Ch 11
Viewers 4k

Chapter 11


ဝေ့ချင်းရှန် နှင့် အခြားသူများသည် တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် တာ့လီရွာအဝင်ဝသို့ ရောက်ရှိလာသည်။ ကျောက်ယွဲ့နျန်း သည် တောဟင်းရွက်ခူးမည်ဟု အကြောင်းပြချက်ပေးကာ စောစောစီးစီး ထွက်လာပြီး ရွာအဝင်ဝအနီးတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း သူမ၏ အစ်ကို ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသည်။

လင်းယွီ အိမ်ထောင်ကျသွားကတည်းက တစ်ဖက်လူက သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မလားဟူ၍ သူမ အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ သူမ၏ ခဲအိုဖြစ်သူက မိဘမရိုသေသူဟု ပြောစမှတ်ပြုကြသည် မဟုတ်ပါလား၊ မိဘမရိုသေသူတစ်ယောက်က ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်ပါ့မလဲ။

ကျောက်ယွဲ့နျန်းသည် လူအုပ်ကို အဝေးက လှမ်းမြင်လိုက်ရသော်လည်း ကနဦးတွင် မမှတ်မိရဲပေ။ သူတို့ အနားရောက်လာမှသာ မှတ်မိသွားပြီး အလျင်အမြန် ပြေးသွားလိုက်သည်။

“အစ်ကို!”

လင်းယွီသည် ကျောက်ယွဲ့နျန်းကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားသည်။

“ယွဲ့နျန်း”

အရပ်ရှည်ပြီး ဗလတောင့်တင်းသော ဝေ့ချင်းရှန်ကို မြင်လိုက်ရသဖြင့် ကျောက်ယွဲ့နျန်း အနည်းငယ် ကြောက်လန့်သွားသည်။ သူမက တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

လင်းယွီက သီးသန့် ပြင်ဆင်ထားသော အဝတ်အိတ်ငယ်လေးကို ကျောက်ယွဲ့နျန်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါ ချင်းရှန်ကော ပေးလိုက်တာ။ ညီမလေးအတွက် ယူလာပေးဖို့ သူပြောလို့လေ။ တစ်ယောက်တည်း စားနော်”

ကျောက်ယွဲ့နျန်း အလွန် ပျော်ရွှင်သွားပြီး ဝေ့ချင်းရှန် အပေါ်ထားရှိသော သူမ၏ အမြင် အနည်းငယ် ကောင်းမွန်လာသည်။ ယနေ့ ယွီကော ပြန်လာတော့ အဝတ်အစားသစ်တွေ ဝတ်ထားပြီး မျက်နှာအဆင်းလည်း ကြည်လင်နေသဖြင့် သူ အဆင်ပြေပြေ နေထိုင်နေရပုံ ပေါက်သည်။

သူတို့သုံးဦး ကျောက်မိသားစု အိမ်ဘက်သို့ လျှောက်လာခဲ့သည်။ အိမ်နီးနားချင်းများက လင်းယွီ ပြန်လာသည်ကို မြင်သောအခါ အဒေါ်လီက နှုတ်ဆက်လိုက်သည်။

“ယွီကော ပြန်လာပြီ!”

“ဟုတ်ကဲ့ အဒေါ်... ကျွန်တော် ပြန်ရောက်ပြီ”

လင်းယွီ အဝတ်အစားသစ် လဲထားသဖြင့် အဒေါ်လီ ချက်ချင်း မမှတ်မိလိုက်ပေ။ လင်းယွီ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးလေး ရှိနေပြီး ကောင်းမွန်စွာ နေထိုင်နေရပုံရသဖြင့် အဒေါ်လီ သူ့အတွက် အလွန် ဝမ်းသာမိသည်။

လင်းယွီ ယနေ့ မိဘအိမ်ပြန်လာမည်ကို ချိုက်ချွန်းဟွား သိနေသဖြင့် အိမ်ထဲရှိ ကောင်းနိုးရာရာ အစားအသောက်များကို သိမ်းဆည်းထားလိုက်သည်။ ဆင်းရဲသော မုဆိုးက ပစ္စည်းများများစားစား ပါလာမည်မဟုတ်၊ သူတို့ လာပြီး သူမ၏ အစားအစာများကို စားသောက်ကြမည်ကို နှမြောနေမိသည်။

“အဖေ... အမေ... ယွီကော ပြန်လာပြီ!”

