တွေ့ဆုံခန်းရှိ ခုံတန်းရှည်၏ နှစ်ဖက်စလုံးတွင် နတ်ဆိုးစီမံခန့်ခွဲရေးဌာနနှင့် အထူးအုပ်ချုပ်ရေးဌာနမှ အထက်တန်းအရာရှိကြီး ခြောက်ယောက်ခန့်က တိတ်ဆိတ်စွာထိုင်နေကြသည်။ခေါင်းဆောင်က အသက်ငါးဆယ်ကျော်ခန့်ရှိမည့် အဖိုးအိုတစ်ယောက် ဖြစ်သည်။ ကောင်းမွန်သည့် ရုပ်ရည်သွင်ပြင်၊ ဖြောင့်စင်းသောခန္တာကိုယ်နှင့် မျက်ခုံးများကြားက အရေးအကြောင်းများက အလွန်ခံ့ညားနေသည်။
ယင်းချောင် တံခါးခေါက်၍ ဝင်လာသောအခါ လူတိုင်း၏အကြည့်က သူတို့ထံသို့ ရောက်သွားကြသည်။
အရင်ဆုံးဝင်လာသည့်သူက အရိုက်နှက်ခံထားရပြီးနောက် အလွန်လိမ္မာနေသည့် သားရဲကောင်ပင်။ သူ့ နောက်တွင် ယင်းချောင်နှင့် ထိုက်ဖန်း လိုက်ပါလာခဲ့သည်။
အဖိုးအိုက မတ်တပ်ရပ်၍ သားရဲအားကြည့်လိုက်သည်။ ယင်းချောင်နှင့် ထိုက်ဖန်းဆီသို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်လုံး အလုပ်ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "
ယင်းချောင်က ခပ်သာသာခေါင်းငြိမ့်ပြ၍ ဘာမှမပြောလာခဲ့သော်လည်း ထိုက်ဖန်းက " ကျွန်တော်တို့ လုပ်သင့်တာပါ " ဟု ပြောခဲ့သည်။
စကားစမြည်ပြောပြီးနောက် သူတို့နှစ်ယောက် သတ်မှတ်ထားသည့် ထိုင်ခုံများ၌ ထိုင်လိုက်ကြသည်။ သားရဲကို အခန်း၏ ထောင့်ဘက်ခြင်းတွင် ချည်ထားလေသည်။ သူက ထပ်အရိုက်ခံရမည်ကို ကြောက်သဖြင့် ယင်းချောင်၏ နွား ကြိုးချည်နည်းကို မငြင်းဆန်ရဲဘဲ ထောင့်လေးတွင်သာ တိတ်တဆိတ် ခပ်ကျုံ့ကျုံ့လေး နေလေသည်။
အဓိကထိုင်ခုံတွင် ထိုင်နေသည့်အဖိုးအိုက တည်ငြိမ်ခမ်းနားသည့်အသံဖြင့် ပြောလာသည်။ "လူတိုင်း ရောက်နေပြီဆိုတော့ စလိုက်ကြတာပေါ့။"
"လုံခြုံရေးဌာနမှာမှာရှိတဲ့ ရဲဘော်ရဲဘက်တွေက ဒီနှစ်Aprilလ သုံးဆယ်ရက်နေ့အထိဖြစ်ခဲ့တဲ့ အမှုတွေကို စစ်တမ်းကောက်ယူပြီး စစ်ဆေးပြီးသွားကြပြီ ၊မနှစ်က အချက်အလက်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ငါးဆယ်ရာခိုင်နှုန်း ပိုများလာတယ်။" သူ မနှေးမမြန် ပြောလိုက်သည်။ သူ့စကားလုံးများက ရှင်းလင်း၍ ဩဇာပါလှသည်။ သူ ခဏရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်၍ လူတိုင်း၏အမူအရာများကို အကဲခတ်ခဲ့သည်။ ထို့နောက် ဆက်ပြောလိုက်သည်။ "....အချက်အလက်တွေအရ လူသားမဟုတ်တဲ့မျိုးနွယ်တွေက ပိုပြီး ထကြွလာကြတယ်။"
"ဒါက ကောင်းတဲ့ သင်္ကေတတော့ မဟုတ်ဘူး။" သူ ပြင်းထန်စွာသက်ပြင်းချလိုက်သည်။
သူတို့နေခဲ့သော မြေတွင် လွန်ခဲ့သော နှစ်ငါးထောင်ခန့်ကတည်းက ရှိခဲ့သည့် သမိုင်းရှည်ကြီးရှိသည်။ယင်းအနှစ်ငါးထောင်က လူသားသမိုင်းနှင့် သက်ဆိုင်၍ အခြားလူသားမဟုတ်သည့် မျိုးနွယ်ဝင်များက ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။သို့သော်လည်း သမိုင်းအရှည်ကြီးနောက်သို့ ပြန်သွားကြည့်လျှင် လူသားများသာလျှင် ထိုမြေ၏ ပိုင်ရှင်မဟုတ်ခဲ့ပေ။
နတ်ဘုရားများ၊နတ်ဆိုးများ၊သရဲများ... အားလုံးက ထိုမြေ၏ အဓိကဇာတ်ကောင်များ ဖြစ်ကြသည်။သို့သော် သူတို့က စင်ပေါ်တွင် တစ်ဦးပြီး တစ်ဦး ပေါ်လာသော်လည်း တစ်ခေါက်ပြီးတစ်ခေါက် ကျရှုံးပြီးနောက်တွင် ဝမ်းနည်းစွာဖြင့် စင်ပေါ်မှဆင်းသွားကြရသည်။
သူတို့ ပျောက်ကွယ်သွားခဲ့သော်လည်း အမြဲတမ်းရှိနေခဲ့ကြသည်။
ထို့ပြင် ထိုလူမဟုတ်သည့် မျိုးနွယ်များက ရုတ်တရက်ဆိုသလို ဤမြေပေါ်တွင် နိုးကြား တက်ကြွလာကြသည်။
"ကျောင်းထိုင်ဆရာတော်ဟုန်းရန်က ဒီည ကြယ်တွေကြည့်လိုက်ပေမဲ့ ဘာမှထူးခြားတာ မတွေ့ခဲ့ပါဘူး။"
