Ch (7.1)
Viewers 417

အခန်း (၇.၁)



"ဒီခွေး…" 


ဆံပင်အပြာရောင်နဲ့ အမျိုးသားက စိတ်လိုက်မာန်ပါ ဆဲဆိုဖို့ပြင်လိုက်ပေမဲ့ စကားဆုံးအောင် မပြောလိုက်ရပါ။ ဖုရှစ်ဇယ်ရဲ့ အကြည့်ကြောင့် ချက်ချင်းပဲ ပါးစပ်ပိတ်သွားခဲ့သည်။ 


"ဇယ်ကော, ငါ...ငါ တောင်းပန်ပါ့မယ်... ဟုတ်ပြီလား? ဘာလို့ ဒီလောက် ဖိအားပေးနေရတာလဲကွာ"


အောင့်သက်သက်နဲ့ပဲ ယွင်လီကို ကြည့်တောင်မကြည့်ဘဲ ပြီးစလွယ် ပြောလိုက်သည်။


"တောင်းပန်တယ်" 


တစ်စုံတစ်ယောက် ကြားသွားမှာကို ကြောက်နေသလား ထင်ရလောက်အောင် တောင်းပန်တဲ့အသံက တိုးလွန်းနေသည်။  


ဖုရှစ်ဇယ်ကတော့ ဆံပင်အပြာရောင်လူကို ဒီလောက်လွယ်လွယ်နဲ့ မလွှတ်ပေးပါ။ 


"ထပ်ပြော" 


ဆံပင်အပြာရောင်လူက ဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံး စကားလုံးတစ်လုံးချင်းစီကို သေသေချာချာ ပြောလိုက်သည်။ 


"တောင်းပန်ပါတယ်" 


ဖုရှစ်ဇယ်က နှုတ်ခမ်းတစ်ဖက်ကို တွန့်ကာ ပြုံးလိုက်ပြီး.... 


"တောင်းပန်တာက ဘာရှက်စရာရှိလို့လဲ" 


ဆံပင်အပြာရောင် အမျိုးသားက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဖုရှစ်ဇယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ 


"ကျွန်တော် တောင်းပန်ပါတယ်"


"မင်း မျက်လုံးတွေက ငါ့မျက်နှာပေါ် လာကပ်တော့မယ်... မင်း တောင်းပန်ရမယ့်လူက ငါလား"


"ငါ...ငါ..." 


ဆံပင်အပြာလူက စိတ်ပျက်စွာနဲ့ပဲ သက်ပြင်းချလိုက်သည်။ အဆုံးမရှိ ထပ်တလဲလဲ တောင်းပန်တာမျိုး မလုပ်ချင်ပါ။ ထို့ကြောင့် သူက ယွင်လီဘက်ကို လှည့်လိုက်ပြီး စိတ်ရင်းမှန်နဲ့ တောင်းပန်လိုက်တော့သည်။  


"ငါ တကယ်တောင်းပန်ပါတယ်... ခုချိန်မှာ ငါ့စိတ်တွေ ရှုပ်ထွေးနေလို့ ဘာလို့ ဒီလိုလုပ်မိမှန်း မသိတော့ဘူး...ငါ့ကို ခွင့်လွှတ်ပါ" 


ယွင်လီကတော့ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်တာကြောင့် ဘာပြောရမှန်းမသိဘဲ အသံတိုးတိုးလေးသာ ထွက်လာသည်။


ဒီလိုနဲ့ ခန္ဓာကိုယ်ထွားကျိုင်းတဲ့ လူက အခြေအနေကို ဝင်ထိန်းလိုက်ပါသည်။ 


"ဇယ်ကော, ဘာလို့ အိမ်မပြန်သေးတာလဲ... ဆေးလိပ်တွေလည်း လျှော့သောက်ဦး... မင်း နေမကောင်းဖြစ်နေတာ မသက်သာသေးဘူး မဟုတ်လား"


"အင်း" 


လူထွားကြီးက ဆက်ပြောလိုက်သည်။ 


"ဒီကောင်လေးက မူးနေလို့ပါ... အမူးပြေသွားရင် သူ့အမှားကို သိသွားမှာပါ"


"ငါ မမူးဘူးကွ!"  


