 

သူတို့က ကျောက်ပုစွန်စားရန် လာခဲ့ခြင်းပင်။ မေလသည် ကျောက်ပုစွန်များ အဖွံ့ဖြိုးဆုံးကာလဖြစ်ပြီး ဆိုင်၏ပရိုးမိုးရှင်းကာလနှင့် ကြုံကြိုက်သဖြင့် ဆိုင်ထဲ၌လူပြည့်သိပ်နေ၏။ စားပွဲထိုး၏ဦးဆောင်မှုဖြင့် ပြတင်းပေါက်နံဘေးရှိ စားပွဲဆီ သူတို့ရောက်လာကြသည်။

 

 

ကြက်သွန်ဖြူနှပ်ကာချက်ထားသော ကျောက်ပုစွန်အား တစ်ဦးလျှင်အချိုအစပ်တစ်ကောင်စီနှင့် အဆာပြေဟင်းနှစ်ပွဲ၊ ဘီယာတစ်ပိုင့်တို့ မှာယူကာသုံးဦးသား မြိန်ရေယှက်ရေစားသောက်ကြ၏။

 

 

ဘီယာတစ်ပိုင့်သည် သူနှင့်ရွှယ်မုန်အတွက်ဟုသာ ကျန်းလန်ထင်လိုက်သော်လည်း ရှောင်းရှောင်ယွီသည် ဘီယာကောင်းကောင်းသောက်နိုင်သူဖြစ်ပြီး သူမတစ်ဦးတည်း ဘီယာ​ခြောက်ခွက်သောက်ပြီးဖြစ်သည်။ သို့သော်အခုထိ တစိုးတစိပင်မူးသည့်ပုံမပေါ်ချေ။ အပြောကြီးသူရွှယ်မုန်မှာမူ သုံးခွက်တည်းနှင့်ဘူးအော်နေပြီဖြစ်၏။

 

 

ရှောင်းရှောင်ယွီကသူ့အား လှောင်ပြောင်လေသည်။ သုံးဦးသားစားလိုက်သောက်လိုက် ဟာသပြောလိုက်နှင့်နေသည်မှာ သုံးဦးလုံးဣန္ဒြေပျက်သည်အထိ မူးနေကြပြီဖြစ်၏။

 

 

ကျန်းလန်ယခုလို စိတ်လွတ်လက်လွတ်မပျော်ရသည်မှာ အတော်ကြာလေပြီ။ နဂါးနန်းတော်တွင်နေစဥ်က ဦးလေးကွေ့သည်သူ၏ စားဝတ်နေရေး၊ သွားလာရေးကအစ စီစဥ်ပေး၍ သူက ဘာမှမလုပ်ဘဲ နေရသော်လည်း သူယခုလိုမပျော်ခဲ့ဖူးပါ။

 

 

အစ်ကိုအကြီးဆုံးနှင့် စတုတ္ထအစ်ကိုတို့သည် လူ့အသိုင်းအဝိုင်းအတွင်းတွင် ကုမ္ပဏီထောင်ထားကြသဖြင့် အိမ်ကိုတစ်ပတ်တစ်ရက်သာ ပြန်လာနိုင်ကြသည်။ ရှောင်ကျိုးကမူ တစ်နှစ်ပတ်လုံး အခွံထဲ၌သာအိပ်နေတတ်ပြီး အသိုက်မှမခွာတတ်ပေ။ စွမ်းနီကမူ လူအသွင်မပြောင်းနိုင်သဖြင့် နဂါးနန်းတော်၌ သူအထီးကျန်လှသည်။

 

 

သူငယ်ချင်းမရှိ၊ အပြင်ထွက်ခွင့်မရဘဲနှင့် စွမ်းနီနှင့်သာအချိန်ဖြုန်းကာ ရေအောက်ရှိနဂါးနန်းတော်၌ နှစ်ပေါင်းများစွာနေခဲ့ရ၏။

 

 

မူးနေသော်လည်း ငြင်းခုံနေကြဆဲဖြစ်သည့် ရွှယ်မုန်နှင့်ရှောင်ယွီကိုကြည့်ကာ သူရယ်မိသည်။ နဂါးနန်းတော်မှထွက်ကာ ​မြို့ပြဆီလာရန်အရဲစွန်ခဲ့မိသည်ကို ပထမဆုံးအနေနှင့် သူဝမ်းသာဂုဏ်ယူမိ၏။

 

 

ကိုးနာရီထိုးမှသာ သူတို့စားသောက်ပြီးစီးကြသည်။ ရွှယ်မုန်က လုံးဝမူးနေချေပြီ။ ရှောင်ယွီငွေရှင်းနေချိန်၌ ကျန်းလန်သူ့အားတွယ်ထားရ၏။ AA စနစ်ဖြင့်ငွေရှင်းရန် သဘောတူပြီးဖြစ်၍ ငွေရှင်းရာတွင်အခက်အခဲမရှိလှပေ။

 

 

ငွေရှင်းပြီးနောက်ရှောင်ယွီက ရယ်မောကာထွက်လာသည်။ "ငါတို့ကံကောင်းတယ်။ ငါတို့ကဒီညရဲ့ ၁၉၉ ဝိုင်းမြောက်မလို့ တစ်ဝိုင်းလုံးအလကားတဲ့။ တစ်ကျပ်မှမရှင်းလိုက်ရဘူး။"

 

 

မနက်ကကောက်ရသည့် ယွမ်ရှစ်ရာနှင့် ယခုအလကားစားသောက်ရသည့် အကြောင်းကိုတွေးကာ အမှန်ပင်ကံဇာတာတက်လာသလားဟု ကျန်းလန်တွေးလိုက်မိသည်။ သို့သော် ကံကြမ္မာကျောက်လက်ကောက်၌ တစ်ခုခုထူးခြားမှုရှိရမည်။ သို့သော် ငွေရှင်းသူမှာ ရှောင်ယွီဖြစ်နေ၍ သူအတိအကျမပြောတတ်ပါ။

 

 

ထိုအချိန်မူးနေသည့် ရွှယ်မုန်မှာသီချင်းထဆိုသဖြင့် သူဆက်မတွေးနိုင်တော့ချေ။

 

ရှောင်ယွီအား ကားပေါ်တင်ပေးပြီးနောက် ရွှယ်မုန်ကိုမူ သူတွဲထားရဆဲပင်။ ပြီးနောက် ကားငှားကာ ရွှယ်မုန်အား ခက်ခက်ခဲခဲ အထဲသွင်းရပြန်သည်။ ရွှယ်မုန်မှာ အိမ်ပင်မပြန်နိုင်သည်အထိ မူးနေပြီဖြစ်၍ သူ့အိမ်သို့သာ ခေါ်သွားရပေလိမ့်မည်။

 

 

 

စာရေးသူမှာ ပြောစရာရှိပါတယ် ။ 

 

စွမ်းနီ - "မြောင် မြောင်"