အခန်း (၁.၁)
ညဉ့်နက်သန်းခေါင်ယံမှာ လူအများစုက မိုးခြိမ်းသံကိုတောင် မကြားနိုင်လောက်အောင် အိပ်မောကျနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပါပြီ။
သို့သော် အပြင်ဘက်မှာ လေထန်ပြီး မိုးတွေသည်းထန်စွာ ရွာသွန်းနေချိန်မှာတောင် နန်ဝူလေဆိပ်ကြီးက မီးရောင်တွေ လင်းထိန်ပြီး အသက်ဝင်လှုပ်ရှားနေဆဲပင်။ နေမင်းကြီးကို ထည့်သိမ်းထားတဲ့ ဧရာမသေတ္တာကြီးတစ်ခုလို လင်းထိန်နေသည်။
အချိန်က မနက် ၂ နာရီကျော်နေပြီဖြစ်ပေမဲ့ လေဆိပ်ထဲမှာ လူတွေက ပျားပန်းခတ် လှုပ်ရှားသွားလာနေဆဲပင်။
ခရီးသွားတွေ ဝင်လိုက်ထွက်လိုက်နဲ့ သွားလာနေတဲ့ လေဆိပ်ကြီးထဲမှာ ယွင်လီကတော့ တစ်ယောက်တည်း မတ်တတ်ရပ်နေရင်း သူမရဲ့ဖုန်းကိုသာ တစ်ချက်တစ်ချက် ငုံ့ကြည့်နေသည်။ ဒါက သူမ နန်ဝူမြို့ကို ဒုတိယအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။
ပထမအကြိမ်ကတော့ ဒီနှစ်ဆောင်းဦးရာသီရဲ့ အစောပိုင်းကာလမှာ သူမက နန်ဝူ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်မှာ ဘွဲ့လွန်စာမေးပွဲ ဝင်ခွင့်ဖြေဆိုဖို့ လာခဲ့တာဖြစ်သည်။ သို့သော် ရက်အနည်းငယ်သာနေခဲ့ပြီး အိမ်ကို ပြန်ခဲ့သည်။
အခု ဒီတစ်ခေါက်မှာတော့ EAW Virtual Reality Experience Center ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာခဲ့တာဖြစ်သည်။
EAW ဆိုသည်မှာ ယိုးရှန့်နည်းပညာကုမ္ပဏီမှ ပထမဆုံးအနေနဲ့ ဖွင့်လှစ်မယ့် VR ဂိမ်းစင်တာတစ်ခုဖြစ်ပြီး လာမယ့်လကုန်ပိုင်းမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားသည်။
သုံးရက်ကြာ စမ်းသပ်လည်ပတ်ခဲ့ပေမဲ့ ရလဒ်တွေက အားရစရာမရှိပေ။ ထို့ကြောင့် ကုမ္ပဏီဘက်က ဖွင့်ပွဲမတိုင်ခင် ကြိုတင်လူသိများစေဖို့အတွက် bloggerတွေနဲ့ video content creatorတွေကို ဖိတ်ကြားပြီး လာရောက်စမ်းသပ်စေသည်။
ယွင်လီကလည်း ဖိတ်ကြားခံရသူတွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပါသည်။
ယွင်လီသည် email မှတစ်ဆင့် တာဝန်ခံအမျိုးသမီးဖြစ်တဲ့ မစ္စဟယ်နဲ့ ဆက်သွယ်ခဲ့ပြီး WeChatမှာ add ထားလိုက်သည်။
သူမအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခနဲ့ အစားအသောက်တို့ကို ကုမ္ပဏီမှ အစအဆုံး တာဝန်ယူပေးမည်ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် သူမ လေဆိပ်ကိုရောက်တဲ့အခါ သူမကို လာကြိုဖို့အတွက်လည်း လူတစ်ယောက် စီစဉ်ထားပေးမည်ဖြစ်ကြောင်း မစ္စဟယ်က အသိပေးခဲ့သည်။
သို့သော် မထင်မှတ်ထားဘဲ ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် ယွင်လီရဲ့ လေယာဉ်ခရီးစဉ်က သုံးနာရီကြာ နှောင့်နှေးသွားခဲ့သည်။
