အခန်း (၆.၃)
လမ်းကြားက မှောင်မည်းနေသလို မြေကြီးတွေကလည်း စိုစွတ်နေသည်။ ၁၀ မီတာလောက် ဝင်သွားလိုက်တာနဲ့ အကွေ့တစ်ခုကို တွေ့လိုက်ရသည်။
ဒီနေရာကနေ ညာဘက်ကိုကွေ့ပြီး ဘယ်ဘက်ကို ထပ်ချိုးလိုက်ရင် နောက်ထပ်လမ်းမတစ်ခုဆီ ရောက်သွားမယ်လို့ မြေပုံက ညွှန်ပြနေသည်။
သိပ်မဝေးတာကြောင့် ယွင်လီလည်း သတ္တိကို မွေးပြီး လမ်းကြားထဲကို ဝင်သွားလိုက်သည်။ လမ်းထောင့်ချိုးကို ကွေ့လိုက်တာနဲ့ ရှေ့ကနေ အမျိုးသားတွေရဲ့ ရယ်မောသံတွေကို ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ အရက်နံ့ပြင်းပြင်းက သူမရဲ့နှာခေါင်းဝဆီကို တန်းပြီးဝင်လာခဲ့သည်။
အဲ့ဒီလမ်းထဲမှာ အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ယောက်က ဆံပင်အပြာနုရောင်ဖြစ်ပြီး လည်ပင်းညှပ်ရိုးနားမှာ နားလည်ရခက်တဲ့ အင်္ဂလိပ်စာလုံးတွေကို တက်တူးထိုးထားသည်။ နောက်တစ်ယောက်ကတော့ လက်ပြတ်ဝတ်ထားပြီးတော့ လက်မောင်းတွေပေါ်က ကြွက်သားအဖုအထစ်တွေကို ဖော်ပြထားသည်။
မှောင်မည်းပြီး တိတ်ဆိတ်နေတဲ့ လမ်းကြားလေးထဲမှာ ယွင်လီတစ်ယောက် သူမ ရှေ့ကမြင်ကွင်းကြောင့် စိတ်မသက်မသာ ဖြစ်နေမိသည်။
သူမလည်း အဲ့ဒီလူနှစ်ယောက်နဲ့ အကြည့်ချင်းမဆုံဘဲ သူတို့အနားကနေ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်လျှောက်သွားဖို့ ကြိုးစားလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းအပြီးမှာ အပြာရောင်ဆံပင်နဲ့ အမျိုးသားက သူမ သွားမယ့်လမ်းကို ပိတ်ပြီးတော့ နှုတ်ဆက်လာခဲ့သည်။
“ဟွေ့ .. မိန်းမလှလေး…”
ယွင်လီလည်း သတိထားပြီးတော့ ခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်သည်။
ဘေးနားရှိ ခန္ဓာကိုယ်ထွားကြိုင်းတဲ့ အမျိုးသားက ရယ်မောရင်း ပြောလိုက်သည်။
“သာ့ဖုန်.. မင်းဘာလုပ်နေတာလဲ, မိန်းမလှလေးကို နှောင့်ယှက်နေတာလား”
“ငါ ဘယ်မှာနှောင့်ယှက်နေလို့လဲ”
အပြာရောင်ဆံပင်နဲ့ အမျိုးသားက အရက်မူးနေပုံရပြီး အာလေးလျှာလေးနဲ့ ပြောလိုက်သည်။
“ငါက… ဒီအတိုင်း နှုတ်ဆက်ရုံလေး နှုတ်ဆက်တာပါ”
ယွင်လီလည်း သူတို့ကိုဖြတ်ကျော်ပြီး လျှောက်သွားချင်ပေမဲ့ လမ်းကြားက အရမ်းကို ကျဉ်းမြောင်းလွန်းသည်။ ထိုလူနှစ်ယောက်က လမ်းကြားထဲမှာ ပိတ်ထားတာကြောင့် သူမအနေနဲ့ သူတို့နှစ်ယောက်ရဲ့ ဘေးနားကနေ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပေ။
သူမ ကြောက်နေတယ်ဆိုတာကို သူတို့ သတိထားမိသွားရင် သူမအတွက် ပိုပြီး အန္တရယ်ရှိမှာကို စိုးရိမ်မိသည်။ ဒါ့ကြောင့် သူမက အသံကို အတတ်နိုင်ဆုံး နူးညံ့ချိုသာစွာ ပြောလိုက်သည်။
“ကျွန်မကို ဒီကနေဖြတ်သွားခွင့်ပေးလို့ရမလား.. ဟိုဖက်နားကို သွားဖို့လိုလို့ပါ”
ဆံပင်အပြာရောင်နဲ့ အမျိုးသားက ပြောလိုက်သည်။
