အခန်း (၆.၂)
ဘယ်လိုပဲဖြစ်ဖြစ် အခုဆို သူမရဲ့ Idol နဲ့ မတွေ့ဖြစ်တာ ၇ နှစ်တောင် ကြာခဲ့ပြီ။
အဲ့ဒီကောင်လေးက အရပ်ပိုရှည်လာသလို ရုပ်ရည်သွင်ပြင်တွေကလည်း ပိုပြီးထင်ရှားလာခဲ့သည်။ အချိန်ရဲ့ ရိုက်ခတ်မှုကြောင့် အတော်လေး တည်ငြိမ်ရင့်ကျက်သွားပုံရသည်။ ရုပ်ရည်အသွင်အပြင်က သိပ်မပြောင်းလဲပေမဲ့ သူ့ဆီကနေထွက်လာတဲ့ အရှိန်အဝါကတော့ သိသိသာသာကြီးကို ပြောင်းလဲသွားခဲ့ပြီ။
သူ့ရဲ့ပုံစံက သူမ စိတ်ကူးထားတာနဲ့ အများကြီး ကွဲလွဲနေသည်။
သူတို့ တွေ့ဆုံခဲ့ကြတဲ့ အကြိမ်အနည်းငယ်မှာ သူက လူအများနဲ့ ရောရောနှောနှောမနေဘဲ တစ်ကိုယ်တည်း နေတတ်တဲ့သူဆိုတာကို သိလိုက်ရသည်။
သူ့လိုလူမျိုးက လူအများရဲ့အာရုံစိုက်မှုကိုခံရပြီး ကြယ်တွေ ပတ်ပတ်လည်ဝန်းရံထားတဲ့ လတစ်စင်းလို ဖြစ်နေလိမ့်မယ်လို့ သူမ ထင်မှတ်ထားခဲ့တာဖြစ်သည်။
ဘယ်လိုပြဿနာမျိုးပဲရှိရှိ အခြေအနေတွေကို ပညာသားပါပါနဲ့ အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်မယ့်သူ။ လောကဓံနဲ့ ဘယ်လောက်ပဲရင်ဆိုင်ရပါစေ စိတ်ပျက်အားငယ်နေတာမျိုး မဖြစ်ဘဲ ရည်မှန်းချက်ကြီးမားပြီး ပြတ်သားတဲ့စိတ်ဓာတ်ရှိတဲ့သူမျိုး ဖြစ်လိမ့်မယ်လို့ သူမရဲ့စိတ်ထဲမှာ တွေးထင်ခဲ့မိသည်။
အခုတော့ သူ့ရဲ့ပုံစံက သူမ ထင်ထားသလို မဟုတ်ပေ။
သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ တောက်ပမှုတွေက ညအမှောင်ထုထဲမှာ မှေးမှိန်ပျောက်ကွယ်နေသလိုပင်….
