Ch 2
Viewers 1k

Ch-2

• April 12 at 11:41 AM

သူမ၏ စိတ်အစဉ်သည် သာယာလှပသော စိတ်ကူးယဉ်ကမ္ဘာလေးထဲသို့ အလိုလို နစ်မျောသွားရသည်။ သို့သော် ချက်ချင်းဆိုသလိုပင် အမှန်တရားကို ပြန်လည်သတိရသွားမိ၏။ 

သူမတို့၏ရွာလေးမှာ အလွန်တရာ ခေါင်ခိုက်လွန်းလှရာ လမ်းများဖောက်လုပ်ပြီးသွားသည့်တိုင်အောင် လာရောက်လည်ပတ်မည့်သူ ရှိ၊ မရှိကိုတော့ သေချာမသိနိုင်သေးပေ။ 

သို့သော်လည်း သူမတို့တောင်တန်းပေါ်မှ သဘာဝရှုခင်းများကတော့ အခြားမည်သည့် နာမည်ကြီး ခရီးသွားဆွဲဆောင်ရာနေရာများနှင့်မျှ မနိမ့်ကျလှကြောင်း သူမ ယုံကြည်ထားသည်။ 

အကယ်၍သာ သေချာပြုပြင်မွမ်းမံပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် လူအများ လာရောက်လည်ပတ် အပန်းဖြေချင်သည့် နေရာတစ်ခုဖြစ်လာနိုင်ပြီး ထိုအခါကျလျှင် သူမသည်လည်း ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရသည့်ဘဝမှ လွတ်မြောက်နိုင်ပေမည်။

ထိုညက လီရှီးရှီးတစ်ယောက် ကျဉ်းမြောင်းလှသော အဆောင်ကုတင်လေးပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း အိပ်မပျော်နိုင်အောင် ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ လှုပ်ရှားမှုများက တိတ်ဆိတ်ညင်သာလွန်းလှရာ အခြားမည်သူ့ကိုမျှ မနိုးစေခဲ့ပေ။ 

မနက်ဖြန် အလုပ်ဆင်းချိန်ရောက်သည်နှင့် မန်နေဂျာကျန်းထံတွင် ခွင့်တောင်းရန် သူမ စိတ်အားထက်သန်နေမိပြီဖြစ်သည်။ 

သန်ဘက်ခါသည် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သဖြင့် လစာထဲမှ ဖြတ်တောက်ခံရမည်ဆိုလျှင်တောင် သူမ ဂရုမစိုက်နိုင်တော့ပေ။ မွေးရပ်မြေသို့ ပြန်ကာ လက်ရှိအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုချင်စိတ်များက ထိန်းမနိုင်သိမ်းမရ ပြင်းပြနေခဲ့သည်။

နောက်တစ်နေ့ နေ့လယ်စာစားချိန်တွင် လီရှီးရှီးနှင့် သူမ၏ အဆောင်အခန်းဖော် ကောင်မလေးတို့သည် ကုမ္ပဏီအောက်ထပ်ရှိ ကြက်သားဟင်းနှင့် ထမင်းပေါင်းရောင်းချသော စားသောက်ဆိုင်လေးတစ်ခုတွင် နေ့လယ်စာ သုံးဆောင်နေကြသည်။

သူမနှင့်အတူ ထမင်းစားနေသော ထိုကောင်မလေးတွင် ဝါသနာလေးတစ်ခုရှိသည်။ နေ့ချင်းညချင်း ချမ်းသာသွားမည့် အိပ်မက်များကို မက်ရင်း တစ်ခါတစ်ရံ ထီလက်မှတ်များ ဝယ်လေ့ရှိ၏။ 

သို့ရာတွင် ယခုအချိန်အထိ သူမ အများဆုံးပေါက်ဖူးသည့် ဆုကြေးငွေမှာ ယွမ်နှစ်ဆယ်သာ ဖြစ်သည်။

ကုမ္ပဏီအနီးတွင် ထီဆိုင်တစ်ဆိုင်ရှိပြီး နေ့လယ်ပိုင်း အလုပ်ပြန်ဝင်ရန် အချိန်အနည်းငယ်လိုသေးသည်ဖြစ်၍ လီရှီးရှီးသည် ထိုကောင်မလေးနှင့်အတူ ထီဆိုင်သို့ လိုက်သွားခဲ့သည်။