ကျောက်ယွဲ့နျန်းက အိမ်ထဲသို့ ဦးစွာ ပြေးဝင်သွားသည်။

ချိုက်ချွန်းဟွားက မကျေမနပ် ပြောလိုက်သည်။

“ပြန်လာတော့ ဘာဖြစ်လဲ? အရင်က မမြင်ဖူးတာကျနေတာပဲ”

သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ဝေ့ချင်းရှန် လက်ထဲတွင် အသားနှင့် သစ်သီးခြင်းတောင်း ပါလာသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာ ချက်ချင်းပင် အပြုံးပန်းဝေသွားပြီး ပစ္စည်းများကို လှမ်းယူလိုက်သည်။

“ကျားကျူး... ယွီကော ပြန်လာပြီ”

ကျောက်ကျားကျူးလည်း ထွက်လာသည်။

“ယွီကော ပြန်လာပြီပေါ့”

လင်းယွီ ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။

“ဦးလေး”

ချိုက်ချွန်းဟွားသည် အသားကို အိမ်ထဲသို့ သယ်သွားရင်း အလွန်ပျော်ရွှင်နေသည်။ သူတို့ အသားမစားရသည်မှာ ကြာပြီဖြစ်၏။ ညစာအတွက် ချက်ပြုတ်ရန် သူမ စိတ်ကူးလိုက်ပြီး သစ်သီးခြင်းတောင်းကိုလည်း သတိထားမိလိုက်သည်။ သူမ၏ မိဘအိမ် ပြန်လည်ပတ်လျှင် လက်ဆောင်အဖြစ် ယူသွားမည်ဟု ကြံစည်လိုက်၏။ သို့သော်ငြား အရက်ပါမလာသည်ကို သူမ သတိပြုမိလိုက်သည်… ဆင်းရဲသော မုဆိုးပီပီ ဝိုင်ယူလာဖို့ပင် ဝန်လေးနေပုံရသည်။

ဝေ့ချင်းရှန်နှင့် ကျောက်ကျားကျူးတို့ စကားပြောနေစဉ် ကျောက်ယွဲ့နျန်းက လင်းယွီကို ဘေးသို့ ဆွဲခေါ်သွား၏။ သူမက တိုးတိုးလေး မေးလိုက်သည်။

“အစ်ကို... အစ်ကို့ခင်ပွန်းက ဘယ်လိုနေလဲ”

“သူ တော်တော် ကောင်းပါတယ်”

အမေးခံလိုက်ရသဖြင့် လင်းယွီ အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူတို့ လက်ထပ်ထားသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ဝေ့ချင်းရှန်က သူ့ကို မထိတွေ့သေးသည်ကို သတိရသွားသည်။ သူ အနည်းငယ် စိတ်မပျက်မိဘဲ မနေနိုင်ပေ။ ဝေ့ချင်းရှန်က သူ့ကို မကြိုက်တာများလား။ မင်္ဂလာဦးညတုန်းက သူ ငိုမိ၍ အကုန် ပျက်စီးသွားခဲ့ရ၏။ သူ အောင့်အီးသည်းခံခဲ့လျှင် အခြေအနေတွေ ပိုကောင်းလာနိုင်လောက်သည်။

ကျောက်ယွဲ့နျန်းက လင်းယွီ၏ အဝတ်အစားသစ်ကို ကိုင်ကြည့်လိုက်သည်။

“အစ်ကို... အဝတ်အစားတွေက အရမ်းလှတာပဲ”

လင်းယွီ ပြုံးလိုက်သည်။

“သူ ဝယ်ပေးတာလေ”

လင်းယွီက မိန်းကလေးငယ်၏ ခေါင်းကို ပုတ်လိုက်ရာ ကျောက်ယွဲ့နျန်းက သူ့လက်ကို အမြန်ဖမ်းဆွဲလိုက်သည်။

“အစ်ကို... ညီမလေးက ကလေးမဟုတ်တော့ဘူးနော်”

“ဟုတ်ပါပြီ... ဒါပေမဲ့ မင်းက အစ်ကို့ညီမလေးပဲလေ”

