Ch (4.1)
Viewers 424

အခန်း (၄.၁)


သူ့ရဲ့စကားကိုကြားတော့ ယွင်လီက သက်တောင့်သက်သာရှိနေရာကနေ ချက်ချင်းပဲ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။


“ပထမဆုံးအကြိမ်” ရွှီချင်းစုန့်ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ…


သူ့စကားတွေကို ယွင်လီ သိပ်နားမလည်တာကြောင့် ချီတုံချတုံနဲ့ မေးလိုက်သည်။


“ရှင်.. ဒါမျိုး တခြားသူတွေအတွက် မချည်ပေးဖူးဘူးလား”


“မချည်ပေးဖူးဘူး”


“….”


သူ့ရဲ့ တိကျပြတ်သားတဲ့အဖြေကြောင့် ယွင်လီ ဘာပြန်ပြောလို့ ပြောရမှန်းတောင်မသိတော့ပေ။


သူမတစ်ယောက်တည်းပဲ ကိုယ့်ဟာကိုယ် အတွေးလွန်နေတာလားလို့တောင် တွေးနေမိသည်။


ဒီကစားနည်းက ၂ မီတာလောက်ပဲ မြင့်တယ်ဆိုပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ အန္တရာယ်များပြီး ကြောက်စရာကောင်းနေတော့သည်။ ဒီအချိန်မှာ ယွင်လီသည် စိတ်‌ချရအောင်လို့ ထပ်ပြီး မေးလိုက်သည်။


“ဒါကိုစမလုပ်ခင်က trainingတွေ ဘာတွေ ဆင်းထားသေးလား”


ထိုလူက ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။


“ဘယ်လို trainingလဲ”


“ဟို…ဒီလိုပါ…” 


ယွင်လီ ဘာပြောရမှန်းမသိတော့ဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ 


“အန္တရာယ်အကင်းဆုံးနဲ့ လုံခြုံစိတ်ချရအောင်လို့ ကြိုးကို ဘယ်လိုတင်းတင်းကျပ်ကျပ် ချည်ရမလဲဆိုတာမျိုးပေါ့”


အဲ့ဒါကိုကြားတော့ ထိုလူက “မရှိဘူး” လို့


ပြန်ဖြေလိုက်သည်။


“…”


အဲ့ဒီအချိန်မှာ ယွင်လီသည် တကယ်ကြီး bungee jumpingခုန်ရတော့မလို ခံစားလိုက်ရသည်။ ဝန်ထမ်းတွေက စာနာစိတ်ကင်းမဲ့စွာနဲ့ ပြောလာခဲ့သည်။


“ကြိုးက ပြတ်ချင်မှ ပြတ်မှာပါ.. မပြတ်ဖို့က ပိုများပါတယ်.. အရင်ဆုံး စမ်းခုန်ကြည့်လိုက်ပါ”


ယွင်လီ တစ်ကိုယ်လုံး တောင့်တင်းခဲသွားပြီး “ဒါဆိုရင် ကြိုးကို သေချာမချည်ထားရင် လွှင့်ထွက်သွားနိုင်သလား” လို့ မေးလိုက်သည်။


ထိုလူက သူမကို တစ်ချက်ကြည့်ကာ “အဲ့ဒါတော့ မသေချာဘူး” ဟု ပြောလိုက်သည်။


သူတို့နှစ်ယောက်လုံး စိတ်အေးလက်အေး ရှိနေတာကို မြင်တော့ ယွင်လီလည်း ကြောက်စိတ်ကိုထိန်းချုပ်ဖို့ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ အဲ့ဒီအချိန် ထိုလူက ရုတ်တရက် safety သံချိတ်ကို ဖွဖွလေး ပုတ်လိုက်ပြီး ပြောလိုက်သည်။


“အစမ်းအနေနဲ့ ခုန်ကြည့်လိုက်ပါ”


ယွင်လီ : “…”


ယွင်လီ : “?”


