Ch 12
Viewers 4k

Chapter 12


“မင်း အဆင်ပြေရဲ့လား”

ဝေ့ချင်းရှန်က လင်းယွီ၏ ကျောကိုပုတ်ပြီး နှစ်သိမ့်လိုက်သည်။ စောစောက ကျောက်တာ့ကျစ် သူ့ခင်ပွန်းသည်၏လက်ကို လှမ်းဆွဲရန် ကြိုးစားနေသည်ကို သူ အထင်းသား မြင်လိုက်ရသည်။


ဆူညံသံကြားတော့ ချိုက်ချွန်းဟွား မီးဖိုချောင်ထဲမှ ပြေးထွက်လာ၏။

“အမယ်လေး... ငါ့သားလေး!”


ချိုက်ချွန်းဟွားက ကျောက်တာ့ကျစ်ကို အမြန် ထူပေးလိုက်သည်။ ကျောက်တာ့ကျစ်က ခါးကိုကိုင်ပြီး ညည်းညူနေစဉ် လင်းယွီကို ဆူပူကြိမ်းမောင်းနေကျ ဖြစ်သော ချိုက်ချွန်းဟွားက ချက်ချင်း လက်ညှိုးထိုးပြီး ဆဲဆိုလေတော့သည်။

“မင်း ဘာလုပ်တာလဲ။ ပြန်လာတာနဲ့ အိမ်ကို မွှေနှောက်ပြီး အေးအေးဆေးဆေး နေလို့မရအောင် လုပ်နေတယ်!


သူမသား အနိုင်ကျင့်ခံရသည်ကို မြင်တော့ လင်းယွီက သူ့သားကို ထပ်ပြီး ဖြားယောင်းသွေးဆောင်ရန် ကြိုးစားနေသည်ဟု ချိုက်ချွန်းဟွား ယူဆလိုက်သည်။ သူက တကယ့် အပျက်လေးပဲ…


ဝေ့ချင်းရှန် အေးစက်စွာ နှာမှုတ်လိုက်သည်။

“အဲ့ဒါ ခင်ဗျားသားကို မေးသင့်တာ... စောစောက သူ ဘာလုပ်နေလဲဆိုတာကို”


ကျောက်တာ့ကျစ်က လုံးဝ အပြစ်ရှိသည်ဟု မခံစားရပေ။

“ကျွန်တော်က ဘာလုပ်လို့လဲ၊ ယွီကော ရေခပ်နေတာမြင်လို့ ကူညီချင်ရုံပါ။ ဒါပေမဲ့ ယွီကောက ဇလုံကိုမ,ပြီးပြီးချင်း ရေနဲ့ပက်လိုက်တာလေ။ ယွီကော... ပြောစမ်းပါဦး... အဲ့လိုမဟုတ်ဘူးလား”


လင်းယွီ အမှန်တိုင်း မပြောရဲမှန်း ကျောက်တာ့ကျစ် သေချာနေသည်။ သူတို့ကြား ဘာမှမဖြစ်ခဲ့သည်တိုင် ဝေ့ချင်းရှန် သံသယဝင်သွားပါက ပျက်စီးသွားမည့်သူမှာ လင်းယွီ၏ ဘဝသာ ဖြစ်သည်။


လင်းယွီ တုန်ရီနေပြီး ခေါင်းငုံ့ကာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။


ကျောက်တာ့ကျစ် ပို၍ ရဲတင်းလာသည်။

“တွေ့လား။ ကျွန်တော် ပြောသားပဲ! အဲ့ဒါကို ဝေ့ချင်းရှန်က ရောက်လာပြီး ကျွန်တော့်ကို အရင် ရိုက်တာ၊ လူရိုင်း... အရှက်မရှိတဲ့ကောင်!”


ချိုက်ချွန်းဟွားကလည်း လင်းယွီကို ဆူပူကြိမ်းမောင်းပြန်သည်။

“မင်းက ပြန်လာပြီး စာကျက်နေတဲ့ တာ့ကျစ်ကို နှောင့်ယှက်နေတာလား။ မင်း ဘာကြံစည်နေတာလဲ? အပျက်ကောင်လေး!”


သူတို့ ဆက်လက်ပြီး ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုနေရာ ဝေ့ချင်းရှန်၏ မျက်နှာ မည်းမှောင်လာပြီး အော်ဟစ်လိုက်သည်။

“တော်တော့!”