သာကျူးဘုရားကျောင်းမှ အကြီးအကဲသောင်းဟုန်က အရင် စကားစချီလာသည်။သူက လက်အုပ်ချီလိုက်၍ ဘုရားစာရွတ်လေသည်။
သူ့နားတွင်ရှိသည့် နက္ခတ်ပညာရှင်အား မေးလိုက်သည်။ "နက္ခတ်ပညာရှင်ချင်းယွမ်၊ အကြီးအကဲ တစ်ခုခု ရှာတွေ့သေးလား။"
"ဟင့်အင်း" နက္ခတ်ပညာရှင်ချင်းယွမ်းက တည်ကြည်လေးနက်စွာ ခေါင်းခါလိုက်သည်။
ယခုနှစ်အစောပိုင်းကတည်းက နေရာအတော်အများတွင် မတော်တဆမှုများ အများအပြား ဖြစ်လေ့ရှိသည်၊ ထို့ပြင် သဘာဝအလွန် အဖွဲ့အစည်းများက မူမမှန်ဖြစ်လာကြသည်။ နက္ခတာရာဆရာများ စုစည်းပြီး ကြယ်များကြည့်ရှု၍ ဂမ္ဘီရပညာဖြင့် အကြိမ်ကြိမ် ထပ်ခါထပ်ခါ လုပ်ခဲ့သော်လည်း အဖြေရှာရန် ကျရှုံးနေကျဆဲပင်။
ကြယ်များက ပုံမှန်အတိုင်းသာ ဆဌဂံကြယ်များကမူ အတိတ် နိမိတ်ကောင်းနေသည်။
သို့သော်လည်း ထိုအရာက ပိုငြိမ်းချမ်းလေလေ ပိုမိုချောက်ချားဖွယ်ရာဖြစ်လေလေပင်။
သဘာဝလွန်ကမ္ဘာကြီး၌ သဲလွန်စမရှိသည့်အတွက် လူတိုင်း၏ မျက်လုံးများက နတ်ဆိုးစီမံခန့်ခွဲရေးဌာနရှိ လူများဆီသို့ ရောက်သွားကြသည်။
ထိုက်ဖန်းက ခဏမျှတွေး၍ ပြောလိုက်သည်။ "ကျွန်တော် ဒီနှစ်ရဲ့စာရင်းဇယားကို ဖတ်ပြီးသွားပါပြီ၊ မနှစ်ကနဲ့ယှဥ်ရင် ဒီနှစ် ဝိညဉ်ပိုင်းဆိုင်ရာစွမ်းအား နိုးထလာတဲ့နတ်ဆိုးအရေအတွက်က ပိုများတယ်။ ကျွန်တော် လူလွှတ်ပြီး ရှာလိုက်တဲ့အခါမှာ ပုံမှန်မဟုတ်တာမျိုး မတွေ့ခဲ့ရပါဘူး။"
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်တွင် အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ဝိညဉ်ပိုင်းဆိုင်ရာ စွမ်းအင်နိုးထလာသည့် မကောင်းဆိုးဝါးအရေအတွက်က နှစ်တိုင်းလျော့နည်းလာခဲ့သည်။ အချက်အလက်များဖြင့်ကြည့်မည်ဆိုလျှင် စွမ်းအင် ဆင့်ကဲ ကူးပြောင်းပြီးသည့် မကောင်းဆိုးဝါးမျိုးစိတ်များက တစ်နှစ်ချင်းစီ လျော့နည်းလာကြသော်လည်း၊ ယခုနှစ်တွင်မူ မမျှော်လင့်ထားဘဲ ဆင့်ကဲနိုးထလာသည့် မကောင်းဆိုးဝါးများက များပြားလာခဲ့သည်။
မကောင်းဆိုးဝါးမျိုးနွယ်၏ အရေအတွက်က ရှားပါးသည့်အတွက် ကူညီသူတစ်ဦးပေါ်လာခြင်းက ဝမ်းသာဖွယ်ကောင်းသော်လည်း၊ဆင့်ကဲပြောင်းလဲခါစအများစုက မသင်ယူရသေးဘဲ စည်းကမ်းများအား နားမလည်သေးသည့်အတွက် အရိုင်းဆန်မှုများ ပျောက်မသွားဘဲဆက်ရှိနေသည်။ ထိုအကြောင်းကြောင့်ပင် ပဋိပက္ခများ ပို၍ဖြစ်ပွားလာခဲ့သည်။ယခင်နှစ်များတွင် ပျောက်ကွယ်သွားခဲ့သည့် မကောင်းဆိုးဝါးမျိုးနွယ် အမျိုးအစားအချို့လည်းပြန်လည်ပေါ်ထွက်လာခဲ့ကြသည်။
ယနေ့ ခေါ်ဆောင်ခံလာရသည့် သားရဲရာယွီကလည်း ထိုအထဲမှ တစ်ကောင်ဖြစ်သည်။
ရာယွီသည် ယခင်က လူမျက်နှာနှင့်မြွေခန္ဓာ ရှိသည့်နတ်ဘုရားတစ်ပါးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားနတ်ဘုရားတစ်ပါးထံတွင် အသတ်ခံခဲ့ရသည်။
သူက မသေချင်ခဲ့သဖြင့် အမုန်းဖြင့် လူမျက်နှာနှင့်နွားခန္ဓာကိုယ်ရှိသည့် လူသားစား နတ်ဆိုးအဖြစ်အသွင်ပြောင်းသွားခဲ့သည်။ သူ၏ ရက်စက်သည့် ပင်ကိုစရိုက်ကြောင့် ရှေးအခါက သူ့အား ခေါင်းဖြတ်၍ ကွက်မျက်ခဲ့ကြသည်။
ယခုတွင် မျိုးတုန်းပျောက်ကွယ်သွားသင့်သည့် ရာယွီက ကျန်းချန်၌ ပြန်ပေါ်လာခဲ့သည်။ သူက လူများကို အန္တရာယ်မပေးနိုင်သော်လည်း အာရုံစူးစိုက်မှု ရရန်တော့လုံလောက်ခဲ့သည်။
ထိုင်ဖန်းက ကိစ္စများအား မြန်ဆန်စွာအစီအရင်ခံလိုက်သည်။
သူတို့အားလုံး ဆွေးနွေးပြီးနောက်တွင်တောင် အဖြေမထွက်ဘဲ သဲလွန်စများရှာမရပေ။
အကြီးအကဲအဖိုးအိုက ယင်းချောင်းအား ငေးကြည့်၍ မေးလိုက်သည်။"လူကြီးမင်းယင်း မင်းရော ဘာထင်မြင်မိတာ ရှိလဲ..."
ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခြင်းမပြုခဲ့သည့် ယင်းချောင်က မျက်ခုံးပင့်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေပြီး စိတ်လှုပ်ရှားမှုမရှိပေ။သူက မီတင်ခန်း၌ရှိသည့်လူများဆီ စိတ်မရောက်ဘဲ အဝေးတစ်နေရာသို့ စိတ်လွင့်နေသည့်ပုံပေါက်သည်။
သူက မရှိဘူးဟု ပြောလိုက်သည်။အဖိုးအို သက်ပြင်းချလိုက်သည်၊ သူ၏ အမူအရာအား မအံ့ဩခဲ့သလို ဆက်ပြီးမေးမြန်းခြင်းမပြုခဲ့တော့။
"ငါတို့မှာသဲလွန်စမရှိဘူး၊အလုပ်ကြိုးစားဖို့ပဲရှိတယ်၊ရဲဘော်ရဲဘက်တို့ အာရုံပိုစိုက်ကြပါ။"
ပြောပြီးသည့်နောက်တွင် ထိုက်ဖန်းဘက်ကို လှည့်၍ ပြောလိုက်သည်။"အခုအခြေအနေက အရေးကြီးတယ် မြို့တော်ဆီ သွားစုံစမ်းတာတွေ လုပ်ရမယ်။"
ထိုင်ဖန်းက ယင်းနှင့်ပတ်သက်၍ဘာမှမပြောခဲ့ပေ။
သူတို့ကန့်ကွက်ခြင်းမရှိပါက အဖိုးအို၏နောက်တွင် ရှိသည့် လက်ထောက်များက လက်လွှဲပေးသည့် လုပ်ရိုးလုပ်စဉ်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်သည်။
လုပ်ရိုးလုပ်စဉ်များပြီးသွားလျှင် မီတင်က ပြီးမြောက်ပြီဖြစ်သည်။
ထိုင်ဖန်းနှင့်ယင်းချောင်က အပေါ်ထပ်ရှိဓါတ်လှေကားကို အတူတူစီးခဲ့ကြသည်။ သူတို့၏ရုံးခန်းက ဆယ်လွှာ၌ရှိသည်။ဓါတ်လှေကားထဲတွင် သူနှင့်ယင်းချောင်သာရှိသည်။ ယင်းချောင်က အတွေးများနေသဖြင့် စကားမပြောဘဲ ဖုန်းမျက်နှာပြင်အားလက်မဖြင့် ဆက်တိုက်ပွတ်နေသည်။
ထိုက်ဖန်းက လက်ပိုက်လိုက်ပြီး သံသယရှိစွာဖြင့်မေးလာသည်။"မင်းမှာ တကယ် သဲလွန်စမရှိဘူးလား..."
