Ch (3.1)
Viewers 415

အခန်း (၃.၁)



ယွင်လီ ကြောက်ရွံ့သွားတာကို အခွင့်ကောင်းယူပြီး ဖုရှစ်ဇယ်က သူမကို ခြိမ်းခြောက်နေခဲ့သည်။ သူ့စကားတွေက အရမ်းကြမ်းတမ်းရက်စက်လွန်းလို့ "ငါ မင်းကို အခုချက်ချင်း သတ်တော့မှာ... ဒါပေမဲ့ ငါ့ဓားက သိပ်မထက်ဘူး... စိတ်မပူနဲ့... ငါ့မှာ သေနတ်တစ်လက်ရှိသေးတယ်" လို့ ပြောနေသလိုပင်။


ဖုရှစ်ဇယ်ရဲ့ "လက်ကိုင်ရိုးဖြောင့်တဲ့ ထီးရိုးရှည်ဆိုရင်တော့ ဓားလိုသုံးပြီး ထိုးလို့ရနိုင်တယ်" ဆိုတဲ့ စကားက ယွင်လီကို ပိုပြီး ကြောက်ရွံ့သွားစေခဲ့သည်။ 


ဒါ ဘာကိုဆိုလိုတာလဲ? ဒီလိုလုပ်လို့ရတာကို သူ ဘယ်လိုလုပ်ပြီး သိနေတာလဲ? ဒါကို သူ အရင်တုန်းက လုပ်ဖူးလို့များလား?  


ယွင်လီသည် တွေးရင်းနဲ့ ကြက်သီးတွေ တဖြန်းဖြန်း ထလာတော့သည်။


အတွေးပေါင်းစုံက ယွင်လီရဲ့ ခေါင်းထဲမှာ လှည့်ပတ်နေချိန်မှာပဲ ထိုလူက ရုတ်တရက် ထရပ်လိုက်ပြီး သူမဘက်ကို လျှောက်လာနေသည်။ ယွင်လီသည် သူ့ရဲ့ ရည်ရွယ်ချက်ကို မသိတာကြောင့် နောက်ကို ခြေတစ်လှမ်း ဆုတ်မိလိုက်သည်။


သို့သော် ထိုလူက သူမကို ကြည့်မနေပါ။ သူမဘေးကနေ ဖြတ်လျှောက်သွားပြီး စားပွဲပေါ်က remote ကိုယူကာ aircon ကို ၃၀ ဒီဂရီ ပြန်ပြောင်းလိုက်သည်။ ထို့နောက် remote ကို ပြန်ချထားပြီး bar မှာ ရေငှဲ့သောက်နေသည်။


ထိုအခါမှ သူမ ထပ်ပြီး အတွေးလွန်နေမိပြန်ပြီဆိုတာကို သတိထားမိလိုက်သည်။ ယွင်လီလည်း လေထုကို ပေါ့ပါးသွားစေဖို့အတွက် တစ်ခုခုပြောဖို့ စဉ်းစားလိုက်သည်။ 


ယွင်လီသည် ဘာကိုမှ ထွေထွေထူးထူး စဉ်းစားမနေဘဲ သူမပါးစပ်ကနေ ရုတ်တရက် ပြောထွက်သွားသည်။ 


"ဒါဆို လက်ကိုင်ရိုးဖြောင့်တာတွေဆိုရင် လူသတ်ဖို့အတွက် ဘယ်လိုအမျိုးအစားကို ဝယ်ရင် ပိုကောင်း…" 


ယွင်လီသည် ထိုစကားလုံးတွေကို မပြောသင့်ကြောင်း သတိထားမိသွားတဲ့အခါမှ စကားရပ်သွားသည်။


ဖုရှစ်ဇယ်ကတော့ ခေါင်းမော့မကြည့်ဘဲ ရေကိုပဲ တိတ်ဆိတ်စွာ သောက်နေလေသည်။


"အမ်း..." 


