Chapter 10
နေဝင်ခါနီးအချိန်တွင် လင်းယွီ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ ဝေ့ချင်းရှန်နှင့် လက်ထပ်ပြီးဖြစ်သော်လည်း သူ့နာမည်ကို ခေါ်ရသည်မှာ အနည်းငယ် နေရခက်နေဆဲပင်။ သူက အဝတ်စကို လိမ်ဆွဲရင်း ခဏမျှ တွန့်ဆုတ်နေပြီးမှ လှမ်းမေးလိုက်သည်။
“ချင်းရှန်... ဒီည ဘာစားချင်လဲ”
“ဘာဖြစ်ဖြစ် ရပါတယ်”
“ကြက်သွန်မြိတ် ဘန်းမုန့် လုပ်စားကြမလား”
“ကောင်းသားပဲ”
ဝေ့ချင်းရှန်၏ သဘောတူညီမှုကို ရရှိပြီးနောက် လင်းယွီ မီးဖိုချောင်ထဲသို့ ဝင်သွားရာ ဝေ့ချင်းရှန်လည်း ကူညီရန် နောက်မှ လိုက်ပါသွားသည်။ သူ့ခင်ပွန်းသည်လေးက သူ့နာမည်ကို ခေါ်လိုက်တိုင်း သူ အလွန် နှစ်သက်မိသည်။ ခေါ်လိုက်တိုင်း သူ့နှလုံးသားကို နူးညံ့သောအရာတစ်ခုက လာရောက်ထိတွေ့သကဲ့သို့ ခံစားရသည်။ ကံဆိုးသည်မှာ သူ့ခင်ပွန်းသည်က စကားနည်းသူ ဖြစ်နေသည်။ စကားနည်းနည်းလောက် ပိုပြောလျှင် ကောင်းမည်။
လင်းယွီ၏ ချက်ပြုတ်လက်ရာက ကောင်းမွန်လှသည်။ ကြက်သွန်မြိတ် ဘန်းမုန့်များသည် ဒယ်အိုးထဲတွင် တရှဲရှဲ မြည်နေပြီး နှစ်ဖက်စလုံး ရွှေညိုရောင် ပြောင်းလာသည်။ အလုပ်လုပ်နိုင်ရန် အားရှိအောင် ကောင်းကောင်းစားရမည်ဟု ဝေ့ချင်းရှန် မှာထားသဖြင့် သူ ဆီကို ရက်ရက်ရောရော သုံးစွဲရဲလာပြီဖြစ်သည်။ လင်းယွီသည် ဝေ့ချင်းရှန်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်လိုသဖြင့် အစားအသောက်ကို စိတ်တိုင်းကျ ပြင်ဆင်လေသည်။
ဝေ့ချင်းရှန်သည် မီးဖိုဘေးတွင် ထိုင်ကာ မီးကူထိုးပေးနေသည်။ သူက အရပ်ရှည်ပြီး ပခုံးကျယ်သူဖြစ်ရာ မီးဖိုရှေ့တွင် ထိုင်ရသည်မှာ ကျပ်တည်းနေပြီး ခြေထောက်ထားစရာနေရာပင် မရှိသလို ဖြစ်နေသည်။ သူ့ပုံစံကို ကြည့်ရင်း လင်းယွီပင် နေရခက်လာသည်။
မီးထိုးနေရင်း ဝေ့ချင်းရှန်က လင်းယွီကို စကားလှမ်းပြောလိုက်သည်။
“နောက်ဆို အိမ်အတွက် လိုတာရှိရင် ကိုယ့်ကို ပြောနော်”
“အင်း”
“နောက်ရက်ကျရင် ကိုယ် တောင်ပေါ်တက်ပြီး အမဲလိုက်သွားရမှာ။ အိမ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်”