လင်းယွီက ကျောက်ယွဲ့နျန်း၏ ကြမ်းတမ်းသော လက်များကို ကြည့်လိုက်ရာ အအေးဒဏ်ကြောင့် အက်ကွဲနေသည်ကို တွေ့လိုက်ရသည်။

“မင်းလက်တွေ ဘာဖြစ်တာလဲ”

ကျောက်ယွဲ့နျန်းက လက်များကို ကျောနောက်သို့ အမြန်ဝှက်လိုက်သည်။

“ဘာမှ မဖြစ်ပါဘူး... ဘာမှ မဖြစ်ဘူး”

“ငါ ထွက်သွားကတည်းက အိမ်အလုပ်တွေ အကုန်လုံး ညီမလေးပဲ လုပ်နေရတာလား”

ကျောက်ယွဲ့နျန်း ခေါင်းညိတ်လိုက်သည်။ သူမ ဘာမှမပြောသည့်တိုင် လင်းယွီ ခန့်မှန်းမိပါသည်။ ချိုက်ချွန်းဟွားက ပျင်းရိပြီး အလုပ်မလုပ်ချင်သဖြင့် သူထွက်သွားပြီးနောက် အလုပ်အားလုံး ကျောက်ယွဲ့နျန်းအပေါ် ပုံကျလာခြင်း ဖြစ်သည်။

လောလောဆယ် အိမ်အလုပ်တွေက မများလှသော်လည်း မြက်ပင်များ ပြန်ပေါက်လာလျှင် ခြံထဲရှိ ကြက်နှင့် ဘဲများအတွက် သူမ အပြင်ထွက်ပြီး မြက်ရိုင်းလိုက်ခုတ်ရပေဦးမည်။

လင်းယွီ သက်ပြင်းချလိုက်မိသည်။ သူကတော့ ကံကောင်း၍ ဝေ့ချင်းရှန်နှင့် လက်ထပ်ခွင့်ရခဲ့သည်။ ချိုက်ချွန်းဟွားသာ တင်တောင်းငွေ ၁၀ တေးလ်ကို မမက်မောခဲ့လျှင် သူ ဝေ့ချင်းရှန်နှင့် လက်ထပ်ရမည် မဟုတ်ပေ။

ကံကောင်းသည်မှာ သူက "နာမည်ဆိုး" ရှိသော ဝေ့ချင်းရှန် နှင့် လက်ထပ်ခဲ့ရခြင်း ဖြစ်၏။ အကယ်၍သာ ခြေမသန်သော လိုင်ကျီနှင့် လက်ထပ်ခဲ့ရလျှင် သူ လုပ်နိုင်သည့်အရာရှိမည် မဟုတ်ပေ။

အိမ်ထဲတွင် ကျောက်တာ့ကျစ်သည် ပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းထဲရှိ လူများကို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသည်။ အဝတ်အစားသစ် ဝတ်ဆင်ထားသော လင်းယွီကို မြင်လိုက်ရသောအခါ သူ ကြောင်အမ်းသွားသည်။ လင်းယွီက ယခု ပို၍ပင် လှပနေသည်။ ဤအရာအားလုံးက သူ့မိခင်၏ အပြစ်တွေချည်းသာ။ ဟိုစဥ်က သူ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးလျှင် ဂုဏ်သရေရှိ မိသားစုမှ သမီးပျိုကို လက်ထပ်ယူနိုင်ပြီး လင်းယွီ ကို ကိုယ်လုပ်တော်အဖြစ် ထားနိုင်သည်ဟု သူ့အမေ ပြောခဲ့သည်ကို သူ နားထောင်ခဲ့မိသည်။

ကျောက်တာ့ကျစ်သည် မနာလိုသော မျက်လုံးများဖြင့် ကြည့်ရင်း လင်းယွီ၏ လက်ကို ဆွဲယူလိုက်ချင်စိတ် ပေါက်နေသည်။ အကြည့်တစ်ချက်ကို သတိထားမိလိုက်သဖြင့် လင်းယွီ မော့ကြည့်လိုက်ရာ ကျောက်တာ့ကျစ်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် လန့်သွားပြီး ဝေ့ချင်းရှန်ကို ရှာဖွေရန် အိမ်ထဲသို့ အမြန် ဝင်သွားသည်။

