Ch (7.2)
Viewers 579

အခန်း (၇.၂)


အိမ်ပြန်ရောက်တဲ့အခါ ယွင်လီက ဖိနပ်ကို ပြီးစလွယ် ကန်ချွတ်လိုက်ပြီး အိတ်ကိုလည်း ထမင်းစားပွဲပေါ် ဖြစ်သလို ပစ်တင်လိုက်သည်။


ခြေလှမ်းသုံးလှမ်းတည်းနဲ့ ဧည့်ခန်းကို အမြန်လျှောက်သွားပြီး ဆိုဖာပေါ် ပုံလဲကျသွားပါတော့သည်။ 


ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်ပေမဲ့လည်း ဖုရှစ်ဇယ်ရဲ့မျက်နှာက သူမခေါင်းထဲမှာ တဝဲလည်လည် ပေါ်လာနေသည်။


အစကနေအဆုံးထိ ဖုရှစ်ဇယ်ရဲ့မျက်နှာမှာ ဘာခံစားချက်မှ ရှိမနေခဲ့ပါ။


ဒီညမှာ သူ့ကြောင့် ရုတ်တရက်ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒတစ်ခုအတွက်နဲ့ ယွင်လီဘက်က စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာတွေနဲ့ အရှက်ရခဲ့တာတွေက သူမနဲ့သာ သက်ဆိုင်နေသလိုပါပဲ။ သူ့ကြောင့် ဖြစ်လာတာကို ဖုရှစ်ဇယ်က စဉ်းစားမိပုံတောင် မရပါ။


သူမကို ငြင်းပယ်လိုက်တုန်းက သူမ ရှက်သွားမလားဆိုပြီးတော့လည်း သူ့စိတ်ထဲ တွေးခဲ့ပုံမပေါ်ပါ။ 


ဘာလို့လဲဆိုတော့ အဖြေက ရှင်းပါသည်။ သူ ဂရုမစိုက်လို့ပါ။


ယွင်လီသည် မျက်နှာကို ခေါင်းအုံးနဲ့ အုပ်ထားရင်း နှုတ်ခမ်းကို တင်းတင်း ကိုက်ထားမိလေသည်။


အား! ရှက်လိုက်တာ...


တအားရှက်ဖို့ကောင်းတာပဲ! 


ဘာလို့များ အဲ့ဒီလိုလုပ်ခဲ့မိရတာလဲ? 


သူမ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ပြီး သူမကို နှစ်သိမ့်ပေးမယ့်သူ လိုအပ်နေပေမဲ့လည်း ဘယ်သူ့ကိုမှလည်း ပြောပြချင်စိတ် မရှိပြန်ပေ။


အချိန်အနည်းငယ်ကြာပြီးနောက် သူမ ဖုန်းကို ကောက်ကိုင်ပြီး အင်တာနက်မှာ ရှာကြည့်လိုက်သည်။ 


"တစ်ယောက်ယောက်ရဲ့ WeChat ကို တောင်းတာ ငြင်းပယ်ခံရတယ်" 


သူမလို အလားတူ အဖြစ်အပျက်မျိုး ကြုံဖူးတဲ့သူတွေ အများကြီး ရှိနေသည်။


ဒါက လူတိုင်း ကြုံတွေ့နေကျ အရေးမပါတဲ့ ကိစ္စလေးတစ်ခု ဖြစ်ပုံရပြီး စိတ်ထဲထားနေစရာမလိုတဲ့ အရာတစ်ခုလိုပင်။


ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတစ်ယောက်က ကိုယ့်ကို ဆက်လက်သိကျွမ်းဖို့ စိတ်မဝင်စားတဲ့အခါ လူအများစုက သူတို့ကိုယ်သူတို့ အဲ့ဒီလောက်တောင် ဆိုးရွား‌တဲ့လူ ဖြစ်နေပြီလားလို့ တွေးတောနေကြဆဲပါပဲ။


တခြားသူတွေရဲ့ ရင်ဖွင့်စကားတွေကို အကြာကြီး ဖတ်ပြီးတဲ့နောက်မှာတော့ ယွင်လီလည်း နောက်ဆုံးမှာ စိတ်သက်သာရာ ရလာပါသည်။ ကိုယ့်ကိုယ်ကိုယ် သနားနေတာတွေကို ရပ်လိုက်ပြီးတော့ ထမင်းစားပွဲမှာ ငြိမ်သက်စွာ ထိုင်ကာ အကြာကြီးလျစ်လျူရှုထားခဲ့တဲ့ ကြာဆံကြော်ဘူးကို ဖွင့်လိုက်သည်။


