Ch (3.2)
Viewers 427

အခန်း (၃.၂)



သို့သော် ဒီစကားကို ကြားတာနဲ့ ယွင်ယုံချန်ရဲ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတကြီး ပေါက်ကွဲပါတော့သည်။ ဘယ်လိုရှင်းပြချက်မှ ခွင့်မပြုဘဲ ဒီအစီအစဉ်ကို လက်လျှော့လိုက်ဖို့ပဲ ပြတ်ပြတ်သားသား ပြောခဲ့သည်။


သူတို့မြို့မှာပဲ အလုပ်ရှာတာဖြစ်ဖြစ် ဒါမှမဟုတ် ပြည်တွင်းမှာပဲ ဘွဲ့လွန်သင်တန်းတွေ ပြန်လျှောက်တာဖြစ်ဖြစ် လုပ်ဖို့သာ ပြောခဲ့ပါသည်။


အဖေဖြစ်သူရဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူကို မြင်လိုက်ရတော့ ယွင်လီရဲ့ နောင်တတွေ ပျောက်ကွယ်သွားပြီး ရင်ထဲမှာ နှစ်တွေအကြာကြီး သိမ်းဆည်းထားရတဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်လာသည်။


နန်ဝူမှာ အလုပ်လုပ်မယ့်ကိစ္စကို ဘာကြောင့် ဒီလောက်တောင် အတင်းအကျပ် ကန့်ကွက်နေရတာလဲဆိုတာကို နားမလည်နိုင်တော့ပါ။ ယွင်လီသည် မတရားခံရသလို ခံစားရပြီး ဒေါသထွက်လာတာကြောင့် သူမအဖေကို ပြန်ပြောလိုက်မိတော့သည်။ 


"ဒါက သမီး ဆုံးဖြတ်ရမယ့်ကိစ္စပါ" 


ဒီလိုနဲ့ပဲ သူမတို့သားအဖနှစ်ယောက်ကြားမှာ ချက်ချင်းဆိုသလို ပြဿနာတစ်ခု စတင်ခဲ့ပါတော့သည်။


အချိန်ကလည်း အလောတကြီးဖြစ်နေတော့ ယွင်လီ ဘာမှထပ်မစဉ်းစားတော့ဘဲ EAW ရဲ့ အလုပ်ကမ်းလှမ်းမှုကို လက်ခံကြောင်း ချက်ချင်း အီးမေးလ်ပြန်ပို့လိုက်သည်။


ဖုန်းသံမြည်လာတော့မှ ယွင်လီ အတွေးစတွေ ပြတ်တောက်သွားသည်။ သူမ အခန်းထဲကို ဝင်လာပြီး ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ သူမရဲ့မောင်လေး ယွင်ယဲ့ဆီက ဖြစ်နေသည်။ 


ဖုန်းကို စပီကာဖွင့်ပြီး အိပ်ရာပေါ် ပစ်တင်လိုက်ကာ အစ်မကြီးတစ်ယောက်ရဲ့လေသံနဲ့ စကားကို ခပ်ပြတ်ပြတ်ပဲ စပြောလိုက်သည်။ 


"ဘယ်သူလဲဆိုတာ ပြော" 


တစ်ဖက်က ကောင်လေးကတော့ ကြောင်သွားပြီး ရုတ်တရက် ဘာပြောရမှန်းတောင် မသိတော့ပါ။ 


"ဟမ်?"  


"မင်းက ငါ့တိတိရဲ့ဖုန်းကို ယူ


ပြောနေတာလား ဒါမှမဟုတ် ရှောင်တိလား"


ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ယွင်ယဲ့က စိတ်မရှည်စွာနဲ့ပဲ "ကျဲရဲ့ တိတိ" လို့ ပြန်ဖြေလိုက်သည်။


ယွင်လီ : "ဟုတ်လား, ရှောင်တိ ပြောလေ... ဘာကိစ္စရှိလို့လဲ" 


"ကျဲ ဘယ်တော့ အိမ်ပြန်လာမှာလဲ.. ပြန်လာရင် နန်ဝူဒေသမှာ နာမည်ကြီးတဲ့ စားကောင်းတာလေးတွေ ယူလာခဲ့ဖို့ မမေ့နဲ့နော်"


