Ch (5.1)
Viewers 416

အခန်း (၅.၁)


စနောက်နေကြတဲ့ တီးတိုးရယ်မောသံတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံနေပါသည်။ ယွင်လီက ဒီလိုအခြေအနေမျိုးကို သဘောမကျပါ။ သူမ နေရခက်လာသည်။ သူမ မော့ကြည့်လိုက်တော့ ဖုရှစ်ဇယ်နဲ့ အကြည့်ချင်းဆုံသွားတာကြောင့် အလိုအလျောက် သူမရဲ့ညာဘက်နားကို အုပ်ကိုင်ထားလိုက်မိသည်။


ရုတ်တရက် သူမစိတ်ထဲ တစ်စုံတစ်ခုကို နားလည်လိုက်ပေမဲ့ တကယ်တမ်းကျတော့လည်း ဘာဆိုတာ သေသေချာချာ မသိပြန်ပေ။ 


ယွင်လီက ဖုရှစ်ဇယ်ရဲ့ အမူအရာကိုကြည့်ပြီး သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာကိုတော့ ခံစားမိပါသည်။


သူမက ခန္ဓာကိုယ်ကို ဘေးစောင်းလိုက်ပြီး ဖုရှစ်ဇယ်ဘက်ကို အနည်းငယ် တိုးသွားလိုက်သည်။ 


ဖုရှစ်ဇယ်ကလည်း သူမလိုပဲ အနားတိုးကပ်လာပြီး သူမရဲ့နားနဲ့ သုံးစင်တီမီတာအကွာမှာ ရပ်တန့်သွားလေသည်။


သူက ခပ်တိုးတိုး ပြောလာတဲ့အခါ သူ့ရဲ့အသက်ရှူသံငွေ့ငွေ့က သူမရဲ့နားထဲ ရိုက်ခတ်လာသည်။ 


"ကွမ်ယင်မယ်တော်က နက်နဲတဲ့ ပညာပါရမီကို ကျင့်ကြံလိုက်တဲ့အခါ ခန္ဓာငါးပါးက သုညတဖြစ်တယ်ဆိုတာကို ဉာဏ်ပညာနဲ့ ထိုးထွင်းသိမြင်သွားပြီးတော့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်သွားတယ်"


"..…"


ဖုရှစ်ဇယ်က သူ့စကားတွေကို ယွင်လီ သေချာကြားရစေဖို့အတွက် ဖြည်းဖြည်းချင်းသာ ပြောပေးလိုက်သည်။ 


ဒါပေမဲ့ သူ့စေတနာတွေက အလဟဿဖြစ်သွားခဲ့သည်။ 


ယွင်လီက ဖုရှစ်ဇယ်ပြောသွားတဲ့ စကားတွေကို တစ်လုံးလေးတောင်မှ နားမလည်လိုက်ပါ။ 


ပိုရှင်းအောင်ပြောရရင်တော့ ယွင်လီအတွက် အခုလို ကြားရတာက ဘာမှမကြားရတာနဲ့ အတူတူပါပဲ။


ဒါက ဘာကြီးလဲ? 


ဗုဒ္ဓကျမ်းစာလား?


ယွင်လီသည် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေခဲ့သည်။ 


ဘေးနားမှာ စကားတစ်ဆင့် ပြောပေးဖို့ စောင့်နေတဲ့ ကျစ်ပုလျောင်က ရယ်မောပြီးတော့ ယွင်လီကို မေးလိုက်သည်။


"ဘာဖြစ်လို့ အဲ့လိုရုပ်ကြီး ဖြစ်နေတာလဲ" 


သူမ ပြန်မဖြေသေးဘဲ အချိန်မဆွဲရဲပါ။ သူမ မမေ့သွားခင် မှတ်မိထားသလောက်ကို အမြန်ပြောဖို့ ကြိုးစားရတော့သည်။ သူမ မှတ်မိတဲ့ တစ်ဝက်နဲ့ ခန့်မှန်းထားတဲ့ နောက်တစ်ဝက်ကို ပေါင်းစပ်ပြီး ရွတ်ဆိုကြည့်လိုက်ရာ အဓိပ္ပာယ်ရှိတဲ့ စကားစုလေး ဖြစ်ပေါ်လာသည်။ 


