Chapter 07
လင်းယွီသည် ဝေ့ချင်းရှန်၏ အဝတ်အစားများကို ဝတ်ဆင်လျက် ထွက်လာသည်။ အနက်ရောင် အင်္ကျီအထူကြီးက သူ့ခန္ဓာကိုယ်ပေါ်တွင် ဖောင်းပွနေပြီး ကြည့်ရသည်မှာ ရယ်ချင်စဖွယ် ကောင်းနေသည်။… ဝဖြိုးသော စာကလေးပေါက်စလေးတစ်ကောင်လို လုံးလုံးလေး ဖြစ်နေရှာသည်။
လင်းယွီ မီးဖိုချောင်သို့ ကပျာကယာ ပြေးသွားပြီး အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ မနက်စာ ပြင်ဆင်ပြီးနေသည်ကို တွေ့လိုက်ရသည်။ ပထမဆုံးနေ့မှာပင် အိပ်ရာထနောက်ကျပြီး သူ့အမျိုးသားက မနက်စာ ထချက်ပေးရသဖြင့် လင်းယွီ သူ့ကိုယ်သူ အနည်းငယ် စိတ်ပျက်မိသွားသည်။
ဝေ့ချင်းရှန်က သူ့ကို လှမ်းခေါ်လိုက်သည်။
“ယွီကော... မျက်နှာသစ်ပြီး လာစားချေ”
လင်းယွီ ထူးလိုက်ပြီး မျက်နှာသစ်ရန် ရေစည်ပိုင်းထဲမှ ရေကို သစ်သားဇလုံဖြင့် ခပ်လိုက်သည်။ ဝေ့ချင်းရှန် ၎င်းကိုမြင်တော့ လင်းယွီ၏ အေးစက်နေသော ခြေထောက်များကို သတိရသွားသည်။ သူကိုယ်တိုင်က ရေနွေးမလိုသော်ငြား ယွီကောက နုနယ်သူလေး ဖြစ်ရာ ဤမျှအေးစက်သော ရာသီဥတုမှာ ရေအေးအသုံးပြု၍မဖြစ်ချေ။
ဝေ့ချင်းရှန်က အိုးထဲမှ ရေနွေးအနည်းငယ်ကို ခပ်ယူပြီး ဇလုံထဲသို့ လောင်းထည့်ပေးလိုက်သည်။
“အပြင်မှာ ရာသီဥတု အေးတယ်။ ရေနွေးနဲ့ မျက်နှာသစ်လိုက်”
လင်းယွီ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
တက်ကြွဖျတ်လတ်သော ခွေးဖြူကြီး ပိုင်ရွှယ်သည် လင်းယွီဘေးနားသို့ တိုးဝှေ့လာသည်။ ခွေးကြီးက အရပ်ရှည်ပြီး ခြေတံလက်တံများ ရှည်လျားသဖြင့် လင်းယွီ အနည်းငယ် လန့်သွားကာ မလှုပ်ရဲတော့ပေ။ ဝေ့ချင်းရှန်က လှမ်းခေါ်လိုက်သည်။
“ပိုင်ရွှယ်... ဒီကိုလာခဲ့”
ပိုင်ရွှယ်က လင်းယွီကို တကယ် သဘောကျပုံရသော်လည်း ဝေ့ချင်းရှန် ခေါ်လိုက်သောအခါ ပြန်မထူးပေ။ ဝေ့ချင်းရှန်က နောက်တစ်ကြိမ် ထပ်ခေါ်ပြီး ယခုတစ်ခါ လေသံနည်းနည်း မာလိုက်မှသာ ပိုင်ရွှယ်က မသွားချင်သွားချင်ဖြင့် ထွက်ခွာသွားသည်။
အခြားခွေးမည်းကြီးတစ်ကောင်မှာမူ ဘေးတွင် ပျင်းရိလေးတွဲ့စွာ လှဲနေပြီး မျက်ခွံပင် မပင့်ကြည့်ပေ။ ပုံစံကတော့ အနည်းငယ် ကြမ်းတမ်းပုံရသည်။
