Ch 6
Viewers 4k

Chapter 06


ဝေ့ချင်းရှန် ကုတင်နားသို့ တိုးကပ်သွားပြီး စောင်အောက်တွင် ရှက်ရွံ့စွာ ပုန်းအောင်းနေသော သူ့ခင်ပွန်းသည်လေးကို တွေ့လိုက်ရသည်။ ဖွာလန်ကြဲနေသော ဆံနွယ်များက ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေပြီး ဝိုင်းစက်တောက်ပနေသည့် မျက်လုံးလေးများသာ ပေါ်နေသည်။ ထိုမျက်လုံးလေးများက သူ့အကြည့်ကို ရှောင်လွှဲရင်း စိုးရိမ်တကြီး ပုတ်ခတ်နေသည်။


ဝေ့ချင်းရှန် စိတ်ထဲတွင် တစ်စုံတစ်ရာ လှုပ်ရှားသွားပြီး မျက်ဝန်းများ နက်မှောင်သွားသည်။ သူကား မီးအိမ်ငြှိမ်းရန် မေ့လျော့ပြီး ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ သူ ခြေတစ်လှမ်းတိုးလိုက်တိုင်း လင်းယွီက မျက်တောင်များကို ပိုမိုမြန်ဆန်စွာ ပုတ်ခတ်နေပြီး မျက်ရည်စများ ဝဲတက်လာကာ ကျဆင်းတော့မလို ဖြစ်နေရှာသည်။ မျက်ဝန်းထောင့်များတွင်ပင် ပန်းနုရောင် သန်းနေလေသည်။


လင်းယွီ တုန်တုန်ရီရီဖြစ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

“မီးငြှိမ်းပေး… မီးငြိမ်းပေးပါလား”


ထိုအခါမှ ဝေ့ချင်းရှန် မီးအိမ်ကိစ္စ သတိရသွားသည်။ သူက အနေခက်မှုကို ဖုံးဖိရန် ချောင်းဟန့်လိုက်ပြီး မီးမှုတ်ငြှိမ်းကာ ကုတင်ဆီသို့ တိုးကပ်သွားလိုက်သည်။


လင်းယွီခမျာ ကြောက်လွန်း၍ ငိုချင်စိတ်ပေါက်နေပြီ ဖြစ်သည်။ အဒေါ်လီက သူ့ကို မှာထားဖူးသည်... ငြိမ်ငြိမ်လေးလှဲနေ၊ ခင်ပွန်းသည်ကို ဖက်ထားပြီး ကျန်တာ သူ့ကို လွှတ်ထားပေးလိုက်... နာတော့နာမယ်၊ ဒါပေမဲ့ ခဏလေးပါတဲ့။


အဝတ်အစားချွတ်သံ တရှဲရှဲ ကြားရသောအခါ လင်းယွီ၏ကိုယ်ခန္ဓာ တောင့်တင်းသွားသည်။ လူတစ်ယောက်၏ ကိုယ်ငွေ့က သူ့အနား ကပ်လာပြီး အသားမာတက်နေသော လက်တစ်ဖက်က သူ့ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်သည့်အခါ မရင်းနှီးသော အထိအတွေ့ကြောင့် သူ တွန့်သွားမိသည်။ ဝေ့ချင်းရှန်၏ ကြမ်းတမ်းမှုအောက်တွင် နူးညံ့မှုတချို့ ဖုံးကွယ်နေပြီး သူ့ခေါင်းထဲတွင်တော့ ယောက်ယက်ခတ်နေတော့သည်။


သို့သော် ဝေ့ချင်းရှန် ကိုင်းညွှတ်လာသည့်အခါ လင်းယွီက အလိုအလျောက်ပင် သူ့လည်ပင်းကို လက်သွယ်သွယ်လေးများဖြင့် လှမ်းဖက်တွယ်လိုက်မိသည်။ နူးညံ့ပြီး သတိထားနေသည့် ထိုအပြုအမူလေးက ဝေ့ချင်းရှန် ထိန်းချုပ်ထားသမျှကို ကျိုးပျက်သွားစေသည်။ သူ့မျက်လုံးများ နီရဲလာပြီး လင်းယွီ၏ နုနယ်သော လက်ကောက်ဝတ်များကို ခေါင်းအထက်ဆီသို့ ဖိချုပ်လိုက်သည်။ လင်းယွီက အသံမထွက်အောင် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။


