အခန်း (၂.၁)
ကားထဲဝင်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ယွင်လီ ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။ ရှေ့ခန်းမှာ ထိုင်ရမလား၊ ဒါမှမဟုတ် နောက်ခန်းမှာ ထိုင်ရမလားဆိုပြီး ဝေခွဲလို့မရဖြစ်နေသည်။
မစ္စဟယ်ကလည်း လာကြိုမယ့်သူကို ဝန်ထမ်းတစ်ယောက်ပဲလို့ ပြောခဲ့ပြီး ဘယ်သူ၊ ဘယ်ဝါဆိုတာ တိတိကျကျ မပြောခဲ့ပေ။ ဒါပေမဲ့ ဒီလူက ကားဆရာသက်သက် မဟုတ်ဘဲ သူမကို လာကြိုပေးတဲ့သူလည်း ဖြစ်နိုင်သည်။ နောက်ခန်းမှာ ထိုင်ရင်တော့ သူ့ကို ကားဆရာလို သဘောထားတဲ့သလို ဖြစ်သွားပြီး ယဉ်ကျေးမှုမရှိရာကျသွားမည်။
အဲ့ဒါကြောင့် သူမက မဝံ့မရဲနဲ့ပဲ ကားရှေ့ခုံမှာပဲ ဝင်ထိုင်လိုက်သည်။
မြို့ပြရဲ့ ရောင်စုံ မီးရောင်တွေကြောင့် ကားပြတင်းပေါက်မှန်ပေါ်က မိုးရေစက်တွေက ကြယ်တွေလိုပဲ လင်းလက်နေသည်။
ယွင်လီက ကားထိုင်ခုံခါးပတ် ပတ်ပြီးတဲ့နောက် ခန္ဓာကိုယ်ပေါ်က ရေစက်တွေကို သုတ်ဖို့အတွက် အိတ်ထဲကနေ တစ်ရှူးထုတ်လိုက်သည်။
ကားထဲမှာတော့ ဘာအသံမှ မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။
တက္ကစီစီးတိုင်း နောက်ခန်းမှာပဲ ငြိမ်ငြိမ်လေးထိုင်စီးလေ့ရှိပြီး ဆင်းခါနီးမှပဲ စျေးနှုန်းမေးလေ့ရှိတဲ့ သူမက အခုလိုမျိုး လူစိမ်းတစ်ယောက်နဲ့ ရှေ့ခန်းမှာ အတူထိုင်ရတော့ စိတ်ထဲမှာ မသက်မသာဖြစ်ကာ နေရခက်နေမိသည်။ ဒါ့ကြောင့် တိတ်ဆိတ်မှုကို ဖြိုခွဲဖို့ လိုအပ်တယ်လို့ သူမရဲ့စိတ်ထဲမှာ တွေးလိုက်မိသည်။
ခေါင်းခြောက်အောင် စဉ်းစားပြီးတဲ့နောက်မှာတော့ ယွင်လီက စကားစပြောလိုက်သည်။
“ဒီလိုအချိန်မှာ ကျွန်မကို လာကြိုခိုင်းရတဲ့အတွက် တကယ်အားနာပါတယ်”
စက္ကန့်အနည်းငယ်ကြာတော့မှ ဟိုဘက်က အမျိုးသားက “အင်း” လို့ ခပ်ပြတ်ပြတ်ပြန်ဖြေလာခဲ့သည်။
အဲ့ဒီနောက် အရင်အတိုင်းပဲ တိတ်ဆိတ်ခြင်းက ကားတစ်ခုလုံးကို ထပ်မံလွှမ်းခြုံသွားခဲ့သည်။
ဘာပြောရမှန်းမသိတော့တဲ့ ယွင်လီတစ်ယောက် ဖုန်းကိုထုတ်ပြီး သူမ သုံးနေကျ App တွေကိုပဲ အပေါ်အောက်ရွှေ့ကြည့်ရင်း အလုပ်ရှုပ်ဟန်ဆောင်နေလိုက်သည်။
ခဏလောက်ကြာတော့မှ ထိုအမျိုးသားက ကားမောင်းရင်း ရုတ်တရက် မေးလာခဲ့သည်။
“မင်းကို ဘယ်နားအထိ လိုက်ပို့ရမှာလဲ”