သူမ တစ်လုတ် စားလိုက်သည်။


ကြာဆံကြော်က လုံးဝကို အေးစက်နေပြီဖြစ်သည်။


ယွင်လီသည် အေးစက်နေပြီဖြစ်တဲ့ ကြာဆံကြော်ကို မျိုချလိုက်ပြီး စိတ်ပျက်အားငယ်စွာနဲ့ တိုးတိုးလေး ရေရွတ်လိုက်မိသည်။


"ငါ့ရဲ့ နှလုံးသားတောင်မှ နင့်လောက် မအေးစက်ဘူး" 


အဲ့ဒီနောက် ကြာဆံကြော်ဘူးကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး ပြန်နွှေးလိုက်သည်။ စောင့်နေရင်းနဲ့ ယွင်လီက E-site ကို ဖွင့်လိုက်သည်။ ဒီရက်ပိုင်း သူမ အလုပ်တွေ ရှုပ်နေတာကြောင့် ဗီဒီယိုတွေ တင်တာကို ရက်သတ္တပတ် အတော်ကြာ မတင်ဖြစ်ခဲ့ပါ။ 


ဗီဒီယိုအောက်မှာရှိတဲ့ comment တွေအားလုံးက သူမ ပြန်လာဖို့ကိုပဲ တောင်းဆိုနေကြသည်။ တချို့ comment တွေမှာဆိုရင် သူမကို nickname တွေတောင် ပေးထားပြီး အမြန်ပြန်လာဖို့ တောင်းပန်နေကြတာမျိုးတောင် ရှိပါသည်။


Comment အနည်းငယ်ကို ဖတ်ပြီး သဘောကျနေမိသည်။ ယွင်လီက ခဏလောက် စဥ်းစားလိုက်ပြီးနောက် စာတစ်ကြောင်းရေးကာ တင်လိုက်သည်။


ရှန်းယွင်တီတားကျန့် : "ကျေးဇူးပြုပြီး ကျွန်မကို 'ငါးဆားနယ် တီတားကျန့်' လို့ ခေါ်နေတာ ရပ်ပေးကြဖို့ တောင်းပန်ပါတယ်... ဒီစနေနေ့ ညနေမှာ ဗီဒီယိုအသစ် တင်ပါမယ်"


သူမ ပို့စ်တင်လိုက်တာနဲ့ တစ်ပြိုင်နက် comment ရာပေါင်းများစွာ ချက်ချင်း ဝင်လာသည်။


ယွင်လီလည်း အဲ့ဒီ comment တွေကို ဖတ်ကြည့်တော့ ဗီဒီယိုအသစ်ကို တင်ဖို့ တိုက်တွန်းတာတွေအပြင် Follower ငါးသိန်းပြည့်ရင် လက်ဆောင်ပေးမယ်ဆိုတဲ့ ကတိကို မတည်သေးကြောင်း သတိပေးထားတဲ့ comment တွေကိုလည်း တွေ့လိုက်ရသည်။


အရင်က သူမ ဗီဒီယိုအမျိုးအစားတွေအတွက် ပရိသတ်တွေကို အကြံဉာဏ်တောင်းခဲ့ဖူးသည်။ အဲ့ဒီတုန်းက သူမ ခေါင်းမူးသွားရလောက်အောင်ကို ပရိသတ်တွေက အကြောင်းအရာမျိုးစုံ အကြံပေး တောင်းဆိုလာခဲ့ကြသည်။ 


ရွေးချယ်စရာတွေ များလွန်းလို့ ဘယ်ဟာရွေးရမှန်း မသိအောင် ဖြစ်ခဲ့ရသည်။


ဒါပေမဲ့ တောင်းဆိုချက်အများဆုံးကတော့ သူမကို live stream လုပ်စေချင်ကြလေသည်။


ယွင်လီက live streamကို မကြာခဏ မလုပ်ဖြစ်ပါ။ ပထမဆုံးအကြိမ်လုပ်တုန်းစူးစမ်းချင်စိတ်နဲ့သာ အစမ်းသဘော လုပ်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရပ်ခဲ့သည်။ 


