Chapter 09
လင်းယွီက ဝေ့ချင်းရှန်၏ အင်္ကျီလက်ကို အမြန်ဆွဲလိုက်သည်။
“မျ... များလွန်းတယ်”
“မများပါဘူး... ဒီအထည်စလောက်ပဲ အရင်ဝယ်ထားလိုက်။ ဝါဂွမ်းအင်္ကျီတွေ၊ ဝတ်ရုံတွေ ချုပ်တဲ့အချိန်ကျမှ ထပ်လာဝယ်ကြတာပေါ့”
ဝေ့ချင်းရှန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
“မင်း အဝတ်အစား ချုပ်တတ်လား”
“ချုပ်တတ်ပါတယ်”
အကယ်၍ သူ့ခင်ပွန်းသည်လေး အဝတ်အစား မချုပ်တတ်လျှင် ပြန်ရောက်သည့်အခါ ဟယ်တာ့နျန်း ကို အကူအညီတောင်းလိုက်မည်ဟု ဝေ့ချင်းရှန် စိတ်ထဲတွင် တွေးလိုက်သည်။ ဝေ့ချင်းရှန်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ဒါဆို ဆောင်းဝင်လာရင် ကိုယ့်ခင်ပွန်းလေးကို ဝါဂွမ်းအင်္ကျီတစ်ထည် ချုပ်ခိုင်းရမယ်”
လင်းယွီက အလေးအနက် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် ချုပ်ပေးပါ့မယ်”
ဘေးမှ စောင့်ကြည့်နေသော ဟယ်တုံးတုံးမှာ မျက်လုံးပြူးနေသည်။ ချင်းရှန်ကောက တကယ် ရက်ရောတာပဲ... နွေဦးပေါက် အဝတ်အစား လေးစုံစာ အထည်စတွေကို တစ်ခါတည်း ဝယ်ပေးလိုက်တယ်၊ အကုန်လုံးကလည်း အကောင်းစား အထည်သားတွေချည်းပဲ!
သူဆိုရင် တစ်နှစ်လုံးနေမှ အဝတ်အစားအသစ် တစ်စုံတောင် မချုပ်နိုင်ဘူး။ သူ တကယ် အားကျမိတာပဲ!
ဆိုင်ဝန်ထမ်း၏ အပြုံးက ပို၍ ကြီးမားလာ၏။ မူလက သူတို့ အထည်စ နည်းနည်းလောက် လာဝယ်သည်ဟု ထင်ထားသော်လည်း လက်တွေ့တွင် ဤလူကြီးမင်းက သူ့ခင်ပွန်းသည်ကို တကယ် အလိုလိုက်မှန်း သိလိုက်ရသည်။ သူက အဝတ်အစားသစ် လေးစုံစာအတွက် အထည်စများကို လျင်မြန်စွာ ဖြတ်ပေးလိုက်သည်၊ အတွင်းခံအတွက်ပါ ပါသေးသည်!
ဝန်ထမ်းက အထည်စများကို ကြိုးနီဖြင့် စည်းနှောင်လိုက်သည်။
“စုစုပေါင်း သုံးတေးလ် နဲ့ ၅ ဝမ်ကျပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ငွေ ၃ တေးလ်ကျော် ကျသင့်သည်ဟု ကြားလိုက်ရသဖြင့် လင်းယွီ နားကြားမှားလေသလားဟု တွေးလိုက်မိသည်။ ဘယ်လိုလုပ် ဒီလောက်တောင် ဈေးကြီးရတာလဲ?
