Ch (5.3)
Viewers 422

အခန်း (၅.၃)


"အိမ်ပြန်ရောက်လည်း ဘာမှ လုပ်စရာမရှိဘူးလေ... ဒီမှာနေပြီး ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်တာက ပိုကောင်းမယ်ထင်လို့ မပြန်တော့တာ"


"အင်း, ကောင်းပါတယ်... အဲ့ဒါဆို နင် ငါနဲ့လာနေမလား" 


တန့်ချူးချီက ယွင်လီလည်း နန်ဝူမှာပဲ ဆက်နေတော့မှာဆိုတော့ သူမနဲ့အတူ လာနေမလားလို့ မေးလိုက်သည်။ 


တန့်ချူးချီ : "ငါ့အခန်းဖော်က သဘောကောင်းပါတယ်... အခန်းကတော့ နည်းနည်းကျဉ်းတယ်... ဒါပေမဲ့ နင် လာနေလို့ရတယ်နော်"


ယွင်လီ : "ရတယ်, ရတယ်... ငါ အခုတည်းနေတဲ့ ဟိုတယ်အခန်းက နောက်တစ်ပတ်စာအထိ ပိုက်ဆံပေးထားပြီးသား... ပြီးတော့ ဒီမှာပဲ ‌ကြာကြာနေဖြစ်တော့မှာဆိုတော့ တိုက်ခန်းတစ်ခန်းငှားဖို့ စဉ်းစားထားတယ်... အဲ့ဒါကြောင့် ငါ ဒီရက်ပိုင်းထဲ အခန်းငှားတဲ့ website တွေမှာ တိုက်ခန်းတွေ လိုက်ကြည့်နေတာ... အခန်းတစ်ခန်းတော့ တွေ့ထားတယ်, အခန်းက တော်တော်လေး ကောင်းတယ်... အပြင်မှာ အခန်းသွားကြည့်ရင် နင် ငါနဲ့အတူ လိုက်ကြည့်ပေးလို့ရလား" 


တန့်ချူးချီ : "ဒါပေါ့! လိုက်ကြည့်ပေးမယ်လေ... ဒီတစ်ပတ်ပိတ်ရက်မှာ သွားကြည့်ကြရင်ရော ဘယ်လိုလဲ? အဲ့ဒါဆိုရင်တော့ ငါ အားတယ်" 


ယွင်လီက ပြုံးပြီး 'အင်း, ကောင်းတာပေါ့... ပိတ်ရက်ကျရင် သွားကြည့်ရအောင်' လို့ ပြန်ပြောလိုက်သည်။ 


"ဒါဆို နင်က ကျောင်းအဆောင်မှာ မနေတော့ဘူးလား" လို့ တန့်ချူးချီက ထပ်မေးလိုက်သည်။


ယွင်လီ :  "ကျောင်းအဆောင်မှာလည်း နေမှာ... ဒါပေမဲ့ ငါက တစ်ခါတလေကျရင် ဗီဒီယိုရိုက်ရဦးမှာဆိုတော့ အဲ့ဒီအတွက် နေရာလိုတယ်... မဟုတ်ရင် ငါ့ကြောင့် အခန်းဖော်တွေ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့လေ" 


သူမတို့နှစ်ယောက် အချိန်အတော်ကြာ ဖုန်းပြောခဲ့ကြသည်။ ယွင်လီလည်း မှာထားတဲ့ အစားအစာကို စားရင်း ဇာတ်လမ်းတွဲဟောင်းတစ်ခုကို ထိုင်ကြည့်နေလိုက်သည်။


ညနေစောင်းအထိ TV ထိုင်ကြည့်နေခဲ့သည်။ နေဝင်ခါနီးအချိန်လောက်မှာ ဟယ်ကျားမုံ့ဆီက မက်ဆေ့ခ်ျတစ်စောင် ဝင်လာသည်။ 


မနေ့က အစမ်းကစားခဲ့တဲ့ trial project ဗီဒီယိုတွေကို သူမရဲ့အီးမေးလ်ထဲ ပို့လိုက်ပြီလို့ ပြောလာသည်။