“အင်း”
ဝေ့ချင်းရှန် ပြောသမျှကို လင်းယွီက နာနာခံခံ ခေါင်းညိတ်ရုံသာ။ တကယ်တမ်း ဝေ့ချင်းရှန်က သူ့ခင်ပွန်းသည်လေးအား စကားပိုပြောလာစေချင်သည်။
“နောက်ရက်ကျရင် ခြံဝင်းထဲက မြေကွက်လပ်ကို မြေဆွပေးထားမယ်။ မင်း ကြိုက်တာ စိုက်လို့ရပြီ”
၎င်းကိုကြားသော် လင်းယွီ မော့ကြည့်လိုက်သည်။
“တကယ်လား”
“တကယ်ပေါ့။ ဒါ ကိုယ်တို့ရဲ့ မြေပဲဟာ။ မင်း ကြိုက်တာ စိုက်လို့ရတယ်။ အရင်တုန်းက ကိုယ်က အမဲလိုက်ထွက်တာ များတော့ ဟင်းသီးဟင်းရွက်တွေ စိုက်ရင်လည်း ပစ်ထားသလို ဖြစ်နေတာ။ မင်း တစ်ခုခု စိုက်ချင်လား? နောက်ရက်ကျရင် မျိုးစေ့တွေ သွားဝယ်ပေးမယ်”
“ရွှေဖရုံသီး၊ ကျောက်ဖရုံသီး နဲ့ မုန်လာဥတွေ စိုက်ချင်တယ်”
ဆောင်းတွင်းရောက်၍ ဟင်းသီးဟင်းရွက် ရှားပါးချိန်တွင် ၎င်းတို့ကို သိုလှောင်ထား၍ စားနိုင်သည်။
“သခွားသီးရော မစိုက်ချင်ဘူးလား? နွေရာသီကျရင် သုပ်စားလို့ ကောင်းတယ်လေ”
“အွမ်း!”
ဝေ့ချင်းရှန်သည် သူ့ခင်ပွန်းသည်လေးနှင့် စကားပြောရသည်ကို နှစ်သက်သော်လည်း စကားပိုပြောစေချင်မိသည်။ သူ့ခင်ပွန်းသည်က အလွန် တိတ်ဆိတ်ပြီး ရှက်တတ်သည်၊ ထိလိုက်သည်နှင့် အခွံထဲ ဝင်ပုန်းသွားတတ်သော ခရုလေးတစ်ကောင်နှင့် တူလှသည်။
ဒယ်အိုးထဲမှ မွှေးပျံ့သော အနံ့များ လေထဲတွင် ပျံ့လွင့်လာပြီး ဝေ့ချင်းရှန် မော့ကြည့်လိုက်ရုံဖြင့် ရွှေညိုရောင်သန်းနေသော ဘန်းမုန့်များကို မြင်လိုက်ရသည်။ ကြက်သွန်မြိတ် အစိမ်းရောင်လေးများ ဖြူးထားပြီး အပြင်မှာ ၃ ဝမ် ပေးဝယ်ရသော မုန့်များထက် များစွာ စားချင်စဖွယ် ကောင်းနေသည်။
လင်းယွီက ပထမဆုံးသော ပူပူနွေးနွေး ဘန်းမုန့်ကို ဂရုတစိုက် ကမ်းပေးလိုက်သည်။
“စားမလား”
ဝေ့ချင်းရှန် ချက်ချင်း လှမ်းယူလိုက်ပြီး ဘန်းမုန့်အကြီးကြီးကို လိပ်လိုက်သည်။ သူ အားရပါးရ ကိုက်စားလိုက်ရာ အပြင်ခွံကြွပ်ကြွပ်လေးများ ကြွေကျလာသည်။ အရသာရှိလိုက်တာ! သူစားနေကျ ခြောက်ကပ်ကပ် ဘန်းမုန့်တွေထက် အများကြီး သာတယ်!
