Ch-15
• April 12 at 11:55 AM
“မင်္ဂလာပါရှင်၊ တည်းခိုဖို့လား၊ ထမင်းစားဖို့လားမသိဘူး”
လီရှီးရှီးက အပြုံးချိုချိုလေးဖြင့် ဆီးကြိုနှုတ်ဆက်လိုက်၏။ သို့သော် ဤကဲ့သို့ ဆိုးရွားလှသောရာသီဥတု၊ မိုးသည်းကြီးမည်းကြီးရွာနေသည့်အချိန်တွင် သူမ၏ဖမ်းလ်ဟောက်စ်လေးဆီသို့ ဧည့်သည်များ ရောက်လာကို သူမကိုယ်တိုင်ပင် မယုံနိုင်ဖြစ်နေလေသည်။
မိမိ၏ ကိုယ်ပိုင်စီးပွားရေးလေး အောင်မြင်ရမည်ဟူသော ပြင်းပြသည့် ရည်မှန်းချက်များကတော့ အမှောင်ထုထဲမှ မီးရောင်လေးသဖွယ် လင်းလက်တက်ကြွလာခဲ့၏။
“သူဌေးမလေး၊ ကျွန်တော်တို့ ခုနလေးကတင် ဖြောင်ဖြောင်ထွမ်ကနေ အခန်းတချို့ ဘွတ်ကင်လုပ်ထားလို့ဗျ၊ အရင်ဆုံး အခန်းလေးစီစဉ်ပေးပါလား၊ မိုးရေတွေစိုရွှဲနေလို့၊ ရေချိုးပြီးမှပဲ အောက်ဆင်းပြီးထမင်းလာစားတော့မယ်”
“ဟုတ်ကဲ့ပါရှင့်၊ အတည်ပြုကုဒ်လေးနဲ့ မှတ်ပုံတင်လေးတွေပေးပါ၊ စာရင်းသွင်းပြီးတာနဲ့ အပေါ်တက်လို့ရပါပြီ”
လီရှီးရှီးက လျင်မြန်သွက်လက်စွာ စာရင်းသွင်းပေးပြီးနောက် သတိတရဖြင့် လှမ်းပြောလိုက်သည်။
“လှေကားဘေးနားမှာ အဝတ်လျှော်ခန်းရှိပါတယ်ရှင့်၊ အဲဒီမှာ အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်တွေထားပေးထားလို့ အချိန်မရွေးသုံးလို့ရပါတယ်နော်”
ဧည့်သည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးချင်သည့် သူမ၏စေတနာများက အသံလေးထဲတွင် အထင်းသားပေါ်လွင်နေ၏
“ရပြီ၊ ကျေးဇူးပဲ”
လီကျီရွှီတို့တစ်သိုက် အခန်းကတ်များကို လှမ်းယူလိုက်ကြသည်။ ရှေ့မှ မိန်းမချောလေးနှင့် စကားဆက်ပြောနေရန် သူတို့မှာ အချိန်မရှိတော့ပေ။
ထီးများပါလာသော်လည်း မိုးကအရမ်းသည်းလွန်းသဖြင့် တစ်ကိုယ်လုံးစိုရွှဲနေကာ ချမ်းစိမ့်နေကြပြီဖြစ်သည်။
ဤအတိုင်းဆက်ရပ်နေလျှင် အအေးမိဖျားနာမည်ကို စိုးရိမ်ရသဖြင့် အခန်းထဲပြန်ဝင်ကာ ရေနွေးနွေးလေးဖြင့် အမြန်ရေချိုးလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။
အခန်းထဲရောက်ရောက်ချင်း ကျန်းဟောက်ယွီက မနေနိုင်ဘဲ စကားစတော့သည်။
“ကျဲ့လိန်... ခုနကကောင်မလေးက တကယ်ချောတာပဲကွာ၊ ဒီက သဘာ၀ပတ်၀န်းကျင်က လူတွေကို တကယ်ကြီး လှသွေးကြွယ်စေတာပဲ”