သူ၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် နှစ်ယောက်လုံး လန့်သွားကြသည်။ ခေါင်းငုံ့ထားဆဲဖြစ်သော လင်းယွီသည် မျက်နှာကို ဖုံးကွယ်ထားပြီး လက်သီးကို တင်းတင်းဆုပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ကျောက်တာ့ကျစ်က ကျွန်တော့်လက်ကို လာကိုင်ချင်နေတာ။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို ရေနဲ့ပက်လိုက်တာ”


ဝေ့ချင်းရှန်ပါ အဆူခံနေရသည်ကို မြင်လျှင် လင်းယွီ စိတ်မကောင်းဖြစ်မိသည်။ ယောကျ်ားတစ်ယောက်၏ ဂုဏ်သိက္ခာက မည်မျှအရေးကြီးမှန်း သူသိသည်၊ ဝေ့ချင်းရှန်က သူ့အပေါ် ကောင်းမွန်ခဲ့သည်ဖြစ်၍ နောင်တွင် ဝေ့ချင်းရှန် သူ့ကို မကြိုက်တော့လျှင်ပင် ဤမတရားမှုကိုတော့ ဝေ့ချင်းရှန်ကို မခံစားစေလိုပေ။


၎င်းကိုကြားသော် ချိုက်ချွန်းဟွား ဒေါသအိုးပေါက်ကွဲသွားသည်။

“ပေါက်ကရတွေ! မင်းလို အပျက်ကောင်ကို တာ့ကျစ်က ဘာကိစ္စ ကြည့်ရမှာလဲ? မင်း အိမ်မှာနေတုန်းကလည်း မင်းဝမ်းကွဲရှေ့မှာ မူယာမာယာလုပ်ပြပြီး တာ့ကျစ် စာကျက်တာကို နှောင့်ယှက်ခဲ့တာ။ အခုလည်း ပြန်လာပြီး ဝမ်းကွဲကို ထပ်ဖြားယောင်းပြန်ပြီလား... ကောင်စုတ်! ပြီးတော့ သူများအပေါ် စွပ်စွဲနေသေးတယ်!”


ချိုက်ချွန်းဟွား ပြောလိုက်တိုင်း လင်းယွီ၏ မျက်နှာ ပို၍ ဖြူဖျော့လာသည်။ သူ နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ရည်များ စီးကျလာသည်။

“မဟုတ်... ဟင့်အင်း... အဲ့လို မဟုတ်ဘူး”


လင်းယွီသည် ကျောက်မိသားစု၏ ရိုက်နှက်ဆဲဆိုခြင်း ခံရသော နေ့ရက်များဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ အလွန် ကြောက်လန့်နေပြီး ဝေ့ချင်းရှန်၏ ရွံရှာသောအကြည့်ကို မြင်ရမည်စိုး၍ မော့မကြည့်ရဲပေ။


ဝေ့ချင်းရှန်က သူ့ခင်ပွန်းသည်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး နှစ်သိမ့်ပေးလိုက်သည်။

“ကိုယ် ယုံတယ်။ မကြောက်နဲ့”


လင်းယွီ အနိုင်ကျင့်ခံနေရသည်ကို မြင်တော့ ကျောက်တာ့ကျစ် ပို၍ပင် ဘဝင်မြင့်လာသည်။ ဒီကောင်စုတ်လေးက သူ့ကို ရေအေးနဲ့ပက်ရဲတယ်... သေချင်နေပြီထင်တယ်။


သူ့မျက်လုံးများ ဟိုဒီကစားနေပြီး အတွေးတစ်ခု ဝင်လာသည်။ လင်းယွီကို စွန့်ပစ်ခံရအောင် လုပ်နိုင်ရင် သူက သူ့မိသားစုဆီ ပြန်လာရမှာ မဟုတ်ဘူးလား။ သိက္ခာကျနေတဲ့ ကောတစ်ယောက်ကို ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး။ အဲ့ဒီကျရင် သူ ကြိုက်သလို လုပ်လို့ရပြီ။


ကျောက်တာ့ကျစ်က ခေါင်းမော့ပြီး ကျေနပ်အားရစွာ ပြောလိုက်သည်။

“ဆင်းရဲသား မုဆိုး... ငါ့အမေက ဒီအပျက်လေးကို မင်းနဲ့ ဘာလို့ အလျင်စလို လက်ထပ်ပေးလိုက်လဲ သိလား”


“အစ်ကိုကြီး! ဆက်မပြောနဲ့တော့!”

