Ch (4.2)
Viewers 418

အခန်း (၄.၂)


ယွင်လီကတော့ လူရှင်းတဲ့ ထောင့်တစ်နေရာကို ရှာပြီး သူမ ခုနကရိုက်ထားတဲ့ ဗီဒီယိုတွေကို လျင်မြန်စွာစစ်ဆေးနေတော့သည်။ ဒါ့အပြင် နောက်ပိုင်းမှာ ဘယ်လိုတည်းဖြတ်မလဲဆိုတာကိုလည်း စိတ်ထဲမှာ စဉ်းစားနေခဲ့သည်။


သိပ်မကြာခင်မှာပဲ ဟယ်ကျားမုံ့က သူမဆီ ရောက်လာပြီး သတင်းတစ်ခုပြောလာခဲ့သည်။


ပွဲစီစဉ်သူ ရွှီချင်းစုန့်က လူတိုင်းကို ညစာစားပွဲနဲ့ ဧည့်ခံပြီး သူတို့နဲ့ တရားဝင်တွေ့ဆုံပြီးပြီး မိတ်ဆက်ချင်တယ်လို့ သိလိုက်ရသည်။ တခြားသူတွေက ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံထားပြီးသားဖြစ်တဲ့အတွက် ယွင်လီတစ်ယောက် လက်မခံဘူးလို့ ငြင်းဆန်မယ့် စိတ်ကူးကို မျိုသိပ်လိုက်ပြီး အားလုံးနဲ့အတူ လိုက်လျောညီထွေဖြစ်အောင် လိုက်သွားခဲ့သည်။


နန်ဝူမြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပွဲကို ပြင်ဆင်ထားတာဖြစ်သည်။


EAW အဖွဲ့က အခန်းကျယ်တစ်ခုကို ကြိုတင်မှာယူထားပြီး ဘယ်ညာ နှစ်ဖက်မှာ စားပွဲဝိုင်းကြီးနှစ်လုံး ချထားသည်။ ယွင်လီက အတွင်းဘက်မှာ ထိုင်နေပြီး သူမရဲ့ ဘယ်ဘက်မှာ ဟယ်ကျားမုံ့နဲ့ ညာဘက်မှာ ကျစ်ပုလျောင်တို့ ရှိသည်။


တချို့ကတော့ အရင်ကတည်းက အချင်းချင်း သိကျွမ်းပြီးသားသူတွေဖြစ်ပြီး တချို့ကတော့ ဒီနေ့မှ တွေ့ဆုံကြတာဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးနေကြပြီဖြစ်သည်။ 


စားပွဲဝိုင်းမှာထိုင်နေကြတဲ့ လူတိုင်းက တက်ကြွနေကြပြီး သူတို့ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေကို စားပွဲဝိုင်းမှာ ရယ်ရယ်မောမောနဲ့ ပြောဆိုဆွေးနွေးနေကြသည်။


ဒါပေမဲ့ ယွင်လီကတော့ လူအများနဲ့ ရောနှောပြီး စကားဖောင်ဖွဲ့ရတာကို မကြိုက်တဲ့အတွက်ကြောင့် စားပွဲမှာထိုင်တာနဲ့ ဖုန်းကို ကိုင်ပြီး အလုပ်ရှုပ်ဟန်ဆောင်နေလိုက်သည်။


နောက်ဆုံးမှ ရောက်လာကြသူတွေကတော့ ရွှီချင်းစုန့်နဲ့ အမျိုးသားတစ်ယောက်ဖြစ်သည်။


အတွင်းဘက်စားပွဲမှာ လူလွတ်နေရာက နှစ်နေရာသာ ကျန်တော့တာမို့ သူတို့နှစ်ယောက် ထိုနေရာကို လျှောက်လာကြသည်။ အမျိုးသားကိုမြင်တော့ ဟယ်ကျားမုံ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။ 


“ဆရာမ ရှန်းယွင်, ဒီနေ့ mask တပ်ထားတဲ့ ရုပ်ချောချောကောင်လေးကို တွေ့လိုက်လား သူ့ပုံစံကဘယ်လိုထင်လဲ”


ဒီနေ့?