"ဘာလိုချင်လို့လဲ.. လိုချင်တာရှိရင် ကျဲကို ပြောလေ... ပို့ပေးလိုက်မယ်" 


"ကျဲ ဘာတွေလုပ်နေတာလဲ.. အိမ်ပြေးလုပ်နေတာလား.. ကလေးဆန်လိုက်တာဗျာ... ဒီအရွယ်ကြီးရောက်နေပြီ.. မိဘတွေနဲ့ စကားများရုံနဲ့ အိမ်ကနေ ထွက်ပြေးသွားရတယ်လို့... ရှက်စရာကောင်းလိုက်တာ" 


ယွင်လီက ဒါကိုလည်း လက်မလျှော့သေးဘဲ မကျေမချမ်းနဲ့ ပြန်ပြောလိုက်သည်။ 


"နင် မပြောရင် ဘယ်သူသိမှာလဲ" 


သူတို့အိမ်ရဲ့ အခြေအနေက တင်းမာနေတာ ရက်အတော်ကြာပြီဖြစ်သည်။ ယွင်ယဲ့ကလည်း နှစ်ဖက်စလုံးရဲ့ အမျက်ဒေါသတွေအတွက် အလိုအလျောက် ပစ်မှတ်ထားခံရသူ ဖြစ်နေခဲ့သည်။ 


ကြာလာတော့ ဒီအခြေအနေထဲမှာ ဆက်မနေချင်တော့ပါ။ ထို့ကြောင့် အစ်မဖြစ်သူကို စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်သည်။


"ဒါဆို ကျဲက ဘယ်တော့ပြန်လာမှာလဲ"  


ကျောင်းအပ်ဖို့က လဝက်လောက် လိုသေးတာကြောင့် ယွင်လီက ဖခင်ဖြစ်သူ ယွင်ယုံချန်နဲ့ ထပ်ပြီး စကားများရမှာစိုးလို့ အိမ်မပြန်ချင်သေးပါ။


အဲ့ဒါကြောင့် ယွင်လီက အမှန်အတိုင်းပဲ ပြောလိုက်တော့သည်။ 


"ကျဲ ပြန်မလာဖြစ်သေးဘူး"


ယွင်ယဲ့ : "ဘာလို့လဲ"


"ကျောင်းကလည်း မကြာခင် ဖွင့်တော့မှာလေ... အချိန်လည်း သိပ်မရတော့မယ့်အတူတူ သွားလိုက်၊ ပြန်လိုက် မလုပ်ချင်တော့ဘူး... ဒီမှာပဲ အသားကျအောင် နေလိုက်တော့မယ်" 


ယွင်လီက အကြောင်းပြချက် ပေးလိုက်သည်။ 


"အင်း, ပြီးတော့ တန့်ချူးချီလည်း ဒီမှာရှိနေတော့ သူနဲ့လည်း ရက်နည်းနည်းလောက် လျှောက်လည်လို့ရတာပေါ့”


"ကျဲ အတည်ပြောတာလား”


"သေချာတာပေါ့" 


သူမ စကားပြောလေလေ အိမ်ပြန်ဖို့ စိတ်ကူးတွေ ပျောက်ဆုံးလာလေပါပဲ။


"တကယ်တော့ 'ပြန်လာချင် ပြန်လာဖြစ်မယ်' တောင် မဟုတ်ဘူး... ကျဲ ပြန်မလာဘူး" 


ယွင်ယဲ့က သူ့နားသူတောင် မယုံနိုင်ဖြစ်သွားကာ အံ့ဩတကြီး မေးလိုက်သည်။ 


"ကျဲကို အဖေ သေလောက်အောင် ရိုက်သတ်မှာ မကြောက်ဘူးလား"


"ဘာတွေပြောနေတာလဲ"


ယွင်လီကတော့ မောင်ဖြစ်သူကို လက်တွေ့ကျကျ ရှင်းပြလိုက်သည်။ 


"ကျဲ အခုချိန်မှာ အိမ်ပြန်သွားမှ တကယ် သေအောင် ရိုက်သတ်ခံရမှာကို" 


"....."

