Ch 4
Viewers 1k

Ch-4

• April 12 at 11:43 AM

လက်ချောင်းကလေးများဖြင့် ဖုန်းမျက်နှာပြင်ကို အလောတကြီး ပွတ်ဆွဲပိတ်ချလိုက်ပြီးနောက် ထိုအက်ပ်ကို ဖျက်ပစ်ရန် အကြိမ်ကြိမ်ကြိုးစားကြည့်သည်။ သို့သော် ထိုကျိန်စာသင့်နေသည့် အက်ပ်က မြစ်ကြမ်းပြင်တွင် နစ်မြုပ်နေသော ကျောက်တုံးကြီးနှယ် မည်သို့မျှ ရွှေ့ပြောင်းဖျက်ဆီး၍ မရနိုင်ဘဲ ရှိနေသည်။

အကြိမ်ကြိမ် အချည်းနှီးဖြစ်သွားပြီးနောက် လီရှီးရှီးက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်ကာ လက်လျှော့လိုက်ရတော့သည်။ လက်ထဲရှိ ဖုန်းလေးကို စိုက်ကြည့်ရင်း ဖုန်းအတုတစ်လုံးကိုများ အလိမ်ခံပြီး ဝယ်လာမိလေသလားဟု သံသယဝင်လာမိသည်။ 

သို့မဟုတ်လျှင် ဤမျှရိုင်းစိုင်းလှသော အက်ပ်တစ်ခုကို မည်သူက ရှင်းပြနိုင်မည်နည်း။ အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အနည်းငယ်မျှပင် အကာအကွယ်မပေးနိုင်ဘဲ ဤမျှလွယ်လင့်တကူ ပေါက်ကြားစေရသနည်း။

ဤသို့တွေးမိသည်နှင့် ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားကာ မိုဘိုင်းဘဏ်လုပ်ငန်းအက်ပ်ကို အပြေးအလွှား ဖွင့်ကြည့်လိုက်သည်။ အချက်အလက်များ ပေါက်ကြားသွားလျှင်လည်း နေပါစေတော့၊ ဤကိစ္စအတွက်တော့ ငွေတစ်ပြားတစ်ချပ်မျှ အကုန်ခံမည်မဟုတ်ပေ။ 

သို့သော် ကိုယ့်ဘဏ်အကောင့်ထဲရှိ ငွေလေးများကတော့ အလျော့ခံ၍ မဖြစ်နိုင်ချေ။

‘ဟူး တော်ပါသေးရဲ့'

သူမ စိုးရိမ်လွန်သွားခြင်းသာဖြစ်သည်။ စုဆောင်းထားသည့် ငွေလေးများက ဘဏ်ကတ်ထဲတွင် အေးချမ်းစွာ တည်ရှိနေဆဲပင်။

ပြည်တွင်းရှိ အဓိကဘဏ်ကြီးလေးခုကတော့ ယုံကြည်စိတ်ချရပုံပေါ်သည်။ ဖုန်းအတုတစ်လုံး ဖြစ်နေလျှင်တောင် ငွေများခိုးယူခံရမည် မဟုတ်ပေ။

မည်သို့မျှ ဖျက်ပစ်၍မရနိုင်သည့်အဆုံး ဤအက်ပ်ထဲတွင် ဘာတွေများရှိနေသလဲဆိုသည်ကို စူးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးမှ အက်ပ်စတိုးသို့သွားကာ ကြယ်တစ်ပွင့်ပေးပြီး အပြင်းထန်ဆုံး ဝေဖန်ချက်တစ်စောင် ရေးတင်ပစ်ရပေမည်။ 

ဖျက်ပစ်၍မရအောင် လုပ်ထားခြင်းက အတော်လေးကို လူပါးဝလွန်းလှသည်။

အကောင့်ဝင်ရောက်ထားသည့် အချက်အလက်များက အသေးစိတ်ကျလွန်းလှသည်။ အမည်၊ အသက်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန် စသည်တို့အားလုံး အတိအကျ ပါဝင်နေသည်။ တကယ်ကို ဒေတာအချက်အလက်များ ကြီးကြီးမားမား ပေါက်ကြားနေသည့် ခေတ်ကြီးပါပေ။

‘ဟင်၊ ဒါက... ငါတို့ရွာလေးရဲ့ အသေးစားမြေပုံလေး မဟုတ်လား၊ ဒါက ဦးလေးတာ့ယုံရဲ့ အိမ်၊ ဒါက အန်တီချူရဲ့ အိမ်၊ ဟော ဟိုမှာက ငါ့အိမ်လေးပဲ' 