ယွင်လီလည်း "ကောင်းပါပြီ" လို့သာ ရိုးရိုးရှင်းရှင်းပဲ ပြန်စာပို့လိုက်သည်။


တိုက်ခန်းတစ်ခန်း ငှားတော့မယ်ဆိုရင် နောက်ရက်တွေမှာ အလုပ်ရှုပ်လာနိုင်ပါသည်။ 


ဒါ့ကြောင့် ယွင်လီက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အရင်တည်းဖြတ်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။ ကင်မရာထဲက SD card ကို ဖြုတ်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်သည်။ 


သူမ ရိုက်ထားတဲ့ ဗီဒီယိုအပိုင်းတွေကို ကြည့်နေရင်း bungee jumping ခုန်ချတဲ့ အပိုင်းကိုရောက်တော့ ခဏရပ်လိုက်သည်။


ယွင်လီသည် ထိုပရောဂျက်ကို ကစားပြီးနောက် တခြားနေရာကို ချက်ချင်း ထွက်သွားခဲ့သည်။ သို့သော် သူမရဲ့ကင်မရာကို ကင်မရာထောက်တိုင်ပေါ်မှာ တင်ထားလျက်အတိုင်း ထားခဲ့ပြီး အဲ့ဒီနေရာကနေ ထွက်လာခဲ့မိလေသည်။ 


ဒါကို လမ်းတစ်ဝက်ရောက်မှ သတိရသွားလို့ တစ်ခေါက်ပြန်လှည့်ကာ ကင်မရာကို သွားယူခဲ့ရသေးသည်။ 


ဗီဒီယိုဖိုင်ထဲမှာ သူမ ထွက်သွားပြီးနောက်ပိုင်း မြင်ကွင်းတစ်ခုကို မှတ်တမ်းတင်ထားသည်—


တုကောဖေးက ထိုလူအနားကို ချဉ်းကပ်သွားနေသည်။ 


"ဒီဂိမ်းကို ကျွန်မလည်း ကစားကြည့်ချင်တယ်... ဒါက ဘယ်လိုလုပ်ရတာလဲ" 


ထိုအမျိုးသားက အခုတစ်ကြိမ်မှာတော့ ယဉ်ကျေးဖော်ရွေစွာ စကားမပြောတော့ဘဲ သူ့လက်ထဲမှာကိုင်ထားတဲ့ VR နားကြပ်ကို တစ်ချက်ကြည့်ကာ စကားကို ခပ်ပြတ်ပြတ်ပဲ ပြောလိုက်လေသည်။


"ဝန်ထမ်းကို မေးလိုက်"


အဲ့ဒီနောက် ယွင်လီက ကင်မရာကိုယူဖို့ ပြန်လှည့်သွားခဲ့ပြီး တုကောဖေးကလည်း ဘာမှထပ်မပြောတော့ဘဲ ထွက်သွားလေသည်။


"..…" 


ဟယ်ကျားမုံ့ပြောတဲ့ လူရင်းအဆက်အသွယ်နဲ့ ဝင်တဲ့သူတွေက အလုပ်ကြိုးစားလေ့မရှိဘူးဆိုတဲ့ စကားက မှန်ကန်နေတာကို ယွင်လီ သိလိုက်ရသည်။


ယွင်လီသည် နားမလည်နိုင်တဲ့အကြောင်းရင်းတစ်ခုကြောင့် ထိုလူက သူမကို ဘေးကင်းလုံခြုံရေးကြိုး ဝတ်ဆင်ပေးတဲ့အပိုင်းကို ပြန်ရစ်ပြီး ထပ်ကြည့်လိုက်မိသည်။ 


သူ့မှာ စိတ်မရှည်တဲ့ အမူအရာတွေရှိနေတာကိုသိသော်လည်း တခြားသူတွေကို ဆက်ဆံတာနဲ့မတူဘဲ သူမအပေါ် ကောင်းပေးတယ်လို့ ခံစားနေရတာကိုတော့ မတားဆီးနိုင်ခဲ့ပါ။