သူ့ရဲ့ပုံစံက တိတ်ဆိတ်ပြီး ညှိုးနွမ်းနေသည်။
ယွင်လီတစ်ယောက် အတွေးထဲမှာ ခဏလောက် လွင့်မျောသွားပြီး ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ရဲ့ပုံရိပ်ကို ရုတ်တရက် ပြန်မြင်ယောင်လိုက်မိသည်။ အဲ့ဒီလူက ဆိုဖာပေါ်မှာ ကွေးအိပ်နေပြီး ခန္ဓာကိုယ်က ပိန်ပါးလွန်းလို့ သူ့အင်္ကျီအောက်က ပခုံးရိုးတွေကိုတောင် ထင်ရှားစွာ မြင်နေရသည်။
အခုလက်ရှိ ဒီလူရဲ့ပုံစံက ပျက်စီးလွယ်ပြီး ကျိုးပဲ့လွယ်တဲ့ ပုံစံမျိုးဖြစ်နေသည်။
“ဒါဆိုရင် အဲ့ဒီလူက ဖုရှစ်ဇယ် မဟုတ်လောက်ဘူး.. ရုပ်ချင်းပဲ ဆင်တာ နေမှာပါ” လို့ ပြောပြီး တန့်ချူးချီက အဲ့ဒီအကြောင်းကို ဆက်မပြောတော့ပေ။
“အဲ့ဥာဏ်ကြီးရှင်က ငါတို့ အရွယ်လောက်ပဲရှိသေးတယ်ဆိုတာကို ငါ မှတ်မိသေးတယ်.. အခု နှစ်တွေအတော်ကြာသွားပြီဆိုတော့ ဗီဒီယိုထဲက ပုံစံအတိုင်း မဟုတ်တော့တာလည်း ဖြစ်နိုင်တယ်” လို့ ပြောလိုက်သည်။
“နင်ပြောတာ ဖြစ်နိုင်တယ်” လို့ ပြောရင်း ယွင်လီက ရယ်မောရင်း ပြောလိုက်သည်။
သေချာတွေးကြည့်တော့ သူမက တစ်ယောက်တည်း အတွေးလွန်ပြီးတော့ အများကြီးလျှောက်တွေးနေမိတာပဲ….
တစ်ကယ်လို့ သူတို့က လူတစ်ယောက်တည်း ဖြစ်နေရင်လည်း ဘာဖြစ်လဲ….
သူက ဒီရက်ပိုင်းအတွင်း နေမကောင်းဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တယ်… ဒါ့ကြောင့်လည်း အားမရှိတာဖြစ်မယ်….
သူမ အလုပ်လုပ်မယ့် နေရာနားမှာ အိမ်ရာတွေက အဟောင်းရော၊ အသစ်ရော အများကြီး ရှိကြသည်။ ဒါပေမဲ့ ယွင်လီဆီမှာ ပိုက်ဆံအလုံအလောက်ရှိတာကြောင့် ပတ်ဝန်းကျင်ရော၊ လုံခြုံရေးပါ အကောင်းဆုံးဖြစ်တဲ့ နေရာကိုပဲ ရွေးချယ်လိုက်သည်။ အဲ့ဒီနေရာက ဟိုင်ထျန်း စျေးဝယ်စင်တာနဲ့ မျက်နှာချင်းဆိုင် ဖြစ်ပြီး နန်ဝူ သိပ္ပံနည်းပညာ တက္ကသိုလ်ကို ဒီကနေ လမ်းလျှောက်သွားမယ်ဆိုရင်လည်း ၁၀ မိနစ်တောင် မကြာပေ။
နေ့လယ်စာစားပြီးနောက် ယွင်လီက အိမ်ခြံမြေအကျိုးဆောင်ကို ထပ်မံဆက်သွယ်ခဲ့သည်။ အချိန်သတ်မှတ်ပြီးတာနဲ့ သူမက တန့်ချူးချီကိုပါ ခေါ်သွားပြီး တိုက်ခန်းကို သွားကြည့်ကြသည်။
တိုက်ခန်းက အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းပါတဲ့ အခန်းဖြစ်ပြီး ပရိဘောဂတွေ အစုံအလင်ပါဝင်သလို သန့်ရှင်းရေးလည်း လုပ်ထားပြီးသားဖြစ်သည်။