ယွင်လီ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားခဲ့သည်။


ထိုလူရဲ့စကားတွေက နတ်ဆိုးတစ်ကောင်ရဲ့ တီးတိုးစကားသံလိုပင်။


ဒါပေမဲ့ သူက အဲ့ဒီစကားကို တစ်ခါသာပြောပြီး ကြိုးကိုတော့ ထပ်မပုတ်တော့ဘဲ လက်ကို ပြန်ရုတ်သိမ်းသွားခဲ့သည်။ ထိုလူကအစောပိုင်းက ပြောခဲ့သည့် စကားတွေကြောင့် သူမကို မကျေမနပ်ဖြစ်ကာ တမင်ခြောက်လှန့်နေတာ ဖြစ်နိုင်တယ်လို့ ယွင်လီရဲ့စိတ်ထဲမှာ သံသယဖြစ်နေမိသည်။


ယွင်လီသည် ခါးကိုမတ်လိုက်ပြီး safety ကြိုးပြုတ်ပြီး လွတ်ထွက်သွားတာမျိုး မဖြစ်အောင် သံချိတ်ကို ခေါင်းငုံ့ပြီး သေချာပြန်စစ်ကြည့်လိုက်သည်။


ယွင်လီသည် ခါးပတ်ရဲ့ အနေအထားကို ပြန်စစ်ဆေးဖို့ ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဝေးကနေ တစ်စုံတစ်ယောက်က ရွှီချင်းစုန့်ကို လှမ်းခေါ်လိုက်သည်။


အဲ့ဒီအချိန်မှာပဲ ရွှီချင်းစုန့်က “သူက ရယ်စရာလုပ်ပြီး စနောက်နေတာပါ.. စိတ်ထဲ မထားပါနဲ့” ဟု ခပ်ပြုံးပြုံးပြောပြီး အားပေးလိုက်သည်။ အဲ့ဒီနောက် ထိုလူဘက်ကို လှည့်ပြီး သတိပေးစကား ပြောလိုက်သည်။


“မင်း ဘာလုပ်နေတာလဲ.. ဒီလိုကိစ္စကို ဘယ်လိုလုပ်ပြီး စနောက်ပြောဆိုနိုင်ရတာလဲ.. လူတွေကို ကြောက်လန့်အောင် စကားလုံးတွေနဲ့ မခြောက်လှန့်ပါနဲ့”


ထိုလူက အလုပ်ကို ပြီးပြီးရောလုပ်တတ်သည့် ဟန်ပန်မျိုးရှိပေမဲ့လည်း ရွှီချင်းစုန့် ပြောဆိုတာကို ခံလိုက်လို့လားတော့မသိပေ။ ထပ်ပြီး မစနောက်တော့ဘဲ ယွင်လီကို အတည်အတံ့ ပြောလာခဲ့သည်။ 


“စိတ်မပူပါနဲ့.. အားလုံးကို စစ်ဆေးပြီးသားပါ” ဟု ပြောပြီးနောက် သူမဘေးနားရှိ ကြိုးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။


“ဒါဆို… ကြောက်လာရင် ဒီကြိုးကို ဆုပ်ကိုင်ထားလိုက်ပါ”


ယွင်လီ ခေါင်းညိတ်ပြပြီး တုံ့ဆိုင်းနေရာကနေ လက်ကို ဖြည်းဖြည်းချင်း ရွေ့လိုက်သည်။


ထိုလူက အနီးအနားက VR headsetကို ယူပြီး ယွင်လီကို တပ်ပေးလိုက်သည်။ 


“အနောက်ဘက်မှာ ခလုတ်တစ်ခုရှိတယ်.. မင်းရဲ့ခေါင်းနဲ့ အနေတော်ဖြစ်အောင် ကိုယ့်ဘာသာ ချိန်ညှိလိုက်ပါ”


VR headsetကို ဆောင်းလိုက်တာနဲ့ ယွင်လီရဲ့ မျက်စိရှေ့မြင်ကွင်းက burning effectနဲ့ စာသားတစ်ကြောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။