အဲ့ဒီနောက် သူမက ဘာမှမဖြစ်သလိုမျိုး စိတ်ကို တည်ငြိမ်ပေါ့ပါးအောင် ကြိုးစားလိုက်သည်။ အီးမေးလ်ကို ဖွင့်ကာ ဟယ်ကျားမုံ့ ပို့ထားတဲ့ compressed file ကို ဒေါင်းလုဒ်ဆွဲလိုက်သည်။ 


ခဏစောင့်ပြီးနောက် ဖိုင်ကို zip ဖြည်ကာ ဖွင့်ကြည့်လိုက်သည်။


ဖိုင်တွေကို ပရောဂျက်နာမည်တွေနဲ့ တပ်ပေးထားတာကြောင့် ဗီဒီယိုတွေကို ပြန်ရှာကြည့်ဖို့ သူမအတွက် ပိုလွယ်ကူသွားသည်။ ဗီဒီယိုတစ်ခုရဲ့ thumbnail ကို မြင်လိုက်ရချိန်မှာ ယွင်လီရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပါတော့သည်။


ဟယ်ကျားမုံ့ရဲ့ အမှားကြောင့်လားတော့ မသိပေမဲ့ ဒီဖိုင်က သူမ ရိုက်ကူးခဲ့တဲ့ ဘယ်ပရောဂျက်တစ်ခုမှ မဟုတ်ပါ။ 


ထိုအစား စောစောတုန်းက သူမ အာရုံစိုက်ပြီး ကြည့်နေမိခဲ့တဲ့ မျက်နှာပိုင်ရှင်ရဲ့ ပုံရိပ်တွေသာ ပါဝင်နေခဲ့သည်။


mask မတပ်ထားတဲ့ ပုံရိပ်တွေပေါ့။


ယွင်လီက နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး နောက်တော့ အဲ့ဒီဖိုင်ကို ဖွင့်ကြည့်လိုက်သည်။


ဖုရှစ်ဇယ်က ဗီဒီယိုရိုက်ဖို့ မရည်ရွယ်ဘဲ ခလုတ်ကို မတော်တဆနှိပ်မိလို့ ရိုက်မိသွားတာဖြစ်နိုင်သည်။ သူက ကင်မရာကိုတောင် ကြည့်မနေပါ။ Remote ကို ကိုင်ထားပြီး တစ်ခုခုကို ချိန်ညှိနေပုံရသလို ဒီအတိုင်း အပျင်းပြေဆော့နေတယ်လို့လည်း ထင်ရပြန်သည်။


မြင်ကွင်းကတော့ မတည်ငြိမ်ဘဲ လှုပ်ယမ်းနေသည်။ 


တစ်ခါတလေ မျက်နှာကျက်နဲ့နီးကပ်တဲ့အထိ အမြင့်ပေ မီတာပေါင်းများစွာ မြင့်တက်သွားတာကြောင့် ဘေးနားက ဂိမ်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ တစ်ခါတစ်ရံမှာတော့ ကြမ်းပြင်အထိ နိမ့်ဆင်းသွားပြီး ကြမ်းပြင်ပေါ်က ပုံရိပ်တွေကိုပဲ မြင်ရတော့ပြန်သည်။


ယွင်လီ ရုတ်တရက် မှတ်မိသွားသည်။ 


ဒီဒရုန်းက ဒီနေ့ club မှာ သူမတွေ့ခဲ့တဲ့ ဒရုန်းနဲ့ အတူတူပဲဆိုတာကို မှတ်မိသွားသည်။ 


ဗီဒီယိုရဲ့အဆုံးမှာ တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်ပုံရသည်။


အဲ့ဒီလူက ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ စက္ကန့်အနည်းငယ်ကြာတော့ ဒရုန်းက အပေါ်ကနေ မြေပြင်ပေါ်ကို ပြန်ကျလာပြီး အဲ့ဒီမှာပဲ ဗီဒီယိုဖိုင်က ပြီးဆုံးသွားသည်။ 


ဒီလုပ်ရပ်ကြောင့်ပဲ အဲ့ဒီလူရဲ့ပုံစံက ယွင်လီရဲ့စိတ်ထဲမှာ ပိုပြီးတော့ ထင်ရှားလာတော့သည်။


