Chapter 15
“အင်း... နွေဦးပေါက်က အလုပ်မများပါဘူး၊ ညဘက်ဆို အိမ်ပြန်လာလို့ ရတယ်။ နွေရာသီနဲ့ ဆောင်းဦးရာသီ ရောက်ရင်တော့ တောင်ပေါ်မှာ ရက်နည်းနည်းလောက် နေဖြစ်လိမ့်မယ်။ ဆောင်းတွင်းရောက်လို့ နှင်းတွေထူပြီး တောင်လမ်းပိတ်သွားရင်တော့ အပြင်သိပ်ထွက်ဖြစ်မှာ မဟုတ်ဘူး”
ဝေ့ချင်းရှန်က သူ့ခင်ပွန်းသည်လေးကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
သူ နေ့တိုင်း လင်းယွီ အနားမှာပဲ နေချင်သော်လည်း သူတို့တွင် လယ်မရှိသလို ကောင်းမွန်သော အိမ်လည်း မရှိသေးသဖြင့် အမဲလိုက်ရန် စောစောထွက်ရခြင်း ဖြစ်သည်။ နွေဦးရာသီသည် တိရစ္ဆာန်များ သားပေါက်ချိန်ဖြစ်သဖြင့် အကောင်ကြီးများကို အလွန်အကျွံ မဖမ်းဆီးဘဲ သားကောင်ငယ်များကိုသာ ဖမ်းဆီးလေ့ရှိသည်။
ဝေ့ချင်းရှန် ညဘက် အိမ်ပြန်လာမည်ဟု ကြားသိရသဖြင့် လင်းယွီ စိတ်အနည်းငယ် သက်သာရာ ရသွားသည်။
တောဟင်းရွက်များ ခြွေပြီးနောက် လင်းယွီ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်လေသည်။ ညနေစာအတွက် သူက နူးနူးညံ့ညံ့ ပေါက်စီဖြူများကိုပေါင်းသည်၊ သစ်ကတိုးအရွက်နုများဖြင့် ကြက်ဥနှစ်လုံး မွှေကြော်ပြီး သိုးထိန်းပိုက်ဆံအိတ် တောအရွက်သုပ် တစ်ပန်းကန် လုပ်လိုက်သည်။
ဝေ့ချင်းရှန်သည် ပူပူနွေးနွေး ပေါက်စီအိအိလေးများကို အလွန်ကြိုက်နှစ်သက်ပြီး သုံးလုံးတိတိ စားလိုက်သည်။
နောက်တစ်နေ့တွင် ဝေ့ချင်းရှန် အမဲလိုက်ထွက်မည်ဖြစ်သောကြောင့် ထိုညက လင်းယွီ ကောင်းကောင်း အိပ်မပျော်နိုင်ပေ။ တောင်ပေါ်မှ အန္တရာယ်ရှိသော သားရဲတိရစ္ဆာန်များအကြောင်း ဝေ့ချင်းရှန် ပြောပြခဲ့ဖူးသည်ကို သတိရပြီး သူ အလွန် စိုးရိမ်ပူပန်နေမိသည်။
“ချင်းရှန်... တောင်ပေါ်မှာ သားရဲကောင်ကြီးတွေ ရှိလား”
“အင်း... ရှိတယ်။ သူတို့ကို တွေ့ချင်ရင် တောနက်ထဲထိ ဝင်ရတယ်။ ဟိုတုန်းက ကိုယ့်ဆရာနဲ့အတူ သွားတုန်းကဆို တစ်ကောင်ဖမ်းမိဖို့ တောင်ပေါ်မှာ ၅ ရက်လောက် လမ်းလျှောက်ခဲ့ရတာ”
