အခန်း (၆.၁)
မိုးဖွဲဖွဲလေးတွေ ရက်အတော်ကြာရွာပြီးတဲ့နောက် သြဂုတ်လရဲ့ နောက်ဆုံးအပတ်မှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ ကောင်းကင်ပြာကြီးက ပေါ်ထွက်လာခဲ့သည်။ နေမင်းကြီးက အစွမ်းကုန် ထွန်းလင်းတောက်ပနေတာကြောင့် လမ်းမကြီးတစ်လျှောက် မီးလောင်ကျွမ်းတော့မလိုမျိုး ပူပြင်းနေတော့သည်။
တစ်ခါတစ်ရံ အင်းစက်ပိုးမွှားလေးတွေ ပျံသန်းသွားကြပြီး ပုစဉ်းရင်ကွဲတွေကလည်း ဆက်တိုက်ဆိုသလို အော်ဟစ်မြည်ကြွေးနေကြသည်။ ယွင်လီကတော့ ဒီအပူဒဏ်ကြောင့် အရည်ပျော်ကျတော့မယ်လို့ ခံစားနေရသည်။
တန့်ချူးချီနဲ့ တွေ့ပြီးနောက် သူတို့နှစ်ယောက်က ဆိုင်လိုက်ရှာမနေတော့ဘဲ ဘေးနားက ဟိုင်ထျန်း ကုန်တိုက်ထဲကိုပဲ တန်းဝင်လိုက်ကြသည်။ အဲ့ဒီနောက် ဖက်ထုပ်ဆိုင်တစ်ဆိုင်ထဲကို ဝင်လိုက်ကြသည်။
"ဒီဆိုးလှတဲ့ ရာသီဥတုကတော့ ငါတို့ကို အရှင်လတ်လတ် မီးနဲ့ကင်နေသလားပဲ"
တန့်ချူးချီက လေအေးပေးစက်နဲ့ ထိလိုက်တော့မှ အသက်ရှူချောင်သွားသလို ခံစားရပြီး ပူအိုက်လွန်းတဲ့ရာသီဥတုအကြောင်း ပြောလိုက်သည်။
"ငါတော့ ဘယ်လိုမှ မခံနေနိုင်တော့ဘူး.. အနောက်ခံတပ်ကမှ ပိုနေလို့ကောင်းသေးတယ်.. အဲ့ဒီမှာတုန်းက ဒီလောက်အထိ အရမ်းမပူဘူးလားလို့"
ယွင်လီကတော့ သူမရဲ့ စကားကို မထောက်ခံဘဲ ပြန်ငြင်းလိုက်သည်။
"နင် မပြန်ဖြစ်တာ တော်တော်ကြာသွားလို့ပါ.. အနောက်ခံတပ်ကလည်း ဒီလိုမျိုး အရမ်းပူတာပဲ"
"ဟုတ်လား.. အဲ့ဒီမှာလည်း အရမ်းပူတယ်လား"
တန့်ချူးချီက ပြန်မငြင်းတော့ဘဲ ယွင်လီရဲ့စကားကို လက်ခံလိုက်သည်။
"အား!... ဝူတောင်မှာ တစ်နွေလုံး မိုးရွာပေးရင် သိပ်ကောင်းမှာပဲ.. အရင်ရက်တွေ မိုးအုံ့တော့ အပူချိန်က သိပ်မဆိုးဘူး"
"မိုးအမြဲရွာနေရင် ဝူတောင်က ရေကြီးကုန်မှာပေါ့" လို့ ယွင်လီက ပြန်ပြောလိုက်သည်။
"အဲ့ဒီလိုသာဆို နေရောင်ခြည်ကို ဘယ်တော့မှ မြင်ရတော့မှာမဟုတ်ဘူးလေ!"
"နင်က ဘယ်လိုလုပ်ပြီး နေရောင်ခြည်ကို ဒီလောက်တောင် မုန်းတီးနေရတာလဲ?"
"..."
တန့်ချူးချီက ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး အသည်းယားလွန်းလို့ ယွင်လီရဲ့ပါးလေးကို ဆွဲလိမ်လိုက်သည်။
"ယွင်လီ, နင်က ဘာလို့အမြဲတမ်း အငြင်းသန်နေရတာလဲ? နင့်ပါးစပ်ကိုချုပ်ဖို့ အပ်တစ်ချောင်းလောက် ယူလာခဲ့ရမှာ!"