ခဏလောက် စဉ်းစားလိုက်ပြီးနောက် ယွင်လီ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူမ ချက်ချင်းပဲ E-station websiteကို ဖွင့်ကာ အရင်က ကြည့်ခဲ့ဖူးတဲ့ ဗီဒီယိုတစ်ခုကို ရှာလိုက်သည်။


ဒီဗီဒီယိုက နဂိုတုန်းက E-stationမှာ ဆွေးနွေးမှုတစ်ခုအဖြစ် တင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ video sectionမှာ ပြန်တင်ခဲ့တာဖြစ်သည်။


အဲ့ဒါက အရင်တုန်းက ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများ စက်ရုပ်ပြိုင်ပွဲက ဗီဒီယိုပါ။


အဲ့ဒီဗီဒီယိုက လူတစ်ယောက်တည်းကိုပဲ အဓိကထားပြီး တည်းဖြတ်ထားတာ ဖြစ်သည်။


အရပ်ရှည်ပြီး ရုပ်ရည်ချောမောတဲ့ လူငယ်လေးတစ်ဦးက လက်မောင်းမှာ လပုံတံဆိပ်ပါတဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့ကျောဘက်မှာတော့ ရှီးဖူ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်ရဲ့ အမှတ်အသားနဲ့ 'Unique' ဆိုတဲ့ အသင်းနာမည်ကို မြင်တွေ့နေရသည်။


ထိုလူငယ်လေးက remote တစ်ခုကို ကိုင်ထားပြီး သူ့ရှေ့က စက်ရုပ်ကို အာရုံစိုက်ကာ ထိန်းချုပ်နေသည်။ 


အနိုင်ရရှိကြောင်း ကြေညာလိုက်တာနဲ့ သူ့ဘေးနားက လူတွေက ဝမ်းသာအားရ အော်ဟစ်ခုန်ပေါက်ပြီး ပျော်ရွှင်နေကြသည်။ 


လူငယ်ကောင်လေးက အရမ်းကို ချောမောပေမဲ့ မျက်နှာပေါ်မှာတော့ အပြုံးအရယ်မရှိပါ။ အေးဆေးတည်ကြည်တဲ့ဟန်ပန်နဲ့သာ မတ်တတ်ရပ်နေသည်။ 


သို့သော် အခုလို အေးစက်စက်ပုံစံမျိုး မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ပုံစံမျိုးသာ ဖြစ်သည်။ 


အဲ့ဒီအချိန်မှာ သူ့ရဲ့ အသင်းဖော်တစ်ယောက်က သူ့ကို အတင်းအကျပ်ပြေးဖက်လိုက်လေသည်။ သူက သဘောမကျဟန် မျက်မှောင်ကြုတ်သွားပြီး ခဏလောက် ရုန်းကန်နေပေမဲ့ နောက်ဆုံးမှာတော့ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်တွေ ပေါ်လာခဲ့သည်။ 


ဆယ်ကျော်သက်အရွယ်မှာ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ မလိုသလို လူငယ်ဘဝရဲ့ စိတ်အားထက်သန်မှုတွေလည်း ပြည့်နှက်နေတဲ့အချိန်ဖြစ်သည်။


ဒီလူငယ်က စောစောလေးကမှကြည့်ခဲ့တဲ့ သူမရဲ့ ဗီဒီယိုထဲကလူနဲ့ တစ်ယောက်တည်းပါပဲ... 


လူက တစ်ယောက်တည်း... အတူတူပါပဲ...


ဒါပေမဲ့ တစ်ထပ်တည်းတော့ မတူညီကြပါ...


အဲ့ဒီအချိန်တုန်းက ဒီဗီဒီယိုက အင်တာနက်ပေါ်မှာ တော်တော်လေး လူကြည့်များသွားခဲ့သည်။ နောက်ပိုင်းမှာ ဒီလူငယ်လေးက အတန်းတွေ ကျော်တက်ပြီးတော့တောင် တက္ကသိုလ်တက်နေပြီ၊ အဲ့ဒီပြိုင်ပွဲမှာ ဝင်ပြိုင်တုန်းကဆိုရင် ၁၅ နှစ်ပဲ ရှိသေးတယ်ဆိုတာကို သိခဲ့ရလေသည်။ 


