ကျန်းလန် အိမ်သို့ ပြန်ရောက်ချိန် နေ့လည် နှစ်နာရီ ထိုးနေပြီ ဖြစ်သည်။ ကျန်းလန် အိမ်ထဲ ဝင်လိုက််သည်နှင့် သူ၏ခေါင်းအား စောင်း၍ အနည်းငယ် ဆညံစွာ အော်နေသော အမဲရောင်ကြက်တူရွေးလေးအား ကြည့်လိုက်သည်။ ကြက်တူရွေးလေးက အိမ်ပိုင်ရှင် ပြန်လာသည်ကို သတိမထားမိဘဲနှင့် အိမ် လသာဆောင်၏ လုံခြုံရေး ပြတင်းပေါက် နှစ်ခုကို သူ့လက်သည်းများဖြင့် အပေါ်အောက် လျှောက်ခြစ်နေသည်။
ကျန်းလန် လွယ်အိတ်ထဲမှ စွမ်းနီထွက်လာသည်ကို မြင်လိုက်သည်။ စွမ်းနီက အောက်တွင်ဝပ်နေပြီး သူ့ရွှေရောင်မျက်လုံးများက အနည်းငယ်စဥ်းစားနေပုံဖြင့် သူ၏အမဲရောင်မျက်ဆံများက တစ်လိုင်းတည်းဖြစ်နေသည်။သူ့ နောက်ခြေထောက်က ကျန်းလန်၏ လက်မောင်းပေါ်တွင် ရှိနေသည်။ထို့နောက် တစ်ခဏတွင် တစ်ချက်ကန်လိုက်ပြီး မြှားတစ်စီးလွှတ်လိုက်သကဲ့သို့ အလွန်မြန်ဆန်သည့်အရှိန်ဖြင့် လသာဆောင်နားပြေးသွားတော့သည်။ ကြက်တူရွေး တုံ့ပြန်ဖို့ပင် မမှီလိုက်ချိန် ထိုကြက်တူရွေးက သူ၏ လက်သည်းများအောက်၌ ကျရှုံးသွားပြီး ကြောက်ရွံ့ထိတ်လန့်နေကာ ငှက်မွှေးများကလည်းလသာဆောင်၌ ပြန့်ကျဲ့နေသည်။
စွမ်းနီ အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သည်။ထို့နောက် အမဲရောင်ကြက်တူရွေး၏ လည်ပင်းအား ညှင်သာစွာကိုက်၍ ခြေလေးချောင်းကို ကျွမ်းထိုးမှောက်ခုံထားခံလိုက်သည်။သူ ဝံ့ကြွားစွာဖြင့် သားကောင်အားကျန်းလန်ဆီသို့ ပေးလိုက်သည်။ ကျန်းလန်က နှစ်လိုဖွယ်ကောင်းစွာ ပြုံးရင်း သူ့ခေါင်းလေးအားပုတ်လိုက်သည်။ "ဒါကအံ့ဩစရာပဲ။"
စွမ်းနီ ချက်ချင်းဆိုသလိုပင် ပျော်ရွှင်သွားသည်။ သူအမဲရောင် ကြက်တူရွေးအား လွှတ်လိုက်၍ မြေကြီးပေါ်၌ချကာ သူ့လက်ဖဝါးတစ်ဖက်ဖြင့် ဖိလိုက်သည်။ ထို့နောက် သူ့အမြှီးအား ပျော်ရွှင်စွာ နှံ့နေသည်။
ထိတ်လန့်တုန်လှုပ်နေသော အမဲရောင်ကြက်တူရွေးက ရုန်းကန်နေရင်း နောက်ဆုံး၌ ကျန်းလန်အားရှင်းလင်းစွာ မြင်လိုက်ရသည်။ ထို့နောက် လိမ္မော်ရောင် နှုတ်သီးမှ လူအသံတစ်သံ ထွက်လာသည်။ "အရှင် ကျွန်တော့်ကို ချမ်းသာပေးပါ၊ အရှင် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။"
ကျန်းလန်က သူ့အတောင်ပံများနှင့်အတူ သူ့အား မချီလိုက်သည်။ "မင်းက အန်ကယ်ယောင် မွေးထားတဲ့ငှက်မလား... ငါ့အိမ်ကို ခိုးဝင်ပြီး ဘာလုပ်နေတာလဲ..."
