Chapter 6
Viewers 580

အပိုင်း ၆

 

 

အလုပ်ခွင်အသစ်၏လေထုသည် သူမျှော်မှန်းထားသည်နှင့် လားလားမျှမတူနေ၍ ကျန်းလန်အနည်းငယ် စိတ်ရှုပ်ထွေးလာရ၏။

 

 

သို့သော်အလုပ်ချိန် ကပ်နေပြီဖြစ်၍ ​ကြောင်အနေရန် အချိန်များများစားစား မရလိုက်ချေ။ အလုပ်များလှသည်ဟု ဆိုလာသောလူသုံးဦးသည် ကိုးနာရီမထိုးခင်မိနစ်ပိုင်းအလို၌ အလုပ်စားပွဲအား သန့်ရှင်းရေးလုပ်ကြပြီး ရင်ထိုးကလေးတပ်၊ ကျောကလေးမတ်လိုက်မှသာ လူမှုဝန်ဆောင်ရေးဝန်ထမ်းပုံပေါက်တော့၏။

 

 

ကျန်းလန်အခုမှသာ စိတ်သက်သာရာရမိသည်။

 

 

ရွှယ်မုန်ကအစချီကာ အလုပ်ခွင်မှလူများနှင့် သူ့အားမိတ်ဆက်ပေးလာ၏။

 

 

လက်ဖက်ရည်သောက်ကာ သတင်းစာဖတ်နေသောဦးလေးသည် ကျိုးရှုဟုအမည်ရပြီး အသက်ငါးဆယ်၊ ပိန်ပိန်ပါးပါးနှင့် အမြဲတစေပြုံးနေတတ်ပြီး မပြုံးနေပါက မျက်နှာကြောအတော် တင်းသည့်ပုံပေါက်သည်။ သူသည်အထက်ဖက်ရာထူးမှ နှုတ်ထွက်ကာ ပင်စင်ယူရန်ယခုဌာနသို့ ရောက်နေခြင်းပင်။ ပုံမှန်အားဖြင့် သူ့တွင်အလုပ်မရှိ၍ ရုံး၏သန့်ရှင်းရေးကိုသာတာဝန်ယူပြီး ကျန်းလန်၏ခုံကို ရှင်းလင်းပေးထားသည်မှာ သူပင်ဖြစ်၏။

 

 

 

မိန်းမငယ်လေး၏ နာမည်ကမူ ရှောင်းရှောင်ယွီဖြစ်ကာ လှသည်၊ခေတ်မှီသည်။ အလုပ်ဝင်သည်မှာ နှစ်အချို့ကြာပြီဖြစ်ပြီး ဧည့်ကြိုတာဝန်ယူထားရသူပင်။ ရုံးနှင့်အိမ်အလွန်နီးသဖြင့် ယခုနှစ်များအတွင်း ဌာနအပြောင်းအရွေ့မလုပ်ဘဲ ယခုရုံး၌သာ အခြေချနေသူဖြစ်၏။

 

 

အလုပ်မလာသည့် ကောင်လေး၏အမည်မှာ ကျန်းထျန်းရှန့်ဖြစ်ကာ အိမ်တွင်းရေးအရ ခွင့်ရက်လဝက်ခန့်ယူထားသဖြင့် မေလအလယ်ရောက်မှသာ ရုံးပြန်တက်မည်ဖြစ်သည်။

 

 

ရွှယ်မုန်က ရုံး၌သက်တမ်းအငယ်ဆုံးသူဖြစ်ပြီး ကျန်းလန်အားမျက်လုံးမှိတ်ပြလာ၏။ "ပုံမှန်ဆို ငါ့ကိုဝိုင်းဖိကြပေမယ့် အခုမင်းရောက်လာတော့ ငါဝဋ်ကျွတ်ပြီ။"

 

 

ကျန်းလန်မဖြုံသောမျက်နှာပေးနှင့် ပြုံးပြလိုက်သည်။ "ကောင်းပါ့ကွာ။"

 

 

"ဒါနဲ့ ငါတို့အလုပ်က ဘာလုပ်ရတာလဲ… "

 

 