၎င်းကို ကြားသော် လင်းယွီ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။
“ခင်ဗျား သားရဲကောင်ကြီးတွေ သွားမဖမ်းပါနဲ့တော့။ ကျွန်... ကျွန်တော် ကြောက်တယ်”
တောင်ပေါ်က ကျားတွေ ဗိုက်ဆာလျှင် ရွာထဲထိ ဆင်းလာတတ်ကြောင်း ရွာထဲမှ လူကြီးသူမများ ပြောသည်ကို လင်းယွီ ကြားဖူးသည်။ အဘိုးတစ်ယောက်ဆိုလျှင် ငယ်စဉ်က ကျားနှင့် တိုးဖူးပြီး လူနှစ်ယောက်ကို ထိုကျားက ဒဏ်ရာရစေခဲ့ဖူးသည်ဟု ဆိုသည်။
“အင်း... အဲ့ဒီနှစ်တုန်းက ဆရာ့ဇနီး အသည်းအသန် ဖျားနေလို့ ဆရာ့မှာ ရွေးချယ်စရာမရှိဘဲ သားရဲကောင်ကြီး ဖမ်းဖို့ တောထဲဝင်ခဲ့ရတယ်။ မပူပါနဲ့... ကိုယ်သွားမယ့်နေရာက အလွန်ဆုံး တစ်ရက်ခရီးလောက်ပဲ ရှိတဲ့ တောစပ်နားပါ... သားရဲကောင်တွေနဲ့ မတွေ့ပါဘူး”
လင်းယွီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
“ဒါဆို စောစော ပြန်လာနော်”
“ဒါပေါ့... ကိုယ့်ခင်ပွန်းသည်လေးက အိမ်မှာ စောင့်နေမှာကို”
လင်းယွီက ဝေ့ချင်းရှန်၏ အနားသို့ တိုးကပ်သွားသည်။ ဝေ့ချင်းရှန်၏ ကိုယ်ငွေ့က နွေးထွေးနေပြီး သူ့ဘေးနားတွင် အိပ်ရသဖြင့် ဘယ်သောအခါမျှ အအေးဒဏ်မခံစားရပေ။ လင်းယွီက ဝေ့ချင်းရှန်၏ လက်မောင်းကို ဂရုတစိုက် နမ်းလိုက်သည်။
“ချင်းရှန်... ခင်ဗျား လိုချင်လား”
“ဘာကိုလဲ”
ဝေ့ချင်းရှန် ချက်ချင်း နားမလည်လိုက်ပေ၊ သို့သော် သူ့ခင်ပွန်းသည်လေး စကားသံ တိတ်သွားသောအခါ မည်သည့်အရာကိုဆိုလိုမှန်း သူ သဘောပေါက်လိုက်သည်။ လိုချင်တာပေါ့!
သွေးဆူလွယ်ပြီး ထက်သန်တက်ကြွသော အရွယ်ဖြစ်သည့်အပြင် နူးညံ့မွှေးကြိုင်သော ခင်ပွန်းသည်လေးကို ညတိုင်း ပွေ့ဖက်အိပ်နေရသော်လည်း လက်ရှိအခြေအနေက အဆင်မပြေပေ။
“လိမ္မာပါတယ်... အိပ်လိုက်တော့။ အိမ်က ကုတင်က သိပ်မခိုင်ဘူး”
လင်းယွီ စိုးရိမ်သွားသည်။ ဒါဆို သူတို့ လုပ်ဖြစ်ပါဦးမလား? သူ ဝေ့ချင်းရှန်အတွက် ဘယ်လိုလုပ် ကလေးမွေးပေးနိုင်တော့မလဲ?