ဆံပင်အပြာရောင်လူက မကျေနပ်စွာ ဝင်ပြောလိုက်သည်။ 


ဖုရှစ်ဇယ်က သူ့ကို လျစ်လျူရှုပြီး "သွားကြမယ်" လို့ ပြောလိုက်သည်။


နဂိုကတည်းက စိတ်မကြည်ဖြစ်နေတဲ့ ခေါင်းပြာကောင်က တစ်လောကလုံးက သူ့ကို ဖိအားပေးနေတယ်လို့ ခံစားနေရတာကြောင့် မကျေမနပ် ရေရွတ်နေသည်။


"ခုနက ဒီကောင်မလေးကပဲ ပြောတာလေ... ငါသာ သူ့ကို လာခိုင်းမယ်ဆိုရင်..."


သို့သော် သူ စကားဆုံးအောင် မပြောရသေးခင်မှာပဲ လူထွားကြီးက သူ့ပါးစပ်ကို လက်နဲ့ အမြန်အုပ်လိုက်တာကြောင့် ကျန်တဲ့စကားလုံးတွေက ဗလုံးဗထွေးနဲ့ ခပ်တိုးတိုးသာ ထွက်ပေါ်လာတော့သည်။ 


ထို့နောက် လူထွားကြီးက ခေါင်းပြာကောင်ကို နေရာကနေ အလျင်အမြန် ဆွဲခေါ်သွားတော့သည်။ 


လူထွားကြီးက "ဇယ်ကောရေ, ကျွန်တော်တို့ သွားတော့မယ်... ဒီကောင်ကို သွားပြီး အမူးပြေအောင် လုပ်ပေးလိုက်ဦးမယ်" လို့ လှမ်းအော်ပြောသွားသည်။


သူတို့တွေ ထွက်သွားပြီးနောက်မှာတော့ တိတ်ဆိတ်နေပြီးသား ပတ်ဝန်းကျင်က ပိုပြီးတော့ လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။


ယွင်လီက ဖုရှစ်ဇယ်နဲ့ သူတို့တွေရဲ့ ဆက်ဆံရေးအကြောင်းကို မေးချင်ပေမဲ့ အရမ်းဝင်ရောက်စွက်ဖက်ရာ ရောက်သွားမှာစိုးလို့ မမေးတော့ပါ။ ခဏအကြာမှာတော့ သူမက အိတ်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်" 


တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိတဲ့အတွက် ယွင်လီက နှုတ်ဆက်သင့်၊ မနှုတ်ဆက်သင့် စဉ်းစားရင်း တုံ့ဆိုင်းနေမိသည်။ 


အဲ့ဒီအချိန်မှာ ဖုရှစ်ဇယ်က ရုတ်တရက် မေးလိုက်သည်။ 


"မင်း ခုနက ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ"  


"ဟင်?" 


ယွင်လီက နားမလည်တာကြောင့် သတိထားပြီး ပြန်ဖြေလိုက်သည်။


ယွင်လီ : "ဖုရှစ်ကျယ်?" 


ဖုရှစ်ဇယ် : "ဇယ်" 


ယွင်လီ : "ဟင်, ဘာလဲ?"


ဖုရှစ်ဇယ် : "ဖု ရှစ် ဇယ်" 


ယွင်လီက အခုထိ ဖုရှစ်ဇယ်ပြောတာကို မကွဲပြားသေးဘဲ "အင်းလေ, ဖုရှစ်ကျယ်" လို့ ထပ်ပြောလိုက်သည်။ 


* (ယွင်လီက ကျယ် နဲ့ ဇယ် အသံကို ကွဲကွဲပြားပြား မထွက်တတ်တာပါ။ လျှာလိပ်တာနဲ့ မလိပ်တာကို သေချာမသိဘဲ ရောနေတာပါ။) 


ဖုရှစ်ဇယ်က စီးကရက်ကို ဖိနပ်နဲ့ ဖိချေလိုက်ပြီးနောက် သူမကိုကြည့်ကာ ပြောလိုက်သည်။ 


"လျှာကို တစ်ဖြောင့်တည်းထားပြီး ပြန်ပြောကြည့်လိုက်" 