လင်းယွီ မျက်နှာသစ်နေစဉ် ဝေ့ချင်းရှန်က အိမ်ရှေ့ခန်းမသို့ မနက်စာ ယူသွားနှင့်ပြီးဖြစ်သည်။ မနက်စာမှာ မကုန်သေးသော ပေါက်စီများ၊ ကောက်ညှင်းဆန်ပြုတ်၊ ကြက်ဥ နှစ်လုံးနှင့် အချဉ်ဖတ် ပန်းကန်တစ်လုံး တို့ဖြစ်သည်။
လင်းယွီ မျက်နှာသစ်ပြီးနောက် စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ဝေ့ချင်းရှန်က သူ့ရှေ့သို့ ကြက်ဥတစ်လုံး ချပေးလိုက်သည်။ ကြက်ဥက တန်ဖိုးရှိမှန်း သူသိသလို လင်းယွီက သူ့သဘောသူဆန္ဒဖြင့် စားမည်မဟုတ်ကြောင်းလည်း သူ သိနေသည်။
လင်းယွီသည် ပေါက်စီတစ်ဝက်နှင့် ကြက်ဥတစ်လုံးကို စားလိုက်ပြီး ဆန်ပြုတ်တစ်ပန်းကန် သောက်လိုက်ရာ ဗိုက်ဝသွားသည်။ ဝေ့ချင်းရှန်က ကျန်နေသော ကြက်ဥတစ်လုံးကို သူ့ဘက်သို့ တိုးပေးလိုက်ပြီး ပြောသည်။
“ဒါလေးပါ ကုန်အောင်စားလိုက်”
လင်းယွီ ခေါင်းခါလိုက်သည်။
“ခင်ဗျား စားလိုက်ပါ”
ဝေ့ချင်းရှန်က အလုပ်လုပ်ရမည်ဖြစ်ပြီး အစားအသောက်အတွက် ငြင်းခုံမနေချင်ပေ။
“ကိုယ်က ကြက်ဥ သိပ်မကြိုက်ဘူး” သူက ထပ်ပြောလိုက်သည်။
ဝေ့ချင်းရှန်က ကြက်ဥကို အရသာမရှိ၊ ပေါ့ရွှတ်ရွှတ်နိုင်သည်ဟု ယူဆကာ သိပ်မကြိုက်ပေ။ သူက အသားကိုသာ ပိုကြိုက်သည်။ ကြက်ဥဆိုသည်မှာ ကလေးများ သို့မဟုတ် မီးနေသည် အမျိုးသမီးများအတွက် အထူးအစားအစာ ဖြစ်သည်။ ကြက်ဥက တန်ဖိုးရှိသည် ဆိုသော်ငြား သူ့မိသားစု မတတ်နိုင်သော အရာတော့ မဟုတ်ပေ။
လင်းယွီက ကြက်ဥကို ယူလိုက်ပြီး အခွံနွှာကာ ဝေ့ချင်းရှန်၏ ဆန်ပြုတ်ပန်းကန်ထဲသို့ အမြန် ထည့်ပေးလိုက်သည်။
“ခင်ဗျားက အလုပ်လုပ်ရမှာ... စားလိုက်ပါ”
ဝေ့ချင်းရှန်၏ စိတ်နှလုံး အနည်းငယ် နူးညံ့သွားပြီး ငြင်းမနေတော့ဘဲ ပန်းကန်ထဲမှ ကြက်ဥကို စားလိုက်သည်။
မနက်စာ စားပြီးနောက် လင်းယွီက ပန်းကန်ယောက်ခွက်များကို ဆေးကြောရာတွင် ရေအေးကိုသာ သုံးနေဆဲဖြစ်သည်။ ဝေ့ချင်းရှန် ၎င်းကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ရေနွေး မသုံးတာလဲ”
“ရေက မအေးပါဘူး”
လင်းယွီ ပြန်ဖြေလိုက်သည်။
လင်းယွီက ထင်းကုန်မှာစိုး၍ ချွေတာနေမှန်း ဝေ့ချင်းရှန် ရိပ်မိသည်။ ကျောက်မိသားစုနှင့် နေစဉ်က ရေနွေးသုံးဖို့ကိုပင် သူတို့ တွန့်ဆုတ်နေခဲ့ကြပုံရသည်။