ဆိုင်ဝန်ထမ်းက ပါးနပ်သော စီးပွားရေးသမား တစ်ဦးဖြစ်သည်။ လင်းယွီ ကုန်ကျစရိတ်အတွက် စိုးရိမ်နေသည်ကို သတိထားမိသဖြင့် သူက ပြောလိုက်သည်။
“သခင်လေး တကယ် ကံကောင်းတာပဲဗျာ။ သခင်လေးအမျိုးသားက သခင်လေးကို တကယ် အလိုလိုက်တာပဲ”
မပြန်မီ ဝန်ထမ်းက ပိုးလက်ကိုင်ပုဝါ နှစ်ထည်ကို လက်ဆောင်ပေးလိုက်သည်… တစ်ထည်က လင်းယွီ အတွက်၊ နောက်တစ်ထည်က ဟယ်တုံးတုံး အတွက် ဖြစ်သည်။ ဟယ်တုံးတုံး မှာ လက်ဆောင်ရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။
“ဒီနေ့ ယွီကော ကျေးဇူးနဲ့ ငါ ကံကောင်းလိုက်တာ! ဒီ ပိုးလက်ကိုင်ပုဝါတွေဆို ၇ ဝမ်၊ ၈ ဝမ် လောက် တန်မှာ”
လင်းယွီ သူ့လက်ကိုင်ပုဝါကို ကြည့်လိုက်သည်။ ပုံစံက ခေတ်မမီတော့ပေ၊ လက်ဆောင်ပေးရန် ကျန်ရစ်နေသော ပစ္စည်းဖြစ်ပုံရသည်။ သူက သေချာခေါက်ပြီး ရင်ဘတ်ထဲ ထည့်လိုက်သည်။
မြို့ထဲမှ ဈေးသည် စည်ကားသိုက်မြိုက်နေသည်။ လင်းယွီ လာခဲသည်သာမက ဟယ်တုံးတုံးလည်း မကြာခဏ မလာဖြစ်ပေ။ ခရီးဝေးကွာမှုက အကြောင်းရင်းတစ်ခု ဖြစ်သလို အိမ်ထောင်မပြုရသေးသော ကော တစ်ယောက်အနေဖြင့် လူအများကြား ထင်ပေါ်နေမည်ကို မလိုလား၍ ဖြစ်သည်။
သူတို့သုံးဦး လမ်းမပေါ်တွင် အေးအေးလူလူ လျှောက်သွားနေသည်။ ဝေ့ချင်းရှန်က ခေါင်းငုံ့ပြီး လင်းယွီကို ပြောလိုက်သည်။
“ဝယ်ချင်တာ ရှိလား? ရှိရင် ပြောနော်”
လင်းယွီ ခေါင်းခါလိုက်သည်။ ငွေ ၄တေးလ် နီးပါး သုံးစွဲပြီးပြီဖြစ်၍ သူ ဘာမှထပ်မဝယ်ရဲတော့ပေ။ ဆင်းရဲသော မိသားစုတစ်စုဆိုလျှင် ငွေ ၅တေးလ် ရှိရုံဖြင့် ချွေတာသုံးစွဲပါက တစ်နှစ်ပတ်လုံး နေထိုင်နိုင်သည် မဟုတ်ပါလား။
ဟယ်တုံးတုံးတွင် ဝမ်၂၀ ပါသည်။ ယခုတစ်ခါ သူ့အမေ ရက်ရောထားသဖြင့် ဟယ်တုံးတုံး လက်မနှေးပေ။ စားချင်တာ၊ ဝယ်ချင်တာ မြင်လျှင် ဝယ်လိုက်သော်လည်း သူ ဖြုန်းတီးနေခြင်း မဟုတ်ပေ။ သူ့အမေက တူလေးနှစ်ယောက်အတွက် မုန့်ဝယ်လာခဲ့ရန် မှာလိုက်သည်လေ။
ဟယ်တုံးတုံး မုန့်ဆိုင်တစ်ဆိုင်ကို တွေ့ပြီး သူ့တူများအတွက် ၁၀ဝမ်ဖိုး သကြားလုံး ဝယ်လိုက်သည်။ သိပ်မများသဖြင့် ကလေးများ ချွေတာစားရပေလိမ့်မည်။
ဝေ့ချင်းရှန်ကလည်း ဆိုင်ရှင်ကို သစ်သီးမုန့် နှစ်ထုပ် ထုပ်ခိုင်းလိုက်သည်။ လင်းယွီ သူ့အင်္ကျီလက်စကို ဆွဲလိုက်သည်။