ထိုအခါမှ ယွင်လီက သူမရဲ့အမှားကို သတိထားမိသွားပြီး မျက်နှာတွေလည်း နီရဲလာသည်။


ရှီဖူဒေသက လူတွေက လျှာလိပ်တဲ့ အသံနဲ့ မလိပ်တဲ့အသံတွေကို ကိုယ်တိုင်လည်း ကွဲကွဲပြားပြား မထွက်တတ်ကြသလို အသံကို ခွဲခြားဖို့လည်း ခက်ခဲတတ်ကြပါသည်။ 


ဒါ့ကြောင့် ယွင်လီရဲ့ ဗီဒီယိုတွေမှာ ပရိသတ်တွေက ဒီအချက်ကို မကြာခဏ ထောက်ပြလေ့ရှိကြသည်။ 


သူမလည်း ပြင်ဖို့ ကြိုးစားခဲ့ပေမဲ့ တချို့စကားလုံးကတော့ သူမအတွက် ခွဲခြားဖို့ ခက်ခဲနေဆဲပင်။ 


အသံတချို့ကိုတော့ အခုချိန်ထိ ခွဲခြားလို့မရသေးပါ။ အသံကွာခြားချက်ကိုတောင် သူမကိုယ်တိုင် နားမလည်နိုင်သေးပေ။ 


သူမ ရှက်လွန်းလို့ စကားဆက်မပြောနိုင်တော့ဘဲ စာလုံးရဲ့အစကိုပဲ ပါးစပ်လှုပ်ရုံ တိုးတိုးလေး ရေရွတ်လိုက်ပါသည်။


သို့သော် ဖုရှစ်ဇယ်က ဆံပင်အပြာကောင်ကို လုပ်ခဲ့သလိုမျိုး အတင်းအကျပ် ဖိအားမပေးတော့ဘဲ သူမရဲ့ မှားနေတဲ့အချက်ကိုသာ ထောက်ပြလိုက်ပါသည်။ 


ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားနေရင်း မေးလိုက်သည်။ 


"မင်း ငါ့နာမည်ကို ဘယ်လိုသိတာလဲ"  


ဘယ်လိုပြန်ဖြေရမလဲလို့ ယွင်လီရဲ့ခေါင်းထဲမှာ အမျိုးမျိုး စဉ်းစားနေမိသည်။ သူမတို့နှစ်ယောက်က အရင်က တွေ့ခဲ့ဖူးပေမဲ့လည်း ဖုရှစ်ဇယ်က သူ့ကိုယ်သူ မိတ်မဆက်ခဲ့ဘူးဆိုတာတော့ သေချာပါသည်။ 


သူမက သူ့အကြောင်းကို အွန်လိုင်းမှာ ရှာဖွေခဲ့တယ်ဆိုတာကိုလည်း ဝန်ခံလို့မဖြစ်ပေ။


တကယ်လို့ ဝန်ခံလိုက်ရင် အရမ်းထူးဆန်းပြီး လန့်စရာကောင်းတယ်လေ, ဟုတ်တယ်မလား? 


နောက်ဆုံးမှာတော့ အသင့်တော်ဆုံး အကြောင်းပြချက်တစ်ခုကို သူမ စဉ်းစားမိသွားလေသည်။ 


"အဲ့ဒါက… ကျွန်မ-ကျွန်မ EAW က လူတွေ ပြောတာကို ကြားလိုက်လို့ပါ... သူတို့က ရှင်က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်အသစ် ဖြစ်နေပြီလို့ ပြောကြတယ်" 


သူမ စကားပြောတာက ချောမွေ့မနေဘဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။  


ဒီအကြောင်းပြချက်က ယုတ္တိရှိတာကြောင့် ဖုရှစ်ဇယ် ခေါင်းညိတ်လိုက်သည်။ နာရီကို တစ်ချက်ကြည့်ပြီးနောက် သူမကို မေးလိုက်သည်။


"မင်း ဒီနေရာကို ဘာကိစ္စနဲ့ ရောက်နေတာလဲ"  