ယင်းချောင် သူ့အားကြည့်လိုက်ပြီး မရှိဘူးဟုပြန်ပြောလိုက်သည်။
ထို့နောက်သူ ခေါင်းငုံ့လိုက်ပြီး နားထင်ကို နှိပ်နေခဲ့သည်။ထိုင်ဖန်းက မေးစေ့အားပွတ်၍ ပြောလာခဲ့သည်။ "ငါဒီကိစ္စကို အမြဲတမ်း မရိုးဘူးလို့ ထင်နေခဲ့တာ ၊ဌာနခွဲတွေအားလုံးကို ပိုနိုးနိုးကြားကြားရှိဖို့ ငါသတိပေးစာ ပို့ရမယ်။"
"အွန်း။"
ယင်းချောင်က ဝတ်ကျေတမ်းကျေသဘောဖြင့်ပြန်ပြောလိုက်ခဲ့သည်။ သူရိုက်နေသည့် စာပိုဒ်အားပြန်ဖျက်၍ ပြန်လည်စာစီနေခဲ့သည်။
ထိုသို့ဆက်ဆံခံလိုက်ရသဖြင့် ထိုက်ဖန်း မကျေမနပ်ကြည့်ကာ သူ့ဘေးကပ်၍ ဖုန်းမျက်နှာပြင်အားကြည့်ရန် ခေါင်းကို စောင်းလိုက်သည်။ထို့နောက် သူ့မျက်ခုံးများက အံ့ဩမှုဖြင့် မြင့်တက်လာပြီး "ဘယ်သူ့ကို စာပို့နေတာလဲ..." ဟု ပြောလိုက်သည်။
ယင်းချောင်တွင် စိတ်မရှည်သည့် အကျင့်ရှိသည်။ ပုံမှန်ဆိုလျှင် အခြားသူများဆီသို့ Wechat ဖြင့် စာပို့ရန်အထိစိတ်ရှည်သည့်သူမဟုတ်။ အရာအားလုံးကို ဖုန်းဆက်၍သာ ဖြေရှင်းလေ့ရှိသည်။ ထိုက်ဖန်းက သူနှင့်နှစ်ပေါင်းများစွာ သိလာခဲ့သော်လည်း လူများနှင့် စိတ်ရှည်စွာ စာပို့နေသည့်ပုံအား မြင်ဖူးသည်မှာ ရှားလှသည်။
"ဆယ်ထပ်မြောက်ကဒီမှာနော်။"
ယင်းချောင်က ဖုန်းမျက်နှာပြင်အား လျှင်မြန်စွာ ပိတ်လိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်မှ အကြောင်းအရာများကို သူမမြင်နိုင်အောင် တားလိုက်သည်။ သူ့အိတ်ကပ်ထဲသို့ ဖုန်းထည့်လိုက်ပြီး ထိုက်ဖန်းအားအံ့ဩသည့်ပုံဖြင့် ပြောလိုက်သည်။ "မင်း ထွက်လို့ရပြီလေ။"
ထိုင်ဖန်းက မကျေနပ်စွာ တီးတိုးပြောလိုက်သည်။ "မင်းရော မလာဘူးလား။"
ယင်းချောင် လျစ်လျူရှု၍ တံခါးပိတ်သည့်ခလုတ်အား နှိပ်လိုက်သည်။
ဓါတ်လှေကားတံခါးက သူ့မျက်စိရှေ့၌ပင် ပိတ်သွားလေသည်။ ဓါတ်လှေကား အောက်ဆင်းသွားသည်ကို ကြည့်၍ ထိုင်ဖန်းတစ်ယောက် တွေးနေမိသည်။ "အခုတစ်မျိုး တော်ကြာတစ်မျိုးပဲ တကယ်ပဲ သူအချိန်နှောင်းမှသွေးဆုံးကိုင်နေပြီလား။"
လုပ်ရိုးလုပ်စဉ်များ ပြီးသည့်အခါ ကျန်းလန်နှင့်ရှောင်ဟေး အတူတူပြန်လာခဲ့သည်။
အိတ်ထဲရှိ ဖုန်းက မြည်လာသဖြင့် အိတ်ထံတွင်ရှိသည့် ရှောင်နီအသေးစားလေးက ဖုန်းကို မ၍ ပြောလိုက်သည်။ "စာပို့ထားတာတွေရှိတယ်။"
ကျန်းလန်ယူကြည့်လိုက်ရာ ယင်းချောင်ထံမှ စာများတွေ့လိုက်ရသည်။
[ယင်းချောင်: ကျွန်တော် အခုလေးတင် မင်းကိုပြောဖို့မေ့သွားတာ ငါတို့ ရည်းစားတွေလို ဟန်ဆောင်ချင်တယ်ဆို အဲ့လိုဆိုရင် တကယ်လက်တွေ့ကျကျ ဟန်ဆောင်ရမယ်၊ အဆုံးသတ်မတိုင်ခင်ထိ ငါတို့တွေ စိတ်ပိုင်းဆိုင်ရာ သဘောထား ကွဲလွဲတာတွေမဖြစ်ရအောင် လက်တွဲဖော်မရှာကြေးပေါ့။ မင်းဘယ်လိုထင်လဲ..."
သူပြောသည့်စကားများက အခြေခံကျသည်။ ကျန်းလန်က လက်တွဲဖော်ရှာရန် မစီစဉ်ထားခဲ့သောကြောင့် လွယ်ကူစွာသဘောတူလိုက်သည်။
သူ့လက်ထဲရှိဖုန်းက အနည်းငယ်တုန်ခါသွားသောကြောင့် ယင်းချောင်ယူကြည့်လိုက်ရာ ကျန်းလန် စာပို့ထားသည်ကို တွေ့လိုက်ရသည်။