အိမ်ထဲတွင် သူတို့နှစ်ဦး စကားအများကြီး မပြောဖြစ်ကြပေ။ ကျောက်ကျားကျူးသည် သူ့ကိုယ်သူ ပညာတတ်တစ်ဦး၏ ဖခင်အဖြစ် မှတ်ယူထားပြီး သာမန်ရွာသားများကို အမြဲ အထင်သေးလေ့ရှိသည်။ သူ့သား စာမေးပွဲအောင်မြင်ပြီး မိသားစုဂုဏ်ကို မြှင့်တင်ပေးမည့်အချိန်ကို သူ စောင့်မျှော်နေသည်။

ဝေ့ချင်းရှန်က လင်းယွီသောက်ရန် ရေတစ်ခွက် ယူလာပေးသည်။ ခုနလေးကမှ အဆင်ပြေနေပုံရပြီး ဘာလို့ ရုတ်တရက် အလောတကြီး ပြန်ဝင်လာရတာလဲ။

“ယွီကော... ယွီကော! ဟင်းလာကူချက်ပေးစမ်း!”

လင်းယွီ သွားရန် ထရပ်လိုက်သော်လည်း ဝေ့ချင်းရှန်က သူ့ကို တားလိုက်သဖြင့် သူ နာခံစွာ ပြန်ထိုင်လိုက်သည်။ ချိုက်ချွန်းဟွားက ထပ်မံ အော်ခေါ်ပြန်သည်။

“ယွီကော! ယွီကော! ဟင်းလာကူချက်ပေးစမ်းလို့!”

ကျောက်ကျားကျူးက မျက်လွှာပင့်ပြီး သူတို့နှစ်ဦးကို စကားမပြောဘဲ လှမ်းကြည့်လိုက်သည်။ လင်းယွီ စကားနားမထောင်သည့်အတွက် သူ့မျက်လုံးများထဲတွင် အပြစ်တင်လိုစိတ်များ ပြည့်နှက်နေသော်လည်း သူတို့မိသားစုမှာ ပညာတတ်မျိုးရိုးဖြစ်သည်ကို ထောက်ထားပြီး သူအထင်သေးသော ဤ "ခြေသလုံးအိမ်တိုင်" လူတန်းစားများနှင့် ဖက်ပြိုင်စကားမပြောချင်ပေ။


ချိုက်ချွန်းဟွားက နှစ်ခါလောက် လှမ်းခေါ်သော်လည်း ပြန်ထူးသံ မကြားရပေ။ သူမက ဒေါသတကြီး နှာမှုတ်လိုက်သည်။

“သူ့ကိုယ်သူ တကယ်ကြီး ဧည့်သည်လို့ သတ်မှတ်ထားတာလား၊ ငါက သူ့ကို ပြုစုရမယ်လို့များ ထင်နေတာလား၊ အိပ်မက်မက်နေလိုက်!”


လင်းယွီ အိမ်ထောင်ကျသွားကတည်းက အဝတ်လျှော်၊ ထမင်းချက်၊ ရေနွေးတည်စသော အိမ်မှုကိစ္စအားလုံးက ယွဲ့နျန်း၏ လက်ထဲသို့ ရောက်ကုန်သည်။ သို့သော် ယွဲ့နျန်းက အိမ်မှုကိစ္စတွင် မကျွမ်းကျင်သဖြင့် လင်းယွီ လုပ်ပေးသလောက် သက်တောင့်သက်သာ မရှိပေ။


အော်ခေါ်သံကြားတော့ ကျောက်ယွဲ့နျန်း ပြေးလာသည်။

“အမေ... သမီး လုပ်လိုက်ပါ့မယ်”



“ကောင်မစုတ်လေး! အလုပ်မလုပ်ချင်လို့ ဘယ်တွေ လျှောက်သွားနေပြန်တာလဲ? နင်က စားဖို့နဲ့ ကစားဖို့ပဲ သိတယ်! နင့်ကို မွေးထားရတာ ဘာအသုံးကျလို့လဲ? ရေနွေးတစ်ဇလုံတောင် ဖြောင့်အောင် မသယ်နိုင်ဘူး... နင့်အမေကို အပူလောင်အောင် လုပ်မလို့လား? နင်က ဘာမှ သုံးစားမရဘူး!”