မကြာသေးခင်ကမှ သူမကိုယ်တိုင် အိမ်ငှားစာချုပ်ချုပ်ဆိုထားတဲ့ တန့်ချူးချီက အတွေ့အကြုံရှိပြီးသားဖြစ်တာကြောင့် အကျိုးဆောင်နဲ့ စကားပြောရာမှာ ဦးဆောင်ပြီး ဆွေးနွေးပေးခဲ့သည်။ အိမ်ပိုင်ရှင်က အနည်းဆုံး တစ်နှစ်ချုပ်ဖို့နဲ့ သုံးလစာ စပေါ်ငွေကို တောင်းခံခဲ့သည်။
ယွင်လီလည်း ဒီအချက်တွေကို လက်ခံနိုင်တာကြောင့် သူတို့နှစ်ယောက်က တိုက်ခန်းငှားရမ်းမယ့် ကိစ္စကို အမြန်ဆုံး ဖြေရှင်းခဲ့ပြီး နောက်နေ့မှာပဲ စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့ကြသည်။
တန့်ချူးချီ အိမ်ပြန်သွားပြီးနောက်မှာတော့ ယွင်လီက အခန်းကို အသေးစိတ်ကအစ ထပ်ပြီးသန့်ရှင်းရေးလုပ်ပေးမယ့် ဝန်ဆောင်မှုကို အွန်လိုင်းကနေ ရှာဖွေခဲ့သည်။
ငှားထားတဲ့ဟိုတယ်အခန်း ဘွတ်ကင်ရက်မပြည့်ခင် တစ်ရက်အလိုမှာပဲ ယွင်လီ တိုက်ခန်းသစ်ကို ပြောင်းရွှေ့လိုက်သည်။
တဖြည်းဖြည်းနဲ့ သူမအတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ ဗီဒီယိုရိုက်ကူးရေးပစ္စည်းတွေနဲ့ အလှဆင်ပစ္စည်းလေးတွေကို အွန်လိုင်းကတစ်ဆင့်နေ ဝယ်ယူပြီး အခန်းကိုဖြည့်ကာ အလှဆင်လိုက်သည်။
အခန်းတစ်ခုလုံး ပစ္စည်းတွေကို သေသေချာနေရာချပြီးတော့ ပြင်ဆင်ပြီးသွားတဲ့အချိန်မှာ ညမှောင်နေပြီဖြစ်သည်။ မိုးချုပ်တာကိုတွေ့မှပဲ သူမရဲ့ ဗိုက်က အရမ်းဆာနေတာကို သတိထားမိသွားခဲ့သည်။
အဲ့ဒီအချိန်မှာ ဒုတိယအကြိမ်အင်တာဗျူးအတွက်လာတုန်းက နန်ဝူ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်နားက လမ်းဘေးဆိုင်တစ်ဆိုင်မှာ ဝယ်စားခဲ့တဲ့ ကြာဆံကြော်ကို ရုတ်တရက် သတိရသွားခဲ့သည်။ အဲ့ဒီကြာဆံကြော်ရဲ့ အရသာက မထင်မှတ်ထားလောက်အောင် အရမ်းကို စားလို့ကောင်းခဲ့သည်။
ရှီးဖူမြို့ကို ပြန်ရောက်ပြီးနောက်ပိုင်းမှာ ကြာဆံကြော်ကို တခြားဆိုင်တွေမှာလည်း စမ်းစားကြည့်ခဲ့ပေမဲ့ အဲ့ဒီအရသာမျိုးကို ပြန်မရခဲ့ပေ။
အဲ့ဒီအကြောင်းတွေကို တွေးရင်း ယွင်လီလည်း food delivery app ထဲမှာ ရှာဖွေကြည့်ပေမဲ့ အဲ့ဒီဆိုင်ကိုတော့ ရှာမတွေ့ခဲ့ပေ။
သူမ ရှာနေတဲ့ဆိုင်က delivery service မအပ်ထားတာလဲဖြစ်နိုင်တယ်လို့ ယွင်လီ တွေးလိုက်မိသည်။
နာရီကို ကြည့်တော့ ည ၁၀ နာရီကျော်နေပြီ။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ ဟိုင်ထျန်းကုန်တိုက်ကြီးက မီးရောင်တွေနဲ့ လင်းထိန်နေသည်။