သူ့မိသားစုမှာ ထင်းမရှားပေ။… သူက တောင်ပေါ်တက်ပြီး ထင်းခွေနိုင်တဲ့ ယောကျ်ားရင့်မာကြီးပဲလေ။ သူ့အတွက် သုံးဖို့ကတော့ လုံလောက်တာပေါ့။
ဝေ့ချင်းရှန်၏ မျက်နှာထား တည်သွားသည်။
“သုံးလပိုင်း မတိုင်ခင်အထိ လျှော်ဖွပ်တာ၊ ချက်ပြုတ်တာ အကုန်လုံး ရေနွေးပဲ သုံးရမယ်။ ကိုယ်တို့အိမ်မှာ ထင်းမရှားဘူး။ ကုန်သွားရင် တောင်ပေါ်တက်ပြီး ထပ်ခုတ်လာခဲ့မယ်”
“ကျွန်တော် အဆင်ပြေပါတယ်... တကယ်ပါ”
လင်းယွီက ကန့်ကွက်သလို တီးတိုးရေရွတ်လိုက်သည်။
ဝေ့ချင်းရှန်က လက်မခံပေ။
“ဟိုဘက်ရွာက ကောတစ်ယောက် ဆောင်းတွင်းကြီး မြစ်ထဲ ပြုတ်ကျဖူးတယ်။ ဆရာဝန်က ပြောတယ်... အအေးမိသွားလို့ ကလေးမရနိုင်တော့ဘူးတဲ့။ အဲ့ဒီကိစ္စဖြစ်ပြီးကတည်းက ရာသီဥတု ဘယ်လိုပဲဖြစ်ဖြစ် သူက ရေနွေးနဲ့ပဲ ဆေးကြောရတော့တာ”
ဝေ့ချင်းရှန်က သူ မရှိချိန်တွင် လင်းယွီ ရေအေးမသုံးရဲအောင် ဇာတ်လမ်းတစ်ပုဒ် လုပ်ကြံဖန်တီး ပြောဆိုလိုက်သည်။
“က... ကလေး မရနိုင်တော့ဘူး?”
လင်းယွီ အနည်းငယ် လန့်သွားပြီး စကားထစ်သွားသည်။ ကလေးမရနိုင်သော ခင်ပွန်းသည်တစ်ယောက် ဖြစ်ရမည့်အတွေးက မခံမရပ်နိုင်စရာပင်။
“အင်း”
လင်းယွီ တကယ် ကြောက်လန့်သွားသည်။ တာ့ချောင်တွင် ကောဦးရေက အမျိုးသမီးများထက် နည်းပါးပြီးသားဖြစ်ရာ မြုံခြင်းက ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ အခြေအနေကောင်းသော မိသားစုများသည် ကလေးရရန် သေချာသော အမျိုးသမီးများကိုသာ လက်ထပ်လိုကြသည်။
ထို့အပြင် ကျောက်မိသားစုနှင့် နေခဲ့စဉ်က သူ့ဘဝက ပင်ပန်းခက်ခဲခဲ့သည်။ သူ၏ ကိုယ်ဝန်ဆောင်မှဲ့ကလည်း မှေးမှိန်နေသဖြင့် ဝေ့ချင်းရှန်အတွက် ကလေးမွေးမပေးနိုင်မည်ကို လင်းယွီ တကယ်ပင် စိုးရိမ်နေမိသည်။
လင်းယွီ အလေးအနက်ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် ဝေ့ချင်းရှန်က ဆက်ပြောသည်။
“နောက်ဆို မနက်တိုင်း ကြက်ဥတစ်လုံး စားရမယ်။ ကိုယ် တောင်ပေါ်တက်ပြီး အမဲလိုက်သွားရင် မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ မင်းကျန်းမာရေးမကောင်းရင် ဘယ်လိုလုပ် ကလေးရနိုင်တော့မလဲ”