“ငါ နင့်ကို ပြောထားမယ်... နင် ယောက်ျားရသွားရင်တောင် ငါက နင့်အမေပဲ! ဘယ်အချိန်ပဲ ပြန်လာလာ... နင် အလုပ်လုပ်ရမယ်၊ ထမင်းချက်ရမယ်။ မဟုတ်ရင် နင့်ကို ကျွေးမွေးထားရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ”


ဤဆဲဆိုသံများကို ခြံဝင်းထဲရှိ လူတိုင်း ကြားလိုက်ရသည်။ လင်းယွီ အနည်းငယ် ကြောက်လန့်သွားပြီး ဝေ့ချင်းရှန် အနားသို့ အလိုအလျောက် တိုးကပ်သွားမိသည်။ ဝေ့ချင်းရှန်က သူ့ကို နှစ်သိမ့်သည့်အနေဖြင့် လက်ကို အသာအယာ ပုတ်ပေးလိုက်သည်။


“ဦးလေး... အဒေါ်က ဘာဖြစ်တာလဲဗျ၊ ညီမလေးက ငယ်ပါသေးတယ်။ ဧည့်သည်တွေရှေ့မှာ ဒီလိုအော်ဟစ်နေတာ ဘယ်ကောင်းမလဲ။ အပြင်လူတွေ ဘယ်လိုထင်ကြမလဲ၊ ဒါနဲ့... ဝမ်းကွဲအစ်ကို တာ့ကျစ်ရော? သူက စာသင်သားဆို။ ခရိုင်တရားသူကြီးက သဟဇာတဖြစ်တဲ့ မိသားစုက ကျောင်းသားတွေကို ပိုမျက်နှာသာပေးတယ်လို့ ကျွန်တော် ကြားဖူးတယ်”


ကျောက်ကျားကျူး ချောင်းအသာ ဟန့်လိုက်၏။

“အာ... ဟုတ်တယ်... ဟုတ်တယ်။ ငါ့သား တာ့ကျစ်က ဒီနှစ် ခရိုင်အဆင့် စာမေးပွဲ ဖြေမှာကွ”


ဝေ့ချင်းရှန် ခေါင်းညိတ်လိုက်သည်။

“ဝမ်းကွဲတာ့ကျစ် ဒီနှစ် သေချာပေါက် အောင်မှာပါ။ အဲ့ကျရင် ဦးလေးက စာသင်သားရဲ့ ဖခင် ဖြစ်လာတော့မှာ”


မျက်နှာလိုမျက်နှာရ အကြိုက်ဆုံးဖြစ်သော ကျောက်ကျားကျူးသည် ဤစကားကြားသော် အတော်လေး ကျေနပ်သွားသည်။

“ငါ ရေနွေးသွားယူလိုက်ဦးမယ်”


အိမ်ထောင်ဦးစီး ပုံစံဖမ်းလျက် ကျောက်ကျားကျူး မီးဖိုချောင်ဘက် ထွက်သွားပြီး တိုးတိုးတိတ်တိတ် လှမ်းဆူလိုက်သည်။

“မင်းတို့ပုံစံတွေကလည်းကွာ... ကိုယ့်အရှက်ကိုယ်ခွဲနေကြတာပဲ၊ ခုထိ ထမင်းမချက်ကြသေးဘူးလား”


ချိုက်ချွန်းဟွား နှာမှုတ်လိုက်သော်လည်း နောက်ဆုံးတွင် ဆဲဆိုနေခြင်းကို ရပ်တန့်လိုက်သည်။


ဧည့်ခန်းမထဲတွင် လင်းယွီက သူ့ကို တိုးတိုးလေး ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျေးဇူးပါပဲ”


“ဘာအတွက်လဲ.. မင်းနဲ့ကိုယ်က လင်မယားတွေ ဖြစ်နေပြီပဲ။ ကိုယ့်ရဲ့ နာမည်ဆိုးကို မင်း ဂရုမစိုက်တဲ့အတွက် ကိုယ်ကကော ကျေးဇူးတင်စရာ လိုလို့လား”

ဝေ့ချင်းရှန်က ကျောက်ကျားကျူးကို ဂရုမစိုက်တော့ဘဲ ပြန်ပြောလိုက်သည်။

“မင်း အခန်းဆီ သွားရအောင်”


