Ch (1.2)
Viewers 421

အခန်း (၁.၂)



ဒါက လူမြင်ကွင်းနေရာ ဖြစ်နေရင်တောင်မှ ညသန်းခေါင်အချိန်နဲ့ မရင်းနှီးတဲ့နေရာတစ်ခုဖြစ်နေလို့ ယွင်လီ စိတ်ပူပန်နေမိတော့သည်။ 


သို့သော် အဲ့ဒီစိုးရိမ်စိတ်ကို သိသာအောင်မပြချင်တာကြောင့် အကြောင်းပြချက်တစ်ခုခု ရှာပြီး ဒီနေရာကနေ ထွက်ခွာဖို့ ကြိုးစားလိုက်သည်။


သူ့ရဲ့စကားတွေက ကြွားဝါသလိုဖြစ်နေပြီး ရိုးသားမှုမရှိတာကို သဘောပေါက်သွားပုံရတဲ့ ဖုကျန့်ချူးကလည်း ချက်ချင်းပဲ အမှန်ကိုပြောဖို့ ကြိုးစားပါတော့သည်။ 


ဒါပေမဲ့ သူ့ရဲ့ ရှင်းလင်းချက်တွေက အခြေအနေကို ပိုပြီး ဆိုးရွားသွားစေတယ်လို့ ခံစားရတာကြောင့် မကြာခင်မှာပဲ ယွင်လီအရှေ့ကနေ ထွက်လာလိုက်တော့သည်။ 


ယွင်လီလည်း အန္တရာယ်ကင်းဖို့အတွက် နေရာကနေ ချက်ချင်း ထွက်လာခဲ့သည်။


လူငယ်လေး သူမနောက်ကို လိုက်မလာဘူးဆိုတာ သေချာသွားမှပဲ စိတ်အေးလက်အေးဖြစ်သွားပြီး အသက်ဝဝရှူနိုင်ပါတော့သည်။


ယွင်လီသည် ဒီအဖြစ်အပျက်ကြောင့် ဒီနေရာမှာ တစ်စက္ကန့်လေးတောင် ဆက်နေချင်စိတ် မရှိတော့ပါ။ ဖုန်းကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။ 


ဖုန်းscreenမှာ စာပို့တဲ့နေရာကိုပဲ ဖွင့်ထားဆဲဖြစ်သည်။ 


မစ္စဟယ်ဆီက အခုထိ အကြောင်းပြန်စာတစ်စောင်မှ မဝင်ထားသေးပါ။ 


ဒါပေမဲ့ ယွင်လီရဲ့စိတ်ထဲက ဒေါသတွေကတော့ အတော်လေးကို ပြေလျော့စပြုနေပါပြီ။ မစ္စဟယ်ဆီပို့ဖို့ ရေးထားတဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ အကုန်ပြန်ဖျက်လိုက်တော့သည်။ 


ယွင်လီသည် ဘယ်အချိန်မှ ရောက်လာမယ်မှန်းမသိတဲ့လူကို ထိုင်စောင့်နေမယ့်အစား သူမဘာသာပဲ နည်းလမ်းရှာဖို့ ဆုံးဖြတ်လိုက်တော့သည်။ 


မစ္စဟယ် ပို့ထားတဲ့ ဟိုတယ်နာမည်ကို အပေါ်မှာ ပြန်ရှာလိုက်ပြီးတော့ ဟိုတယ်ရဲ့တည်နေရာကို ရှာဖွေလိုက်သည်။ ဟိုတယ်က နန်ဝူတက္ကသိုလ်နားမှာပင်။ 


ယွင်လီ ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးခင်မှာပဲ သူမနဲ့ အဆက်အသွယ်ပြတ်နေတာ အဝောာ်ကြာပြီဖြစ်တဲ့ မစ္စဟယ်က ရုတ်တရက် အကြောင်းပြန်လာသည်။


အစောပိုင်းက ယွင်လီပို့ထားတဲ့ မက်ဆေ့ခ်ျ တစ်ဒါဇင်ကျော်လောက်ရဲ့ အရှိန်ကြောင့်ထင်ပါရဲ့ မစ္စဟယ်က အနူးအညွတ် တောင်းပန်စကားဆိုလာသည်။


မစ္စဟယ်က မထင်မှတ်ဘဲ အိပ်ပျော်သွားတာကြောင့် ယာဉ်မောင်းသူ မလာနိုင်တဲ့ မက်ဆေ့ချ်ကို မတွေ့လိုက်မိကြောင်းနဲ့ အခုတော့ သူမကို လာကြိုဖို့အတွက် တခြားလူတစ်ယောက်ကို ထပ်ရှာထားပြီဖြစ်ကြောင်း ပြောပြီးတော့ အထပ်ထပ်တောင်းပန်နေပါတော့သည်။