.

.

သူမရဲ့အဖေနဲ့ ထပ်ပြီး စကားများစရာ မလိုတော့ဘူးဆိုတာကို တွေးလိုက်မိတဲ့အခါ ယွင်လီရဲ့စိတ်ထဲမှာ ပေါ့ပါးသွားတော့သည်။ 


အဲ့ဒီညက သူမ ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး နောက်တစ်နေ့မနက်မှာ အလုပ်ကို စောစောထွက်လာခဲ့သည်။


ဒီနေ့မှာတော့ လူတိုင်းရဲ့အပြုအမူက မနေ့ကနဲ့ လုံးဝ မတူတော့ပါ။ ဟိုတယ်လော်ဘီမှာ ကင်မရာတွေကိုယ်စီနဲ့ တစ်ယောက်ကို တစ်ယောက် ရိုက်ကူးနေကြသည်။  


ယွင်လီကတော့ တခြားလူတွေရှေ့မှာ အခုလို ရိုက်ကူးရတာကို နေရခက်နေသည်။ ဒါပေမဲ့ ကျစ်ပုလျောင်နဲ့ ဖေ့ရွှိန်က သူမရဲ့ကင်မရာရှေ့ကို ရောက်လာပြီး နှုတ်ဆက်လာကြသည်။ 


ထိုအခါမှပဲ ယွင်လီက စိတ်ပေါ့ပါးသွားပြီး သူမရဲ့နှုတ်ခမ်းလေးတွေက ပြုံးယောင်သန်းလာတော့သည်။


လူတစ်စုကတော့ အထဲမဝင်ခင်မှာပဲ ဟိုင်ထျန်း Mall ကို မြင်နေရတဲ့နေရာမှာ နေရာယူပြီး ရိုက်ကူးရေးတွေ စတင်နေကြပြီဖြစ်သည်။ 


ယွင်လီလည်း လူရှင်းတဲ့နေရာမှာ သွားပြီး သူမရဲ့ scriptကို အလွတ်ကျက်နေလိုက်သည်။


EAW က ဂိမ်းစင်တာတစ်ခုဆိုတာထက် ပန်းခြံအသေးလေးတစ်ခုလိုတောင် ဖြစ်နေပါသည်။


ဒီနေရာရဲ့ဝင်ပေါက်ဒီဇိုင်းက အမိုက်စားပင်။ ကြယ်တွေစုံလင်နေတဲ့ နောက်ခံကနေ အဖြူရောင်အလင်းတန်းတွေက အက်ကြောင်းတွေလို အပေါ်မျက်နှာကျက်အထိ ဖြာထွက်နေပြီး အဲ့ဒီအက်ကြောင်းတွေကနေတစ်ဆင့် တကယ့် Virtual world ထဲကို ဝင်ရောက်သွားနိုင်မယ့်ပုံမျိုးပင်။ 


ထိပ်ဆုံးမှာ ရေးထားတဲ့ Tech City ရဲ့ နာမည်အပြည့်အစုံက : "Enjoy Another World" (EAW)


မနေ့ကလို တိတ်ဆိတ်ပြီး မှောင်မှောင်မှိုင်းမှိုင်း မဟုတ်တော့ဘဲ ဒီနေ့မှာတော့ အထဲမှာရှိတဲ့ ပစ္စည်းကိရိယာတွေအားလုံးကို ဖွင့်ထားပါပြီ။ ရင်သပ်ရှုမောဖွယ် ရောင်စုံပုံရိပ်တွေက နေရာအနှံ့မှာ ပေါ်လာပြီး လာရောက်လည်ပတ်သူတိုင်းကို စိတ်ဝင်စားမှု အပြည့်အဝ ပေးစွမ်းနိုင်သည်။ 


ဂိမ်းအမျိုးအစားတွေကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းတွေ၊ အာရုံခံစားမှုအသစ်တွေပေးနိုင်တဲ့ ဂိမ်းတွေ၊ ပဟေဠိဆန်ဆန် တွေးခေါ်ရတဲ့ ဂိမ်းတွေနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်တာတွေလိုမျိုး အမျိုးမျိုးရှိပါသည်။