“အာ..ဟုတ်ကဲ့.. ယန်ကျင်း Hotel ပါ” လို့ ယွင်လီက ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ခပ်သွက်သွက်လေး ပြန်ဖြေလိုက်သည်။
‘အင်း’ ဆိုတဲ့ အသံပဲ ထွက်လာပြီး အမျိုးသားက ဘာမှဆက်မပြောတော့ပေ။
သူက စကားပြောချင်စိတ် မရှိတဲ့ပုံပဲ။ လိုအပ်မှသာ ပြောတတ်တဲ့သူဖြစ်မည်။ ကားမောင်းတာကိုပဲ အပြည့်အဝ အာရုံစိုက်ထားပုံရသည်။
ဒီနေ့ညမှာ ယွင်လီ တွေ့လိုက်ရတဲ့ လူနှစ်ယောက်က စရိုက်ချင်း ဆန့်ကျင်ဘက် ဖြစ်နေကြသည်။
တစ်ယောက်က လိုအပ်တာထက်ကို ဖော်ရွေလွန်းပြီး နောက်တစ်ယောက်က အေးစက်လွန်းသည်။ ဒါပေမဲ့ ထူးခြားချက်ကတော့ နှစ်ယောက်စလုံးက ရုပ်ရည်ချောမောကြသည်။
ယွင်လီလည်း အဲ့ဒီလိုတွေးရင်း သူ့ဘက်ကို ခိုးကြည့်လိုက်မိသည်။
သူမဘက်က လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့ဘေးတစ်စောင်းပုံစံကိုပဲ သေချာမြင်ရပြီး အရိပ်ကျနေလို့ သူ့ရဲ့မျက်နှာကို သေချာမမြင်ရပေ။
ခေါင်းမှာ ဦးထုပ်မဆောင်းထားတော့တဲ့အတွက် ထင်းထွက်နေတဲ့ မေးရိုးတွေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ရေစိုနေတဲ့ ဆံပင်တွေကတော့ သူ့ရဲ့နဖူးနဲ့ မျက်လုံးတွေပေါ်မှာ အနည်းငယ် ဖုံးအုပ်ထားသည်။
သူ့ရဲ့နှုတ်ခမ်းတွေက ဖြူဖျော့နေပြီး ဒီလိုရာသီဥတုမှာတောင် ခပ်ထူထူကုတ်အင်္ကျီကို ဝတ်ထားတာက ထူးဆန်းနေသည်။ သူ့ရဲ့အပြုအမူကြည့်ရသလောက်ကတော့ သူက အနေအထိုင် အေးဆေးပုံရသည်။
ယွင်လီသည် သဘာဝရှုခင်းတွေကို ကြည့်ဟန်ဆောင်ပြီး အကြည့်လွှဲလိုက်ပေမဲ့ သူ့ကို ထပ်ခါထပ်ခါ ခိုးခိုးပြီးကြည့်နေမိသည်။
တကယ်တော့ ဒီအမျိုးသားက သူမ နှစ်သက်တဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားသူပါ။ အေးစက်ပြီး တည်ငြိမ်တဲ့ပုံစံကြောင့် ဘယ်လိုအားနည်းချက်မှ မရှိသလိုထင်ရသည်။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ အားနည်းပုံရပေမဲ့ တစ်ချိန်တည်းမှာပဲ ခိုင်မာပြီး ပြတ်သားတဲ့ စိတ်ဓာတ်ကို သူ့ဆီကနေ ခံစားရမိပါသည်။
လမ်းဘေးကနေ ကောက်ယူလာတဲ့ ဒဏ်ရာရ ဝံပုလွေတစ်ကောင်လိုပင်။ အသက်မျှင်းမျှင်းလေးဘဲ ကျန်နေရင်တောင် အချိန်မရွေး ပြန်လည်တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးဖြစ်သည်။
ဒီလို တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခြေအနေက ဟိုတယ်ရောက်တဲ့အထိပင်။