ယွင်လီက စကားကို ပြန်ပြင်ပြောလိုက်သည်။ 


"ဘယ်လိုဟာမျိုးကို ဝယ်ဖို့ ရှောင်ရမလဲ" 


ဒီစကားကိုကြားတော့ ဖုရှစ်ဇယ်က သူမကို ကြည့်လိုက်ပြီး သူမရဲ့သေးသွယ်တဲ့ လက်ကောက်ဝတ်တွေကို အကဲခတ်နေသည်။ အဲ့ဒီနောက် အချက်အလက်တစ်ခုကို ဖတ်ပြနေတဲ့ စက်ရုပ်တစ်ရုပ်လိုမျိုး ခံစားချက်မရှိတဲ့ လေသံနဲ့ ပြောလိုက်သည်။


"မင်းမှာ ခွန်အားမရှိဘူး" 


"ဟမ်?" 


"ဘာဝယ်ဝယ် အသုံးမဝင်ဘူး"

.

.

ကလပ်ကို ပြန်ရောက်သွားတဲ့အထိ ယွင်လီသည် သူမတို့နှစ်ဦး အပြန်အလှန်ပြောခဲ့ကြတဲ့ စကားတွေကို ပြန်တွေးနေမိသည်။


သူမတို့ ပြောခဲ့ကြတာတွေကို ပြန်စဉ်းစားကြည့်မိတော့ တကယ်ကို ထိတ်လန့်စရာကောင်းလွန်းနေသည်။


အတွေ့အကြုံမရှိသေးတဲ့ လူတစ်ယောက်က ထိပ်တန်းရာဇဝတ်သားတစ်ဦးကို ဘယ်လိုထီးအမျိုးအစားက လူသတ်ဖို့အတွက် ပိုကောင်းလဲဆိုတာကို အကြောက်အလန့်မရှိ မေးမြန်းနေသလို ဖြစ်နေသည်။


တစ်ယောက်က မကြောက်မရွံ့ မေးခဲ့သလို နောက်တစ်ယောက်ကလည်း အထိန်းအကွပ်မရှိ ပြန်ဖြေခဲ့သည်။


တံခါးမပိတ်ခင် သူမ တုံးတုံးအအနဲ့ "အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောမိခဲ့တာကို ပြန်တွေးမိပြီးတော့ နန်ဝူမြို့ကနေ လေယာဉ်နဲ့ အခုချက်ချင်းပဲ ထွက်ပြေးချင်စိတ်တွေ ပေါက်သွားတော့သည်။


နွေရာသီရဲ့ အပူရှိန်က ပူပြင်းလွန်းတော့ လေတိုက်လိုက်ရင်တောင် နားရွက်တွေပါ ပူစပ်သွားလေသည်။ လေအေးပေးစက် ဖွင့်ထားတာတောင်မှ အပူချိန်က လုံးဝ မလျော့သွားပေ။ 


ယွင်လီက ရှက်ရွံ့ပူထူကာ မျက်နှာကို လက်နဲ့အုပ်လိုက်ပေမဲ့ သူမရဲ့လက်တွေပါ ပူနွေးနေတာမို့ မကြာသေးခင်က သူမရဲ့ ရှက်စရာကောင်းတဲ့လုပ်ရပ်ကို ပိုပြီး သတိပေးနေသလိုဖြစ်နေသည်။


အနားမှာရှိနေတဲ့ ဟယ်ကျားမုံ့က သူမကို သတိထားမိသွားပြီး "ဆရာမ ရှန်းယွင်" လို့ လှမ်းခေါ်လိုက်သည်။ 


ထိုအခါမှ ယွင်လီလည်း အတွေးထဲ လွင့်မျောနေရာမှ ပြန်လည်နိုးထလာခဲ့သည်။


အဲ့ဒီအခါကျမှ ယွင်လီသည် ခုနက ဟိုနားတစ်စု၊ ဒီနားတစ်စု ဖြစ်နေတဲ့သူတွေက အခုတော့ ဒုတိယထပ်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အပန်းဖြေနားနေဆောင်မှာ စုဝေးနေကြတာကို သတိပြုမိသွားသည်။