သူမလိုပဲ ကျစ်ပုလျောင်လည်း ရှုပ်ထွေးနေတာကို မြင်လိုက်ရတဲ့အခါ ယွင်လီ နည်းနည်းတော့ စိတ်သက်သာရာရသွားသည်။ 


အနည်းဆုံးတော့ သူမတစ်ယောက်တည်း အခြေအနေကို ဖျက်ဆီးမိတာမဟုတ်တော့ဘူးပေါ့။


ယွင်လီလည်း စိတ်ဖိစီးမှုတွေ လျော့ကျသွားတော့မှ တခြားလူတွေ ကစားနေတာကို အာရုံစိုက်ပြီး ကြည့်နိုင်တော့သည်။ 


လူတချို့က ညာဘက်နားနဲ့ နားထောင်နေကြတာကို သူမ သတိထားမိသည်။ ဒီလိုဆိုရင် လူအုပ်နဲ့ မျက်နှာချင်းဆိုင်အနေအထားကို ရှောင်နိုင်တဲ့အတွက် သူတို့စကားပြောနေတာကို ဘေးလူတွေ မကြားနိုင်တော့ပါ။ ဒါ့အပြင် ကိုယ့်ဘေးကလူ ပြောတာကို နားထောင်ရတာလည်း ပိုအဆင်ပြေလေသည်။ 


ယွင်လီက ညာဘက်နား အသုံးပြုခဲ့တာကို တခြားလူတွေ ရိပ်မိသွားမလားဆိုပြီး စိုးရိမ်နေမိသည်။ သူမရဲ့အပြုအမူကအရမ်းသိသာသွားပြီလားလို့ ပူပန်နေခဲ့မိလေသည်။ 


သို့သော် တကယ်တမ်းကျတော့ ဒီကိစ္စကို စိတ်မဝင်စားတဲ့သူတွေကတော့ ဘယ်သူတွေက ဘယ်ဘက်နားနဲ့ နားထောင်လဲဆိုတာကို ဂရုစိုက်ကြမှာ မဟုတ်ပါ။ 


တခြားသူတွေ လမ်းလျှောက်တဲ့အခါ ဘယ်ဘက်ခြေထောက်ကို အရင်စလှမ်းလဲဆိုတာကို သူမ ဂရုမစိုက်သလိုပေါ့။


ဒီလိုတွေးမိပြီးနောက် ယွင်လီက ဖုရှစ်ဇယ်ကို ခိုးကြည့်လိုက်မိသည်။


ဒါဆို ခုနတုန်းက Virtual Bungee Jumping ကစားကတည်းက ဖုရှစ်ဇယ်က သူမရဲ့ ဘယ်ဘက်နား အကြားအာရုံချို့ယွင်းတာကို သတိထားမိခဲ့တာလား?  


ဒါပေမဲ့ သူက တိုက်ရိုက်မပြောဘဲ ယွင်လီရဲ့သိက္ခာကို အလေးထားပေးခဲ့သည်။


ဖုရှစ်ဇယ်က သူမ သူ့ကို ကြည့်နေတာကို သတိမထားမိပါ။ သူက စိတ်မဝင်စားဟန်နဲ့ ခေါင်းငုံ့ပြီး ဖုန်းထဲက ဂိမ်းနဲ့သာ အချိန်ကုန်ဆုံးနေခဲ့သည်။


သူက 2048 လို့ခေါ်တဲ့ single-player ဂိမ်းကို ကစားနေတာဖြစ်သည်။ 


အခုဆိုရင် သူက နံပါတ် 1024 အထိ ရောက်နေပါပြီ။


ထိုအချိန်မှာပဲ စကားလုံးတွေကို လက်ဆင့်ကမ်းပြောနေတာကလည်း နောက်ဆုံးလူဆီကို ရောက်ရှိသွားလေပြီ။ 


နောက်ဆုံးတစ်ယောက်ကတော့ ဟယ်ကျားမုံ့ပါ။ လူတိုင်းရဲ့အကြည့်တွေအောက်မှာပဲ သူမက အဖြေကို ယုံကြည်မှုရှိရှိနဲ့ ပြောလိုက်သည်။


"ကွမ်ယင်မယ်တော်က ပိန္နဲသီးစားချင်တယ်" 


"....."


