Ch 3
Viewers 1k

Ch-3

• April 12 at 11:42 AM

“ဟဲဟဲ... သမီးပြန်လာမယ်ဆိုတာကြားတာနဲ့ မနက်အစောကြီးကတည်းက သွားကြိုဖို့ သမီးဒေါ်လေးဝမ်က အတင်းလွှတ်လိုက်တာလေ"

“မြင်တဲ့အတိုင်းပဲ၊ တို့ဘက်က တောင်ပေါ်လမ်းတွေ ပြင်ပြီးသွားပြီဆိုတော့ မြို့ပေါ်သွားရလာရလွယ်အောင် လျှပ်စစ်သုံးဘီးဆိုင်ကယ်လေး တစ်စီးလောက်တော့ ဝယ်ထားလိုက်တယ်”

ယခင်က ဦးလေးဝမ်တစ်ယောက် မြို့တက်ကာ အလုပ်လုပ်ခဲ့ဖူးသော်လည်း၊ ပြီးခဲ့သည့်နှစ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆ အရိုးကျိုးသွားခဲ့သဖြင့် ပြင်းထန်သော ကာယလုပ်ငန်းများကို ဆက်လက်မလုပ်ကိုင်နိုင်တော့ဘဲ ရွာသို့ ပြန်လာခဲ့ရခြင်းဖြစ်သည်။ 

ယခုအခါ အိမ်တွင် ကြက်မွေးမြူရေးကိုသာ အဓိကထား လုပ်ကိုင်နေတော့၏။ လီရှီးရှီး ယူဆောင်လာသော လက်ဆောင်အထုပ်အပိုးများအားလုံးကို လျှပ်စစ်သုံးဘီးဆိုင်ကယ်၏ နောက်ခန်းထဲသို့ သေချာနေရာချလိုက်သည်။

“လာ… ရှီးရှီးလေး၊ ဦးလေးနောက်က ထိုင်ခုံကို ဖုန်တစ်စက်မကျန် ပြောင်လက်နေအောင် သေချာသုတ်ထားတာမို့ အေးဆေးထိုင်လို့ရတယ်၊ ပြုတ်မကျအောင်တော့ သေချာလေး ကိုင်ထားနော်၊ ဆိုင်ကယ်ထွက်တော့မယ်”

“စိတ်မပူပါနဲ့ ဦးလေးဝမ်ရယ်၊ သမီးက လူကြီးဖြစ်နေပါပြီ၊ ပြုတ်မကျ... အမလေး” လီရှီးရှီး၏ စကားပင် မဆုံးလိုက်ပေ။ ဦးလေးဝမ်က ဆိုင်ကယ်လီဗာကို ရုတ်တရက် ဆွဲတင်လိုက်သဖြင့် သူမခမျာ နောက်သို့လန်ကျမတတ် ဖြစ်သွားရသည်။ 

ကံကောင်းထောက်မစွာဖြင့် ဘေးရှိသံတန်းကို အလျင်အမြန်လှမ်းဆွဲလိုက်နိုင်သဖြင့် ထိခိုက်ဒဏ်ရာရခြင်းမှ သီသီလေး လွတ်ကင်းသွားခဲ့သည်။

“ဦးလေးဝမ်ရဲ့သုံးဘီးက တော်တော်လေးမြန်တာပဲနော်” ဘေးမှ ဖြတ်ပြေးသွားသော အိမ်စီးကားတစ်စီးကို ကျော်တက်သွားချိန်တွင် လီရှီးရှီးက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ဦးလေးဝမ်ကပဲ 

ဦးလေးဝမ်ကပဲ ဆိုင်ကယ်ကို မြန်မြန်မောင်းနေသလား၊ သို့တည်းမဟုတ် မြို့ငယ်လေးထဲမှ ကားလေးကပဲ နှေးလွန်းနေသလားဟု သူမ တွေးတောနေမိသည်။

“ဟားဟား... မဆိုးပါဘူးလေ၊ အစတုန်းက ဒီဆိုင်ကယ်လေးက အရမ်းနှေးနေတယ်ထင်လို့ ပိုမြန်သွားအောင် ဆိုင်မှာ နည်းနည်းပြင်ခိုင်းထားတာ” ဦးလေးဝမ်က ရယ်မောလျက် ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေသည်။