သူမကိုယ်တိုင်က ကွန်ပျူတာသိပ္ပံပညာကို လေ့လာခဲ့သူဖြစ်သည်။ မိုဘိုင်းအက်ပ်တွေက ဤမျှအထိ အဆင့်မြင့်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ယခုကဲ့သို့ နည်းပညာများရှိနေရင် အတင်းအကျပ် ထည့်သွင်းပြီး ဖျက်မရအောင် လုပ်ထားစရာမလိုပေ။ ဇာတိရွာလေးရဲ့ သုံးဘက်မြင်ပုံရိပ် မြေပုံလေးတောင် ပါသေးသည်။

မြေပုံကို နောက်တစ်ဆင့်ဆုတ်ကြည့်လိုက်ရာ လီတောင်တန်းရှိ ဇာတိရွာလေး၏ ပုံစံငယ်လေးဖြစ်နေကြောင်း ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ လီရှီးရှီး အံ့သြတကြီးဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိ၏။

အမှတ်တမဲ့ဖြင့် မြေပုံလေး ပိတ်သွားခဲ့သည်။ အောက်ဘက်တွင် စာသားတစ်ခု ပေါ်လာ၏။

[စနစ်အသိပေးချက်]။ ။တာဝန်- နေရာတစ်ခုကို ရွေးချယ်ပြီး ဖမ်းလ်‌ဟောက်စ် တစ်ခု ဖွင့်လှစ်ပါ။

ထိုတာဝန်ကို နှိပ်ကြည့်လိုက်သောအခါ အောက်ဘက်တွင် အစပြုသူအတွက် ဆုလာဘ်တစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။

[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါသည်။ အစပြုသူအတွက် ဆုလာဘ်တစ်ခုရရှိထားပါသည်။ ကျေးဇူးပြု၍ ဆုလာဘ်ကို ထုတ်ယူပါ။

ဒါက ဘယ်လို ဂိမ်းအမျိုးအစားလဲ၊ လီရှီးရှီး ဆုလာဘ်ကို ထုတ်ယူရန် နှိပ်လိုက်သည်နှင့် အကွက်ငယ်လေးတစ်ခု ခုန်ထွက်လာခဲ့သည်။

[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါတယ်၊ ယွမ် ၂.၅ သန်း ရရှိပါသည်၊ ဆုလာဘ်ကို ခွဲဝေချထားပေးနေပါသည်။

‘၂၅၀ တဲ့လား' လီရှီးရှီး မျက်မှောင်ကြုတ်သွားသည်။ သူမကို လူအ (၂၅၀ - တရုတ်ဗန်းစကား) ဟု သွယ်ဝိုက်လှောင်ပြောင်နေသလားဟုပင် သံသယဝင်မိသည်။ 

‘ဆုလာဘ်က ဘယ်လိုလုပ် ယွမ် ၂.၅ သန်း ဖြစ်နေရတာလဲ' ဤအက်ပ်ထဲရှိ တကယ်မရှိသော ငွေကြေးများဖြင့် မည်သည့်အရာများ ဝယ်ယူနိုင်မည်ကို သူမ မသိပေ။

သို့သော် အက်ပ်ထဲတွင် အကြိမ်ကြိမ် ရှာဖွေကြည့်သော်လည်း ထို ယွမ် ၂.၅ သန်းကို မည်သည့်နေရာတွင်မှ မတွေ့ရချေ။ ထို့အပြင် အက်ပ်အတွင်းရှိ ဈေးဝယ်စင်တာမှာလည်း မီးခိုးရောင်သန်းနေပြီး မည်သည့်အရာမျှ ဝယ်ယူ၍မရနိုင်ပေ။ 

ဈေးဝယ်စင်တာကို ဖွင့်ရန်အတွက် အချို့သော တာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ရမည်ဟု သူမခန့်မှန်းမိသည်။

နောက်ထပ် တာဝန်တစ်ခုကို ပေးပို့နေကြောင်းနှင့် အချိန်မရွေး သတိထားစောင့်ကြည့်ရန် ဖုန်းမျက်နှာပြင်ပေါ်ရှိ စာသားက ဖော်ပြနေခဲ့သည်။ ဤအရာများကို သိပ်ပြီး ဂရုမစိုက်နေတော့ပေ။ 

မွန်းလွဲပိုင်းတွင်တော့ ရွာသူရွာသားများ၏အိမ်များသို့ လက်ဆောင်များ လိုက်လံပေးဝေရန်သာ အာရုံစိုက်လိုက်တော့သည်။