လင်းယွီ၏ နှုတ်ခမ်းဖျားမှ ရှိုက်သံသဲ့သဲ့လေး ထွက်ကျလာသောအခါ ဝေ့ချင်းရှန် တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ မျက်နှာကို လှမ်းစမ်းကြည့်လိုက်ရာ မျက်ရည်များဖြင့် ရွှဲစိုနေသည်ကို သတိထားမိလိုက်သည်။


လန့်ဖျပ်သွားပြီး စိတ်ပူသွားသော ဝေ့ချင်းရှန်က ချက်ချင်းပင် လူခွာလိုက်ပြီး ထထိုင်လိုက်သည်။

“ကိုယ် မင်းကို နာအောင် လုပ်မိသွားလား? တောင်းပန်ပါတယ်”


သူက အတွင်းခံအဝတ်အစားများကို အမြန်ပြန်ဝတ်ပြီး ဆီမီးခွက်ကို ထွန်းလိုက်သည်။ အခန်းထဲတွင် မီးရောင်မှိန်မှိန် လင်းလာသောအခါ လင်းယွီက စောင်အောက်တွင် ကွေးကွေးလေးနေရင်း တသိမ့်သိမ့် တုန်နေရှာသည်။


“ကိုယ် ကြည့်ပါရစေဦး... ဘယ်နား နာသွားတာလဲ”

ဝေ့ချင်းရှန် မေးလိုက်သည့်အသံက ပုံမှန်မဟုတ်ဘဲ နူးညံ့နေသည်။


သူက စောင်ကို အသာလှန်လိုက်ရာ ငြင်းဆန်ရုန်းကန်သည်အား မတွေ့ရသဖြင့် သက်ပြင်းချလိုက်မိသည်။ သို့သော်ငြား မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်... လင်းယွီ၏ ပိန်လှီသော ကျောပြင်ပေါ်တွင် ရှည်လျားသော အမာရွတ်များနှင့် အညိုအမည်းကွက်များ ပြည့်နှက်နေသည်။ ဒဏ်ရာများက လတ်လတ်ဆတ်ဆတ် မဟုတ်သော်လည်း အရောင်ပြောင်းပြီး ရောင်ရမ်းနေပုံကို ကြည့်လျှင် ပြင်းပြင်းထန်ထန် အရိုက်ခံထားရသည်မှာ သိသာနေသည်။


“ဒါ ဘယ်သူလုပ်တာလဲ”

ဝေ့ချင်းရှန် အသံက ဒေါသကြောင့် တုန်ရီနေသည်။


ဤဒဏ်ရာများသည် လွန်ခဲ့သော ရက်အနည်းငယ်က ရထားခြင်း သေချာသော်လည်း ယခုထိ နာကျင်နေပုံရဆဲပင်။ ဝေ့ချင်းရှန်က လင်းယွီအား အတွင်းခံအင်္ကျီ ဝတ်ပေးရန် ဂရုတစိုက် ကူညီပေးလိုက်သည်။


လင်းယွီ နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ရည်များ စီးကျလာသည်။

“တောင်း... တောင်းပန်ပါတယ်... ကျွန်တော် တမင်လုပ်တာ မဟုတ်...”


သူက အပြစ်အနာအဆာများ ရှိနေ၍ ဝေ့ချင်းရှန် ငြင်းပယ်မည်ကို ကြောက်လန့်နေသည်။ စောစောက နာကျင်မှုကြောင့် လက်မောင်းမှ ဒဏ်ရာ ပြန်ပွင့်သွားပြီး မျက်ရည်များကို မထိန်းနိုင်တော့ချေ။


“မင်းကို ဘယ်သူ ရိုက်တာလဲ”

ဝေ့ချင်းရှန်၏ လေသံမှာ ကြောက်မက်ဖွယ် အငွေ့အသက်များ ပါလာသည်။


“ချိုက်... ချိုက်ချွန်းဟွား”


ဝေ့ချင်းရှန် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကျောက်မိသားစုတွင် နေထိုင်ရသော လင်းယွီ၏ ဘဝသည် သူထင်ထားသည်ထက် ပိုမို ကြမ်းတမ်းခက်ထန်ခဲ့သည်။ လင်းယွီ၏ လက်မောင်းမှ ဒဏ်ရာများဆိုလျှင် အတော်လေး ပြင်းထန်ပြီး တချို့ဆို မကျက်သေးပေ။ စောစောက လင်းယွီ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းစဉ်က သူ စမ်းမိလိုက်သော်လည်း ကောလေး၏ အသားအရေက ကြမ်းတမ်းသည်ဟုသာ ထင်ခဲ့မိ၏။