ကလေးမရနိုင်သော ခင်ပွန်းသည်များသည် ကွာရှင်းခံရလေ့ရှိကြောင်း လင်းယွီ ကြားဖူးထားသဖြင့် ထိုသို့ မဖြစ်လိုပေ။ သူ ကြောက်လန့်လွန်းသဖြင့် မျက်နှာပင် ဖြူဖျော့သွားသည်။
လင်းယွီ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို ဝေ့ချင်းရှန် သတိထားမိလိုက်ပြီး ပျာယာခတ်သွားသည်။ ဒါက သူ မျှော်လင့်ထားတဲ့ တုံ့ပြန်မှု မဟုတ်ဘူးလေ။ ကလေးကိစ္စ ပြောလိုက်ရင် သူ့ခင်ပွန်းသည်လေးက ရှက်သွေးဖြာပြီး မျက်နှာရဲသွားရမှာ၊ အခုတော့ ကြောက်လန့်တကြား ဖြစ်နေတယ်။ သူက ကလေးယူရမှာ ကြောက်နေတာလား။
ဝေ့ချင်းရှန် သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“တကယ်တော့ ကိုယ်လည်း ကလေး သိပ်မချစ်တတ်ပါဘူး။ မင်း မလိုချင်ရင် ကိုယ်တို့ မယူဘဲ နေလို့ရပါတယ်”
လင်းယွီ ပြန်မဖြေဘဲ တိတ်တဆိတ် ခေါင်းခါပြလိုက်သည်။ ဝေ့ချင်းရှန်က သစ်သားဇလုံကို ဆွဲယူလိုက်သည်။
“မင်း လက်မောင်းမှာ ဒဏ်ရာ ရှိသေးတယ်။ ကိုယ့်ဘာသာ ဆေးလိုက်မယ်”
လင်းယွီက ဧည့်ခန်းမ တံခါးဝတွင် ငေးငိုင်လျက် ထိုင်နေစဉ် ဝေ့ချင်းရှန်က ပန်းကန်ဆေးနေသည်။
လင်းယွီအတွက် နွေဦးပေါက် အဝတ်အစားများ ချုပ်ပေးရန် လိုအပ်သည်ကို ဝေ့ချင်းရှန် သတိရသွားသည်။ သူက လက်မှရေများကို ခါချလိုက်ပြီး လျှောက်လာခဲ့၏။
“မြို့ထဲက ဈေးဘက် သွားချင်လား”
ခင်ပွန်းသည်လေးက တွေးတောတတ်သည်၊ ခံစားလွယ်ပြီး နုနယ်သည်။ ဝေ့ချင်းရှန်က လင်းယွီကို အပြင်ခေါ်သွားပြီး လမ်းလျှောက်ထွက်ချင်သည်၊ ပစ္စည်းအချို့ ဝယ်ပေးချင်သလို သုံးရက်မြောက်နေ့တွင် ဆွေမျိုးအိမ် ပြန်လည်ပတ်ရန် လိုအပ်သော ပစ္စည်းများကိုလည်း ဝယ်ယူချင်သည်။
လင်းယွီ၏ မိသားစုထံ ပြန်ရမည့်အကြောင်း တွေးမိလိုက်သည်နှင့် ဝေ့ချင်းရှန် ဒေါသထွက်လာရသည်။ ကျောက်ကျားကျူးနှင့် ချိုက်ချွန်းဟွားတို့ကို သူ ဘယ်တုန်းကမှ မကြိုက်ခဲ့သလို မနေ့က လင်းယွီ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်ပြီးနောက်တွင် သူတို့အပေါ် မုန်းတီးစိတ်က ပိုမို နက်ရှိုင်းလာခဲ့သည်။