“ရတာပေါ့.. မင်းကို သွားခွင့်ပေးမယ်လေ.. ဒါပေမဲ့ ပြီးရင်တော့ ငါနဲ့အတူ မုန့်လိုက်စားရမယ်”
“…”
“ဘယ်လိုလဲ.. မိန်းမလှလေး”
“ဒါဆိုလည်း…ကောင်းပြီ”
ယွင်လီလည်း သူ ဒေါသထွက်မှာကို ကြောက်တာကြောင့် ချက်ချင်း မငြင်းရဲဘဲ အချိန်ဆွဲဖို့ ကြိုးစားလိုက်သည်။
“ကျွန်မကို အရင်ဖြတ်သွားခွင့်ပေးလို့ ရမလား.. ကျွန်မ ပစ္စည်းတစ်ခု ဝယ်ဖို့လိုအပ်လို့ပါ”
ဆံပင်အပြာရောင်နဲ့ အမျိုးသားက ပုခုံးတွန့်ပြပြီး ဘေးဘက်ကို အနည်းငယ် ရှောင်ပေးလိုက်သည်။
လမ်းကြားတစ်လျှောက်မှာ ဆိုင်တွေ အကုန်လုံး ပိတ်ထားသည်။ လမ်းတစ်ဖက်ခြမ်းက ကြောက်စရာကောင်းလောက်အောင် ဟာလာဟင်းလင်းဖြစ်နေပြီး လူသူမရှိတဲ့ နေရာထဲ ရောက်သွားသလို ခံစားလိုက်ရသည်။
အခြားတစ်ဖက်ခြမ်းမှာတော့ မီတာအနည်းငယ်အကွာက မှိန်ဖျော့ဖျော့ လမ်းမီးတိုင်အောက်မှာ အမျိုးသားတစ်ဦးက ခေါင်းငုံ့ပြီး ဆေးလိပ်သောက်နေသည်။
သွေးမရှိသလို ဖြူဖျော့နေတဲ့ သူ့မျက်နှာက အမှောင်ထဲမှာမို့လို့ မည်းမှောင်ပြီး ကြောက်စရာကောင်းနေတော့သည်။
ထိုလူစိမ်းက ညသန်းခေါင်ယံမှာ တခြားဘုံတစ်ခုကနေ လူ့လောကထဲ ရောက်လာတဲ့ တစ္ဆေတစ်ကောင်လိုပဲ မလှုပ်မယှက်နဲ့ တစ်ကိုယ်တည်း ထီးထီးကြီးရပ်နေသည်။
သူ့ကို မြင်လိုက်တာနဲ့ ယွင်လီရဲ့ နှလုံးသားက ရုတ်တရက် လှုပ်ရှားသွားပြီး သူ့ရဲ့မျက်နှာကို ချက်ချင်း မှတ်မိသွားခဲ့သည်။
အဲ့ဒီလူက ဖုရှစ်ဇယ်ပဲ…
ဒီလူနဲ့ နောက်ထပ် ပြန်ဆုံစရာ အကြောင်းမရှိတော့ဘူးလို့ သူမ ထင်ခဲ့မိသည်။
ဒီအချိန်မှာပဲ သူက စကားပြောသံတွေကြားလို့ မော့ကြည့်လာပုံရသည်။
သူမရဲ့နောက်မှာရှိနေတဲ့ လူနှစ်ယောက်က ဘာလုပ်မလဲဆိုတာကို မသိနိုင်တဲ့အတွက် ယွင်လီက သူ့ကို လှမ်းအော်ခေါ်ပြီး အန္တရယ်ကို မဖိတ်ခေါ်ချင်ပါ။ ဒါ့ကြောင့် သူမက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အကူအညီတောင်းတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်က စက္ကန့်ပိုင်းလောက် အကြည့်ချင်း ဆုံသွားခဲ့သည်။
ဖုရှစ်ဇယ်က ဘာမှမမြင်လိုက်သလိုမျိုး တစ်ဘက်ကို မျက်နှာလွှဲလိုက်ပြီး ဆေးလိပ်မီးခိုးငွေ့တွေ မှုတ်ထုတ်လိုက်သည်။
ယွင်လီလည်း နေရာမှာတင် ကြောင်အသွားခဲ့သည်။
အဲ့ဒီအချိန်မှာ သူ့ရဲ့လုပ်ရပ်က ဘာကိုဆိုလိုသလဲဆိုတာကို သိလိုက်ရတာကြောင့် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
ဒီလူက သူမကို ကူညီဖို့ စိတ်ကူးဖို့ မရှိဘူးပဲ….
သူမရဲ့အနောက်က ဆံပင်အပြာရောင်နဲ့လူက စိတ်မရှည်တော့ဘဲ အော်ပြောလိုက်သည်။
“သွားခွင့်ပေးမယ်ဆိုရင် မုန့်အတူလိုက်စားမယ်လို့ ပြောထားတယ်မလား.. မုန့်သွားစားကြရအောင် မိန်းမလှလေး, ဘာလို့ အဲ့ဒီမှာ ရပ်နေတာလဲ.. ဘာလဲ ပေးထားတဲ့ကတိကို ဖျက်ချင်နေတာလား”
ယွင်လီက ဒေါသထွက်လွန်းလို့ တုန်ရီနေတဲ့အသံနဲ့ လှမ်းအော်ခေါ်လိုက်သည်။
“ဖု… ဖုရှစ်ကျယ်!”