“ကျွန်တော် မလိုပါဘူး”
ဝေ့ချင်းရှန် ရယ်မောလိုက်သည်။
“အိမ်အလည်အပတ်သွားရင် ယူသွားဖို့လေ”
သစ်သီးမုန့်များတွင် ရွှေမျှင်ပျားရည်၊ နှမ်းစေ့၊ ပျားရည်စိမ်ပန်းပွင့်နှင့် ကြာစွယ်မုန့်ကြွပ်များ ပါဝင်သည်။ ၎င်းတို့ကို အထုပ်နှစ်ထုပ် ထုပ်ပိုးထားပြီး တန်ဖိုးမှာ ဝမ်၅၀ ကျသင့်သည်… သကြားလုံးထက် များစွာ ဈေးကြီးသည်။
လင်းယွီ ရင်ထဲတွင် နွေးထွေးမှုကို ခံစားရသလို အနည်းငယ် ခါးသက်သက်လည်း ဖြစ်သွားသည်။ သူက ဝေ့ချင်းရှန်ကို တိုးတိုးလေး ပြောလိုက်သည်။
“ဒီလောက် ဈေးကြီးတဲ့ လက်ဆောင်တွေ မလိုပါဘူး”
လင်းယွီ၏ စိတ်ထဲတွင် ကျောက်ကျားကျူး နှင့် သူ့ဇနီးသည်တို့ မည်သည့်နေရာတွင် ရှိနေသည်ကို ဝေ့ချင်းရှန် မသေချာပေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့က လင်းယွီ၏ ဦးလေးနှင့် အဒေါ် ဖြစ်သည်သာ။ သူက ပေါ့ပေါ့ပါးပါးပင် ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ? မင်း သူတို့ကို မကြိုက်လို့လား”
လင်းယွီ အင်းတစ်ချက်ပြုလိုက်သည်။
“မကြိုက်ဘူး”
လင်းယွီသည် ကျောက်ကျားကျူး နှင့် ချိုက်ချွန်းဟွားတို့ကို လုံးဝ သဘောမကျပေ။ သူ့အဖေ ပျောက်ဆုံးသွားပြီး အမေ ဆုံးပါးသွားပြီးနောက် ကျောက်ကျားကျူးက သူ့ကို လာခေါ်ခဲ့စဉ်က တကယ့် လူကောင်းသူကောင်း ပုံဖမ်းကာ အိမ်နီးနားချင်းများကို ဦးညွှတ်ပြီး ပြောခဲ့သည်… “စိတ်ချပါဗျာ... ကျွန်တော်က လင်းယွီရဲ့ ဦးလေးပဲ။ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်”ဟူ၍ပင်။
သူ ကျောက်မိသားစုအပေါ် အကြွေးတင်မနေမှန်း လင်းယွီ သိသည်။ ကျောက်ကျားကျူး က သူ့ကို ခေါ်ယူစောင့်ရှောက်ရသည့် အကြောင်းရင်းမှာ သူ့မိသားစုပိုင် အိမ်ကို လိုချင်မက်မောသောကြောင့် ဖြစ်သည်။ မိသားစုတွင် ငွေကြေးမကျန်တော့သော်လည်း ထိုအိမ်က တန်ဖိုးရှိနေဆဲ ဖြစ်သည်။
နောက်ပိုင်းတွင် သူ အရိုက်ခံရပြီး ပြန်ရောက်လာမှ အိမ်ကို ရောင်းလိုက်ပြီဖြစ်ကြောင်း သိလိုက်ရပြီး သူ့ဦးလေးက ငွေ ၁၀ တေးလ်ဖြင့် ရောင်းကာ အားလုံး သူ့အတွက် သုံးလိုက်ရသည်ဟု ပြောခဲ့၏။ လင်းယွီက ငယ်ရွယ်သေးသဖြင့် ပြန်မပြောရဲခဲ့ပေ။