ယွင်လီရဲ့ လေယာဉ်ဆိုက်ရောက်ချိန် ပြောင်းလဲသွားတာကို သိလိုက်ရတဲ့အခါ မစ္စဟယ်က သူမကို လာကြိုဖို့အတွက် တခြားလူတစ်ယောက်ကို စီစဉ်ပေးမယ်လို့ ထပ်ပြောလာခဲ့သည်။
ဒါပေမဲ့ ယွင်လီ နန်ဝူလေဆိပ်ကို ဆင်းလာပြီးနောက် မစ္စဟယ်ကို ပြန်ဆက်သွယ်တဲ့အခါမှာတော့ သူမကိုလာကြိုမယ့်လူက ထွက်သွားပြီဖြစ်တဲ့အတွက် ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့ ပြောလာသည်။
ဒါပေမဲ့ အခုချိန်ထိ သူမကို လာကြိုတဲ့လူရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးသလို မစ္စဟယ်ဆီကလည်း ဘာအကြောင်းပြန်မှုမှ မရရှိတော့ပါ။
နောက်ထပ်သုံးမိနစ်ဆိုရင် ယွင်လီ စောင့်နေတာ တစ်နာရီတိတိ ပြည့်သွားပြီဖြစ်သည်။
ယွင်လီသည် သူမရဲ့suitcaseပေါ်မှာ ထိုင်ချလိုက်ကာ ဒူးနှစ်ဖက်ပေါ်မှာ ခန္ဓာကိုယ်ကိုမှီထားပြီး စာရိုက်နေသည်။ မစ္စဟယ်ဆီ စာရိုက်နေတဲ့ သူမရဲ့မျက်နှာက တင်းမာနေသည်။
စာရိုက်ပြီးတဲ့နောက် သူမရေးထားတဲ့ စာကို အစအဆုံး တစ်ခေါက်ထပ်ဖတ်ပြီးတော့ စကားလုံးတွေကို သေချာ ပြန်စစ်ဆေးလိုက်သည်။
အင်း~ ဒါဆို လက်ခံနိုင်လောက်ပါတယ်...
ဆဲဆိုကြိမ်းမောင်းတာလည်း မပါဘူး...
သူတို့ဘက်က တာဝန်မကျေတဲ့အကြောင်းကိုလည်း ထိထိမိမိ ပြောထားတယ်...
စိတ်ဆိုးနေတဲ့ လေသံ၊ အသုံးအနှုန်းနဲ့လည်း မရေးထားဘူးဆိုတော့ အဆင်ပြေမှာပါ...
ဒီလိုတွေးလိုက်ပေမဲ့လည်း ယွင်လီသည် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း 'send' ခလုတ်ကို နှိပ်ဖို့ ဝန်လေးနေမိသည်။
ဟူး... ဒါပေမဲ့ စကားလုံးတွေက တော်တော်လေးတော့ ကြမ်းတမ်းနေသလိုပဲ...
သူမက စကားလုံးတွေကို ပိုပြီးနူးညံ့အောင် ဘယ်လိုရေးရမလဲလို့ စဉ်းစားနေတုန်းမှာပဲ ရုတ်တရက် "နင်းဟောင်" ဆိုတဲ့ အသံကြောင့် အတွေးစတွေ ပြတ်တောက်သွားသည်။
အသံလာရာဘက်ကို လှမ်းကြည့်လိုက်တော့ သူမ,မသိတဲ့ လူတစ်ယောက်က သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
ဒီတစ်ခါ ချဉ်းကပ်လာသူကတော့ မျက်နှာက နုပျိုကာ ခန္ဓာကိုယ်က ပိန်ပါးပြီး အရပ်ရှည်တဲ့ လူငယ်လေးတစ်ယောက်ပင်။ ပုံစံကိုကြည့်ရတာ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်မယ်လို့ ထင်မိပါသည်။
ထိုလူငယ်လေးက ဒီအခြေအနေကို အနည်းငယ် နေရခက်နေဟန်ဖြင့် ရှက်ကိုးရှက်ကန်း ပြောလာသည်။
"ဒီကို အလည်အပတ် လာတာလား ဒါမှမဟုတ်…" ဆိုပြီး စကားစလာသည်။
ဒီညမှာ သူမကို အခုလို စကားလာပြောတဲ့သူတွေက ဒီလူငယ်လေးနဲ့ဆိုရင် ခြောက်ယောက်ရှိနေပါပြီ။
လူငယ်လေးထက်အရင် ချဥ်းကပ်လာတဲ့ လူငါးယောက်ကလည်း သူမကို ကားလိုအပ်လား ဒါမှမဟုတ် ဟိုတယ်ကို လိုက်ပို့ပေးရမလားလို့ မေးခဲ့ကြသည်။
ထို့ကြောင့် ယွင်လီက လူငယ်လေးရဲ့စကားကို ခေါင်းထဲမှာ အလိုအလျောက် ဖြည့်တွေးလိုက်မိပြီး ယဉ်ကျေးစွာပဲ လက်ကာပြလိုက်သည်။
"မလိုပါဘူး, ရတယ်... ကျေးဇူးတင်ပါတယ်နော်..."