ယွင်လီက ကြောက်လန့်နေတဲ့ ပုံစံလေးလုပ်ပြကာ အနောက်ကို ဆုတ်လိုက်ပြီး ရယ်မောရင်း အသနားခံလိုက်သည်။
"တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်.. ငါ နင်နဲ့ မငြင်းတော့ပါဘူး"
တန့်ချူးချီလည်း သူမရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အဲ့ဒီလို အချင်းချင်း စနောက်ကျီစယ်ပြီးတဲ့နောက်မှာ သူမက ယွင်လီရဲ့မျက်နှာကို စိုက်ကြည့်ရင်း မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ငါ နင့်ကို ပထမဆုံး စတွေ့တုန်းက နင်က လှပေမဲ့ အေးစက်စက်နဲ့ မာနကြီးတယ်လို့ ထင်ခဲ့မိတာကို ပြန်သတိရမိတယ်.. နင်က အောက်ခြေလွတ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့မိန်းကလေးလို့ ငါက ထင်နေခဲ့တာ"
ယွင်လီလည်း တန့်ချူးချီကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"နင် ငါ့ကို ရှေ့မှာထားပြီး ဘယ်လိုတောင် ပြောရဲရတာလဲ.. နင့်ရဲ့ အပြောအဆိုတွေကို သတိထားနော် ဟွန့်!"
တန့်ချူးချီက ဆက်ပြောလာခဲ့သည်။
"နင်နဲ့ ခင်တာကြာလာပြီးနောက်မှ နင့်ရဲ့ စကားနည်းတဲ့အပြုအမူက နင့်ကိုယ်နင် ကာကွယ်တဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်တယ်ဆိုတာကို ငါ သဘောပေါက်သွားခဲ့တာ"
"အိုး.. ဟုတ်လား"
"တခြားလူတွေရဲ့ ရန်စ၊ တိုက်ခိုက်တာကို ရှောင်ရှားဖို့အတွက် မာနကြီးပြီး ဘယ်သူ့ကိုမှ လူမထင်တဲ့ပုံစံမျိုး တမင်လုပ်ထားတယ်ဆိုတာကို တော်တော်ကြာမှ ငါသိလိုက်ရတာ"
"..."
အဲ့ဒီအချိန်မှာပဲ စားပွဲထိုးက ဖက်ထုပ်ပြုတ်နှစ်ပန်းကန်ကို သူတို့စားပွဲပေါ်မှာ လာချပေးသည်။
တန့်ချူးချီက ငရုတ်ဆီတစ်ဇွန်းကို ဇွန်းတစ်ဇွန်းအပြည့် ခပ်ထည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားကာ အပေါ်ကို လက်ညှိုးထိုးပြီး ပြောလိုက်ပါတယ်
"ဟုတ်သားပဲ.. အဲ့ဒီ VR centerက ပျော်စရာကောင်းရဲ့လား.. VR center မှာ အစမ်းကစားခွင့်ပေးတဲ့နေ့တုန်းကတောင် သွားဖို့ စဥ်းစားခဲ့သေးတယ်.. ဒါပေမဲ့ အရမ်းအလုပ်များနေလို့ သွားဖို့မေ့သွားတာ"
"ငါကတော့ VR centerကို တော်တော်လေး သဘောကျတယ်"
ယွင်လီက အမှန်တိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်သည်။
"အစကတော့ ဒီကိုလာဖို့ လက်ခံခဲ့မိတာကို နည်းနည်းနောင်တရမိတယ်.. ဒါပေမဲ့ VR centerကို သွားလည်ပြီးသွားတော့မှ ဒီကိုရောက်လာခဲ့တာ တန်တယ်လို့ စိတ်ထဲမှာ ခံစားလိုက်ရတာ.. ပိုက်ဆံလည်း ရသလို၊ ဂိမ်းတွေလည်း ဆော့ကစားခွင့် ရသေးတယ်"
တန့်ချူးချီက ထပ်သိချင်တာကြောင့် စပ်စုလိုက်သည်။
"သူတို့က နင့်အပြင် တခြားဘယ်သူတွေကို ဖိတ်ထားသေးလဲ"
ယွင်လီလည်း ခဏလောက် သေချာပြန် စဉ်းစားလိုက်သည်။ အဲ့ဒီနောက် သူမ မှတ်မိသမျှ နာမည်တချို့ကို ပြောပြလိုက်သည်။ အဲ့ဒီထဲက နာမည်တစ်ခုကို တန့်ချူးချီ ကြားလိုက်တာနဲ့ပဲ သူမ ကြားဖူးတဲ့ အဲ့ဒီလူရဲ့ အတင်းအဖျင်းတွေကို စိတ်လှုပ်ရှားစွာနဲ့ စပြောတော့သည်။
ယွင်လီက စိတ်ဝင်တစား နားထောင်ပြီး မှတ်ချက်ပေးလာခဲ့သည်။
"အဲ့ဒီကိစ္စက ဟုတ်ရောဟုတ်ပါ့မလား"
အဲ့ဒါနဲ့ပဲ တန့်ချူးချီက ထပ်မေးလိုက်သည်။
"ဒါပဲလား.. တခြားသူတွေရော မရှိတော့ဘူးလား"
ယွင်လီက ခဏလောက် စဉ်းစားပေမဲ့ သူမ သိသလောက်ကတော့ အစောပိုင်းက သူမ ပြောသွားတဲ့သူတွေသာ။ တန့်ချူးချီရဲ့ မျှော်လင့်စောင့်စားနေတဲ့ အမူအရာကို မြင်လိုက်ရတဲ့အချိန်မှာ လွန်ခဲ့တဲ့ တစ်ရက်က သူမ အင်တာနက်မှာ ရှာတွေ့ခဲ့တဲ့ ဖုရှစ်ဇယ် ဆိုတဲ့ နာမည်သုံးလုံးက ရုတ်တရက် ခေါင်းထဲ ပေါ်လာခဲ့သည်။
သူမ ချီတုံချတုံနဲ့ မေးလိုက်သည်။
"အထက်တန်းကျောင်းတုန်းက E-station မှာ viral ဖြစ်သွားတဲ့ ဗီဒီယိုတစ်ခုကို နင်မှတ်မိသေးလား"
တန့်ချူးချီက နားမလည်တဲ့ပုံနဲ့ "ဘာကြီး" လို့ ပြန်မေးလိုက်သည်။
"အဲ့ဒါကလေ... ဘာပါလိမ့်"
ယွင်လီက ပါးစပ်ဖျားမှာတင် မေ့နေတဲ့ အဲ့ဒီနာမည်ကို အတော်လေး စဉ်းစားပြီးတော့ နောက်ဆုံးမှ ပြောလိုက်သည်။
"လူ့ပြည်က လမင်းလေ"
"လမင်း?"
