အခန်း (၅.၂)
ဒီအနီးနားမှာ KTV တစ်ခု ရှိသည်။
ရွှီချင်းစုန့်က ဒီနေရာရဲ့ VIPဖြစ်ပုံရသည်။ ကြိုတင်ဘိုကင်တင်စရာမလိုဘဲ ဆိုင်ရဲ့ဝန်ထမ်းတွေက သူမတို့တွေကို ချက်ချင်းပဲ အခန်းထဲကို ခေါ်သွားပေးသည်။
အခန်းက အတော်လေးကျယ်ဝန်းသည်။ အလယ်မှာ လှေကားသုံးထစ်ခံထားပြီး အပေါ်ထပ်နဲ့ အောက်ထပ်ကို ပိုင်းခြားထားတဲ့အတွက် လူဆယ်ယောက်ကျော်လောက်တော့ အေးအေးဆေးဆေး ဆံ့သည်။
အချိုရည်တွေ၊ မုန့်တွေနဲ့ သစ်သီးပန်းကန်တွေ တစ်ခုပြီးတစ်ခု လာပို့ပေးသည်။
တချို့က မိုက်ခရိုဖုန်းယူပြီး သီချင်းတွေ စဆိုနေကြပြီ။ သီချင်းဆိုမယ့်သူက များလွန်းလို့ သီချင်းရွေးချယ်တဲ့ screenမှာလည်း သီချင်းတွေ အမြဲပြည့်နေတော့သည်။ ကျန်တဲ့လူတွေကတော့ အုပ်စုလိုက်ဖွဲ့ပြီး ကတ်ကစားတာလည်း ရှိသလို အန်စာတုံးကစားတဲ့သူတွေလည်း ရှိကြလေသည်။
ယွင်လီလို လူတချို့ကတော့ ဘေးမှာထိုင်ကာ စကားပြောလိုက် သီချင်းနားထောင်လိုက်နဲ့ပါပဲ။
စားပွဲဝိုင်းမှာ လူခုနစ်ယောက်၊ ရှစ်ယောက်လောက် ထိုင်နေကြပြီး အဲ့ဒီထဲမှာ ယွင်လီ နာမည်တောင်မသိတဲ့သူတွေလည်း ရှိသည်။
ရွှီချင်းစုန့်ကတော့ အလယ်မှာ ထိုင်ရင်း တခြားလူတွေနဲ့ ခွက်ချင်းတိုက်ကာ ပြုံးရယ်ပြီး စကားပြောနေသည်။ အစောပိုင်းက သူနဲ့အတူ ရောက်လာတဲ့လူကိုတော့ ဘယ်နေရာမှ မမြင်မိပါ။
သူမ မျက်လွှာချကာ ဖုန်းကို ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် ဘေးနားပတ်ဝန်းကျင်ကို စူးစမ်းကာ ကြည့်လိုက်သည်။
ထိုအချိန်မှာပဲ အမျိုးသမီးတစ်ယောက်က ရွှီချင်းစုန့်ကို စနောက်တဲ့သဘောဖြင့် ပြောနေသည်။
"မစ္စတာရွှီ, ရှင်ခေါ်လာတဲ့ ရုပ်ချောတဲ့ ရှောင်ကောကောက ဘယ်ရောက်သွားပြီလဲ... ရှုံးပြီးမှတော့ ပိုက်ဆံရှင်းဖို့ ဒီမှာရှိနေရမှာမဟုတ်ဘူးလား"
ထိုစကားကြောင့် ယွင်လီရဲ့အာရုံက စကားဝိုင်းဆီ ရောက်သွားသည်။
ရွှီချင်းစုန့်က သက်ပြင်းအသာချကာ "သူ နေမကောင်းလို့ပါ... ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါ" လို့ ပြန်ဖြေလိုက်သည်။
တုကောဖေးဆိုတဲ့ အမျိုးသမီးက Live streaming လုပ်သူတစ်ယောက် ဖြစ်သည်။ ဟယ်ကျားမုံ့ပြောတာအရဆိုရင် ဒီအမျိုးသမီးက ဒီနေ့ပွဲမှာပါတဲ့ ယောကျ်ားလေးတွေရဲ့ WeChat ကို လိုက်တောင်းခဲ့သူပင်။ တုကောဖေးက မေးထောက်ကာ ရွှီချင်းစုန့်ကိုကြည့်ပြီးတော့ ထပ်မေးလာပြန်သည်။
"သူ့ရည်းစားက သူ့ကို လိုက်စစ်ဆေးလို့လား"
ရွှီချင်းစုန့်က ဘာကိုမှ ရေရေရာရာ ပြန်မဖြေခဲ့ပါ။
တုကောဖေးက ဆက်ပြောလိုက်သည်။
"ကျွန်မ သူ့ WeChatကို တောင်းဖို့တောင် အခွင့်အရေး မရလိုက်ဘူး"
ရွှီချင်းစုန့်က သူမရဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကို သဘောမပေါက်ဘဲ သက်ပြင်းချကာ "နှမြောစရာပဲ" လို့ ပြောလိုက်သည်။
"....."