မေးခွန်းမှာရိုးရှင်းသော်လည်း ရွှယ်မုန်မှာ ဖြေရခက်နေပုံပင်။ ကြောင်တောင်တောင်ရုပ်နှင့် အတော်ကြာမှပြန်​ဖြေ၏။ "ငါတို့က သာမန်လူတွေကို ဝန်ဆောင်မှုပေးရတာပေါ့။"

 

 

ကျန်းလန်၏မျက်လုံးထဲ သံသယများကိန်းဝပ်လာသည်။

 

 

'ဒီလိုဖြေမယ့်အစား ပြန်မ​ဖြေတာတောင်မှ ကောင်းဦးမယ်။'

 

 

ရွှယ်မုန်ကချောင်းဟန့်ကာ ဆက်ပြောလာသည်။ "ရှင်းရှင်းပြောရရင် အကုန်လုပ်ရတာပေါ့ကွာ။"

 

 

ကျန်းလန်၏မျက်နှာပေးအား အထူးအဆန်းဖြစ်နေပုံနှင့် ရွှယ်မုန်ကသူ့အားပြုံးပြကာ ပခုံးပုတ်လာ၏။ "စိတ်မပျက်သွားနဲ့ဦး။ အလုပ်လုပ်ရဦးမယ်။ ငါတို့ကအလုပ်များတယ်ပြောရင် တကယ်အလုပ်များလို့ပဲ။ ဒါပေမယ့်အားပြီဆိုရင်လည်း ကြိုက်သလိုနားပဲ။ တခြားဌာနကလူတွေဆို ငါတို့ကိုမနာလိုတောင်ဖြစ်ကြသေး။"

 

 

သူ့နံဘေး၌ရပ်နေသည့် ရှောင်းရှောင်ယွီ​က မျက်လုံးလှန်ပြလာ၏။ "သူများတွေ မနာလိုဖြစ်ရတဲ့ အလုပ်မျိုးရထားတာတောင် နင်ကစိတ်မကျေနပ်ဖြစ်နေသေးတာလား။"

 

 

ပြီးနောက်သူမက ကျန်းလန်ဖက်လှည့်၍ ပြုံးပြလာသည်။ "သူပြောတာတွေ နားမထောင်နဲ့။ ငါတို့ကဒီပတ်ဝန်းကျင်ကလူတွေရဲ့ ပြဿနာတွေကိုရှင်းပေးပြီး ကိစ္စအသေးအမွှားလေးတွေကို တာဝန်ယူပေးရတာ။ နင်ကကြည့်ကောင်းတော့ အန်တီကြီးတွေ သဘောကျကြမှာပဲ။ နောက်ပိုင်းကျအန်တီကြီးတွေ ကဖို့နေရာလုရင်းရန်ဖြစ်ကြရင် နင့်ကိုဖြေရှင်းခိုင်းရမယ်။"

 

 

ကျန်းလန် - ".............."

 

 

အလုပ်အ​ကြောင်းပို၍ပြောလေလေ သူထင်ထားသည်နှင့် ပို၍ကွဲပြားလာလေလေဖြစ်သည့်တိုင် ကျန်းလန်သည် ရွှယ်မုန်ဦးဆောင်သည့်အတိုင်း ဝင်ခွင့်လုပ်ငန်းစဥ်အဆင့်ဆင့်အား ဖြည့်စည်းဆောင်ရွက်ခဲ့ပြီး လုပ်ရိုးလုပ်စဥ်များပြီးသည်နှင့် ၎င်းတို့နှင့်မျက်နှာချင်းဆိုင်ရှိ တံခါးပိတ်ထားသော ဒါရိုက်တာ၏ရုံးခန်းမှာပွင့်လာ၏။ ဌာနခွဲ၏ဒါရိုက်တာမှာ သက်လတ်ပိုင်းအရွယ်လူကြီးဖြစ်ပြီး သူ့အားတွေ့သည်နှင့် အထဲဝင်ကာ စကားလာပြောရန် လက်ဝေ့ပြလာသည်။

 

 

ရုံးခွဲ၏ဒါရိုက်တာသည် ချိန်ရူဟိုင်အမည်ရ လေးထောင့်စပ်စပ် မျက်နှာပေါက်နှင့် ဗိုက်ရွဲရွဲ၊ခပ်ပြုံးပြုံးနေတတ်သူပင်။

 

 

"ရှောင်ကျန်းမလား၊ ငါမင်းရဲ့ဖိုင်ကိုဖတ်..."