ယွင်လီက အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်သည်။


"ကျွန်မ ကြာဆံကြော်စားချင်လို့ လာဝယ်တာ" 


ဖုရှစ်ဇယ်က ဘာမှဆက်မမေးတော့ဘဲ "အင်း" ဆိုပြီးတော့သာ တုံ့ပြန်လိုက်သည်။ 


"ဒါပေမဲ့ ရပါတယ်" 


ယွင်လီသည် ခုနက ကိစ္စမှာ သူမ ဘာမှမထိခိုက်ခဲ့ပေမဲ့လည်း စိတ်ထဲမှာတော့ ကြောက်လန့်နေဆဲပါပဲ။ 


"လမ်းက နည်းနည်းသွားရဦးမယ်ထင်တယ်... အိမ်ပြန်ရောက်မှ Deli နဲ့ပဲ မှာစားလိုက်တော့မယ်"


ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖုရှစ်ဇယ်က "ဆိုင်က ဘယ်နားမှာလဲ" လို့ မေးလိုက်သည်။


ယွင်လီလည်း ထွေထွေထူးထူး စဉ်းစားမနေဘဲ တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။


"သွားရအောင်"  


ဖုရှစ်ဇယ်က ပြောပြီးတာနဲ့ သူမ ပြန်ဖြေတာကိုတောင် မစောင့်တော့ဘဲ အရှေ့ကနေ ထွက်သွားတော့သည်။


အရှေ့ကနေ သွားနေတဲ့ ဖုရှစ်ဇယ်ရဲ့ ကျောပြင်ကိုကြည့်ပြီး ယွင်လီရဲ့ နှလုံးခုန်သံတွေ မထိန်းချုပ်နိုင်လောက်အောင် မြန်လာခဲ့သည်။ ခဏလောက် တွေဝေနေပြီးနောက်မှာတော့ ယွင်လီက ဖုရှစ်ဇယ်နောက်ကို ခြေလှမ်းသွက်သွက်နဲ့ အပြေးလိုက်သွားတော့သည်။


ကြာဆံကြော်ဆိုင်က လမ်းသွယ်ကျဉ်းကျဉ်းလေးထဲမှာပင်။ 


နေရာက လမ်းသွယ်ထဲမှာ ဖြစ်ပေမဲ့ ဒီအချိန်ထိ ဝယ်သူတွေနဲ့ စည်ကားနေဆဲပင်။ အများစုကတော့ ဒီနားတစ်ဝိုက်က တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဖြစ်ပုံရပါသည်။ 


ဘေးနားက Bubble Tea ဆိုင်ကလည်း ဖွင့်သေးပေမဲ့ အစောပိုင်းကလိုတော့ လူသိပ်မစည်တော့ပါ။   


သူမတို့နှစ်ယောက်က ‌မှာထားတာကို စောင့်နေတဲ့အချိန်တွင်းမှာ အချင်းချင်း စကားမပြောဖြစ်ကြပါ။ ဆယ်မိနစ်လောက် စောင့်ခဲ့ပြီးနောက်မှာတော့ ယွင်လီ မှာထားတဲ့ ကြာဆံကြော်ကို ရပါပြီ။


ကြာဆံကြော်ဆိုင်ကနေ သူမတို့နှစ်ယောက် အတူတူ လမ်းလျှောက်ပြန်လာခဲ့ကြသည်။


လမ်းကြားထဲကနေ တည့်တည့်လျှောက်လာပြီးနောက် လမ်းမကြီးပေါ်ကို ရောက်လာကြသည်။ လမ်းတစ်ဖက်ခြမ်းမှာ ယွင်လီ အစောပိုင်းက ဖြတ်လာခဲ့တဲ့ ရင်ပြင်ကို တွေ့လိုက်ရသည်။ 


ထိုနေရာမှာတော့ ပျော်ရွှင်စွာ ကခုန်နေကြသူတွေလည်းရှိသလို တချို့က စကိတ်စီးနေကြဆဲမို့ အသက်ဝင် လှုပ်ရှားနေတုန်းပါပဲ။



ဖုရှစ်ဇယ်က အဲ့ဒီနေရာမှာ ရပ်လိုက်ပြီး သူမကို "အိမ်ကို စောစောပြန်တော့" လို့ ပြောလိုက်သည်။


"အမ်?" 