“ဟေ့ကောင်၊ တော်စမ်းပါ၊ ခုနက ကားထဲမှာ ဘယ်သူကများ ဆင်းရဲတဲ့တောင်တန်းတွေက ရိုင်းစိုင်းတဲ့လူတွေကို မွေးထုတ်ပေးတယ်ဆိုပြီး ပွစိပွစိလုပ်နေတာလဲ၊ မိန်းမချောလေးလည်းမြင်ရော မင်းစကားက ချက်ချင်းပြောင်းသွားပါလား”
“ဟဲဟဲ၊ ခုနက နည်းနည်းစိတ်ပူသွားလို့ ဒေါသထွက်သွားတာပါ၊ ကဲပါ... ကဲပါ၊ မင်းအရင်ရေချိုးလိုက်ပါလား”
“ဟန့်... ဒီလိုမှပေါ့”
ရေချိုးသန့်စင်ပြီးနောက် သူတို့အားလုံး ရေစိုနေသောအပေါ်အင်္ကျီများနှင့် ဘောင်းဘီများကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် မလာခင်ကတည်းက လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားများကို ကျောပိုးအိတ်ထဲသို့ထည့်လာခဲ့ကြပြီး ထိုကျောပိုးအိတ်များမှာလည်း ရေစိုခံပစ္စည်းနှင့် ပြုလုပ်ထားသဖြင့် အထဲရှိအဝတ်အစားများမှာ လုံးဝစိုရွှဲခြင်း မရှိခဲ့ပေ။
ဟိုဟိုဒီဒီ နေရာချသိမ်းဆည်းပြီးနောက် ဗိုက်ဆာလာကြသဖြင့် ညစာစားရန် အောက်ထပ်သို့ဆင်းလာခဲ့ကြ၏။ လှေကားပေါ်မှ ဆင်းလာစဉ် တစ်ယောက်တစ်ပေါက်အောင်ပွဲခံနေကြဆဲပင်။
“ဒီမှာ ဖမ်းလ်ဟောက်စ်လေးရှိနေလို့ တော်သေးတာပေါ့ကွာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ရတဲ့အပြင် အိမ်သာတက်ဖို့လည်း ပူစရာမလိုတော့ဘူး၊ အိမ်သာဆိုတာ လူသားတွေရဲ့ အကြီးကျယ်ဆုံးတီထွင်မှုကြီးပဲကွ”
“ဒီမှာ လာပွားမနေပါနဲ့ကွာ၊ မြန်မြန်လျှောက်စမ်းပါ၊ ငါ့ဗိုက်က ဆာလွန်းလို့ ကျောနဲ့တောင်ကပ်နေပြီ”
“တကယ်လား၊ ငါတော့မယုံပါဘူး၊ မင်းက ဗိုက်ရွှဲကြီးနဲ့ကိုများ”
“သွားစမ်းပါကွာ”
သူငယ်ချင်းတစ်စု ရယ်မောနောက်ပြောင်ရင်း ပထမထပ်ရှိ စားသောက်ခန်းထဲသို့ ရောက်ရှိလာကြသည်။
လီကျီရွှီက နံရံရှိ ကျောက်သင်ပုန်းငယ်လေးကို မော့ကြည့်လိုက်ရင်း ညည်းတွားလိုက်၏။
“ကြည့်ရတာ ငါတို့အတွက် ရွေးစရာ သိပ်များများစားစားမရှိဘူးပဲ၊ ရှိတာလေးနဲ့ပဲ ဖြစ်သလိုစားလိုက်ကြတာပေါ့ကွာ”
သူတို့ အောက်သို့ဆင်းလာကြသည်ကိုမြင်သည်နှင့် လီရှီးရှီးက အမြန်ပြေးလာကာ နှုတ်ဆက်လိုင်သည်။
“ဘာများသုံးဆောင်ကြမလဲရှင့်”
“သူဌေးမလေး... ဟင်းပွဲတွေက နည်းနည်း၊ နည်းနေသလားလို့”
“ကျွန်မတို့ဆီက ဟင်းလျာတွေအားလုံးက နေ့စဉ် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီးမှ ချက်ပြုတ်တာမို့လို့ပါ၊ လတ်ဆတ်မှုကို အာမခံနိုင်ဖို့အတွက် ရွေးချယ်စရာအများကြီးတော့ မထားနိုင်သေးဘူးရှင့်”