 

 

ဖိုင်ဟူသည့်အသံကြားရုံနှင့် ကျန်းလန်နှလုံးခုန်မြန်လာပြီး မျက်လုံးများဂဏှာမငြိမ်တော့။ ဒါရိုက်တာချိန်၏ မျက်နှာအားမကြည့်ရဲသဖြင့် အကြည့်ကိုလွှဲရင်း သူ၏ခပ်ပြောင်ပြောင် နဖူးအားသွားကြည့်မိသဖြင့် 'အမလေး'တကာ နှာခေါင်းဆီသို့အကြည့်ကိုပြန်ပို့ရ၏။

 

 

သူအပြစ်ရှိသလို ခံစားနေရသည်မှာ အကြောင်းမဲ့မဟုတ်။

 

 

အထူးဝန်ဆောင်မှုလုပ်ငန်းများ၌ စတင်အလုပ်ဝင်စဥ်က သူ၏ဘဝအမှန်အား မဖုံးကွယ်ခဲ့မိသဖြင့် အလုပ်ကိစ္စနှင့် နတ်ဆိုးထိန်းချုပ်ရေးဌာနသို့သွားလေတိုင်း လုပ်ဖော်ကိုင်ဖက်များက တုန်ရီကြောက်ရွံ့နေတတ်၏။ သူအတတ်နိုင်ဆုံး ဖော်ရွေစွာနေနိုင်ရန်ကြိုးစားသော်လည်း သူသည် ထောင်းထျဲ့ ဖြစ်နေသည့်အချက်ကြောင့်ပင် သူ့အားကြောက်လန့်နေသည့် မျက်လုံးများနှင့်သာကြည့်တတ်ကြသည်။

 

 

အကြိမ်ကြိမ်ကြိုးစားသော်လည်း မိတ်ဆွေဖွဲ့ရန်မအောင်မြင်ခဲ့သည့်နောက် ကျန်းလန်တစ်ကိုယ်တည်းနေရသည်ကို အသားကျလာ၏။ နတ်ဆိုးထိန်းချုပ်ရေးဌာနသို့သွားလေတိုင်း အစည်းအဝေးတက်၊ တာဝန်လက်ခံကာ အစီရင်ခံစာတင်၍သာ ပြန်လာခဲ့ရသည်။

 

 

ယခုတစ်ခေါက် ရုံးခွဲ၌အလုပ်လျှောက်စဥ်က သူ၏မူလဇစ်မြစ်အားဖုံးကွယ်၍ ဖိုင်အတုပြုလုပ်ကာ သာမန်နတ်ဆိုးတစ်ကောင်၏ အသွင်ကိုယူခဲ့မိ၏။

 

နတ်ဆိုးများ၏ မူလဇစ်မြစ်အား ခန္ဓာအားကြည့်ရုံနှင့် သိနိုင်ခြင်းမရှိသဖြင့် သာမန်နတ်ဆိုးအဖြစ် အသွင်ယူခြင်းကသူ့အား လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးကျွမ်းဝင်စေနိုင်သည်။

 

 

ဒါရိုက်တာချိန်၏ စကားများအား ကျန်းလန်ရင်တထိတ်ထိတ်နှင့် နားထောင်နေမိ၏။

 

 

"မျိုးစိတ်တွေကမတူကြပေမယ့် ငါတို့ရဲ့လူတွေအပေါ် အမှုထမ်းရွက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အတွေးအခေါ်တွေကအတူတူပဲ။ ဟန်ရန်းရုံးခွဲကိုရောက်လာမှတော့ မင်းက ငါတို့ရဲ့ တစ်စိတ်တစ်ပိုင်းပဲပေါ့။ မင်းလိုအပ်တာရှိရင် ငါတို့ကိုပြောလို့ရတယ်။ အဖွဲ့အစည်းကမင်းအတွက် အကောင်းဆုံးကိုစီစဥ်ပေးမယ်။ ဘဝနဲ့သက်ဆိုင်တဲ့ အခက်အခဲဆိုရင်တော့ လောင်ကျိုးဆီဖြစ်ဖြစ်၊ ရှောင်ကျန်းဆီဖြစ်ဖြစ်(ကျန်းထျန်းရှန့်)သွားပေါ့ကွာ။"

 

 

