Chapter 14
ဝေ့ချင်းရှန် လူတစ်ယောက်ကို ရင်ခွင်ထဲ ပွေ့ဖက်ထားရင်း ထထိုင်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ဖော်ပြရခက်နေပြီး အကူအညီမဲ့စွာဖြင့် ကုတင်ပေါ်မှ အင်္ကျီတစ်ထည်ကို ကောက်ယူကာ သူ့ခင်ပွန်းသည်လေးကို လွှမ်းခြုံပေးလိုက်သည်။
ထို့နောက် လင်းယွီက အင်္ကျီဝတ်လျက် ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေပြီး ဝေ့ချင်းရှန်က ပြိုကျသွားသော ကုတင်ဘောင်ကို ပြန်လည် တပ်ဆင်နေရလေတော့သည်...
သူတို့နှစ်ဦး ကုတင်ပေါ် ပြန်လှဲသောအခါ မည်သူမျှ စကားမပြောကြပေ။ ဝေ့ချင်းရှန်က နေရခက်သော အငွေ့အသက်ကို ဖြိုခွင်းရန် ချောင်းအသာဟန့်လိုက်သည်။
“အေးလား”
“နည်းနည်းပါ”
လင်းယွီက စောင်အောက်မှ မသဲကွဲသောအသံဖြင့် ပြန်ဖြေပြီးနောက် ဖြည်းညှင်းစွာ တိုးကပ်လာသည်။ ဝေ့ချင်းရှန်က ရှက်ရွံ့နေသူလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရာ လင်းယွီ၏မျက်နှာမှာ အပူငွေ့များဖြင့် ရဲတက်လာသည်။ ဝေ့ချင်းရှန်၏ နှလုံးခုန်သံကိုပင် သူ ကြားနေရသည်။
သူတို့နှစ်ဦး ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ကြပြီး မိုးလင်းသောအခါ အိပ်ရာထကြသည်။ လင်းယွီက မီးမွှေးပြီး ချက်ပြုတ်ရန် မီးဖိုချောင်သို့ ဝင်သွားစဉ် ဝေ့ချင်းရှန်က သူ့ကို နှုတ်ဆက်ပြီး မျိုးစေ့ဝယ်ရန် ရွာထဲသို့ ထွက်လာခဲ့၏။
ဝေ့ချင်းရှန် လက်သမားအိမ်သို့ သွားလိုက်သည်။ ရှီနျန်းက ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရသည်ကို ဝါသနာပါသူဖြစ်ရာ၊ မျိုးစေ့ဝယ်ရင်း ကုတင်တစ်လုံးလုပ်လျှင် မည်မျှကုန်ကျမည်ကို မေးမြန်းရန် အခွင့်ကောင်းပင်။
သူ ရောက်သွားသောအခါ ရှီထိုသည် ခြံဝင်းထဲတွင် သစ်သားဖြတ်နေပြီး သူ့အမေက အဝတ်ဖာနေသည်။ ဝေ့ချင်းရှန် ဝင်လာသည်နှင့် ခြံစည်းရိုးခတ်ထားသော ခြံဝင်းထဲရှိ ကြက်များက ကျယ်လောင်စွာ အော်မြည်ကြသည်။ ရှီနျန်း မော့ကြည့်လိုက်ပြီး ဝေ့ချင်းရှန်ကို မြင်သွားသည်။
“ချင်းရှန် ရောက်လာတယ်... လာထိုင်... လာထိုင်”
ရာသီဥတုက အနည်းငယ် အေးနေဆဲဖြစ်သော်လည်း ရှီထိုမှာ အင်္ကျီချွတ်ပြီး အလုပ်လုပ်နေသည်။ သူက နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ရိုးသားဖြူစင်သော အပြုံးဖြင့် ပြုံးပြသည်။
