Ch (2.2)
Viewers 413

အခန်း (၂.၂)


EAW Tech City က ဟိုင်ထျန်း Mall လို့ခေါ်တဲ့ ကြီးမားတဲ့ ကုန်သွယ်ရေးဧရိယာထဲမှာ တည်ရှိပြီး ဟိုတယ်နဲ့လည်း သိပ်မဝေးပါ။ ကားနဲ့ဆို ၁၅ မိနစ်လောက်ပဲ မောင်းရသည်။


လမ်းတစ်လျှောက်လုံးရဲ့ ဘေးနှစ်ဖက်မှာတော့ ဈေးဆိုင်ခန်းတွေ အစီအရီတည်ရှိနေပြီး နန်ဝူ နည်းပညာတက္ကသိုလ်ကိုလည်း ဖြတ်သွားရသည်။ ဒီနေ့က ၅လပိုင်း ၂၀ရက်နေ့‌ဆိုတော့ တရုတ်ချစ်သူများနေ့ဖြစ်သည်။ ချီးရှီး ပွဲတော်ရက်ဖြစ်လို့ လမ်းတွေပေါ်မှာ ချစ်သူစုံတွဲတွေနဲ့ ပြည့်နှက်နေတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက သက်ဝင်လှုပ်ရှားနေသည်။


ကားပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ ယွင်လီတစ်ယောက် ကုန်တိုက်ရဲ့ဘေးမှာရှိတဲ့ ကြီးမားတဲ့ ချားရဟတ်ကြီးကို မြင်လိုက်ရသည်။


EAW ရဲ့ အဝင်ပေါက်ကတော့ ပထမထပ်မှာ ဖြစ်သည်။


ဒီနေ့က တရားဝင် ရိုက်ကူးရေးနေ့ မဟုတ်ဘဲ ရိုက်ကူးရေးလုပ်ဖို့အတွက် နေရာကို ကြိုတင်လေ့လာဖို့နဲ့ အစီအစဉ်ဆွဲဖို့သာ ဖြစ်သည်။ ဒါ့ကြောင့် မဖြစ်မနေ လာရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိဘဲ  ကိုယ့်သဘောနဲ့ကိုယ် ရောက်လာကြတာဖြစ်သည်။


နောက်ကျကျန်ခဲ့ပြီး နောက်ပိုင်းကျမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိမှာကို စိုးရိမ်တဲ့အတွက် ယွင်လီလည်း မငြင်းဘဲ လာခဲ့တာဖြစ်သည်။


သူတို့အဖွဲ့အပြင် တခြားသူတွေလည်း ဒီနေရာကို ကြိုရောက်နှင့်နေကြသည်။ ယွင်လီကတော့ သူတို့ထဲက အများစုကို သိပ်မသိပေ။


နှုတ်ဆက်ပြီးသွားတော့ ဟယ်ကျားမုံ့က သူတို့ကို အတွင်းပိုင်းထဲ ခေါ်သွားခဲ့သည်။


ဧည့်ကြိုကောင်တာနဲ့ လက်မှတ်စစ်တဲ့နေရာကို ဖြတ်ပြီးနောက် စက်လှေကားနဲ့ အပေါ်ကို တက်သွားကြသည်။ EAW ရဲ့ ဖျော်ဖြေရေးနေရာက စျေးဝယ်စင်တာရဲ့ အပေါ်ဆုံး ၃ထပ်မှာရှိပြီး ကျန်တဲ့ဆိုင်တွေနဲ့ သီးခြားစီ ခွဲထားသည်။


နေရာက မဖွင့်သေးတော့ လူသူရှင်းပြီး စက်ကိရိယာတွေလည်း အလုပ်မလုပ်သေးပါ။ ဟယ်ကျားမုံ့က တစ်ထပ်ချင်းစီမှာ ရှိတဲ့ ဂိမ်းအမျိုးအစားတွေကို အကျဉ်းချုပ် ရှင်းပြပေးနေသည်။