ဒါရိုက်တာချိန်သည် ရှေ့သို့တိုးလာပြီး ခပ်တိုးတိုးပြောလာ၏။ "လောင်ကျိုးနဲ့ရှောင်ကျန်းက မင်းလိုပဲ၊ သာမန်လူတွေမဟုတ်ကြဘူး။ လောင်ကျိုးက ရာထူးအမြင့်ပိုင်းကနေ ဒီကိုရောက်လာတာ။ မကြာခင်အငြိမ်းစားရတော့မယ်ဆိုပေမယ့် မင်းလိုလူငယ်တွေကို လမ်းပြပေးရတာက သူ့အတွက်ခပ်လွယ်လွယ်အလုပ်ပဲ။ အခက်အခဲရှိရင် သူ့ဆီကိုသာသွား။ ရှောင်ကျန်းကတော့ မိသားစုကိစ္စကြောင့် ခွင့်ယူထားတော့ ပြန်လာမှတွေ့လိုက်ပေါ့။"

 

 

မမျှော်လင့်ဘဲ ဒါရိုက်တာချိန်မှ ယခုလိုထုတ်ပြောလာသဖြင့် သူကပျာကယာနှင့် ပြုံးပြကာ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်မိသည်။ "စိတ်မပူပါနဲ့ ဒါရိုက်တာ၊ ကျွန်တော်အလုပ်ကြိုးစားပါ့မယ်။"

 

 

ဒါရိုက်တာချိန်က သဘောတကျပြုံးကာ သူ့အားပခုံးပုတ်လာ၏။ "လူငယ်ပဲ၊ ဒီလောက်ထိမလိုအပ်ပါဘူး။ နားနားနေနေ လုပ်လို့ရပါတယ်ကွာ။"

 

 

ရုံးခန်းထဲမှပြန်ထွက်လာချိန်၌ ကျန်းလန်ဝမ်းသာအားရပြုံးနေမိပြီး မျက်လုံးများမှတဆင့် သူအလွန်တက်ကြွနေမှန်းသိနိုင်၏။

 

 

ရှောင်းရှောင်ယွီက မေးထောက်လျက် သူ့အားပြုံးကာကြည့်၍ပြောသည်။ "ကျန်းလန်မျက်နှာလေးသာမြင်နေရရင် အလုပ်မှာငိုက်မှာတောင်မဟုတ်ဘူး။"

 

 

ရွှယ်မုန်က မျက်နှာအား မဲ့ရွဲ့ကာပြောလာ၏။ "အခုမှကျန်းလန်ရဲ့ပထမဆုံး အလုပ်တက်တဲ့ရက်လေ။ နေ့လယ်အလုပ်ပြီးတာနဲ့ ညစာစားပွဲလုပ်ကြရအောင်။ အရသာရှယ်ကောင်းတဲ့ အကင်ဆိုင်ကိုငါသိတယ်။"

 

 

ကျန်းလန်ခေါင်းငြိမ့်ရန်ပြင်စဥ် ရှောင်းရှောင်ယွီက ရွှယ်မုန်အားပြန်ပြောလာသည်။ "အဲ့ဒီအကင်ဆိုင်ကို ရောက်နေတာအခေါက်ပေါင်းမနည်းတော့ဘူး။ ညစာစားပွဲတိုင်း အဲ့ဒီဆိုင်ပဲသွားနေတာ။ ငါအန်ထွက်တော့မယ်။ ဒီညကျောက်ပုစွန်စားကြတာပေါ့။"

 

 

သူမက ကျန်းလန်ဖက်လှည့်ကာ မေးလာ၏။ "ကျန်းလန်က ဘာစားချင်တာလဲ။"

 

 

လုပ်ဖော်ကိုင်ဖက်များနှင့် ပထမဆုံးအကြိမ် အတွဲညီခြင်းဖြစ်၍ 'ဘာစားစားရတယ်'ဟုပြန်ဖြေရန်တွေးမိပြီးမှ ရှောင်းရှောင်ယွီ၏ မျက်နှာကိုကြည့်ခြင်းအားဖြင့် ထိုအဖြေသည် မကောင်းလောက်ဟု ခံစားရသဖြင့် "ကျောက်ပုစွန်"ဟုသာ ပြန်ဖြေလိုက်ရသည်။

 

 