တချို့က ဆိုဖာရှည်ပေါ်မှာ ထိုင်ကာ စကားပြောနေကြပြီး တချို့ကတော့ အနီးအနားမှာပဲ မတ်တတ်ရပ်နေကြသည်။


အခန်းထဲမှ လေထုက အရမ်းကောင်းနေသည်။


သူမ သွားလိုက်တော့ ဟယ်ကျားမုံ့က မေးလာသည်။ 


"ဘယ်လိုလုပ် မြန်မြန်ရောက်လာတာလဲ... ဖုန်းအားသွင်းပြီးသွားပြီလား" 


"အင်း.. ပြည့်ခါနီးပါပြီ" 


ယွင်လီက ခဏစဉ်းစားပြီးနောက် "နားနေခန်းထဲမှာ လူတစ်ယောက် အိပ်နေတယ်" လို့ ထပ်ပြောလိုက်သည်။


ဟယ်ကျားမုံ့က... 


"ဘယ်သူလဲ? စောစောကတုန်းက ငါတို့သွားတုန်းကတော့ ဘယ်သူမှ မရှိပါဘူး"  


"မနေ့က ကျွန်မကို လာကြိုတဲ့လူ" 


"ဟင်...?"


ဟယ်ကျားမုံ့က ခေါင်းလှည့်ကာ မေးလိုက်သည်။


"သူဌေး, မနေ့က သူ့ကို သွားကြိုဖို့ ဘယ်သူ့ကို လွှတ်လိုက်တာလဲ"  


ယွင်လီလည်း ဟယ်ကျားမုံ့ရဲ့ မျက်လုံးအကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။


ဆိုဖာရဲ့ အလယ်တည့်တည့်မှာ ခန့်ညားပြီး မျက်စိပသာဒဖြစ်စေတဲ့ ယောက်ျားတစ်ဦး ထိုင်နေတာကို တွေ့လိုက်ရသည်။


အဲ့ဒီလူက အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ မျက်ဝန်း‌ထဲမှာ အပြုံးရိပ်တွေရှိနေပြီး အေးဆေးတည်ငြိမ်ကာ ယဉ်ကျေးသိမ်မွေ့တဲ့ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။ ထိုလူက ခြေထောက်ချိတ်ကာ ဆိုဖာမှာ ကျောမှီပြီးတော့ ထိုင်နေသည်။


ရည်မွန်ပြီး သိမ်မွေ့တဲ့ အမူအရာတွေကနေ သူက သခင်လေးတစ်ပါးဖြစ်ကြောင်း သိသာထင်ရှားနေပါသည်။


သခင်လေးက တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီး "ကျွန်တော် သွားလိုက်ပါဦးမယ်" လို့ ပြောလာသည်။


တခြားသူတွေကို နှုတ်ဆက်ပြီးနောက် သူက ထရပ်ကာ ထွက်သွားသည်။ ယွင်လီရဲ့ဘေးကနေ ဖြတ်‌သွားတဲ့အခါ ခြေလှမ်းတွေကို ခဏရပ်တန့်လိုက်ပြီး ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်သည်။  


"တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော်က ရွှီချင်းစုန့်ပါ" 


ယွင်လီက ခဏလောက် အံ့ဩသွားပြီးမှ လက်ကို ဆန့်ထုတ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။ 


"နိဟောင်... တွေ့ရတာဝမ်းသာပါတယ်..."