သူ ပျာယာခတ်ပြီး ရှက်ရှက်နှင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
“ဒါ... ဒါဆို... ဖြည်းဖြည်းပဲလုပ်လေ”
“မဖြစ်ဘူး... မနေ့ကတောင် ကုတင်က ကျိုးတော့မလို ဖြစ်သွားတာ။ မင်း ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
ဤစကားနှစ်ခွန်းက ဝေ့ချင်းရှန်၏ ဆန္ဒများကို တောက်လောင်လာစေသည်။ လင်းယွီက အရာရာတွင် ကြောက်ရွံ့တတ်သော်လည်း ဤကိစ္စတွင်တော့ အံ့ဩစရာကောင်းလောက်အောင် သတ္တိရှိမှန်း သူ သိလိုက်ရသည်။
“ဒါဆို ကြမ်းပြင်ပေါ် အိပ်ကြမယ်လေ”
လင်းယွီ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်၏။ သူတို့ ကုတင်မဝယ်နိုင်သဖြင့် ကြမ်းပြင်ပေါ်တွင် အိပ်မည်၊ ကိစ္စပြီးမှ ကုတင်ပေါ် ပြန်အိပ်မည်။ လက်ထပ်ပြီးကတည်းက လင်းယွီ ဒဏ်ရာရထားသဖြင့် ဝေ့ချင်းရှန် သည်းခံနေခဲ့ရသည်။ သူ အားနာမိသလို ကလေးလည်း အမြန်ရစေချင်သည်။
လင်းယွီ၏ ရိုးစင်းပြီး ဆွဲဆောင်မှုရှိသော စကားများကြောင့် ဝေ့ချင်းရှန် စိတ်လှုပ်ရှားရသလို စိတ်လည်း ရှုပ်ထွေးရသည်။ သူ့ရင်ထဲတွင် မီးတောက်များ လောင်ကျွမ်းနေသလိုပင်။
“မဖြစ်ပါဘူး... ကြမ်းပြင်က အရမ်းအေးတယ်။ မင်း ဖျားသွားရင် ဘယ်လိုလုပ်မလဲ”
သူ့ဆန္ဒ မပြည့်ဝသဖြင့် လင်းယွီ ရှက်လွန်း၍ ငိုချင်စိတ်ပင် ပေါက်လာသည်။ သူ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ သူ့အသံက အနည်းငယ် တိမ်ဝင်နေသည်။
“ဒါဆို... ဘယ်လိုလုပ်မလဲဟင်။ ကုတင်မရှိဘဲနဲ့ ကျွန်တော် ဘယ်လိုလုပ် ကလေးမွေးပေးရမှာလဲ”
ဝေ့ချင်းရှန် နောက်ဆုံးတွင် သူ့ခင်ပွန်းသည်လေး၏ အတွေးများကို သဘောပေါက်သွားသည်။ သူက လင်းယွီကို ရင်ခွင်ထဲ ဆွဲသွင်းပြီး နှစ်သိမ့်လိုက်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ဘယ်သူက ကုတင်မရှိဘူး ပြောလို့လဲ? ဒီမနက်ပဲ လက်သမားဆီမှာ ကုတင်တစ်လုံး သွားလုပ်ခိုင်းထားပြီးပြီ”
လင်းယွီက ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဘဲ တောင့်ခဲသွားရသည်။ မနေ့ကမှ ကုတင်ကျိုးသွားတာ၊ ဒီနေ့ ဝေ့ချင်းရှန်က အသစ်တစ်လုံး စီစဉ်လိုက်ပြီတဲ့။ အပြင်လူတွေသာ သိရင် ဘယ်လိုထင်ကြမလဲ…
လင်းယွီ ရှက်လွန်း၍ ဦးနှောက်များပင် ဂယောက်ဂယက် ဖြစ်ကုန်သည်။ သူတို့ စောစောက ပြောခဲ့၊ လုပ်ခဲ့သည်များကို ပြန်တွေးမိပြီး ပို၍ ရှက်ရွံ့လာကာ မျက်ရည်များ ကျလာသည်။ ထိုအချိန်တွင် ဝေ့ချင်းရှန်က သူ့နားနားကပ်၍ ထပ်ပြောနေသည်။