[ခြင်္သေမကောင်းဆိုးဝါးလေး: အွန်း]
ခြင်္သေမကောင်းဆိုးဝါးလေးဆိုသည့်နာမည်မှာ ယင်းချောင်က ပေးထားခြင်း ဖြစ်သည်။
ယင်းချောင် ဖုန်းချလိုက်ပြီး ပထမထပ် ဧည့်ကြိုဆောင်၏ မှန်ပြတင်းပေါက်ကို ဖြတ်၍ ဖြေးညှင်းစွာ ထွက်သွားနေသော လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ ဖြေးညှင်းစွာ နှာမှုတ်လိုက်သည်။ ထိုမကောင်းဆိုးဝါးလေးသည် ရိုးသားသည့်ပုံပေါက်သည်ဟု ထင်မိသည်၊ထို့ကြောင့် သူ တစ်ခုခုပြောပြီး တစ်ခြားတစ်ခုလုပ်ဟု မပြောရဲခဲ့ပေ။
ထိုအရာသည် ဟန်ပြအတွက်သာ ဖြစ်သော်လည်း၊ အကယ်၍ မကောင်းဆိုးဝါးငယ်လေးက အခြားသူများနှင့် ငြိတွယ်ပတ်သက်နေခဲ့လျှင်လည်း သူအရှက်ရသွားဦးမည် ဖြစ်သည်။
ကျန်းလန်ကမူ ယင်းချောင်အား သူအခုလေးတင်ဖြတ်သွားခဲ့သည်ကို သတိမထားမိဘဲ ရှောင်ဟေးနှင့်အတူ ရပ်ကွက်သို့ပြန်သွားခဲ့သည်။
ယခုတစ်ခေါက် အပြင်ထွက်ချိန်က အလွန်ကြာသဖြင့် ရှောင်ဟေးက အန်ကယ်ယောင် တစ်ရေးနိုးလာချိန်၌ သူ့အားရှာနေမည်အားစိတ်ပူနေခဲ့သည်။ထို့ကြောင့် အိမ်သို့ရောက်သောအခါ မူလပုံစံ ငှက်အသွင်သို့ ပြောင်း၍ မြန်ဆန်စွာ အန်ကယ်ယောင်၏အိမ်ထဲသို့ ပြန်သွားခဲ့သည်။
ကျန်းလန်က စွမ်းနီအားအိတ်ထဲမှ ထုတ်လိုက်၍ ညစာအတွက် အစားအသောက်မှာရန်ပြင်လိုက်သည်။သူ စွမ်းနီကို လက်မောင်းထဲတွင်ထည့်၍ မီနူးများကြည့်နေစဉ် ရှောင်ဟေး ပျံလာနေသည်ကို တွေ့လိုက်ရသည်။
သူက အထိတ်တလန့် အော်ပြောနေခဲ့သည်။ "သခင်ယောင် မေ့လဲသွားပြီ။"
၎င်းကို ကြားသောအခါ ကျန်းလန်က လျှင်မြန်စွာဖြင့် ဆန့်ကျင်ဘက်တံခါးဆီသို့ သွား၍ ထိုမှတစ်ဆင့်အန်ကယ်ယောင်အိမ်ထဲ ဝင်ရန် လုပ်လိုက်သည်။အခြေအနေက အရေးပေါ်ဖြစ်သဖြင့် ဂါထာအနည်းငယ်ရွတ်၍ တံခါးဖွင့်လိုက်သည်။တံခါးဖွင့်လိုက်သည့်အခါ အန်ကယ်ယောင်က အဝင်ဝနှင့် သိပ်မဝေးသည့် နေရာ၌ မှောက်လျှက်လဲနေသည်အား တွေ့လိုက်ရသည်၊ သူ အပြင်သွားတော့မည့် အချိန်တွင် မေ့လဲသွားပုံရသည်။သူ အန်ကယ်ယောင် အသက်ရှူမရှူ အခြေအနေစမ်းကြည့်သည်။သူ ခန္ဓာကိုယ်အား မရွှေ့ရဲသဖြင့် 120 ကိုဖုန်းဆက်၍ လူနာတင်ကားကိုသာ တိုက်ရိုက်ခေါ်ခဲ့သည်။ ပြာယာခတ်နေသည့် အမဲရောင် ကြက်တူရွေးက လူသားအသွင်ပြောင်း၍ အန်ကယ်ယောင်၏ ဘေးနားတွင် သူနှင့်အတူ စောင့်ရှာက်ပေးနေသည်။
လူနာတင်ကားက မြန်ဆန်စွာ ရောက်လာခဲ့ပြီး ဆေးကုထုံးများဖြင့် အရေးပေါ်ကုသပေးသည်။ အန်ကယ်ယောင်အား လူနာလဲလျောင်းသည့် ထမ်းစင်ပေါ်တင်၍ ဆေးရုံသို့ အမြန်ခေါ်သွားကြသည်။
အန်ကယ်ယောင်တွင် သားသမီးမရှိပေ။ ရှောင်ဟေးက လူ့အဖွဲ့အစည်းနှင့် မရင်းနှီးသေးသောကြောင့် ကျန်းလန်က လုပ်ရိုးလုပ်စဉ်များအတွက် ကုန်ကျငွေစိုက်ထုတ်ပေးခဲ့သည်။ ရှောင်ဟေးက ပင်ပန်းနွမ်းနွယ်စွာဖြင့် ဆေးစစ်ချက်ရလဒ်အား အန်ကယ်ယောင်၏ ဆေးရုံကုတင်ဘေး၌ စောင့်နေခဲ့သည်။