EAW က ဖိတ်ကြားထားတဲ့ လူအယောက် ၂၀ နီးပါးကို တာဝန်ခံက ဦးဆောင်ပြီး ဂိမ်းစင်တာအထဲကို ဝင်လာခဲ့ကြသည်။ အဲ့ဒီနောက် အဖွဲ့လိုက်ကစားရတဲ့ ဂိမ်းတွေဖြစ်တဲ့ Indoor Virtual Roller Coaster ၊ 5D ရုပ်ရှင်တွေနဲ့ တခြား အမိုက်စားဂိမ်းတွေကို အစမ်းကစားကြည့်ခဲ့ကြသည်။


ဝန်ထမ်းတချို့က ယာယီ ကင်မရာမန်းတွေအဖြစ် တာဝန်ယူထားရလေသည်။ ယွင်လီက VR မျက်မှန်ကို မတပ်ခင်မှာ သူမတို့ရဲ့ အနီးအနားမှာ ရိုက်ကူးရေးအတွက် ဒရုန်းတွေအများကြီး ရှိနေတာကို သတိထားလိုက်မိသည်။


ဒါက လူအများရှေ့မှာ ရိုက်ကူးရေးလုပ်ရတဲ့ သူမရဲ့ ပထမဆုံးအတွေ့အကြုံ ဖြစ်သည်။ ယွင်လီသည် ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ပြင်ဆင်မှုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။


အဲ့ဒီဂိမ်းတွေကို ကစားကြည့်ပြီးသွားတဲ့အခါ အဖွဲ့သားတွေက ဒုတိယထပ်ကို ပြန်တက်လာခဲ့ကြသည်။ 


ဒီအထပ်မှာ တစ်ယောက်တည်းပဲဖြစ်ဖြစ် လူအနည်းစုပဲဖြစ်ဖြစ် ကစားလို့ရတဲ့ Space capsule Game ၊ Dark Chariot VR Game နဲ့ Motion Capture Game တွေလို ဂိမ်းအမျိုးအစားတွေကို အဓိကထားပြီး ဖန်တီးထားသည်။ 


ဒါ့အပြင် အပေါ်ထပ်ဧရိယာရဲ့ တစ်ဝက်လောက်ကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကစားချင်တဲ့သူတွေအတွက်လည်း သီးသန့်အခန်းတွေ ပြင်ဆင်ထားလေသည်။


ယွင်လီလည်း နောက်ထပ် ဘယ်လိုဂိမ်းအမျိုးအစားကို ဆက်ကစားရမလဲလို့ စဉ်းစားနေတုန်းမှာပဲ နောက်ကနေ လှိုက်လှဲစွာ နှုတ်ဆက်နေတဲ့အသံကို ကြားလိုက်ရသည်။ 


သူမ လှည့်ကြည့်လိုက်တော့ ရွှီချင်းစုန့်နဲ့ လွန်ခဲ့တဲ့နှစ်ရက်က သူမ တွေ့ဆုံခဲ့တဲ့ အမျိုးသားကို တွေ့လိုက်ရသည်။


အဲ့ဒီလူက mask တပ်ထားပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ အလွယ်တကူ မှတ်မိနိုင်ပါသည်။


မနေ့က အချိန်ခဏလေးအတွင်းမှာပဲ ရွှီချင်းစုန့်က လူတော်တော်များများနဲ့ ခင်မင်ရင်းနှီးသွားပုံပင်။ အခုဆိုရင် လူတချို့က သူနဲ့ ပေါ့ပေါ့ပါးပါး စကားပြောနေကြတာကို တွေ့နေရသည်။ 


Maskတပ်ထားတဲ့ အဲ့ဒီလူကို မြင်လိုက်တဲ့အခါ နားနေခန်းထဲက အရှက်ရစရာ အဖြစ်အပျက်ကို ပြန်သတိရသွားသည်။ ထိုကိစ္စကြောင့် ယွင်လီက ထိုလူနဲ့ မျက်နှာချင်းဆိုင် မတွေ့ချင်ပါ။