သို့သော် သူတို့အပေါ် လင်းယွီ၏ ခံစားချက်ကို သူ မခန့်မှန်းတတ်သေးပေ။ သူတို့ မသွားဖြစ်ပါက သူ လင်းယွီကို အထင်သေးသည်ဟု ရွာသားများက ထင်မြင်သွားမည်ကို စိုးရိမ်မိသည်၊ ထိုအခါ လင်းယွီမှာ ရွာသားများ၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။
ဝေ့ချင်းရှန်က မြို့ထဲရှိ ဈေးသို့ သွားရန် အကြံပြုသည်ကို ကြားသောအခါ လင်းယွီ၏ မျက်လုံးများ ခေတ္တမျှ တောက်ပသွားပြီးမှ ပြန်လည် မှေးမှိန်သွားသည်။ သူကား မြို့ပေါ်ဈေးသို့
သွားခဲလှသည်၊ ကျောက်မိသားစုနှင့် နေခဲ့စဉ်က နှစ်သစ်ကူးကာလလောက်မှသာ လိုက်သွားရလေ့ရှိပြီး ထိုအခါမျိုးတွင် ချိုက်ချွန်းဟွားက ပစ္စည်းအများအပြား ဝယ်ယူတတ်သဖြင့် သူက သယ်ပိုးပေးရလေ့ရှိသည်။
“မသွားချင်ဘူး။ အိမ်မှာပဲ နေချင်တယ်”
သူ့တွင် ဝတ်စရာ ကောင်းကောင်းမွန်မွန် အဝတ်အစားပင် မရှိဘဲ အပြင်ထွက်လိုက်လျှင် ဝေ့ချင်းရှန်ကို အရှက်ရစေရုံသာ ရှိမည်။ ဝေ့ချင်းရှန်က တင်တောင်းငွေ ဆယ်တေးလ် ပေးခဲ့သော်လည်း လင်းယွီက ခန်းဝင်ပစ္စည်းအဖြစ် အိပ်ရာခင်း နှစ်ထည်သာ ပါလာခဲ့သည် မဟုတ်ပါလား။
“ဒီမှာ ခဏစောင့်နေဦး။ မင်းအဖော်ရအောင် တုံးကောကို သွားခေါ်ပေးမယ်”
လင်းယွီ စကားပြန်မပြောနိုင်ခင် ဝေ့ချင်းရှန်က ဧည့်ခန်းထဲ ဝင်သွားပြီး ခြံဝင်းထဲမှ ထွက်ခွာသွားသည်။ ရာသီဥတုက သာယာပြီး အလွန်အမင်း မအေးလှပေ။ လင်းယွီ စိတ်ပြေလက်ပျောက်ဖြစ်စေရန် အပြင်ခေါ်သွားဖို့ သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်၊ မနက်ကတည်းက စိတ်ထဲတွင် စီစဉ်ထားပြီးသားဖြစ်၏။
ဝေ့ချင်းရှန်၏ နေအိမ်သည် ရွာအနောက်ဘက် တောင်ခြေအနီးတွင် တည်ရှိပြီး တိတ်ဆိတ်ကာ လူသူကင်းဝေးသည်။ အနီးအနားတွင် အိမ်ခြေ များများစားစားမရှိပေ။ ရွာသားအများစုသည် လျှော်ဖွပ်ရန် ရေရရှိမှု လွယ်ကူစေရန်အတွက် ရွာအဝင်ဝရှိ မြစ်ငယ်လေးအနီးတွင် စုဝေးနေထိုင်ကြသည်။
ခဏမျှ လျှောက်လာပြီးနောက် ဝေ့ချင်းရှန် ဟယ်မိသားစုအိမ်သို့ ရောက်ရှိလာ၏။ အိမ်ထဲတွင် ဟယ်တာ့နျန်းနှင့် သူမ၏သား ဟယ်တုံးတုံးတို့ အပ်ချုပ်နေကြပြီး ကလေးငယ်နှစ်ယောက်က ခြံဝင်းထဲတွင် ဟိုပြေးဒီပြေး ဆော့ကစားနေကြသည်။