ရွှယ်မုန်က သူ့အားချက်ချင်းပင် အပြစ်တင်ချင်နေသည့်မျက်လုံးများနှင့် သစ္စာဖောက်တစ်ဦးလိုစိုက်ကြည့်လာ၏။

 

 

ရှောင်းရှောင်ယွီက ဝမ်းသာအားရနှင့် သူ့လက်အားလာချိတ်ကာ ရွှယ်မုန်အား ရန်စတော့သည်။ "တွေ့လား၊ ကျန်းလန်ကနင့်ထက် ပိုတွေးတတ်တယ်။"

 

 

ထိုနှစ်ဦးမှာ ခဏမျှရန်စောင်ကြပြီးနောက် အလုပ်လုပ်ရန်ပြင်ကြ၏။ ကျန်းလန်မှာမူ ပထမဆုံးအလုပ်ဝင်သည့်ရက်ဖြစ်၍ တာဝန်ဟူ၍မရှိသေးချေ။ အလုပ်နှင့်ရင်းနှီးနေစေရန် ရှောင်းရှောင်ယွီကသူ့အား ဖိုင်အချို့သာဖတ်စေသည်။

 

 

ဖိုင်များကိုဖတ်ရင်း ကျန်းလန်သည်စားပွဲအောက်မှ အိတ်ထဲသို့လက်ထည့်ကာ သူ့ညီလေး၏အမွှေးပွပွခေါင်းကိုလည်း အပွတ်မပျက်ပေ။ လက်ရှိ၌မူ စွမ်းနီသည်အိပ်မောကျနေပြီဖြစ်၍ ကျန်းလန်ညီလေးအားတစ်ချက်ကြည့်ကာ ဖိုင်ကိုသာအားကြိုးမာန်တက် ဆက်ဖတ်တော့၏။

 

 

မူလတွေးထားသည်နှင့် အနည်းငယ်ကွာခြားနေသည့်တိုင် လက်ရှိအနေအထားကို သူသဘောကျမိသည်။ အလုပ်ချိန်မှာ မနက်ကိုးနာရီမှ ညနေငါးနာရီအထိဖြစ်ပြီး ကြား၌နားချိန် တစ်နာရီနှင့်မိနစ်သုံးဆယ်ရှိ၏။ ရွှယ်မုန့်ပြောသည့်အတိုင်း အတော်အလုပ်သက်သာသည်ဆိုရမည်။ အားလုံးမှာအစီရင်ခံစာရေးလိုက် ဟာသပြောလိုက်နှင့် မနက်တစ်ပိုင်းကုန်လွန်လာပြီဖြစ်သည်။

 

 

နေ့လယ်ဖက်၌ ရွှယ်မုန်က သန့်စင်ခန်းသွားသဖြင့် ကျန်းလန်ကသူ့အစား ဖုန်းဖြေပေးရ၏။ တစ်ဖက်သူသည် ချုံချင်းဒေသိယစကားအား စက်သေနတ်ပစ်သလိုပြောနေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးပင်။

 

 

ချုံချင်းဒေသိယစကားအား ကျန်းလန်နားလည်နေ၍သာ တော်တော့သည်။ မှတ်စုချရေးပြီးနောက် သူလှမ်းပြောလိုက်၏။ "ဝမ်ဟွားလမ်းက စတိုးဆိုင်က ပဒေသရာဇ်စနစ် အယူသီးမှုနဲ့ ဘာသာရေးအစွန်းရောက်တဲ့ လုပ်ငန်းစဥ်တွေကို ကြော်ငြာနေတယ်လို့ အန်တီကြီးတစ်ယောက် ဖုန်းဆက်လာတယ်။"

 

 

"ထပ်ဆက်ပြန်ပြီလား။ ခဏခဏခေါ်ပြီး ပေါက်ကရတွေပဲပြောနေတာပဲ။" ရှောင်းရှောင်ယွီက မထူးဆန်းသလို ပခုံးတွန့်ကာပြောလာ၏။ "အရင်ကလည်း စတိုးဆိုင်က လူသတ်နေပါတယ်လို့ပြောလို့ ရဲခေါ်ဖို့ပြောတော့ဖုန်းချသွားတယ်။ နောက်နှစ်ရက်လည်းနေရော သူ့အိမ်မှာသရဲရှိနေတယ်လို့ရော၊ စတိုးဆိုင်ပိုင်ရှင်က သူ့ကိုဖမ်းဖို့ လူလွှတ်ထားတယ်တွေရောပြောသေးတယ်။ ဒီကိစ္စက သာမန်လိုဖြစ်နေပြီ။"