သူမ၏လေသံထဲတွင် ကိုယ်ပိုင်အလုပ်အပေါ်ထားရှိသည့် ဂုဏ်ယူမှုလေးများ ကိန်းအောင်းနေသည်။
ဝမ်ကျဲ့လိန်က ဝင်၍ဖြောင်းဖြလေ၏။
“ရွှီဇီ... မင်းက ဖမ်းလ်ဟောက်စ်ကို တစ်ခါမှမရောက်ဖူးတဲ့သူကျနေတာပဲ၊ ဒီလိုနေရာတွေရဲ့ ဟင်းတွေက အမြဲတမ်းဒီလိုပဲလေ၊ သူဌေးမလေး... ကျောက်သင်ပုန်းပေါ်မှာရေးထားတဲ့ ဟင်းတွေအကုန်လုံး တစ်ပွဲစီသာချပေးပါ၊ ပြီးတော့ ထမင်းဖြူ ပန်းကန်လုံးကြီးတစ်လုံးပါ ပေး၊ မဝရင်ထပ်မှာမယ်ဗျာ”
“ဟုတ်ကဲ့ပါရှင့်... ရေနွေးကြမ်းလေး အရင်သုံးဆောင်ထားကြပါဦး”
လီရှီးရှီးက အန်တီလျူကို ရေနွေးကြမ်းတစ်ကရားနှင့် ပန်းကန်ခွက်ယောက်များချပေးရန် အကူအညီတောင်းလိုက်ပြီးနောက် သူမကိုယ်တိုင် နောက်ဖေးသို့ပြေးကာ ဦးလေးကျန်းကို ဟင်းပွဲများ သွားမှာတော့သည်။
ရေနွေးကြမ်းလာချပေးသောလျူယွီမေကို မြင်သည်နှင့် အခွင့်ကောင်းယူကာ ဝမ်ကျဲ့လိန်က စကားစလိုက်သည်။
“အစ်မကြီး၊ ဒါ အစ်မကြီးရဲ့သမီးလားဗျ၊ တော်တော် အလုပ်ကြိုးစားတာပဲနော်”
လျူယွီမေက ယဉ်ကျေးစွာဖြင့် ပြန်ဖြေလာ၏။
“မဟုတ်ရပါဘူးရှင်၊ သူက ကျွန်မတို့ရဲ့သူဌေးပါ၊ ကျွန်မက ဝန်ထမ်းသက်သက်ပါ”
ကျန်းဟောက်ယွီကလည်း ဝင်ထောက်ခံသည်။
“ဒီလိုမိန်းမချောလေးက ဒီနေရာရဲ့ သူဌေးတဲ့လား၊ ကြည့်ရတာ တက္ကသိုလ်ကျောင်းသူလေးလိုပါပဲ”
“ဟဲဟဲ၊ မင်းက ဖူးစာရှင်လေးများ တွေ့မလားဆိုမလား မျှော်လင့်နေတာလား၊ ဒီမှာပဲ အိမ်မက်မက်ပြီး သမက်ဝင်လုပ်သွားလိုက်ပါလား”
စားပွဲဝိုင်းမှ သူငယ်ချင်းများက ချက်ချင်းပင် ဝိုင်းစနောက်ကြတော့သည်။
ကျန်းဟောက်ယွီက ဟန်လုပ်ကာ ဒေါသထွက်ချင်ယောင်ဆောင်ရင်း….
“မင်းတို့က ဘာတွေလျှောက်ပြောနေတာလဲ၊ ငါက သူဌေးမလေးရဲ့အလှကို ရိုးရိုးသားသားချီးကျူးရုံသက်သက်ပါ၊ အလှအပကိုမြတ်နိုးတာ၊ နားလည်လား၊ ညစ်ညစ်ပတ်ပတ်တွေလျှောက်တွေးမနေကြနဲ့”
“ငါလည်း အတူတူပဲ” ဝမ်ကျဲ့လိန်ပါ ဝင်ထောက်ခံလိုက်သည်။
“ငါက လွတ်လပ်မှုကိုရှာဖွေနေတဲ့ ယောက်ျားတစ်ယောက်ကွ၊ ဘယ်သူမှ ငါ့ကို ချည်နှောင်ထားလို့မရဘူး”
“အိုး... အိုး၊ အို မင်းက ကြိုပြီးတောင်ပြောနေသေးတယ်၊ သူဌေးမလေးက မင်းကို တစ်ချက်တောင် စိုက်ကြည့်မယ်ထင်နေလား”
“မင်းအဖေငါက အထက်တန်းကျောင်းတုန်းက ကျောင်းရဲ့အချောဆုံးကောင်ကွ၊ မိန်းကလေးတွေအများကြီးက ငါ့နောက်လိုက်ပြီး ဘတ်စကက်ဘောကစားတာကို လာကြည့်ကြတာနော်”