ဟယ်တာ့နျန်းက ဝေ့ချင်းရှန် လာနေသည်ကို မြင်သောအခါ နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။
“ချင်းရှန်... မင်းလာတာ အချိန်ကိုက်ပဲ။ ကြည့်... ယွီကောအတွက် အင်္ကျီ ပြီးခါနီးနေပြီ”
ကလေးငယ်နှစ်ယောက်က ဝေ့ချင်းရှန်ဆီသို့ ပြေးသွားပြီး သူ့ခြေထောက်ကို ဖက်ကာ "ဦးလေး" ဟု ခေါ်လိုက်ကြသည်။ ဝေ့ချင်းရှန်က ပြုံးလိုက်ပြီး သူတို့ခေါင်းကို ပွတ်သပ်ကာ တစ်ယောက်လျှင် သကြားလုံးတစ်လုံးစီ ပေးလိုက်သည်။ ကလေးနှစ်ယောက်သည် မုန့်ရသဖြင့် ပျော်ရွှင်စွာ ခုန်ပေါက်ရင်း ဘေးတစ်ဖက်သို့ ပြေးထွက်သွားခဲ့သည်။
ဟယ်တာ့နျန်းက သူမ၏ မြေးလေးကို ခေါက်လိုက်သည်။
“ဦးလေးချင်းရှန်ဆီက မုန့်ရတာတောင် ကျေးဇူးတင်ပါတယ်လို့ မပြောဘူး။ ဒီကောင်စုတ်လေးတွေ... စားဖို့ပဲ သိတယ်”
သုံးလေးနှစ်အရွယ်သာ ရှိသေးသော ကလေးငယ်က သကြားလုံးကို စုပ်ရင်း တခစ်ခစ် ရယ်မောနေသည်။
ဝေ့ချင်းရှန် ဝင်ထိုင်ပြီး မေးလိုက်သည်။
“တာ့ကျူးနဲ့ အာ့ကျူးတို့ အိမ်မှာ မရှိဘူးလား”
“လယ်ရေသွင်းဖို့ သွားကြတယ်”
နွေဦးအစကတည်းက မိုးမရွာသေးသဖြင့် ဟယ်ညီအစ်ကိုများနှင့် သူတို့၏ ဇနီးသည်များသည် အလုပ်လုပ်ရန် စောစောထွက်သွားကြသည်။ ဝေ့ချင်းရှန် မိသားစုခွဲထွက်ပြီးနောက်တွင် သူက ယိုယွင်းနေသော ကောက်ရိုးတဲတစ်လုံးကိုသာ ယူခဲ့ပြီး လယ်မြေ တစ်ကွက်မှ မရရှိခဲ့ပေ… သူတို့တွင် စုစုပေါင်း ၇ဧကရှိသော်လည်း မိသားစုကသာ သိမ်းပိုက်ထားခဲ့သည်။ သူက တစ်နှစ်ကျော်ကြာ စုဆောင်းထားသော ငွေများကို အသုံးပြု၍ လင်းယွီကို လက်ထပ်ယူခဲ့ခြင်း ဖြစ်သည်။
သူ့၌ လယ်မရှိသော်လည်း ဝေ့ချင်းရှန်က ငွေပိုစုပြီး စပါးခင်းနှင့် ယာခင်း အနည်းငယ် ဝယ်ယူရန် စီစဉ်ထားသည်။ လောလောဆယ် သူ မလောသေးပေ၊ သူ့ခင်ပွန်းသည်လေး ကျန်းမာရေး မကောင်းသဖြင့် လယ်မရှိခြင်းက အနားယူရန် အချိန်ရစေသည်။ သို့မဟုတ်ပါက အငြိမ်မနေတတ်သော လင်းယွီက အလုပ်ထလုပ်နေဦးမည်။
ဟယ်တာ့နျန်းက အပ်ချည်ကြိုးကို ကိုက်ဖြတ်၍ မေးလိုက်သည်။
“ဘယ်လိုသဘောရလဲ၊ ဒါလေး ပြန်ယူသွားပြီး ယွီကောကို ဝတ်ကြည့်ခိုင်းလိုက်လေ။ မတော်ရင် အဒေါ် ပြန်ပြင်ပေးမယ်”