ထိုလူက “ရှင်းရှင်းလင်းလင်း မြင်ရလား” လို့ မေးလိုက်သည်။


ယွင်လီက ခေါင်းခါပြီး “နည်းနည်းမှုန်နေတယ်” လို့ ပြောလိုက်သည်။


အဲ့ဒီလိုပြောလိုက်တာနဲ့ ထိုလူက သူ့လက်နဲ့ ယွင်လီရဲ့ မျက်မှန်ကို အနည်းငယ် ဖိချလိုက်တာကြောင့် မျက်မှန်က ပိုပြီး ရှင်းလင်းလာခဲ့သည်။ ယွင်လီက အဆင်ပြေအောင် မျက်မှန် အနေအထားကို လက်နဲ့ အနည်းငယ် ထပ်ပြီး ချိန်လိုက်သည်။


ဒီကစားနည်းမှာ အပေါ်အောက် လှုပ်ရှားမှုတွေ ပါဝင်တဲ့အတွက် မျက်မှန်ကို ဒီအတိုင်းပဲ တပ်ထားမယ်ဆိုရင် အလွယ်တကူ ပြုတ်ကျနိုင်သည်။ ဒါ့ကြောင့် မေးသိုင်းကြိုးနှစ်ခုကို မေးအောက်မှာ သိုင်းချည်ပြီး helmet ဆောင်းသလိုမျိုး ပြုတ်မကျအောင် သေချာပြုလုပ်ထားဖြစ်သည်။


VR headsetကို တပ်လိုက်တာနဲ့ ယွင်လီက real worldနဲ့ အဆက်အသွယ် ပြတ်တောက်သွားတော့သည်။


ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေမှန်းမသိတာကြောင့် နည်းနည်းတော့ စိုးရိမ်စိတ်ဝင်နေမိသည်။


“စတင်ပါပြီ” ဆိုပြီး ကြေညာလိုက်တဲ့ ထိုအမျိုးသားရဲ့အသံကို သူမ ကြားလိုက်ရတဲ့အချိန်မှာ မြင်ကွင်းပုံရိပ်တွေက စတင်ပြောင်းလဲသွားတော့သည်။


မြင်ကွင်းထဲမှာ အောက်ခြေကို မမြင်ရလောက်အောင် မြင့်မားပြီး မတ်စောက်တဲ့ တောင်ကမ်းပါးကြီးတစ်ခုပေါ်လာပြီး ခပ်ဝေးဝေးမှာတော့ မြူခိုးတွေဝေနေတဲ့ တောင်တန်းတွေကို တွေ့နေရသည်။


ဂိမ်းက ချက်ချင်းခုန်ချရတာမျိုး မဟုတ်ဘဲ ခေတ္တရပ်နားချိန်လေး ပေးထားပါသည်။ သူမရှေ့က NPC ဇာတ်ကောင်က တစ်ခုခုပြောနေသလိုမျိုး ပါးစပ်ကို ဟလိုက် ပိတ်လိုက် လုပ်နေသည်။ ထို့နောက် သူမရှေ့က မြင်ကွင်းက ဇာတ်လိုက်ရဲ့အမြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ခုန်ချချင်စိတ်ရှိပေမဲ့ ကြောက်ရွံ့မှုကြောင့် တုံ့ဆိုင်းနေမိသည်။


သူမ ဘာမှ တွေးမနေတော့ဘဲ ရုတ်တရက် ခုန်ချလိုက်ပါတော့သည်။


သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာတဲ့ ချည်ထားတဲ့ ကြိုးတွေက ရွေ့လျားလာခဲ့သည်။


အောက်ကို ပြုတ်ကျသွားပြီးတာနဲ့ ကြိုးပျော့တွေကြောင့် အောက်ကနေ အပေါ်ကို ပြန်ပြီး ကန်တက်လာသည်။ လေဟာနယ်ထဲ ရောက်နေသလို ခံစားရပြီး ပင်လယ်ရေပြင်ပေါ်မှာ မတ်တတ်ရပ်နေရသလိုပင်။ အဲ့ဒီနောက် ရုတ်တရက် ပြန်ပြီး မြင့်တက်လာခဲ့သည်။