တန့်ချူးချီက အဲ့ဒါကို လုံးဝ မမှတ်မိဘဲ ယွင်လီကို အူကြောင်ကြောင်နဲ့ ကြည့်နေသည်။
"အဲ့ဒါလေ.. ရှီးဖူ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်က တစ်ယောက်လေ..."
"ဪ! နင်ပြောတာ ရှီးဖူ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်က ဉာဏ်ကြီးရှင်လား"
သူမရဲ့စကားလုံးတွေက တန့်ချူးချီရဲ့မှတ်ဉာဏ်ကို လှုံ့ဆော်ပေးလိုက်နိုင်ခဲ့သည်။
"အာ! မှတ်မိပြီ.. အထက်တန်းတုန်းက နင့်အိမ်ကို ငါပထမဆုံးအကြိမ် လာလည်တုန်းက နင့်အခန်းနံရံမှာ သူ့ဓာတ်ပုံကပ်ထားတာကို ငါတွေ့ခဲ့တယ်.. နင် သူ့ကို အရမ်းလေးစားအားကျပြီး ကိုးကွယ်ခဲ့တာလေ"
"...."
သူမ ငယ်ငယ်တုန်းက အရူးထခဲ့တဲ့ကိစ္စကို ပြန်အစဖော်ခံလိုက်ရတာကြောင့် ယွင်လီက ရှက်ရမ်းရမ်းကာ "ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ဖက်ထုပ်ကို စားကြရအောင်" လို့ပြောရင်း စကားစဖြတ်လိုက်သည်။
တန့်ချူးချီကတော့ ယွင်လီကို စနောက်လိုက်ရလို့ အူမြူးနေသည်။
"ဘာဖြစ်လို့ သူ့အကြောင်း ရုတ်တရက်ပြောရတာလဲ.. သူ အခု ဘယ်လိုပုံစံလဲဆိုတာကိုတောင် ငါ မမှတ်မိတော့ဘူး"
ယွင်လီ ခဏရပ်ပြီးမှ ပြန်ဖြေလိုက်သည်။
"ငါ သူ့ကို တွေ့ခဲ့တယ်လို့ ထင်တယ်"
"ဘာ!?"
"ဒါပေမဲ့ အဲ့ဒီလူ ဟုတ်မဟုတ်ဆိုတာတော့ မသေချာဘူး"
ဒီအဖြစ်အပျက်က screen ပေါ်ကနေသာ မြင်တွေ့ဖူးတဲ့ အင်တာနက်ပေါ်က နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ EAW မှာ ပထမဆုံး တွေ့ဆုံရတုန်းကလိုပင်။ ဒါပေမဲ့ ဒီအကြိမ်မှာတော့ ဖုရှစ်ဇယ်နဲ့ တွေ့ဆုံရနိုင်တယ်ဆိုတဲ့ အတွေးကြောင့် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေမိပါသည်။
အဲ့ဒီလူက တစ်ချိန်တုန်းက သူမ အလွန်လေးစားအားကျခဲ့ရတဲ့သူဖြစ်နေသည်။
ယွင်လီရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာ ထူးဆန်းနေသလို ခံစားနေရသည်။ ဘာကြောင့်လဲဆိုတာကိုတော့ သူမ အတိအကျမပြောနိုင်ပေ။
သူ့ကို မှတ်မိခဲ့တာကြောင့်လား...
ဒါမှမဟုတ် တစ်သက်လုံး ပြန်မဆုံတွေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့တဲ့သူနဲ့ ရုတ်တရက်ကြီး ဆုံလိုက်ရတာကြောင့်လားတော့ သူမကိုယ်တိုင်လည်း မသိပေ။
💫💫💫