ယွင်လီရဲ့စကားကြောင့် လူငယ်လေးက ခဏတာ ကြောင်အမ်းသွားသည်။
"ဟမ်?"
"ကျွန်မ လူတစ်ယောက်ကို စောင့်နေတာပါ... ဟိုတယ်မှာတည်းဖို့ အစီအစဉ်မရှိပါဘူး" လို့ ပြန်ဖြေလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမတို့နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး အနီးအနားပတ်ဝန်းကျင်တစ်ခုလုံး ရပ်တန့်သွားသလိုပင်။
၃ စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက်တွင် ထိုလူငယ်လေးက ခေါင်းကုတ်ကာ "အဲ့လိုမဟုတ်ပါဘူး" လို့ ပြောလိုက်သည်။
ထို့နောက် သူက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးမှ သူ့ရဲ့မပြီးပြတ်သေးတဲ့ စကားကို ထပ်ဆက်ကာ ပြောလိုက်သည်။
"ကျွန်တော်က WeChat acc တောင်းမလို့ပါ"
"....."
ထိုစကားကြောင့် ယွင်လီတစ်ယောက် အံ့အားသင့်ကာ စကားတောင် မပြောနိုင်ဘဲ ကြောင်အ,သွားတော့သည်။
"ကျွန်တော်... WeChat accလေး ရနိုင်မလား"
လူငယ်လေးရဲ့အသံက အနည်းငယ် တိုးလျနေပေမဲ့ ကြည်လင်ပြတ်သားနေသည်။
"အာ"
ထိုအခါမှသာ ယွင်လီလည်း ကိုယ့်ဘာသာကိုယ် နားလည်မှုလွဲသွားမှန်း သဘောပေါက်သွားပြီး မျက်နှာပူသွားသည်။ အဲ့ဒီနောက် သူမ ရှက်ပြုံးပြုံးကာ "အင်း...ရပါတယ်" လို့ ပြန်ပြောလိုက်သည်။
"ကျေးဇူးပါ"
လူငယ်လေးက တက်တက်ကြွကြွနဲ့ ဖုန်းထုတ်လိုက်ပြီး ပြုံးရွှင်ကာ ပြောလိုက်သည်။
"ကျွန်တော့်ဘက်က scan ဖတ်ရမှာလား"
ယွင်လီက ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းscreenကို ဖွင့်လိုက်သည်။ ထိုအခါ သူမ စောစောက ရိုက်ထားတဲ့ စာကြောင်းအရှည်ကြီးက ဖုန်းမျက်နှာပြင်ပေါ်မှာ ဖွင့်လျက်သားဖြစ်နေသည်။ သူမလည်း အမြန် backထွက်လိုက်ပြီးတော့ WeChat QR Code ကို ဖွင့်ပြီး လူငယ်လေးဆီကို ကမ်းပေးလိုက်သည်။
"နင်းဟောင်, ကျွန်တော့်နာမည်က ဖုကျန့်ချူးပါ... နောက်ဆိုရင် ကျွန်တော်တို့က..."