ဟိုတယ်အဝင်ဝမှာ မှန်တံခါးပေါက်တစ်ခုရှိသည်။ သူက ကားကိုရပ်ပြီး “ရောက်ပြီ”လို့ တိုးတိုးလေးပြောကာ ကားပေါ်ကနေ ဆင်းသွားခဲ့သည်။
ယွင်လီကလည်း “ကောင်းပြီ” လို့ တိုတိုတုတ်တုတ် ပြန်ဖြေပြီး သူမရဲ့ပစ္စည်းတွေကို ကမန်းကတန်းသိမ်းကာ သူ့အနောက်ကနေ လိုက်သွားခဲ့သည်။
သူက ယွင်လီရဲ့ ခရီးဆောင်အိတ်ကို အပေါက်ဝရှေ့က လှေကားထစ်တွေအထိ သယ်ပေးခဲ့သည်။ ပြီးတော့ မေးဆတ်ပြပြီး “ဒီအတိုင်းပဲ ဝင်သွားလိုက်ပါ”လို့ ပြောလိုက်သည်။
ယွင်လီက “ကောင်းပြီ… ကျေးဇူးပါ” လို့ ပြန်ပြောလိုက်သည်။
သူက ခေါင်းငြိမ့်ပြပြီး ဘာမှထပ်မပြောတော့ဘဲ ယာဉ်မောင်းထိုင်ခုံဆီကိုပဲ ပြန်လျှောက်သွားတော့သည်။
မိုးက သည်းကြီးမည်းကြီးရွာနေပြီး တိတ်မယ့်ပုံလည်းမပေါ်ချေ။ ယွင်လီက ထွက်ခွာသွားတဲ့ အမျိုးသားကိုကြည့်ပြီး သူ့ရဲ့ဖျော့တော့နေတဲ့ မျက်နှာကို သတိရသွားခဲ့သည်။ တစ်ခုခုကိုတွေးမိသွားပြီး သူမက ရှေ့ကိုတစ်လှမ်းတိုးကာ ပြောလိုက်သည်။
“ဟို… ခဏလေး”
အမျိုးသားက သွားနေတာကိုရပ်ပြီး လှည့်ကြည့်လာခဲ့သည်။
ယွင်လီရဲ့ နှလုံးသားက အထိန်းအကွပ်မဲ့စွာ ခုန်ပေါက်နေပြီး ထီးကို လှမ်းပေးရင်း ပြောလိုက်သည်။
“မိုးကအရမ်းသည်းနေတာ.. တော်တော်နဲ့ တိတ်ဦးမှာ မဟုတ်ဘူးထင်တယ်”
အမျိုးသားက မလှုပ်မရှားဘဲ ငြိမ်သက်နေသည်။
“မနက်ဖြန် ကျွန်မ EAW ကို လာရမှာ” လို့ပြောလိုက်သည်။ ယွင်လီက ထူးဆန်းစွာ ထိုလူအပေါ်မှာ စိုးရိမ်စိတ်ဝင်နေမိသည်။ သူနဲ့ အကြည့်ချင်းစုံသွားတာမို့ စိတ်လှုပ်ရှားကာ အသံတွေ တုန်ရီနေတော့သည်။
“ထီးကို ဧည့်ကြိုကောင်တာမှာ ဒီအတိုင်း ထားခဲ့လို့ရပါတယ်.. ကျွန်မ လာယူလိုက်မယ်”
ဒီတစ်ခါလည်း ထပ်ပြီးအငြင်းခံရမှာ စိုးရိမ်တဲ့အတွက် ယွင်လီက ခဏတာ တောင့်တင်းသွားခဲ့သည်။
သူမက ထီးကို ကားခေါင်းထဲမှာ ထည့်ပေးလိုက်ပြီး “ဒီနေ့ ကျွန်မကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ လျင်မြန်စွာ ပြောလိုက်သည်။
အဲ့ဒီလူဘက်က တစ်စုံတစ်ခုမှ ပြန်မပြောခင်မှာပဲ ယွင်လီက ခရီးဆောင်အိတ်ကို ဆွဲပြီး ဟိုတယ်ထဲကို ဝင်သွားခဲ့သည်။
မီတာအနည်းငယ်လောက် လျှောက်ပြီး ဟိုတယ်အဝင်ပေါက်နားကို ရောက်တော့မှ ယွင်လီက အနောက်လှည့်ကြည့်ဖို့ သတ္တိရှိခဲ့သည်။
သူမ ထီးထားခဲ့တဲ့နေရာက လွတ်သွားခဲ့ပြီ။