“လက်သမားက ရက်ပိုင်းလောက်ဆို ရပြီတဲ့။ မင်း အရမ်းလောနေရင် မနက်ဖြန် ကိုယ်ပြန်လာတဲ့အခါ သွားပြီး အမြန်လုပ်ခိုင်းပေးရမလား”
လင်းယွီက ဝေ့ချင်းရှန်၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။
“မ... မသွားပါနဲ့... သွားပြောစရာ မလိုပါဘူး”
ဝေ့ချင်းရှန် သူ့ခင်ပွန်းသည်လေးကို လုံလောက်အောင် စနောက်လိုက်ပြီးပြီဖြစ်၍ သူ့ဆန္ဒများ ငြိမ်သက်သွားခဲ့၏။
“ဒါဆို မင်းသဘောအတိုင်းပဲ... မသွားတော့ဘူးနော်”
ဝေ့ချင်းရှန်က မျက်နှာအရေထူသည် ဆိုသော်ငြား လက်သမားကို သွားပြီး အတင်းအကြပ် ပြီးအောင်လုပ်ခိုင်းဖို့တော့ မဖြစ်နိုင်ပေ။ ၎င်းက အင်မတန် အရှက်ရစရာ ကောင်းသည်။ သူက သူ့ခင်ပွန်းသည်လေး ရှက်ရွံ့ပြီး ပျာယာခတ်နေသည်ကို မြင်ချင်ရုံသာဖြစ်၏။
“ဘယ်လောက်ကျလဲ? ကျွန်တော် ပြန်ပေးပါ့မယ်”
“သိပ်မများပါဘူး။ နောက်ရက်တွေ အမဲလိုက်ရင် ပြန်ရမှာပါ”
ဝေ့ချင်းရှန်က ငွေအကြောင်းပြောလျှင် လင်းယွီ စိတ်မကောင်းဖြစ်မည်စိုး၍ မပြောပြခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူတို့ ကုတင်အသစ် လိုအပ်နေသည်ဖြစ်ရာ မည်သည့်အချိန် ပိုက်ဆံသုံးသုံး အတူတူပင်ဖြစ်၏။
“မလောက်ရင် အိတ်ထဲက ယူလိုက်နော်”
“ကိုယ် သိပါတယ်... အခု အိပ်လိုက်တော့။ မနက်ဖြန် ကိုယ် တောင်ပေါ်တက်ရဦးမယ်”
သူတို့နှစ်ဦး စကားပြောပြီးနောက် အိပ်ပျော်သွားသည်။ မနက်စောစောတွင် ဝေ့ချင်းရှန် နိုးလာပြီး လှုပ်ရှားသံကြားသဖြင့် လင်းယွီလည်း အဝတ်အစားကောက်ဝတ်ပြီး အမြန်ထလိုက်သည်။
“စောပါသေးတယ်။ ပြန်အိပ်လိုက်ဦးလေ”
“ခင်ဗျားအတွက် ရိက္ခာခြောက် ပြင်ပေးမလို့”
“ရပါတယ်... မနေ့က လက်ကျန်ပေါက်စီတွေရှိသေးတယ်။ နှစ်လုံးလောက် နွှေးပြီး ယူသွားလိုက်မယ်”
ဝေ့ချင်းရှန်က မီးဖိုဘေးတွင် ပေါက်စီနှစ်လုံး နွှေးစားလိုက်ပြီး နောက်ထပ်နှစ်လုံး ယူသွားလျှင် လုံလောက်ပြီဟု တွေးထားသည်။ သူတစ်ယောက်တည်း နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရစဉ်က ထိုကဲ့သို့ပင် လုပ်နေကျဖြစ်သည်။ ထို့အပြင် လင်းယွီလုပ်သော ပေါက်စီများက သူ့လက်ရာထက် ပိုကောင်းသည်၊ သူ့ပေါက်စီများက အမြဲတမ်း မာကျောနေတတ်သည်။
“ကျွန်တော် အိပ်မပျော်ဘူး၊ ထပြီး လုပ်ပေးပါ့မယ်” လင်းယွီက ပြောလိုက်သည်။