“ချင်းရှန် ရောက်နေတယ်”
ရှီထို၏ ဖခင်မှာ လက်သမားဖြစ်သလို အဖိုးဖြစ်သူမှာလည်း လက်သမားဖြစ်သည်။ လက်မှုပညာမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပြီး ပြုလုပ်သော ပစ္စည်းများမှာ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်သည်။ ရှီထိုက ရိုးသားသူဖြစ်ပြီး အလုပ်လုပ်ရာတွင် ဘယ်သောအခါမျှ လိမ်ညာခြင်း၊ ခိုကပ်ခြင်း မရှိပေ။
“မင်္ဂလာပါ... ကျွန်တော့်ဖူလန်က ခြံဝင်းထဲမှာ ဟင်းသီးဟင်းရွက်လေးတွေ စိုက်ချင်လို့ မျိုးစေ့ လာဝယ်တာပါ”
ရှီနျန်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးရသည်ကို နှစ်သက်သည်။ တစ်ခါတစ်ရံ ဝါးခြင်းတောင်းလွယ်ပြီး အနီးအနားရွာများသို့ ပျိုးပင်နှင့် မျိုးစေ့များ သွားရောက်ရောင်းချလေ့ရှိ၏။ ရှီမိသားစုမှာ သစ်လုပ်ငန်းလုပ်ကိုင်သည့် မျိုးရိုးရှိပြီး အခြားသူများထက် ပြည့်စုံကြွယ်ဝသော်လည်း ရှီနျန်းမှာ အငြိမ်မနေတတ်သူ ဖြစ်သည်။ ဝင်ငွေ များများစားစား မရသော်လည်း အပြင်ထွက် သွားလာရသည်ကို သူမ သဘောကျ၏။
ရှီနျန်း မျိုးစေ့ယူရန် အိမ်ထဲဝင်သွားစဉ် ဝေ့ချင်းရှန်က ဘေးတွင်ရပ်၍ ရှီထို၏ အလုပ်လုပ်နေပုံကို ကြည့်နေလိုက်သည်။ ရှီထိုက သူ့ကို ပြုံးပြသည်။
“ဟိုဘက်ရွာက ကောင်မလေးတစ်ယောက် မင်္ဂလာဆောင်တော့မှာမို့လို့ သူ့အတွက် မင်္ဂလာပရိဘောဂတစ်စုံ လုပ်ပေးနေတာ”
ဝေ့ချင်းရှန် အသာအယာ ချောင်းဟန့်လိုက်သည်။
“ကုတင်တစ်လုံးလုပ်ရင် ဘယ်လောက်ကျမလဲ”
“သစ်သားပေါ် မူတည်တာပေါ့။ တို့ရွာသားတွေက အဲ့ဒီ သူဌေးသူကြွယ်တွေလိုမှ မဟုတ်တာ။ သစ်သားသုံးရင်ကို ဆယ်စုနှစ်ချီ ခံလောက်အောင် ခိုင်ခန့်ပါတယ်”
“ကျွန်တော် ကုတင်တစ်လုံး မှာချင်လို့။ ဘယ်လောက် ကြာမလဲ”
ဝေ့ချင်းရှန် ယနေ့ အပြင်ထွက်ရသည့် အကြောင်းရင်းအမှန်ကို လင်းယွီအား အကုန်မပြောပြခဲ့ပေ။ လင်းယွီက ရှက်တတ်သဖြင့် ဝေ့ချင်းရှန်က မျိုးစေ့ဝယ်မည်ဟု အကြောင်းပြချက်ပေးကာ ထွက်လာခဲ့၏။
ရှီထိုက လက်ခုပ်တီးပြီး သစ်သားစများကို ခါချလိုက်သည်။
“ပိုင်ရှင်က အလျင်မလိုပါဘူး... ကုတင်လိုချင်ရင် ရက်ပိုင်းလောက်ဆို ရပါပြီ”
“ကောင်းပြီ... ကျေးဇူးပါ ညီလေးရှီ”