ယွင်လီက “ဒီနေ့တော့ မတွေ့ဘူး” လို့ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။


သူမ စကားခဏရပ်ပြီး ‘အရင်တုန်းကတော့ တွေ့ဖူးပါတယ်’ လို့ ထပ်ဖြည့်ပြောသင့် မပြောသင့် စဉ်းစားနေတုန်းမှာပဲ ရွှီချင်းစုန့်က မစ္စဟယ်ကို လှမ်းခေါ်လိုက်သည်။


ရွှီချင်းစုန့် : “ရှောင်ဟယ်”


ဟယ်ကျားမုံ့ : “ဘာလဲ?” 


“ထိုင်ခုံလေး လဲပေးနိုင်မလား” လို့ ရွှီချင်းစုန့်က ဟယ်ကျားမုံ့ရဲ့ ထိုင်ခုံနေရာကို ကြည့်ရင်း ဘေးကအမျိုးသားရဲ့ ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။


“သူက ဒီရက်ပိုင်းA အအေးမိနေတာ.. ဒီနေရာက Aircon နဲ့ တည့်တည့်ဖြစ်နေလို့လေ.. အတွင်းဘက်မှာ ပေးထိုင်ခိုင်းလို့ရမလား”


ထိုအခါ ဟယ်ကျားမုံ့က ချက်ချင်း ထရပ်ပြီး “ရတယ်.. ရတယ်” လို့ ပြောရင်း ထိုင်ခုံဖယ်ပေးလိုက်သည်။


ယွင်လီ ဘာမှတောင် မတုံ့ပြန်လိုက်ရခင်မှာပဲ သူတို့နှစ်ယောက်က မထင်မှတ်ဘဲ ဘေးချင်းကပ်လျက် ထိုင်ဖြစ်သွားခဲ့ကြသည်။


အဖွဲ့လိုက်တွေ့ဆုံမှုတွေကို ရှောင်လေ့ရှိတဲ့ ယွင်လီတစ်ယောက် အခုတော့ အကြိမ်ကြိမ် တွေ့ဖူးပေမဲ့ မရင်းနှီးတဲ့ သူစိမ်းတစ်ယောက်ရဲ့ဘေးမှာ ထိုင်နေရပြီ။ အဲ့ဒါကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ သူမဘက်ကပဲ စပြီးတော့ နှုတ်ဆက်လိုက်ရမလားဆိုပြီး စိတ်ထဲမှာတွေးနေမိသည်။


ယွင်လီ နေရခက်နေတာကြောင့် ခေါင်းငုံ့ပြီး ရေပဲ သောက်နေလိုက်သည်။


ရွှီချင်းစုန့်ကလည်း ဒီလူကို သူမတို့နဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ပုံမရပေ။ စားပွဲဝိုင်းမှာထိုင်နေတဲ့ တခြားသူတစ်ယောက်က စကားပြောဖို့ ကြိုးစားတဲ့အခါ သူက ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။ သူ့ကို ပြောတာ ဟုတ်၊ မဟုတ် အတည်ပြုပြီးမှ သေချာစဉ်းစားပြီး ပြန်ဖြေသည်။ ဒါပေမဲ့ သူက တိုတိုတုတ်တုတ်နဲ့ ခပ်ပြတ်ပြတ်သာ ပြန်ဖြေခဲ့သည်။


စကားပွဲဝိုင်းကို အဆုံးသတ်ပစ်တဲ့ နောက်တစ်ယောက် ထပ်ပေါ်လာခဲ့ပြန်ပြီ။


သူလည်းပဲ သူမလို စိတ်ကျဥ်းကျပ်ပြီး နေရခက်နေသလားဆိုပြီး စာနာစိတ်နဲ့  သိချင်ပေမဲ့လည်း လှည့်မကြည့်ရဲခဲ့ပေ။