မနက်တုန်းက လှောင်အိမ်ထဲ၌ရှိသည့် ငှက်က အန်ကယ်ယောင် အရင်မွေးမြူခဲ့သည့် ငှက်မဟုတ်မှန်း သေချာလေသည်။ အန်ကယ်ယောင်၏ အမဲရောင်ကြက်တူရွေးက သူ့မိန်းမအသက်ရှိစဉ်ကတည်းက မွေးမြူထားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင်မွေးမြူထားသည်မှာ ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်ရှိလောက်ပြီဖြစ်သည်။ ပုံမှန် အိမ်မွေး ကြက်တူရွေးတစ်ကောင်၏ သက်တမ်းမှာ ပုံမှန်အားဖြင့် ဆယ်နှစ်သာ။
ယင်းအမဲရောင်ကြက်တူရွေးက အလွန်အိုမင်းနေခဲ့သည်၊အိုမင်းလွန်းသဖြင့် သူ့ခြေသည်းလက်သည်းများ၌ ကြမ်းတမ်းသည့် အရေပြားထူများမို့ တက်နေသည်။
သို့သော် သူ့ရှေ့၌ရှိသည့်အမဲရောင်ကြက်တူရွေးက ငယ်သေးသည်၊ ခြေသည်းလက်သည်းများက အဖြူရောင်ပင်ရှိနေသေးသည်၊ ထို့ပြင်ခြေသည်းလက်သည်းများ၏ အကြေးခွံများကလည်း တင်းရင်း၍ ချောမွတ်နေသည်။ ထိုအရာက ကြံ့ခိုင်သန်မာပုံပေါက်နေသည်။
ပို၍ဆိုရလျှင် ယင်းကြက်တူရွေးက အသိညဏ်ရှိသည့် သတ္တဝါဖြစ်နေသည်မှာ အသေအချာပင်။
သတ္တဝါတစ်ကောင်က အသိညဏ်ရှိသည့်အခါ နတ်ဆိုးဖြစ်လာရသည်။
နတ်ဆိုးစီမံရေးဌာနက လူ့လောက၌ နိုးထလာမည့်နတ်ဆိုးများအပေါ် စည်းကမ်းအလွန် တင်းကြပ်ထား၍ စည်းမျဉ်းလေးဆယ့်ကိုးခုအား ကန့်သတ်ချက်များအနေဖြင့် ထားထားသည်။
သူတို့ကြားထဲ၌ စည်းမျဉ်းတစ်ခုရှိခဲ့သည်: ဝိညဉ်ပိုင်းဆိုင်ရာစွမ်းအင်တိုးတက်လာသည့်နတ်ဆိုးမျိုးနွယ်ဝင်များသည်အိမ်မွေးတိရိစ္ဆာန်များကဲ့သို့ဟန်ဆောင်၍လူသားများကြားထဲ၌နေခွင့်မရှိ ဟူသည့်စည်းမျဉ်းချက်ပင်။
ထိုစည်းမျဉ်းက လူသားများအား ကာကွယ်ရန်အတွက်ဆိုလည်း မှန်သည် နတ်ဆိုးမျိုးနွယ်အား ကာကွယ်ရန်အတွက်ဆိုလည်း မှန်၏။
အမဲရောင်ကြက်တူရွေးက အန်ကယ်ယောင်၏ အိမ်မွေးတိရိစ္ဆာန်အနေဖြင့် အပေါ်ယံအသွင်အပြင်ယူထားသည်။ စည်းမျဉ်းများကို သိသိသာသာ ချိုးဖောက်နေသည်။သူ၏ အပြုအမူများအား အကဲဖြတ်လိုက်သည့်အခါ သူ မည်သည့်အခါမှနတ်ဆိုးစီမံရေးဌာနတွင် မှတ်ပုံမတင်သွင်းဖူးမှန်း သိသာသည်။ ထို့ပြင် သူသည် စာရင်းမဲ့ဖြစ်သည်။
ကျန်းလန် ယခင်က ဆိုးရွားသည့် အရာများ လုပ်ခဲ့သည့် စာရင်းမဲ့ နတ်ဆိုးများအား ဖမ်းဆီးခဲ့ဖူးသည်။ထို့ကြောင့် သူ့လက်ထဲရှိစာရင်းမဲ့ နတ်ဆိုးငှက်အား ယဉ်ကျေးစွာ ဆက်ဆံခြင်း မပြုခဲ့ပေ။
အမဲရောင်ကြက်တူရွေးသည် သူ၏လက်သည်းများဖြင့် ကန်ကျောက်၍ နာကျင်နေသည့် အသံများဖြင့် အော်ဟစ်နေသည်။သူက စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းခါ၍ ပြောလာသည်။ "အရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်က တောင်တန်းကို ကိုးကွယ်ဖို့လာခဲ့တာပါ၊ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။"
သူက တောင်တန်းတစ်ခုတွင် ကျင့်ကြံနေစဥ် တောင်ပေါ်ရှိ နတ်ဆိုးများက နတ်ဆိုးကြီးများထံတွင် ဖမ်းမိပြီး အစားမခံချင်လျှင် သူက အရက်ဆုံးအနေနဲ့ တောင်ကို ကိုးကွယ်ရမည်ဟု ပြောပြခဲ့သည်။
"တောင်ကိုကိုးကွယ်တာလား။" ကျန်းလန် မယုံသင်္ကာစွာဖြင့် ကြည့်လိုက်သည်။ယင်း၏မိသားစုက အင်တာနက်နှင့် ယခုမှ ပြန်ချိတ်ဆက်မိသကဲ့သို့ သူမေးလိုက်သည်။ "အခုခေတ်က သဟဇာတဖြစ်တဲ့ အဖွဲ့အစည်းခေတ်ရောက်နေပြီ၊ တောင်ကိုးကွယ်တာက ဒိတ်လွန်နေတာကြာလှပြီ။ မင်း နတ်ဆိုးစီမံရေးဌာနမှာ မှတ်ပုံတင်ထားလား၊ မင်းမှာ သက်သေခံကတ်ပြားရှိလား၊ အန်ကယ်ယောင့်အိမ်ထဲခိုးဝင်ပြီးတော့ ဘာလုပ်မလို့လဲ..."