ကားက အရှေ့ကိုရွေ့သွားခဲ့သလို မိုးရေစက်တွေကလည်း တဖြောက်ဖြောက် ရွာသွန်းနေသည်။ ကားရဲ့ရှေ့မီးကြောင့် ဖြစ်ပေါ်လာတဲ့ အဖြူရောင်မျဉ်းကြောင်းတွေက အမှောင်ထုကိုဖြိုခွဲပြီး မိုးရေတွေကြားမှာပဲ ကားက ထွက်ခွာသွားခဲ့သည်။
အဲ့ဒီအခါမှပဲ ယွင်လီက သက်ပြင်းတစ်ချက်ချပြီး စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
သူမရဲ့အခန်းထဲ ပြန်ရောက်တာနဲ့ ယွင်လီက ရေချိုးကာ အိပ်ရာထဲဝင်ခဲ့သည်။ ဒါပေမဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကြောင့် သူမက ကောင်းကောင်းမွန်မွန် မအိပ်စက်နိုင်ခဲ့ပေ။ အရင်တုန်းကဆို ဘီလူးစီးသလိုမျိုး တစ်ကိုယ်လုံးမလှုပ်မရှားနိုင်ဖြစ်ကာ အသိစိတ်က ဝေဝါးနေပေမဲ့လည်း သတိရှိနေတာမျိုးဖြစ်ခဲ့ဖူးသည်။
ညရောက်တော့ သူမ အိပ်မက်တစ်ခု မက်သည်။ အဲ့ဒီအိပ်မက်က ညကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်မြင်မက်တာဖြစ်သည်။
သူမ လေဆိပ်ကနေထွက်ပြီး ကားပေါ်ရောက်တဲ့အထိ အဖြစ်အပျက်က ပုံမှန်အတိုင်းပင်။ ဒါပေမဲ့ ကားပေါ်ရောက်ပြီးတဲ့နောက်မှာတော့ အခြေအနေက တစ်မျိုးပြောင်းလဲသွားခဲ့သည်။
ဟိုတယ်ကို တိုက်ရိုက်မသွားဘဲ ကားဆရာက လူခြေတိတ်တဲ့ နေရာတစ်ခုဆီကို မောင်းသွားခဲ့သည်။
အဲ့ဒီနေရာမှာ လေဆိပ်မှာတွေ့ခဲ့တဲ့ ကောင်လေးကို သူမ တွေ့လိုက်ရသည်။ သူက အရူးတစ်ယောက်လို ရယ်မောပြီး သူမကို “ငတုံးမ” လို့ခေါ်ကာ လှောင်ပြောင်ခဲ့သည်။ ကားဆရာက သူတို့ ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြလာခဲ့သည်။
ကားဆရာရဲ့ အကြည့်တွေကလည်း အရင်လိုမဟုတ်ဘဲ အေးစက်စက်ပြီး ရက်စက်တဲ့ အကြည့်တွေအဖြစ် ပြောင်းလဲသွားခဲ့သည်။ လှောင်အိမ်ထဲက သားကောင်ကို ကြည့်နေသလိုမျိုးပင်။
အဲ့ဒီအခြေအနေမှာ သူမ
ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
သူမ လှည့်ထွက်လိုက်တာနဲ့ တစ်ပြိုင်နက် ကားဆရာက သူမ ခုနတုန်းက ငှားပေးလိုက်တဲ့ထီးနဲ့ပဲ သူမရဲ့ နှလုံးသားထဲကို အညှာအတာကင်းမဲ့စွာ ထိုးသွင်းလိုက်သည်။
အဲ့ဒီအချိန်မှာပဲ ယွင်လီ အိပ်မက်ကနေ လန့်နိုးလာခဲ့သည်။
“.…”