ရုတ်တရက် လုပ်လိုက်တာကြောင့် သူမရဲ့ liveက အစီအစဉ်မကျဘဲ ဆိုးရွားပြီး ပျင်းစရာကောင်းနေမယ်လို့ ထင်ခဲ့မိသည်။ ထို့ကြောင့် live stream ထပ်လုပ်ဖို့ ဝန်လေးနေမိတော့သည်။ 


သူမ လုပ်ခဲ့ဖူးတဲ့ အကြိမ်ရေအနည်းငယ်ကလည်း fanတွေရဲ့ အတင်းအကျပ် တောင်းဆိုမှုကြောင့်ပဲ ဖြစ်လေသည်။


ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ fanတွေကတော့ သဘောကျပုံပါပဲ။


အချိန်က တော်တော်နောက်ကျနေပြီဖြစ်လို့ ကြည့်ရှုသူက သိပ်မရှိနိုင်တော့ပါ။ ထိုအခါ စိတ်ညစ်နေလို့ စကားပြောဖော် ရှာချင်နေတဲ့ ယွင်လီက ချီတုံချတုံ ဖြစ်သွားတော့သည်။ 


နောက်ဆုံးတော့ သူမ ဧည့်ခန်းထဲက ဆိုဖာဆီကို ပြန်လာပြီး ကင်မရာထဲမှာ သူမရဲ့ ပုံပန်းသွင်ပြင်နဲ့ အနေအထားကို စစ်ဆေးလိုက်သည်။ အားလုံး အဆင်ပြေပြီဆိုတာ သေချာတော့မှ live streamကို စတင်လိုက်ပါသည်။


ချက်ချင်းဆိုသလိုပဲ live stream ကို ကြည့်ရှုသူတွေ တန်းစီပြီး ရောက်လာကြသည်။


ယွင်လီလည်း စိတ်ကို တည်ငြိမ်အောင်ထားပြီး ကြည့်ရှုသူ တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်သည်။ အဲ့ဒီနောက် သူမက comment တွေကို ဖတ်ပြီး ပြန်ဖြေပေးလိုက်သည်။ 


"ဘာလို့ ရုတ်တရက်ကြီး live လွှင့်တာလဲ? — အင်း, ဒါက follower တစ်သန်းပြည့် အထိမ်းအမှတ် အစီအစဉ်လေးရဲ့ တစ်စိတ်တစ်ပိုင်းပါနော်... အစမ်းလွှင့်ကြည့်နေတာပါ" 


"နောက်ခံပုံက ဘာလို့ ပြောင်းသွားတာလဲ? — အိမ်ပြောင်းထားလို့ပါ, အခုထိ ပစ္စည်းတွေအကုန်လုံးကို သေချာ နေရာမချရသေးဘူး... နောက်မှ ပိုလှတဲ့ နောက်ခံပုံလေး လုပ်ထားလိုက်ပါမယ်" 


"မင်း ဘာစားနေတာလဲ? — ကြာဆံကြော်ပါ" 


ယွင်လီက ကြာဆံကြော်ဘူးကို ဖွင့်ကာ စားရင်း စကားပြောရင်းနဲ့ Live လွှင့်နေသည်။


"ဒါကြီးက ပျင်းဖို့ကောင်းလိုက်တာ... Talent တစ်ခုခုပြတာတို့ ဘာတို့ လုပ်ပါလား... ဒီလို Live လွှင့်နေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ?" 


ယွင်လီက ပုံမှန်အတိုင်း တည်ငြိမ်စွာနဲ့ပဲ ပြန်တုံ့ပြန်လိုက်သည်။ 


"ကျွန်မမှာ ထူးထူးခြားခြား ဘာမှမရှိပါဘူး... အဲ့လိုမျိုးတွေ ကြည့်ချင်ရင် တခြား Live ကို ပြောင်းကြည့်နိုင်ပါတယ်"


"ငါးဆားနယ်လေး, ဒီနေ့ ဘာလို့ စိတ်ဓာတ်ကျနေသလို ဖြစ်နေရတာလဲ? — စိတ်ဓာတ်မကျပါဘူးနော်, မင်း အထင်မှားနေတာပါ"


ဒီ comment ကြောင့် ရယ်မောနေကြတဲ့ memeတွေ တစ်ခုပြီးတစ်ခု တက်လာပါတော့သည်။ 


တချို့က သူမမှားနေတာကို ပြင်ပေးလာကြသည်။ 


"....."