အမဲရောင်ကြက်တူရွေး:???
သတင်းအချက်အလက်ပမာဏက အလွန်များပြားသောကြောင့် အမဲရောင်ကြက်တူရွေးက လက်မခံနိုင်ဘဲသေနေသည့်နှယ် တောင့်တင်းသွားခဲ့သည်။ ကျန်းလန်က စိတ်မရှည်စွာဖြင့် ကြက်တူရွေးအား ဆွဲခါလိုက်သည်။ကြက်တူရွေးက မေးလာခဲ့သည်။
"နတ်ဆိုးစီမံခန့်ခွဲရေးဌာနက....အဲ့တာကဘာလဲ။သက်သေခံကတ်ပြားက လူသားတွေအတွက် ထူးခြားတာမလား..."
ပထမမေးခွန်း၏ အဖြေများကို အတိုချုံ့ ဖြေလို့မရသဖြင့် ထိုမေးခွန်းနှစ်ခုအား ကျော်ပြောရန်ကျန်းလန်ရွေးချယ်လိုက်သည်။"ငါ့ကို အရင်ပြောပါဦး ၊ မင်း အန်ကယ်ယောင့်အိမ်ထဲခိုးဝင်ပြီး ဘာလုပ်ချင်တာလဲ၊ သာ့ဟေးကိုဘာလုပ်လိုက်တာလဲ..."
အန်ကယ်ယောင်က အမဲရောင်ကြက်တူရွေးလေးအား သာ့ဟေး ဟုခေါ်ကြောင်း ပြောပြဖူးသည်။
"သာ့ဟေးက သေသွားပြီ။" အမဲရောင်ကြက်တူရွေးက ရုန်းကန်မနေတော့ဘဲ ပင်ပန်းနွမ်းနယ်စွာ ပြောလာသည်။ "သူက ငါ့အမေပါ။"
သူက ဝိညဉ်စွမ်းအား စုပ်ယူရန် သင်ယူခဲ့ပြီး ဆရာမပါဘဲ လေ့ကျင့်ခဲ့ရသည်။သူက အန်ကယ်ယောင်၏အိမ်၌ ဆက်မနေချင်တော့သဖြင့် တစ်နေ့၌လျို့ဝှက်စွာ ထွက်ခွာသွားခဲ့သည်။
သူ၏ဗီဇအားမှီခို၍ လေ့ကျင်ရန်စွမ်းအင်များ ပြည့်လျှံနေသည့် တောင်တစ်တောင်ကို ရှာတွေ့ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၌ နှစ်အနည်းငယ်ကုန်ဆုံးသွား၍ သူ့ အမေသို့တွေ့ရန် တောင်ပေါ်မှ ဆင်းလာချိန်တွင် သူ့အမေက အသက်အလွန်ကြီး၍ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ပုံမှန်ကြက်တူရွေးများ၏ သက်တမ်းက ဆယ်နှစ်သာဖြစ်ပြီး သာ့ဟေးက တစ်ဆယ့်လေးနှစ်ကြာနေထိုင်ခဲ့သည်။ ထိုသက်တမ်းက ကြက်တူရွေးများကြား အလွန်ရှည်သည့် သက်တမ်းဖြစ်သည်။ သူမ သေခင်ရက်အနည်းငယ်မှစ၍ သာ့ဟေးက အစားမစား ရေမသောက်တော့ပေ ၊ အန်ကယ်ယောင်က တိရိစ္ဆာန်ဆေးခန်းများသို့ ခေါ်သွားသည့်အခါ တိရိစ္ဆာန်ဆရာဝန်များအားလုံးက ယင်းငှက်သည် အလွန်အသက်ကြီးနေသဖြင့် သူ၏ သက်တမ်း အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောလာခဲ့ကြသည်။
အန်ကယ်ယောင်က အလွန် ဝမ်းနည်းသွားခဲရသည်။အနောက်၌ပုန်းနေသည့် ရှောင်ဟေးကလည်း အလွန်ဝမ်းနည်းနေခဲ့သည်။
သေခြင်းတရားအားနှင့် ရင်ဆိုင်ရသည့်ပထမဆုံးအကြိမ်ဖြစ်၍ ညဏ်မကောင်းသည့်သာ့ဟေးသည်နားမလည်ခဲ့ပေ။ သို့သော်လည်း ရှောင်ဟေးက သူ့အား နောက်ဆုံးည၌လျှို့ဝှက်စွာ သွားတွေ့သည့်အခါ အန်ကယ်ယောင်အတွက် သူ၏စိတ်မချမှုနှင့် စိုးရိမ်ပူပန်မှုက ကျန်နေသေးကြောင်း ခံစားမိသည်။