ထိုအခိုက်အတန့်မှာပဲ သူမရဲ့မှတ်စုထဲမှာ မှတ်ထားတဲ့ "Extreme Bungee Jumping" ဆိုတဲ့ ပရောဂျက်တစ်ခုကို သတိထားမိသွားသည်။ 


သူမ ချက်ချင်းပဲ နေရာကနေ လှည့်ထွက်လာပြီး အဲ့ဒီပရောဂျက်ဆီကို သွားလိုက်တော့သည်။


ဒီပရောဂျက်ရဲ့ နာမည်နဲ့ ပုံစံက တခြားဟာတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းနေပေမဲ့ ဘေးနားမှာ လမ်းညွှန်ပေးမယ့်သူ တစ်ယောက်မှ မရှိပါ။ ယွင်လီက ညွှန်ကြားချက်တွေကို ဖတ်ကြည့်ပေမဲ့ ဝန်ထမ်းတစ်ယောက်မှမရှိဘဲ ဘာကိုမှ မထိကိုင်ရဲပါ။


သူမလည်း ဘာလုပ်ရမှန်းမသိတာနဲ့ tripod ထောင်ပြီး သူမရဲ့ DSLR camera ကို တင်လိုက်သည်။ ပြီးတော့ ကင်မရာရဲ့ အနေအထားနဲ့ aperture ကို ချိန်ညှိလိုက်သည်။


ဒါက ပုံမှန် elevator-styleလိုမျိုး လုပ်ထားတဲ့ စီးစရာတစ်ခုပါ။ ခုန်မယ့်သူရဲ့ ဘေးကင်းလုံခြုံရေးအတွက် safetyကိရိယာတွေကိုလည်း အပြည့်အစုံ တပ်ဆင်ပေးထားပါသည်။ တကယ့် bungee jumping ခုန်ချရတဲ့ ခံစားချက်မျိုး အပြည့်အဝ ခံစားရအောင် ရည်ရွယ်ပြီး ပြုလုပ်ပေးထားလေသည်။ 


bungee jumping ခုန်တဲ့အခါမှာ ပုံမှန်အားဖြင့် လုံခြုံရေးခါးပတ်ကို ဝတ်ဆင်ဖို့အတွက် တာဝန်ရှိသူတစ်ယောက်က ကူညီပေးရပါသည်။


မိနစ်အတော်ကြာသွားတဲ့အထိ ဝန်ထမ်းတစ်ယောက်မှ ပေါ်မလာပါ။ ထို့ကြောင့် ယွင်လီလည်း တခြားပရောဂျက်ကိုပဲ စမ်းကြည့်ဖို့ စဥ်းစားလိုက်ချိန်မှာ သူမရဲ့အနောက်ဘက်ကနေ ထွက်လာတဲ့ ရွှီချင်းစုန့်ရဲ့အသံကို ကြားလိုက်ရသည်။ 


"တစ်ခုခု အဆင်မပြေတာရှိလို့လား"


ယွင်လီ နောက်လှည့်ကြည့်လိုက်သည်။


သူမ သတိမထားမိလိုက်ခင်မှာပဲ အမျိုးသားနှစ်ယောက်က သူမအနားကို ရောက်လာကြပြီဖြစ်သည်။


ယွင်လီသည် နည်းနည်း နေရခက်သွားပြီး ပါးစပ်ကနေ သူ့အလိုလို ပြန်ဖြေလိုက်မိလေသည်။


"ဒီဂိမ်းကို စမ်းကြည့်ချင်လို့ပါ"  


ရွှီချင်းစုန့်က မျက်ခုံးအနည်းငယ် ပင့်သွားပြီး နောက်တော့ သူ့ဘေးက အမျိုးသားရဲ့ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"အလုပ်လုပ်ဖို့ အချိန်ရောက်ပြီ" 


အဲ့ဒီအမျိုးသားရဲ့ မျက်လုံးတွေက ပင်ပန်းနွမ်းနယ်နေပြီး ချက်ချင်း မတုံ့ပြန်ခဲ့ပါ။


ရွှီချင်းစုန့်က ပုခုံးတွန့်ပြကာ ရှင်းပြလာသည်။


"ဝန်ထမ်းမလုံလောက်လို့ပါ" 


"..…" 