တုကောဖေး အံ့အားသင့်သွားရသလို စားပွဲဝိုင်းက လူတစ်ယောက်ကလည်း ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားရလေသည်။
ယွင်လီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အနည်းငယ်သာ ပြုံးမိလိုက်သည်။ သူမစိတ်ထဲ ပျော်ရွှင်သလို ခံစားရပေမဲ့ ခဏအကြာမှာတော့ စိုးရိမ်ပူပန်မှုတွေ ဝင်ရောက်လာခဲ့သည်။
ဒီခံစားချက်က ရုတ်တရက် ဖြစ်ပေါ်လာတာဖြစ်ပြီး နေရောင်ခြည်ဒဏ်ခံရတဲ့ ပန်းလေးတစ်ပွင့်လို ညှိုးနွမ်းပျက်စီးသွားသည်။
ဒါ့အပြင် ဆုတောင်းပြည့်ရေကန်ထဲကို ပစ်ထည့်လိုက်တဲ့ ဒင်္ဂါးပြားက ကန်ထဲကို မဝင်ဘဲ ဘေးကို လွင့်စင်သွားသလိုမျိုးလည်း ခံစားနေရပါသည်။
ခဏကြာတော့ ဟယ်ကျားမုံ့က ယွင်လီအနားကို တိုးကပ်လာပြီး တိုးတိုးလေး ပြောလာသည်။
"ဆရာမရှန်းယွင်, သန့်စင်ခန်းသွားချင်လား... ဒါပေမဲ့ ဒီအခန်းထဲက သန့်စင်ခန်းကို သုံးရမှာ စိတ်မလုံဘူးဖြစ်နေတယ်"
ထိုအခါမှ ယွင်လီလည်း အတွေးထဲနစ်မျောနေရာမှ သတိပြန်ဝင်လာသည်။
"အင်း, သွားမယ်လေ... ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"
သူမတို့နှစ်ယောက် သီးသန့်အခန်းထဲကနေ ထွက်လာပြီးနောက် မှောင်ရိပ်ကျနေတဲ့ စင်္ကြံလမ်းဘက် ရောက်သွားသည်။ ဒီနေရာက မီးလုံးတွေကို အဝတ်နဲ့ အုပ်ထားသလိုမျိုး အလင်းက မှိန်ဖျော့နေသည်။
နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်လျှောက်သွားပြီးနောက် အများသုံးသန့်စင်ခန်းဆီ ရောက်သွားသည်။ သန့်စင်ခန်းထဲ ဝင်လိုက်တဲ့အခါ အုပ်ထားတဲ့ အဝတ်ကို ဖယ်လိုက်သလိုမျိုး အလင်းရောင်က ရုတ်တရက် လင်းထိန်သွားသည်။
ကိစ္စရှင်းပြီးနောက် ယွင်လီက လက်ဆေးဖို့ ထွက်လာသည်။
အပြင်မှာ ရောက်နှင့်နေပြီးသားဖြစ်တဲ့ ဟယ်ကျားမုံ့က ယွင်လီကိုကြည့်ပြီး အထိတ်တလန့် မေးလိုက်သည်။
"ဆရာမရှန်းယွင်, ရှင့်နားရွက်က ဘာလို့ နီရဲနေတာလဲ"
အဲ့ဒီလိုပြောတာကိုကြားတော့ ယွင်လီက မှန်ထဲမှာ အမြန်သွားကြည့်လိုက်သည်။
ဟယ်ကျားမုံ့က သူမကို ကြည့်ပြီးတော့ ထပ်ပြောလာသည်။
"နီတာက ညာဘက်တစ်ဖက်တည်းပဲ"
"....."