“ရှီးရှီးလေး၊ နင်ရော ထီတစ်စောင်လောက် စမ်းထိုးကြည့်ချင်လား၊ အစပိုင်း ထိုးတဲ့သူတွေက ကံကောင်းတတ်တယ်လို့ ကြားဖူးတယ်၊ ငါ ပထမဆုံးအကြိမ် ထီစထိုးတုန်းကဆို ယွမ်နှစ်ဆယ်တောင် ပေါက်ဖူးတယ်သိလား၊ ဒါပေမဲ့ နောက်ပိုင်းတော့ အများဆုံးပေါက်ဖူးတာ ငါးယွမ်ပဲရှိတော့တယ်”

အရင်ကသာဆိုလျှင် လီရှီးရှီးတစ်ယောက် ထီလက်မှတ်များကို စောင်းငဲ့ကြည့်မည်မဟုတ်ပေ။ 

သူ့အားထီထိုးဖို့ပြောလာလျှင် သူပြန်ပြောမည်မှာ ‘လာနောက်နေတာလား’ဟုပင်။

တက္ကသိုလ်ကျောင်းသူဘဝ နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များလုပ်ကာ ပိုက်ဆံရှာခဲ့ရသည်။ 

ထူးချွန်အမှတ်များ၊ ရရှိခဲ့သည့် ပညာသင်ဆုနှင့် ထောက်ပံ့ကြေးငွေများက ကျောင်းစရိတ်အတွက် အနိုင်နိုင် ဖူလုံရုံသာရှိသဖြင့် နောင်တစ်ချိန် ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်နိုင်ရန် ငွေစုဖို့ကိုသာ အမြဲတမ်း တွေးတောနေခဲ့သူဖြစ်၏။

သို့သော် တက္ကသိုလ်ပထမနှစ်တွင် ဘိုးဘိုးကွယ်လွန်သွားပြီးနောက် သူမတွင် အခြားဆွေမျိုးဟူ၍ မရှိတော့ချေ။ 

ရွာသူရွာသားများက သူမကို ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ကြသော်လည်း သူမသည် အရွယ်ရောက်ပြီးသူဖြစ်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်၍ ငွေရှာနိုင်ပြီဖြစ်သည်။ 

ရွာသူရွာသားများအတွက်လည်း ငွေရှာရန်မှာ မလွယ်ကူလှသဖြင့် သူတို့၏ထောက်ပံ့ငွေများကို သူမ လုံးဝလက်မခံနိုင်ခဲ့ပေ။

ထို့ကြောင့် ကျောင်းဆင်းချိန်များတွင် ကျူရှင်ပြခြင်းကဲ့သို့သော အချိန်ပိုင်းအလုပ်များကို အမြဲတမ်း ရှာဖွေလုပ်ကိုင်ခဲ့သည်။

ယခုအချိန်တွင်တော့ သူမ၏ဘဝလေးမှာ ဖြည်းဖြည်းချင်း အရာရာအဆင်ပြေလာပြီဖြစ်၍ ယခင်ကလောက် မကပ်စေးနှဲတော့ချေ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။ “ဒါဆိုလည်း အပျော်သဘောအနေနဲ့ နှစ်စောင်လောက် ဝယ်ကြည့်တာပေါ့” 

“တစ်စောင်ကိုနှစ်ယွမ်၊ ဘယ်ဂဏန်းတွေရွေးမလဲ”

“အဲဒါတွေက ငါလည်း သိပ်နားလည်တာ မဟုတ်ဘူး၊ ခဏလေး စဉ်းစားကြည့်ဦးမယ်” လီရှီးရှီးက တီးတိုးရေရွတ်ရင်း သူမ၏မွေးနေ့ဂဏန်းနှင့် မနေ့ကရက်စွဲကို ပေါင်းစပ်ပြီး ထိုးရမလားဟု စဉ်းစားနေမိသည်။

“၉... ၀...၊ တူညီတဲ့ ဂဏန်းနှစ်စောင်ဝယ်မယ်”

“လေးယွမ်ကျပါမယ်”

ဆိုင်ရှင်က ထီလက်မှတ်များကို ထုတ်ပေးလိုက်ရာ လီရှီးရှီးက ဂရုတစိုက်ဖြင့် သူမ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ဆုကြီးကြီးပေါက်ရန် မျှော်လင့်ချက် ကြီးကြီးမားမား မရှိသော်လည်း သူမ၏ချွေးနှဲစာ လေးယွမ်ကို အကုန်အကျခံကာ ဝယ်ယူထားခြင်းဖြစ်၍ ပေါ့ပေါ့ဆဆတော့ မထားနိုင်ပေ။ 