ေသူ့အမေ အုတ်ဂူသို့ သွားရောက်ကန်တော့မှသာ ကျောက်ကျားကျူး က အိမ်ကို ငွေ တေးလ်၂၀ ဖြင့် ရောင်းလိုက်ကြောင်း အိမ်နီးချင်းတစ်ဦးထံမှ သိခဲ့ရသည်။ ထိုအချိန်ကျမှ ကျောက်ကျားကျူး တွင် အိမ်ဆောက်ဖို့ ပိုက်ဆံများ ရုတ်တရက် မည်သည့်နေရာမှရလာသည်ကို လင်းယွီ နားလည်သွားခဲ့သည်။
၎င်းကို တွေးမိတိုင်း လင်းယွီ ရင်ထဲ နာကျင်ရသည်။ ဤသည်ကား သူ ငယ်စဉ်ကတည်းက နေထိုင်လာခဲ့သော နေရာဖြစ်ပြီး ကျောက်ကျားကျူးက ပေါ့ပေါ့တန်တန်ပင် ရောင်းပစ်ခဲ့သည်။ သူ ဤအကြောင်းကို ဝေ့ချင်းရှန် ကို တစ်ခါမှ မပြောပြဖူးပေ။
လင်းယွီ ခေါင်းငုံ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူတို့ကို မကြိုက်ဘူး”
သူ ယခုလိုပွင့်ပွင့်လင်းလင်း ဖြေလိမ့်မည်ဟု ဝေ့ချင်းရှန် ထင်မထားခဲ့ပေ။ ဒီလောက် ရိုးရှင်းတဲ့ လူငယ်လေး ရှိသေးတာလား။ သူ သူ့ကို သနားသွားမိသည်။ ဉာဏ်နီဉာဏ်နက်များသူ တစ်ယောက်သာဆိုလျှင် မကြိုက်ကြောင်း တဲ့တိုး ပြောမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းက ထွက်ပေါက်တစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလား။
ကျောက်ကျားကျူးတို့ လင်မယားက လူကောင်းတွေ မဟုတ်ဘူး။ တခြားလူသာဆိုရင် “ငါ အနိုင်ကျင့်ခံရတာကို အကြောင်းပြပြီး သူတို့ကို ခြိမ်းခြောက်လို့ ရနိုင်မလား” လို့ တွေးမိလောက််တယ်။ ဒါပေမဲ့ သူ့ရဲ့ တုံးအတဲ့ ခင်ပွန်းသည်လေးကတော့ နောင်မှာ အနိုင်ကျင့်ခံရမှာကိုတောင် မကြောက်ဘဲ မကြိုက်ဘူးလို့ တဲ့တိုး ပြောချလိုက်သေးတာ။
ဝေ့ချင်းရှန် သူ့ခင်ပွန်းသည်လေး၏ ခေါင်းကို ပွတ်သပ်ပေးချင်စိတ် ပေါက်သွားသည်။
သူ ကျောက်ကျားကျူးနှင့် ချိုက်ချွန်းဟွားတို့ကို မကြိုက်သော်လည်း သူ့ခင်ပွန်းသည်ကို ရွာနှစ်ရွာလုံးက လူတွေ အထင်မသေးစေရန်အတွက် ပြင်ဆင်စရာရှိတာတော့ ပြင်ဆင်ရပေမည်။
ဝေ့ချင်းရှန် က အသားဆိုင်မှ ဝက်သုံးထပ်သား တစ်တုံး ဝယ်လိုက်သည်။ ဝိုင်လည်း ယူသွားရမည် ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ မဝယ်ခဲ့ပေ။
ဟယ်တုံးတုံးသည် တန်ဟုလု ရောင်းသည့် ဈေးသည်ကို မြင်သောအခါ မနေနိုင်ဘဲ ၂ ဝမ် ပေး၍ တစ်ချောင်း ဝယ်လိုက်သည်။ ဝေ့ချင်းရှန် ကလည်း သူ့ခင်ပွန်းသည်လေးအတွက် တစ်ချောင်း ဝယ်ပေးလိုက်ပြီး သူတို့နှစ်ဦးသည် တန်ဟုလု စားရင်း လမ်းလျှောက်လာသည်။