ယွင်လီက ချက်ချင်းနားမလည်သေးဘဲ တုံ့ဆိုင်းနေမိပြီးမှ အလျင်အမြန် ပြန်ပြောလိုက်သည်။  


"အာ, ဟုတ်ကဲ့... ဒါဆို ကျွန်မ ပြန်လိုက်ပါဦးမယ်" 


ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ယွင်လီက မနေနိုင်ဘဲ နောက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။


ဖုရှစ်ဇယ်က ခုနက နေရာမှာပဲ ရပ်နေဆဲပင်။


မျက်နှာထားက တင်းမာပြီး အသားအရေ ဖြူဖျော့နေတဲ့ ထိုလူက အေးစက်စက် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အရပ်ရှည်ပြီး အဖြူရောင်တီရှပ်ကို ဝတ်ထားတဲ့ သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်က တစ်ပင်တည်းရပ်နေတဲ့ ထင်းရှူးပင်လို ဖြစ်နေပေမဲ့ ပျော့ညံ့တဲ့ပုံတော့ မပေါ်ပါ။


အဲ့ဒီအခိုက်အတန့်မှာ အရာတစ်ခုက သူ့ရဲ့ လှောင်အိမ်ထဲကနေ လွတ်မြောက်သွားပါတော့သည်။


ကြာမြင့်စွာကတည်းက ဖူးပွင့်ဖို့ တွန့်ဆုတ်နေခဲ့တဲ့ ပန်းတစ်ပွင့်က ဘယ်သူမှ သတိမထားမိလိုက်ခင်မှာပဲ တိတ်တဆိတ် ပွင့်လာခဲ့သည်။ ဒီပန်းပွင့်လေးက ရှက်ကြောက်နေပြီး သေးငယ်နေပေမဲ့ လရောင်ရဲ့ ဆွဲဆောင်မှုကြောင့် လူ့လောကထဲကို ခဏတာ ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်သလိုပါပဲ။


ယွင်လီက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာကို ကြောက်တဲ့စိတ်၊ လူစိမ်းတွေကို ရှောင်ဖယ်နေတတ်တဲ့ သူမရဲ့အကျင့်စရိုက်တွေကို မေ့သွားခဲ့ပါသည်။ ဒီအချိန်မှာတော့ သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခုတည်းသာ ရှိနေပါတော့သည်။


အခုအချိန်မှာ သူမ ရှေ့ကို ခြေတစ်လှမ်းမတိုးလိုက်ဘူးဆိုရင်... 


ဒါက သူမတို့နှစ်ယောက်ရဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သွားနိုင်ပါသည်။ 


ဒါပေမဲ့ သူမ မျှော်လင့်နေမိတာကတော့...


ထပ်ပြီး တွေ့ဆုံခွင့်ရဖို့ နောက်တစ်ကြိမ် ရှိစေချင်မိပါသည်။ 


ယွင်လီက တံတွေးမျိုချလိုက်ပြီး လက်ဖဝါးတွေကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ကာ မဝံ့မရဲ မေးလိုက်သည်။


"ဟို... ကျွန်မ... အမ်း~ ရှင့်ရဲ့ WeChat Acc လေး တောင်းလို့ရမလား"  


ဖုရှစ်ဇယ်က ခေါင်းမော့ကြည့်လာသည်။ 


ဒီလိုမျိုး တစ်စုံတစ်ယောက်ကို သူမဘက်က အရင်စတင်ပြီး ချဉ်းကပ်တာက သူမဘဝမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ယွင်လီက အသံတုန်ယင်ကာ စကားအထစ်အငေါ့နဲ့ ရှင်းပြနေမိသည်။ 


"ရှင် အအေးမိနေတယ်လို့ ကြားလို့ပါ... အအေးမိတာအတွက် ထိရောက်တဲ့ ဆေးတစ်မျိုးကို ကျွန်မ ညွှန်းပေးချင်လို့” 