သာ့ဟေးကို အန်ကယ်ယောင်နှင့်သူ့မိန်းမက အတူတူပျိုးထောင်လာခဲ့ပြီး သူ့မိန်းမကွယ်လွန်ပြီးနောက်တွင် အန်ကယ်ယောင်က တစ်ဦးတည်းသာကျန်ရစ်ခဲ့သည်။ ယင်းအဖိုးအိုတွင် သားသမီးမရှိ၍ သာ့ဟေးအား ရင်ဝယ်သားကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုစောင့်ရှောက်မှုက ဆယ်နှစ်နီးပါးသာကြာရှည်ခံခဲ့သည်။ အန်ကယ်ယောင်က သာ့ဟေးနှင့်ခွဲခွာရန် တွန့်ဆုတ်နေသကဲ့သို့ သာ့ဟေးသည်လည်းသူနှင့်ခွဲခွာရန် တွန့်ဆုတ်နေခဲ့သည်။
"အန်ကယ်ယောင့်မှာ ကင်ဆာရှိတယ်၊အသက်ရှင်ဖို့ တစ်နှစ်လောက်ပဲ ကျန်တော့တယ်။" ရှောင်ဟေးက အသံတိမ်လေးဖြင့် ပြောလာသည်။
နေ့စဉ်တက်ကြွစွာ စစ်တုရင်ကစားနေသည့် အန်ကယ်ယောင်က မကြာမီတွင်ကင်ဆာရောဂါဖြင့် သေတော့မည်ဆိုသည်ကို ကျန်းလန်မထင်ထားခဲ့သည့်အတွက် သူခဏတာအေးခဲရပ်တန့်သွားရသည်။
ထို့နောက် စိတ်ညစ်နေသည့်ရှောင်ဟေးအားကြည့်၍ ပြောလိုက်သည်။
"မင်းက သူဝမ်းနည်းမှာကြောက်လို့ သာ့ဟေးအနေနဲ့ဟန်ဆောင်ပြီးနေတာပေါ့။"
"အမ်း။" အမွှေးများပွရှုပ်နေသည့်အမဲရောင်ကြက်တူရွေးက မြေပြင်ပေါ်၌ရပ်နေကာ ချ၍သူ၏အမွှေးများအားနှုတ်သီးဖြင့်ဖြီးနေသည်။ထို့နောက်အက်ကွဲသံဖြင့်ပြောလိုက်သည်။ "အန်ကယ်ယောင့်မှာ သားသမီးမရှိဘူး ပြီးတော့ငါတို့သားအမိပေါ်ကို ကြင်နာခဲ့တာမို့ ငါသူ့ကို သူ့ဘဝအဆုံးသတ်မတိုင်ခင်အထိ ကူညီပေးရမယ်။"
"ကျေးဇူးပြန်ဆပ်ရကောင်းမှန်းသိတဲ့ ငှက်လိမ္မာလေးပေါ့"။ကျန်းလန်က သူ၏ခေါင်းအားအသာအယာပုတ်၍အပြုံးလေးဖြင့်ပြောလိုက်သည်။"ဒါပေမဲ့ မင်းရဲ့ အခုအခြေအနေနဲ့ဆို အန်ကယ်ယောင် အနားယူဖို့ကို မကူညီပေးနိုင်ဘူး၊ မင်း လုပ်နိုင်လို့လား... အဲ့အစား အန်ကယ်ယောင်က မင်းကိုပြန်စောင့်ရှောက်ပေးရမှာ။"
ရှောင်ဟေးက ယင်းကဲ့သို့ ရှုပ်ထွေးလှသည့် ပြဿနာအား သေချာပေါက်မတွေ့ခဲ့ပေ။
သူက ခေါင်းစောင်း၍ ကျန်းလန်အားကြည့်လိုက်ချိန် သူ့မျက်လုံးငယ်များထဲတွင် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်များပါဝင်နေသည်။
"မင်း အရင်ဆုံး နတ်ဆိုးစီမံခန့်ခွဲရေးဌာနမှာ ငါနဲ့အတူသွားပြီးမှတ်ပုံအရင်သွားတင်ရမယ်၊်မင်း ပုံစံပြောင်းနိုင်လား။" ကျန်းလန်မေးလိုက်သည်။
"ဟုတ်။"
ရှောင်ဟေးက မကျွမ်းကျင်စွာဖြင့် လူသားအသွင်ပြောင်းလိုက်သည်။သူက ဆယ်ကျော်သက်အစောပိုင်းအရွယ်ကောင်လေးနှင့် တူသည်။သာမန်ခန္တာကိုယ်ဖွဲ့စည်းပုံနှင့် ရိုးစင်းပြီးနုံအသည့်ပုံပေါ်ကာ မျက်နှာအစိတ်အပိုင်းများကပင် ရိုးစင်းစွာဖွဲ့စည်းထားသည်။ထိုအပြင် သူက လှည့်စားရန်လွယ်ကူသည့်ပုံပေါက်နေသည်။
ကျန်းလန် သက်ပြင်းချ၍ သူ့အဝတ်အစားများဖြင့် ထိုသူ့အား လဲပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "သွားရအောင်၊ငါ မင်းကို နတ်ဆိုးစီမံရေးဌာနမှာမှတ်ပုံတင်ဖို့အရင်ခေါ်သွားမယ်။"
သူက နတ်ဆိုးစီမံရေးဌာနဆိုသည်မှာ ဘာမှန်းမသိသော်လည်း ရှောင်ဟေးတစ်ယောက် ရိုကျိုးစွာဖြင့် ကျန်းလန်နောက်သို့လိုက်ပါခဲ့သည်။