လင်းယွီသည် တန်ဟုလုကို ဂရုတစိုက် ကိုက်စားလိုက်သည်။ ရင်ထဲမှ မပျော်ရွှင်မှုများ လျော့ပါးသွားပြီး ဝေ့ချင်းရှန်နှင့် တွေ့ဆုံရသည်မှာ ကံကောင်းသည်ဟု တွေးမိလိုက်သည်။ သူက တန်ဟုလုတုတ်တံကို ဝေ့ချင်းရှန် မျက်နှာနားသို့ တိုးပေးပြီး ပြောလိုက်သည်။
“ခင်ဗျားလည်း စားလေ”
ခင်ပွန်းသည်လေးက ကမ်းပေးလာသည်ကို ဝေ့ချင်းရှန် ဘယ်နည်းနဲ့မှ ငြင်းဆန်မည် မဟုတ်ပေ။ သူက ခေါင်းငုံ့ပြီး တစ်ကိုက် ကိုက်လိုက်သည်၊ နှစ်ချက်မျှ ဝါးပြီး အမြန် မျိုချလိုက်ရသည်။ လင်းယွီသာ ကြည့်မနေလျှင် ဝေ့ချင်းရှန် မျက်နှာ ရှုံ့မဲ့သွားလောက်ပြီဖြစ်သည်။ သူက တည်ငြိမ်ချင်ယောင်ဆောင်နေရသည်။ ဒီနှစ်ယောက်က ဘယ်လိုလုပ် မချဉ်သလို နေနိုင်ရတာလဲ။
ဝေ့ချင်းရှန် ကြိုက်သည်ဟု ထင်သွားပြီး လင်းယွီက နောက်ထပ်တစ်လုံး ထပ်ကျွေးသော်လည်း ဝေ့ချင်းရှန် ငြင်းလိုက်သည်။ သူ တကယ် ထပ်မစားနိုင်တော့ပေ၊ သို့သော် လင်းယွီကတော့ ဝေ့ချင်းရှန်က သူ့ကို ဦးစားပေးသည်ဟုသာ ထင်မှတ်သွားသည်။
သူတို့သုံးဦး လမ်းဆက်လျှောက်လာသည်။ နေမွန်းတည့်ချိန် ရောက်လာပြီဖြစ်သည်။ ဤတစ်ကြိမ်တော့ ဝေ့ချင်းရှန်က သူကိုယ်တိုင်မရွေးတော့ဘဲ သူ့ခင်ပွန်းသည်လေးကိုပဲ ဘာစားမလဲ ဆုံးဖြတ်ခိုင်းလိုက်သည်။ လင်းယွီ ပိုက်ဆံသုံးရမှာ နှမြောပြီး တွန့်ဆုတ်နေမည်ကို သူ စိုးရိမ်၍ ဖြစ်မည်။
ဝေ့ချင်းရှန်က စားသောက်ဆိုင်တစ်ဆိုင်ထဲ ဝင်ရန် ပြင်လိုက်သော်လည်း လင်းယွီက သူ့အင်္ကျီလက်စကို တင်းတင်းဆွဲထားသည်။ မျက်လုံးထဲတွင် တွေဝေမှုများ ပြည့်နေသော်လည်း သူက ပြတ်သားစွာ ပြောလိုက်သည်။
“ဒါ မစားချင်ဘူး”
သူ့ခင်ပွန်းသည်လေး ငိုတော့မလို ဖြစ်နေသည်ကို မြင်တော့ ဝေ့ချင်းရှန် အလျှော့ပေးလိုက်သည်။
“ဒါဆို... တခြား ဘာစားချင်လဲ”
လင်းယွီ ခဏစဉ်းစားပြီး ဘန်းမုန့်ရောင်းသည့် ဆိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဟိုဟာ စားချင်တယ်”
နောက်ဆုံးတွင် သူတို့သုံးဦး တစ်ယောက်လျှင် ဘန်းမုန့်တစ်ချပ်စီ ဝယ်စားလိုက်သည်၊ တစ်ချပ်လျှင် ၃ ဝမ် သာ ကျသင့်သည်။ လင်းယွီ ကျေနပ်ပျော်ရွှင်သွားသည်၊ ရေနွေးကြမ်းကလည်း အခမဲ့ ရသည်လေ။