ယခုမှသာ သူက လင်းယွီ၏ ဒဏ်ရာများကို မဆင်မခြင် ဖမ်းဆွဲမိမှန်း သိလိုက်ရသည်။ နောင်တများ ရလိုက်ပါဘိ... သူ ဘယ်လိုလုပ် ဒီလောက်တောင် ပေါ့ဆနိုင်ရတာလဲ?


ဝေ့ချင်းရှန်က လင်းယွီကို ဝါဂွမ်းအင်္ကျီ လွှမ်းပေးလိုက်ပြီး အခန်းထဲတွင် ဆေးရှာလိုက်သည်။ မုဆိုးတစ်ယောက်အနေဖြင့် သူ့တွင် လိမ်းဆေးများ၊ ဆေးဆီများ မရှားပါပေ။ သူက ကုတင်ဘေးတွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်ပြီး လင်းယွီ လက်မောင်းမှ ဒဏ်ရာများကို ဆေးထည့်ပေးသည်။

“နည်းနည်းတော့ စပ်လိမ့်မယ်... ခဏလေးနဲ့ ပြီးသွားမှာပါ” သူက နူးညံ့စွာ ပြောလိုက်သည်။


လင်းယွီ ခေါင်းညိတ်လိုက်သည်။

“တောင်းပန်ပါတယ်”


ဝေ့ချင်းရှန်က ဆေးထည့်ပေးရန်သာ အာရုံစိုက်နေသဖြင့် လင်းယွီ၏ တောင်းပန်စကားနောက်ကွယ်မှ အနက်အဓိပ္ပာယ်ကို သတိမထားမိလိုက်ပေ။ နာကျင်မှု ထကြွလာသောအခါ လင်းယွီက အလိုအလျောက် တွန့်သွားမိသည်… ၎င်းက နှစ်ပေါင်းများစွာ အရိုက်ခံရ၍ ဖြစ်ပေါ်လာသော တုံ့ပြန်မှုတစ်ခုပင်။ ကံကောင်းသည်မှာ ဝေ့ချင်းရှန်က သူ့လက်ကောက်ဝတ်ကို ကိုင်ထားသဖြင့် ဆေးပုလင်းကို မတော်တဆ တိုက်မိပြီး မမှောက်သွားခဲ့ပေ။


ဆေးလိမ်းပြီးသည်နှင့် ဝေ့ချင်းရှန်က လင်းယွီ၏ လက်မောင်းကို အဝတ်စသန့်သန့်ဖြင့် ပတ်ပေးလိုက်သည်။

“နောက် ၃ ရက်လောက် ရေမထိစေနဲ့ဦး”


ထို့နောက် သူက ဆေးအရက်ပုလင်းကို လှမ်းယူလိုက်သည်။

“မှောက်လိုက်ဦး... ကျောဘက်ကိုပါ ဆေးထည့်ပေးရမယ်”


လင်းယွီက နာနာခံခံ ကုတင်ပေါ် မှောက်လိုက်ပြီး အတွင်းခံအင်္ကျီဖြူကို ခါးအထိ ပင့်တင်ပေးထားသည်။ ဝေ့ချင်းရှန်၏ စိတ်ထဲမှ ရမ္မက်အတွေးများအားလုံးသည် လင်းယွီ၏ ပိန်လှီပြီး နုနယ်သော ကျောပြင်ကို မြင်လိုက်ရသည့်အခါ အငွေ့ပျံသွားတော့သည်။ ထင်းနေသော ပခုံးရိုးများက သိသာလွန်းလှသလို ဖြူဖျော့ဖျော့အသားအရေပေါ်ရှိ ကန့်လန့်ဖြတ် အညိုအမည်းကွက်များနှင့် အရာများက ဝေ့ချင်းရှန်၏ အာရုံကို ဖမ်းစားသွားသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ရင်ထဲ နာကျင်သွားရသည်။