လင်းယွီ မျက်နှာ ခဏမျှ ဖြူဖျော့သွားသည်။

“ဟို... ကျွန်တော် အရင်က ထင်းတဲမှာ နေခဲ့ရတာပါ။ ဟိုအခန်းက ယွဲ့နျန်း အခန်းလေ”


ဝေ့ချင်းရှန် ဘာမှဆက်မပြောတော့ပေ။ တွေးမိလေလေ ကျောက်ကျားကျူးတို့ လင်မယားအပေါ် မုန်းတီးလေလေ ဖြစ်ပြီး သူ့ခင်ပွန်းသည်ကို ခေါ်ကာ အမြန်ဆုံးသာ ပြန်ချင်စိတ် ပေါက်နေမိသည်။


ကျောက်ကျားကျူး မီးဖိုချောင်ထဲဝင်ပြီး စကားအနည်းငယ် ပြောပြီးနောက် ကျောက်ယွဲ့နျန်းလည်း မျက်ရည်သုတ်ရင်း ပြေးထွက်လာသည်။ သူမက ယခုနှစ် ၁၂ နှစ် ရှိနေပြီဖြစ်သော်လည်း ဧည့်သည်တွေရှေ့မှာ မိခင်ဖြစ်သူက ဆူပူကြိမ်းမောင်းသဖြင့် ကျောက်ယွဲ့နျန်း အလွန် ဝမ်းနည်းကြေကွဲရသည်။


လင်းယွီ ချက်ချင်း ထရပ်လိုက်သည်။

“ကျွန်တော် ယွဲ့နျန်းကို သွားကြည့်လိုက်ဦးမယ်”


လင်းယွီက ကျောက်ယွဲ့နျန်း နောက်ကနေ သူမ၏ အခန်းထိ လိုက်သွားသည်။ ကျောက်ယွဲ့နျန်း၏ အခန်းမှာ ပြတင်းပေါက် သေးငယ်ပြီး အလင်းရောင် ကောင်းစွာမရသဖြင့် အိမ်ထဲတွင် အဆိုးရွားဆုံး အခန်းတစ်ခန်း ဖြစ်သည်။


လင်းယွီ ဝင်သွားသောအခါ ကျောက်ယွဲ့နျန်းက ကုတင်ပေါ်တွင် မှောက်လျက် ငိုကြွေးနေသည်။ လင်းယွီက သူမ၏ ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။

“ယွဲ့နျန်း... မငိုနဲ့တော့”


ကျောက်ယွဲ့နျန်းသည် အထူးသဖြင့် လင်းယွီ ထွက်သွားပြီးနောက်ပိုင်း အလွန် ဝမ်းနည်းအားငယ်နေရသည်။ အိမ်ထဲတွင် သူမ အားကိုးစရာ မည်သူမျှ မရှိတော့ပေ။ လူမမယ် မိန်းကလေးတစ်ယောက်အနေဖြင့် စိတ်မကောင်းဖြစ်ရသည်မှာ သဘာဝပင်။


“အစ်ကို... ညီမလေး အစ်ကို့ကို အိမ်ထောင်မပြုစေချင်ဘူး။ အစ်ကို ထွက်သွားကတည်းက လွမ်းနေရတာ။ အမေကလည်း နေ့တိုင်း ဆူနေတာပဲ”


လင်းယွီ ဘာပြောရမှန်းမသိသဖြင့် ခေတ္တမျှသာ နှစ်သိမ့်ပေးနိုင်ခဲ့၏။ ကျောက်ယွဲ့နျန်း နောက်ဆုံးတွင် အနည်းငယ် စိတ်ငြိမ်သွားသည်။


“မျက်နှာသစ်ဖို့ ရေသွားခပ်ပေးမယ်။ ဟုတ်ပြီလား... မငိုနဲ့တော့နော်”


ကျောက်ယွဲ့နျန်းသာမက လင်းယွီလည်း သူမငိုသည်ကို ကြားရသဖြင့် မျက်ရည်ကျမိသည်။ သူက မည်သူမျှ မမြင်မီ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ခြံဝင်းထဲသို့သွား၍ ရေတစ်ဇလုံ သယ်လာခဲ့သည်။