ရှင်းပြပြီးတဲ့နောက်မှာတော့ သူတို့က လွတ်လွတ်လပ်လပ် လှည့်ပတ်ကြည့်ရှူခွင့် ရကြသည်။


ယွင်လီက အုပ်စုကနေ တစ်ယောက်တည်း ခွဲထွက်သွားပြီး စိတ်ဝင်စားစရာ ပရောဂျက်တွေကို note app ထဲမှာ လိုက်မှတ်နေသည်။ အဲ့ဒီနောက်တော့ သူမ ရေးသားမယ့် content idea တွေကို စပြီး အကြမ်းဆွဲလိုက်သည်။ အဲ့ဒီအချိန်မှာပဲ သူမရဲ့ဖုန်းက ဘက်ထရီအားနည်းနေပြီဆိုတဲ့ သတိပေးချက် မြည်လာခဲ့သည်။


ယွင်လီက အိတ်ထဲနှိုက်ရှာပေမဲ့ power bank ကို ရှာမတွေ့ပေ။


သူမ ယူဖို့များ မေ့ခဲ့တာလား…


ဒီလိုနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ အဲ့ဒီအထပ်ရဲ့ ကော်ရစ်ဒါက ထိုင်ခုံပေါ် မှာ ထိုင်ပြီးအနားယူနေတဲ့ ဟယ်ကျားမုံ့ကို တွေ့လိုက်ရသည်။ ယွင်လီက သူမဆီကို သွားပြီး မေးလိုက်သည်။


“ကျားမန်, ရှင့်ဆီမှာ ဖုန်းအားသွင်းကြိုးရှိလား”


“ဒီမှာတော့မရှိဘူး.. အနားယူခန်းထဲမှာတော့ရှိတယ်” လို့ ဟယ်ကျားမုံ့က မော့ကြည့်ပြီးပြောလိုက်သည်။


ယွင်လီက “အာ! ဒါဆို…”


“ကိစ္စမရှိဘူး.. ကျွန်မတို့ရဲ့ အနားယူခန်းက ဒီနေရာနဲ့ တော်တော်လေးနီးပါတယ်.. ကျွန်မ လိုက်ပို့ပေးမယ်”


ဟယ်ကျားမုံ့က နာရီကြည့်ရင်း ပြောလိုက်သည်။


“ကျွန်မတို့ ဒီမှာနောက်ထပ် တစ်နာရီလောက်တော့ နေလို့ရသေးတယ်.. ဒါ့ကြောင့် မင်းအဲ့ဒီမှာ အနားယူရင်း ဖုန်းအားသွင်းလို့ရတယ်” 


ဖုန်းအားမရှိရင် သူမအတွက် လုံးဝ အဆင်မပြေတာကြောင့် ယွင်လီက “ကောင်းပြီ.. ကျေးဇူးတင်ပါတယ်” လို့ပြောပြီး သဘောတူလိုက်သည်။


သူတို့နှစ်ယောက် EAW ကနေထွက်လာပြီး အနီးဆုံး အရေးပေါ်လှေကားကနေ မြေအောက်ထပ်ကို ဆင်းလာခဲ့ကြသည်။ ရှည်လျားတဲ့ စင်္ကြန်လမ်းတစ်လျှောက် မှန်တံခါးတွေတပ်ထားပြီး မှန်တံခါးတစ်ခုမှာ “EAW Tech City” လို့ ရေးထားသည်။


အဲ့ဒီအောက်မှာ “ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မပြု” ဆိုတဲ့ဆိုင်းဘုတ်လည်း ချိတ်ထားသည်။


ဟယ်ကျားမုံ့က သူမရဲ့ကတ်နဲ့ဖွင့်ပြီး ဝင်သွားလိုက်သည်။


ခန်းမထဲရောက်တော့ အရှေ့ဘက်တည့်တည့်နဲ့ ဘယ်ဘက်မှာ တံခါးနှစ်ပေါက် တွေ့ရပြီး အဲ့ဒီတံခါးတွေက ရုံးခန်းနဲ့ ဝန်ထမ်းနားနေခန်းကို ရောက်သည်။


သူတို့က ဝန်ထမ်းနားနေခန်းထဲကိုဝင်ပြီး မီးဖွင့်လိုက်သည်။


အခန်းရဲ့ ဘယ်ဘက်နံရံ တစ်လျှောက်မှာ locker တွေထားထားပြီး အဝတ်လဲခန်းလေး နှစ်ခုလည်း ပါရှိပါသည်။ အလယ်မှာတော့ စားပွဲခုံနှစ်လုံးနဲ့ ဘားကောင်တာငယ်တစ်ခုကို ထည့်ထားသည်။