ယွင်လီ ရှောင်ချင်နေတဲ့လူက သူမရှေ့ကိုမှ တည့်တည့်ရောက်ရှိလာခဲ့သည်။


ခဏအကြာမှာတော့ ထိုအမျိုးသားက သူမအနား လျှောက်လာပြီး ဘေးနားမှာချိတ်ထားတဲ့ လုံခြုံရေးခါးပတ်ကြိုးတွေကို ဖြုတ်ယူကာ စစ်ဆေးနေသည်။ တခြားဝန်ထမ်းတွေနဲ့မတူတာက ဒီလူက ယူနီဖောင်းမဝတ်ထားဘဲ တီရှပ်နဲ့ ဘောင်းဘီရှည်ကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ထားသည်။


ထိုလူ တာဝန်ယူထားတဲ့အပိုင်းကို သူမ သေချာမသိထားပါ။ 


အဲ့ဒါကြောင့် သူက ဒီကိရိယာတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိရဲ့လားလို့ သူမ စိုးရိမ်နေမိတော့သည်။ 


ထိုလူက လုံခြုံရေးခါးပတ်ကြိုးကို ကိုင်ကာ သူမအနား ရောက်လာသည်။ သူ့ရဲ့ ရှည်လျားတဲ့ အရပ်ကြောင့် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ပြီးတော့ ခပ်တိုးတိုးနဲ့ ပြောလာသည်။ 


"ဒီအနက်ရောင်ကြိုးကွင်းထဲကို မင်းရဲ့ခြေထောက်တွေ ထည့်လိုက်" 


အခုတော့ သူမတို့နှစ်ယောက်က အရမ်းကို နီးကပ်နေသည်။


ယွင်လီက စိတ်လှုပ်ရှားနေတာကြောင့် ဘာမေးခွန်းမှ ပြန်မမေးနိုင်တော့ဘဲ သူပြောတဲ့အတိုင်းသာ လိုက်လုပ်နေမိသည်။


သူမရဲ့ ခြေထောက်နှစ်ဖက်လုံးကို ကြိုးကွင်းထဲ တစ်ဖက်စီ ထည့်လိုက်သည်။ အဲ့ဒီနောက်မှာတော့ ထိုလူက ကြိုးကွင်းကို အပေါ်ဆွဲတင်လိုက်ပြီး လက်ထည့်ရမယ့် ကြိုးကွင်းနေရာတွေမှာ လက်လျှိုထည့်ဖို့ သူမကို ထပ်ပြောလာသည်။ 


ပြီးတာနဲ့ ထိုလူက ခါးပတ်ကြိုးကို သူမရဲ့ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်အောင် တင်းတင်းကျပ်ကျပ် ပြန်ညှိပေးပြီးတော့မှ bungee jumping ကစားရမယ့် စက်ပေါ် သွားထိုင်ခိုင်းလေသည်။  


ဒီအတိုင်း မတ်တတ်ရပ်နေတုန်းက ဘာမှမခံစားရပေမဲ့ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘာကိုမှ မထိန်းချုပ်နိုင်တော့သလိုမျိုး ခံစားချက်က ပြောင်းလဲသွားပြီး ကြောက်လန့်စိတ်တွေ ဖြစ်ပေါ်လာသည်။


ထိုလူက သူမရဲ့ခါးပတ်ကို အလျှော့အတင်း ပြန်ညှိကာ စနစ်တကျ တပ်ဆင်ရင်း ကြိုးတွေ၊ ခလုတ်တွေကို သေချာပြန်စစ်ဆေးနေသည်။ ယွင်လီသည် ထိုလူရဲ့ လှုပ်ရှ

ားမှုတွေကို စိုးရိမ်ပူပန်စွာ လိုက်ကြည့်နေမိသည်။


ထိုအချိန်မှာပဲ ရွှီချင်းစုန့်က ထိုလူကို မှတ်ချက်ပေးလာသည်။


"မဆိုးဘူး... ပထမဆုံးအကြိမ်ဆိုပေမဲ့ ပရိုတစ်ယောက်လိုပဲ ကိုင်တွယ်နိုင်တယ်" 



🪭🪭🪭