ယွင်လီက ခုနက ဖုရှစ်ဇယ် ပြင်ပေးခဲ့တာကို ပြန်တွေးမိသွားသည်။ အဲ့ဒီစကားလုံးကို အသံထွက်မှားတာ မဖြစ်နိုင်ဘူးဆိုတာကို သေချာသိနေတာကြောင့် အသက်ပြင်းပြင်း ရှူလိုက်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ 


"ကျွန်မပြောတာကို ရှုပ်ထွေးအောင် မလုပ်ကြနဲ့နော်... ကျွန်မ မှန်အောင် ပြောခဲ့ပါတယ်"


အဲ့ဒီနောက် live ထဲမှာ ရှိတဲ့သူတွေက ယွင်လီရဲ့ တရုတ်ဘာသာစကားကို ပိုမိုကောင်းမွန်လာစေဖို့အတွက် လေ့ကျင့်ဖို့ စကားလုံးတွေ၊ tongue twisterတွေနဲ့ တခြား challengeတွေကို စတင် ပို့ပေးကြသည်။ 


သူမရဲ့ fanတွေနဲ့အတူ ပျော်ရွှင်စွာ ပါဝင်ချင်တာလည်း ဖြစ်နိုင်သလို သူမကိုယ်သူမ သက်သေပြချင်တာကြောင့်လည်းဖြစ်နိုင်ပါသည်။ သူမက စကားလုံးတိုင်းကို သေချာဂရုတစိုက် အသံထွက်ကြည့်လိုက်သည်။ 


ယွင်လီက တချို့စကားစုတွေဆိုရင် ချက်ချင်းတွေးပြီး အဓိပ္ပာယ်မရှိတဲ့ စာကြောင်းတွေကိုတောင် ဖန်တီး ပြောဆိုလိုက်သေးသည်။


ဒီလိုနဲ့ ဆယ်မိနစ်လောက်ကြာသွားပါသည်။ 


ယွင်လီလည်း ကြာဆံကြော်ကို ကုန်အောင်စားပြီးနောက် ဖုန်း screen ကို ကြည့်လိုက်တဲ့အခါ ထောင်သောင်းချီတဲ့ မှတ်ချက်တွေထဲက စာတစ်လုံးကို မြင်လိုက်သည်။


— ရှစ် ဇယ် —


ဖုရှစ်ဇယ် မုန့်ဆိုင်ကနေ ထွက်လာချိန်မှာ သူ့အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဖုန်းက မြည်လာသည်။


ဖုန်းနံပါတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်သည်။ တစ်ဖက်ကနေ ရွှီချင်းစုန့်ရဲ့အသံ ထွက်ပေါ်လာသည်။ 


"မင်းဘယ်ရောက်နေလဲ... ငါ ကားရပြီ"


ဖုရှစ်ဇယ်က "ငါ အပြင်ရောက်နေတယ်" လို့ ပြန်ဖြေလိုက်သည်။


"ဟုတ်လား, ဒါဆို ဘတ်စ်ကားမှတ်တိုင်ကိုလာခဲ့လိုက်"


"အင်း"


ဖုရှစ်ဇယ်က ဖုန်းချပြီးနောက် အိတ်တစ်အိတ်ကို ဆွဲကာ လမ်းမပေါ် ပြန်ထွက်လာခဲ့သည်။ ရွှီချင်းစုန့်ရဲ့ ကားကိုတွေ့တော့ ကားရှေ့ခန်းမှာ ဝင်ထိုင်ပြီး အိတ်ကို သူ့ဘေးမှာ ချထားလိုက်သည်။


ရွှီချင်းစုန့်က ကားမောင်းနေရင်း လှည့်ကြည့်ကာ "ဘယ်သူ့အတွက် ဝယ်လာတာလဲ" လို့ မေးလိုက်သည်။


"ငါ့အဖေအတွက်"


"ဒီအချိန်ကြီးအထိ အဖိုးကြီးက မအိပ်သေးဘူးလား"  