လင်းယွီ ကပျာကယာ အဝတ်အစား ဝတ်လိုက်သည်။ ညကောင်းကင်ကြီးသည် မင်ရောင်ပေါက်နေဆဲဖြစ်ပြီး ကြယ်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ရွာထဲတွင် တိတ်ဆိတ်လွန်း၍ လူသံသူသံပင် မကြားရပေ။ ဝေ့ချင်းရှန် ဤမျှမိုးမလင်းမီ စောစောစီးစီး ထွက်ခွာရမည်ဟု လင်းယွီ ထင်မထားခဲ့ပေ။ ညကတည်းက ရိက္ခာခြောက် ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု တွေးမိပြီး သူ အနည်းငယ် နောင်တရမိသည်။
ဝေ့ချင်းရှန် တောင်ပေါ်တက်ရန် နောက်ကျသွားမည် စိုးရိမ်သဖြင့် လင်းယွီသည် ဘန်းမုန့်အချို့ကို အမြန် ချက်ပြုတ်လိုက်သည်။ ဝေ့ချင်းရှန်က ရေနွေးဖြင့် နှစ်လုပ်ခန့် စားလိုက်ရုံနှင့် ပူပူနွေးနွေး စားသောက်ရသဖြင့် ကျေနပ်နေပြီ ဖြစ်သည်။
လင်းယွီသည် အရင်နေ့က ဆီဖြင့်ကြော်ထားသော အသားပြားများကို ပြန်နွှေးပေးသည်၊ ဝေ့ချင်းရှန် ယူသွားရန် ဘန်းမုန့်သုံးချပ် ထုပ်ပေးပြီး ဝါးကျည်တောက်ထဲသို့ ရေနွေးဖြည့်ပေးလိုက်သည်။ ယခုချိန်တွင် ကောင်းကင်ကြီး စတင်လင်းလက်လာပြီဖြစ်ပြီး ခြေလှမ်းလှမ်းလျှင် လမ်းမြင်ရရုံလောက် ရှိနေပြီဖြစ်သည်။
လင်းယွီက ဝေ့ချင်းရှန်ကို တံခါးဝအထိ လိုက်ပို့သည်။
“စောစော ပြန်လာနော်”
“အင်း... အိမ်ထဲပြန်ဝင်တော့၊ အပြင်မှာ အေးတယ်”
ဝေ့ချင်းရှန်သည် ကိရိယာများနှင့် ရိက္ခာခြောက်များကို ယူဆောင်ပြီး မုဆိုးခွေးနှစ်ကောင်နှင့်အတူ ထွက်ခွာသွားသည်။ သူ နေ့တိုင်း ပြန်လာရမည်။ လင်းယွီက အိမ်တွင် လုပ်စရာ သိပ်မရှိပေ၊ နွေရာသီရောက်၍ သူ တောင်ပေါ်မှ ပြန်မလာဖြစ်လျှင် လင်းယွီ အဖော်ရအောင် ပိုင်ရွှယ်ကို ထားခဲ့မည် သို့တည်းမဟုတ် အိမ်စောင့်ရန် ရွာခွေးတစ်ကောင်လောက် မွေးပေးထားမည်ဟု စိတ်ကူးထားသည်။ လင်းယွီသည် ဝေ့ချင်းရှန်ကို မမြင်ရတော့သည့်တိုင်အောင် ရပ်ကြည့်နေပြီးမှ အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။
လင်းယွီ မနက်စာအဖြစ် ဘန်းမုန့်တစ်ချပ် စားလိုက်သည်။ ယနေ့ ရာသီဥတု သာယာသဖြင့် သူ စောင်များကို အပြင်ထုတ်၍ လှန်းလိုက်သည်။ အိမ်သန့်ရှင်းရေးလုပ်နေရင်း ဆိုဒ်သေးလွန်း၍ မဝတ်ဖြစ်ဘဲ ပစ်ထားသော ဝေ့ရှင်းရှန်၏ အဝတ်ဟောင်းများကို တွေ့လိုက်ရသည်၊ တချို့ဆို အပေါက်များပင် ပါနေပြီဖြစ်သည်။
လင်းယွီ အိပ်ခန်းကို ရှင်းလင်းပြီးနောက် အဝတ်ဟောင်းများကို ခြင်းတောင်းထဲထည့်ကာ လျှော်ဖွပ်ရန် ယူဆောင်လာခဲ့၏။