‘တကယ်လို့များ တကယ်လို့များပေါ့... တစ်ရာ၊ နှစ်ရာလောက် ပေါက်ခဲ့မယ်ဆိုရင်တောင် မဆိုးပါဘူးလေ၊ ဟင်းကောင်းကောင်း နှစ်နပ်၊ သုံးနပ်လောက်တော့ စားလို့ရတာပေါ့'

ရုံးဆင်းချိန်နီးလာသောအခါ လီရှီးရှီးသည် ခွင့်တောင်းရန်အတွက် မန်နေဂျာကျန်း၏ ရုံးခန်းတွင်းသို့ ဝင်သွားခဲ့သည်။

မန်နေဂျာကျန်းမှာ အသက် သုံးဆယ်၊ လေးဆယ် ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအချိန်တွင် သူက မျက်မှောင်ကြုတ်လျက် ဝန်ထမ်းသစ်လေးကို ကြည့်ကာ မေးခွန်းထုတ်နေခဲ့သည် ။

“လီရှီးရှီး... မင်းက နှစ်စဉ်ခွင့်ယူမလို့လား။ ဒီစနေ၊ တနင်္ဂနွေမှာတောင် အချိန်ပိုမဆင်းတော့ဘူးဆိုတော့ ဆက်တိုက်ရက်အတော်ကြာ ခွင့်ယူရလောက်အောင် ဘာကိစ္စတွေများ အဲဒီလောက် အရေးကြီးနေလို့လဲ”

“မန်နေဂျာကျန်း... မနေ့ညက ကျွန်မရွာကလူတွေ ဖုန်းဆက်လာတယ်၊ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ ကျွန်မကို မဖြစ်မနေ ရွာပြန်လာခဲ့ပါလို့ ပြောလို့ပါ” (နှစ်စဉ်ခွင့်ဆိုတာ စုံစမ်းကြည့်ရသလောက် ရုံးတွေမှာ တစ်နှစ်ကို တစ်ကြိမ် ရက်ရှည်ခွင့်ယူရတာမျိုးကို ပြောချင်တာပါလို့ သိရပါတယ်)

“ရွာကို မပြန်ရတာလည်း အတော်ကြာနေပြီဆိုတော့ နှစ်စဉ်ခွင့်လေးယူပြီး တစ်ခေါက်လောက် ပြန်သွားကြည့်မလို့ပါ” လီရှီးရှီးက မန်နေဂျာကျန်းကို ရိုးသားပွင့်လင်းသောမျက်ဝန်းများဖြင့် ကြည့်ကာ ရှင်းပြလိုက်သည်။

“ဘာအရေးကြီးကိစ္စမို့လို့လဲ၊ ဖုန်းထဲကနေ သေချာရှင်းပြလို့မရဘူးလား”

“အယ်... ရွာက လူငယ်တွေက အလုပ်လုပ်ဖို့ အဝေးကို ထွက်သွားကြပြီလေ၊ ရွာမှာကျန်ခဲ့တာက သက်ကြီးပိုင်းတွေများတော့ ဒီလို အီလက်ထရောနစ်ပစ္စည်းတွေကို သိပ်မသုံးတတ်ကြဘူးလေ”

မန်နေဂျာကျန်း၏ စိတ်ကူးထဲတွင် လူငယ်များအားလုံး အလုပ်ထွက်လုပ်နေကြပြီး သက်ကြီးရွယ်အိုများနှင့် ကျန်ရစ်သူ ကလေးငယ်များသာ ကျန်ရှိနေတော့မည့် အလွန်တရာ ခေတ်နောက်ကျပြီး ခေါင်ကျလှသော ရွာငယ်လေးတစ်ရွာကို မြင်ယောင်လာသည်။ 

လီရှီးရှီး၏ ကိုယ်ရေးအချက်အလက်များကို သူ ယခင်က ဖတ်ရှုဖူးထားပြီး မြို့ငယ်လေးတစ်မြို့၏ အောက်ပိုင်းရှိ ကျေးလက်ဒေသတစ်ခုမှ လာရောက်သူဖြစ်ကြောင်း သူသိထားသည်။ 