ညစာအတွက် လင်းယွီက ဘန်းမုန့်လုပ်သည်၊ အသားဟင်း အနည်းငယ် ပြန်နွှေးပြီး တောဟင်းရွက်သုပ် ပြင်ဆင်လိုက်သည်။ ယနေ့ည သူ ဆန်ပြုတ် မပြုတ်တော့ပေ၊ သူတို့တွင် သံဒယ်အိုးကြီး တစ်လုံးတည်းသာ ရှိသဖြင့် ကြာမြင့်နေမည်ဖြစ်ကာ မကျက်မီ မှောင်သွားလိမ့်မည်။
ဘေးအိမ်မှ ချမ်လောင်ထိုက်သည် ယနေ့ ဝေ့ချင်းရှန်တို့အိမ် ဘာဟင်းစားလဲ သိချင်၍ ခေါင်းပြူကြည့်နေသည်။ မွှေးလိုက်တဲ့ အနံ့! ဝေ့ချင်းရှန် ခင်ပွန်းသည်အသစ် ရပြီးကတည်းက ဤအိမ်မှာ အမြဲလိုလို အသားဟင်းနံ့ ရနေသည်ဟု သူမ မတွေးဘဲ မနေနိုင်ပေ။
သူတို့နှစ်ဦးသည် ညစာစားပွဲကို ခြံဝင်းထဲသို့ ရွှေ့လိုက်ပြီး နေဝင်ချိန်အလှကို ခံစားရင်း စားသောက်ကြသည်။ ဝေ့ချင်းရှန်က အသားတုံးကြီးများကို ဘန်းမုန့်ထဲ ထည့်လိပ်ပြီး စားသည်၊ အီလာသောအခါ လတ်ဆတ်ပြီး ချဉ်ပြုံးပြုံး အရသာရှိသော တောဟင်းရွက်သုပ်ကို ကိုက်ဝါးလိုက်သည်။
သူတစ်ယောက်တည်း ဘန်းမုန့် သုံးချပ် စားလိုက်ပြီး လင်းယွီက တစ်ချပ်ခွဲ စားသည်။
ညဘက်ရောက်သောအခါ ဝေ့ချင်းရှန်သည် ဗီရိုထဲတွင် ဝှက်ထားသော သစ်သားသေတ္တာလေးကို ထုတ်ယူလာသည်။ သူက စားပွဲပေါ်သို့ အားလုံး သွန်ချလိုက်ရာ ဂျလောက် ခနဲ အသံမြည်သွားသည်။ ကြေးပြားချင်း ရိုက်ခတ်သံများကြောင့် လင်းယွီ ခဏမျှ ကြောင်အမ်းသွားရသည်။
ငေးငိုင်နေသော လင်းယွီကို ဝေ့ချင်းရှန်က ပြောလိုက်သည်။
“နောက်ဆို ဒီမှာ ကိုယ်တို့နှစ်ယောက်တည်း နေရမှာ။ မင်္ဂလာဆောင် ကုန်ကျစရိတ်တွေ နှုတ်ပြီးတော့ ကျန်တဲ့ပိုက်ဆံတွေအကုန် ဒီစားပွဲပေါ်မှာပဲ။ အကုန်လုံး မင်း သိမ်းထားလိုက်။ လိုတာရှိရင် ဝယ်ချင်တာဝယ်လို့ရတယ်။ ဘယ်လောက်ကျန်လဲ ကြည့်ရအောင်”
စားပွဲပေါ်တွင် ငွေတေးလ်အတုံးသေးနှစ်တုံးနှင့် ကျန်သည်များမှာ ကြေးပြားများ ဖြစ်သည်။ လင်းယွီ ငွေတုံးကို တစ်ခါမှ မမြင်ဖူးသဖြင့် ငွေတုံးလေးတစ်တုံးကို ဂရုတစိုက် ထိတွေ့ကြည့်လိုက်သည်။ အထိအတွေ့က အေးစက်နေသည်။
ဝေ့ချင်းရှန် ပြုံးလိုက်မိသည်။ ဤအချိန်တွင် သူ့ခင်ပွန်းသည်လေး၏ပုံစံက အလွန် ချစ်စရာကောင်းနေသည်။
ဝေ့ချင်းရှန်က သူ့ကို ပျော်ရွှင်ခွင့်ပေးလိုက်သည်။
“ရေတွက်ကြည့်လိုက်လေ”
“ကျွန်... ကျွန်တော်...”