အခန်းထဲတွင် စာဖတ်နေသော ကျောက်တာ့ကျစ်သည် အသံဗလံများကို ကြားလိုက်ရသည်။ သူက ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်ရာ လင်းယွီ တစ်ယောက်တည်း ရေခပ်နေသည်ကို တွေ့လိုက်ရသည်။ လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားနိုင်လောက်သည့် သွယ်သွယ်လျလျ ခါးလေးသည် နူးညံ့သော နွေဦးဝတ်စုံအောက်တွင် ပိုမို ဆွဲဆောင်မှုရှိနေသည်။ သူ့မျက်နှာလေးမှာ မက်မွန်ပွင့်လေးကဲ့သို့ ဝင်းပနေသည်။


ကျောက်တာ့ကျစ် ရမ္မက်ဆန္ဒများ ထကြွလာသည်ကို မတားဆီးနိုင်တော့။ လင်းယွီ အိမ်ထောင်ကျသွားကတည်းက သူ့စိတ်ထဲ စွဲလမ်းနေခဲ့၏။ ဤသူတောင်းစားလေး ဤမျှချောမောမှန်း သူ အရင်က အဘယ်ကြောင့် သတိမထားမိခဲ့သနည်း။ သိခဲ့လျှင် ချန်ချွန်းသို့သွားပြီး ပိုက်ဆံဖြုန်းမိမည် မဟုတ်ပေ။


ရမ္မက်စိတ်များ နိုးကြားလာသဖြင့် ကျောက်တာ့ကျစ်သည် လင်းယွီ ခြံဝင်းထောင့်တွင် တစ်ယောက်တည်း ရှိနေသည်ကို အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်သည်။ သိသာလွန်းသည့်အရာများ မလုပ်နိုင်သည့်တိုင်၊ လင်းယွီ လက်ကလေးကိုတော့ အနည်းဆုံး ကိုင်ကြည့်လို့ ရနိုင်လောက်သည်။


ဆုံးဖြတ်ချက်ချပြီးနောက် ကျောက်တာ့ကျစ် ခိုးထွက်လာခဲ့သည်။

“ယွီကော... စောစောက ကိုယ်ခေါ်တာ ဘာလို့ မထူးတာလဲ”


လင်းယွီသည် ကျောက်တာ့ကျစ်ကို မကြိုက်သဖြင့် လာနေသည်ကို မြင်သည်နှင့် ရှောင်ထွက်လိုက်သည်။ ကျောက်တာ့ကျစ်က ပို၍ပင် စိတ်အားထက်သန်လာသည်။

“ယွီကော... ကိုယ် ကူညီပါရစေ... ပေးပါ”


ပြောပြောဆိုဆိုနှင့် ကျောက်တာ့ကျစ်က လင်းယွီ၏ လက်ကို လှမ်းဆွဲလိုက်သည်။ လင်းယွီ လန့်ဖျပ်သွားပြီး ဇလုံထဲမှ ရေများဖြင့် သူ့ကို ပက်လိုက်သည်။


ထိုအချိန်တွင် ခန်းမထဲမှနေ၍ လင်းယွီကို စောင့်ကြည့်နေသော ဝေ့ချင်းရှန်သည် ကျောက်တာ့ကျစ် ၏ မလျော်ကန်သော အပြုအမူကို မြင်လိုက်ရပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

“မင်း ဘာလုပ်တာလဲ!”


ဝေ့ချင်းရှန် အမြန်ပြေးသွားပြီး လင်းယွီကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ကျောက်တာ့ကျစ်၏ ကော်လံကို ဆွဲ၍ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။


အိမ်တွင် အလိုလိုက်ခံထားရပြီး လယ်တစ်ခါမှ မလုပ်ဖူးသော ကျောက်တာ့ကျစ်သည် ဝေ့ချင်းရှန်ကို မည်သည့်နှည်းနှင့်မျှ မယှဉ်နိုင်ပေ။ ပါးလွှာသော စာသင်သားဝတ်ရုံကို ဝတ်ဆင်ထားပြီး စောစောက လင်းယွီ ပက်လိုက်သော ရေအေးများကြောင့် သူ စိုရွှဲနေခဲ့၏။ ယခု ဝေ့ချင်းရှန်က ကြမ်းပြင်ပေါ် ကိုင်ပေါက်လိုက်သဖြင့် သူ့အဝတ်အစားများ ရွှံ့ပေရေကုန်ပြီး ရွှံ့အိုင်ထဲ ကျသွားသော ခွေးတစ်ကောင်လို ဖြစ်နေတော့သည်။