“ဝါး... အန်တီချူ၊ နှစ်တွေဒီလောက်ကြာသွားတာတောင် အန်တီက နည်းနည်းလေးမှ မပြောင်းလဲသွားသလိုပဲ၊ မျက်နှာမှာလည်း အရေးအကြောင်းလေး တစ်ခုမှမရှိဘူး၊ ခန္ဓာကိုယ်လေးကလည်း အချိုးအစားကျလိုက်တာ” 

လီရှီးရှီးက အသက်သုံးဆယ်အရွယ်ခန့်ရှိသော ရှေ့မှ အမျိုးသမီးကို အားကျဟန်ဖြင့် ကြည့်ရင်း ချီးကျူးလိုက်သည်။

အန်တီချူက ပြုံးရွှင်စွာဖြင့် တုံ့ပြန်လာသည်။ “ဒါက အန်တီဖျော်တဲ့ ပျားရည်လေး ကောင်းလွန်းလို့ပါ၊ ပျားရည်ကို နေ့တိုင်းသောက်တာက ခန္ဓာကိုယ်အတွက် သိပ်ကောင်းတယ်လေ၊ အော်... ဒါနဲ့ ရှီးရှီးလေး၊ အရင်က မြို့ကနေ သီးသန့်ပို့ပေးလိုက်တဲ့ ပျားရည်တွေရော နေ့တိုင်းသောက်ဖြစ်ရဲ့လား”

“သောက်ဖြစ်တာပေါ့၊ အန်တီချူပို့ပေးတဲ့ပျားရည်ကို နေ့တိုင်း မပါမဖြစ်သောက်ရတာ” မနက်စာဖိုး သက်သာစေရန်အတွက် လီရှီးရှီးသည် အန်တီချူပို့ပေးထားသော ပျားရည်ကို ရေနွေးနွေးလေးဖြင့် ဖျော်ကာ မနက်တိုင်းသောက်လေ့ရှိသည်။ 

ထိုပျားရည်တစ်ခွက်ဖြင့်ပင် လုံလောက်နေပြီး မနက်ခင်းတစ်ပိုင်းလုံး ဗိုက်ဆာခြင်းကို မခံစားရတော့ပေ။

အရင်က တက္ကသိုလ်အဆောင်တွင် အခန်းဖော်များနှင့်ပင် မျှဝေတိုက်ခဲ့ဖူးသည်။ မိမိတို့တောင်တန်းမှ ရရှိသော တောပျားရည်စစ်စစ်ဖြစ်ကြောင်း၊ အလွန်ချိုမြိန်ပြီး မွှေးကြိုင်ကြောင်းကိုလည ကြွားလုံးထုတ်ခဲ့သေးသည်။ 

အရသာက တကယ်ပင် ကောင်းမွန်လွန်းသဖြင့် အခန်းဖော်များက ထိုပျားရည်များကို ဝယ်ယူရန်ပင် ကမ်းလှမ်းခဲ့ကြ၏။

တက္ကသိုလ်တက်ခဲ့သည့် လေးနှစ်တာကာလအတွင်း အခန်းဖော်များက အလွန်ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့ကြသည်။ ထို့ကြောင့် သူတို့ ပျားရည်သောက်ချင်လျှင် အခမဲ့သာ ပိုပေးလိုက်မည်။ ငွေကြေးကိုတော့ မည်သို့မျှ လက်ခံမည်မဟုတ်ပေ။

ငွေမယူသည်ကို မြင်သောအခါ အခန်းဖော်များလည်း ပျားရည်တောင်းသောက်ရန် အားနာသွားကြပြီး ရံဖန်ရံခါမှသာ မြည်းစမ်းကြည့်ကြတော့သည်။

“အန်တီချူရေ... သမီး သွားလိုက်ဦးမယ်နော်၊ အန်တီချီတို့ဆီ သွားရဦးမယ်”

“ခဏလေးနေဦး၊ အန်တီ ပျားရည်နှစ်အိုး သွားယူပေးမယ်”

……

အစကတော့ အိမ်တွင် နောက်ထပ်နှစ်ရက်ခန့်နေပြီး အင်္ဂါနေ့မနက်မှ ပြန်ရန် စီစဉ်ထားသော်လည်း အစီအစဉ်များက အပြောင်းအလဲများကို မမီနိုင်ခဲ့ပေ။ 

ကုမ္ပဏီရှိ လက်ရှိအခန်းဖော်ထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။ ဝီချက်ဂရုထဲရှိ ပို့စ်တစ်ခုကို စခရင်ရှော့ ရိုက်ပို့ထားခြင်းဖြစ်သည်။ ပုံကို ဖွင့်ကြည့်လိုက်ရာ “*** ထီ” ဟူသော အမည်ကို မြင်လိုက်ရပြီး စာသားများက ဤသို့ ဖော်ပြထားသည်။ 