လမ်းတစ်ဝက်၌ ကျန်းလန်က သူ့အားနတ်ဆိုးစီမံရေးဌာန၏ အကြမ်းဖျင်း မိတ်ဆက်မှုနှင့်သက်ဆိုင်သည့်စည်းကမ်းများအား ပြောပြသည်။ ထို့နောက် ရှောင်ဟေးသည် နတ်ဆိုးကြီးများအား တောင်တန်းအရှင်သခင်များဟု တင်စားခေါ်သည့်ခေတ်က ကုန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ယခု နတ်ဆိုးမျိူနွယ်စုအားလုံးက နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ အချုပ်အခြာအာဏာအောက်တွင်ရှိပြီး သူတို့က ဆိုရှယ်လစ်ပညာရေးနှင့် ဥပဒေများလိုက်နာရမည်ဖြစ်သည်။ကျန်းချန်နတ်ဆိုးစီမံခန့်ခွဲရေးဌာနသည် ဘူတာရုံငါးခုမှခြောက်ခုအထိ ဝေးလေသည်။သူတို့ မြေအောက်ရထားဖြင့် ထိုသို့သွားကြသည်။သူတို့ နတ်ဆိုးစီမံခန့်ခွဲရေးဌာနအဆောက်အုံရှေ့သို့ရောက်သောအခါ ရှောင်ဟယ်က အံ့ဩမှင်သက်နေသည်။ ကျန်းလန်၏လက်များအား ဆွဲကာအနီးနားသို့ စူးစမ်းစွာဖြင့် ကြည့်နေသည်။ ကျန်းလန်က သူ့အား မှတ်ပုံတင်ရန် ရင်းနှီးစွာဖြင့် ခေါ်သွားသည်။
စီမံခန့်ခွဲရေးအဆောက်အအုံများကို လူသားများနှင့်နတ်ဆိုးများသုံးစွဲကြသည်။ တစ်ခြမ်းသည်နတ်ဆိုးစီမံခန့်ခွဲရေးဌာနမှပိုင်၍ နောက်တစ်ခြမ်းသည် အထူးလူသား စီမံခန့်ခွဲ ရေးဌာနမှ ပိုင်သည်။နတ်ဆိုးစီမံခန့်ခွဲရေးဌာနနှင့် အထူးလူသား စီမံခန့်ခွဲရေးဌာနသည် အာဏာအတူတူပဲဖြစ်ပြီး ဗဟိုလုံခြုံရေး စီမံခန့်ခွဲရေးဌာန၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည်။ ထိုအရာက မျိုးနွယ်စုနှစ်စု၏ ယှဉ်တွဲကြိုးစားမှုရလဒ်ဖြစ်ပြီး လူသားမျိုးနွယ်နှင့နတ်ဆိုးမျိုးနွယ်များ၏ ငြိမ်းရေးမှု သင်္ကေတလည်းဖြစ်သည်။
ပထမထပ် ဧည့်ခန်းဆောင်တွင် ရုံးခန်းရှိပြီး အနီနှင့်အပြာပြတင်းပေါက် ဆယ်ခုရှိသည် ။အနီရောင်ပြတင်းပေါက်များက နတ်ဆိုးမျိုးနွယ်၏ကိစ္စများအား ကိုင်တွယ်ဖြေရှင်းပြီး အပြာရောင်ပြတင်းပေါက်က လူသားများ၏ကိစ္စများအားကိုင်တွယ်ဖြေရှင်းသည်။
ကျန်းလန်က ရှောင်ဟေးအား တိုတုတ်စွာ မိတ်ဆက်လိုက်သည်။ ထို့နောက် ပထမပြတင်းပေါက်၌ တန်းစီသည့်နေရာသို့ ခေါ်သွားသည်။ ယနေ့က ပိတ်ရက်ဖြစ်သောကြောင့် ပြတင်းပေါက်တိုင်း၌ တန်းစီနေသည့်လူ များလှသည်။ အဝတ်စားကောင်းများ ဝတ်ဆင်ထားသည့် အထက်အတန်းစားများလည်း ရှိသလို ဆင်းရဲသည့် မှင်စာအသေးစားများလည်း ရှိသည်။သို့သော်လည်း ဆင်းရဲချမ်းသာမခွဲခြားဘဲနှင့်အားလုံးက ရိုးသားစွာတန်းစီနေကြသည်။
ရှောင်ဟေး ထိုလူများ၏ဇစ်မြစ်အားမမြင်နိုင်သော်လည်း ပင်ကိုဗီဇအရ နတ်ဆိုးများဖြစ်သည်ကို သိနေသည်။
အပြာဘက်ခြမ်းမှ ပြတင်းပေါက်များတွင် တန်းစီသည့်လိုင်းတစ်လိုင်းရှိသည်၊ ထိုလိုင်းက လူပိုနည်းသော်လည်း သူ၏ဗီဇအရ ထိုနေရာတွင်ရှိသည့်စွမ်းအင်များမှ အန္တရာယ်နှင့်အကြောက်တရားအားသူခံစားမိသဖြင့် ကျန်းလန်နားတွင်သာ ပူးကပ်နေခဲ့သည်။ ပြတင်းပေါက်သည် အချိန်တိုတိုနှင့်ခရီးရောက်၍ သူတို့ စောင့်နေသည့်တန်း၏အရှေ့ဆုံးသို့ရောက်သွားသည်။