ထိုလူငယ်လေးသည် scan ဖတ်ပြီးနောက် ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီးတော့ ယဉ်ကျေးစွာ မိတ်ဆက်လာသည်။ ထိုအချိန်မှာပဲ Contact listထဲတွင် အနီရောင်အစက်လေးတစ်စက် ပေါ်လာလေသည်။
ထိုလူငယ်လေးရဲ့ profile ပုံမှာ ပေါ်နေတဲ့ icon ကိုမြင်လိုက်ရချိန်မှာ ယွင်လီ တစ်ယောက် စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ တစ်ခုခုတော့ လွဲနေပြီလို့ သံသယ ဝင်မိသွားသည်။ သူမ အခုလေးတင်ကမှ မဟုတ်လောက်ပါဘူးဆိုပြီး ပယ်ချလိုက်တဲ့ သံသယက ပြန်လည်ရောက်ရှိလာသည်။
သူမ ထင််ထားတဲ့အတိုင်းပါပဲ။
နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ nickname အောက်က စာလုံးခြောက်လုံးကို သူမရဲ့စူးရှတဲ့ မျက်လုံးတွေက ချက်ချင်း ဖမ်းမိလိုက်လေသည်။
— ထိုးရှန်ပါးကျိုမင်စု (Leisure Time Wine Guesthouse)
* [T/N: ထိုးရှန်ပါးကျိုမင်စု ဆိုတာက ‘ထိုးရှန်ပါးကျို’ တည်းခိုခန်းပါ။ တရုတ်နိုင်ငံ၊ နန်ထိုခရိုင် (Nantou County) က ဘူတာရုံဟောင်းတစ်ခုကို ပြန်လည်မွမ်းမံထားတဲ့ တည်းခိုခန်းပါ။
အဲ့ဒီနေရာက ခရီးသွားတွေကို သဘာဝရှုခင်းလှလှလေးတွေနဲ့ အေးချမ်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့နေရာဖြစ်ပြီးတော့ သူရဲ့ ထူးခြားချက်ကတော့ ရိုးရာတရုတ် ဗိသုကာလက်ရာတွေကို ခေတ်မီဒီဇိုင်းတွေနဲ့ ပေါင်းစပ်ပြီး ဆောက်ထားတာပါ။]
"....."
ဒီလိုနည်းလမ်းမျိုးတွေ သုံးပြီးတော့တောင် customers ရှာနေကြပြီလား?
ဒါပေမဲ့ ဖုကျန့်ချူးကတော့ သူ အကောင့်မှားသုံးမိတာကို လုံးဝ သတိမထားမိသေးပါ။ သူ့မျက်နှာမှာ တစ်စုံတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လို့ ကျေနပ်နေတဲ့ပုံတောင် ပေါ်နေသေးသည်။
"EAW ကို သွားမလို့လား"
ယွင်လီက ဖုကျန့်ချူးကို ကြည့်လိုက်သည်။
ဖုကျန့်ချူး : "အဲ့ဒီ VR ဂိမ်းစင်တာလား"
ယွင်လီက သတိထားပြီး မေးလိုက်သည်။
"မင်း ဘယ်လိုသိတာလဲ”
"ခုနတုန်းက ကျွန်တော် ခင်ဗျားရဲ့ chat box ကို မတော်တဆ မြင်လိုက်လို့ပါ... အဲ့ဒီမှာ note ရေးထားတာလည်း တွေ့လိုက်တယ်... တောင်းပန်ပါတယ်, ကျွန်တော် တမင်ကြည့်တာ မဟုတ်ပါဘူး... တကယ်တောင်းပန်ပါတယ်"
ဖုကျန့်ချူးက ရှင်းပြလိုက်သည်။
"ပြီးတော့ အဲ့ဒီနေရာက ကျွန်တော်တက်တဲ့ ကျောင်းနားမှာ ဖွင့်မှာဆိုတော့ ခန့်မှန်းမိလိုက်တာပါ"
ယွင်လီက မစ္စဟယ်အတွက် ရေးခဲ့တဲ့ noteထဲမှာ EAW လို့သာ ရေးထားပြီး VR စင်တာဆိုတာကို တိတိကျကျ မရေးထားပါ။
သို့သော် လူငယ်လေးရဲ့ ရှင်းပြချက်က ကျိုးကြောင်းဆီလျော်ကာ လက်ခံနိုင်စရာပါပဲ။
ထို့ကြောင့် သူမလည်း ခေါင်းအသာညိတ်ပြလိုက်သည်။