ကျောက်ယွဲ့နျန်းက ကျောက်တာ့ကျစ်၏ အင်္ကျီလက်စကို အမြန်ဆွဲပြီး အသနားခံသလို ကြည့်ကာ တားလိုက်သည်။

“ဆက်မပြောပါနဲ့တော့”


လင်းယွီ ရုတ်တရက် မော့ကြည့်လိုက်ရာ သူ့မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူက ဝေ့ချင်းရှန်၏ အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

“ကျွန်... ကျွန်တော် အိမ်ပြန်ချင်တယ်”


“ကောင်းပြီ... အခုပဲ ပြန်ကြမယ်”


ဤလူတွေက လင်းယွီ၏ ဆွေမျိုးများ ဖြစ်နေသဖြင့် ဝေ့ချင်းရှန် ချက်ချင်း အရေးမယူခဲ့ပေ။ လင်းယွီ မနေချင်လျှင် နေစရာမလို၊ ဤဆွေမျိုးမျိုးကို ဆက်ဆံစရာမလိုဟု သူ ဆုံးဖြတ်လိုက်သည်။ သူ လက်သီးကို တင်းတင်းဆုပ်ပြီး ဒေါသကို မြိုသိပ်ထားလိုက်သည်။ သူ ကြမ်းတမ်း၍ မဖြစ်ပေ၊ သို့မဟုတ်ပါက ရှက်ကြောက်တတ်သော သူ့ခင်ပွန်းသည်လေး လန့်သွားလိမ့်မည်။


“ဟေ့... ဘယ်သွားကြမလို့လဲ။ ငါပြောပြမယ်... ဒီအပျက်ကောင်က ငါ့ကို ဖြားယောင်းလို့ ငါ့အမေက အိမ်ကနေ အမြန်မောင်းထုတ်လိုက်တာကွ။ မင်းလို ဆင်းရဲသား မုဆိုးက တကယ့် ရတနာရပြီလို့ ထင်နေတာလား... ဟား ဟား ဟား!”


ဤစကားကြားသော် လင်းယွီ၏ ခြေထောက်များ ပျော့ခွေသွားပြီး လဲကျတော့မလို ဖြစ်သွားရသည်။ ဝေ့ချင်းရှန်က မြေကြီးပေါ် မလဲကျစေရန် သူ့ခါးကို အမြန်ထိန်းကိုင်လိုက်သည်။ လင်းယွီ၏ မျက်ရည်များ ဝေ့ချင်းရှန်၏ အဝတ်အစားပေါ်သို့ စီးကျလာပြီး မော့ကြည့်ကာ ပြောရှာသည်။

“ကျွန်တော် မဖြားယောင်းခဲ့ဘူး”


“ကိုယ် သိတယ်။ ဒီမှာ ခဏစောင့်နေနော်... ခဏနေရင် အိမ်ပြန်ကြမယ်”


ဝေ့ချင်းရှန်၏ ဒေါသများ ပေါက်ကွဲထွက်လုမတတ် တောက်လောင်နေပြီဖြစ်၏။ သူက အမြန်လျှောက်သွားပြီး ကျောက်တာ့ကျစ်၏ အင်္ကျီကို လက်တစ်ဖက်ဖြင့် ဆွဲကာ မြှောက်လိုက်ပြီး ပါးကို အားကုန် လွှဲရိုက်ပစ်လိုက်တော့သည်။

“ငါ မင်းကို တော်တော့လို့ ပြောတယ်လေ!”


ဝေ့ချင်းရှန်၏ အားက ကြီးမားလွန်းသဖြင့် ပါးရိုက်ချက် အနည်းငယ်အပြီးတွင် ကျောက်တာ့ကျစ်၏ သွားနှစ်ချောင်း ကျွတ်ထွက်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ကျောက်တာ့ကျစ်မှာ နာကျင်စွာ အော်ဟစ်နေပြီး စာသင်သားပုံစံ လုံးဝ မပေါက်တော့ချေ။


ကျောက်ကျားကျူးနှင့် ချိုက်ချွန်းဟွားတို့သည် သူတို့၏ အဖိုးတန်သားလေး အရိုက်ခံရသည်ကို မြင်သောအခါ ဝေ့ချင်းရှန်အား တိုက်ခိုက်ရန် ချက်ချင်း ပြေးဝင်လာသည်။

“ငါ့သားကို လွှတ်စမ်း!”