ထို့အပြင် လီရှီးရှီးသည် ရုပ်ရည်ပြေပြစ်သော်လည်း ပြင်ဆင်ခြယ်သမှု နည်းပါးကာ အဝတ်အစား နှစ်စုံ၊ သုံးစုံလောက်ကိုသာ လှည့်ပတ်ဝတ်ဆင်လေ့ရှိသည်ကို သတိထားမိသဖြင့် သူမ၏မိသားစုမှာ အလွန်သာမန်ဆန်ပြီး ဆင်းရဲနွမ်းပါးလှကြောင်းကိုပါ သူ ရိပ်မိထားသည်။

ထိုအကြောင်းကို တွေးမိသောအခါ မန်နေဂျာကျန်းက သက်ပြင်းတစ်ချက်ချရင်း လီရှီးရှီး၏ခွင့်တောင်းခံမှုကို သဘောတူခွင့်ပြုလိုက်၏။

သူကိုယ်တိုင်ကလည်း ဖွံ့ဖြိုးမှုနောက်ကျသော တောင်ပေါ်ရွာလေးတစ်ရွာမှ လာခဲ့သူဖြစ်ပြီး မိသားစုက အရာရာကို စွန့်လွှတ်အနစ်နာခံကာ သူ့ကို ကျောင်းထားပေးခဲ့သောကြောင့်သာ ယနေ့အချိန်တွင် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

မိဘများကို သွားရောက်မကန်တော့ဖြစ်သည်မှာ အတော်ကြာမြင့်နေပြီဖြစ်ကြောင်း တွေးမိသွားပြီး အချိန်ရလျှင် ဇာတိမြေသို့ ပြန်ကာ မိဘများကို သွားရောက်တွေ့ဆုံရန် စိတ်ကူးလိုက်မိသည်။

ထို့ကြောင့် တောင်ပေါ်ရွာလေးမှ လာရောက်ကြိုးစားနေသော လီရှီးရှီးကို မြင်သောအခါ မန်နေဂျာကျန်းအနေဖြင့် အလုပ်ခွင်တွင် အနည်းငယ် ပိုမိုဂရုစိုက် စောင့်ရှောက်ပေးမိခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် မန်နေဂျာ” ရုံးခန်းထဲမှ ထွက်လာစဉ် လီရှီးရှီးက တက်ကြွရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်။

ချီမိန်ယွီက မန်နေဂျာကျန်း၏ရုံးခန်းထဲသို့ ဝင်သွားသော လီရှီးရှီးကိုကြည့်ရင်း သူမကိုများ တိုင်တောနေမလားဟု တွေးပူနေမိသည်။ 

အချိန်အနည်းငယ်အကြာတွင် မျက်နှာပေါ်၌ အပြုံးများဝေဆာလျက် ပြန်ထွက်လာသော လီရှီးရှီးကို မြင်လိုက်ရချိန်တွင် သူမ၏ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ ‘မန်နေဂျာကျန်းက သူမစကားကို ယုံသွားတာများလား'

ချီမိန်ယွီက သူမအား စိုက်ကြည့်နေသည်ကို လီရှီးရှီး မြင်လိုက်သော်လည်း ယခုအချိန်တွင် သူမ၏စိတ်အခြေအနေက အလွန်ကောင်းမွန်နေသဖြင့် အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်လိုက်သည်။

‘ဘာသဘောလဲ၊ ငါ့ကို ရန်စနေတာလား' ချီမိန်ယွီတစ်ယောက် ဒေါသတကြီးဖြင့် လက်ထဲမှစာရွက်ကို ဆုပ်ချေလိုက်မိသည်။ 

သို့သော်လည်း ရုံးဆင်းချိန်အထိ မန်နေဂျာကျန်းက သူမကို ခေါ်ယူစစ်ဆေးခြင်းမရှိသဖြင့် ချီမိန်ယွီတစ်ယောက် သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။

ခရီးဆောင်အိတ် ကြီးကြီးမားမားမရှိသဖြင့် လီရှီးရှီးသည် အဆောင်တွင် ကျောပိုးအိတ်တစ်လုံးကို လျင်မြန်စွာ ပြင်ဆင်ပြီးနောက် မြေအောက်ရထားဖြင့် ဘူတာရုံသို့ ထွက်ခွာလာခဲ့သည်။ 

မြေအောက်ရထားပေါ်တွင် လက်မှတ်ဝယ်ရန် ကြိုးစားသော်လည်း ကံဆိုးစွာဖြင့် ရိုးရိုးထိုင်ခုံလက်မှတ်များ ကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် တစ်ညအိပ်သွားရမည့် အိပ်စင်လက်မှတ်ကိုသာ မတတ်သာသည့်အဆုံး ဝယ်ယူလိုက်ရသည်။