ဝေ့ချင်းရှန်က စရံငွေပေးဖို့ ရည်ရွယ်လိုက်သော်လည်း ရှီထိုက လက်မခံပေ။ သူတို့က အိမ်နီးချင်းတွေ ဖြစ်သလို ဝေ့ချင်းရှန်ကို သူ ယုံကြည်သည်။
ဝေ့ချင်းရှန် ဤနေရာ၌ ကုတင်လာမှာသည်ကို သိလိုက်ရသောအခါ ရှီနျန်းက ဆယ်ဝမ် ဝန်းကျင်လောက်သာ တန်ဖိုးရှိသော မျိုးစေ့ဖိုးကို မယူတော့ပေ။
ဝေ့ချင်းရှန် ပြန်ထွက်လာသောအခါ ကြေးပြားအချို့ ထားခဲ့လိုက်သည်။ ရှီနျန်းက အနောက်မှ လှမ်းခေါ်သော်လည်း သူ အမြန် လျှောက်ထွက်လာခဲ့၏။
ဟင်းသီးဟင်းရွက် မျိုးစေ့များကို စက္ကူဖြင့် ထုပ်ပိုးထားသည်။ ပြန်ရောက်လျှင် သူ့ခင်ပွန်းသည်လေးအတွက် စိုက်ပေးရဦးမည်။
မနက်ဖြန် အမဲလိုက်ထွက်ရန် သူ စဉ်းစားနေသည်။ ကုတင်ဖိုး တစ်တေးလ် ကုန်ကျမည်ဖြစ်ရာ သစ်သားသေတ္တာထဲမှ ထပ်မယူတော့ပေ။ သူ ပိုက်ဆံစုပြီး ကုတင်ပြီးမှသာ လာပို့ခိုင်းတော့မည်။
ဝေ့ချင်းရှန် ခြံဝင်းထဲ ဝင်လိုက်သည်နှင့် သူ့ခင်ပွန်းသည် တံခါးဝမှ မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဝေ့ချင်းရှန်ကို မြင်လိုက်သည်နှင့် အနှီသူမှာ ခေါင်းကို အမြန် ပြန်ငုံ့လိုက်သည်။
ဝေ့ချင်းရှန် မျိုးစေ့သွားဝယ်မှန်း လင်းယွီ သိသည်။ သူက စိုက်ခင်းများကို သဘောကျသည်။ တာ့လီရွာ တွင် နေထိုင်စဉ်က ဘေးအိမ်မှ အဒေါ်လီတွင် စိုက်ခင်းတစ်ခု ရှိသည်။
နွေရာသီရောက်လျှင် စိမ်းလန်းစိုပြေနေလေ့ရှိသည်။ တစ်ခါတစ်ရံ အဒေါ်လီက စိုက်ခင်းထဲမှ သခွားသီးများ ခူးပြီး သူ့မိသားစုစားရန် ပေးတတ်ရာ သူ အားကျခဲ့ရသည်။ သူ့စိတ်ကြိုက် စိုက်ပျိုးနိုင်ပြီး ဘယ်သောအခါမျှ ဗိုက်မဆာရမည့် ကိုယ်ပိုင်စိုက်ခင်းတစ်ခု ဘယ်တော့များမှ ပိုင်ဆိုင်ရမလဲဟု သူ တွေးတောခဲ့ဖူးသည်။
လင်းယွီက ဝေ့ချင်းရှန်၏ လက်ထဲမှ ပစ္စည်းများကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
“ဝယ်လာလား”
“အင်း... လာကြည့်လေ။ ဒီနေ့ စိုက်ကြမယ်”
လင်းယွီ ခြေလှမ်းအနည်းငယ် လှမ်းပြီး ဝေ့ချင်းရှန် အနားသို့ ရောက်လာသည်။ ဝေ့ချင်းရှန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး စက္ကူထုပ်များကို မြေကြီးပေါ် ချလိုက်သည်။ သူက မျိုးစေ့တစ်ခုချင်းစီကို လက်ညှိုးထိုးပြပြီး နာမည်ပြောပြသည်။
“ဒါက ရွှေဖရုံ၊ ခဝဲ၊ ဘူး၊ ကျောက်ဖရုံနဲ့သခွားသီး။ ဒါတွေက ပဲမျိုးစေ့...”