“လုပ်ပါ... မင်း ရေတွက်လို့ ရပါတယ်”
လင်းယွီသည် ဒင်္ဂါးပြားများကို တစ်ပြားချင်းစီ ဂရုတစိုက် ရေတွက်နေသည်၊ နှုတ်ခမ်းများ ကွေးညွှတ်ပြုံးနေပြီး မျက်လုံးများ တောက်ပနေသည်။ ပိုက်ဆံရေရသည်ကို သူ တကယ် သဘောကျပုံရသည်။
“ဝမ်သုံးရာ့ရှစ်ဆယ် ကျန်ပါသေးတယ်”
“အင်း... ဒီပိုက်ဆံကို အိမ်စရိတ်အနေနဲ့ သိမ်းထားလိုက်”
လင်းယွီ ခေါင်းကို အမြန်ခါလိုက်သည်။
“မျ... များလွန်းတယ်”
ဝေ့ချင်းရှန် မျက်နှာထား တည်သွားသည်။
“ဒါ ကိုယ်တို့ပိုက်ဆံတွေလေ။ အခု မင်းလက်ထဲ ရောက်နေပြီ။ ကိုယ်တို့ ဒါနဲ့ပဲ အသက်ရှင်ရမှာ။ မင်းက ကိုယ်တို့ဘဝကို ကောင်းကောင်း စီမံခန့်ခွဲပေးရမယ်။ နှစ်နှစ်လောက် စုပြီးရင် အုတ်ကြွပ်ပြာမိုးထားတဲ့ အိမ်လေးတစ်လုံး ဆောက်နိုင်လောက်တယ်”
“အုတ်ကြွပ်ပြာမိုး အိမ်လေး...”
လင်းယွီ စိတ်ထဲတွင် ထိုအိမ်ပုံစံကို ပုံဖော်ကြည့်လိုက်သည်။ သူ တစ်ခါမှ မနေဖူးသလို တာ့လီရွာတွင် ထိုကဲ့သို့သော အိမ်မျိုး ပိုင်ဆိုင်နိုင်သည့် မိသားစု အနည်းငယ်သာ ရှိသည်။
“ဒါဆို ဒီငွေတုံးတွေကို ဝှက်ထားပြီး အိမ်ဆောက်တဲ့အထဲ ထည့်သုံးလိုက်မယ်နော်”
ဝေ့ချင်းရှန်က “အင်း” ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။ လင်းယွီသည် အစာဝှက်နေသော ကြွက်ကလေးတစ်ကောင်လို ငွေတုံးနှစ်တုံးကို ဗီရိုထဲတွင် သေချာဝှက်ပြီး အဝတ်အစားများဖြင့် ဖိထားလိုက်သည်။ ကြေးပြားများကိုမူ နေ့စဉ် အိမ်သုံးစရိတ်အဖြစ် ပိတ်စအိတ်ငယ်လေးထဲ ထည့်ထားလိုက်သည်။
“ကြေးပြားတွေကို ဒီမှာ ထားလိုက်မယ်။ လိုရင် ယူသုံးလိုက်နော်”
ဝေ့ချင်းရှန် ခေါင်းညိတ်လိုက်သည်။
“အင်း... သိပါပြီ”
ကိုယ်လက်သန့်စင်ပြီးနောက် နှစ်ယောက်သား ကုတင်ပေါ် လှဲလိုက်ကြသည်။ ဝေ့ချင်းရှန်က ငွေများကို သူ့လက်ထဲ အပ်နှံလိုက်ခြင်းနှင့် ပတ်သက်၍ လင်းယွီ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေဆဲပင်။
ထိုညတွင် ဝေ့ချင်းရှန်က နွေဦးသုံး စောင်ပါး တစ်ထည်ကို ကုတင်ပေါ်တွင် ထပ်ဖြည့်လိုက်သည်။ လင်းယွီ နွေးထွေးပြီး သက်တောင့်သက်သာ ရှိသလို ခံစားရသည်၊ အပြင်ဘက်ခြမ်းတွင် လဲလျောင်းနေသော ဝေ့ချင်းရှန်၏ အရှိန်အဝါက ကြီးမားလှသည်။ ဝေ့ချင်းရှန်အပေါ် လင်းယွီ အလွန် ကျေးဇူးတင်မိသည်။ သူတို့ လက်ထပ်သည်မှာ နှစ်ရက်သာ ရှိသေးသည်၊ သို့သော်ငြား ဝေ့ချင်းရှန်က ငွေကြေးအပါအဝင် အရာအားလုံးကို သူ့လက်ထဲ အပ်နှံလိုက်ပြီ ဖြစ်သည်။
လင်းယွီသည် မနေ့က မပြီးပြတ်သေးသော ကိစ္စကိုလည်း ပြန်တွေးမိသည်၊ သူ့ကြောင့် ဝေ့ချင်းရှန် စိတ်ပျက်သွားရသည်ဟု ခံစားနေရသည်။ သူ စိတ်ဆိုးနေမလား?