ဝေ့ချင်းရှန်က သူတို့နှစ်ဦးစလုံးကို မြေကြီးပေါ် တွန်းလှဲလိုက်ပြီးနောက် ကျောက်တာ့ကျစ်ကို ဆွဲကာ ရေကန်ထဲသို့ ဖိနှစ်လိုက်သည်။ ကျောက်တာ့ကျစ်မှာ ရေထဲကျသွားသော ကြက်ပေါက်လေးလို ယက်ကန်ယက်ကန် ဖြစ်နေပြီး ပြန်တိုက်ခိုက်ရန် အားမရှိတော့ပေ။


ချိုက်ချွန်းဟွားက တွားသွားပြီး သူ့ကို ကုတ်ဖဲ့ရန် ကြိုးစားသော်လည်း ဝေ့ချင်းရှန်က ကန်ထုတ်လိုက်သည်။ ဒီအဘွားကြီးက လွယ်တဲ့သူ မဟုတ်ဘူး… သူက လင်းယွီကို အညိုအမည်းစွဲအောင် ရိုက်နှက်ပြီး ထင်းတဲမှာ အိပ်ခိုင်းခဲ့တာ!


ဝေ့ချင်းရှန် လက်လွန်သွားမည်ကို စိုးရိမ်သဖြင့် လင်းယွီ အမြန်ပြေးသွားပြီး သူ့လက်မောင်းကို ဆွဲလိုက်သည်။

“ချင်းရှန်... ချင်းရှန်... ကျွန်တော် အိမ်ပြန်ချင်တယ်... ပြန်ရအောင်နော်”


ဝေ့ချင်းရှန်က ကျောက်တာ့ကျစ်ကို ရေကန်ထဲ ပစ်ထည့်လိုက်သည်။ သူ ပြန်လှည့်ကြည့်လိုက်သောအခါ ကျောက်ကျားကျူးမှာ သစ်ပင်နောက်တွင် ပုန်းနေပြီး ခေါင်းကို ဝှက်ကာ စကားတစ်ခွန်းမျှ မဟရဲတော့ပေ။


ကျောက်မိသားစု အခြေအနေမှာ… ကျောက်တာ့ကျစ်က ရေကန်ထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေဆဲ၊ ချိုက်ချွန်းဟွားက မြေကြီးပေါ်တွင် ရင်ဘတ်ဖိကာ ညည်းညူနေပြီး ကျောက်ကျားကျူးက လိပ်တစ်ကောင်လို သစ်ပင်နောက်တွင် ဝပ်နေသည်။ သန့်သန့်ရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ် ရှိနေသူမှာ ကျောက်ယွဲ့နျန်း တစ်ဦးတည်းသာ ရှိ၏။


အနီးအနားရှိ အိမ်နီးချင်းများသည် ခြံစည်းရိုးကျော်၍ ချောင်းကြည့်ကြသည်။ သူတို့သုံးဦး၏ သနားစရာအခြေအနေကို မြင်လိုက်ရသော အဒေါ်လီမှာ ဝါးခနဲ ရယ်မောလိုက်သည်။ ဝဋ်လည်တာပဲ... မာန်တက်နေခဲ့တာ။ အခုတော့ ပညာပေးခံလိုက်ရပြီ။


“ဒီမှာ ခဏစောင့်။ ကိုယ့်ပစ္စည်းတွေ ယူပြီး ပြန်မယ်”


ဝေ့ချင်းရှန်သည် အိမ်ဦးခန်းထဲ ဝင်သွားပြီး သူယူလာသော သစ်သီးများကို ပြန်ယူလိုက်သည်၊ ထို့နောက် မီးဖိုချောင်ထဲဝင်ကာ အသားများကို ယူလိုက်သည်။ အသားနှင့် သစ်သီးများကို ပြန်ယူသွားသည်ကို မြင်သောအခါ ချိုက်ချွန်းဟွားက ချက်ချင်း အော်ဟစ်လေတော့သည်။

“ပြန်ချထား! ပြန်ချထားစမ်း!”