သူမ စိတ်ထဲတွင်လည်း ကိုယ်ပိုင် တောင်တန်းတစ်ခုတောင် ရှိနေပြီပဲ၊ အိပ်စင်လက်မှတ်ဝယ်ရတာ ပိုက်ဆံဖြုန်းတီးရာ မကျပါဘူးလေဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိသည်။

ဘူတာရုံသို့ ရောက်ရှိချိန်တွင် တစ်ဖက်တစ်ချက်စီရှိ ကုန်တိုက်ကြီးများကို မြင်လိုက်ရမှ တက္ကသိုလ်တက်ပြီးကတည်းက ရွာသို့ တစ်ခေါက်သာ ပြန်ဖူးသေးကြောင်းကို သတိရသွားသည်။ 

ယခု အလုပ်လုပ်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှိနေပြီဖြစ်သဖြင့် ရွာသူရွာသားများအတွက် လက်ဆောင်အချို့ ဝယ်သွားသင့်သည်ဟု လီရှီးရှီး စဉ်းစားမိလိုက်သည်။

လီရှီးရှီးသည် ကိုယ်ကိုယ့်ကိုအတွက် ငွေကြေးသုံးစွဲရာတွင် ကပ်စေးနှဲတတ်သော်လည်း သူမ ငယ်စဉ်ကတည်းက သူမအား ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ကြသော ရွာသူရွာသားများအပေါ်တွင်မူ အလွန်ရက်ရောသူဖြစ်သည်။

“အဒေါ်ချီ့အတွက် ပိုးသားလည်စီးလေးဝယ်သွားမယ်၊ ဦးလေးတာ့ယုံနဲ့ အဒေါ်ယုံတို့အတွက် ဖိနပ်ကောင်းကောင်းနှစ်ရံလောက် ဝယ်မယ်၊ ဘိုးဘိုးလန်အတွက် အားဆေးတွေ၊ အဒေါ်ချူအတွက်...”

“ဪ ဒါပေါ့... ငါ့ကို အများဆုံး စောင့်ရှောက်ပေးခဲ့တဲ့ ဒေါ်လေးဝမ်ကိုလည်း မေ့ထားလို့မဖြစ်ဘူး၊ ဒီသိုးမွေးအင်္ကျီလေးမဆိုးဘူး၊ ရာသီဥတုအေးလာရင် ဝတ်ဖို့အတော်ပဲ”

ဘူတာရုံရှိ ဆိုင်ခန်းများမှ ထိုလက်ဆောင်ပစ္စည်းများကို ဝယ်ယူလိုက်ခြင်းက လီရှီးရှီး၏လစာတစ်ဝက်ခန့်ကို တစ်ပြိုင်နက်တည်း ကုန်ကျသွားစေသော်လည်း သူမကမူ ကြည်ကြည်ဖြူဖြူပင် သုံးစွဲခဲ့သည်။

ခရိုင်မြို့လေးသို့ ရထားဆိုက်ရောက်သောအခါ အထုပ်အပိုး အကြီးအသေးများကို သယ်ဆောင်လျက် လီရှီးရှီးသည် ခရီးသည်တင်ကားကို ဆက်စီးခဲ့သည်။ 

သို့သော် ထိုကားသည် သူမ၏ရွာနှင့် အနီးဆုံးမြို့ငယ်လေးအထိသာ ရောက်ရှိပြီး သူမ၏ရွာသို့ သွားရန် ခရီးအတော်ဝေးနေသေးသည်။

ကားပေါ်မှ ဆင်းလိုက်ချိန်တွင် အဝေးမှနေ၍ လျှပ်စစ်သုံးဘီးဆိုင်ကယ်လေးကို မှီကာ ရပ်နေသော ဦးလေးဝမ်ကို မြင်လိုက်ရသည်။ ဦးလေး၀မ်က သူမ ကားပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် လှမ်းကာ လက်ပြနှုတ်ဆက်လိုက်၏။

“ရှီးရှီးလေး... ဦးလေး ဒီမှာ”

“ဦးလေးဝမ်... ဘာလို့ ဒီလောက်စောစော ရောက်နေတာလဲ၊ ဪ... သုံးဘီးဆိုင်ကယ်တောင် ဝယ်လိုက်ပြီလား” လီရှီးရှီးသည် ရွာသို့ မပြန်ဖြစ်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ရွာသူရွာသားများ၏ အသွင်အပြင်မှာ မပြောင်းလဲသေးသဖြင့် တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားတော့သည်။