ဝေ့ချင်းရှန် အိပ်ပျော်ခါနီးအချိန်တွင် လင်းယွီက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
“ချင်းရှန်... အိပ်ပြီလား”
“ဟင့်အင်း”
ဝေ့ချင်းရှန်၏ အဖြေကို ကြားသောအခါ လင်းယွီ တဖြည်းဖြည်း တိုးကပ်သွားပြီး ဝေ့ချင်းရှန်၏ အတွင်းခံအင်္ကျီကြိုးများကို အသာအယာ ဆွဲလိုက်ကာ ရင်ဘတ်ပေါ်သို့ ခေါင်းမှီတင်လိုက်သည်။ သူ့၏ ရှက်ရွံ့သော်လည်း ဆန္ဒပြင်းပြနေသော အပြုအမူကြောင့် ဝေ့ချင်းရှန် ချက်ချင်း တုံ့ပြန်လာမိ၏။
သို့သော် လင်းယွီ၏ ဒဏ်ရာများ ကောင်းစွာ မကျက်သေးသည်ကို ထည့်သွင်းစဉ်းစားပြီး ဝေ့ချင်းရှန်က သူ့ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
“ဒဏ်ရာတွေ အကုန်ပျောက်မှ ဒီကိစ္စ ပြောကြတာပေါ့”
လင်းယွီသည် ရှိသမျှ သတ္တိကို မွေးပြီး လုပ်ဆောင်ခဲ့သော်လည်း အခုတော့ မျက်နှာပူပြီး အနောက်သို့ အမြန် ပြန်ဆုတ်လိုက်သည်။ ကံကောင်းသည်မှာ မီးပိတ်ထားသဖြင့် သူ့မျက်နှာ နီရဲနေသည်ကို ဝေ့ချင်းရှန် မမြင်ရခြင်း ဖြစ်သည်။
လင်းယွီ စောင်အောက်ဝင်ပြီး အမြန်ပင် အိပ်ပျော်သွားသည်။ ယနေ့ တောင်ပေါ်ခရီးဝေး လမ်းလျှောက်ခဲ့ရသဖြင့် သူ ပင်ပန်းနေသည်။ သို့သော်ငြား သူ့ဘေးနားမှ ဝေ့ချင်းရှန်မှာမူ အိပ်မပျော်နိုင် ဖြစ်နေသည်။ စောင်နှစ်ထပ်ကြောင့် အပူချိန်က ပိုမြင့်တက်လာရာ အပူသက်သာစေရန် လက်ကို စောင်အပြင်သို့ ထုတ်ထားရသည်။
တစ်ညလုံး လင်းယွီ သူ့ရင်ခွင်ထဲ လှိမ့်ဝင်မလာတော့သဖြင့် ဝေ့ချင်းရှန်၏ ရင်ခွင်ထဲတွင် ဟာတာတာ ဖြစ်နေရသည်။
လင်းယွီ အိပ်မောကျနေသည်ကို မြင်သောအခါ ဝေ့ချင်းရှန် အနားတိုးကပ်သွားပြီး သူ့ခင်ပွန်းသည်လေးကို ဖိကပ်လိုက်သည်။ သူတို့ကြားမှ အနွေးဓာတ်က အပူချိန်ကို ပိုမြင့်တက်စေသဖြင့် စောင်အပိုထပ်လိုက်မိသည်ကို သူ နောင်တရနေမိသည်။ သို့မဟုတ်ပါက လင်းယွီ သူ့ရင်ခွင်ထဲ ရောက်လာလောက်သည်။
မိုးလင်းသည်နှင့် လင်းယွီ စောစောနိုးလာသည်။ သူ အနည်းငယ် ပူအိုက်နေသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့မျက်နှာတစ်ခြမ်းက ဝေ့ချင်းရှန်၏ လက်မောင်းပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ မျက်လုံးပြူးသွားသော်လည်း ဝေ့ချင်းရှန်ကို မနှိုးရဲပေ။ သူခိုးလူမိသကဲ့သို့ ခံစားရပြီး ကုတင်ပေါ်မှ တိတ်တဆိတ် ဆင်းလိုက်သည်။