သူ သစ်သားတံခါးကို ပိတ်လိုက်စဉ်မှာပင် ဟယ်တုံးတုံးက ပန်းထိုးခြင်းတောင်းလေး ကိုင်လျက် ရောက်လာသည်။
“ယွီကော... အပြင်သွားမလို့လား”
“အင်း... မင်းက အဝတ်သွားလျှော်မလို့လား”
“မဟုတ်ပါဘူး... ငါက ယွီကောဆီလာပြီး ပန်းထိုးချင်လို့ အမေ့ကို အကြာကြီး တောင်းပန်ပြီးမှ ထွက်ခွင့်ရတာ။ ဪ... ယွီကော က အဝတ်လျှော်မလို့လား။ ဒါဆို သွားလေ... ငါ နောက်ကလိုက်ပြီး ပန်းထိုးမယ်”
“ကောင်းပြီလေ”
ဟယ်တုံးတုံး ဝမ်းသာသွားပြီး သူတို့နှစ်ဦး ရွာအဝင်ဝအနီးရှိ မြစ်ချောင်းလေးဆီသို့ လျှောက်သွားကြသည်။ မြေပြင်မှာ ညီညာသော်လည်း အသက်ကြီးသော အမျိုးသမီးအချို့က ကျောက်တုံးနေရာကောင်းများကို ဦးထားနှင့်ကြပြီဖြစ်၏။ နေရာလွတ် တစ်နေရာ ကျန်သော်လည်း အနည်းငယ် အန္တရာယ်များသည့်တိုင် လင်းယွီနှင့်ဟယ်တုံးတုံးတို့ ထိုနေရာတွင်ပင် သွားထိုင်လိုက်လေ၏။
လင်းယွီ ရောက်လာသည်နှင့် အမျိုးသမီးများ တီးတိုးပြောဆိုကြလေသည်။
“ကြည့်ပါဦး... ချင်းရှန်ရဲ့ ခင်ပွန်းသည်အသစ် ဒီနေ့ ထွက်လာတယ်”
လင်းယွီသည် ရွာသို့ရောက်သည်မှာ မကြာသေးသဖြင့် လူအများစုက သူ့ကို မမြင်ဖူးကြသေးပေ။ ခင်မင်၍ဖြစ်စေ၊ စပ်စုချင်၍ဖြစ်စေ လူအများက သူ့ဘက်သို့ လှမ်းကြည့်နေကြသည်။
လင်းယွီ ၎င်းကို သိသော်လည်း သူက ရှက်တတ်ပြီး စကားပြောရသည်ကို မကြိုက်သဖြင့် ဇလုံထဲတွင် တိတ်တဆိတ်ပင် အဝတ်စတင်လျှော်ဖွပ်လိုက်သည်။
မြစ်ရေက အစပိုင်းတွင် အနည်းငယ် အေးသော်လည်း ယခင်ကထက်စာလျှင် သက်သာနေပြီဖြစ်၏။ ဝေ့ချင်းရှန်က ရေနွေးဖြင့် လျှော်ဖွပ်ရန် ပြောထားသည်ကို လင်းယွီ ရုတ်တရက် သတိရသွားသည်။ ယနေ့ မြစ်ရေက အနည်းငယ် အေးသော်လည်း ကိစ္စမရှိလောက်ဟု တွေးကာ သူ ဆက်လက် လျှော်ဖွပ်နေလိုက်သည်။
ဟယ်တုံးတုံးက သူ့ဘေးတွင်ထိုင်၍ ပန်းထိုးနေသည်။ ဟယ်တုံးတုံး ရှိနေသဖြင့် လင်းယွီ စိတ်သက်သာရာ ရသွားသည်။
လင်းယွီ၏ ဇလုံထဲတွင် ဝေ့ချင်းရှန် ပိုင်ဆိုင်သော အစိမ်းရင့်ရောင် အဝတ်အစားများနှင့် ပြည့်နေသည်။ အမျိုးသမီးတစ်ဦးက သူမ၏ အဖော်ကို တီးတိုးပြောလိုက်သည်။
“ဒီချင်းရှန်ရဲ့ ခင်ပွန်းအသစ်လေးက အလုပ်ကြိုးစားသားပဲ။ လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတယ်... ယောကျာ်းအတွက် အဝတ်တွေ လျှော်ပေးနေပြီ”
“ဟုတ်တယ်... ဟုတ်တယ်... သူ့လက်တွေက သွက်လက်လိုက်တာ”