လိုအပ်သည်များ ဝယ်ပြီးနောက် သူတို့သုံးဦး လမ်းအတိုင်း ပြန်လှည့်လာ၏။ ဆန်နှင့် ဂျုံဆိုင်ကို ဖြတ်သွားစဉ် ဝေ့ချင်းရှန်က ဆန်တစ်ဝက်အိတ်နှင့် ဂျုံတစ်ဝက်အိတ် ဝယ်လိုက်သည်။ သူတို့တွင် လယ်မရှိသဖြင့် စားနပ်ရိက္ခာ ဝယ်စားရသည်။
ဝေ့ချင်းရှန်က ဆန်အိတ်များကို ခြင်းတောင်းထဲ ထည့်လိုက်ပြီး အထည်စများကို လင်းယွီကို ကိုင်ခိုင်းကာ ကျန်ပစ္စည်းများကို သူက သယ်သည်။ ရွာအဝင်ဝသို့ ရောက်သောအခါ ထင်းရှူးပင်ကြီးအောက်တွင် လူအများ စကားစမြည် ပြောနေသည်ကို တွေ့လိုက်ရသည်။
“ချင်းရှန် မြို့ပေါ်တက်သွားတာ မဟုတ်လား”
“ဝါး... ပစ္စည်းတွေ အများကြီး ဝယ်လာတာပဲ။ ပိုက်ဆံ တော်တော်ကုန်မှာပဲနော်”
“သူ့ ခင်ပွန်းသည်အသစ်က တကယ် ကံကောင်းတာပဲ”
ဝေ့ချင်းရှန်က နှုတ်ဆက်စကား အနည်းငယ်ဆိုပြီး ဆက်လျှောက်လာခဲ့၏၊ လင်းယွီမှာ ရှက်ရွံ့နေသဖြင့် သူ့ဘေးနား ကပ်၍ လိုက်ပါလာသည်။
“အထည်စ ၅ မျိုးတောင် ငါ ရေတွက်လိုက်မိတယ်!”
“ချင်းရှန်က သူ့ခင်ပွန်းသည်အသစ်ကို တကယ် တန်ဖိုးထားတာပဲ”
“ဒါပေါ့... အဝတ်အစားသစ် ၄ စုံတောင် တစ်ခါတည်း ချုပ်ပေးတာလေ”
ဝမ်ဖူလန်လည်း ရွာအဝင်ဝတွင် ရှိနေပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ၏အကြည့်များတွင် မနာလိုဝန်တိုမှုများ ပြည့်နှက်နေသည်။ သူနှင့် အဆင်မပြေသော အခြားအမျိုးသမီးတစ်ဦးက လှောင်ပြောင်လိုက်သည်။
“စောစောက ဘယ်သူပြောလိုက်တာလဲ... သူတို့မှာ အဝတ်အစားသစ် မရှိပါဘူးဆို။ ကဲ... မြင်ကြပြီမလား”
“ဝေ့ချင်းရှန်က ဒီလောက် ပိုက်ဆံတွေ ဘယ်ကရတာလဲ? သူက ဆင်းရဲပြီး ကောက်ရိုးတဲအစုတ်လေးပဲ ပိုင်တာ မဟုတ်လား”
“လူက ဆင်းရဲရင်တောင် ကိုယ့်ယောကျ်ားကို အဝတ်မပါဘဲတော့ အပြင်မထွက်ခိုင်းပါဘူးအေ”
အိမ်ပြန်ရောက်သောအခါ ဝေ့ချင်းရှန်က ဆန်အိတ်များကို မီးဖိုချောင်ထဲ ထားလိုက်ပြီး လင်းယွီက အခြားပစ္စည်းများကို သေချာသိမ်းဆည်းလိုက်သည်။ ထို့နောက် သူ ဝတ်ထားသော နွေဦးဝတ်စုံကို အသာအယာ ချွတ်လိုက်ပြီး ဝေ့ချင်းရှန်၏ အဝတ်အစားများကို ပြန်လဲဝတ်လိုက်သည်။
သူ လက်ဆေးရန် အပြင်ထွက်လိုက်သော်လည်း အခန်းထဲမှ ထွက်ထွက်ချင်း ခွေးမည်းကြီးက သူ့ဆီ ရုတ်တရက် ခုန်အုပ်လာသည်။
လင်းယွီ လန့်ပြီး အော်ဟစ်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။ ဝေ့ချင်းရှန် ၎င်းကိုမြင်တော့ စူးစူးဝါးဝါး လှမ်းငေါက်လိုက်သည်။
“တာ့ဟေး!”