ဝေ့ချင်းရှန် ပြန်ထွက်ရန် ပြင်လိုက်စဉ် နောက်ဖေးခြံဝင်းထဲမှ ကြက်အော်သံကို ကြားလိုက်ရသည်။ သေချာတာပေါ့... မင်္ဂလာဆောင်တုန်းက သူယူလာပေးခဲ့သော တောကြက်နှစ်ကောင်ကို တွေ့လိုက်ရသည်။ သူက ကြက်နှစ်ကောင်လုံးကို လှောင်အိမ်ပါမကျန် ပြန်ယူလိုက်သည်။


ကြက်တွေပါ ပါသွားသည်ကို မြင်သောအခါ ချိုက်ချွန်းဟွားက လေးဘက်ထောက် တွားသွားပြီး လိုက်လုရန် ကြိုးစားသည်။

“ပြန်ပေး! ငါ့ကြက်တွေ ပြန်ပေး!”


“ယွီကော... သွားစို့”


လင်းယွီသည် ဝေ့ချင်းရှန်နောက်မှလိုက်ကာ ပြန်ရန်ပြင်လိုက်စဉ် ကျောက်ယွဲ့နျန်း အမြန်ပြေးလာသည်။

“နေဦး!”


ကျောက်ယွဲ့နျန်း သတ္တိမွေးပြီး ဝေ့ချင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုကြီး လိမ်ပြောနေတာပါ။ ယွီကောနဲ့ ညီမလေးက နေ့တိုင်း အတူတူ အလုပ်လုပ်ခဲ့တာပါ”


ဝေ့ချင်းရှန် ခေါင်းညိတ်လိုက်သည်။

“ကိုယ် သိပါတယ်”


ဝေ့ချင်းရှန်သည် လင်းယွီကို ခေါ်ပြီး ခြံဝင်းထဲမှ ထွက်ခွာလာခဲ့၏။ မြေကြီးပေါ်တွင် လူးလှိမ့်နေသော ချိုက်ချွန်းဟွားမှာ မလိုက်နိုင်တော့ပေ။ ဒေါသတကြီးဖြင့် သူမက ကြမ်းပြင်ကို ထုရိုက်ရင်း ကျန်ရစ်ခဲ့၏။

“သူခိုး! ငါ့ကြက်တွေ ပြန်ပေး! ငါ့အသားတွေ ပြန်ပေး!”


ချိုက်ချွန်းဟွား၏ တုံ့ပြန်မှုသည် ကျောက်တာ့ကျစ် အရိုက်ခံရစဉ်ကထက်ပင် ပိုမိုကြီးမားနေသေးသည်။ ဒေါသက နှလုံးဆီ ဆောင့်တက်သွားပြီး သူမ မေ့လဲသွားလေတော့သည်။


ခြံဝင်းတံခါးဝတွင် ကြည့်နေကြသော သူများသည် ဝေ့ချင်းရှန် ထွက်လာသည်ကို မြင်သည်နှင့် အမြန် ထွက်ပြေးကြသည်။ သို့သော်ငြား အဒေါ်လီက မပြေးဘဲ ကျန်နေခဲ့ပြီး လင်းယွီကို လှမ်းမေးလိုက်သည်။

“ယွီကော... အဆင်ပြေရဲ့လား”


လင်းယွီ တိတ်တဆိတ် ခေါင်းခါပြလိုက်သည်။ သနားစရာကောင်းနေသော သူ့ပုံစံကို မြင်တော့ အဒေါ်လီ ဝင်မပြောဘဲ မနေနိုင်တော့ပေ။

“သူက ရိုးသားပြီး လိမ္မာတဲ့ ကလေးပါ။ ချိုက်ချွန်းဟွားရဲ့ ပေါက်ကရစကားတွေကို နားမယောင်ပါနဲ့”


ဝေ့ချင်းရှန် အထင်လွဲသွားမည်စိုး၍ အဒေါ်လီက ဝင်ပြောပေးခဲ့၏။ ပြန်ရောက်လျှင် လင်းယွီကို နှိပ်စက်မည်ကို စိုးရိမ်၍ ဖြစ်သည်။


ဝေ့ချင်းရှန် ခေါင်းညိတ်လိုက်သည်။

“သူက ကျွန်တော့် ခင်ပွန်းသည်ပဲလေ။ ကျွန်တော် ယုံတာပေါ့”