လင်းယွီ ခေါင်းညိတ်လိုက်သည်၊ အချို့မျိုးစေ့များကို သူ မှတ်မိသော်လည်း အချို့ကိုတော့ မရင်းနှီးပေ။ မျိုးစေ့များကို ကြည့်ရင်း လင်းယွီ၏ မျက်နှာပေါ်တွင် အပြုံးရိပ်ရေးရေး ပေါ်လာသည်၊ အသီးအပွင့်များ ဝေဆာနေသည်ကို ကြိုတင်မြင်ယောင်နေသကဲ့သို့ပင်။
လင်းယွီက မျိုးစေ့များကို ဂရုတစိုက် ကိုင်လိုက်သည်။
“အခုပဲ စိုက်ကြရအောင်”
“ကောင်းပြီ”
ဝေ့ချင်းရှန်က ခြံဝင်းထဲတွင် စိုက်ပျိုးရန် မြေနေရာကို ပြင်ဆင်ပြီးသားဖြစ်သည်။ ရွာအဝင်ဝ မြစ်ကမ်းဘေးရှိ မိုးမခပင်များ စိမ်းလန်းနေပြီဖြစ်ရာ စိုက်ပျိုးချိန်ရောက်ပြီဖြစ်ကြောင်း ပြသနေသည်။
လင်းယွီသည် မျိုးစေ့များကို မြေကြီးထဲ ဂရုတစိုက် မြှုပ်နှံပြီး မြေဘောင်များကို သေချာ ပြုလုပ်လိုက်သည်၊ မည်သည့်အရာမျှ ရောထွေးမသွားစေရန် သတိထားလိုက်သည်။ ရွှေဖရုံနှင့် ကျောက်ဖရုံများကို မြေကြီးပေါ်တွင် နွယ်တက်စေမည်ဖြစ်ပြီး ခဝဲနှင့် ဘူးပင်များ ကြီးလာသောအခါ ဝါးလုံးများအသုံးပြု၍ စင်ငယ်လေးများ ထိုးပေးမည်ဟု စိတ်ကူးလိုက်သည်။
ပဲပင်တွေက ကြီးထွားနှုန်းမြန်သည်။ သူက မြေကြီးပေါ်မှာ တစ်လွှာဖြန့်ခင်းပြီး အပေါ်ကနေ မြေတစ်လွှာ ထပ်အုပ်လိုက်သည်။ မကြာခင် စားလို့ရတော့မည် ဖြစ်၏။
ဝေ့ချင်းရှန်က သူ့ခင်ပွန်းသည်လေး ဤအလုပ်များကို အထူးတလည် နှစ်သက်သဘောကျနေသည်ကို မြင်လိုက်ရပြီး မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာသည်။ သူ ဤအိမ်စရောက်တုန်းက ဤအရာကိုလုပ်ဖို့ အချိန်မရှိခဲ့ပေ။ အရင်က သူစိုက်ခဲ့သော ဟင်းသီးဟင်းရွက်များသည်ပင် ဂရုစိုက်မည့်သူမရှိ၍ ပိန်လှီညှိုးနွမ်းနေခဲ့သည်။
ဝေ့ချင်းရှန်က ရေပုံးယူပြီး ရေခပ်ရန် အပြင်ထွက်သွားသည်။ သူ့အိမ်နှင့် မနီးမဝေးတွင် ရေတွင်းတစ်တွင်း ရှိသော်လည်း လမ်းလျှောက်သွားရန် အချိန်အနည်းငယ် ပေးရသည်။ သူ ရေခပ်ပြန်လာပြီးနောက် လင်းယွီကို ရေလောင်းစေသည်။ လင်းယွီက ဤအလုပ်ကို တကယ် သဘောကျပြီး ကျင်းတစ်ခုချင်းစီကို ဂရုတစိုက် ရေလောင်းပေးလေသည်။