သိပ်မကြာခင်မှာပဲ စကားဝိုင်းရဲ့အာရုံက ရွှီချင်းစုန့်ဆီကို ပြန်ရောက်သွားပြီး ယွင်လီလည်း သူတို့ပြောနေတာတွေကို အာရုံစိုက်လိုက်သည်။


ဒါပေမဲ့ သူမရဲ့စိတ်မှာတော့ ဘာလို့ ဒီလူရဲ့နာမည်ကို ဘယ်သူမှ မမေးကြတာလဲဆိုပြီးတွေးကာ အံ့ဩနေမိသည်။


ခဏအကြာမှာတော့ ထိုလူက maskကို ချွတ်လိုက်သည်။


ဒီလူရဲ့မျက်နှာကို အရင်က သေချာမမြင်ဖူးပါ။ အလင်းရောင် မရှိတာ၊ မြင်ကွင်းရှု့ထောင့် မကောင်းတာ၊ ဒါမှမဟုတ် သူမကိုယ်တိုင်က သေချာ မကြည့်ခဲ့မိတာကြောင့်လည်း ဖြစ်နိုင်သည်။ 


အခုလို သေချာနီးနီးကပ်ကပ် မြင်ရတော့မှ သူ့ဆံပင်အရောင်က နည်းနည်းလေး ဖျော့နေတာကို သတိထားမိသည်။ ဆိုးထားတာလား၊ မူရင်းအရောင်လားဆိုတာ သူမလည်း မဝေခွဲနိုင်ပါ။


ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက လူမျိုးခြားကပြားတစ်ယောက်လိုပဲ ရုပ်ရည်ချောမောပြေပြစ်နေသည်။


သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကလည်း တော်တော်လေးကို ကြည့်ကောင်းတယ်လို့တော့ ဆိုရမည်။


ရုတ်တရက်ဆိုသလိုပဲ ယွင်လီက သူ့ရဲ့မျက်နှာကို တစ်နေရာရာမှာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။


အရင်က ဒီလူကို တစ်နေရာရာမှာများ မြင်ဖူးတာလားတော့ သူမလည်း မတွေးတတ်တော့ပေ။


ထပ်ပြီးနက်နက်နဲနဲ မစဉ်းစားရသေးခင်မှာပဲ စားပွဲထိုးတွေက ဟင်းပွဲတွေ စပြီးချပေးလာခဲ့သည်။


စားပွဲပေါ်မှာ လူတိုင်းရဲ့အကြိုက်နဲ့ ကိုက်ညီမယ့် ဟင်းပွဲအမျိုးမျိုးနဲ့ ပြည့်နှက်နေသည်။


စားချင်စိတ်မရှိတာလား၊ ဒါမှမဟုတ် အစားအသောက် ရွေးတာလားဆိုတာတော့ မသိပေမဲ့ အစာစားချိန်တစ်လျှောက်လုံးမှာ အဲ့ဒီလူက အများကြီး မစားတာကို ယွင်လီ နည်းနည်းတော့ သတိထားမိသည်။ ဟင်းပွဲတွေကို သိပ်မထိပေမဲ့ သူ့အတွက် သီးသန့်မှာထားတဲ့ ဆန်ပြုတ်ကတော့ တစ်ဝက်မက ကုန်နေပြီ။


ညစာစားပြီးနောက် အနီးနားက KTV တစ်ခုကို သွားပြီး သီချင်းဆိုဖို့ တစ်စုံတစ်ယောက်က အကြံပေးလာခဲ့သည်။