ယွင်လီလည်း သူမရဲ့ နားတစ်ဖက်ရဲနေတာကို အခုမှ သိလိုက်ရတာဖြစ်သည်။
"ဘယ်လိုလုပ်နီနေတာပါလိမ့်... ကျွန်မလည်း အခုမှသိတာ"
ဟယ်ကျားမုံ့က တခစ်ခစ်ရယ်ရင်း "ဒါဆို ဖြစ်နိုင်တာက...."
"အခုနက ရုပ်ချောချောနဲ့ ရှောင်ကောကောက ရှင့်နားနား ကပ်ပြောတာ အရမ်းနီးသွားလို့များလား"
"ဟင့်အင်း, မဟုတ်ပါဘူး... အဲ့လိုမဟုတ်ဘူး"
ယွင်လီက အလျင်အမြန် ငြင်းလိုက်သည်။
ဟယ်ကျားမုံ့က ယွင်လီပြောတာကို မယုံကြည်ဘဲ ဆက်ပြောလိုက်သည်။
"အဲ့ဒီလူက ရေခဲတုံးလိုပဲ... ရှင်လည်း မြင်မှာပါ, ဘယ်သူမှ သူ့ကို စကားတောင် သွားမပြောရဲကြဘူးဘေ... ဒါပေမဲ့ ဒီလိုလူမျိုးက တက်တက်ကြွကြွနဲ့ flirt တတ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ဟယ်ကျားမုံ့ရဲ့ စကားတွေကို ယွင်လီ မချေပနိုင်တော့ပါ။ ထို့ကြောင့် ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။
"ရှင် သူ့ကိုသိလား"
"ဟင့်အင်း, ကျွန်မလည်း မသိဘူး... ကျွန်မက ဌာနချုပ်မှာပဲ အနေများပြီး ဒီဘက်ကို သိပ်မလာဖြစ်ဘူးလေ... ခုနက လုပ်ဖော်ကိုင်ဖက်တစ်ယောက် ပြောတာကတော့ ဒီမနက်က ဆိုင်မှာ သူ့ကိုတွေ့လိုက်တယ်တဲ့"
ဟယ်ကျားမုံ့က သူမ သိသလောက် ပြန်ဖြေလိုက်သည်။
"ဪ?"
"သူက သူဌေးရဲ့ မိတ်ဆွေလေ... ဒီရက်ပိုင်း သူဌေးကို လာကူပေးနေတာ... အခုတော့ EAW မှာပဲ အလုပ်ဝင်တော့မယ်လို့ ကြားတယ်"
ဟယ်ကျားမုံ့က စိတ်လှုပ်ရှားစွာ ဆက်ပြောပြနေသည်။
"ကျွန်မ တကယ်ကံကောင်းတာပဲ... စောစောတုန်းက သူ mask kချွတ်တာကို မြင်လိုက်ရတယ်... အဲ့ဒီတုန်းက ကျွန်မဘေးမှာ သူဌေးရှိနေပေမဲ့ ကျွန်မ ခဏလောက်တော့ ကောင်းကင်ဘုံကို ရောက်သွားသလိုတောင် ခံစားလိုက်ရတာ"
"..…"
"ဒါပေမဲ့ ရိုးရိုးသားသားပြောရရင်တော့ ကျွန်မ နည်းနည်း စိတ်ပူနေမိတယ်"
"ဘာကိုလဲ"
ဟယ်ကျားမုံ့က အားတက်တရော ပြောပြလိုက်သည်။
"ဆရာမရှန်းယွင်ရော ဒီရှောင်ကောကောက ချဉ်းကပ်ရတာ ခက်မယ်လို့ မထင်မိဘူးလား? ပြီးတော့ ဒီလိုမျိုး အဆက်အသွယ်နဲ့ ဝင်လာတဲ့လူတွေက အလုပ်ကြိုးစားလေ့ မရှိကြဘူးလေ..."
သူမက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောလာသည်။
"နောက်ပြီးတော့ သူ့ပုံစံက အေးတိအေးစက်နဲ့ နည်းနည်းလည်း ကြောက်ဖို့ကောင်းတယ်"
ဒီတစ်ခါတော့ ယွင်လီက ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘဲ ထိုလူကို ကာကွယ်ပေးလိုက်မိလေသည်။
"မစ္စတာရွှီပြောတာ အဲ့ဒီလူက နေမကောင်းဘူးဆို... နေရထိုင်ရတာ မကောင်းလို့ စကားသိပ်မပြောတာလည်း ဖြစ်နိုင်ပါတယ်"
ထိုအခါမှ ဟယ်ကျားမုံ့က "အာ~ ဟုတ်သားပဲ... ကျွန်မ အဲ့ဒါကို မေ့သွားလို့" ဆိုပြီး ပြောလာသည်။
.