အချိန်သိပ်မကြာလိုက်ချေ။ သူမတို့၏ ရွာလေးတည်ရှိရာ တောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။

“ဝါး... ဒီဘက်ကလမ်းတွေ တော်တော်လေး ကျယ်သွားတာပဲ၊ တချို့နေရာတွေဆို ကားနှစ်စီး ရှောင်လို့ရလောက်တဲ့အထိ ကျယ်ဝန်းတယ်၊ အခုလိုဆိုတော့ တောင်အောက်ဆင်းရတာ အားလုံးအတွက် ပိုအဆင်ပြေသွားတာပေါ့”

လီရှီးရှီးသည် နှစ်အတန်ကြာ ကင်းကွာနေခဲ့သော မွေးရပ်မြေကျေးရွာလေး၏ ရှုခင်းများကို တဝကြီး ငေးမောကြည့်လိုက်မိသည်။ 

လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်နေပြီဖြစ်ကြောင်း တွေ့ရသဖြင့် နောင်တစ်ချိန် ငွေကြေးစုဆောင်းမိ၍ ကိုယ်ပိုင်ကားလေးတစ်စီး ဝယ်နိုင်ခဲ့လျှင် အိမ်ပြန်ရသည်မှာ ယခုထက်ပို၍ အဆင်ပြေချောမွေ့နေမည်ဟု စိတ်ကူးယဉ်ကြည့်မိ၏။ 

ထိုအိပ်မက်က သူမ၏ကြိုးစားချင်စိတ်ကို ပိုမိုတောက်လောင်လာစေသည်။

“ဒါပေါ့ကွယ်၊ တို့ရွာလေးက တောင်တန်းတွေ ဝန်းရံနေတာဆိုတော့ တောင်အောက်ဆင်းဖို့ဆိုတာ ရွာသူရွာသားတွေအတွက် အမြဲတမ်း အခက်အခဲဖြစ်နေခဲ့တာလေ၊ အရင်ကဆို ခြေလျင်လျှောက်ခဲ့ရပေမဲ့၊ အခုတော့ ယာဉ်တွေနဲ့ အလွယ်တကူ သွားလာလို့ရသွားပြီပေါ့”

……

“မနေ့ကမှ သမီးဒေါ်လေးဝမ်က အိမ်ကို ရေဖျန်းပြီး သေချာသန့်ရှင်းရေး လုပ်ပေးထားတာ။၊စောင်တွေလည်း နေလှန်းပေးထားတော့ ချက်ချင်း ဝင်နေလို့ရနေပြီ"

“ရော့... ဒါက သမီးအိမ်သော့၊ ဪ... ပြီးတော့ သမီးဒေါ်လေးက ဒီနေ့ သမီးကို တို့အိမ်မှာပဲ ထမင်းလာစားဖို့ သေချာမှာလိုက်သေးတယ်၊ ဒီမိန်းမလည်း ကြည့်စမ်း၊ သူ မမှာလည်း ငါကခေါ်မှာပဲကို”

လီရှီးရှီး အဝေးရောက်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ သူမ၏အိမ်လေးမှာ အမြဲလိုလို လူသူကင်းမဲ့လျက် တိတ်ဆိတ်နေတတ်သည်။ 

အိမ်ကြီး ယိုယွင်းပျက်စီးမသွားစေရန်နှင့် စောင့်ရှောက်ပေးရန်အတွက် အိမ်သော့ကို ဒေါ်လေးဝမ်ထံတွင် အပ်နှံထားခဲ့ခြင်းဖြစ်သည်။

သူမ ပြန်လာမည်ကို သိသည်နှင့် တစ်အိမ်လုံးကို သန့်ရှင်းရေး သေချာလုပ်ပေးထားလိမ့်မည်ဟု လီရှီးရှီး လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူမတို့ နှစ်အိမ်မှာ အိမ်နီးချင်းများဖြစ်ကြသော်လည်း အလွန်အမင်း ရင်းနှီးကျွမ်းဝင်လွန်းလှသည်တော့ မဟုတ်ပေ။ 

ထို့ကြောင့် ဒေါ်လေးဝမ်အတွက် အမှန်တကယ်ပင် အလုပ်ရှုပ်သွားစေခဲ့ပြီဟု တွေးမိကာ အားနာသွားသည်။