ယွင်လီ ခဏလောက် ကြောက်လန့်ပြီး မျက်လုံးတွေကို မှိတ်ထားမိပေမဲ့ နောက်တော့ သတ္တိ‌မွေးကာ မျက်လုံးကို အတင်းဖွင့်လိုက်သည်။


သူမက အမြင့်ကြောက်တတ်ပေမဲ့ စွန့်စားရတာကို နှစ်သက်တဲ့သူမျိုးပါ။ amusement parkကို သွားတိုင်း roller coaster လို စိတ်လှုပ်ရှားစရာ ကစားနည်းတွေကို စိတ်ဝင်စားပေမဲ့ ဝင်ပေါက်ရောက်တာနဲ့ စီးရဲတဲ့ သတ္တိက မရှိတော့ပေ။


ဒါပေမဲ့ အခုက VR ဖြစ်ပြီး တကယ်မဟုတ်ဘဲ ပုံရိပ်ယောင်သာ ဖြစ်တယ်ဆိုတာ ယွင်လီ သိနေတော့ သိပ်ကြောက်စရာမကောင်းဘူးလို့ တွေးပြီး အကုန်လုံးကို စမ်းကြည့်ချင်နေမိသည်။


အမှန်တကယ်တော့ သူမရဲ့ သတ္တိက virtual world မှာပဲရှိတာဖြစ်သည်။ 


Real world ကို ပြန်ရောက်တာနဲ့ သူမရဲ့သတ္တိတွေက zero ကနေ ပြန်စရသလို ဖြစ်သွားမှာပင်။


ဒီ virtual worldအပေါ် သဘောကျနှစ်သက်မှုက အကြာကြီးမခံပေ။ ဒါပေမဲ့ တကယ့်လက်တွေ့လို ခံစားရတာကြောင့် ဒီ virtual worldရဲ့ စက္ကန့်တိုင်းကို နှစ်ပေါင်းများစွာ ကြာသွားသလို ခံစားခဲ့ရသည်။ ဒါပေမဲ့ ဒီ virtual worldကို တွေ့ကြုံခံစားပြီးတဲ့အခါမှာတော့ သူမက လန်းဆန်းတက်ကြွကာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတော့သည်။


ဂိမ်းဆော့လို့ပြီးသွားတော့ ယွင်လီ VR headset ကို ချွတ်လိုက်သည်။


အမျိုးသားက သူမဆီကနေ headset ကိုယူပြီး ခါးပတ်ကို ဖြုတ်ပေးခဲ့သည်။


ယွင်လီ မာကျောတဲ့ကြမ်းပြင်ပေါ်ကို ပြန်ရောက်လာပြီး ခေါင်းလှည့်လိုက်တော့ အနီးအနားမှာ screenတစ်ခုကို တွေ့လိုက်ရသည်။ သူမ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက ဒီscreenပေါ်မှာ တစ်ပြိုင်တည်း ပေါ်နေခဲ့တာပေါ့…


ဆိုလိုတာက သူမ မြင်ခဲ့တဲ့အရာတွေကို တခြားသူတွေလည်း မြင်နိုင်တယ်ပေါ့…


ဟယ်ကျားမုံ့ရဲ့ ပြောပြချက်အရ ပိုပြီး အရည်အသွေးကောင်းတဲ့ videoတွေ ထွက်လာစေဖို့အတွက် ဒီပုံတွေကို သက်ဆိုင်ရာဌာနဆီကို ပို့ပေးမှာဖြစ်သည်။


ယွင်လီက ကျေးဇူးတင်စကားပြောပြီး ခဏကြာတော့ သူမ သိချင်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်သည်။


“ဒီဂိမ်းက အသံမပါဘူးလား”