ရွှီချင်းစုန့်သည် ယွင်လီရဲ့လက်ကို ခဏလောက်သာ ဆုပ်ကိုင်ပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။ 


"မနေ့က အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်" 


"ရပါတယ်"


ယွင်လီက ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်သည်။


ရွှီချင်းစုန့် ပြန်သွားတဲ့အခါမှ ပရိသတ်တွေ့ဆုံပွဲ ပြီးဆုံးသွားသလိုမျိုး တခြားလူတွေလည်း လူစုကွဲကာ အသီးသီး ပြန်သွားကြတော့သည်။


အခန်းထဲမှာ သူမတို့လေးယောက်ပဲ ကျန်ခဲ့တဲ့အချိန်မှာ ဟယ်ကျားမုံ့ရဲ့ စိတ်လှုပ်ရှားမှုက မပြီးဆုံးသေးပါ။ သူမက တက်ကြွနေဆဲပင်။ သူမ ပြောသမျှက ရွှီချင်းစုန့်အကြောင်းတွေချည်းပဲ ဖြစ်လေသည်။ 


သူမရဲ့ပုံစံက ယုံကြည်မှုတစ်ခုကို မျက်စိစုံမှိတ်ပြီး အစွဲအလန်းကြီးစွာ လိုက်နာနေတဲ့ ဘာသာရေးအဖွဲ့ဝင်တစ်ယောက်နဲ့တောင် တူနေတော့သည်။


စကားစမြည်ပြောပြီးနောက် သူမတို့အဖွဲ့က ရွှီချင်းစုန့် ပြန်လာတဲ့အထိ မစောင့်တော့ဘဲ ဟိုတယ်ကို ပြန်ခဲ့ကြသည်။


ဟိုတယ်နားကိုရောက်ခါနီးတွင် ဟယ်ကျားမုံ့က ယွင်လီရဲ့ အပြန်လေယာဉ်လက်မှတ်ကိစ္စကို ပြောလာခဲ့သည်။


တကယ်ဆိုရင်တော့ လေယာဉ်လက်မှတ်ကို အစကတည်းက အသွားအပြန်အတွက် ဝယ်ထားသင့်တာဖြစ်သည်။ သို့သော် ယွင်လီက နန်ဝူမှာ ရက်နည်းနည်းလောက် ထပ်နေချင်သေးတယ်လို့ အကြောင်းပြကာ ဟယ်ကျားမုံ့ကို သူမ ပြန်မယ့်ရက် မပြောရသေးပါ။ 


ဟယ်ကျားမုံ့ကလည်း သူမကို အလျင်စလို မလုပ်စေဘဲ သေချာ ဆုံးဖြတ်ပြီးမှသာ အသိပေးဖို့ ပြောခဲ့သည်။


အခုလို လေယာဉ်လက်မှတ်အကြောင်း ပြောလိုက်တဲ့အခါ ယွင်လီရဲ့ ရင်ထဲမှာ လေးလံကာ လေးလံသွားတော့သည်။


ဒီကိစ္စကို အခုချိန်အထိ အချိန်ဆွဲထားခဲ့မိသည်။ 


တကယ်တော့ သူမက ဒီတစ်ခေါက် ရှီးဖူကနေ အလုပ်ကိစ္စနဲ့ လာခဲ့တာဖြစ်ပေမဲ့ အဓိကအကြောင်းအရင်းကတော့ သူမရဲ့အဖေ ယွင်ယုံချန်းနဲ့ စကားများပြီး ထွက်လာခဲ့တာဖြစ်သည်။


အကြောင်းရင်းကတော့ သူမက နန်ဝူနည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့လွန်ကျောင်းကို ဝင်ခွင့်ရတာကို သူမရဲ့အဖေကို မပြောပြခဲ့လို့ ပြဿနာဖြစ်ခဲ့ကြတာပါ။


ဖခင်ဖြစ်သူ ယွင်ယုံချန်းက သူမ တခြားမြို့မှာ ကျောင်းသွားတက်တာကို ဘာလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာလဲဆိုတာကိုတော့ သူမလည်း စဉ်းစားမရခဲ့ပါ။


တက္ကသိုလ်ဝင်တန်း လျှောက်လွှာဖြည့်တဲ့အခါတုန်းကလည်း အဖေက သူမကို ဒေသတွင်းက တက္ကသိုလ်မှာပဲ တက်ရမယ်လို့ ပြောခဲ့သည်။ 