ဝေ့ချင်းရှန်သည် အမြန် ချုပ်လုပ်ထားသော အဝတ်အစားများကို ယူကြည့်လိုက်ရာ မနေ့ကတည်းက စတင်ချုပ်လုပ်ထားပုံရပြီး ချုပ်ရိုးချုပ်သားများက သေသပ်လှပကာ ဂရုတစိုက် လုပ်ဆောင်ထားသည်မှာ ပေါ်လွင်နေသည်။
“အဒေါ်ဟယ်... ကျွန်တော့်ဖူလန်လေး ဝတ်ဖို့ တုံးကော ဝတ်နေကျ အင်္ကျီတစ်ထည်လောက် ဝယ်ချင်လို့ဗျာ”
လင်းယွီအတွက် အဝတ်အစားအသစ် ဝယ်ပေးရန် သူ စဉ်းစားခဲ့သော်လည်း ရွာထဲတွင် မည်သူမျှ အဝတ်အစားသစ် မရှိကြပေ။ လူအများက ပွဲတော်ရက်များအတွက်သာ အကောင်းစား အဝတ်အစားများကို ထားရှိပြီး ပျက်စီးသွားမည်ကို စိုးရိမ်တတ်ကြသည်။ ထို့ကြောင့် လင်းယွီ ယာယီဝတ်ဆင်ရန် တုံးကော၏ အင်္ကျီဟောင်းတစ်ထည် ဝယ်ဖို့ သူ သတိရသွားသည်။ ယနေ့ပြန်ရောက်မှ နွေဦးပေါက်ဝတ် အဝတ်အစားသစ် ချုပ်ဖို့ အထည်စ ဝယ်မည်ဟု စိတ်ကူးထားသည်။
“ဘာကို ဝယ်မှာလဲ… နှစ်ရက်လောက် ယူဝတ်ထားလိုက်ပြီးမှ ပြန်လာပေးပေါ့”
ဟယ်တာ့နျန်းက သူ လိုချင်သောအရာကို ချက်ချင်း သဘောပေါက်လိုက်သည်။ ကျောက်ကျားကျူးက ခန်းဝင်ပစ္စည်းအဖြစ် အိပ်ရာခင်းနှစ်ထည်သာ ပေးလိုက်သည်ကို ရွာထဲရှိ လူတိုင်း သိကြပြီး ဤသတို့သားအသစ်မှာ မင်္ဂလာဝတ်စုံကလွဲ၍ ဝတ်စရာရှိမည်မဟုတ်ဟူ၍ ခန့်မှန်းမိကြသည်။
ဘေးတွင် ရပ်နေသော ဟယ်တုံးတုံးကလည်း ဝင်ပြောသည်။
“ဟုတ်တယ်... ယွီကောအတွက် အဝတ်အစားတစ်စုံလောက် သွားရှာပေးမယ်”
ဟယ်တုံးတုံးက အသစ်နီးပါးဖြစ်နေသော အဝတ်အစားတစ်စုံကို ရှာတွေ့သွားသည်။
“ယွီကောကို ဒါလေး ပေးဝတ်လိုက်ပါ။ ကျွန်တော် သိပ်မဝတ်ရသေးဘူး... သေချာမကြည့်ရင် ဝတ်ဖူးမှန်းတောင် သိသာမှာ မဟုတ်ဘူး”
“ဟုတ်သားပဲ... ဖိနပ်လည်း အဆင်သင့်ရှိတယ်။ တိုက်ဆိုင်လိုက်တာ... တုံးကောအတွက် ခုမှ တစ်ရံ ချုပ်ပြီးတာ... ယွီကောနဲ့ ကွက်တိဖြစ်လောက်တယ်”
ဟယ်တာ့နျန်းက အထဲဝင်သွားပြီး ဖိနပ်အသစ်ကို ယူလာသည်။
မကြာမီတွင် ဝေ့ချင်းရှန် လက်ထဲ၌ အဝတ်အစားတစ်စုံ ရောက်ရှိလာ၏။… အင်္ကျီအသစ်တစ်ထည်နှင့် ဖိနပ်အသစ်တစ်ရံ ဖြစ်သည်။
“အဒေါ်ဟယ်... ဘယ်လောက် ပေးရမလဲ”
“အင်္ကျီအတွက် ၄ ပြား၊ ဖိနပ်အတွက် ၁ ပြား ပေးပါ” သူမက ပြောလိုက်သည်။
“ဒီနွေဦးဝတ်စုံကရော?”