အဲ့ဒီလူက လေဆိပ်ရဲ့ အနီးအနားတစ်ဝိုက်မှာ ကိစ္စပေါ်လာလို့ ရောက်နေတဲ့ EAW က ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်လေသည်။ 


ဒီတစ်ကြိမ်မှာတော့ မစ္စဟယ်က ရှင်းလင်းတိကျစွာ ပြောပေးသည်။


သူမက ကားနံပါတ်ကို ပို့ပေးရုံသာမကဘဲ လာကြိုမယ့်လူက ဆယ်မိနစ်အတွင်း ရောက်လာလိမ့်မယ်ဆိုပြီးတော့ပါ တိတိကျကျ ပြောလာသည်။


အချိန်ကိုက် မဖြစ်ခဲ့ပေမဲ့ ဒီအကူအညီက ယွင်လီရဲ့ပြဿနာကိုတော့ ဖြေရှင်းပေးလိုက်နိုင်ပါသည်။


မစ္စဟယ်ကို ဆက်လက်ဝေဖန်ဖို့လည်း စိတ်မပါတော့တဲ့အပြင် အချိန်လည်း မရှိတော့တာကြောင့် ယွင်လီက "ကောင်းပါပြီ" လို့သာ တစ်ခွန်းတည်း တိုတိုတုတ်တုတ် ပြန်ပြောလိုက်တော့သည်။ 


ထို့နောက် suitcase ကိုဆွဲကာ လေဆိပ်အပြင်ဘက်သို့ ထွက်လာလိုက်ခဲ့သည်။ လေဆိပ်အဆောက်အအုံထဲတွင် သတိမထားမိခဲ့သော်လည်း အပြင်ကိုရောက်တာနဲ့ အေးစိမ့်စိုစွတ်နေသော လေထုကို သူမ ခံစားလိုက်ရသည်။

.

.

ငါးမိနစ်ကြာပြီးနောက်~


ယွင်လီရဲ့ ဖုန်းမြည်လာသည်။ သူမ မသိတဲ့ နန်ဝူဒေသရဲ့ နံပါတ်စိမ်းတစ်ခု ဖြစ်နေလို့ စဉ်းစားမနေဘဲ ချက်ချင်း ဖုန်းချလိုက်သည်။ ဖုန်းချပြီးသွားမှ ဒီဖုန်းနံပါတ်က EAW ကုမ္ပဏီက ဆက်တာဖြစ်နိုင်တယ်ဆိုတာကို သူမ စဉ်းစားမိသွားလေသည်။ 


ထိုအခါ သူမ တစ်ချက်ရပ်တန့်သွားပြီး missed call ဖြစ်သွားတဲ့ နံပါတ်ကို စိုက်ကြည့်နေမိသည်။ 


ဖုန်းပြန်ခေါ်ရမှာကိုလည်း ကြောက်ရွံ့နေမိသလို တစ်ဖက်က သူမကို စောင့်ရတာ စိတ်မရှည်ဖြစ်သွားမှာကိုလည်း စိုးရိမ်နေမိပြန်သည်။


အချိန်အတော်ကြာ တုံ့ဆိုင်းနေမိပြီးနောက်ဆုံးမှာတော့ သူမ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့သည်။


ယွင်လီက လက်သည်းလေးကို ကိုက်ရင်း ဖုန်းပြန်ခေါ်ဖို့ သတ္တိကို မွေးနေရသည်။


ဖုန်းမြည်သံ ‘တီ’ တစ်ချက်သာ မြည်လိုက်ပြီး တစ်ဖက်က ချက်ချင်းကိုင်လိုက်သည်။


သို့သော် ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေသည်။


ယွင်လီက "တောင်းပန်ပါတယ်… ကျွန်မ စောစောက ဖုန်းမှားချလိုက်မိလို့ပါ" လို့ အရင်ဆုံး ရှင်းပြလိုက်သည်။ 


ထို့နောက် တစ်ဖက်ကလူကို ဘယ်လိုခေါ်ရမှန်းမသိတာကြောင့် မဝံ့မရဲနဲ့ "ရှင်က EAW ကလား" လို့ မေးလိုက်သည်။ 


ခဏတာ တိတ်ဆိတ်သွားပြီးနောက်...