ဖုရှစ်ဇယ်က ချက်ချင်း ပြန်မဖြေပါ။ သူမ စကားဆုံးတာကို စောင့်နေတဲ့ပုံပါပဲ။ 


ခဏကြာတော့မှ ဖုရှစ်ဇယ်က ပုံမှန်လေသံနဲ့ "ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မလိုဘူး" လို့ ပြောလိုက်သည်။ 


စကားပြောရင်း ခဏလောက် ရပ်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။ 


"ကျွန်တော် ပြောဖို့ မေ့နေတာ... ကျွန်တော့်သူငယ်ချင်းရဲ့ အပြုအမူက မင်းကို အနှောင့်အယှက်မဖြစ်စေဖို့ မျှော်လင့်ပါတယ်" 


ဒီရိုးရှင်းတဲ့ စကားလုံးတွေက ယွင်လီရဲ့ စိတ်ကူးယဉ်မှုတွေနဲ့ အထင်အမြင် လွဲမှားမှုတွေကို ရိုက်ချိုးလိုက်ပါသည်။


သူ့စကားရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ တွေးကြည့်စရာတောင် မလိုဘဲ ယွင်လီ ချက်ချင်းပဲ နားလည်သွားသည်။


သူ့ရဲ့ အစောပိုင်းက အပြုအမူတွေက သူမအပေါ် စိတ်ဝင်စားမှုရှိနေလို့ လုပ်ပေးခဲ့တာ မဟုတ်ပေ။ သူ့ရဲ့သူငယ်ချင်းက ဒီညမှာ သူမကို အနှောင့်အယှက် ပေးထားမိတာကြောင့်သာ။ 


အခုလည်း တောင်းပန်ပြီးပြီဆိုတော့ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားသင့်ပါပြီ။


ဒီကိစ္စကြောင့် သူမရဲ့ မူလအစီအစဉ်ကို ထိခိုက်ပျက်စီးသွားတာမျိုး မဖြစ်စေချင်လို့သာ သူက ဝင်ကူညီပေးခဲ့တာ ဖြစ်နိုင်ပါသည်။ 


ကုန်ဆုံးသွားမယ့် အရိပ်အယောင်မရှိတဲ့ ဒီညမှာ လူစည်ကားပေမဲ့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ဒီလမ်းမပေါ်မှာ ကမ္ဘာကြီးကို နှစ်ခြမ်းခွဲလိုက်သလိုပါပဲ။ 


ပတ်ဝန်းကျင်က ဆူညံသံတွေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး အစားထိုး ဝင်ရောက်လာတာကတော့ နားထဲမှာ ဆူညံစွာ မြည်ဟီးသွားတဲ့ အသံနဲ့ ပြိုလဲကျသွားတော့မလို ခံစားချက်တွေပါပဲ။


ထိန်းချုပ်လို့မရတဲ့ ရှက်ရွံ့စိတ်က သူမကို လွှမ်းခြုံသွားပါတော့သည်။


ယွင်လီ အပြုံးတုလေးကို ကြိုးစားပုံဖော်ပြီး လေသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။


"အဆင်ပြေပါတယ်... ဘာမှမဖြစ်ပါဘူး... ရှင်လည်း အအေးမိတာ အမြန်ဆုံး သက်သာပါစေ"  


ထိုသို့ပြောပြီးတာနဲ့ ယွင်လီက ဖုရှစ်ဇယ်ကို နှုတ်ဆက်ဖို့တောင် မေ့သွားခဲ့ပြီး နေရာကနေ အမြန်ဆုံး ‌ထွက်လာခဲ့လိုက်တော့သည်။ 


နောက်ကျောပေးကာ လှည့်ထွက်လာပြီးနောက် သူမရဲ့ နှာခေါင်းထဲမှာ စူးခနဲ ဖြစ်သွားသည်။ လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကားတွေကို ကြည့်ပြီး လမ်းရှင်းတာနဲ့ လမ်းတစ်ဖက်ခြမ်းကို အမြန်ကူးလိုက်သည်။ 




🫧🫧🫧🫧