မွန်းလွဲပိုင်းတွင် ရာသီဥတုက ပိုမို နွေးထွေးလာသည်။ ဝေ့ချင်းရှန်က သူ၏အမဲလိုက်ကိရိယာများကို ထုတ်ယူပြီး သန့်ရှင်းရေးလုပ်နေစဉ် လင်းယွီလည်း ခြင်းတောင်းတစ်လုံးကိုင်ကာ ထွက်လာသည်။ တောင်ပေါ်မှ တောဟင်းရွက်များ အညှောက်ထွက်လောက်ပြီဖြစ်သလို အိမ်တွင်လည်း စားစရာ သိပ်မရှိတော့သဖြင့် အပြင်ထွက်ပြီး တောဟင်းရွက် ရှာဖွေချင်နေသည်။
“ကျွန်တော် တောဟင်းရွက် သွားခူးချင်လို့”
ဝေ့ချင်းရှန် လက်ခါပြီး ထရပ်လိုက်သည်။
“တုံးကောနဲ့ သွားမလို့လား”
“ဟုတ်တယ်... သူ့ကို သွားခေါ်မလို့”
“ကိုယ် လိုက်ပို့ပေးမယ်”
လင်းယွီ ခေါင်းညိတ်လိုက်သည်။ သူ လုရွာသို့ ရောက်ရှိနေသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး အိမ်ပြင်သိပ်မထွက်ဖြစ်သဖြင့် ဟယ်တုံးတုံး၏ အိမ်သို့ မရောက်ဖူးပေ။
ဝေ့ချင်းရှန်က လင်းယွီကိုခေါ်ပြီး ရွာထဲဖြတ်ကာ ဟယ်မိသားစုအိမ်သို့ ပို့ပေးသည်။ သူ့အိမ်နှင့် သိပ်မဝေးလှပေ။ ခဏကြာ လမ်းလျှောက်ပြီးနောက် သူတို့ ရောက်ရှိသွားသည်။ ဟယ်တုံးတုံးသည် လင်းယွီကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး ပန်းထိုးအပ်ကို ပစ်ချကာ ခုန်ထလိုက်သည်။
“ယွီကော... ရောက်လာတယ်!”
ယနေ့ သူတို့ရောက်သွားချိန်တွင် ဟယ်မိသားစုဝင် အားလုံး အိမ်တွင် ရှိနေကြသည်။ ဟယ်မိသားစုက မိသားစုကြီးဖြစ်ပြီး အစ်ကိုနှစ်ယောက်စလုံး အိမ်ထောင်ကျကာ ကလေးများ ရှိနေသည်။ မိသားစု ၆ ယောက် အတူနေထိုင်သဖြင့် အလွန် စည်ကားလှသည်။ လင်းယွီ ရင်းနှီးသော မျက်နှာအချို့ကို မှတ်မိလိုက်သည်။
ဟယ်တာ့နျန်းက သူမ၏ သားကို လှမ်းဆူလိုက်သည်။
“မင်းကို အဲ့လို ပန်းမထိုးပါနဲ့လို့ ပြောထားတယ်လေ... နှိပ်စက်ခံနေရတဲ့ ရုပ်နဲ့။ ဖင်မှာ သံစိုက်ထားလို့လား? ငြိမ်ငြိမ်လေးတောင် မထိုင်နိုင်ဘူးလား”
ဟယ်တုံးတုံးက ဂရုမစိုက်ဘဲ ဝါးခြင်းတောင်းတစ်လုံး ဆွဲကာ ပြေးထွက်လာသည်။
“အမေ... ကျွန်တော် ယွီကော နဲ့ တောဟင်းရွက် သွားရှာလိုက်ဦးမယ်!”