ဝေ့ချင်းရှန်က ဆေးအရက်ကို လက်ထဲထည့်ပြီး ပူနွေးသွားအောင် ပွတ်လိုက်ကာ သွေးခဲများ ပြေလျော့သွားစေရန် အညိုအမည်းကွက်များကို နှိပ်နယ်ပေးလိုက်သည်။ လင်းယွီက အသံမထွက်အောင် နှုတ်ခမ်းကို ကိုက်ထားသော်လည်း စောစောက နာကျင်မှုကြောင့် မျက်ရည်များ စီးကျနေဆဲပင်။ သို့သော်ငြား သူ့အဒေါ် ရိုက်နှက်သည်နှင့် ယှဉ်လျှင်တော့ ၎င်းက အများကြီး သက်သာပါသည်။


ပြီးသွားသောအခါ ဝေ့ချင်းရှန်က လင်းယွီ၏ အင်္ကျီကို ပြန်ပြင်ဝတ်ပေးလိုက်သည်။

“နားလိုက်တော့”



သူ မီးငြှိမ်းပြီး ကုတင်ပေါ် တက်လိုက်သည်။ လင်းယွီက တစ်ဖက်သို့စောင်းကာ မလှုပ်ရဲဘဲ တောင့်တောင့်ကြီး နေလိုက်သည်။ သူ့အတွေးထဲတွင်မူ ဗလုံးဗထွေး ဖြစ်နေရသည်… တစ်ဖက်တွင် ဝေ့ချင်းရှန်၏ နူးညံ့သော ဂရုစိုက်မှုကြောင့် ကြည်နူးရသော်လည်း၊ အခြားတစ်ဖက်တွင်မူ စောစောက အခြေအနေကို ဖျက်ဆီးမိ၍ သူ့ခင်ပွန်းသည် စိတ်ပျက်သွားမှာကို စိုးရိမ်နေမိသည်။ သူက ကိုယ့်ကိုယ်ကိုယ် အသုံးမကျ၊ တန်ဖိုးမရှိဟု အပြစ်တင်နေမိသည်။


အတွေးများထဲ မျောရင်းနှင့် လင်းယွီ အိပ်ပျော်သွားသည်။ ကုတင်က နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသဖြင့် သူ အလျင်အမြန်ပင် အိပ်မောကျသွားတော့သည်။


လင်းယွီ၏ အသက်ရှူသံ ပုံမှန်ဖြစ်သွားပြီး အိပ်ပျော်သွားကြောင်း ပြလိုက်သည်နှင့် ဝေ့ချင်းရှန် မျက်လုံးဖွင့်လိုက်သည်။


သူ၏ငယ်ဘဝကလည်း ကြမ်းတမ်းခဲ့သည်သာ။… အငယ်ကိုပဲ မျက်နှာသာပေးသော မိသားစုတွင် သူက သားအကြီးဆုံး ဖြစ်နေခဲ့သည်။ ငယ်ငယ်လေးကတည်းက လယ်လုပ်ငန်းခွင် ဝင်ကူခဲ့ရပြီး ဘဝက ပင်ပန်းခဲ့သော်လည်း ထမင်းတော့ မငတ်ခဲ့ပေ။ နောက်ပိုင်းတွင် တောင်ပေါ်မှ မုဆိုးအိုကြီးထံ ပညာသင်ရင်း သူက မိသားစု၏ စီးပွားရှာဖွေကျွေးမွေးသူ ဖြစ်လာခဲ့သည်။


ယခုအခါ လင်းယွီ၏ ဘေးတွင် လဲလျောင်းနေရင်း သူ အိပ်မပျော်နိုင် ဖြစ်နေသည်။ နောင်တွင် သားကောင်များ ပိုမို အမဲလိုက်ပြီး ငွေပိုရှာကာ သူ့ခင်ပွန်းသည်လေးကို ကောင်းမွန်စွာ ကျွေးမွေးပြုစုမည်ဟု စိတ်ကူးနေမိသည်။


သန်းခေါင်ယံအချိန်တွင် လင်းယွီသည် မသိစိတ်ဖြင့် အနွေးဓာတ်ကို ရှာဖွေရင်း ဝေ့ချင်းရှန်၏ ဘေးသို့ တိုးကပ်လာကာ ဖိကပ်ထားလိုက်သည်။ ဝေ့ချင်းရှန် မျက်မှောင်ကြုတ်သွားသည်… လင်းယွီရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက် အေးစက်နေရတာလဲ.. နွေဦးအစ ဖြစ်၍ ညဘက်များတွင် အေးစက်နေဆဲဖြစ်သော်လည်း သူက ကိုယ်အပူချိန် မြင့်မားသူဖြစ်၍ စောင်ပါးများကို ပြောင်းလဲသုံးစွဲနေပြီဖြစ်သည်။ သူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်… မစဥ်းစားမဆင်ခြင်ခဲ့မိတာပဲ... လင်းယွီရဲ့ ပိန်လှီလှီ ခန္ဓာကိုယ်က အအေးဒဏ်ကို မခံနိုင်ဘူးလေ။