နေရာက အတော်လေး ကျယ်ပါသည်။ ဟယ်ကျားမုံ့က ဒီဘက်ခြမ်းကိုပဲ မီးဖွင့်လိုက်တာဖြစ်လို့ ကျန်တဲ့နေရာတွေက မှောင်နေသည်။ ဒါပေမဲ့ ခပ်လှမ်းလှမ်းမှာ U-ပုံသဏ္ဍာန်ချထားတဲ့ ဆိုဖာသုံးလုံးကို တွေ့နိုင်ပြီး ဆိုဖာတွေရဲ့ဘေးပတ်လည်မှာ bean bag တချို့ကို ထား,ထားသည်။


ဟယ်ကျားမုံ့က လေအေးပေးစက် ရီမုဒ်ကို ကောက်ယူလိုက်ပြီး “လူမရှိဘဲနဲ့ လေအေးပေးစက်ကို ဘာလို့ ၃၀ ဒီဂရီနဲ့ ဖွင့်ထားတာလဲမသိဘူး…” လို့ ရေရွတ်လိုက်သည်။


ယွင်လီက “တစ်ယောက်ယောက် ရှိနေလို့ဖွင့်ထားတာများလား”


“တစ်ယောက်ယောက်က ဒီအခန်းထဲမှာ ခဏလာနေသွားပုံရတယ်.. ဒီနေ့ ချီးရှီးပွဲတော်ရက်ဆိုတော့ လူအနည်းကျဥ်းလောက်ပဲ ဒီကိုလာကြမှာ.. လာတဲ့လူတွေ အားလုံးကလည်း ဆိုင်ထဲမှာပဲ ရှိနေလောက်တယ်”


ဟယ်ကျားမုံ့က လေအေးပေးစက်ကို အပူချိန်မြှင့်လိုက်ရင်း ယွင်လီအတွက် ဖုန်းအားသွင်းကြိုးတစ်ခုကို ထုတ်ပေးလိုက်သည်။ အဲ့‌ဒီနောက် စားပွဲတစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။


“ဒီမှာလည်း အားသွင်းလို့ရသလို.. ဟိုဘက်က ဆိုဖာတွေနားမှာလည်း အားသွင်းလို့ရတယ်.. ကြိုက်တဲ့နေရာမှာ သွင်းလိုက်နော်”


“ကောင်းပြီ”


ဟယ်ကျားမုံ့က ယွင်လီနဲ့အတူ ထိုင်ဖို့ပြင်လိုက်တဲ့ အချိန်မှာ သူမရဲ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မိတ်ကပ်ဘူးလေးကို ချက်ချင်းထုတ်ယူကာ အလှပြင်လိုက်သည်။


ယွင်လီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။


“ဘာဖြစ်လို့လဲ”


“သူဌေးက ရောက်လာပြီ.. သူက အခု ဆိုင်ထဲမှာရှိနေတာတဲ့” ဟယ်ကျားမုံ့က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ 


“ကျွန်မရဲ့ သူဌေးက အရမ်းချောတယ်.. အရမ်းလည်း ချမ်းသာတယ်.. အရမ်းလည်း သဘောကောင်းတယ်.. ဆရာမ ရှန်းယွင်လည်း နှုတ်ခမ်းနီ ပြန်ဆိုးလိုက်ပါဦးလား”


အရမ်းချောတာတဲ့လား….