မျက်နှာနီမြန်းနေဆဲဖြစ်သော လင်းယွီသည် ထလာပြီး မျက်နှာသစ်ရန် ရေနွေးတည်သည်၊ ဆန်ပြုတ် ပြုတ်သည်၊ မနေ့က ကျန်သော ဘန်းမုန့်များကို ပေါင်းပြီး ကြက်ဥနှစ်လုံး ပြုတ်လိုက်သည်။
ကျောက်မိသားစု အိမ်တွင် ရှိစဉ်က သူတို့ တစ်နေ့လျှင် နှစ်နပ်သာ စားပြီး မနက်စာ မစားကြပေ။ သို့သော် ယခု ဝေ့ချင်းရှန်က တစ်နေ့ သုံးနပ် စားသည်ကို သူ သတိပြုမိသည်။ ဝေ့ချင်းရှန်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်မည်ဟု ဆုံးဖြတ်ထားသဖြင့် အစားအစာ ချွေတာရန်အတွက် မနက်စာ မစားဘဲ မနေတော့ဟု လင်းယွီ ဆုံးဖြတ်လိုက်သည်။
ဝေ့ချင်းရှန်လည်း စောင်နှစ်ထပ်အောက်တွင် ပူအိုက်နေသဖြင့် စောစောနိုးနေသည်။ သူက လင်းယွီကို ဖက်ထားပြီး လင်းယွီ နိုးလာချိန်တွင် သူ့ခင်ပွန်းသည်လေး ခိုးကြောင်ခိုးဝှက် လုပ်နေသည်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်မိသည်။ ခဏကြာ စောင့်ကြည့်ပြီးမှ သူ ထလိုက်သည်။
မနက်စာ စားပြီးနောက် ဝေ့ချင်းရှန် ခြံဝင်းထဲသို့ ထွက်ပြီး မြေဆွနေစဉ် လင်းယွီက အိမ်ရှေ့တွင် ထိုင်ကာ အဝတ်အစားသစ် ချုပ်ရန် အထည်ဖြတ်နေသည်။ ဟယ်တုံးတုံးလည်း ကူညီရန် ရောက်လာပြီး အထည်စအသစ်များကို ကိုင်ကြည့်ကာ ပြောလိုက်သည်။
“ယွီကော... မိဘအိမ် အလည်သွားရင် ဘယ်အင်္ကျီ ဝတ်သွားမှာလဲ? ကျွန်တော် ထင်တာတော့ ဒီကြာနီရောင်က အလှဆုံးနဲ့ အသားအကောင်းဆုံးပဲ”
လင်းယွီသည် မူလက အပြာရောင် ဝတ်ရန် စီစဉ်ထားသော်လည်း ဟယ်တုံးတုံး၏ တိုက်တွန်းမှုကြောင့် နောက်ဆုံးတွင် နွေဦးဝတ်စုံအတွက် ကြာနီရောင်ကို ရွေးချယ်လိုက်သည်။
ထိုအချိန်တွင် ဝေ့ချင်းရှန်က ခြံဝင်းထဲတွင် မြေဆွနေပြီး သူ့ခင်ပွန်းသည် မိဘအိမ်ပြန်ရောက်မှ မျိုးစေ့များ ဝယ်မည်ဟု စဉ်းစားနေသည်။
ဟယ်တုံးတုံး၏ အကူအညီဖြင့် လင်းယွီ၏ နွေဦးဝတ်စုံ အသစ်မှာ လျင်မြန်စွာ ပြီးစီးသွားပြီး အခြားအထည်စဖြင့် ဝေ့ချင်းရှန်အတွက် အညိုရောင် အင်္ကျီလက်တိုတစ်ထည် ချုပ်ပေးလိုက်သည်။