ရွှီချင်းစုန့်က စနောက်နေဟန် လေသံနဲ့ မေးလိုက်သည်။ 


"အဲ့ဒါဆို မင်းက အခု 'ပေရှန်ဖုန်းလင်' ကို ပြန်မှာလား ဒါမှမဟုတ် ငါနဲ့အတူ တစ်နေရာရာ သွားချင်သေးလား"


ဖုရှစ်ဇယ်က မျက်လုံးမှိတ်ထားရင်းနဲ့ "မသွားဘူး" လို့ ပြောလိုက်သည်။ သူ့ပုံစံက ပင်ပန်းနေပုံပေါ်နေသည်။ 


ရွှီချင်းစုန့်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ 


"မင်းရဲ့ပုံစံမျိုးနဲ့ မိန်းကလေးတွေကြားမှာ လူကြိုက်များတာ အံ့ဩစရာပဲ... ဒီရက်ပိုင်းထဲ ငါ့ဆီမှာ မင်းရဲ့ WeChat နံပါတ်ကို တောင်းတဲ့ မက်ဆေ့ချ်တွေ အများကြီးပဲ"  


ဖုရှစ်ဇယ်ကတော့ သူပြောတာကို မကြားချင်ယောင်ဆောင်နေသည်။


သူ့ပုံစံကို ကြည့်ပြီး ရွှီချင်းစုန့်လည်း ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းရဲ့ 


navigationကို ပိတ်ဖို့ လက်လှမ်းလိုက်ပါသည်။ 


အဲ့ဒီအချိန်မှာပဲ E-site ကနေ "လူကြီးမင်း Follow လုပ်ထားတဲ့ @ရှန်းယွင်တီတားကျန့် က လွန်ခဲ့တဲ့ ၁၅ မိနစ်ကတည်းက Live စတင်နေပါပြီ" ဆိုတဲ့ Notification တစ်ခု ဖုန်းစခရင်ရဲ့ ထိပ်ဆုံးမှာ ပေါ်လာသည်။


ရွှီချင်းစုန့်က အဲ့ဒီ Notification ကို မတော်တဆ နှိပ်မိသွားသည်။


ပထမတော့ သူ သတိမထားမိခဲ့ပါ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကားထဲမှာ ရုတ်တရက် ဆူညံသံတစ်ခု ပေါ်လာတဲ့အခါမှာတော့ ရွှီချင်းစုန့် ရုတ်တရက် သူ့ဖုန်းကို လှမ်းကြည့်လိုက်မိသည်။ ဖုန်းစခရင်ပေါ်မှာတော့ ရင်းနှီးသလိုလိုရှိတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။


အရင်တုန်းက ဟယ်ကျားမုံ့က EAW ကို ကြော်ငြာပေးဖို့အတွက် ရွေးချယ်ထားတဲ့ influencer စာရင်းကို ရွှီချင်းစုန့်ကို ပြခဲ့ဖူးသည်။ content creator တွေအားလုံးရဲ့ listပါတဲ့ account တစ်ခုကိုလည်း ပေးခဲ့ပါသည်။


ရွှီချင်းစုန့်က တာဝန်ယူမှုကို ပြသဖို့ အကောင့်ထဲကို ဝင်ကြည့်လိုက်သည်။ ဒါပေမဲ့ Live ကို အစအဆုံးကြည့်ဖို့ ပျင်းလွန်းကြောင့် ခပ်မြန်မြန်ပဲ တစ်ချက်သာ ကြည့်လိုက်ပါသည်။ 


သို့သော် appကနေ notification တွေ ဆက်တိုက်ပို့နေတာကြောင့် သူ အမှတ်မထင်နဲ့ပဲ အကြိမ်တော်တော်များများ ဝင်ကြည့်မိနေတော့သည်။


ရွှီချင်းစုန့် ပိတ်ခါနီးမှပဲ ရုတ်တရက် ပြန်သတိရသွားပြီး ဖုရှစ်ဇယ်ကို ပြောလိုက်သည်။  


"အားဇယ်... ဒီကောင်မလေးက အရင်ရက်တုန်းက မင်းဘေးနားမှာ ထိုင်တဲ့တစ်ယောက် မဟုတ်လား"