ထိုလူက သူမကို တစ်ချက်ကြည့်လာခဲ့သည်။


ယွင်လီက အသံမကြားရတဲ့အကြောင်း ရှင်းပြလိုက်သည်။ “ဇာတ်ကောင်တွေ ပါးစပ်လှုပ်တာကို မြင်ပေမယ့် ဘာအသံမှ မကြားရလို့”


ထိုလူကလည်း သူမ ပြောတာကို အတည်ပြုဖို့ headsetကို ကိုယ်တိုင်တပ်ကြည့်လိုက်သည်။ ခဏကြာတော့ headsetကို ချွတ်ပြီး လက်ထဲက VR ကိရိယာကို စစ်ဆေးကြည့်လိုက်သည်။ 


“အသံက ပါပါတယ်.. ဒါပေမယ့် ညာဘက်headsetက ပျက်နေပုံရတယ်” လို့ ပြောသည်။


အဲ့ဒီလိုပြောပြီးနောက် သူက “တကယ်ပဲ ဘာသံမှ တကယ်မကြားလိုက်ရတာလား” လို့


အတည်ပြု မေးမြန်းလိုက်သည်။


“…”


ယွင်လီရဲ့အသက်ရှူသံက ရုတ်တရက် ရပ်တန့်သွားသည်။


ညာဘက်headset ပျက်တာက သူမရဲ့ မွေးရာပါ ချို့ယွင်းချက်နဲ့မှ လာပြီးတိုက်ဆိုင်ရတယ်လို့…


ညာဘက် headsetက အတွင်းပိုင်း ချို့ယွင်းနေတာကြောင့် ဘယ်ဘက် headsetကနေပဲ အသံတွေကို ကြားနိုင်တာဖြစ်သည် ။


ဒါပေမဲ့ သူမက မွေးရာပါ ဘယ်ဘက်နား အကြားအာရုံချို့ယွင်းတဲ့သူဖြစ်သည်။


ဒါ့ကြောင့် သူမ ဘာမှမကြားခဲ့တာပင်။


“အာ! ဟုတ်လား” လို့ ယွင်လီက ခြောက်ကပ်ကပ်နဲ့ ပြောလိုက်သည်။ 


“ခုနတုန်းက ကျွန်မ အရမ်းစိတ်လှုပ်ရှားနေလို့ သေချာမကြားလိုက်တာ ဖြစ်ပါလိမ့်မယ်”


“အင်း”


အဲ့ဒီလူက သူမရဲ့စကားကို သိပ်အာရုံစိုက်ပုံမရပေ။ ယွင်လီရဲ့ “တာဝန်” ပြီးဆုံးသွားပြီဖြစ်လို့ “ငါနဲ့ဘာမှမဆိုင်ဘူး” ဆိုတဲ့ပုံစံမျိုးနဲ့ နဂိုနေရာကို ပြန်သွားပြီး စက်ပစ္စည်းတွေကို သေချာစမ်းသပ်နေတော့သည်။


အဲ့ဒီနောက် ယွင်လီက တခြားနေရာတွေကို လျှောက်ကြည့်ပြီးတော့ ဒီနေရာကို ပြန်ရောက်လာတဲ့အချိန်မှာ အဲ့ဒီလူကို မတွေ့တော့ပါ။ ဂိမ်းစင်တာမှာရှိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာအားလုံးကို လည်ပတ်ပြီးရင်းနဲ့ပဲ တစ်နေ့ခင်းလုံး အချိန်ကုန်သွားခဲ့သည်။


ယွင်လီက energy အတက်ကြွဆုံး ဧည့်သည်တွေထဲက တစ်ယောက်ဖြစ်သည်။ 


တချို့ဧည့်သည်တွေကတော့ အကြာကြီးဆော့ခဲ့ကြလို့ ခေါင်းမူးကာ ထွက်လာကြပြီး နားနေခန်းမှာ အနားယူရင်း စကားပြောနေကြပြီ။



💫💫💫