ကံကောင်းစွာဖြင့် သူတို့က သူ့အားအချိန်မှီ ရှာတွေ့ခဲ့၍ အန်ကယ်ယောင်၏ အသက်အန္တရာယ်က မစိုးရိမ်ရခဲ့ပေ။ ဆရာဝန်က အဖိုးအို၏ ရောဂါအားပြောပြသည့်အခါ နှစ်ယောက်စလုံး စိတ်ဓါတ်ကျသွားခဲ့ကြသည်။
အန်ကယ်ယောင်၏ ကင်ဆာက နောက်ဆုံးအဆင့်သို့ရောက်ရှိသွားပြီဖြစ်၍ ရှောင်ဟေးက သူ့တွင်ကင်ဆာရှိနေမှန်း ရောဂါမှတ်တမ်းအား ပြောသည့်အခါ၌သာ သိခဲ့ရသည်။အဖိုးအိုတွင် ဆွေမျိုးသားခြင်းများမရှိဘဲ အသက်ကြီးလာခဲ့သည်။ ရောဂါအခြေအနေအား သိပြီးသည့်နောက်တွင် ကုသမှုအား လွယ်ကူစွာဖြင့် လက်လျှော့လိုက်ရာ ရှေးဆေးဝါးများဖြင့် ကုသမှုနည်းလမ်းများကိုသာ အိမ်၌သုံးနေခဲ့ရသည်။
ဆရာဝန်က အဖိုးအိုတွင် နေထိုင်မှုပုံစံ ကောင်းကောင်းရှိလျှင်နောက်ထပ်တစ်နှစ်လောက် နေရနိုင်သည်ဟု ပြောသည်။
ရှောင်ဟေးက စိတ်မချမ်းသာသည့် အမူအရာဖြင့် ခေါင်းငုံ့လိုက်သည်။
ကျန်းလန်က သူ့ပုခုံးအားပုတ်လိုက်၍ နှစ်သိမ့်ပေးလိုက်သည်။
"အန်ကယ်ယောင်က တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံပြီးသွားပြီ၊ငါတို့ အရမ်းဝမ်းနည်းစရာ မလိုပါဘူး၊ကျန်တဲ့ သက်တမ်းတစ်လျှောက်မှာ သူနဲ့ ရသလောက်အချိန်ဖြုန်းပေးလိုက်ပေါ့။"
ရှောင်ဟေး ခေါင်းငြိမ့်လိုက်ပြီး သူနာပြုပြောပြနေသည့် ကြိုတင်ကာကွယ်မှုများအား ခေါင်းထဲတွင်အသေအချာမှတ်ထားလိုက်သည်။ ထို့နောက် အန်ကယ်ယောင်၏ဘေးတွင် တိတ်ဆိတ်စွာ အဖော်ပြုပေးနေလေသည်။
အန်ကယ်ယောင်ကို ဆေးရုံခန်းတွင် ထားခဲ့ပြီး ကျန်းလန်က အိမ်သို့တစ်ခေါက် ပြန်လာသည်။အိမ်တွငွ စွမ်းနီရှိနေသဖြင့် သူ မသက်သာလှပေ။
သူ အိမ်သို့ညစာအတွက်ပြန်လာပြီး စားသောက်လိုက်သည်။ ကျန်းလန်က သူ့ညီငယ်လေးကို ခေါ်လိုက်ပြီး မြေအိုးထမင်းပေါင်းတစ်ဆက်၊အသီးခြင်းတောင်းတစ်တောင်းနှင့် အန်ကယ်ယောင်အား ပြန်လည်ကြည့်ရှုရန် ဆေးရုံသို့ထပ်သွားခဲ့သည်။
နောက်ဆုံးတွင် အန်ကယ်ယောင်က ညနေရှစ်နာရီ၊ ကိုးနာရီခန့်၌ နိုးလာခဲ့သည်။သူ မျက်လုံးဖွင့်ချိန် မူးဝေနေဆဲဖြစ်ပြီး ကျန်းလန်နှင့်ရှောင်ဟေးအား တွေ့လိုက်ရသည်။
ရှောင်ဟေးက သူ့အား ရေနွေးတစ်ခွက် ပေး၍ ပြောလိုက်သည်။ "အဘမေ့လဲသွားလို့ ကျွန်တော်နဲ့ကျန်းလန်က ဆေးရုံ ပို့ပေးတာပါ။"
အန်ကယ်ယောင် ပြန်စဥ်စားလိုက်ရာ ပြန်အမှတ်ရလာသည်။ သူ ပြောလိုက်သည်။"အင်း၊သာ့ဟေးက အပြင်ရောက်သွားတော့ အဘ အောက်ထပ်သွားပြီး သူ့ကို ရှာမလို့၊ အဘ တံခါးနားရောက်တဲ့အခါမှာ မေ့လဲသွားတာပဲ၊အဘကို ဆေးရုံပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ။"
သာ့ဟေးကို ရှာဖို့ထွက်ရန်လုပ်သည့်အကြောင်းအား ကြားသည့်အခါရှောင်ဟေး၏ နှုတ်ခမ်းများမဲ့ကျသွားခဲ့ပြီး ပို၍ဝမ်းနည်းလာရသည်။
ကျန်းလန်သည်ပြောလိုက်ခဲ့သည်။
"သာ့ဟေးက အိမ်မှာ ပြန်ရောက်နေပြီ အဘမေ့လဲသွားတုန်းက ခုံညင်းရိုး ကျိုးသွားတယ် အဲ့တာကြောင့် ရက်အနည်းငယ်လောက် ဒီမှာနေရဦးမယ်၊ကျွန်တော် အစားကျွေးပေးထားပါမယ်၊ အဘ ဆေးရုံက ဆင်းတာနဲ့သူ့ကို ပြန်သွားတွေ့လို့ရတယ်။"