အကြိမ်ကြိမ် အတိုက်အခံပြောဆိုတာ မအောင်မြင်တော့တဲ့အခါမှာတော့ ယွင်လီလည်း ဆက်မပြောတော့ဘဲ သဘောတူဟန်ဆောင်လိုက်သည်။ သူမရဲ့ အဓိကရွေးချယ်မှုကိုတော့ နန်ဝူနည်းပညာတက္ကသိုလ် (NIT) လို့ သူမအဖေ မသိအောင် တိတ်တိတ်လေး ပြောင်းပစ်ခဲ့ပါသည်။


အဲ့ဒီအချိန်တုန်းက ယွင်လီသည် ဖြူစင်ရိုးသားတဲ့စိတ်နဲ့ နန်ဝူတက္ကသိုလ်မှာ တရားဝင် ဝင်ခွင့်ရသွားပြီဆိုရင် သူမအဖေက သူမကို တားဆီးတော့မှာ မဟုတ်ဘူးလို့ ကလေးဆန်စွာ ထင်ခဲ့မိလေသည်။


သူမအဖေရဲ့ လက်ရှိအပြုအမူကို ကြည့်ပြီး သူမ သဘောပေါက်သွားပါသည်။ အရင်တုန်းကသာ အဲ့ဒီတက္ကသိုလ်ကို သူမ ဝင်ခွင့်ရခဲ့မယ်ဆိုရင်လည်း စာမေးပွဲကို ပြန်ဖြေခိုင်းဖို့ သူမအဖေက အခုလိုပဲ ရက်ရက်စက်စက် လုပ်လိမ့်မယ်ဆိုတာကို သူမ နားလည်သွားခဲ့သည်။


ဒီလိုဖြစ်ခဲ့တာ ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာတောင် မပြောတတ်တော့ပါ။


သူမက တစ်မှတ်တည်းနဲ့ လွဲချော်သွားခဲ့တာဖြစ်သည်။


အဆုံးသတ်မှာတော့ ယွင်လီက ယွင်ယုံချန်းရဲ့ ဆန္ဒအတိုင်း ရှီးဖူမှာပဲ ကျောင်းတက်ခဲ့ရလေသည်။


ယွင်လီသည် နန်ဝူတက္ကသိုလ်မှာ မတက်လိုက်ရတာကို အမြဲတမ်း နှမြောတသဖြစ်နေခဲ့သည်။ အဲ့ဒီကတည်းက ဘွဲ့လွန်ကိုတော့ နန်ဝူနည်းပညာတက္ကသိုလ်မှာပဲ သေချာပေါက် သွားတက်မယ်လို့ ဆုံးဖြတ်ထားခဲ့သည်။ 


ယွင်ယုံချန်းရဲ့ သဘောထားကတော့ လွန်ခဲ့တဲ့ လေးနှစ်တုန်းကနဲ့ အတူတူပါပဲ။ ဘာမှ ပြောင်းလဲသွားခြင်းမရှိပေ။


သူမက သူတို့ရဲ့မျက်စိအောက်မှာပဲ အမြဲရှိနေခဲ့တာ။ ဒါ့အပြင် မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလောက်အဝေးကြီးမှာ ကျောင်းသွားတက်မယ်ဆိုရင် သူတို့ အရမ်းစိတ်ပူနေရလိမ့်မယ်လို့လည်း ပြောခဲ့သည်။ 


လူကြီးတွေက ဒီကိစ္စတွေကို နားမလည်ပေးကြပေ။ ရှီးဖူမှာလည်း ကောင်းတဲ့တက္ကသိုလ်တွေရှိတာပဲ။ တကယ်လို့ သူမ စာလေ့လာချင်ပြီး ဝင်ခွင့်ရနိုင်ဖို့ဆိုရင် ဒီမြို့မှာပဲ လျှောက်လိုက်တာက ပိုကောင်းတယ်လို့ သူတို့က ယူဆနေကြသည်။