ဝေ့ချင်းရှန်က သူတို့နှစ်ဦးနောက်သို့ လိုက်ပါလာပြီး စိတ်မချသဖြင့် သတိပေးလိုက်သည်။
“တောင်ပေါ် အရမ်းမတက်နဲ့... ဆောင်းတွင်းကုန်ခါစဆိုတော့ တောရိုင်းတိရစ္ဆာန်တွေ ပေါတယ်”
လင်းယွီ နာခံစွာ ခေါင်းညိတ်လိုက်သည်။
“သိပါပြီ”
ဟယ်တုံးတုံးက တောင်ပေါ်လမ်း ကျွမ်းကျင်သူဖြစ်သဖြင့် ဝေ့ချင်းရှန် စိတ်ချလက်ချဖြင့် သူတို့နှစ်ဦးကို လွှတ်လိုက်သည်။
အပြင်ရောက်သည်နှင့် ဟယ်တုံးတုံးက မရပ်မနား ညည်းညူလေတော့သည်။
“ယွီကောကလည်း ဘာလို့ စောစော လာမခေါ်တာလဲ? ကြည့်ပါဦး... ပန်းထိုးရင်းနဲ့ အပ်စူးထားတာ လက်တွေတောင် ပေါက်ကုန်ပြီ။ အမေကလည်း တကယ်ပါပဲ... ငါက ဒီအလုပ်နဲ့ မကိုက်ပါဘူးဆိုနေ။ အဝတ်အစား ချုပ်တာ၊ ဖာထေးတာလောက်တော့ လုပ်တတ်ပေမယ့် ပန်းထိုးရတာက ပင်ပန်းလိုက်တာ။ ယွီကောရော... ပန်းထိုးတတ်လား”
“နည်းနည်းပါးပါး တတ်ပါတယ်”
လင်းယွီ တကယ်ပင် ပန်းထိုးတတ်သည်။ သူ့မိခင်က ပန်းထိုးပညာရှင်တစ်ဦးဖြစ်ပြီး ပန်းထိုးလက်ကိုင်ပုဝါများ ပြုလုပ်ကာ ဖခင်၏ ပညာရေးကို ထောက်ပံ့ပေးခဲ့သူဖြစ်သည်။ မြို့ထဲသွားတိုင်းလည်း သူ့အတွက် သကြားလုံးများ ဝယ်လာပေးလေ့ရှိသည်။
သူ ငယ်စဉ်ကတည်းက မိခင်ထံမှ ပန်းထိုးပညာ သင်ယူခဲ့သော်လည်း ဦးလေးဖြစ်သူနှင့် ပါသွားပြီးနောက်ပိုင်း ပန်းမထိုးဖြစ်တော့ပေ။
“ဝါး... ယွီကောက တော်လိုက်တာ! ငါ့အမေကလည်း ငါ့ကို အတင်းသင်ခိုင်းနေတာ... ငါတော့ မလုပ်နိုင်ပါဘူး။ သင်ရတာ မျက်လုံးတွေတောင် စွေကုန်ပြီ”
ဟယ်တုံးတုံးက မျက်လုံးပြူးပြပြီး လင်းယွီ ကို ဟန်လုပ်ပြသဖြင့် လင်းယွီ ရယ်မောလိုက်ရသည်။
သူတို့နှစ်ဦး ရွာအစွန်ဘက်သို့ ဆက်လျှောက်လာကြရာ အဝါရောင် မြက်ခြောက်များအောက်တွင် မြက်ရိုင်းပင်များ အညှောက်ထွက်နေပြီ ဖြစ်သည်။ သူတို့ ဆောင့်ကြောင့်ထိုင်ပြီး တောဟင်းရွက် စတင်ရှာဖွေကြသည်။
ဤအချိန်တွင် တောဟင်းရွက်များ စတင်ပေါက်ရောက်ခါစသာ ရှိသေးသဖြင့် ရှာဖွေရ မလွယ်ကူပေ။ ရွာသားများသည် ဆောင်းတွင်းတစ်လျှောက်လုံး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် မစားခဲ့ရသဖြင့် ယခု နွေဦးရောက်သောအခါ အာသာပြေ တောဟင်းရွက်လေးများ ရှာဖွေစားသောက်ရန် မျှော်လင့်နေကြသည်။