“ဖူးးး လောင်ဝမ်၊ မင်း ကျောင်းတုန်းကတော့ ရုပ်လေးနည်းနည်းပြေပြစ်တာ မှန်ပါတယ်၊ ဒါပေမဲ့ အချိန်ဆိုတာက သားသတ်ဓားပဲလေ၊ ဟူးးး အတိတ်ကို ပြန်တွေးရတာ တကယ်ကိုနာကျင်စရာပဲ”
ပြောပြီးသည်နှင့် ထိုသူငယ်ချင်းက ခေါင်းကို ဟန်ပါပါဖြင့် ခါယမ်းပြလိုက်သေးသည်။
ဝမ်ကျဲ့လိန်က ထိုသူငယ်ချင်း၏လည်ပင်းကို ညှစ်ရန် ဟန်ပြင်လိုက်သော်လည်း လီရှီးရှီးက ပထမဆုံးဟင်းပွဲကိုကိုင်ကာ မီးဖိုချောင်ထဲမှထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် လူကြီးလူကောင်းဟန်ဖမ်းလိုက်ပြန်သဖြင့် သူ့သူငယ်ချင်းမှာ အသံထွက်မရယ်မိအောင် မနည်းအောင့်ထားလိုက်ရသည်။
“တကယ်ပြောတာ၊ ဒီဟင်းက အရသာ တော်တော်လေးကောင်းတာပဲ၊ ဟေ့... ဟေ့... ဟေ့၊ ဖြည်းဖြည်းစားကြပါကွာ၊ ငတ်ကြီးကျနေလိုက်ကြတာ”
ကျန်းဟောက်ယွီက ဟင်းလျာများကို ဝေဖန်ချီးကျူးရန်ပြင်လိုက်သော်လည်း ကျန်လူများက ခေါင်းပင်မဖော်ဘဲ အငမ်းမရစားသောက်နေကြသည်ကို တွေ့လိုက်ရသဖြင့် အော်ဟစ်တားမြစ်ရတော့သည်။
အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သဖြင့် သူတို့အားလုံး အခန်းထဲသို့ပြန်တက်ကာ ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြသည်။
သိပ်မကြာမီမှာပင် မိုးသံလေသံများက သာယာနာပျော်ဖွယ် ချော့တေးသံအလားလွင့်ပျံလာပြီး တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှတို့နှင့် ပေါင်းစပ်သွားကာ သူတို့တစ်သိုက် နှစ်ခြိုက်စွာအိပ်မောကျသွားကြတော့သည်။
“ဟာ... ငါ မျက်လုံးကိုမဖွင့်နိုင်တော့ဘူး အရင်အိပ်တော့မယ်”
ဝမ်ကျဲ့လိန်က သမ်းဝေရင်း ဖုန်းကိုအားသွင်းရန် ခုံပေါ်တင်လိုက်ပြီး ခေါင်းအုံးနှင့်ထိသည်နှင့် တစ်ခါတည်း အိပ်ပျော်သွားတော့သည်။
တစ်ခန်းတည်းအတူရှိနေသော ကျန်းဟောက်ယွီမှာလည်း အိပ်ချင်စိတ်များ ကူးစက်သွားပုံရသည်။
မကြာမီမှာပင် ဖုန်းသုံးနေရင်းမှ အိပ်မောကျသွားပြီး သူကြည့်နေသော တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယို ပွင့်နေဆဲဖြစ်သည်ကိုပင် သတိမပြုမိလိုက်ချေ။
…
“အားးးး”
နောက်တစ်နေ့နံနက်ခင်းတွင် ကျန်းဟောက်ယွီက အကြောဆန့်ရင်း နိုးလာခဲ့သည်။ တစ်ကိုယ်လုံး အားအင်တွေပြည့်ဖြိုးနေပြီး အားအပြည့်သွင်းထားသကဲ့သို့ လန်းဆန်းနေ၏။
သို့သော် သူ့ဘေးနားရှိဖုန်းကို မြင်လိုက်ရချိန်တွင်တော့ နဖူးကိုရိုက်ကာ ညည်းတွားလိုက်မိသည်။ “ဟာ၊ ဖုန်းအားသွင်းဖို့မေ့သွားတာပဲ”