ခဏတာ တိတ်ဆိတ်သွားတဲ့နောက် အခန်းထဲမှာ ရယ်သံတွေ ဆူညံသွားပါတော့သည်။ 


ဟယ်ကျားမုံ့က ကြောင်တောင်တောင်ဖြစ်သွားပြီး ခေါင်းကုတ်ကာ မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ? အဖြေက အဲ့ဒါမဟုတ်ဘူးလား?" 


"သေချာပေါက်ကို မဟုတ်ဘူးပေါ့... ရှောင်ဟယ်ရယ်, ဘယ်လိုတွေများ ပြောလိုက်တာလဲ... အဲ့ဒီလို မြင့်မြတ်တဲ့ စာသားမျိုးကို ဘယ်လိုလုပ်ပြီးတော့များ ဒီလိုပြောင်းလဲလိုက်ရတာလဲ" 


ဖေ့ရွှိန်က ရယ်မောကာ ပြောနေတော့သည်။ 


"ကျွန်မလည်း အဲ့ဒါကို သိချင်နေတာ... စစချင်းကတည်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဆင့်ကဲပြောနိုင်ရတာလဲလို့လေ... အရှေ့မှာ ပြောသွားကြတာတွေကလည်း အရမ်းမြန်နေတော့ ဟိုဘက်ကလူတွေက စာသားတိုတိုလေးပဲ ပေးလိုက်တာနေမှာလို့ ကျွန်မက ထင်နေတာ... အဲ့ဒါကြောင့် ကျွန်မလည်း ဒီဟာကိုကြားကြားချင်း အံ့ဩသွားတာ"  


ရွှီချင်းစုန့်က အရှက်ပြေအနေနဲ့ ခပ်ဟဟ ရယ်မောရင်း တောင်းပန်လိုက်သည်။ 


"တောင်းပန်ပါတယ်ဗျာ... ကျွန်တော် တကယ်ကို မမှတ်မိတော့လို့ပါ... အဲ့ဒါကြောင့် 'နှလုံးသားသုတ်ရဲ့ ပထမဆုံး စာပိုဒ်ကို ရွတ်ဆိုနိုင်ရင် ရွတ်လိုက်ပါ' လို့ပဲ ကျွန်တော်က ပြန်ပြောလိုက်တာပါ" 


* (T/N: နှလုံးသားသုတ် [Heart Sutra] ဆိုတာက ဗုဒ္ဓဘာသာမှာ အထူးသဖြင့် မဟာယာနဗုဒ္ဓဘာသာမှာ အကျော်ကြားဆုံးနဲ့ အတိုဆုံး သုတ္တံတစ်ခုပါ။ နှလုံးသားသုတ်ဆိုတာက အရာရာရဲ့ အမှန်တရားကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်ပညာကို လမ်းညွှန်ပေးတဲ့ အလွန်အစွမ်းထက်တဲ့ သုတ္တံတစ်ခု ဖြစ်ပါတယ်။) 


သူ့နောက်မှာ အစဉ်လိုက်‌ပြောခဲ့တဲ့ လူတချို့ကလည်း ရယ်‌နေတာကို ခဏရပ်ကာ ဝင်ပြောလာကြသည်။ 


"ဟုတ်တယ်, ကျွန်တော်လည်း အတူတူပဲ" 


"ကျွန်မလည်း အဲ့ဒီလိုပဲ" 


"ဟုတ်တယ်... ကျွန်မရောပဲ" 


"...."


"...."


ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ရွှီချင်းစုန့်ရဲ့စကားကို ထောက်ခံလာကြရင်း ဖုရှစ်ဇယ်ဆီမှာ အဆုံးသတ်သွားသည်။


အဓိက တရားခံကို သိသွားကြပြီးတဲ့နောက်မှာ ထိုကိစ္စကို ထပ်မပြောတော့ကြပါ။ သူတို့အားလုံးက ဖုရှစ်ဇယ်လို ဗဟုသုတကြွယ်ဝတဲ့သူအနေနဲ့ နှလုံးသားသုတ္တံရဲ့ ပထမဆုံးစာပိုဒ်ကို မှတ်မိနေတာက သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးလို့ ယူဆခဲ့ကြသည်။