အန်ကယ်ယောင်က သူ့အား ထပ်တလဲလဲကျေးဇူးတင်နေပြီး ကျန်းလန်စိုက်ပေးထားသည့်ဆေးစရိတ်များအား ပြန်ပေးချင်နေခဲ့သည်။
ကျန်းလန် ဤတစ်ခါ မငြင်းဆန်ခဲ့သော်လည်း သူပေးသည့် သစ်သီးနှင့် အလုပ်ကြိုးစားမှုအတွက် ပိုက်ဆံမလိုချင်ခဲ့ကြောင်း ပြောပြသည်။
ပိတ်ရက်အထိ ကျန်းလန်နှင့်ရှောင်ဟေးတို့ အလှည့်ကျ ဆေးရုံ စောင့်ပေးနေခဲ့သည်။ကျန်းလန်က အစိုးရဌာနခွဲရုံး၌ တင်ပြချက်ပေးပို့ရန် မကြာမီသွားရမည်ဖြစ်၍ ရှောင်ဟေးက ဆေးရုံ၌ အဖိုးအား ဂရုစိုက်ရန် တစ်ယောက်တည်း ကျန်ခဲ့သည်။
အဖိုးကို သူတို့နှစ်ယောက်စောင့်ရှောက်ပေးနေရာ အဖိုးက အလွန်အားနာနေခဲ့ပြီး သူနာပြုငှားရန် တောင်းဆိုခဲ့သည်။
"အဘ သူနာပြုငှားဖို့မလိုပါဘူး၊ကျွန်တော် ပြုစုပေးနိုင်ပါတယ်။ " ရှောင်ဟေးက ၎င်းကို ကြားချိန်တွင်စိုးရိမ်စွာဖြင့် မျက်လုံးများပြူးလာကာ ချက်ချင်း ပြန်ပြောလိုက်သည်။
အန်ကယ်ယောင်က ပြုံးရုံသာပြုံး၍ ပြောလိုက်သည်။ "သားတို့ လူငယ်တွေက ကိုယ့်ကိစ္စနဲ့ ကိုယ်ရှိတယ်လေ၊ အဘက ဘယ်လိုလုပ် အမြဲတမ်းအနှောင့်အယှက်ပေးလို့ဖြစ်မှာလဲ။"
ရှောင်ဟေးက အပြောမတတ်သည့်အပြင် လူများအား မည်သို့ မြူစွယ်ရမည်ကို မသိသည့်အတွက်ကျန်းလန်ကို အကူအညီတောင်းသည့်ပုံဖြင့် ကြည့်လိုက်သည်။
ကျန်းလန် သေချာတွေးတော၍ ပြောလာသည်။
"သူနာပြု ငှားချင်တယ်ဆိုရင် အဘ ရှောင်ဟေးကို ငှားသင့်တယ်၊သူက သူ့အလုပ်က အခုမှထွက်ပြီးကျန်းချန်ကို ပြန်လာတာ။သူ့မှာ အိမ်ငှားဖို့နဲ့ အလုပ်ရှာဖို့ အချိန်မရှိသေးဘူး၊အဘ အဆင်ပြေတဲ့ လစာပေးပြီး ခန့်လို့ရပါတယ်၊ဒါမှမဟုတ် အဘ အိမ်သူ့ကို ငှားချင်တယ်ဆိုရင် အိမ်ငှားခနဲ့လည်း ပေးလို့ရပါတယ်။"
ရှောင်ဟေးက မြန်ဆန်စွာ ခေါင်းငြိမ့်ပြလာသည်။ "ဟုတ်ပါတယ် ဟုတ်ပါတယ်။" လူငယ်နှစ်ယောက်က သူ့ကိုကူညီချင်နေသည်ကို တွေ့လိုက်ရ၍ သူတို့၏ ကြင်နာမှုအား မငြင်းဆန်တော့ဘဲ ပြုံး၍သာ လက်ခံလိုက်သည်။
ရှောင်ဟေးက လူသားအသွင်နှင့်အန်ကယ်ယောင်၏အိမ်၌ ဤမျှ လွယ်လင့်တကူ နေနိုင်မည်ဟု မထင်ထားသဖြင့် အလွန် အံ့အားသင့်သွားသည်။ သူ့မျက်လုံးများ မှိတ်သွားတော့မတတ်ပြုံးလိုက်သည်။ ထိုငှက်လေးက တုံးအအပုံလေးဖြင့်သာ။
သူ နောက်ရက်တွင် အစိုးရဌာနရုံးခွဲ၌ တင်ပြရမည်များ ရှိသောကြောင့် ထိုနေ့တွင် အိမ်စောစော ပြန်လာခဲ့သည်။
မနက်ခင်းအစောပိုင်းတွင် သူက ပေါ့ပါးစွာ အနောက်တိုင်းအင်္ကျီနှင့် ဘောင်းဘီအား ဝတ်ဆင်၍ အများသုံးစက်ဘီးစီးပြီး ဌာနအသစ်သို့ ပျော်ရွှင်စွာသွားလေသည်။ စွမ်းနီက ရင်ဘတ်တွင် လွယ်ထားသည့် အိတ်ထဲ၌ဝင်နေပြီး လူမရှိသည့်အချိန်များတွင် အခွင့်ကောင်းယူ၍ အပြင်ထွက်ကာလေညှင်းခံတတ်သည်။
ကျန်းလန် ပြုံး၍ပြောလိုက်သည်။ "ဌာနအသစ်က အထူးဝန်ဆောင်မှုဌာနလောက် မရိုးရှင်းလို့ ပုံမှန်လူတွေလည်းရှိနိုင်တယ် အဲ့တာကြောင့် အဲ့ကို ရောက်ရင်ရှာမတွေ့အောင် သေချာပုန်းနေရမယ်နော် "
စွမ်းနီက နာခံစွာဖြင့် ခေါင်းညိမ့်လိုက်သည်။ " အစ်ကိုကြီးက အဲ့မှာ ဘာလုပ်ရမှာလဲ..."