လှေကားထစ် ခုန်တက်လာသလိုမျိုး အောင်မြင်လွယ်ကူတဲ့ ဘဝတစ်ခုပင်။


အဲ့ဒီအချိန်တုန်းက ဗီဒီယိုအောက်မှာ မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြသည်။ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ခုကတော့ လူငယ်လေးဝတ်ထားတဲ့ လပုံတံဆိပ်ကို အစွဲပြုပြီး ရေးခဲ့တဲ့ ကဗျာဆန်ဆန်မှတ်ချက်ပဲ ဖြစ်သည်။


— "လူ့ပြည်မှာလည်း လတစ်စင်းရှိနေတာပဲ"    


ထိုအချိန်တုန်းက ယွင်လီလည်း အသက်၁၅နှစ်ပဲ ရှိသေးပြီး အထက်တန်းကျောင်းရဲ့ ပထမနှစ်ကို စတက်နေတဲ့အချိန် ဖြစ်ပါသည်။


သူမရဲ့အဆင့်တွေက သာမန်လောက်ပဲ ရှိပေမယ့် မထင်မှတ်ဘဲ ရှီးဖူမြို့ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်ခွင့်ရခဲ့သည်။


ယွင်လီသည် လူအများနဲ့ ရောရောနှောနှော မနေတတ်ဘဲ စကားနည်းသူ ဖြစ်သည်။ သူမ ကြိုးစားပေမဲ့ အရည်အချင်းက အကန့်အသတ်ရှိနေသည်။ သူမသည် အတန်းဖော်တွေရဲ့ ထူးချွန်ထက်မြက်မှုကြောင့် စိတ်ဖိစီးခဲ့ရသည်။


သူမလည်း မွေးရာပါ အရည်အချင်းတွေကို ပိုင်ဆိုင်ပြီး ထူးချွန်ထက်မြက်သူတစ်ယောက် ဖြစ်ချင်ခဲ့သည်။


ဒီလိုအချိန်မှာပဲ သူမရဲ့ဘဝထဲကို ထိုလူငယ်လေး ဝင်ရောက်လာခဲ့ပါသည်။


သူက သူမရဲ့ လူငယ်ဘဝတုန်းက လေးစားအားကျရတဲ့သူ ဖြစ်လာခဲ့သည်။ 


နှစ်တွေကြာလာတော့ အင်တာနက်ပေါ်က နာမည်ကြီး ရေပန်းစားမှုတွေဟာ ညှိုးနွမ်းသွားတဲ့ ပန်းတစ်ပွင့်လို မှေးမှိန်သွားခဲ့ပေမဲ့ အောင်မြင်မှုမှတ်တမ်းတွေကတော့ ကျန်ရှိနေဆဲပါပဲ။ 


ယွင်လီက ဒီအချက်အလက်တွေကို search barမှာ ရိုက်ထည့်လိုက်တဲ့အခါ ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်တွေ ထွက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ လူငယ်လေးရဲ့ အင်တာဗျူးကို ရှာတွေ့သွားသည်။ 


အဲ့ဒီအင်တာဗျူးဘေးမှာ သာမန်ဆန်ဆန် ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ပူးတွဲထည့်ထားသည်။ 


ထိုလူငယ်လေးက ကင်မရာကို ကြည့်နေပြီး သူ့ရဲ့ ချောမောတဲ့ မျက်နှာလေးက နုပျိုလန်းဆန်းနေသည်။ လောကဓံရဲ့ ရိုက်ခတ်မှုတွေကတောင် သူ့ကို ပြိုလဲသွားစေနိုင်မှာမဟုတ်တဲ့ အားအင်တွေကို ပိုင်ဆိုင်ထားပုံပင်။ ခွန်အားအပြည့်နဲ့ တက်ကြွလန်းဆန်းတဲ့ ဟန်ပန်တွေ သူ့မှာ ရှိနေခဲ့ပါသည်။


အောက်မှာ ရေးထားတဲ့ စာကတော့— 


'၂၀၀၈ ခုနှစ် နန်ဝူမြို့၏ သိပ္ပံဘာသာရပ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပထမရရှိသူ ဖုရှစ်ဇယ်။'



🪷🪷🪷