ဝေ့ချင်းရှန် အမြန်ပြေးလာပြီး တာ့ဟေး၏ ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်သည်။ ခွေးကြီးက ရပ်တန့်သွားပြီး မကျေနပ်သလို ညည်းသံပြုသည်။ ဝေ့ချင်းရှန်က သူ့မုဆိုးခွေးများကို ဆူလေ့မရှိသော်လည်း ယခုတစ်ခါတော့ တာ့ဟေးက သူ့ခင်ပွန်းသည်ကို ခုန်အုပ်လိုက်သည် မဟုတ်ပါလား။
ဝေ့ချင်းရှန်က လင်းယွီကို ထူပေးလိုက်သည်။ လင်းယွီမှာ ကြောက်လွန်းသဖြင့် မျက်လုံးများ နီရဲနေရှာသည်။
“ရပါတယ်... ခဏနေ သူတို့ကို နောက်ဖေးခြံထဲ သွားပိတ်ထားလိုက်မယ်”
တာ့ဟေးက သွားဖြဲမပြသဖြင့် သူ့ကို ဆော့ကစားချင်ရုံသာ ဖြစ်ကြောင်း လင်းယွီ သဘောပေါက်လိုက်သည်။
လင်းယွီ ကြောက်လန့်နေသည်ကို မြင်တော့ ဝေ့ချင်းရှန်က တာ့ဟေးကို ထပ်ဆူရန် ပြင်လိုက်သော်လည်း လင်းယွီက တားလိုက်သည်။
“တာ့ဟေး အပြစ်မဟုတ်ပါဘူး။ ကျွန်တော် နည်းနည်း လန့်သွားရုံပါ။ သူက ဆော့ချင်ရုံပါပဲ”
“သူ သွားဖြဲပြသေးလား”
“ဟင့်အင်း... မပြပါဘူး”
ဝေ့ချင်းရှန် စိတ်သက်သာရာ ရသွားသည်။ သခင်ကို မမှတ်မိသော မုဆိုးခွေးဆိုလျှင် စွန့်ပစ်ရမည် ဖြစ်သော်လည်း တာ့ဟေးက ရန်လိုခြင်း မရှိသဖြင့် ဆက်မွေးထား၍ ရသည်။
“သူတို့ကို ပွတ်ပေးချင်လား? တာ့ဟေးက လူသိပ်မကပ်ဘူး၊ ဒါပေမဲ့ ပိုင်ရွှယ်ကတော့ အဆော့မက်တယ်”
လင်းယွီ မငြင်းသည်ကို မြင်တော့ ဝေ့ချင်းရှန်က သူ့လက်ကိုကိုင်ပြီး တာ့ဟေးခေါင်းပေါ် တင်ပေးလိုက်သည်။ လင်းယွီကို ခွေးများနှင့် ရင်းနှီးစေချင်သည်၊ အထူးသဖြင့် သူတို့က သူ့အဖော်ဟောင်းများ ဖြစ်သည်လေ။
သူ အမဲလိုက်ထွက်သွားလျှင် ခွေးတစ်ကောင်က အိမ်မှာ သူ့ခင်ပွန်းသည်လေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည်။ လင်းယွီ သူတို့နှင့် ရင်းနှီးသွားလျှင် အကောင်းဆုံးပင်။
ဝေ့ချင်းရှန်၏ လက်က လင်းယွီ၏လက်ကို အုပ်မိုးကိုင်ထားပြီး ကျောပြင်က ဝေ့ချင်းရှန်၏ ရင်ခွင်နှင့် ကပ်နေသဖြင့် အနောက်မှ ပွေ့ဖက်ထားသကဲ့သို့ ခံစားရသည်။ လင်းယွီ ရင်ထဲ ဗလောင်ဆူသွားသည်။