 

 

"ဒါဆို ဘာမှမလုပ်ပေးရဘူးလား။"

 

 

"ဖုန်းဆက်ပြီး ဒီလိုပေါက်ကရတွေ ပြောတဲ့သူကအရမ်းများတယ်။"

 

သူတို့စကားပြောနေစဥ် ရွှယ်မုန်ပြန်ရောက်လာပြီး ဝင်ပြောလာ၏။ "မင်းနောက်ဆိုအသားကျသွားလိမ့်မယ်။ ဒီလိုပေါက်ကရတွေက မကြာခဏကြားနေရတာပဲ။"

 

 

"တကယ်လို့မဟုတ်ရင်လည်း သွားစစ်ကြည့်ကြပါလား။" လက်ဖက်ရည်သောက်နေသည့် ဦးလေးကျိုးကပြောလာသည်။ "ဒီလောက်ဖုန်းဆက်တိုက်ခေါ်ထားပြီးမှ တစ်ခုခုဖြစ်သွားခဲ့ရင် မကောင်းဘူးလေ။"

 

 

ရွှယ်မုန်ကစဥ်းစားကာပြန်ဖြေ၏။ "ဒီနေ့လယ်အားတော့ သွားကြည့်ကြတာပေါ့။"

 

 

သူက ကျန်းလန်ဖက် လှည့်မေးလာသည်။ "မင်းလိုက်ခဲ့မလား။"

 

 

ကျန်းလန်အားနေသဖြင့် သူနှင့်လိုက်ရန် လက်ခံလိုက်၏။ အိပ်ပျော်နေသည့် စွမ်းနီကိုမူ ရုံး၌သာထားခဲ့ရသည်။

 

 

ဝမ်ဟွားလမ်းသည် ရုံးခွဲနှင့်အတန်ငယ်ဝေး၍ နှစ်ဦးသား ကားကို အားကိုးရ၏။ ကံဆိုးသည်မှာ လမ်းဆုံရောက်သည်နှင့် ကားပိတ်တော့သည်။ ထိပ်ဆုံး၌လူအုပ်ကြီးနှင့်အတူ ကမန်းကတန်းရပ်ထားသည့် ရဲကားနှစ်စီးရှိနေ၏။

 

 

"ရှေ့မှာကားတိုက်တာလား။" ရွှယ်မုန်ကခေါင်းထုတ်ကာ ဘေးဘီကြည့်နေသည်။

 

 

ကျန်းလန်ကအကြားအာရုံကောင်းသဖြင့် ခဏလောက်အာရုံစိုက်နားထောင်ပြီးနောက် ပြောလိုက်၏။ "ဒီရပ်ကွက်က တစ်ယောက်ယောက်သေသွားတဲ့ပုံပဲ။"

 

 

"သေပြန်ပြီလား။" ရွှယ်မုန်က လက်မောင်းမှ ကြက်သီးနွေးများအား ပွတ်သပ်နေသည်။ "အရင်လကပဲ ဒီခရိုင်မှာလူသုံးယောက်သေပြီးပြီ။ ဒါလေးယောက်မြောက်ပဲ။"

 

 

သူကအသံကိုနှိမ့်ချကာဆက်ပြောလာ၏။ "အရင်သေတဲ့သုံးယောက်ကလည်း ထူးထူးဆန်းဆန်းသေတာပဲ။ ဘာမှန်းမသိတာကြီးနဲ့ ကြုံခဲ့တဲ့ပုံပဲ။"

 

 

ကျန်းလန်သူ့ကိုလှည့်ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။ "ဘာမှန်းမသိတာကြီးတဲ့လား။"

 

 