အဲ့ဒီစကားကိုကြားတော့ ယွင်လီက မေးလိုက်သည်။


“ဒါဆို မနေ့က ကျွန်မကို လာကြိုတဲ့သူက သူလား”


“မဟုတ်ဘူး.. မဟုတ်ဘူး.. မနေ့က သူဌေးက ကျွန်မကို ဖုန်းခေါ်ပြီး အတော်လေး ဆူခဲ့တာ” ဟယ်ကျားမုံ့က ရင်ဘတ်ကိုပုတ်ကာ ဆက်ပြောလိုက်သည်။


“ပြီးတော့ သူက နင့်ကို လာကြိုဖို့ လူတစ်ယောက် လွှတ်ပေးမယ်လို့ ပြောတယ်.. ဘယ်သူမှန်းတော့ ကျွန်မလည်း အတိအကျမသိဘူး.. ကျွန်မ အထင်တော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ယောက်ကို လွှတ်လိုက်တာပဲဖြစ်မှာပါ”


“…”


ယွင်လီက စိတ်ထဲမှာ ‘အတော်လေး ဆူခဲ့တာ’ ဆိုတဲ့ စကားလုံးကို သေချာပြန်စဉ်းစားနေမိသည်။


“ကျွန်မတို့ သူဌေးက ဒီကို မကြာခဏလာလေ့မရှိဘူး.. စမ်းသပ်ပြတဲ့ ရက်တွေတုန်းကပဲ တစ်ခါလာဖူးတာ.. အဲ့တုန်းကလည်း ကျွန်မ မတွေ့လိုက်ရဘူး” လို့ ဟယ်ကျားမုံ့က ပြောလိုက်သည်။


“ဒီလို ချစ်သူများနေ့မှာ အချိန်ပေးနိုင်တယ်ဆိုတော့ သူက singleပဲ ဖြစ်မယ်” လို့ ရယ်ရင်း ပြောလိုက်သည်။ အဲ့ဒီလိုပြောပြီးတာနဲ့ ယွင်လီကို “အပေါ်ထပ်တက်ပြီး သွားကြည့်ရအောင်လေ.. ကျွန်မနဲ့အတူ လိုက်ခဲ့မလား” လို့ ဖိတ်ခေါ်လိုက်သည်။


ယွင်လီက ဟယ်ကျားမုံ့ရဲ့ စိတ်အားထက်သန်မှုကို ကြည့်ပြီး သဘောတကျ ရယ်မောလိုက်သည်။ 


“အခုလို ဖိတ်ခေါ်လို့ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်မရဲ့ဖုန်းကို ခဏလောက် အားသွင်းလိုက်ဦးမယ်” လို့ ပြန်ပြောလိုက်သည်။


ဟယ်ကျားမုံ့လည်း “ကောင်းပြီလေ.. နင်နောက်မှ တက်လာရင်တောင် သူရှိနေလောက်ပါသေးတယ်” လို့ ပြောပြီး အပေါ်ဘက်ကို ပြန်သွားခဲ့သည်။


“ကောင်းပြီ” လို့ ယွင်လီက တိုးတိုးလေး ပြန်ပြောလိုက်သည်။


ယွင်လီက ထိုင်နေတဲ့စားပွဲနားမှာ ဖုန်းအားသွင်းကြိုးထိုးစရာ ပလပ်ပေါက်ရှိနေသည်။ ဒါ့ကြောင့် အကြာကြီးနေဖို့ အစီအစဉ်မရှိတဲ့ ယွင်လီက ဆိုဖာနားကို ပြောင်းမထိုင်တော့ဘဲ ဖုန်းအား တစ်ဝက်လောက် ရောက်တဲ့အထိ အဲ့ဒီအနားမှာပဲ အားသွင်းဖို့ ဆုံးဖြတ်လိုက်သည်။


ခဏကြာတော့ တန့်ချူချီဆီကနေ “မနေ့က ဘာအိပ်မက် မက်တာလဲ” ဆိုပြီး voice message ရောက်လာခဲ့သည်။ ယွင်လီလည်း အိပ်မက်အကြောင်းကို text message နဲ့ပဲ အတိုချုပ် ပြန်ဖြေလိုက်ပါတော့သည်။


“ထီးတစ်လက်က လူတစ်ယောက်ကို သတ်နိုင်တယ်ပေါ့” လို့ တန့်ချူချီက ပြောလာခဲ့သည်။


“အဲ့ဒါက နမိတ်မကောင်းတဲ့ အိပ်မက်ပဲ.. ငှားပေးလိုက်တဲ့ထီးက လူသတ်လက်နက်ဖြစ်သွားတယ်.. အဲ့ဒီထီးကို ပြန်ယူဖို့လည်း မမေ့နဲ့ဦး.. လူသတ်သမားလက်ထဲမှာ လူသတ်လက်နက် ရှိနေတယ်ဆိုတာကြီးက တကယ်ကို စိတ်မသက်မသာ ဖြစ်စရာပဲ” လို့ တန့်ချူချီက ဆက်ပြောသည်။