သူတို့သည်ကား တောင်နောက်ကျောဘက်တွင် သိုးထိန်းပိုက်ဆံအိတ်*နှင့် ဒုတ္တလီအနည်းငယ်သာ ရှာတွေ့သည်။ ဟယ်တုံးတုံးက မြေကြီးပေါ် ထိုင်ချလိုက်သည်။
(T/N = shepherd's purse= သိုးထိန်းပိုက်ဆံအိတ်၊ သိုးထိန်းပိုက်ဆံအိတ်နဲ့တူတဲ့ အစေ့အဆံပါ ပန်းပွင့်လေးတွေကိုထုတ်ပေးတဲ့ အပင်တစ်မျိုးပါ။ ချက်ပြုတ်ရာမှာလည်း သုံးလို့ရတဲ့ စွယ်စုံရဆေးဖက်ဝင်ပေါင်းပင်တစ်မျိုးပါ)
“ဘာလို့ ဒီလောက် ရှားပါးနေရတာလဲ? ရာသီဥတု နည်းနည်း ပိုနွေးလာရင်တော့ ရှာရလွယ်မှာပါ။ ဒါမှမဟုတ် တောထဲ နည်းနည်း တိုးဝင်ကြည့်ကြမလား... ပိုတွေ့နိုင်လောက်တယ်”
“ကောင်းပြီလေ”
သူတို့နှစ်ဦး ခြင်းတောင်းများကို သယ်ဆောင်ပြီး တောင်ပေါ်သို့ ခရီးဆက်ခဲ့ကြသည်။ မျက်စိလျင်သော ဟယ်တုံးတုံးသည် အဝေးမှ တရုတ်သစ်ကတိုးပင်တစ်ပင်ကို လှမ်းမြင်လိုက်သည်။
“ယွီကော... မြန်မြန်လာပါဦး... ဟိုမှာသစ်ကတိုးပင်!”
လင်းယွီ အမြန်ပြေးသွားပြီး ထိုအပင်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦး စိတ်လှုပ်ရှားသွားကြသည်။ အောက်ဘက်ကိုင်းများကို လက်လှမ်းမီသဖြင့် ချိုးယူလိုက်ကြသည်။ အရပ်ပိုရှည်သော ဟယ်တုံးတုံးက သစ်ကိုင်းခြောက်ဖြင့် အပေါ်ကိုင်းများကို လှမ်းချိတ်ဆွဲပေးပြီး လင်းယွီက လှမ်းခူးသည်။ နွေဦးပေါက် သစ်ကတိုးပင် ရွက်နုလေးများကို ခူးယူရင်း သူတို့နှစ်ဦး ပြုံးရွှင်ရယ်မောနေလေ၏။
နွေဦးအစတွင် ထွက်သော သစ်ကတိုးပင်ရွက်နုလေးများမှာ ရှားပါးပြီး စားကောင်းလှသည်။ သူတို့ အတော်များများ ခူးယူလိုက်သော်လည်း တောနက်ထဲ ဆက်မဝင်ရဲပေ၊ အကြောင်းမှာ တောရိုင်းတိရစ္ဆာန်များ ပေါများပြီး အန္တရာယ်များသောကြောင့် ဖြစ်၏။ သစ်ကတိုးပင်ရွက်နုလေးများကို ရရှိလိုက်ခြင်းကပင် မမျှော်လင့်ထားသော ကံကောင်းမှုဖြစ်ပြီး သူတို့ လောဘမကြီးချင်တော့ပေ။ ထို့ကြောင့် အခြားလမ်းကြောင်းတစ်ခုမှ ပြန်လှည့်လာခဲ့ကြသည်။