ဝေ့ချင်းရှန်သည် ဂရုတစိုက်ဖြင့် ဝါဂွမ်းအင်္ကျီအပိုတစ်ထည်ကို လှမ်းယူပြီး လင်းယွီကို လွှမ်းခြုံပေးလိုက်သည်။ လင်းယွီက ညည်းသံသဲ့သဲ့ပြုရင်း ပို၍ တိုးဝှေ့လာသည်။ ဝေ့ချင်းရှန် တောင့်ခဲသွားပြီး ဆက်မလှုပ်ရဲတော့ပေ၊ ထိရှလွယ်သော ဤကောလေးအတွက် သူ့ရင်ထဲ နာကျင်ရသည်။


နိုးနေစဉ်က တောင့်တောင့်ကြီး လဲလျောင်းနေခဲ့သော လင်းယွီသည် အိပ်ပျော်သွားသောအခါ အလိုအလျောက် ကွေးသွားပြီး အနွေးဓာတ်ရှာဖွေသော သတ္တဝါငယ်လေးကဲ့သို့ ဝေ့ချင်းရှန်ကို ဖိကပ်လာသည်။ နွေဦးလေပြေကဲ့သို့ နူးညံ့ပြီး စည်းချက်ညီသော သူ့ဝင်သက်ထွက်သက် နွေးနွေးလေးများက ဝေ့ချင်းရှန်၏ လက်မောင်းကို ယားကျိကျိ ဖြစ်စေသည်။


ဝေ့ချင်းရှန် ခြေထောက်ကို အနည်းငယ် ရွှေ့လိုက်သောအခါ လင်းယွီ၏ ရေခဲတမျှ အေးစက်နေသော ခြေချောင်းများကို မတော်တဆ ထိမိသွားသည်။ အအေးဒဏ်ကြောင့် သူ 'ရှူး'ဟူသော အသံပြုမိသွားသည်။ နွေဦးရောက်နေပြီကို သူ့ခြေထောက်တွေက ဘာလို့ ဒီလောက် အေးစက်နေရသေးတာလဲ။


ဝေ့ချင်းရှန်သည် လင်းယွီ၏ အေးစက်နေသော ခြေထောက်များကို သူ့ခြေသလုံးများကြားညှပ်၍ နွေးထွေးစေသည်။ အချိန်ကြာလာသည်နှင့်အမျှ လင်းယွီ၏ တင်းတင်းရင်းရင်း ကွေးထားသော ခန္ဓာကိုယ် ပြေလျော့လာသော်လည်း နှစ်သိမ့်မှုရှာဖွေနေသော ဆောင်းတွင်းဝက်ဝံပေါက်လေးကဲ့သို့ ဝေ့ချင်းရှန်ကို ဆက်လက် ဖက်တွယ်ထားဆဲပင်။


ထိုညက ဝေ့ချင်းရှန် ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ လင်းယွီ၏ ဆံပင်မှ ဆပ်ပြာပန်းပွင့်နံ့ သင်းသင်းလေး ရနေပြီး ထူးဆန်းစွာ စိတ်ကို ငြိမ်းချမ်းစေသည်။ သူ မနေနိုင်ဘဲ အနားတိုးကပ်ကာ ချိုမြိန်သန့်ရှင်းသော ရနံ့ကို ရှူရှိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ် မိုက်မဲသည်ဟု ခံစားရ၍ ရပ်တန့်လိုက်သော်လည်း နောက်ဆုံးတွင် အရှုံးပေးကာ လင်းယွီဘက်သို့ အပြည့်အဝ လှည့်လိုက်မိလေသည်။