စားချင်စိတ်က ပြင်းပြနေတာကြောင့် အချိန်က သိပ်နောက်မကျသေးပါဘူးလို့တွေးကာ ဒီနေ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ကြာဆံကြော်ဆိုင်ကို တွေ့အောင်ရှာပြီး စားပစ်ဖို့ ယွင်လီ ဆုံးဖြတ်လိုက်သည်။ ဒါ့ကြောင့် အိပ်ခန်းထဲပြန်ဝင်၊ အဝတ်အစားလဲ၊ ပိုက်ဆံအိတ်ယူပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။
သူမရဲ့ တိုက်ခန်းနေရာကနေ ထွက်လာပြီးနောက် မရောက်ဖြစ်တာကြာပြီမို့ အဲ့ဒီကြာဆံကြော်ဆိုင်ကို မှတ်မိသလောက် လိုက်ရှာကြည့်လိုက်သည်။ လမ်းဖြတ်ကူးပြီး ဟိုင်ထျန်းကုန်တိုက်ကြီးရဲ့ ဘေးကနေ တည့်တည့်လျှောက်သွားလိုက်သည်။ လမ်းပေါ်မှာရှိတဲ့ လူတွေက လမ်းဘေးမှာ စက္ကူပိုက်ဆံတွေ မီးရှို့နေကြတာကို သူမ သတိထားမိသွားခဲ့သည်။
စိတ်ထဲမှာ ထူးဆန်းပြီး ကြက်သီးတွေထလာတာကြောင့် ယွင်လီ ဖုန်းထုတ်ပြီး ရက်စွဲကို ကြည့်လိုက်သည်။
ဒီနေ့က တစ္ဆေပွဲတော်နေ့ဖြစ်နေတာကို သူမ သိလိုက်ရသည်။
“….”
ကြောက်လန့်ကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး အပြင်ထွက်လာမိတာကို ယွင်လီ ချက်ချင်းပဲ နောင်တရသွားသည်။
ဒါပေမဲ့ လမ်းတစ်ဝက်လောက် ရောက်နေပြီမို့လို့ နောက်လှည့်ပြီး ပြန်သွားဖို့က သိပ်ပြီးတော့ အဓိပ္ပာယ်မရှိဘူးလို့ သူမရဲ့ စိတ်ထဲမှာ ခံစားရသည်။
ဆက်ပြီးလျှောက်လာရင်းနဲ့ ရင်ပြင်တစ်ခုကို ဖြတ်ကျော်လာပြီး နောက်လမ်းတစ်ခုကို ကူးလိုက်တော့ သူမနဲ့ ရင်းနှီးနေတဲ့ စားသောက်ဆိုင်တန်းကို ရောက်သွားခဲ့သည်။
လမ်းမီးတိုင်တွေရဲ့ အလင်းရောင်ကြောင့် လူတွေအများကြီးကို မြင်ရတောမှ ယွင်လီလည်း စိတ်သက်သာရာရကာ ကြောက်စိတ်ပြေသွားခဲ့သည်။
လူကြိုက်များတဲ့ milk teaဆိုင်ကနေ ထွက်လာပြီး ခြေလှမ်းအနည်းငယ်လောက် လျှောက်ပြီးရင် အဲ့ဒီကြာဆံကြော်ရောင်းတဲ့ဆိုင်ကို ရောက်တယ်ဆိုတာ ယွင်လီ မှတ်မိပါသည်။ ဒါပေမဲ့ အခုတော့ အဲ့ဒီဆိုင်က ဘယ်နေရာမှာရှိမှန်း အတိအကျ မမှတ်မိတော့ဘဲ လမ်းအချိုးအကွေ့တစ်နေရာမှာ ရှိတယ်ဆိုတာပဲ မှတ်မိတော့သည်။
ဒါ့ကြောင့် ယွင်လီက သူမရဲ့ လမ်းညွှန် app ကို ဖွင့်လိုက်တော့သည်။
Appထဲက လမ်းညွှန်ချက်အတိုင်း မီတာတစ်ရာလောက် လျှောက်လာပြီးတဲ့နောက် လမ်းကြောင်းက ရုတ်တရက် ရှုပ်ထွေးသွားခဲ့သည်။ အဲ့ဒီနောက် မြေပုံက သူမကို လမ်းကြားတစ်ခုထဲဝင်ဖို့ ညွှန်ပြနေသည်။
💫💫💫