“အေး... ကောင်းတယ်... ကောင်းတယ်”


သူတို့နှစ်ဦး တောင်ပေါ်လမ်းအတိုင်း လျှောက်လာကြသည်။ လင်းယွီက ခေါင်းငုံ့ပြီး ဝေ့ချင်းရှန်၏ ခြေလှမ်းများနောက်သို့ လိုက်ပါလာသည်။ အဆိုးရွားဆုံး အခြေအနေအတွက် သူ ပြင်ဆင်ထားပြီး ဖြစ်သည်…ဝေ့ချင်းရှန်သာ သူ့ကို မယုံကြည်လျှင် သူ ထွက်သွားလိုက်မည်။


သူ့ရင်ထဲတွင် ရှုပ်ထွေးနေသည်။ သူက ဝေ့ချင်းရှန်၏ ကျောပြင်ကို ဝင်တိုက်မိသွားရာ ဝေ့ချင်းရှန် ရပ်တန့်သွားသည်။

“ခေါင်းမော့ထားလေ။ လမ်းကြည့်လျှောက်”


လင်းယွီ နာခံစွာ မော့ကြည့်လိုက်သည်။ သူ့ခင်ပွန်းသည်လေး၏ မျက်နှာကို မြင်လိုက်ရသောအခါ မျက်ရည်များ စီးကျနေသည်ကို တွေ့လိုက်ရသည်။ ဝေ့ချင်းရှန် ရင်ထဲ စူးခနဲ နာကျင်သွားသည်။

“လာ... သွားမယ်... ကျောက်တာ့ကျစ်ကို သွားထပ်ရိုက်ကြမယ်!”


ဝေ့ချင်းရှန်က နောက်ပြန်လှည့်တော့မည့်ပုံစံဖြင့် ပြောလိုက်သည်။ ခရီးသိပ်မရောက်သေးဘဲ သူ၏ခင်ပွန်းသည်ကို အနိုင်ကျင့်သည့် ကျောက်တာ့ကျစ်ကို နောက်ထပ် သင်ခန်းစာ သွားပေးရန် သူ တွေးနေပြီ ဖြစ်သည်။


လင်းယွီက သူ့အင်္ကျီလက်စကို တင်းတင်းဆွဲထားပြီး အသံတိမ်ဝင်စွာ ပြောလိုက်သည်။

“ခင်ဗျား ဘာလို့ ကျွန်တော့်ကို အရင်မမေးတာလဲ”


ဝေ့ချင်းရှန် ရင်ထဲ နာကျင်သွားသည်။ သူက လက်တစ်ဖက်တွင် ကြက်လှောင်အိမ်ကို ကိုင်ထားပြီး အခြားတစ်ဖက်တွင် အသားနှင့် သစ်သီးများကို ကိုင်ထားရသဖြင့် အားမနေပေ။ သူ ပစ္စည်းများအားလုံးကို အောက်ချလိုက်ပြီး သူ၏ ထိရှလွယ်သော ခင်ပွန်းသည်လေးကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

“ကိုယ် မင်းကို ယုံတယ်”


လင်းယွီ အများကြီး ခံစားခဲ့ရဖူးပြီး စိတ်ထိခိုက်လွယ်မှန်း ဝေ့ချင်းရှန် သိသည်။ လင်းယွီ သူ့စကားကို ချက်ချင်း မယုံကြည်မှာ သူ စိုးရိမ်မိသည်။


လင်းယွီသည် ဝေ့ချင်းရှန်၏ အဝတ်အစားများကို တင်းတင်းဆုပ်ကိုင်ထားပြီး ရင်ဘတ်ပေါ် ခေါင်းမှီကာ ငိုကြွေးလေသည်။

“ကျွန်တော် ကျောက်တာ့ကျစ်အနားမှာ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး... သူ့ကိုလည်း မဖြားယောင်းခဲ့ဘူး။ အဲ့ဒီနေ့က... အဲ့ဒီနေ့က ကျောက်တာ့ကျစ်က ရေနွေးလိုချင်လို့ဆိုပြီး အခန်းထဲ လှမ်းခေါ်တယ်။ ပြီးတော့ သူက ကျွန်တော့်အဝတ်အစားတွေကို ဆွဲပြီး... ကြိုးစားခဲ့...”