စာရေးက ကျန်းလန်ကို မြင်လိုက်သည့်အခိုက် ကြက်သေသေသွားခဲ့သည်။ ထို့နောက် ချက်ချင်းထ၍ ကြောက်ရွံ့သတိကြီးစွာဖြင့် ပြောလိုက်သည်။
"ခင်ဗျား ဘာဖြစ်လို့ဒီမှာ တန်းစီနေတာပါလဲ၊ လာကြိုဖို့ လူတစ်ယောက် စီစဉ်ပေးရမလား။"
ကျန်းလန်က ထိုအခြေအနေကြောင့် အံ့ဩမသွားပေ။ သူ့ဇာတိအရင်းအမြစ်အား သိသည့်နတ်ဆိုးမျိုးနွယ်တိုင်းက သူ့အပေါ် အလွန် သတိကြီး၍ ကြောက်ရွံ့ကြသည်။နှစ်ပေါင်းတစ်သောင်းကြာပြီးသည့်နောက်တွင်တောင် အစားကြီးသည့် သားရဲကြီးဒဏ္ဍာရီက လူပြောများနေဆဲဖြစ်ပြီးလူအများကြောက်ရွံ့ခြင်းခံရသည်။
"မလိုပါဘူး။"
ကျန်းလန် ကြင်နာစွာပြုံးပြလိုက်သည်။
"ကျွန်တော် သူငယ်ချင်းတစ်ယောက် မှတ်ပုံတင်လုပ်တာကို အဖော်လိုက်လာတာပါ၊သူက သူ့ပုံစံကိုအချိန်အကြာကြီး မပြောင်းခဲ့တော့ စည်းကမ်းတွေ သိပ်နားမလည်သေးဘူး၊ သူ့ကိုကြိုးစားပြီး လေ့ကျင့်ပေးရမယ်ထင်တယ်။"
စာရေးက ဝက်ဝံမျိူနွယ်နတ်ဆိုးဖြစ်ပြီး သူသည်နာမည်ကြီးသည့်ထရောင်းထျဲသားရဲအား ဤမျှကြင်နာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ ခဏတာကြက်သေသေသွားပြီးနောက် မြန်ဆန်စွာ ခေါင်းညိတ်လိုက်သည်။အချက်အလက်များယူ၍ ရှောင်ဟေးအား ဖြည့်ရန်ပြောလိုက်သည်။
ဖြည့်ပြီးသွားသည့်နောက်တွင် ကျန်းလန်အားခဏစောင့်ခိုင်း၍ ရှောင်ဟေးအား သက်သေခံကတ်ပြားလျှောက်ရန်ခေါ်သွားသည်။
ထရောင်းထျဲ၏ မျက်စိအောက်မှလွတ်သည့်အခါ ဝက်ဝံနတ်ဆိုးက စိတ်သက်သာရာရသွားသည်။ရုံးချုပ်၏ အပေါ်ထပ်ခြောက်လွှာတွင် အထူးဝန်ဆောင်မှု ဌာနရှိလေသည်။ သူတို့ကြားဖူးသည်မှာ ထရောင်းထျဲဟုဆိုသည့် နတ်ဆိုးတစ်ကောင်ကလွန်ခဲ့သည့် တစ်နှစ်တွင် အထူးဝန်ဆောင်မှုဌာနသို့ ရောက်လာသည်။ထိုသူ၏ လူသားအမည်သည် ကျန်းလန်ဖြစ်သည်။
လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ အတင်းစကားက ရုံးထဲတွင် လျှင်မြန်စွာပြန့်နှံ့သွားသည်။ အစစ်အမှန်သက်သေအထောက်အထားမရှိသော်လည်း လူတိုင်းက ကျန်းလန်းကိုမြင်လျှင် ပို၍ယဉ်ကျေးစွာ ဆက်ဆံကြသည်။
အထူးဝန်ဆောင်မှုဌာနမှ နတ်ဆိုးကြီးများက ကောင်းမွန်သည့်သူများမဟုတ်ကြပေ။ ရက်စက်ကြမ်းကြုတ်သည့် အစာချက်အားကြောင့်နာမည်ကြီးသည့် အစားကြီးသားရဲကိုဆိုလျှင် မပြောနှင့်လေတော့။
သို့သော်လည်းယနေ့ သူ့မျက်လုံးများဖြင့် ကိုယ်တိုင်တွေ့လိုက်ရသောအခါ ကောလဟာလများက ခိုင်မာမှုမရှိကြောင်း သိလိုက်ရသည်။
သူ့လုပ်ဖော်ကိုင်ဖက်အား တီးတိုးပြောလိုက်သည် "အဲ့တာကတကယ်ထရောင်းထျဲ ဟုတ်ရဲ့လား? ဘာလို့ သူက စိတ်ကောင်းရှိတဲ့ပုံပေါက်နေတာလဲ..."