ကျန်းလန်က အကြောင်းအရာအား တိတိကျကျမသိသေးသောကြောင့် ခဏမျှစဉ်းစားပြီး ပြောလိုက်သည် “လူထုအတွက် ဝန်ဆောင်မှုပေးတာ ဖြစ်မယ်ထင်တယ်"
စွမ်းနီက နားလည်သလို မလည်သလို “အိုး” ဟု သာဆိုပြီး အိတ်ထဲ ပြန်ဝင်သွားသည်။
ဟန်ရန်း ရပ်ကွက်အုပ်ချုပ်ရေးရုံးက လူနေသည့်ကျေးရွာနှင့် တစ်ကီလိုမီတာသာဝေးသည့်အတွက် ကျန်းလန် အချ်န်သိပ်မကြာလိုက်ဘဲ ရောက်သွားခဲ့သည်။
ရုံးဌာနဧရိယာက အရမ်းမကျယ်သော်လည်း ရှေ့တံခါးက သန့်၍ တောက်ပနေသည်ကို မြင်လိုက်ရသည်။ အလုပ်ချိန်မစသေးသောကြောင့် ဖန်တံခါးကိုလည်း အနည်းငယ်ဖွင့်ထားဆဲ။ ကျန်းလန်က သူ့အင်္ကျီကော်လာကို ဆန့်၍ တံခါးကို ဖွင့်၍ အတွင်းသို့ တန်းဝင်သွားသည်။
ဝင်လာသည့်အခါ ရုံးထဲတွင်လူမရှိချေ၊ အနောက်ဘက် ရုံးခန်းထဲတွင် အသံ ကြားရသဖြင့် ကျန်းလန် တံခါးနားသွားပြီး ယဉ်ကျေးစွာ တံခါးခေါက်လိုက်သည်။
အထဲမှအသံများ ရုတ်တရက်တိတ်ဆိတ်သွားပြီး ကောင်ငယ်လေးတစ်ယောက်ထွက်လာကာ တံခါးကို မှီလျက် မေးလိုက်သည်။ " ဘာများ လိုချင်လို့ပါလဲ..."
ကျန်းလန် သူ၏သေးငယ်သည့်သွားဖြူလေးရှစ်ချောင်းပေါ်သည်အထိ ပြုံးပြနေသည်။ "ကျွန်တော်အစီရင်ခံဖို့လာတာပါ။"
ကောင်လေးက တစ်ခုခုတွေးနေပုံရပြီး အနောက်သို့လှည့်ကာ အော်ပြောလိုက်သည်။ "အဲ့တာက သတိပေးချက်အမှားပဲ၊ အခုရောက်လာတာက အစီရင်ခံစာ လာပို့တဲ့ လုပ်ဖော်ကိုင်ဖက်အသစ်ပါ"
အော်ပြောပြီးနောက်တွင် ကျန်းလန်ကိုပြုံးပြပြီး တံခါးဖွင့်ပေးကာ အထဲသို့လမ်းပြသည်။
လမ်းလျှောက်နေရင်း သူ ပြောလိုက်သည်။ "ခင်ဗျားကအရမ်းကိုသားသားနားနားဝတ်ထားတော့ ကျွန်တော့် လန့်သွားတာပဲ။"
ကျန်းလန်က ဝင်လာစဉ်တည်းက တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။ သူ လက်ဖက်ရည်နံ့ရ၍ ဘေးဘီကိုကြည့်လိုက်ချိန်တွင် အသက်ငါးဆယ်အတွင်းရှိမည့် အသက်ကြီးပိုင်းလူကြီးတစ်ဦးက နှေးကွေးစွာလက်ဖက်ရည်ဖျော်နေပြီး မနက်ခင်းသတင်းစာအား လက်ထဲတွင်ကိုင်ထားလေသည်။ သူ ဖြတ်လာသည်ကို မြင်သောအခါ သူ့အား ကြင်နာစွာပြုံးပြလေသည်။ "ဒါက ရှောင်ကျန်းမလား၊ ထိုင်ခုံနေရာကို ရှင်းပေးထားတယ်နော်၊ အလုပ်ကို ရောက်လာပြီဆိုတော့ ရှောင်ရွှယ်ကို လုပ်ငန်းစဉ်တွေ လုပ်ခိုင်းခွင့်ပြုလိုက်နော်။"
ထိုဦးလေး၏ ဆန့်ကျင်ဘက်ထိုင်ခုံတွင် မှန်ရှေ့၌ အလှပြင်နေသည့် ကောင်မလေးတစ်ယောက်ရှိနေသည်။ သူမက ကျန်းလန်အား နှုတ်ဆက်နေစဉ် သူမ၏ခေါင်းကို လှုပ်တောင်မလှုပ်ခဲ့ပေ။
လမ်းပြသည့်ကောင်လေးက သူ့ကိုယ်သူရွှယ်မုန်ဟုမိတ်ဆက်ပေးသည်။ ကျန်းလန်းအား ခုံနေရာအလွတ်ဆီသို့ လမ်းပြပေးသည်။ "ဒါက ခင်ဗျားနေရာပါ၊အန်ကယ်ကျောင်းက ရှင်းထားပေးတယ်၊ အလုပ်အတွက်လိုတဲ့ ပစ္စည်းရှိရင် ကျွန်တော်ယူလာပေးမယ်၊ ခင်ဗျားလာပြီး ယူလို့လည်းရပါတယ်။
ရှင်းပြပြီးသည့်နောက် သူ့ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီး ရောက်သည့်ရောက်ရာကြုံရာကြပန်းများ ထိုင်ပြောနေခဲ့သည်။ သူက ကျန်းလန် ထိုင်ရန်ရှက်နေမည်ကိုစိုး၍ သူ၏လော်ကာထဲမှ ကွက်ကီးအိတ်ကလေးများကိုယူ၍ ကျန်းလန်အား ပေးလိုက်သည်။ "ကျေးဇူးပြုပြီးစားပါဦး။"
ကျန်းလန်က ကွက်ကီးလေးများကိုယူ၍ ငေးကြည့်နေပြီး ခေါင်းတစ်ဝက်ပြူထွက်နေသည့် သူ့ညီငယ်လေးအား ကြည့်လိုက်သည်
ဤနေရာသည် သူစိတ်ကူးထားသည်နှင့် အနည်းငယ်ကွဲပြားနေသည်...
စာရေးသူမှာ ပြောစရာရှိပါတယ်
ယင်းချောင်: တစ်ခြားမကောင်းဆိုးဝါးတွေနဲ့ ချစ်ကြိုက်ပြီး လှေနံနှစ်ဖက်မနင်းနဲ့နော်၊ သိလား...
ကျန်းလန်: အိုး...