အိပ်ရာကနေ လန့်နိုးလာတဲ့အထိ အိပ်မက်ဆိုးရဲ့ခြောက်လှန့်မှုက ရုန်းမထွက်နိုင်သေးတာမို့ သူမရဲ့ ရင်ဘတ်ကို လက်ကလေးနဲ့ အသာဖိထားလိုက်သည်။ အိပ်ရာပေါ်မှာ ခဏလောက်လှဲအိပ်ပြီး အသိစိတ် ကောင်းကောင်းပြန်ကပ်လာတော့မှ သူမရဲ့အိပ်မက်က ဘယ်လောက် အဓိပ္ပာယ်မရှိလဲဆိုတာကို သူမ သဘောပေါက်သွားခဲ့သည်။
ခဏအကြာမှာတော့ ယွင်လီ ဖုန်းကိုယူပြီး အချိန်ကို ကြည့်လိုက်သည်။
WeChat မှာ မစ္စဟယ်က သူမကို Group Chat တစ်ခုထဲထည့်ထားပြီး ညနေ ၃ နာရီလောက် ဟိုတယ်ဧည့်ခန်းထဲမှာ လူစုကြဖို့ အားလုံးကို အသိပေးထားတာကို တွေ့လိုက်ရသည်။
ဒါ့ကြောင့် ယွင်လီလည်း အချိန်မဆွဲတော့ဘဲ ထပြီး မျက်နှာသစ်၊ အဝတ်အစားလဲကာ သွားဖို့ပြင်ဆင်လိုက်သည်။
သူမ ၁၀ မိနစ်စောပြီး ထွက်လာခဲ့လိုက်သည်။
ရောက်တာနဲ့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပြီး အမျိုးသမီးက သူမဘက်ကို မျက်နှာမူထားသည်။ ယွင်လီကို တွေ့တာနဲ့ အမျိုးသမီးက ချက်ချင်းထရပ်ပြီး “ဆရာမရှန်းယွင်တီတားကျန့်လား” လို့ နှုတ်ဆက်လိုက်သည်။
ယွင်လီလည်း ခေါင်းညိတ်ပြလိုက်သည်။
ယွင်လီ ခေါင်းညိတ်ပြလိုက်သည်။
ရှန်းယွင်တီတားကျန့်ဆိုတာက သူမ E-platform မှာ register လုပ်ထားတဲ့ အကောင့်နာမည် ဖြစ်သည်။
E-platform ဆိုတာက EndlessSharing ဆိုတာကို အတိုကောက်ခေါ်တာဖြစ်ပြီး ဗီဒီယိုတွေကို create လုပ်တာနဲ့ share လို့ရတဲ့ platformတစ်ခု ဖြစ်သည်။ အစပိုင်းမှာ သေးငယ်တဲ့ communication platform တစ်ခုအဖြစ် စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ video contentတွေပါ ထည့်သွင်းတိုးချဲ့လာခဲ့သည်။
အွန်လိုင်းအသုံးပြုသူတွေ တဖြည်းဖြည်း များလာတာနဲ့အမျှ websiteကလည်း တိုးတက်လာခဲ့သည်။
၂၀၂၄ နွေရာသီမှာ ပျင်းပျင်းရှိတာနဲ့ ယွင်လီတစ်ယောက် E-platform ပေါ်မှာ ဗီဒီယိုတွေ စတင်ဖြစ်ခဲ့သည်။
ပထမတော့ ပရိသတ်ရဖို့ ရည်ရွယ်ချက်မရှိဘဲ အပျော်သက်သက်ပဲ တင်ခဲ့တာဖြစ်သည်။ သူမရဲ့ ဗီဒီယိုမှာပါတဲ့ အကြောင်းအရာတွေကလည်း အတော်လေး စုံတယ်လို့ပြောရမည်။ အစားအသောက်အကြောင်းတွေက အဓိကပါဝင်ပေမဲ့ သူမ စိတ်ဝင်စားတဲ့ အရာမှန်သမျှကို ရိုက်ကူးပြီး ဗီဒီယိုလုပ်ကာ တင်လေ့ရှိသည်။
အခုအချိန်မှာတော့ ယွင်လီဟာ အရမ်းကြီးတော့ နာမည်အရမ်းမကြီးသေးပေမဲ့ follower ထောင်ဂဏန်းအထိ တဖြည်းဖြည်းနဲ့ တိုးလာပါပြီ။