ထိုအခါ ဖုကျန့်ချူက အံ့ဩထူးဆန်းသွားပြီး ထပ်မေးလိုက်သည်။
"ဒါပေမဲ့ အခုချိန်ကြီး ဘာလို့လာတာလဲ? အဲ့ဒီနေရာက မဖွင့်သေးဘူးလေ.. ကျွန်တော့်အထင်တော့ ဒီလကုန်လောက်မှ ဖွင့်မယ်လို့ ထင်တယ်"
အချက်အလက်တွေအားလုံးက တိုက်ဆိုင်နေတာကြောင့် ယွင်လီအနေနဲ့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာတောင် မသိတော့ပါ။ ထို့ကြောင့် သူမ စိတ်ရင်းအတိုင်းပဲ ရိုးသားစွာ ဖြေလိုက်တော့သည်။
"အင်း... ကျွန်မကို ဖိတ်ကြားထားလို့ လာခဲ့တာပါ"
ဖုကျန့်ချူးက နားမလည်ပေမဲ့ ထပ်မမေးတော့ဘဲ တခြားအကြောင်းအရာကိုသာ မေးလိုက်သည်။
"ဒါဆို အဲ့ဒီကလူတစ်ယောက်ယောက် လာကြိုမှာကို စောင့်နေတာလား"
"ဟုတ်တယ်"
"ကျွန်တော် သတိထားမိသလောက်တော့ အစ်မ ဒီမှာစောင့်နေတာ တော်တော်ကြာနေပြီ, ဟုတ်တယ်မလား"
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဖုကျန့်ချူးက သူမရဲ့အေးစက်စက် အပြုအမူကို ကြောက်ရွံ့မနေဘဲ ထပ်မေးလိုက်သည်။
"ဘယ်ကိုသွားမလို့လဲ... ကျွန်တော် လိုက်ပို့ပေးလို့ရပါတယ်"
ဒီစကားကိုကြားတော့ ယွင်လီရဲ့ သတိထားစောင့်ကြည့်မှုက ပိုတိုးလာသည်။ သူမက ခေါင်းယမ်းကာ ပြောလိုက်သည်။
"မလိုပါဘူး... ကျေးဇူးတင်ပါတယ်"
ဖုကျန့်ချူး : အားမနာပါနဲ့... ကျွန်တော့် အနှောင့်အယှက်မဖြစ်ပါဘူး... ဒါက ကျွန်တော်နဲ့လည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေလို့ပါ”
"ဟင်?"
ယွင်လီသည် နားမလည်နိုင်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"အာ... ဟုတ်သားပဲ"
ဖုကျန့်ချူးက ယွင်လီရဲ့အမူအရာကို မြင်လိုက်မှ သူ မေ့လျော့နေတဲ့ အရာတစ်ခုကို သတိရသွားသလိုမျိုး ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
"ဘာလို့လဲဆိုတော့ EAW က ကျွန်တော့်အစ်ကို တည်ထောင်ထားတာလေ"
"....."
ယွင်လီမှာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။
ဒီလိုဆိုမှတော့ သူကိုယ်တိုင် ဖွင့်ထားတာပါလို့သာ ပြောလိုက်ပါတော့လား?
ယွင်လီက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အတွေးနယ်ချဲ့နေမိသည်။ ဒီလူငယ်လေးရဲ့ လုပ်ရပ်တွေက တစ်ခုပြီးတစ်ခု အရမ်းထူးဆန်းလွန်းနေသည်။
ဒီလူငယ်ကောင်လေးက ထပ်ခါတလဲလဲ လိမ်ညာပြောဆိုနေပြီးတော့ ဘာရယ်လို့ အတိအကျမပြောဘဲ သူ့နောက်ကို လိုက်ခဲ့ဖို့သာ ဖိတ်ခေါ်နေသည်။
ဒါက တစ်ကိုယ်တည်းသမား အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်သူ ဒါမှမဟုတ် ရာဇဝတ်ဂိုဏ်းတစ်မျိုးမျိုး ဖြစ်မယ်လို့သာ သူမစိတ်ထဲ သံသယဝင်လာသည်။ ဒီလိုတွေးမိလိုက်တာနဲ့ သူမစိတ်ထဲမှာ မလုံခြုံမှုကို စတင်ခံစားလာရသည်။
🍀🍀🍀