ထိုလှုပ်ရှားမှုကြောင့် လင်းယွီ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် ဝေ့ချင်းရှန် ရင်ခွင်ထဲသို့ ရောက်ရှိလာကာ နဖူးကို ရင်ဘတ်နှင့် အပ်ထားလိုက်သည်။ သူ၏ နူးညံ့နွေးထွေးသော ဝင်သက်ထွက်သက်များက ဝေ့ချင်းရှန်၏ အရေပြားကို လာရောက်ရိုက်ခတ်သဖြင့် အတွင်းစိတ်မှ အပူဓာတ်များ ပြန်လည်နိုးကြားလာကာ ဝေ့ချင်းရှန်မှာ ဘာလုပ်ရမှန်းမသိဘဲ တောင့်ခဲသွားရသည်။



လင်းယွီက အလွန် နူးညံ့ပြီး မွှေးကြိုင်လှသည်။ သူ့ဆံပင်ကပင် သင်းပျံ့သော ဆပ်ပြာပန်းပွင့်နံ့ ရနေသည်။ ဝေ့ချင်းရှန်သည် ထာဝရကာလတစ်ခုဟု ထင်မှတ်ရလောက်အောင် ကြာမြင့်စွာ လဲလျောင်းနေခဲ့ပြီး မိုးလင်းခါနီးမှသာ တစ်မှေး အိပ်ပျော်သွားခဲ့သည်။


မနက်ရောက်သောအခါ ဝေ့ချင်းရှန် စောစောနိုးလာသည်။ သူ၏ ဖရိုဖရဲအခြေအနေကို လင်းယွီအား မမြင်စေလိုပေ။ သူ အပြင်ထွက်ပြီး အလုပ်ရှုပ်နေချိန်တွင် လင်းယွီသည် ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်ကြောင့် နိုးထလာသည်။ ကောလေးသည် ဤမျှ သက်တောင့်သက်သာရှိမှုကို ယခင်က တစ်ခါမှ မခံစားဖူးပေ။ တိမ်တိုက်များပေါ်တွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။


အနွေးဓာတ်ကို မခွာချင်သဖြင့် လင်းယွီ စောင်ထဲသို့ တိုးဝင်လိုက်သော်လည်း အပြင်ဘက်မှ ခွေးဟောင်သံများကြောင့် လန့်နိုးသွားသည်။ မိုးလင်းနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူ ထိတ်လန့်သွားသည်။ သူ အိပ်ရာထ နောက်ကျသွားပြီ! မနက်စာလည်း မချက်ရသေးဘူး။ ဝေ့ချင်းရှန်က သူ့ကို အပျင်းကြီးတယ်လို့ ထင်သွားမလား…


လင်းယွီသည် မင်္ဂလာဝတ်စုံနီကို ကပျာကယာ ကောက်ဝတ်လိုက်ပြီး စိုးရိမ်စိတ်ကြောင့် မျက်ရည်များ ဝဲလာသည်။ လှုပ်ရှားသံများကြားရသဖြင့် ဝေ့ချင်းရှန် ဝင်လာသည်။ သူကား အလုပ်လုပ်ရန် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားရင်း အဝတ်အစားကို ဗလုံးဗထွေး ဝတ်ဆင်နေသော လင်းယွီကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ”

သူက မေးလိုက်သည်။


“ဒီလောက် စောစော ထစရာ မလိုပါဘူး။ အိမ်မှာ လုပ်စရာ သိပ်မရှိဘူး”

ဝေ့ချင်းရှန်က ပြောလိုက်သည်။


လင်းယွီသည် ဝေ့ချင်းရှန် သူ့ကို စိတ်ပျက်သွားမည်ကို စိုးရိမ်နေသည်။ မနေ့ညကလည်း ကောင်းကောင်း မလုပ်နိုင်ခဲ့သလို အခုလည်း အိပ်ရာထနောက်ကျပြီး ပျင်းရိနေသည်ဟု ထင်သွားမည်ကို ကြောက်ရွံ့နေသည်။

“တောင်း... တောင်းပန်ပါတယ်၊ ကျွန်တော် အခုပဲ ထပြီး မနက်စာ ချက်လိုက်ပါ့မယ်”

သူ ထစ်အငေါ့ငေါ့ ပြောလိုက်သည်။


ဝေ့ချင်းရှန်က ကုတင်ခြေရင်းရှိ ဗီရိုကို ဖွင့်ပြီး မထူလွန်းသော ဆောင်းတွင်းဝတ်အင်္ကျီတစ်ထည် ရှာဖွေလိုက်သည်။