သူ့အသံက အေးစက်ပြီး ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း ကြားလိုက်ရသူကို ဆွဲဆောင်နိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းနေသည်။ 


အလွန်တရာမှ လှပတဲ့အရာတစ်ခုအောက်မှာ ပုန်းလျှိုးကွယ်လျှိုး ရှိနေတဲ့ ချိတ်တစ်ခုလိုမျိုး အသံက စိတ်ခံစားမှု ကင်းမဲ့နေပေမဲ့လည်း လူတစ်ယောက်ရဲ့စိတ်ဝိဉာဉ်ကို ဖမ်းစားနိုင်စွမ်းရှိနေသည်။ 


"အပြင်ထွက်လာခဲ့လိုက်... လမ်းတစ်ဖက်ကို ကူးလိုက်ရင် ကားပါကင်ကို တွေ့လိမ့်မယ်..."


ယွင်လီက နားမလည်လိုက်သဖြင့် တစ်ခွန်းသာ ပြန်ပြောလိုက်သည်။ 


"ဟမ်?"


ထိုအခါ တစ်ဖက်မှ အမျိုးသားက စကားပြောတာ ခဏရပ်သွားပြီး ရှင်းပြလာသည်။ 


"အထွက်ပေါက်မှာ ကားရပ်လို့မရဘူး"


"ဪ, ဟုတ်ပြီ... အခုပဲ ထွက်လာခဲ့ပါမယ်" လို့ ယွင်လီက ပြန်ပြောလိုက်သည်။


"ထီးပါလား" 


ထိုအမျိုးသားက မေးလိုက်တော့ ယွင်လီလည်း အိတ်ထဲ ပြန်ကြည့်လိုက်ပြီး...


"အင်း... ပါတယ်" 


"ကားပါကင်ဝင်ပေါက်မှာ စောင့်နေမယ်"


ဒီစကားတစ်ခွန်းသာ ပြောပြီးတော့ ဖုန်းချသွားသည်။ 


စကားပြောချိန်က တစ်မိနစ်တောင် မကြာခဲ့ပါ။


ယွင်လီက ထီးရှာဖို့အတွက် အိတ်ထဲမှာ မွှေနှောက်ရင်း အလုပ်ရှုပ်နေသည်။


သူမက ထိုလူပြောတဲ့ လမ်းညွှန်ချက်အတိုင်း ကားပါကင်ကို ရောက်သွားသည်။ ထိုအချိန်တွင် ကားတစ်စီးက ဖြည်းဖြည်းချင်း မောင်းလာတာကို တွေ့လိုက်ရသည်။


ကားနံပါတ်ကို သေချာကြည့်ပြီးနောက် ဒါက မစ္စဟယ် ပို့ပေးထားတဲ့ ကားနံပါတ်မှန်ကန်ကြောင်း သေချာသွားတဲ့အခါ passenger seat ဘက်က တံခါးနားကို တိုးသွားလိုက်ပြီး ခေါင်းငုံ့ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။ 


"နိဟောင်, ကားနောက်ဖုံးလေး ဖွင့်ပေးလို့ရမလား"


ခြောက်သွေ့နေတဲ့ သစ်ပင်တွေကြားကနေ လမ်းမီးတိုင်ရဲ့ အလင်းရောင်တွေ ဖြာကျနေပြီး မြေပြင်ပေါ်မှာ မညီမညာပြတ်တောက်နေတဲ့ အရိပ်တွေ ဖြစ်ပေါ်နေသည်။ 


ကားထဲမှာ မှောင်မည်းနေတာကြောင့် ယွင်လီက သူမရှေ့ကလူရဲ့ နေမကောင်းဖြစ်နေသလို ဖြူဖျော့နေတဲ့ မေးစေ့ကိုသာ မြင်နိုင်လေသည်။ 


ထိုလူက ခေါင်းအနည်းငယ် စောင်းလိုက်ပြီး သူမဘက်ကို လှည့်ကြည့်နေတယ်လို့ ခံစားနေရသည်။ သို့သော် သူက ဘာစကားတစ်ခွန်းမှ မပြောဘဲ ကုတ်အင်္ကျီရဲ့ ခေါင်းဆောင်းကို ဆောင်းလိုက်ပြီး ကားပေါ်ကနေ ဆင်းလာသည်။


ယွင်လီက ရုတ်တရက် ကြောင်တောင်တောင်ဖြစ်သွားပြီး အမြန်ပြောလိုက်သည်။


"အာ, ဟိုလေ ရှင်ကိုယ်တိုင် လုပ်ပေးဖို့မလိုပါဘူး… ကျွန်မ ကိုယ့်ဘာသာ လုပ်လို့ရပါတယ်…"  