“ဒေါ်လေးဝမ်ကတော့ တကယ့်ကို သဘောကောင်းလွန်းပါတယ်၊ ဪ... ဦးလေးဝမ်၊ ဒါတွေက မြို့ကနေ ဦးလေးနဲ့ဒေါ်လေးအတွက် သမီးဝယ်လာတဲ့ လက်ဆောင်တွေပါ”

“ဦးလေး အရင်ယူသွားလိုက်နော်, သမီး ဘိုးဘိုးကို အရင်သွားကန်တော့လိုက်ဦးမယ်၊ ပြီးမှ ဦးလေးတို့အိမ်ကို လိုက်ခဲ့ပါ့မယ်”

“ကောင်းပါပြီကွယ်၊ ဒါဆိုလည်း ဦးလေးအရင်ပြန်နှင့်မယ်၊ သမီး အိမ်ရောက်နေပြီဆိုတဲ့အကြောင်း သမီးဒေါ်လေးကို သွားပြောပြလိုက်ဦးမယ်”

“ငါ့အိမ်လေးက တကယ်ကို အေးချမ်းတာပဲ၊ အပြင်မှာ ဒီလောက် ပူပြင်းနေတဲ့ နွေရာသီဖြစ်နေတာတောင် အိမ်ထဲမှာ နည်းနည်းလေးမှ ပူအိုက်မနေဘူး”

အိမ်ထဲသို့ ခြေချလိုက်သည်နှင့် လီရှီးရှီးက ကျေနပ်စွာ ရေရွတ်လိုက်မိသည်။ မြို့ကြီးပြကြီးများတွင် အဆင်ပြေချောမွေ့မှုနှင့် ခေတ်မီတိုးတက်မှုများ ရှိသော်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများကိုမူ လျစ်လျူရှုထား၍ မရနိုင်ပေ။ 

ပိုက်ဆံရှာရန်သာမဟုတ်လျှင် သူမ မွေးရပ်မြေသို့ စောစောစီးစီးပြန်လာခဲ့ချင်နေမိသည်။ အေးချမ်းသော ဤနေရာလေးတွင် ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်ကာ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရန်မှာ သူမ၏ တိတ်ဆိတ်သောရည်မှန်းချက်တစ်ခု ဖြစ်သည်။

ထိုစဉ် သူမ၏ ဖုန်းဆီမှ ‘ဒင်... ဒေါင်’ ဆိုသည့် အသံလေး ထွက်ပေါ်လာသည်။ ပေါက်ကရ ကြော်ငြာမက်ဆေ့ချ် တစ်ခုခုသာ ဖြစ်မည်ဟု တွေးကာ သူမ သိပ်ပြီး ဂရုမစိုက်လိုက်ပေ။ 

အရင်က သူမတို့ရွာလေးတွင် ဖုန်းလိုင်းပင် မရှိခဲ့ပေ။ သူမ အလယ်တန်း တတိယနှစ်သို့ ရောက်ရှိချိန်မှသာ လူတစ်စုရောက်လာကာ ဆက်သွယ်ရေးတိုင်များ လာရောက်စိုက်ထူသွားပြီး ထိုအချိန်မှစ၍ ဖုန်းလိုင်း ရရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအချိန်က ရွာထဲတွင် မိုဘိုင်းဖုန်း ဝယ်ယူအသုံးပြုနိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှသည်။ 

လီရှီးရှီးမြို့တွင် ကျောင်းသွားတက်ချိန်၌ အတန်းဖော်များ၏ မိဘများတွင် မိုဘိုင်းဖုန်း သို့မဟုတ် နိုကီရာဖုန်းများ ကိုင်ဆောင်နိုင်ကြသည်ကို တွေ့မြင်ခဲ့ရသည်။ 

ရွာမှလူများမှာ ဆင်းရဲနွမ်းပါးလွန်းသဖြင့် မိုဘိုင်းဖုန်း မဝယ်နိုင်ကြခြင်းဖြစ်မည်ဟုသာ သူမ တွေးထင်ခဲ့မိသည်။ တက္ကသိုလ်ရောက်ပြီးနောက် သူမကိုယ်တိုင်လည်း မုန့်ဖိုးများကို ချွေတာစုဆောင်းကာ တစ်ပတ်ရစ် ဖုန်းအဟောင်းလေးတစ်လုံးကို ဝယ်ယူနိုင်ခဲ့သည်။