သူ့ခင်ပွန်းသည်လေး ငိုကြွေးသည်ကို ကြားရသဖြင့် ဝေ့ချင်းရှန် ရင်ထဲ နာကျင်စွာ လှုပ်ရှားသွားသည်။

“မငိုနဲ့တော့... မငိုနဲ့... ကိုယ် သိတယ်... ကိုယ် သိတယ်။ ကျောက်တာ့ကျစ်ရဲ့ မျက်လုံးတွေက အကုန်ပြောပြနေတာပဲ။ သူက လူယုတ်မာဆိုတာ။ ကိုယ်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ်... မင်းကို စောစော မတွေ့ခဲ့ရလို့... မင်း ဒီလိုဒုက္ခတွေ ခံစားခဲ့ရတာ။”


လင်းယွီက အသံတုန်တုန်ရီရီဖြင့် ဆက်လက် ရှိုက်ငိုနေသည်။

“ချိုက်ချွန်းဟွားက ကျွန်တော့်ကို ရိုက်နှက်ပြီး ကျောက်တာ့ကျစ်ကို ဖြားယောင်းတယ်လို့ စွပ်စွဲတယ်။ ကျွန်တော်က သူတို့ပိုက်ဆံကို မက်မောနေတာတဲ့။ အဲ့ဒါကြောင့် သူ ကျွန်တော့်ကို အမြန် မောင်းထုတ်လိုက်တာ”


လင်းယွီ၏ ခန္ဓာကိုယ်က တုန်ရီနေပြီး ဝေ့ချင်းရှန် ရင်ခွင်ထဲတွင် မှီလျက် ခေါင်းမမော့ရဲသေးပေ။ သူ ဝေ့ချင်းရှန်၏ နှစ်သိမ့်စကားများကိုပင် သေချာမကြားရပေ၊ ၎င်းတို့ကြောင့် ဝေ့ချင်းရှန် သူ့အား ရွံရှာသွားမည်ကိုသာ ကြောက်ရွံ့နေမိသည်။


ဝေ့ချင်းရှန်က စကားချိုချို ပြောတတ်သူ မဟုတ်ပေ။ ကြမ်းတမ်းသော ယောက်ျားသားပီပီ သူ့ခင်ပွန်းသည်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ကျောကို အသာအယာ ပုတ်ပေးရုံသာ တတ်နိုင်သည်။

“ကိုယ် မင်းကို ယုံတယ်... ကိုယ် ယုံပါတယ်”


သို့သော် လင်းယွီက ကြားပုံမရ၊ အသံကျယ်ကျယ်ဖြင့် ဆက်လက်ငိုကြွေးနေပြီး ဝေ့ချင်းရှန်၏ ရင်ဘတ်ပေါ်တွင် ပူနွေးသော မျက်ရည်များကို ခံစားနေရသည်။


ဝေ့ချင်းရှန် စိုးရိမ်လာသည်။ ဒီအတိုင်း ဆက်ငိုခိုင်းလို့ မဖြစ်ဘူး။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။


သူက လင်းယွီ၏ မေးဖျားကို အသာမော့စေပြီး လေသံကို အနည်းငယ် တင်းလိုက်သည်။

“လင်းယွီ... ကိုယ်ပြောတာ နားထောင်”


လင်းယွီအား ဤပုံစံနှင့် မြင်လိုက်ရသဖြင့် ဝေ့ချင်းရှန် ရင်ထဲ ပိုနာကျင်ရသည်။ သူ့ခင်ပွန်းသည်လေး၏ မျက်လုံးများမှာ ငိုထားသဖြင့် ရောင်ရမ်းပြီး နီရဲနေကာ ဆံနွယ်စများက ပါးပြင်ပေါ်တွင် ကပ်နေသည်။ မျက်ရည်များက တာကျိုးသကဲ့သို့ စီးကျနေပြီး ဝေ့ချင်းရှန်၏ လက်ပေါ်သို့ ကျရောက်နေသည်။


‘ဒီနေ့ သူ သူတို့အပေါ် ညှာတာခဲ့မိတယ်။ တကယ်ဆို အဲ့ဒီ သုံးယောက်စလုံးကို ဝါးရင်းတုတ်နဲ့ ရိုက်ခဲ့သင့်တာ။'ဟူ၍ ဝေ့ချင်းရှန် တွေးလိုက်မိ၏။