သူမရဲ့စကားသံဆုံးတာနဲ့ လေထုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဆံပင်အပြာရောင်နဲ့လူတောင်မှ ကြောင်အမ်းပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တခဏလောက် တိတ်ဆိတ်သွားပြီး ဖုရှစ်ဇယ်က ခေါင်းလှည့်ကာ လက်ဝေ့ယမ်းပြလာခဲ့သည်။
ထိုအမူအရာက သူမကို လုပ်ပြတယ်လို့ ထင်မှတ်ကာ ယွင်လီက သူ့ဆီကိုသွားဖို့ ခြေလှမ်းပြင်လိုက်သည်။
ဒါပေမဲ့ သူမ အနားက ဆံပင်အပြာရောင်ဆိုးထားတဲ့ အမျိုးသားက အရင်ဆုံး အရှေ့ကို တိုးသွားပြီး “အစ်ကို, သူ့ကိုသိလို့လား” လို့ မေးလိုက်တဲ့အချိန်မှာ သူမ အံ့ဩဆွံ့အသွားခဲ့သည်။
“….”
ယွင်လီရဲ့ အသိစိတ်က ထုံထိုင်းသွားပြီး ဘာမှမတွေးနိုင်တော့ဘဲ လုံးဝ ဗလာကျင်းသွားခဲ့သည်။
မေ့ပျောက်စပြုနေပြီဖြစ်တဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိပ်မက်တစ်ခုကို ရုတ်တရက် ပြန်တွေးမိသွားခဲ့သည်။ ထိုအိပ်မက်ထဲက မြင်ကွင်းတွေက သလင်းကျောက်တစ်ခုလို ရုတ်တရက် ရှင်းလင်းပြတ်သားလာခဲ့သည်။
လေဆိပ်မှာတွေ့ခဲ့တဲ့ ကောင်လေးက သူမကို လှောင်ပြောင်ခနဲ့ကာ ပြောလာတဲ့ စကားတွေက ပြန်လည်ကြားယောင်လာခဲ့သည်။ အဲ့ဒီစကားတွေ သူမရဲ့နားထဲမှာ ပဲ့တင်ထပ်နေတော့သည်။
“မင်းက တော်တော်လေး လှည့်စားရတာလွယ်တာပဲ.. သူက ငါတို့အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုတာကို မင်း မထင်ထားဘူးမလား”
ဖုရှစ်ဇယ်က ဆံပင်အပြာရောင်နဲ့ အမျိုးသားကို မေးလိုက်သည်။
“မင်း ဘာတွေလုပ်နေတာလဲ”
ဆံပင်အပြာရောင်နဲ့ အမျိုးသားက ဘာမှအပြစ်မှ မလုပ်ထားတဲ့ပုံစံ ပြောလာခဲ့သည်။
“ကျွန်တော်က သူ့ကို မုန့်အတူစားဖို့လေးပဲ ပြောတာပါ.. တခြားဘာမှ မလုပ်ပါဘူး”
“မင်းက သူနဲ့အတူ မုန့်အတူစားမယ်ပေါ့…”
ဖုရှစ်ဇယ်က ပေါ့ပေါ့ပါးပါး ပြန်ပြောရင်း ယွင်လီကို ကြည့်လိုက်သည်။
“မင်းက သူနဲ့အတူသွားချင်လား”
ဒီအချိန်မှာတော့ ယွင်လီတစ်ယောက် ဘယ်ကနေ သတ္တိတွေရလာလဲ မသိပေမဲ့ ခေါင်းကို ခါယမ်းပြီး ငြင်းဆန်လိုက်သည်။
ဖုရှစ်ဇယ်က “အင်း” လို့ ခပ်တိုးတိုး ပြောပြီး သူမရဲ့ အဖြေကို ဆံပင်အပြာရောင်နဲ့ အမျိုးသားကို ပြန်ပြောလိုက်သည်။
“သူက မင်းနဲ့မလိုက်ချင်ဘူးတဲ့”
ဆံပင်အပြာရောင်နဲ့ အမျိုးသားကတော့ အရက်မူးနေတဲ့ အရှိန်ကြောင့် ပြန်ပြောချင်နေမိသည်။ သူ စကားမပြောခင်မှာပဲ ဖုရှစ်ဇယ်က သူ့ပခုံးကို တွန်းလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်က ယိုင်ထိုးသွားတာကြောင့် လဲမကျအောင် ထိန်းလိုက်ရသည်။ ပြီးတော့မှ ဖုရှစ်ဇယ်ကို ပြန်လှည့်ကြည့်လိုက်သည်။
ဖုရှစ်ဇယ်က ဆံပင်အပြာရောင်နဲ့ အမျိုးသားကို ပြောလိုက်သည်။
“မင်း သူ့ကို အရမ်းလန့်သွားအောင် လုပ်လိုက်တာပဲ.. သွားပြီး တောင်းပန်လိုက်ဦး”
💫💫💫