လုပ်ဖော်ကိုင်ဖက်က သူပြောသည့်အချက်အလက်များအားတွေး၍ပုံမှန်ပြောလိုက်သည်။ "နင် ဂရုမစိုက်နေနဲ့၊ နင်သိရမှာက အထူးဝန်ဆောင်မှုဌာနက သွားရှုပ်ဖို့ မလွယ်ဘူးဆိုတာပဲ၊ အပေါ်ယံမှာ ကြင်နာပုံပေါက်နေရင်တောင် နင်တစ်ယောက်ယောက်ကိုသွားရန်စမိရင် မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပဲ ပျောက်ကွယ်သွားလိမ့်မယ်။"
ဝက်ဝံနတ်ဆိုးက ယင်းစကားများကြောင့်နောက်ဆုတ်သွား၍"အိုး"ဟုခြောက်သွေ့စွာပြောလာခဲ့သည်။ သူ့လုပ်ဖော်ကိုင်ဖက်က ရှောင်ဟေး၏နာမည်အားခေါ်လိုက်ခဲ့သည်။
"နာမည်။"
"ယောင်ရှောင်ဟေး။"
သူ၏ရူးကြောင်ကြောင် ပုံစံအားတွေ့သည့်အခါ သူ ခေါင်းကိုပြန်ငုံ့၍ အလုပ်ဆက်လုပ်နေခဲ့သည်။ စိတ်ထဲ၌ ထိုသို့တွေးနေခဲ့သည်။ "ဘယ်လိုဖြစ်ပြီး သေးငယ်တဲ့ ငှက်နတ်ဆိုးလေးက ထရောင်းထျဲနဲ့သိတာလဲ...ကောလဟာလတွေက မှားနေတာများလား"
အချက်အလက်များအား စာရင်းသွင်းပြီးနောက် ဝက်ဝံနတ်ဆိုးက ယောင်ရှောင်ဟေးနှင့်အတူ ထွက်လာသည်။ "ဖောင်ကိုယူလိုက်ဦး၊သက်သေခံကတ်ပြားက ဆယ်ရက်အတွင်း ရလိမ့်မယ်။နောက်ကျရင် လေ့ကျင့်ချိန်တွေ ရှိလာလိမ့်မယ်။"
ယောင်ရှောင်ဟေးက အနည်းငယ်ခေါင်းမူးနေသောကြောင့် တစ်ဝက်ကိုသာ နားလည်လိုက်ပြီး ပြောလိုက်သည်။ "ဒါအဆင်ပြေရဲ့လား။"
ကျန်းလန်က သူ၏ပုခုံးအားပုတ်လိုက်ပြီး ပြောလာခဲ့သည်။ "အင်း... အခုကစပြီး တရားဝင်နတ်ဆိုးဖြစ်ပြီ... သက်သေခံကတ်ပြား ရတော့မှာဆိုတော့ လူ့အဖွဲ့အစည်းမှာနေရင်တောင် အလုပ်ရှာဖို့အဆင်ပြေသွားပြီ"
ယောင်ရှောင်ဟေး၏မျက်လုံးများက ဝင်းလက်သွားပြီးစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒါဆို ကျွန်တော် အန်ကယ်ယောင်ဆီကို သွားတွေ့နိုင်ပြီပေါ့၊ကျွန်တော် ....အခု... ကျွန်တော်သူ့သားဖြစ်အောင် လုပ်လို့ပြီ။"
ကျန်းလန်က ပြုံးသာပြုံးလိုက်သည်။ "အန်ကယ်ယောင် လိုလားအောင်လုပ်ဖို့က မဖြစ်နိုင်တာမဟုတ်ပါဘူး။"
"ဒါဆိုကျွန်တော် အန်ကယ်ယောင် သူ့သားအနေနဲ့အသိအမှတ်ပြုဖို့ နည်းလမ်းရရှာမှာပေါ့။"
ယောင်ရှောင်ဟေးက သူ့ခေါင်းကိုထိ၍ ရူးကြောင်ကြောင်အပြုံးဖြင့် ပြောလိုက်ခဲ့သည်။
ယင်းချောင်က ဓါတ်လှေကားမှ ထွက်လာသည့်အချိန် လူမျက်နှာနှင့် နွားမျက်နှာတစ်ဝက်စီရှိသည့် အကောင်တစ်ကောင်အားကိုင်ထားခဲ့သည်။
သူက လျှောက်လမ်းအား ဖြတ်လျှောက်သည့်အခါ အောက်ဘက်ရှိခန်းမအား မရည်ရွယ်စွာဖြင့် ကြည့်လိုက်မိသည်၊ ထို့နောက် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။