ယွင်လီက ဒီတစ်ခါလည်း အရင်က နည်းလမ်းကိုပဲ ထပ်ပြီး အသုံးပြုလိုက်သည်။ ဒေသတွင်းက တက္ကသိုလ်မှာ ဘွဲ့လွန်စာမေးပွဲအတွက် ပြင်ဆင်နေသလို ဟန်ဆောင်ပြပြီး ဝင်ခွင့်ရသွားပြီဆိုမှ အသိပေးဖို့ စီစဉ်ထားသည်။


သို့သော် စာမေးပွဲ အောင်မြင်ပြီးသွားတဲ့နောက်မှာတောင် သူမအဖေကို ဖွင့်မပြောရဲခဲ့ပါ။ ပြောမယ်ကြံလိုက်တိုင်း စကားလုံးတွေက လည်ချောင်းထဲမှာ တစ်စို့နေခဲ့လေသည်။ 


သူမရဲ့အမေ ယန်ဖန်းနဲ့ မောင်ဖြစ်သူ ယွင်ယဲ့တို့က အခြေအနေကိုသိပေမဲ့လည်း ဝင်မပါဘဲ ပွဲကြည့်ပရိသတ်တွေလိုပဲ ဘေးကနေသာ ကြည့်နေခဲ့ကြသည်။


ကျောင်းလျှောက်လွှာတင်ရမယ့် deadline နီးလာတာနဲ့အမျှ ယွင်လီလည်း ဒီလျှို့ဝှက်ချက်ကြောင့် ပိုပြီး ပူပန်လာရသည်။


တခါတလေကျတော့လည်း သူမ ဒေါသထွက်မိပါသည်။ အသက်နှစ်ဆယ်ကျော်အရွယ်ရောက်နေတာတောင်မှ မိဘတွေက ပညာဆက်သင်မယ့်ကိစ္စကို ထိန်းချုပ်နေသေးတာက သုံးနှစ်အရွယ်ကလေးတစ်ယောက် သကြားလုံး ဘယ်နှစ်လုံးစားရမယ်ဆိုပြီး ကန့်သတ်ခံရတာနဲ့ ဘာမှမကွာခြားဘူးလို့ သူမ တွေးနေမိသည်။


မကြာသေးခင်က EAW ကနေ သူမ ဖိတ်ကြားစာရလိုက်တော့ နန်ဝူမြို့မှာဖြစ်နေတာကြောင့် ယွင်လီလည်း နန်ဝူမှာ လေးနှစ်လောက်နေခဲ့ဖူးတဲ့ တန့်ချူးချီကို ဒီ VR center အကြောင်း သိလားဆိုပြီး မေးလိုက်သည်။


ကံကောင်းချင်တော့ တန့်ချူးချီရဲ့ အခန်းဖော်ထဲမှာ EAW မှာ အလုပ်လုပ်နေတဲ့ ဆွေမျိုးတစ်ယောက်ရှိနေသည်။ အဲ့ဒီကနေတစ်ဆင့် အခြေအနေတွေကို စုံစမ်းကြည့်တော့ ယွင်လီအနေနဲ့ ဒီအလုပ်အကိုင်အခွင့်အလမ်းက ယုံကြည်စိတ်ချရတယ်လို့ ထင်မိပါသည်။


သူတို့ဘက်က ကမ်းလှမ်းထားတဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေကလည်း ကောင်းမွန်နေတာကြောင့် အစတုန်းက ဒီအလုပ်ကို လက်မခံဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ယွင်လီရဲ့စိတ်က တဖြည်းဖြည်း ယိမ်းယိုင်လာတော့သည်။


ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်ရမှန်းမသိတာနဲ့ ယွင်လီက ညစာစားရင်း အစဖော်လိုက်သည်။ သူမဖခင် ယွင်ယုံချန်ရဲ့ တည်ငြိမ်တဲ့ တုံ့ပြန်မှုကို မြင်တွေ့ရတဲ့အခါ ဒါက အချိန်ကောင်းပဲဆိုပြီး သူမရဲ့အစီအစဉ်တွေကို သတိကြီးစွာနဲ့ ဖွင့်ပြောပြလိုက်သည်။




🫧🫧🫧