“ဘာထူးမှာမို့လဲ…၊ သူတို့က ဆင်းရဲတုန်းပဲလေ၊လယ်တောင် မရှိဘူး။ နောင်ကျရင် ဘဝက ခက်ခဲမှာ” အခြားအမျိုးသမီးတစ်ဦးက ပြန်ပြောသည်။
“အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ချင်းရှန်က အမဲလိုက်ထွက်တာလေ။ တွေ့လား... နှစ်နှစ်တောင် မပြည့်ဘူး တင်တောင်းငွေ ၁၀ တေးလ်တောင် စုမိတာ။ သူတို့ဘဝ ခက်ခဲမှာကို ပူစရာမလိုပါဘူး”
“ဟုတ်သားပဲ... သူတို့အိမ်က ဆင်းရဲလွန်းလို့ ပရိဘောဂ ကောင်းကောင်းတောင် မရှိဘူး။ ခင်ပွန်းအသစ် ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်... အိမ်အလုပ်တွေ လုပ်နေရပြီ”
ဟယ်ဟွားသည် ဇလုံတစ်လုံးကိုင်ကာ ရောက်လာပြီး လူအုပ်ထဲတွင် ဝင်ထိုင်လိုက်သည်။
ဟယ်တုံးတုံး ပန်းထိုးရတာ အဆင်မပြေ၍ စိတ်ရှုပ်နေသည့်ကြားမှ၊ ဘေးနားမှ အမျိုးသမီးများက သူတို့ကို ကြည့်ပြီး မကောင်းပြောနေသည်။ ထိုအထဲတွင် ဟယ်ဟွားက သည်းခံရ အခက်ဆုံးပင်။
ဟယ်တုံးတုံး ဒေါသထွက်လာပြီး ချက်ချင်း ထရပ်လိုက်သည်။
“ကြည့်... ကြည့်... ဘာကြည့်နေကြတာလဲ? ဆင်းရဲတော့ ဘာဖြစ်လဲ၊ ခင်ဗျားတို့ ထမင်း လာစားနေလို့လား၊ ခင်ဗျားတို့အိမ်က ချမ်းသာရင်လည်း ကိုယ့်မိသားစုအကြောင်းပဲ ကိုယ်အာရုံစိုက်ပါလား!”
လူအများစုက သူ့ထက် အသက်ကြီးကြသော်လည်း ဟယ်တုံးတုံးက မကြောက်ဘဲ ဆက်ပြောနေသည်။
လင်းယွီက ဟယ်တုံးတုံး၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။
“တုံးကော”
ရှဟယ်ဟွား က အော်ဟစ်ပြီး ထရပ်လိုက်သည်။
“တုံးကောပါ ရောက်နေတာပဲ။ တုံးကော... မင်းအသက်က မငယ်တော့ဘူးနော်... ဒီလို ရိုင်းစိုင်းလို့ မဖြစ်ဘူး။ စိတ်တိုတတ်တယ်လို့ နာမည်ထွက်သွားရင် အောင်သွယ်ကောင်းရဖို့ မလွယ်ဘူးနော်”
ဟယ်တုံးတုံး နှာမှုတ်လိုက်သည်။
“ကျွန်တော့်အမေတောင် ဘာမှမပြောဘူး။ ဟယ်ဟွား... ခင်ဗျားက ဝင်ပါလွန်းအားကြီးတယ်”
“မင်း!”
ဟယ်ဟွား စကားမပြောနိုင် ဖြစ်သွားပြီး လူအုပ်ထဲမှ တစ်ယောက်က ထရယ်လိုက်သည်။ ဟယ်ဟွား ဒေါသထွက်ပြီး
“ဘာရယ်တာလဲ” ဟု အော်လိုက်သည်။
လင်းယွီက ဟယ်တုံးတုံး၏ အင်္ကျီလက်ကို ထပ်ဆွဲလိုက်သည်။
“တုံးကော... တုံးကော”
ဟယ်ဟွားပြောတာ မှန်သည်။ အိမ်ထောင်မကျသေးသော ကောတစ်ယောက်က စိတ်တိုတတ်သည်၊ ပျင်းရိသည်ဟု နာမည်ထွက်သွားပါက အိမ်ထောင်ဖက် ရှာဖွေရာတွင် ခက်ခဲလိမ့်မည်။
ဟယ်တုံးတုံးကတော့ ဂရုမစိုက်။
“ရတယ်... ယွီကော ဆက်လျှော်”