ရွှီချင်းစုန့်က ပြုံးပြုံးရွှင်ရွှင်နဲ့ သဘောတူလိုက်သည်။


ညစာအတွက် တော်တော်ကုန်ကျထားတာကြောင့် တခြားသူတွေက သူ့ကို ထပ်ပြီးအကုန်ကျခံခိုင်းဖို့ စိတ်ကူးမရှိကြပေ။ အဲ့ဒါနဲ့ သူတို့က စားပွဲနှစ်လုံးကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရှုံးတဲ့အဖွဲ့က ပိုက်ဆံရှင်းရမယ်ဆိုတဲ့ ဂိမ်းလေးတစ်ခု ကစားဖို့ ဆုံးဖြတ်လိုက်ကြသည်။


ဂိမ်းအမျိုးအစားများစွာကို ငြင်းခုံပြီးနောက် အဆုံးသတ်မှာတော့ “လေသံတိုးတိုး စကားလက်ဆင့်ကမ်း ကစားနည်း” လို့ ခေါ်တဲ့ ရိုးရှင်းပြီး မြန်ဆန်တဲ့ ဂိမ်းတစ်ခုကို ရွေးချယ်လိုက်ကြသည်။


ဒီဂိမ်းရဲ့ စည်းမျဉ်းတွေကတော့ တစ်ဖွဲ့ချင်းစီက လူတစ်ဦးစီကို စေလွှတ်ပြီး ပြိုင်ဘက်အသင်းရဲ့ ပထမဆုံးလူကို စာလုံးရေ ၃၀ အတွင်းရှိတဲ့ လျှာခေါက်စေတဲ့ tongue twisting စကားစုလေးတွေကို တိုးတိုးတိတ်တိတ် ပြောပြရမှာဖြစ်သည်။ 


အဲ့ဒီကနေမှ စကားလုံးတွေကို တစ်ယောက်ချင်းစီ ဆင့်ကဲဆင့်ကဲ ပြောသွားရမှာဖြစ်ပြီး တတိယလူ မကြားရအောင် အသံကို တိုးတိုးလေးပဲ ပြောရမှာဖြစ်သည်။


တစ်ဖွဲ့ရဲ့ နောက်ဆုံးလူက စကားလုံးတွေကို အမှန်ဆုံး ပြန်ရွတ်နိုင်တဲ့အဖွဲ့က အနိုင်ရရှိမှာဖြစ်သည်။


ယွင်လီရဲ့ စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာသည်။


အဲ့ဒီနောက် ရုတ်တရက် သတင်းဆိုးကို သူမ ကြားလိုက်ရသည်။ “နာရီလက်တံအတိုင်း လက်ယာရစ်ပြောင်းပြန်ပဲ ပြောသွားကြတာပေါ့”


လက်ယာရစ်ပြောင်းပြန်ဆိုတာက ဘယ်ဘက်ကနေ ညာဘက်ကို ဆင့်ကဲပြောရတာမျိုးဖြစ်သည်။


ဆိုလိုတာက သူမရဲ့ဘယ်ဘက်က လူက စကားလုံးတွေကို သူမဆီကို ပြောပြရမှာဖြစ်သည်။


ဒါဆို သူက သူမရဲ့ ဘယ်ဘက်နားကို သူ့ဘက် တိုးပေးရတော့မှာလား…


အသင်းတစ်သင်းချင်းစီက သူတို့ရဲ့ စကားလုံးတွေကို လျင်မြန်စွာ ဆုံးဖြတ်လိုက်ပြီး စကားလုံးတွေကို အစွန်ဆုံးလူကနေ စတင်ပြောလိုက်ကြသည်။


သူတို့ဘက်က စားပွဲမှာတော့ ရွှီချင်းစုန့်က စတင်လိုက်ပြီး သူနဲ့ ယွင်လီရဲ့ အလှည့်မတိုင်ခင်မှာ ကြားထဲမှာ လူလေးယောက်ခြားသည်။ စကားလုံးတွေက မြန်မြန်ဆန်ဆန်ပဲ လက်ဆင့်ကမ်းလာတာကြောင့် သူမရဲ့အလှည့်ကိုရောက်ဖို့ နီးလာတာနဲ့အမျှ ယွင်လီရဲ့ စိုးရိမ်စိတ်တွေက ပိုလို့တိုးလာခဲ့သည်။