လင်းယွီက တာ့ဟေးခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။ အံ့သြစရာကောင်းသည်မှာ အမွှေးများက သူထင်ထားသလို နူးညံ့မနေဘဲ မာကျောပြီး စူးရှရှ ဖြစ်နေသည်။
ဝေ့ချင်းရှန်က သူ့လက်ကိုယူပြီး ပိုင်ရွှယ်၏ ခေါင်းကိုပါ ပွတ်ပေးစေသည်။ ပိုင်ရွှယ်က အမြီးကို တက်ကြွစွာ နှံ့ရင်း အလွန် ပျော်ရွှင်နေပုံရသည်။
ဝေ့ချင်းရှန် စိတ်ထဲမှ ရယ်မောလိုက်မိသည်။ ပိုင်ရွှယ်က သူ့အနားမှာတောင် ဒီလောက် တက်ကြွမနေဘဲ အခုတော့ သူ့ခင်ပွန်းသည်လေးအပေါ် တော်တော် ချွဲနေပါလား!
လင်းယွီ မုဆိုးခွေးနှစ်ကောင်နှင့် အဆင်ပြေသွားသည်ကို မြင်မှ ဝေ့ချင်းရှန် စိတ်ချသွားသည်။
“မင်း သူတို့နဲ့ ဆော့လို့ရပြီ။ ကိုယ် တောင်ပေါ် အမဲလိုက်သွားရင် တစ်ကောင်ကို အိမ်မှာ အဖော်ချန်ခဲ့ပေးမယ်”
ဝေ့ချင်းရှန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့လက်ချောင်းများကို ပွတ်သပ်လိုက်သည်။ သူ့ခင်ပွန်းသည်၏ လက်များက သေးငယ်သော်လည်း အနည်းငယ် ကြမ်းတမ်းနေသည်။ မြို့ထဲတွင် အသားပပ်သက်သာဆေး ဝယ်ဖို့ သူ မေ့သွားခဲ့သည်။
လင်းယွီအား အနောက်မှ ကြည့်ရင်း ဝေ့ချင်းရှန် သတိထားမိလိုက်သည်မှာ သူ့နားရွက်ဖျားလေးများ ရဲနေခြင်းပင်။ မနေ့ညက သတ္တိတွေကောင်းပြီး သူ့လည်ပင်းကို ဖက်၊ သူ့ကို စိတ်မထိန်းနိုင်အောင် လုပ်ခဲ့တာ ဘယ်သူပါလိမ့်…
လင်းယွီ နောက်သို့ လှည့်ကြည့်လိုက်ရာ ဝေ့ချင်းရှန် ရှိနေသည်ကို မြင်လိုက်ရသဖြင့် မကောင်းမှုလုပ်ရင်း လူမိသွားသူတစ်ယောက်လို အမြန်ပြန်လှည့်သွားသည်။ သူက ပိုင်ရွှယ်ကို ပွတ်သပ်ပေးရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
ပိုင်ရွှယ်က ချက်ချင်းပင် ပက်လက်လန်ကာ ဗိုက်ကို လှန်ပြလိုက်သည်။ လင်းယွီလည်း မကြောက်တော့ဘဲ သူ့ဗိုက်သားနုနုလေးကို ပွတ်ပေးလိုက်သည်။ ပိုင်ရွှယ်က ပျော်ပျော်ကြီး အမြီးနှံ့နေပြီး ပုံမှန်အားဖြင့် အနေတည်သော တာ့ဟေးပင်လျှင် လျှောက်လာပြီး သူ့ခြေထောက်ကို လာတင်လေသည်...