ပထမထပ်ရှိ ဧည့်ကြိုဆောင်၌ မကြာသေးခင်ကမှ သူနှင့်ပတ်သတ်ခဲ့သည့် ခြင်္သေမျိုးနွယ်မှ နတ်ဆိုးလေးသည် တစ်ခြားနတ်ဆိုး၏ဘေးနားတွင်ခင်မင်ရင်းနှီးစွာဖြင့် ရပ်နေသည်။သူတို့နှစ်ယောက်က ရယ်မော၍ စကားပြောရင်း လမ်းလျှောက်သွားကြသည်။ သူ အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ ထိုက်ဖန်းလည်း အောက်သို့ကြည့်လိုက်သည့်အခါ ထူးခြားမှုတစ်ခုမှ မတွေ့ရပေ။
"ဘာဖြစ်လို့လဲ။"
ယင်းချောင် ပေါ့ပါးစွာ ပြန်ကြည့်လိုက်ပြီး ဘာမှပြန်မဖြေခဲ့သော်လည်း သူ့မျက်လုံးများကိုစောင်း၍ သိပ်ပြီး ဂနာမငြိမ်လှသည့် အကောင်အား ကန်လိုက်သည်။ "ရိုးရိုးသားသားပြောရရင် ထပ်ပြီး ဂနာမငြိမ်ဖြစ်နေရင် ငါ မင်းကိုအပိုင်းပိုင်းလုပ်ပစ်ပြီး ဝက်စာကျွေးပစ်လိုက်တော့မယ်။"
ချည်ထားခံရသည့်အကောင်က ဒေါသထွက်၍ ဟိန်းလိုက်သည်။ သူ့အသံက ကလေးငိုသံကဲ့သို့ စူးရှလှပြီး မျက်နှာကြက်နှင့် ကိုးထပ်မြောက်ကြမ်းပြင်အားအနည်းငယ်လှုပ်ခါသွားစေသည်။သို့သော်လည်း ဟောခန်းမကြီးဆီသို့ မသက်ရောက်နိုင်။ မသိလျှင်အပေါ်ထပ်နှင့်အောက်ထပ်အား မမြင်ရသည့် တစ်ခုခုက စီးခြားထားသည့်နှယ်။
ယင်းချောင်၏အမူအရာက ပို၍ဆိုးလာပြီး သူ့အားဆန့်ကျင်ရဲသည့်အကောင်အား ဂရုမစိုက်စွာ ကြည့်လိုက်သည်။ သူ့လက်အား ရုတ်တရက် မလိုက်ပြီး ခေါင်း၌ရှိနေသည့် ဂျိုအားဆွဲနုတ်လိုက်သည်။ထို့နောက် ထိုအကောင်၏ ပါးစပ်ထဲသို့ ချိုအားထည့်သွင်း၍ အပြုံးဖြင့်မျိုချခိုင်းသည်။
"အော်နေတုန်းလား..."
ရုတ်တရက်မွန်းကြပ်သွားသည့်အကောင်: "........"
မဟုတ်ဘူး၊အော်နေတာရပ်လိုက်ပြီ။
သူ့မျက်နှာ ချက်ချင်းပြောင်းလဲသည်ကိုမြင်လိုက်ရသည့်အတွက် ထိုက်ဖန်း အောက်ထပ်သို့ စူးစမ်းစွာ လှမ်းကြည့်လိုက်သည်။ သူ ယခုလေးတင် အဆင်ပြေနေခဲ့သေးသည်။ ယခုမူ သူ့မျက်နှာအမူအရာပြောင်းလဲသွားခြင်းက မသိလျှင်သွေးဆုံးကိုင်နေသည့်သူကဲ့သို့ပင်။
သို့သော်လည်း ထိုအရာအား ယင်းချောင်ရှေ့၌ သူ မပြောရဲပေ။ သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး သတိပေးလိုက်သည်။ "တစ်ခြားသူတွေ စောင့်နေကြပြီ၊ အရင်သွားကြရအောင်။" သူက သားရဲကောင်အား တစ်ချက်ကန်လိုက်ပြီး အေးစက်စွာပြောလာသည်။"အရှေ့ကိုဆက်သွား။"
သားရဲကောင်:"....."
ငါဘာမှမလုပ်တာကို ဘာလို့ အကန်ခံနေရသေးတာလဲ...
စာရေးသူကပြောစရာရှိပါတယ်
ယင်းချောင်:အဲ့တာကအတုဆိုရင်တောင်စိမ်းနေရင်အလုပ်မဖြစ်ဘူး။"
ကျန်းလန်:???