ထိုဖုန်းအဟောင်းလေးက သူမကို တက္ကသိုလ် လေးနှစ်တာကာလတစ်လျှောက်လုံး အဖော်ပြုပေးခဲ့ပြီးနောက် အလွန်အမင်း ဟောင်းနွမ်းလေးကန်လာခဲ့သည်။ ထို့ကြောင့် အလုပ်သင်ဆင်း၍ လစာရချိန်တွင် အရစ်ကျစနစ်ဖြင့် ဖုန်းအသစ်တစ်လုံးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

……

‘ဒင်... ဒေါင်... ဒင်... ဒေါင်’

ဖုန်းမြည်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြန်သည်။ ‘ဒါတော့ မဟန်သေးဘူး၊ ကြော်ငြာမက်ဆေ့ချ်တွေက ဒီလောက်ထိ ဆက်တိုက် ဝင်လာစရာ အကြောင်းမရှိပါဘူး’ လီရှီးရှီး အတွေး‌ပေါက်ကာ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သည်။

တက္ကသိုလ်အတန်းဖော်များ၏ ဝီချက်ဂရု မှ မက်ဆေ့ချ်များ ဆက်တိုက်ဝင်နေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရတော့မှ ဪ... ဒါကြောင့်ကိုးဟု သဘောပေါက်သွားသည်။

အကြောင်းရင်းမှာ သူမတို့အတန်းမှ လီဝမ်က သူဝယ်ထားသော အိမ်သစ်လေး၏ ဗီဒီယိုကို ဂရုထဲသို့တင်ကာ အချိန်ရလျှင် လာရောက်လည်ပတ်ကြရန် အားလုံးကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။

ချက်ချင်းပင် အောက်ဘက်၌ မှတ်ချက်များ တန်းစီဝင်လာသည်။

“ဟယ်... လီဝမ်၊ နင်က ကျောင်းပြီးတာနဲ့ ချက်ချင်း အိမ်ဝယ်နိုင်နေပြီလား”

“အဲဒီ အိမ်က ကမ္ဘာ့ကုန်သွယ်ရေးနယ်မြေသစ် ဘက်မှာ မဟုတ်လား၊ အဲဒီနေရာက ဈေးမသေးဘူးနော်”

“ချမ်းသာသွားရင်လည်း ငါတို့ကို မမေ့နဲ့ဦးလေ (အီမိုဂျီ)”

“ရပါတယ်ဟယ်... ငါ့မိဘတွေက အများကြီး ထောက်ပံ့ပေးလိုက်လို့ပါ” လီဝမ်က ဂုဏ်ယူဝင့်ကြွားသော အီမိုဂျီလေးဖြင့် ပြန်စာပို့ထားသည်။

လီရှီးရှီးသည်လည်း ထိုဗီဒီယိုလေးကို ဖွင့်ကြည့်လိုက်သည်။ အိမ်လေးမှာ စတုရန်းမီတာ ရှစ်ဆယ်၊ ကိုးဆယ်ခန့် ကျယ်ဝန်းမည်ဟု ခန့်မှန်းရ၏။

ခဏမျှ ကြည့်ရှုပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားကာ စခရင်ကို အပေါ်သို့ အမြန်ဆွဲတင်ကြည့်လိုက်ရာ သူမ ရင်ထိတ်သွားရသည်။ သူမ မိုဘိုင်းဒေတာ ဖွင့်မထားမိလေ၏။

သူမ အသုံးပြုနေသည်က အသက်သာဆုံး အစီအစဉ်ဖြစ်ပြီး ဒေတာ ၁၀၀ မီဂါဘိုက်သာ ပါဝင်ကာ ထို့ထက်ကျော်လွန်ပါက အပိုငွေ ထပ်မံဖြတ်တောက်မည်ဖြစ်သည်။ 

ထို့ကြောင့် အပြင်ရောက်နေချိန်ဆိုလျှင် သူမသည် မိုဘိုင်းဒေတာကို တတ်နိုင်သမျှ မသုံးဘဲ ဝိုင်ဖိုင်လ် ကိုသာ အမြဲတမ်း အားကိုးလေ့ရှိသည်။