.
လူအများစုက နောက်နေ့အတွက် လေယာဉ်လက်မှတ်တွေ ကြိုတင်ဝယ်ထားကြတဲ့အတွက် ဒုတိယအကြိမ် တွေ့ဆုံပွဲကတော့ အချိန်သိပ်မကြာလိုက်ပါ။
ဟိုတယ်ကို ပြန်ရောက်တော့ သန်းခေါင်ကျော်နေပြီဖြစ်ပြီး ယွင်လီက လန်းဆန်းသွားအောင် ရေချိုးလိုက်သည်။
ယွင်လီသည် ပင်ပန်းနွမ်းနယ်စွာနဲ့ ကုတင်ပေါ် လှဲချလိုက်ပြီး စောင်ပုံထဲ တိုးဝင်လိုက်တော့သည်။ အခုချိန်မှာ အိပ်ဖို့ကလွဲပြီး တခြားဘာကိုမှ မလိုချင်တော့ပါ။ သူမစိတ်ထဲတွင် ကမ္ဘာကြီးပျက်စီးသွားရင်တောင်မှ မနိုးထဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်မိတော့သည်။
လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာက တကယ်ကို ပင်ပန်းတာပဲ။
သူမ ဘယ်လိုလုပ်ပြီးတော့များ KTV ကို ရောက်သွားတာပါလိမ့်လို့ တွေးရင်း ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩနေမိတော့သည်။
ခဏအကြာမှာ ယွင်လီက မျက်လုံးတွေ ဖွင့်လိုက်ပြီး မျက်နှာကျက်အဖြူရောင်ကို စိုက်ကြည့်နေမိသည်။ ထို့နောက် ရုတ်တရက် သူမရဲ့ညာဘက်နားရွက်ကို လက်နဲ့ စမ်းကြည့်လိုက်သည်။
အခုတော့ နားက မပူတော့ပါ။
နောက်တစ်နေ့မနက်တွင် ယွင်လီက အခုလောလောဆယ်တော့ နန်ဝူကနေ ပြန်ဖြစ်ဦးမှာမဟုတ်လို့ သူမအတွက် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားစရာ မလိုသေးကြောင်း ဟယ်ကျားမုံ့ကို ပြောလိုက်သည်။
ဟယ်ကျားမုံ့က ယွင်လီကို အဆင်ပြေကြောင်းပြောပြီး သူမ ဟိုတယ်မှာ နောက်တစ်ပတ် ဆက်နေဖို့အတွက် အခန်းသက်တမ်း တိုးပေးလိုက်သည်။
ယွင်လီမှာ ဒီနေ့အတွက် ဘာအစီအစဉ်မှ မရှိပေ။ အိပ်ရာကနေ မထချင်ထချင်နဲ့ ပျင်းတိပျင်းရွဲ ထလာပြီးတော့ မနက်စာ မှာစားလိုက်သည်။
ပြီးတော့မှ တစ်စုံတစ်ခုကို တွေးမိသွားပြီး တန့်ချူးချီဆီကို စာပို့ကာ ဘယ်အချိန် အားလဲ၊ အားတဲ့အခါ သူမတို့နှစ်ယောက် ထမင်းအတူစားရအောင်လို့ မေးလိုက်သည်။
သူမ စာပို့ပြီးနောက် တစ်စက္ကန့်အကြာမှာပဲ တန့်ချူးချီက သူမဆီ ဖုန်းခေါ်လာသည်။
"အေး, ငါ အခု ထမင်းစားနေတာ... စာရိုက်ရမှာပျင်းလို့ ဖုန်းပဲ ခေါ်လိုက်တာ... နင် ရှီးဖူကို ဘယ်တော့ပြန်မှာလဲ"
"ငါ ပြန်ဖြစ်မယ်မထင်ဘူး"
"ဟင်? ဘာလို့လဲ"
တန့်ချူးချီက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒီလကုန်ရင် ပြန်ရမှာ မဟုတ်ဘူးလား"
'အိမ်ကနေ ထွက်ပြေးလာတယ်' ဆိုတဲ့စကားက ရှက်စရာကောင်းတဲ့အတွက် ယွင်လီအနေနဲ့ ဒါကို လူတကာသိအောင် ထုတ်မပြောချင်ပါ။
💫💫💫