“…”


တန့်ချူချီပြောတာက သဘာဝကျပါသည်။


ယွင်လီက နဂိုကတည်းက အယူသည်းတတ်တဲ့သူဖြစ်သည်။


ပုံမှန်ဆို သူမ အိပ်မက်မက်တဲ့အခါတိုင်း နိုးလာတာနဲ့ မေ့သွားတတ်ပေမဲ့ ဒီတစ်ခါတော့ တကယ်ဖြစ်ပျက်ခဲ့သလိုမျိုး ခံစားနေရသည်။ မျက်လုံးရှေ့မှာ သွေးတွေ ပန်းထွက်လာတာကိုတောင် အခုအချိန်အထိ ပြန်မြင်ယောင်နေမိသည်။


အိပ်မက်ဆိုးအတိုင်း အပြင်မှာ တကယ်ဖြစ်မလာအောင် အဲ့ဒီထီးကို သေချာပေါက်ပြန်ယူရမယ်….


မနေ့ကတည်းက ထီးကို ဧည့်ကြိုကောင်တာမှာထားခဲ့ဖို့ အဲ့ဒီလူကို သူမ ပြောထားပြီးသားပါ။ ဒါပေမဲ့ ဒီနေ့ သူ ရောက်လာလားဆိုတာကိုတော့ သူမ စဉ်းစားနေမိသည်။


အဲ့ဒီလူနဲ့ပတ်သက်ပြီး ဟယ်ကျားမုံ့ကို နောက်မှ မေးကြည့်မယ်လို့ သူမ ဆုံးဖြတ်လိုက်သည်။


အဲ့ဒီလိုတွေးပြီးတဲ့နောက် ယွင်လီက ဖုန်းအားသွင်းဖို့ စိတ်မဝင်စားတော့ဘဲ ပစ္စည်းတွေ သိမ်းဆည်းဖို့ စလုပ်တော့သည်။ အဲ့ဒီအချိန်မှာပဲ ဆိုဖာနားကနေ အသံခပ်သဲ့သဲ့လေးတစ်ခု ကြားလိုက်ရသည်။ အသံက ကျယ်လဲမကျယ်သလို တိုးလဲမတိုးပေ။


ယွင်လီရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု တစ်ချက်ငြိမ်သက်သွားပြီး အဲ့ဒီအသံလာရာဘက်ကို ခြေလှမ်းခပ်ဖွဖွလှမ်းကာ သွားကြည့်လိုက်သည်။


သူမ ဆိုဖာအနားကို ပိုလို့တိုးကပ်သွားတော့မှ ဆိုဖာပေါ်မှာ တစ်စုံတစ်ယောက် လဲလျောင်းနေတာကို သတိထားမိသွားခဲ့သည်။


ခုနတုန်းက ဆိုဖာခုံရဲ့ကျောမှီက သူမရဲ့အမြင်ကို ကွယ်နေသလို မှိန်ပျပျမီးရောင်နဲ့ အကွာအဝေးကြောင့် တစ်ချက်လှမ်းကြည့်ရုံနဲ့ လူ‌ရှိနေတာကို သတိမထားမိခဲ့တာဖြစ်သည်။


ထိုလူက အရပ်ရှည်လွန်းလို့ ဆိုဖာပေါ်မှာ မဆံ့တော့တာကြောင့် သူ့ရဲ့ခြေတံအရှည်ကြီးတွေကို ကွေးပြီးတော့ နေထားရသည်။ ပါးလွှာတဲ့ စောင်တစ်ထည်ကို ခြုံထားပြီး မျက်ခုံးတွေကတော့ နည်းနည်းတွန့်ချိုးနေသည်။ အိပ်ပျော်နေလား၊ နိုးနေလားဆိုတာကို ဝေခွဲရခက်နေသည်။


ယွင်လီကတော့ အဲ့ဒီလူကို ချက်ချင်းမှတ်မိသွားခဲ့သည်။


“….”