သို့ဆိုလျှင် သူမ၏ဖုန်းက အင်တာနက်နှင့် မည်သို့ ချိတ်ဆက်မိနေသနည်း။ 

အတန်းဖော်များက ဝီချက် တွင် စကားစမြည် ပြောဆိုနေကြဆဲဖြစ်ပြီး ယခုအခါတွင် ကျောင်းမှ မည်သူနှင့် မည်သူတို့ ကျောင်းပြီးနောက် လမ်းခွဲသွားကြပြီဖြစ်ကြောင်းကို အတင်းအဖျင်း ပြောဆိုနေကြပြီဖြစ်သည်။

သေချာစစ်ဆေးကြည့်လိုက်သောအခါ သူမ၏ ဖုန်းမှာ အမည်မသိ ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်မိနေကြောင်း တွေ့လိုက်ရသည်။ မည်သည့်စကားဝှက်မှ ရိုက်ထည့်စရာ မလိုသဖြင့် အများသုံး ဝိုင်ဖိုင်လ် တစ်ခု ဖြစ်ဟန်တူသည်။

မွန်းတည့်ချိန်တွင် ဦးလေးဝမ်နှင့် ဒေါ်လေးဝမ်တို့အိမ်၌ နေ့လယ်စာ စားသုံးနေရင်း လီရှီးရှီးက သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

“ဦးလေးနဲ့ ဒေါ်လေး... သမီးဖုန်းက အိမ်မှာ အင်တာနက် ချိတ်လို့ရနေတယ်၊ ရွာထဲက တစ်ယောက်ယောက်များ ဝိုင်ဖိုင်လ်စက် တပ်ထားတာ ရှိသလားဟင်” (ဒီနေရာက ဝိုင်ဖိုင်လ်ရဲ့ အသံထွက်က ကြောင်ရဲ့အသံထွက်နဲ့ အဓိပ္ပါယ် သွားတူနေတာကြောင့်ပါ)

“ကြောင်လား၊ တို့ရွာက ကြောင်မကြီးက လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ကြောင်ကလေးတွေ မွေးထားတာလေ၊ အခုဆို ချောင်းထဲမှာငါးဖမ်းတာတောင် အဲဒီကြောင်မကြီးနောက်ကို လိုက်ဖမ်းနိုင်နေကြပြီ” ဒေါ်လေးဝမ်က ရိုးသားစွာပင် ပြန်ဖြေသည်။

“အဲဒီကြောင်မျိုးကို ပြောတာမဟုတ်ဘူး ဒေါ်လေးရဲ့”

လီရှီးရှီးက ပြုံးကာ တုံ့ပြန်လိုက်သည်။ သူတို့အနေဖြင့် ဤကဲ့သို့သော အီလက်ထရောနစ် အသုံးအဆောင်များအကြောင်းကို နားလည်မည်မဟုတ်ဟု တွေးမိသဖြင့် ထပ်မံမမေးမြန်းတော့ပေ။ 

မည်သို့ပင်ဆိုစေကာမူ ဝိုင်ဖိုင်လ် ချိတ်ဆက်၍ ရနေခြင်းက ကောင်းသည့်ကိစ္စပင်ဖြစ်သည်။ အစကတော့ ရွာပြန်ရောက်လျှင် အင်တာနက်မရဘဲ ပျင်းစရာကောင်းနေမည်ဟု သူမတွေးပူနေခဲ့မိသည်။

နေ့လယ်စာ စားပြီးနောက် လီရှီးရှီးသည် အိမ်သို့ပြန်လာကာ သူမအခန်းထဲရှိ ဝါးကုတင်လေးပေါ်တွင် လှဲလျောင်းနေလိုက်သည်။ 

ဝါးကုတင်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် တစ်ယောက်အိပ် ကုတင်တစ်လုံးစာခန့် ကျယ်ဝန်းပြီး နွေရာသီတွင် တစ်ရေးတစ်မော အိပ်စက်ရန်အတွက် အလွန်သင့်တော်လှ၏။