လင်းယွီ မိဘအိမ် ပြန်လည်ပတ်ရမည့်နေ့တွင် သူတို့ စောစောထကြသည်။ ပြန်ရမည်ကို လင်းယွီ စိတ်မပါလှပေ၊ သူ တကယ် မပြန်ချင်ပါ။ သို့သော် မင်္ဂလာဆောင်နေ့က အကြီးအကျယ် ငိုကြွေးကျန်ရစ်ခဲ့သော ညီမလေး ယွဲ့နျန်းကို တွေ့ချင်သဖြင့် ပြန်လိုက်ခြင်း ဖြစ်သည်။
ဝေ့ချင်းရှန်က လက်ဆောင်အဖြစ် အသားနှင့် သစ်သီးထုပ်များကို သယ်ဆောင်လာသည်။ သိပ်မများသော်လည်း နည်းလွန်းသည်တော့ မဟုတ်ပေ။
သူက လင်းယွီ ချုပ်ပေးထားသော အညိုရောင် အင်္ကျီလက်တိုကို ဝတ်ဆင်ထားပြီး သူ့ခင်ပွန်းသည်လေးက ပန်းရောင်သန်းသော အဝတ်အစားသစ်ကို ဝတ်ဆင်ထားရာ မျက်နှာလေး ပိုမို ကြည့်ကောင်းနေသည်။
ရွာအဝင်ဝသို့ လျှောက်လာစဉ် ရင်းနှီးသူအချို့နှင့် တွေ့ဆုံပြီး နှုတ်ဆက်ကြသည်။ လူအများက သူတို့၏ အဝတ်အစားသစ်များကို ချီးကျူးကြသည်။
“အသားတောင် ပါလာတယ်ဟေ့! ချင်းရှန်က ဒီခရီးစဉ်ကို တကယ် တန်ဖိုးထားတာပဲ”
“ဟုတ်ပါ့... သူ့ခင်ပွန်းသည်အသစ်ရဲ့ အဝတ်အစား အထည်သားကို ကြည့်ဦး။ အထည်ဖိုးတင် တော်တော် ပေးရလောက်တယ်”
“ခန်းဝင်ပစ္စည်း မပါဘူးလို့ ပြောကြပေမယ့် အဝတ်အစားသစ်တွေကတော့ မိုက်သားပဲ”
ချမ်လောင်ထိုက်ကလည်း ဝင်ပြောသည်။
“မနေ့က အထည်စတွေ အများကြီး ဖြတ်နေတာ ငါ မြင်လိုက်တယ်။ သူတို့ပြန်ရင် သတို့သမီးဘက်ကို လက်ဆောင်ပေးဖို့ ထင်နေတာ”
“ဘာတွေ တွေးနေတာလဲ? ဒါက တကယ့် သတို့သမီးရဲ့ မိဘအရင်းတွေမှ မဟုတ်တာ။ အသားပါလာတာတောင် လုံလောက်နေပါပြီ။ ပြီးတော့ နင့်သား ချမ်ကွေ့အာ.. လွန်ခဲ့တဲ့နှစ်တွေက သူ့ယောက္ခမအိမ် ပြန်တုန်းက ကန်စွန်းဥ တစ်အိတ်ပဲ ပါသွားတာလေ”
ချမ်လောင်ထိုက် မျက်နှာပူသွားပြီး ပြန်ပက်လိုက်သည်။
“ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ”
ပြီးနောက် သူမ ထွက်ခွာသွားသည်။
အဒေါ်ကြီးတစ်ယောက်က ချမ်လောင်ထိုက်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“သူ ဘာဖြစ်နေတာလဲ? ဒီရက်ပိုင်း သူများအတင်း လိုက်ပြောနေပါလား။ ချင်းရှန်က သူ့ကို စော်ကားမိလို့လား”
“သူ့တူ ငတုံးငအကို ချင်းရှန်နဲ့ ပေးစားချင်တာ ချင်းရှန်က လက်မခံလို့ မဟုတ်လား”
“ချမ်လောင်ထိုက်က သဘောထား သေးသိမ်လိုက်တာ... အခုထိ အငြိုးထားနေတုန်း”
“အင်းလေ... သူ့အိမ်က ဝေ့ချင်းရှန်အိမ်နဲ့ ကပ်လျက်ဆိုတော့ သူတို့ အဆင်ပြေနေတာမြင်ရင် မနာလို ဖြစ်မှာပေါ့”