ပြောပြောဆိုဆိုနှင့်ပင် ဖုန်းအားသွင်းကြိုးကို အမြန်ကောက်ယူကာ တစ်မိနစ်ရရ၊ တစ်စက္ကန့်ရရ အားသွင်းထားလိုက်သည်။
မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် ကျန်းဟောက်ယွီက ဘေးကုတင်မှ ဝမ်ကျဲ့လိန်ကိုကြည့်လိုက်ရာ ဝက်တစ်ကောင်လိုအိပ်မောကျနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သူ ခေါင်းခါလိုက်မိပြီး ဘေးခန်းမှညီအစ်ကိုများ နိုးပြီလားဆိုသည်ကို သွားကြည့်ရန် တံခါးဖွင့်ထွက်လာခဲ့၏။
ဘေးခန်း၏တံခါးက ဟောင်းလောင်းပွင့်နေသည်ကို မြင်လိုက်ရသဖြင့် သူ အခန်းထဲသို့ဝင်သွားရင်း လှမ်းပြောလိုက်သည်။
“မင်းတို့အားလုံးနိုးနေကြပြီပဲ၊ ဟိုကောင်ဝမ်ကျဲ့လိန်ကတော့ အိပ်နေတုန်းပဲ”
“ဘာများလဲကွ၊ ငါလည်းမထချင်ပါဘူး၊ အစကတော့ လုံး၀မအိပ်ချင်တော့တဲ့အထိ အိပ်မယ်လို့စိတ်ကူးထားတာ၊ ဒါပေမဲ့ မနေ့ကကားပြင်ဆရာက မနက်အစောကြီး ဖုန်းဆက်လာတယ်လေ"
“မနေ့က အစောဆုံးဘယ်အချိန်လာနိုင်မလဲ မေးထားတော့ မနက်ရှစ်နာရီလို့ပြောတာကို ငါသဘောတူထားခဲ့တာကိုး၊ သူဖုန်းဆက်တော့ ငါ နိုးတောင်မနိုးသေးဘူး၊ ဆယ်မိနစ်နေရင် ရောက်တော့မယ်ဆိုလို့ ငါလည်း ကမန်းကတန်းထပြီး ဒီမှာပဲလာစောင့်ဖို့ပြောလိုက်ရတယ်”
“အဲဒါမှ အတူတူသွားလို့ရမှာလေ၊ အခေါက်ခေါက်အခါခါ သွားနေရမယ့်ဘေးက ကင်းတာပေါ့၊ အခုလေးတင် ငါတို့နှစ်ယောက် ကားသွားပြင်ပြီး ဖမ်းလ်ဟောက်စ်ရှေ့မှာ ရပ်ထားခဲ့ပြီ၊ မနက်စာစားပြီးလို့ အခုမှ းအပေါ်တက်လာတာ”
ထိုစကားကို ကြားသောအခါ ကျန်းဟောက်ယွီက သဘောကျစွာရယ်မောလိုက်ပြီး ပြောလိုက်၏။
“မင်းနဲ့ငါ တစ်ခန်းတည်းမကျလို့ တော်သေးတာပေါ့ကွာ၊ မဟုတ်ရင် ဒီမနက် ငါပါ မင်းနဲ့အတူ အိပ်ရေးပျက်ရမှာသေချာတယ်၊ ကဲ ငါ သွားပြီး ဝမ်ကျဲ့လိန်ကိုနှိုးလိုက်ဦးမယ်၊ မင်းတို့လည်း လီကျီရွှီကိုသွားနှိုးကြတော့”
မနက်စာစားပြီးနောက် လီကျီရွှီက ဗိုက်ကိုပွတ်သပ်ရင်း အကြံပြုလာသည်။
“ငါတို့ ခရီးမဆက်ခင် ဒီမှာ နှစ်ရက်လောက် နာလိုက်ကြရင် မကောင်းဘူးလား၊ မနေ့ညက တော်တော်လေးအိပ်လို့ကောင်းတယ်ကွ”
“ဟုတ်တယ်မလား၊ မင်းလည်း အဲဒီလိုခံစားရတယ်မလား၊ ငါလည်းအဲဒီလိုပဲထင်တယ်၊ မိုးလင်းတဲ့အထိ တစ်ခါတည်းအိပ်ပျော်သွားတာ၊ ဘေးကဟောက်သံကိုတောင် လုံးဝမကြားလိုက်ဘူး”