ဂုဏ်ယူပါသည်။ ကျွန်ုပ်တို့၏ ဆိုက်ဒ်မှ အကြိမ်ရေ 20XXXXXX တွင် ပထမဆု ၂ ဆု ထွက်ရှိသွားပါသည်။ ဆုကြေးငွေ ယွမ် ၃.၃ သန်း ဖြစ်ပါသည်။

ထိုပုံအောက်တွင် အခန်းဖော်ကောင်မလေး၏ စာသားကို တွေ့ရသည်။ “ရှီးရှီး... ဒါက ဟိုနေ့က ငါတို့ထီသွားထိုးခဲ့တဲ့ နေရာမဟုတ်လား၊ ရက်ကလည်း အတူတူပဲလေ၊ ကျစ်... ငါကတော့လွဲသွားပြီ၊ ဘယ်သူများ ကံထူးသွားလဲ မသိပါဘူးဟာ”

“နင့်ကို ပြောရဦးမယ်၊ ငါလည်း ကံကောင်းတာလား မသိဘူး၊ ယွမ် ရှစ်ထောင်တောင် ပေါက်တယ်သိလား၊ အား... ဝမ်းသာလိုက်တာဟာ”

“ဒါနဲ့ နင့်ထီလက်မှတ်ရော တိုက်ကြည့်ပြီးပြီလား၊ ဆုများ ပေါက်သေးလား၊ ဟိုနေ့က အတူတူသွားခဲ့တာဆိုတော့ နင်လည်း ကံထူးရှင်ဖြစ်နေမလားပဲ”

ဤစာကို မြင်သည်နှင့် လီရှီးရှီး ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ မိမိ၏ ထီလက်မှတ်ကို အမြန်ထုတ်ကာ မျှော်လင့်မထားသော ကံကောင်းမှုများ ရောက်လာလေမလားဆိုသည့် စိတ်ဖြင့် အွန်လိုင်းတွင် ချက်ချင်း တိုက်ကြည့်လိုက်သည်။

“၉... ဟုတ်တယ်၊ ပထမဂဏန်း တိုက်သွားပြီ၊ တစ်လုံးတူရင် ယွမ် ငါးဆယ်လား မသိဘူး၊ အင်း... ၀ ဒုတိယဂဏန်းလည်း တူတယ်၊ တတိယဂဏန်း... တူပြန်ပြီ၊ နောက်ဆုံးတစ်ခု... အားလုံးတူနေပါလား”

ရှေ့ရှိ ထီလက်မှတ်ကိုကြည့်ရင်း လီရှီးရှီး မယုံနိုင်အောင် ဖြစ်နေမိသည်။ 

‘ငါ... ငါ တကယ်ပဲ ဆုကြီးပေါက်သွားတာလား၊ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်၊ ဒီနှစ်ရက်အတွင်း ကောင်းမွန်တဲ့အရာတွေက တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ရောက်လာပါလား'

သူမ၏ ရင်ဘတ်ထဲတွင် အောင်မြင်မှုနှင့် ချမ်းသာကြွယ်ဝမှုဆီသို့ လှမ်းတက်ရန် မျှော်လင့်ချက်မီးတောက်ငယ်လေးတစ်ခု စတင်လောင်ကျွမ်းလာသည်။ ဤငွေများဖြင့် သူမ၏ဘဝကို လုံးဝပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။

ဆုကြေးငွေအား မည်သည့်နေရာတွင် ထုတ်ယူရမည်ကို ချက်ချင်း ရှာဖွေလိုက်၏။ အချိန်ဆွဲနေလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်လာမည်ကို စိုးရိမ်သဖြင့် နောက်နေ့တွင် ချက်ချင်းသွားရောက် ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။

“ရှီးရှီးလေး... ဘာလို့ ဒီလောက်မြန်မြန် ပြန်ရတာလဲ၊ နောက်ထပ် နှစ်ရက်လောက် နေပါဦးလား” တစ်ရက်သာ နေရသေးသော်လည်း ကိစ္စရှိ၍ ပြန်ရတော့မည်ဟု ပြောလာသော လီရှီးရှီးကို ကြည့်ကာ ဒေါ်လေးဝမ်က အံ့သြတကြီး မေးလိုက်သည်။

“ဒေါ်လေးဝမ်... သမီး အလုပ်ထွက်ပြီး ဒီကို အပြီးပြန်လာမလို့၊ ဒီတစ်ခေါက် ပြန်သွားတာက ကုမ္ပဏီမှာ အလုပ်ထွက်စာ သွားတင်မလို့ပါ” လီရှီးရှီး၏ မျက်ဝန်းများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ အထင်းသား ပေါ်လွင်နေသည်။ 