ရွှယ်မုန်ကခေါင်းငြိမ့်ပြသည်။ "ဒီသတင်းက အနီးအနားရပ်ကွက်တွေအထိတောင် ပျံ့နေတာ၊ သုံးယောက်လုံးရဲ့ မျက်နှာအမူအရာတွေက ပုံမှန်မဟုတ်ကြဘူးတဲ့။ အားလုံးကမျက်နှာကြီးတွေ နီရဲလာတဲ့အထိပြုံးနေကြတာတဲ့။ အသက်လည်းသိပ်မကြီးကြသေးသလို ကျန်းမာရေးအခံ ရှိတယ်လို့လည်းမကြားဖူးကြဘူး။ ဒီတိုင်းရုပ်ရည်ကြည့်ကောင်းတဲ့သူတွေချည်း ကောက်ခါငင်ခါသေကုန်တာ မထူးဆန်းဘူးလားပြော။"

 

 

ရုံးခွဲ၏အလုပ်သည် နီးစပ်ရာရပ်ကွက်များဆီသွားကာ လူပေါင်းစုံ၊အတင်းအဖျင်းအစုံ၊ သတင်းအစုံနှင့် ထိတွေ့ရသည့်အလုပ်မျိုးပင်။ ယခုကိစ္စ၌မူ လူ့အသက်တစ်ချောင်းပါလာပြီဖြစ်၍ အနည်းငယ်ကြောက်စရာကောင်းသည်ဟု ဆိုရမည်။

 

 

ရွှယ်မုန်သည်ပြောရင်းနှင့် အမွှေးများထောင်သည်အထိ ကြောက်လာသဖြင့် မှန်တံခါးကိုချကာ အပြင်မှလေပူပူနှင့် ထိတွေ့ရမှအနည်းငယ် စိတ်သက်သာရာရမိသည်။

 

 

ကျန်းလန်ကသူ့အားကြည့်ကာ ရယ်ရခက်ငိုရခက်ဖြစ်နေ၏။ "ငါတို့ကအယူသီးမှုကို တိုက်ဖျက်ဖို့သွားနေတာကို မင်းကဘာလို့အယူသီးနေတာလဲ။"

 

 

ရွှယ်မုန်ကဘွင်းဘွင်းပင်ပြန်ဖြေလာသည်။ "ငါကသိပ္ပံပညာကိုပဲ ယုံကြည်တယ်ဆိုပေမယ့် စိတ်ဝိညာဥ်အရ ဒါတွေကမဖြစ်နိုင်ဘူးလို့ ပြောလို့မှမရတာ။"

 

 

စကားပြောရင်းနှင့် ပြွတ်သိပ်နေသောကားများမှာ ရှေ့တိုးကုန်ကြသဖြင့် သူတို့က ကားကိုမောင်းထွက်လာရသည်။ ယာဥ်မောင်းနံဘေးခုံမှကျန်းလန်သည် ယာဥ်တိုက်မှုဖြစ်သည့်နေရာအား ကြည့်လိုက်သော်လည်း ရဲကားများနှင့်အလောင်းမှာ ထွက်ခွာကုန်ကြပြီဖြစ်၍ မူမမှန်သည်ကိုမတွေ့ရသဖြင့် သူအကြည့်လွှဲလိုက်တော့၏။

 

 

ယာဥ်ကြောပိတ်ဆို့မှုကြောင့် လက်ဝတ်ရတနာဆိုင်သို့ သာမန်ထက် နာရီဝက်ခန့် နောက်ကျမှ ရောက်လာသည်။

 

 

စတိုးဆိုင်၏အမည်မှာ 'ရှင်းရှန့်ရှစ်ချန်'ဖြစ်ပြီး ဖွင့်ထားသည်မှာမကြာသေး၍ မျက်နှာစာရှိဆိုင်းဘုတ်မှာ အသစ်အတိုင်းရှိနေဆဲပင်။

 

 

သူတို့က ကားရပ်ကာ လမ်းလျှောက်လာကြပြီး ဆိုင်ထဲရောက်သည်နှင့် "ကြိုဆိုပါတယ်။"ဟူသည့်စကားအား အရင်ကြားကြရသည်။

 

 

ခပ်ဝဝစတိုးဆိုင်ပိုင်ရှင်က သူတို့အားနွေးထွေးစွာပြုံးပြလာ၏။ "ဘာများအလိုရှိလို့လဲ။"

 

 