မကြာခင်မှာပဲ တစ်ဖက်စားပွဲဝိုင်းကလည်း စကားလက်ဆင့်ကမ်းခြင်း ကစားပွဲကို ပြီးဆုံးသွားပြီး စာလုံးတစ်လုံးတည်းနဲ့ အနိုင်ရသွားလေသည်။


အပျော်သဘော စနောက်ပြောဆိုကြပြီးနောက်မှာတော့ လူတွေက ပြန်ဖို့ ပြင်ဆင်ကြတော့သည်။


ယွင်လီက ဖုရှစ်ဇယ်ကို စကားပြောဖို့ တွေဝေနေမိသည်။ ခဏကြာမှ မဝံ့မရဲနဲ့ စကားစလိုက်သည်။


"ဟိုလေ..."


ဖုရှစ်ဇယ်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီးတော့ သူမကို ကြည့်လာသည်။ 


သူ့ရဲ့ မျက်တောင်လေးတွေက ရှည်လျားပြီး မျက်ရစ်ပါးပါးနဲ့ မျက်လုံးထောင့်စွန်းတွေက အပေါ်ကို ကော့တက်နေတာကြောင့် သူ့မျက်ဝန်းတွေက အေးစက်ပြီး ခက်ထန်တဲ့ပုံ ပေါက်နေစေသည်။ အဲ့ဒီမျက်လုံးတွေက ဘာခံစားချက်မှ မရှိတဲ့အခါမှာတော့ တဖက်လူကို ကြောက်ရွံ့သွားစေလောက်အောင် ကြောက်ဖို့ကောင်းနေသည်။


"စောစောတုန်းက ရှင် ကျွန်မကို အနားပိုတိုးလာဖို့ ပြောတာကလေ..." 


ယွင်လီ စကားဆက်ပြောဖို့ ဝန်လေးနေပေမဲ့ ဆက်ပြောလိုက်ပါသည်။ 


"ရှင် သိနေတာလား..."


— ကျွန်မက ဘယ်ဘက်နားနဲ့ မကြားရဘူးဆိုတာကို ရှင် သိနေခဲ့တာလား?


ယွင်လီက စကားဆက်ပြောလိုက်ရင် အဖြေကို ပေးလိုက်သလို ဖြစ်သွားတော့မှာမို့လို့ ရုတ်တရက် ပြောနေတာကို ရပ်လိုက်ပြီး သူ့ကိုပဲ ကြည့်နေလိုက်သည်။


ဖုရှစ်ဇယ်က ဘာမှမတုံ့ပြန်ပါ။


ယွင်လီက ထစ်ထစ်အအနဲ့ မေးလိုက်သည်။


"ရှင် ဘာလို့ ဘာမှမပြောတာလဲ"  


ဖုရှစ်ဇယ်က သူမကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။


"မင်းစကားဆုံးအောင် မပြောရသေးဘူး" 


"..…" 


ထိုအခါ ယွင်လီက မေးခွန်းကို ပြန်ပြင်လိုက်သည်။


"ကျွန်မ ပြောချင်တာက, ခုနတုန်းက ရှင် ဘာလို့ ကျွန်မကို ပိုနီးနီးကပ်ကပ် နေခိုင်းတာလဲ" 


သူမရဲ့စကား ပြီးဆုံးသွားတဲ့အခါ သူမတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားကြသည်။


လူတွေရဲ့ ပျားပန်းခပ် လှုပ်ရှားသွားလားနေတဲ့ကြားမှာ တိတ်ဆိတ်ငြိမ်သက်သွားတဲ့ အခိုက်အတန့်လေးတစ်ခု ရှိသွားခဲ့သည်။ 


ယွင်လီက သူ အမှန်အတိုင်းပြောတော့မယ်လို့ ထင်နေချိန်မှာပဲ ဖုရှစ်ဇယ်က ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး အရေးမကြီးဟန်နဲ့ ပေါ့ပေါ့ပါးပါး ပြောလာသည်။ 


"စည်းကမ်းအရ ကျွန်တော်တို့ပြောတာကို ဘယ်သူမှ ကြားလို့မရဘူးလေ" 



💫💫💫