မွေးရာပါ ဘယ်ဘက်နား အကြားအာရုံချို့ယွင်းတာနဲ့ ပတ်သက်ပြီး ယွင်လီရဲ့ နေ့စဉ်ဘဝအတွက် ကြီးကြီးမားမား အနှောင့်အယှက်မဖြစ်တာကြောင့် သူမရဲ့ ချို့ယွင်းချက်ကို သိပ်ပြီးတော့ စိတ်ထဲမှာမထားခဲ့ပေ။ 


ဒါပေမဲ့ နားထောင်ရမယ့် သူမရဲ့ဘယ်ဘက်နားက အကြားအာရုံချို့ယွင်းတာကိုတော့ လူတွေသိသွားအောင် မလုပ်ချင်ပေ။


ခဏလောက် စဉ်းစားပြီးနောက် ယွင်လီက ထိုလူကို လှည့်ကြည့်လိုက်ပြီး “ဒီမှာ…” လို့ ခေါ်လိုက်သည်။ 


အမျိုးသားက လှည့်ကြည့်လာချိန်မှာတော့ “ခဏနေလို့ ကျွန်မ အလှည့်ရောက်ရင် ညာဘက်နားနဲ့ နားထောင်လို့ ရမလား” လို့ မေးဖို့ စဉ်းစားလိုက်ပေမဲ့ စိတ်ပျက်အားလျော့စွာနဲ့ပဲ “ရတယ်.. ဘာမှမဟုတ်ပါဘူး” လို့ ပြန်ပြောလိုက်သည်။


သူမ သတိမထားမိခင်မှာပဲ ထိုအမျိုးသားရဲ့အလှည့်ကို ရောက်လာခဲ့သည်။ 


ဘေးမှာရှိတဲ့သူက သူ့နားနား ကပ်ပြီး တိုးတိုးလေး ပြောနေတာကို ယွင်လီက တိတ်တိတ်လေး နားစွင့်ကြည့်ပေမဲ့ ဘာစကားသံမှ မကြားရပေ။


တစ်ဖက်တီးတိုးပြောဆိုတာ ပြီးသွားတဲ့အခါမှာ အမျိုးသားက သူမကို စိုက်ကြည့်လာခဲ့သည်။


ယွင်လီလည်း သူ့ရဲ့အကြည့်နဲ့ ဆုံသွားတဲ့အချိန်မှာ မလုံမလဲဖြစ်ကာ ခေါင်းငုံ့လိုက်သည်။


သူတို့နှစ်ယောက် စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်နေခဲ့ကြသည်။


ထိုအမျိုးသားကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရုတ်တရက် စကားစပြောလာခဲ့သည်။


“အနားကို တိုးလာခဲ့လေ”


ယွင်လီတစ်ယောက် အံ့သြသွားပြီး “အာ?” လို့ ရေရွတ်လိုက်မိသည်။


သူ့ရဲ့ စကားသံက ဘာခံစားချက်မှ မပါပေမဲ့ တခြားလူတွေ တစ်မျိုးထင်သွားနိုင်သည်။ ထမင်းစားပွဲက တချို့သူတွေက သူတို့ကို စနောက်ကြတော့သည်။


ထိုအမျိုးသားကတော့ ဘာမှမဖြစ်သလိုမျိုး စားပွဲပေါ်မှာ တံတောင်ဆစ်တင်ပြီး သူ့မေးစေ့ကို လက်နဲ့ အသာထောက်ထားလိုက်သည်။ သူမရဲ့ စိုးရိမ်စိတ်တွေကို သိနေသလိုမျိုး မျက်လုံးတွေက သူမရဲ့ ညာဘက်နားကိုပဲ စူးစူးနစ်နစ် စိုက်ကြည့်နေပြီး ခံစားချက်မပါတဲ့လေသံနဲ့ ထပ်ပြောလိုက်သည်။


💫💫💫