ဟယ်တာ့နျန်း လက်ကာပြလိုက်သည်။
“အာ... ဒါတွေက တုံးကောဟာတွေပဲလေ။ သူက နှစ်ခါလောက်ပဲ ဝတ်ရသေးတာ။ မင်းက ခင်ပွန်းသည်အသစ်ရထားတာဆိုတော့ သူက အဝတ်အစားသစ် ဝတ်သင့်တာပေါ့”
ဝေ့ချင်းရှန် ဆက်မငြင်းတော့ဘဲ အိတ်ကပ်ထဲမှ ပိုက်ဆံအချို့ ထုတ်လိုက်သည်။ ဟယ်တာ့နျန်းက ပိုမတောင်းပါ… သူမက အင်္ကျီအတွက် ကုန်ကျသော ဝါဂွမ်းဖိုးနှင့် ဖိနပ်အတွက် လက်ခလောက်သာ လိုချင်ခဲ့သည်။ ဝေ့ချင်းရှန်က ကြေးပြား ၂၀ ထပ်ထည့်ပေးလိုက်သည်။
“ကလေးတွေ မုန့်ဝယ်ကျွေးလိုက်ပါ”
ဟယ်တာ့နျန်း မငြင်းတော့ဘဲ ပိုက်ဆံကို ဝမ်းသာအားရ လက်ခံလိုက်သည်။ ဒီဝေ့ချင်းရှန်က လူကောင်းလေးတစ်ယောက်ပဲ…
“အဒေါ်... ယွီကောက ရွာကို အခုမှ ရောက်ဖူးတာဆိုတော့ မရင်းနှီးသေးဘူး။ သူတို့ ပစ္စည်းလေးတွေဝယ်ရင်း စကားစမြည်ပြောရအောင် တုံးကောကို မြို့ဈေးဘက် အဖော်လိုက်ပေးစေချင်လို့ပါ”
ဟယ်တုံးတုံး မျက်နှာ ဝင်းလက်သွားသည်။
“အမေ... ကျွန်တော် လိုက်သွားချင်တယ်!”
ကလေးနှစ်ယောက်က သူ့ကို ဝိုင်းထားသဖြင့် သူ ပင်ပန်းနေပြီဖြစ်ရာ ၎င်းသည် ရှောင်ထွက်သွားရန် အကြောင်းပြချက်ကောင်း တစ်ခုပင်။ ပြီးတော့ ယွီကောနဲ့ အတူတူ ပျော်ပျော်ပါးပါး သွားရမှာလေ!
ဟယ်တာ့နျန်းက သူ့ကို စနောက်ကာ ဆူလိုက်သည်။
“အသက် ဘယ်လောက်ရှိနေပြီလဲ... လျှောက်လည်ချင်တုန်းပဲလား? သွားရင် မင်းတူလေးနှစ်ယောက်အတွက် မုန့်ဝယ်ခဲ့ဦး”
“စိတ်ချ!”
သူက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
ဟယ်တာ့နျန်းက ကြေးပြား ၂၀ ကို ဟယ်တုံးတုံးအား ပေးလိုက်ရာ သူက ချက်ချင်းပင် ပြေးထွက်သွားပြီး အော်ပြောလိုက်သည်။
“ယွီကောဆီ သွားလိုက်ဦးမယ်!”
ဝေ့ချင်းရှန်က ဟယ်တာ့နျန်းကို ကျေးဇူးတင်စကားပြောပြီး ပြန်လာခဲ့၏။ သူ အိမ်ပြန်ရောက်သောအခါ ဟယ်တုံးတုံးက လင်းယွီနှင့် စကားလက်ဆုံကျနေပြီဖြစ်ပြီး လင်းယွီ၏ မျက်နှာပေါ်တွင် အပြုံးရိပ်ရေးရေး ပေါ်နေသည်။ ဟယ်တုံးတုံးကို လှမ်းခေါ်လိုက်သည်က မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပုံရသည်။