သူမရဲ့ နူးညံ့သောအသံက မိုးသံကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ ထိုအမျိုးသားက မကြားဟန်ပြုကာ သူမအနားသို့ လျှောက်လာပြီး သူမလက်ထဲက suitcase ကို လှမ်းယူလိုက်သည်။


ထိုအခါ ယွင်လီလည်း ဆက်ပြောမယ့်စကားတွေကို ပြန်မျိုချလိုက်ပြီး "ကျေးဇူးတင်ပါတယ်" လို့သာ ပြောင်းလဲပြောဆိုလိုက်တော့သည်။


မိုးစက်လေးတွေက အဆက်မပြတ် တဖွဲဖွဲကျဆင်းနေပြီး မြို့တစ်မြို့လုံးကို ဆေးကြောပေးနေသလိုပါပဲ။


ယွင်လီက ရင်းနှီးမှုမရှိတဲ့ ပတ်ဝန်းကျင်ကြောင့် ဘေးနားတစ်ဝိုက်ကို မျက်လုံးဝေ့ကြည့်နေမိသည်။ သူမရဲ့မျက်လုံးတွေက မရည်ရွယ်ဘဲ အပေါ်ကို မော့ကြည့်မိသွားသည်။ 


ဒါက ရှားရှားပါးပါး မြင်ကွင်းတစ်ခုပင်။ အပြာရောင် ကောင်းကင်ကျယ်ကြီးထဲမှာ ရာသီဥတုနဲ့မလိုက်ဖက်တဲ့ ထူးဆန်းတဲ့ မြင်ကွင်းကို သူမ တွေ့လိုက်ရသည်။ အဲ့ဒါကတော့ မိုးရွာနေတဲ့ ညမှာ လမင်းကြီးကို မြင်နေရတာပဲ ဖြစ်ပါသည်။


ထိုလူက suitcase ကို မ,ရင်း ခေါင်းကို အနည်းငယ်မော့လိုက်တဲ့အခါ မှိန်ပျပျအလင်းရောင်က သူ့အပေါ်ကို ကျိုးတိုးကျဲတဲ ကျရောက်နေလေသည်။ 


အရှိန်အဟုန်ကို လျှော့ချလိုက်သလိုပင် အချိန်တွေက ရုတ်တရက် နှေးကွေးသွားခဲ့သည်။ 


ထိုအခါမှ သူ့ရဲ့ မျက်နှာသွင်ပြင်ကို တဖြည်းဖြည်းနဲ့ ပိုပြီး ထင်ရှားပြတ်သားစွာ မြင်လိုက်ရသည်။ 


သူမရှေ့က မြင်ကွင်းကြောင့် ယွင်လီမှာ အသက်ရှူသံတောင် ရပ်တန့်သွားသလို ခံစားလိုက်ရတော့သည်။


အလွန်နက်ရှိုင်းသော မျက်ဝန်းများ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းများက ထိုလူကို ခပ်တည်တည်ပုံစံ ဖြစ်နေစေသည်။


သူ့ဆံပင်နဲ့ မျက်တောင်တွေမှာ ရေစက်လေးတွေ တွဲခိုနေတာက သူ့ကို အားနည်းတဲ့ပုံစံ ပေါက်သွားစေပေမဲ့ အဲ့ဒီအရာတွေက သူ့ရဲ့အရှိန်အဝါကိုတော့ နည်းနည်းလေးတောင်မှ လျော့ပါးသွားအောင် မလုပ်နိုင်ပါ။ 


ဖုရှစ်ဇယ်က ခန့်ညားလွန်းလို့ ဘယ်သူမဆို စွဲမက်မိသွားနိုင်သည်။ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိလောက်အောင်ကို ဆွဲဆောင်မှုရှိလွန်းသူတစ်ယောက်ပင်။ 


ဒါပေမဲ့ သူ့မှာ ဆူးတွေရှိနေတာကြောင့် ဘယ်သူမှ သူ့အနားကိုတော့ မကပ်ရဲကြပေ။  


Suitcase ကို မ,လိုက်တဲ့ ဖုရှစ်ဇယ်ကို မြင်မှ ယွင်လီ သတိပြန်ဝင်လာပြီး သူ့အနားကိုသွားကာ အလိုက်တသိနဲ့ ထီးဆောင်းပေးလိုက်သည်။