မြို့ကြီးပြကြီး၏ မွန်းကျပ်မှုများမှ ရုန်းထွက်ကာ ဇာတိမြေတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြင့် အောင်မြင်အောင်ကြိုးစားမည်ဟူသော ရည်မှန်းချက်က ရင်ထဲတွင် ကိန်းအောင်းနေပြီဖြစ်သည်။

“အော်... ပြန်လာမလို့လား၊ ဆိုလိုတာက နောက်ထပ် ထွက်မသွားတော့ဘူးပေါ့” ဒေါ်လေးဝမ် အနည်းငယ် အံ့အားသင့်သွားသည်။

“ဟုတ်တယ်၊ ထွက်မသွားတော့ပါဘူး”

“ရှီးရှီးလေးရယ်... ဒီနေရာမှာ တကယ်ပဲ ငွေရှာလို့ ရနိုင်မှာမို့လို့လား၊ ဒေါ်လေးကတော့ သိပ်မသေချာဘူးကွယ်၊ ဟိုမှာတုန်းက သမီး လစာတော်တော်ကောင်းတယ်လို့ ကြားဖူးတယ်၊ တကယ်ပဲ အလုပ်ထွက်တော့မှာ သေချာလို့လား၊ နှမြောစရာကြီး ဖြစ်မနေဘူးလား”

လီရှီးရှီး သက်ပြင်းချလိုက်သည်။ “ဟူး... မြို့ကြီးပြကြီးမှာ ရပ်တည်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ဒေါ်လေးဝမ်မှ မသိတာ၊ နေ့တိုင်း အချိန်ပိုတွေဆင်းရနဲ့၊ တစ်နေ့ကျရင် အလုပ်လုပ်ရင်းနဲ့ပဲ သမီး ပျောက်ကွယ်သွားမှာကိုတောင် စိုးရိမ်မိတယ်”

“ငွေဆိုတာက ပြန်ရှာလို့ရပေမယ့် လူတစ်ယောက်ကတော့ ထွက်သွားပြီဆိုရင် တကယ်ကို အပြီးအပိုင် ထွက်သွားတာလေ”

“အဲဒါတော့ ဟုတ်တယ်၊ အရင်က နင့်ဦးလေး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒဏ်ရာရခဲ့သေးတယ်လေ။ ကံကောင်းလို့သာ အသက်ရှင်နေတာ”

လူတစ်ယောက်က အသက်ရှင်နေသရွေ့ ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးအကြီးဆုံးပဲဆိုတာကို ဒေါ်လေး နားလည်ခဲ့ရတယ်” မိမိခင်ပွန်း သေလုမျောပါး ဖြစ်ခဲ့ရသည်ကို တွေးမိကာ ဒေါ်လေးဝမ်က လီရှီးရှီး၏ စကားကို အလွန်အမင်းသဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လီရှီးရှီးက ဖုန်းထဲရှိ လက်မှတ်ဝယ်သည့် အက်ပ်ကို ဖွင့်လိုက်သည်။ ဤနေရာတွင် လေဆိပ်မရှိသော်လည်း ကံကောင်းစွာဖြင့် ရထားဘူတာရုံတစ်ခုတော့ ရှိသည်။ 

ထီပေါက်ထားသည်မို့ အစကတော့ အဆင့်မြင့် ထိုင်ခုံတစ်ခုကို ရွေးချယ်ရန် စဉ်းစားခဲ့သော်လည်း ဈေးနှုန်းကွာဟချက်ကို မြင်သောအခါ ရိုးရိုးအိပ်စင်ကိုသာ တိတ်တဆိတ် ရွေးချယ်လိုက်တော့သည်။ 

သစ်သားခုံကြမ်းပေါ်တွင် ထိုင်ရသည်ကတော့ အနည်းငယ် ခံစားရခက်ခဲပေမည်။ သို့သော် ရိုးရိုးအိပ်စင်လေးက မိမိကိုယ်ကို အနည်းငယ် သက်ညှာရာရောက်ပြီး လက်ခံနိုင်စရာ အနေအထားတွင် ရှိနေသည်။ 

ဆုကြေးငွေများ လက်ထဲရောက်မလာမီအထိတော့ ချွေတာသင့်သည်ကို ချွေတာရမည်သာ ဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းစတင်ရန် ရင်းနှီးမြုပ်နှံမှုများစွာ လိုအပ်ဦးမည်မဟုတ်လော။