မစ္စဟယ်ဆိုတဲ့ အမျိုးသမီးရဲ့ နာမည်က ဟယ်ကျားမုံ့ လို့အမည်ရသည်။ ကျန်တဲ့ အမျိုးသားနှစ်ဦးကလည်း E-platform မှာ နာမည်ရနေတဲ့ content creatorတွေဖြစ်သည်။ တစ်ယောက်က ကျစ်ပုလျောင် လို့ခေါ်ပြီး နောက်တစ်ယောက်က ဖေ့ရွှိန် လို့ခေါ်သည်။
အဲ့ဒီနောက်မှာတော့ သူတို့အဖွဲ့က ကားပေါ်ကို တက်လိုက်ကြသည်။
သူတို့စီးလာတဲ့ကားက ၇-ယောက်စီးလို့ရတဲ့ SUV အမျိုးအစား ကားမျိုးဖြစ်သည်။ ယွင်လီနဲ့ ဟယ်ကျားမုံ့ က အလယ်rowမှာ ထိုင်ပြီး ကျန် ၂ ယောက်ကတော့ သူတို့အနောက်မှာ ထိုင်ကြသည်။ ခရီးတစ်လျှောက်လုံး သူတို့အုပ်စုက ပေါ့ပေါ့ပါးပါး စကားပြောရင်း လာခဲ့ကြသည်။
အဲ့ဒီအချိန်မှာ ယွင်လီရဲ့ဖုန်းက တုန်ခါလာခဲ့သည်။
ဖုန်းဖွင့်ကြည့်လိုက်တော့ သူမရဲ့သူငယ်ချင်း တန့်ချူးချီ ဆီကနေ message ဝင်လာတာဖြစ်သည်။
တန့်ချူးချီ - [နန်ဝူမြို့ကို ရောက်နေပြီလား]
ယွင်လီက မဆီမဆိုင် အကြောင်းအရာတစ်ခုကို message ပြန်ပို့လိုက်သည်။ [ခုနတုန်းက ငါ သေခါနီးပြီ]
တန့်ချူးချီ - [?]
ယွင်လီ - [အိပ်မက်ထဲမှာလေ]
ခဏအကြာမှာတော့ …
တန့်ချူးချီ - [ငါလည်း ဒီနေ့ တစ်နှစ်ကို ယွမ်တစ်သန်းရမယ့် အလုပ်တစ်ခုရတော့မလို့]
ယွင်လီ - [?]
တန့်ချူးချီ - [ကံမကောင်းစွာနဲ့ပဲ သူတို့ငါ့ကို မခန့်လိုက်ဘူး]
“…”
ယွင်လီလည်း တန့်ချူးချီရဲ့ စကားကြောင့် မထိန်းနိုင်တော့ဘဲ ရယ်လိုက်သည်။
ထိုအခါ သူမပဲ စိတ်ထင်တာလားတော့ မသိပေ။ ကားတစ်ခုလုံး စကားသံတွေ တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ သူမ ခေါင်းလှည့်လိုက်တော့ ဟယ်ကျားမုံ့ရဲ့ ပြုံးစိစိမျက်နှာကို တွေ့လိုက်ရသည်။
“ဆရာမ ရှန်းယွင်လည်း ရယ်စရာကောင်းတယ်လို့ထင်တယ်လား”
“အင်း…”
ယွင်လီ စောစောကတည်းက သူတို့ရဲ့စကားဝိုင်းကို နားမထောင်ထားတာကြောင့် ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်… တော်တော်လေးရယ်ရတယ်”
သူမက အရှက်ပြေအနေနဲ့ ပြန်ဖြေတယ်ဆိုတာကို သတိထားမိပုံရသည်။ အဲ့ဒါကြောင့် သူမကို အခက်တွေ့အောင် ထပ်မမေးတော့ဘဲ အခြားအကြောင်းအရာကိုပဲ ပြောင်းပြောကြသည်။
သူတို့က ထပ်မမေးတော့လို့ ယွင်လီ စိတ်သက်သာရာရသွားပေမဲ့လည်း စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။
သူမက စကားဝိုင်းကို အဆုံးသတ်လိုက်မိတဲ့ သူတစ်ယောက်လို ခံစားနေရသည်။
💫💫💫