“ရော့... ဒါလေး အရင် ဝတ်ထားလိုက်။ နောက်မှ မြို့ထဲသွားပြီး အဝတ်အစားသစ် ချုပ်ဖို့ အထည်စ သွားဝယ်ပေးမယ်”


လင်းယွီ အနေခက်စွာ ခေါင်းညိတ်ပြီး အင်္ကျီကို လက်ခံလိုက်သည်။ ကျောက်မိသားစုက သူ့ကို ထည့်ပေးလိုက်သော ခန်းဝင်စ္စည်းများတွင် စောင်ပါး နှစ်ထည်သာ ပါဝင်ပြီး အဝတ်အစားသစ် မပါရှိပေ။ ထို့ကြောင့် တစ်ပတ်နွမ်း မင်္ဂလာဝတ်စုံမှလွဲ၍ လင်းယွီ၌ အခြားအဝတ်အစား မရှိချေ။


လောလောဆယ်တွင် သူသည် ဝေ့ချင်းရှန်၏ အဝတ်အစားများကိုသာ ယူဝတ်ရပေမည်။ ဝေ့ချင်းရှန်က အပါးလွှာဆုံး အင်္ကျီကို ရှာပေးခဲ့သော်လည်း လင်းယွီအတွက်မူ အနည်းငယ် ထူနေဆဲပင်။ အအေးဆုံးအချိန်မှသာ သူ ဝတ်ဆင်ရလိမ့်မည်။ ဝေ့ချင်းရှန်မှာ ကိုယ်အပူချိန်များသူ ဖြစ်ပြီး နွေဦးရောက်သည်နှင့် ပေါ့ပါးသော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လေ့ရှိကာ ဝါဂွမ်းအင်္ကျီပါး ကဲ့သို့သော အရာမျိုး မလိုအပ်ပေ။


လင်းယွီသည် ဝေ့ချင်းရှန်၏ အဝတ်အစားကို ဝတ်ဆင်လိုက်သည်။ ဝေ့ချင်းရှန်က အရပ်ပိုရှည်သဖြင့် လင်းယွီမှာ လူကြီးအင်္ကျီ ခိုးဝတ်ထားသော ကလေးတစ်ယောက်လို ပွယောင်းနေသည်။ ဝေ့ချင်းရှန် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်၊ ရှက်တတ်သော သူ့ခင်ပွန်းသည်လေး မျက်နှာပူသွားမည်စိုး၍ ဖြစ်သည်။ သူက အပြုံးကို ထိန်းရင်း ချောင်းဟန့်လိုက်သည်။


“ချည်ဖို့ ခါးပတ်ကြိုး ရှာပေးမယ်”



အင်္ကျီထဲတွင် မြုပ်လုမတတ်ဖြစ်နေသော လင်းယွီ၏ မျက်နှာ ရဲနေသည်ကို မြင်သောအခါ ဝေ့ချင်းရှန်က ခါးပတ်ကြိုးကို အမြန်ရှာပေးလိုက်ပြီး အပြင်ထွက်လာခဲ့၏။


အပြင်ရောက်သည်နှင့် ခြေထောက်ဖြူ၊ အမွေးမည်းခွေးကြီးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

“ဘယ်သူက မင်းကို ဟောင်ခိုင်းလို့လဲ”


ခွေးမည်းကြီးက သွားဖြဲပြပြီး ထပ်ဟောင်သည်။ ဝေ့ချင်းရှန် ဆက်မဆူတော့ပေ။ လူတွေလည်း နိုးနေကြပြီဆိုတော့ ဟောင်ချင်လည်း ဟောင်ပါစေတော့။


ထိုစဉ် အမွှေးပြောင်လက်နေသော ခွေးဖြူကြီးတစ်ကောင် ပြေးလာပြီး ဝေ့ချင်းရှန်၏ ခြေထောက်ကို ခေါင်းဖြင့် ပွတ်သီးပွတ်သပ် လုပ်လေသည်။ သူက ခွေးဖြူကြီးကို အသာတွန်းဖယ်လိုက်ပြီး ရေရွတ်လိုက်သည်။

“မင်းက လူကပ်တဲ့ ခွေးပေါက်စလေး ကျနေတာပဲ”

မုဆိုးခွေး ဖြစ်ပါလျက် ဤမျှ လူကပ်သည်ကို သူ တစ်ခါမှ မမြင်ဖူးချေ။