စကားပြောသံကြောင့် ဖုရှစ်ဇယ်က မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။


သူ ခုနကမှတွေ့ခဲ့တဲ့ မိန်းကလေးကို ရွှီချင်းစုန့်ရဲ့ ဖုန်းစခရင်ပေါ်မှာ တွေ့လိုက်ရသည်။ သူမက အစောပိုင်းက ဝတ်ထားတဲ့ အဝတ်အစားတွေအတိုင်းပဲ ဆိုဖာပေါ်မှာ ထိုင်နေသည်။ သူမရဲ့မျက်နှာက သေးသွယ်ပြီး ဖြူစွတ်ရှင်းသန့်နေသည်။ အပြင်မှာလိုပဲ ကင်မရာထဲမှာလည်း တစ်ပုံစံတည်းပါပဲ။


သူမရဲ့ မျက်လုံးတွေက ကြီးမားဝိုင်းစက်ပြီး တောက်ပနေကာ ကင်မရာကို တည့်တည့်ကြည့်နေသည်။ သူ့ရှေ့မှာရှိတုန်းကလို တစ်ခုခုကို ထိန်းချုပ်ထားတာမျိုး မဟုတ်ဘဲ ပိုပြီး လွတ်လပ်ပေါ့ပါးနေပုံပင်။


ထို့နောက် သူမက ဘာအကြောင်းအရာမှမရှိဘဲ စကားတစ်လုံးကိုပဲ ထပ်ခါတလဲလဲ ပြောနေသည်။ 


"ရှစ် ဇယ် , ရှစ် ဇယ်..."


ညသန်းခေါင်အချိန် တစ္ဆေပွဲတော်ညမှာ အေးစက်ပြီး လူသူကင်းမဲ့နေတဲ့ လမ်းပေါ်ရောက်နေချိန်မှာ သူ မတော်တဆ နှိပ်လိုက်မိတဲ့ Live ထဲမှ Live Streamer မိန်းကလေးရဲ့အသံက သူ့သူငယ်ချင်း ဖုရှစ်ဇယ်ရဲ့ နာမည်နဲ့ ဆင်တူတဲ့ စကားလုံးကို တစ္ဆေခေါ်သလိုမျိုး ထပ်ခါတလဲလဲ ပြောနေသည်။


"….." 


ဒီကိစ္စက နည်းနည်း ထူးဆန်းနေသည်။


ရွှီချင်းစုန့်က ခဏတုံ့ဆိုင်းပြီးမှ မေးလိုက်သည်။


"သူက မင်းနာမည်ကို ခေါ်နေတာလား" 


ဖုရှစ်ဇယ် ဘာမှ ပြန်မပြောရသေးခင်မှာပဲ ယွင်လီက သူမရဲ့ "ထပ်ခါထပ်ခါ ပြောတဲ့ အစီအစဉ်" ကို ရပ်သွားလေသည်။ အဲ့ဒီနောက် သူမက ကင်မရာကို စိုက်ကြည့်ရင်း "သူက ဝံပုလွေလိုပဲ" လို့ ပြောလိုက်သည်။


ခဏရပ်ပြီးနောက်မှာတော့ သူမက ဖြည်းဖြည်းချင်း ထပ်ပြောလာသည်။


"မဟုတ်သေးဘူး... သူက ခွေးကောင်ပဲ"  


ကားထဲမှာ တိတ်ဆိတ်သွားပါတော့သည်။


သုံးစက္ကန့်လောက်ကြာတော့မှ ရွှီချင်းစုန့် သတိဝင်လာသည်။ သူက နောက်ဆုံးစကားလုံးကိုပဲ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာကြောင့် ဖုရှစ်ဇယ်ဘက်ကို လှည့်ပြီး မေးလိုက်သည်။


"ခုနတုန်းက သူ မင်းကို ဆဲလိုက်တာလား" 


ဖုရှစ်ဇယ်က နားမလည်ဘဲ ပြန်မေးလိုက်သည်။


"ဘာကိုလဲ"


ထိုအခါ ရွှီချင်းစုန့်က ဖုရှစ်ဇယ်ကို ကြည့်ပြီး....


"သူက မင်းကို 'ခွေးကောင်'လို့ ပြောသွားတာလေ"


"....." 



☔☔☔