သို့သော် ထီးက သိပ်မကြီးတော့ ခပ်ခွာခွာ ရပ်နေကြတဲ့ လူနှစ်ယောက်ကို အပြည့်အဝ ကာကွယ်ပေးဖို့တော့ မဖြစ်နိုင်ပေ။ 


ယွင်လီက ထိုလူရဲ့အနားကို တိုးကပ်ဖို့လည်း စိတ်မသက်မသာ ဖြစ်နေမိတာကြောင့် အကွာအဝေးတစ်ခုကနေပဲ ခပ်လှမ်းလှမ်းရပ်ကာ မိုးရေပဲ အစိုခံလိုက်တော့သည်။ 


ကားနောက်ဖုံးထဲမှာ ထင်ထားတာထက် ပစ္စည်းတွေ အများကြီးရှိနေသည်။


ဖုရှစ်ဇယ်က suitcase ထားဖို့အတွက် ကားနောက်ဖုံးထဲက ရှုပ်ပွပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို အကြမ်းပတမ်း ကိုင်တွယ်စုစည်းကာ နေရာဖယ်လိုက်သည်။ အဆင်ပြေအောင် နေရာချပြီးနောက် suitcase ကို ထည့်လိုက်သည်။ 


အဲ့ဒီနောက်တော့ သူ့ဘေးမှာရပ်နေတဲ့ ယွင်လီကို မျက်လုံးထောင့်ကနေ မသိမသာ ကြည့်လိုက်ပြီးမှ ခေါင်းပြန်လှည့်လိုက်သည်။


သူက အရပ်မြင့်ပြီး အနက်ရောင် ကုတ်အင်္ကျီပါးကို ဝတ်ဆင်ထားသည်။ မျက်နှာပေါ်မှာလည်း ဘာခံစားချက်မှ ပေါ်လွင်မနေပါ။ သို့သော် ဒီပုံစံကပဲ သူ့ကို ကြောက်စရာကောင်းတဲ့ပုံစံ ဖြစ်သွားစေ‌သည်။


ဖုရှစ်ဇယ်က စိတ်ဆိုးနေတာလား ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုများ ရှိနေတာလားတော့ မသိပါ။ သူ့ရဲ့ မျက်ဝန်းနက်တွေက သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။


ယွင်လီလည်း အနည်းငယ် ထိတ်လန့်လာပြီး တံတွေးမျိုချလိုက်မိသည်။ 


အဲ့ဒီနောက်...


ယွင်လီ မြင်လိုက်ရတာကတော့ ဖုရှစ်ဇယ်ရဲ့လက်က မြောက်တက်သွားပြီး သူမဆီကို လက်ရွယ်နေသည်။


ယွင်လီရဲ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားပါတော့သည်။


ထိုအချိန်မှာပဲ ယွင်လီက ထိုလူရဲ့ လက်ချောင်းရှည်ရှည်တွေပေါ်မှာ မိုးရေစက်တွေ စိုရွှဲနေတာကို သတိထားလိုက်မိသည်။ ထိုလူရဲ့ မြှောက်ထားတဲ့လက်က ထီးကိုင်ထားတဲ့ သူမရဲ့လက်နားကနေ ဖြတ်ကျော်သွားပြီး ထီးရဲ့ လက်ကိုင်ရိုးကို ဖြည်းဖြည်းချင်း ညင်သာစွာ တွန်းလိုက်လေသည်။


ထီးရိုးက သူမရဲ့ ဆံပင်ဖျား၊ နားရွက်နဲ့ လည်ပင်းနားကို ပွတ်ဆွဲသွားသည်။ 


ထိုအခါ ထီးက ယွင်လီကို မိုးရေစက်တွေ မစိုအောင် သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ် ပြန်လည်အုပ်မိုးပေးလာသည်။ 


ဒီအဖြစ်အပျက်တွေက သုံး၊ လေးစက္ကန့်သာ ကြာမြင့်ခဲ့သည်။ 


အဲ့ဒီနောက် ထိုလူက သူမကို ကျောခိုင်းသွားပြီး ကားနောက်ဖုံးကို ပိတ်လိုက်သည်။ ကားနောက်ဖုံးပိတ်တဲ့ အသံက တိုးပေမဲ့ မိုးရေသံနဲ့အတူ ခံစားချက်ကင်းမဲ့နေတဲ့ စကားလုံးနှစ်လုံးက ထွက်ပေါ်လာခဲ့သည်။


"မလိုဘူး" 



🍀🍀🍀🍀