အပြန်လမ်းတွင် သိုးထိန်းပိုက်ဆံအိတ် အနည်းငယ် ထပ်တွေ့ရသည်။ ယခုဆိုလျှင် သူတို့၏ ဝါးခြင်းတောင်းမှာ အတော်လေး ပြည့်နေပြီဖြစ်သည်။
လင်းယွီ ပြန်ရောက်လာသောအခါ ဝေ့ချင်းရှန်က သူ့မြှားများကို သန့်ရှင်းရေးလုပ်နေဆဲ ဖြစ်သည်။ ဝေ့ချင်းရှန်က ခြင်းတောင်းထဲမှ ခရမ်းနီရောင် သစ်ကတိုးအရွက်များကို ချက်ချင်း သတိထားမိလိုက်သည်။
“သစ်ကတိုးအရွက်တွေ တွေ့ခဲ့တာလား”
“ဟုတ်တယ်”
လင်းယွီက အနည်းငယ် စိတ်လှုပ်ရှားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“မင်းတို့ တောထဲ ဝင်သွားတာလား”
လင်းယွီသည် လက်ချောင်းလေးများကို ပွတ်သပ်ရင်း စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ပြန်ဖြေသည်။
“ခင်ဗျားအတွက် သစ်ကတိုးရွက်နုလေးတွေနဲ့ ကြက်ဥမွှေကြော် လုပ်ကျွေးမယ်”
လင်းယွီ၏ မလုံမလဲဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ဝေ့ချင်းရှန် သဘောကျသွားသည်။ သူက အပြုံးကို ထိန်းရင်း ပြောလိုက်သည်။
“အခုက နွေဦးအစပဲ ရှိသေးတာ... တောင်ပေါ်က ဝက်ဝံတွေ ဆောင်းခိုရာကနေ နိုးလာပြီး ဗိုက်စာနေကြပြီ။ ကျားတွေ၊ ကျားသစ်တွေနဲ့ တောဝက်တွေလည်း အစာငတ်နေကြတာ”
လင်းယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကျွန်တော် သိပါတယ်။ တုံးကောနဲ့ အတူတူ သွားရှာခဲ့ရုံပါ။”
“အင်း... ကိုယ် သိပါတယ်။ ကိုယ့်ခင်ပွန်းသည်လေးက အလိမ္မာဆုံးပါပဲ”
လင်းယွီ မျက်နှာပူနွေးသွားပြီး သူ့စိတ်ထဲမှ အနေခက်မှုလေးများ ပျောက်ကွယ်သွားသည်။
သူက ထိုင်ခုံပုလေးကို ဆွဲယူပြီး ဝေ့ချင်းရှန် ဘေးတွင် ဝင်ထိုင်ကာ တောဟင်းရွက်များကို ရွေးနေလိုက်၏။ အဝါရောင်သန်းနေသော အရွက်များနှင့် အမြစ်များကို ဂရုတစိုက် ဖယ်ရှား၍ အလေအလွင့်မဖြစ်အောင် သတိထားလိုက်သည်။ ခဏနေလျှင် ဖယ်ထုတ်ထားသော အပိုင်းအစများကို နောက်ဖေးခြံဝင်းထဲရှိ တောကြက်နှစ်ကောင်အား သွားကျွေးမည်။
“မနက်ဖြန် ကိုယ် အမဲလိုက်ထွက်မယ်”
လင်းယွီ ဟင်းရွက်သင်နေရင်း လက်ရပ်သွားသည်။
“ဒီလောက် မြန်မြန်ကြီးလား”