သူမရဲ့အသက်ရှူသံတွေက ရုတ်တရက် ရပ်တန့်သွားသလိုပင်။


ခုနတုန်းက သူမ ဖွင့်ပြီးနားထောင်ခဲ့တဲ့ voice messageကို ပြန်တွေးမိသွားခဲ့သည်။ ဒီလူ ကြားသွားလား မကြားသွားလားဆိုတာကို ယွင်လီလည်း မသေချာပေ။ သူမရဲ့စိတ်တွေ ယောက်ယက်ခတ်နေတုန်းမှာပဲ အခြေအနေက ပိုလို့ဆိုးသွားခဲ့သည်။


ရုတ်တရက် အဲ့ဒီလူက မျက်လုံးပွင့်လာတာကို သူမ တွေ့လိုက်ရသည်။


သူ့မျက်လုံးတွေက ကြည်လင်နေပြီး သူ ဘယ်အချိန်ကတည်းက နိုးနေတာလဲဆိုတာကို တွေးတောင်မတွေးရဲတော့ပါ။


ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလိုခံစားလိုက်ရပြီး သူတို့ရဲ့အသက်ရှူသံတွေက ပိုလို့ကျယ်လောင်လာခဲ့သည်။


အဲ့ဒီအချိန်မှာပဲ ထိုအမျိုးသားဟာ ဖြည်းဖြည်းချင်း ထိုင်ရာကနေထလိုက်ပြီး ဆိုဖာဘေးမှာရှိတဲ့ သူမရဲ့ထီးကို လှမ်းယူလိုက်သည်။ အဲ့ဒီနောက် သူမကိုပေးမယ့်အစား သူ့ရှေ့က စားပွဲပေါ် တင်လိုက်သည်။


“မင်းရဲ့ထီး”


အတန်းထဲမှာ ဖုန်းခိုးသုံးတာ မိသွားတဲ့ ကျောင်းသူတစ်ယောက်လိုမျိုး ခံစားလိုက်ရသည်။ ယွင်လီသည် သုံးစက္ကန့်လောက် ငူငူကြီးရပ်နေပြီးမှ ထီးကို သွားယူလိုက်သည်။


ထိုအမျိုးသားကို တည်ငြိမ်စွာနဲ့  ပြောလိုက်သည်။


“ကျေးဇူးပဲ”


ယွင်လီက အဲ့ဒီလူကို မကြည့်တော့ပေ။ သူကတော့ “အင်း” ဆိုတဲ့ အသံခပ်တိုးတိုးသာ ပြန်ဖြေလိုက်သည်။


သူက ဆက်မပြောတော့တဲ့အတွက် ယွင်လီလည်း ဒီလိုနေရခက်တဲ့ အခြေအနေမှာ ဆက်ပြီး မနေချင်တော့ာကြောင့် တံတွေးမျိုချလိုက်ပြီး တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။


“ကျွန်မ… ကျွန်မ အပေါ် သွားတော့မယ်”


သူမရဲ့ခြေလှမ်းတွေ နေရာကနေ မရွေ့ခင်မှာပဲ အဲ့ဒီလူက စကားပြန်ပြောလာခဲ့ သည်။ သူ့အသံက ပေါ့ပေါ့ပါးပါး ပြောနေသလိုမျိုး နူးညံ့နေသည်။


“ဒါက ခေါက်ထီး.. လူသတ်ဖို့ သုံးလို့မရဘူး”


ယွင်လီရဲ့ တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွားခဲ့သည်။ ခေါင်းကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားခဲ့သည်။ 


ရုတ်တရက် အိပ်မက်ထဲက မိုးရွာနေတဲ့ ညကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ သူထပ်ပြောလာတဲ့ စကားတွေက အေးစက်စိုစွတ်တဲ့ မိုးစက်တွေလိုပဲ သူမ နှလုံသားထဲအထိ စိမ့်ဝင်လာခဲ့သည်။


“ထီးက တုတ်ချောင်းလို လက်ကိုင်တစ်ဖြောင့်တည်းဆိုရင်တော့ ဖြစ်နိုင်တယ်”


“…”



🩷🌸🩷