မွန်းလွဲပိုင်းတွင် ရွာသူကြီးက ရွာလုံးကျွတ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပြီး အားလုံးကို ရွာသို့ပြန်လာကာ ကိုယ်ပိုင်စီးပွားရေးများ လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အထက်မှ ချထားပေးမည့် ထောက်ပံ့ကြေးများနှင့် အခြား အခွင့်အရေးများအကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ထိုစကားများကို ကြားရပြီးနောက် သူမ၏စိတ်ထဲတွင် ရွာသို့ပြန်လာပြီး စီးပွားရေး လုပ်သင့်၊ မလုပ်သင့်ကို အလေးအနက် စဉ်းစားခန်းဝင်နေမိ၏။ 

နောက်ထပ် နှစ်အနည်းငယ်ခန့် မြို့တွင် ဆက်ကြိုးစားကာ ငွေကြေးများများ စုဆောင်းပြီးမှသာ ရွာသို့ ပြန်လာလျှင် ကောင်းမည်ဟု တွေးမိသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အခြားသူများ၏အကြံဉာဏ်ကို တောင်းခံလိုသဖြင့် ဖုန်းကို ဖွင့်ကာ မေးခွန်းတစ်ခု တင်ရန် ပြင်လိုက်သည်။

“ဟင်... ငါ့ဖုန်းထဲကို အက်ပ် တစ်ခု ဘယ်လိုလုပ် အပို ရောက်နေတာလဲ”

ဖုန်းဝယ်စဉ်ကတည်းက ပါလာသော အက်ပ်များမှလွဲ၍ သူမ ကိုယ်တိုင် အက်ပ်အသစ်များ သိပ်ပြီး ဒေါင်းလုဒ်ဆွဲလေ့မရှိကြောင်းကို လီရှီးရှီး သေချာမှတ်မိနေသည်။ အောက်တန်းစား ဆော့ဖ်ဝဲလ်တစ်ခုခုကများ သူမမသိအောင် ခိုးပြီး အင်စတော လုပ်သွားလေသလား။

ရယ်စရာကောင်းသည်မှာ ထို App ၏ အမည်ကို “ဖမ်းလ်‌ဟောက်စ်” (လယ်ယာအိမ်လေး) ဟု အမည်ပေးထားလေသည်။ သူမ ရွာသို့ပြန်ရောက်ချိန်တွင် ခြံလေးတစ်ခြံ စိုက်ပျိုးမွေးမြူရန် စဉ်းစားနေခဲ့သည်မှာ မကြာသေးပေ။ 

ယခုတော့ ထိုအက်ပ်က သူမဖုန်းထဲတွင် အလိုအလျောက် ပေါ်လာခဲ့ပြီဖြစ်သည်။ သူမ၏ စိတ်တွင်းမှ အတွေးများကိုပင် ဤဖုန်းက ခိုးနားထောင်နိုင်စွမ်း ရှိနေသလားဟု သံသယဝင်သွားမိ၏။

ထို အက်ပ်ထဲတွင် မည်သည့်အရာများ ပါဝင်နေသည်ကို သိချင်သဖြင့် ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အက်ပ်ကို ဖွင့်လိုက်ချိန်တွင် သူမ အလွန်အမင်း အံ့အားသင့်သွားရသည်။ ဤအက်ပ်က သူမ၏အကောင့်သို့ အလိုအလျောက် လော့အင်၀င်ထားပြီးဖြစ်ကာ သူမ၏ အမည် လီရှီးရှီး ကို အထင်အရှား ပြသထားသည်။

‘သောက်ကျိုးနည်း... ဘယ်လိုဖြစ်ရတာလဲ'

လီရှီးရှီး တစ်ယောက် ဒေါသတကြီး ပေါက်ကွဲသွားရသည်။ ဤအောက်တန်းစား ဆော့ဖ်ဝဲလ်က အလွန်လွန်ကျူးလွန်းလှသည်။ 

သူမ၏ ဖုန်းထဲသို့ ဝင်ရောက်လာရုံသာမက သူမ၏အကောင့်ကိုပါ အလိုအလျောက် ချိတ်ဆက်ထားသေးသည်။ 

လက်ရှိခေတ်၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားမှုအခြေအနေက တကယ့်ကို ဆိုးရွားလွန်းလှပေသည်ဟု သူမတွေးလိုက်မိသည်။