စတိုးဆိုင်အားတစ်ပတ်ပတ်ကြည့်ရုံနှင့် ရင်သပ်ရှုမောစရာ မြင်ကွင်းကိုသာတွေ့ရပြီး အယူသီးမှုများအားဖြန့်ဝေနေသည့် အစွန်းရောက်ဘာသာရေးဂိုဏ်း၏ အငွေ့အသက်များအားမတွေ့ရချေ။

 

 

ရွှယ်မုန်က ကျန်းလန်အနားကပ်ကာ ခပ်တိုးတိုးပြောလာသည်။ "လာမိတာမှားပြီပဲ။"

 

 

ထို့နောက်သူသည် ဝန်ထမ်းကဒ်အားယူထုတ်ကာ အခြေအနေအားရှင်းပြနေ၏။

 

 

သူ၏ဆိုင်အား အယူသီးမှုဖြန့်ဝေခြင်းနှင့် တိုင်ကြားခံရကြောင်းသိသောအခါ ဆိုင်ရှင်သည်ပထမ၌ ကြောင်အနေသော်လည်း စိတ်မချမ်းမြေ့စွာနှင့် ပြောလာခဲ့သည်။ "ကျွန်တော်ကဒီတိုင်း ကံကြမ္မာကျောက်လေးတွေရောင်းတာပါ။ ဘယ်လိုဖြစ်ပြီး အယူသီးမှု၊အစွန်းရောက်မှုနဲ့ စွပ်စွဲခံရတာပါလဲ။"

 

 

"ကံကြမ္မာကျောက်ဆိုလား။"

 

 

"ဟုတ်ပါတယ်၊ ဒီကလက်ကောက်တွေ၊ ပုတီးတွေအားလုံးက ဒီကျောက်နဲ့ပဲလုပ်ထားတာလေ။"

 

 

ဆိုင်ပိုင်ရှင်သည် လက်ကောက်တစ်တွဲအားယူထုတ်ကာ သူတို့အားပြလာသည်။ "ဒီတိုင်း အလှ​ပြသက်သက်ပါဗျာ။"

 

 

ကံကြမ္မာကျောက်များသည် အနီရောင်ပါးပါးယှက်သန်းကာ လွန်စွာလှပေ၏။

 

 

လက်ကောက်များအပြင် ဆိုင်၌ရှိသမျှလက်ဝတ်ရတနာအားလုံးကို အနီရောင်ပါးပါးယှက်သန်းနေသည့် အရောင်နုနုကျောက်ရောင်စုံဖြင့်သာ ပြုလုပ်ထားသည်။

 

 

ကျန်းလန်လက်ဝတ်ရတနာများအား စစ်ဆေးကြည့်သောအခါ ကျောက်များသည် အင်မတန်လှသည့်အပြင် မျက်နှာပြင်မှာချောမွေ့ကြည်လင်နေပြီး အတော်ကြာသည်ထိ ဆုပ်ကိုင်ထားသည့်တိုင် နူးညံ့မှုမှာမပျောက်ကွယ်သွားချေ။

 

 

 

နှစ်ဦးသားမှာ ဆိုင်အနှံ့ပတ်ကြည့်သော်လည်း မသင်္ကာစရာဘာမှမတွေ့ရ။ ရွှယ်မုန်က လက်ဖြန့်ပြကာပြောလာ၏။ "အားလုံးအဆင်ပြေနေတော့ ပြန်ကြတာပေါ့။"

 

သူတို့ပြန်ရန်ပြင်သည်နှင့် ဆိုင်ရှင်ကဝမ်းသာအားရနှင့် အမျိုးသားဝတ် လက်ကောက်နှစ်ခုထုတ်ပေးလာ၏။ ရွှယ်မုန်ကငြင်းသော်လည်း ဆိုင်ရှင်သည် သူ့ကြောင့်အလုပ်ရှုပ်ရသည်ဟုဆိုကာ လက်ခံရန်ပြောလာသည်။

 

 

နောက်ဆုံး၌ရွှယ်မုန်သည် ကျန်းလန်အတွက်ပါငွေပေးကာ လက်ကောက်အားဝယ်လိုက်ရတော့၏။

 

 

ဆိုင်ပိုင်ရှင်က သူတို့ထွက်ခွာသည်ကို ရယ်ပြုံးကာကြည့်ရင်း ပြောလာသည်။ "ကံကောင်းကြပါစေဗျာ၊ နောက်တစ်ခေါက်လည်း လာလည်ကြပါဦး။"