Chapter 16
ဟယ်တုံးတုံး စကားနှစ်ခွန်းလောက် အော်ဟစ်လိုက်ပြီးနောက် အဝတ်လျှော်နေသော အမျိုးသမီးများနှင့် အဒေါ်ကြီးများမှာ ဗြောင်ကျကျ အတင်းမပြောရဲတော့ပေ။
ဟယ်တုံးတုံးက သူတို့ကို ဂရုမစိုက်ပေ။ စိတ်ပေါ့ပါးသွားသဖြင့် ပန်းထိုးကွင်းကို ပြန်ကောက်ကိုင်ပြီး ဆက်ထိုးလေသည်။
“အာ... ဒီပန်းဝတ်ဆံက ဘာလို့ ဒီလောက် ထိုးရခက်နေတာလဲ?!”
လင်းယွီ မော့ကြည့်လိုက်ရာ နောက်ကျောဘက်ရှိ ရှုပ်ပွနေသော ချည်ကြိုးများကို ချက်ချင်း မြင်လိုက်ရသည်။ သူ ရယ်ချင်သွားပြီး လက်မှရေများကို ခါချကာ ပြောလိုက်သည်။
“ပေး... ငါ ကြည့်ပေးမယ်”
“ရော့”
လင်းယွီ ယူလိုက်ပြီး အပ်ချက်အနည်းငယ်ဖြင့်ပင် သေသပ်သွားအောင် ပြင်ပေးလိုက်သည်။ သူ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိသည်… ပန်းမထိုးဖြစ်တာ ကြာပြီဖြစ်၍ သူ့လက်များ အနည်းငယ် စိမ်းနေသည်။ ယခု သူထိုးလိုက်သော ပန်းဝတ်ဆံမှာ ငယ်ငယ်က သူထိုးခဲ့သလောက် မလှတော့ပေ။
ဟယ်တုံးတုံး အံ့သြတကြီး ပြောလိုက်သည်။
“ယွီကော ပန်းထိုးတာ အရမ်းမိုက်တာပဲ!”
“လက်တွေ နည်းနည်း တောင့်နေလို့ပါ... အဲ့လောက်လည်း မကောင်းပါဘူး”
“ဘယ်ကသာ... ကောင်းလွန်းလို့”
လင်းယွီ မယုံမည်စိုး၍ ဟယ်တုံးတုံးက ထပ်ဖြည့်ပြောလိုက်သည်။
“ငါ့မရီး ထိုးတာထက်တောင် ပိုလှသေးတယ်!”
လင်းယွီ ပြုံးရုံသာ ပြုံးလိုက်ပြီး စိတ်ထဲမထားတော့ဘဲ လက်ထဲမှ အဝတ်များကို ဆက်လက် ပွတ်တိုက်လျှော်ဖွပ်နေလိုက်သည်။
ဟယ်တုံးတုံး ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ ရွာထဲတွင် ပန်းထိုးတတ်သော အမျိုးသမီးများနှင့် ကောများ၏ လက်ရာမှာ သာမန်အဆင့်သာ ရှိကြသည်။ သေချာသင်ကြားပေးမည့်သူ မရှိသဖြင့် ရိုးရှင်းသော ပုံစံများကိုသာ ထိုးတတ်ကြသည်။ သူတို့၏ အဆင့်မှာ အပြင်တွင် ရောင်းချနိုင်လောက်သည်အထိ မကောင်းမွန်ပေ။ ပန်းထိုးခြင်းသည် လက်မှုပညာတစ်ရပ် ဖြစ်သည်… အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ လက်ရာကို ငွေကြေးဖြင့် ရောင်းချလိုပါက ငယ်စဉ်ကတည်းက ပန်းထိုးဆရာမထံတွင် အခကြေးငွေပေး၍ သင်ယူရမည်ဖြစ်၏။
အဝတ်လျှော်ပြီးနောက် လင်းယွီ အိမ်ပြန်လာသည်။ ဟယ်တုံးတုံးက ခဏလောက် ပျော်ပါးပြီးမှ ပြန်လာသည်။ အိမ်ရောက်သည်နှင့် သူက ပန်းထိုးခြင်းတောင်းကို စားပွဲပေါ်သို့ ပျင်းရိစွာ ချလိုက်သည်။
“အား... ပင်ပန်းလိုက်တာ”
ဟယ်တာ့နျန်းက သူ့ကို မကျေမနပ်ဖြင့် လှမ်းကြည့်သည်။
“မင်း အလုပ်ခိုဖို့ အပြင်ခိုးထွက်သွားတာ မဟုတ်လား…မင်းလက်ရာနဲ့ဆို မင်း အိမ်ထောင်ကျမယ့်အချိန်ကျရင် မင်္ဂလာဝတ်စုံကို ဘယ်လိုလုပ် ထိုးမလဲ”
“ရိုးရိုး အဝတ်အစားပဲ ဝတ်လို့ မရဘူးလား။ ယွီကောတောင် မင်္ဂလာဆောင်တုန်းက ရိုးရိုးလေးဝတ်တာတောင် ကြည့်ကောင်းနေတာပဲ မဟုတ်လား”
ဟယ်တုံးတုံးက တိုးတိုးလေး ရေရွတ်လိုက်သည်။
“မင်းကိုယ်မင်း သူနဲ့ သွားယှဉ်လို့ရမလား။ အဝတ်အစားက ကြည့်ကောင်းတာမှ မဟုတ်တာ။ ယွီကော ကိုယ်တိုင်က ကြည့်ကောင်းနေတာလေ”
“ကျွန်တော်လည်း မဆိုးပါဘူး”
ဟယ်တာ့နျန်းမှာ ဒေါသထွက်လွန်း၍ ရယ်တောင်ရယ်ချင်သွားသည်။
“အရှက်မရှိတဲ့ကောင်”
ဟယ်တာ့နျန်း ကိုယ်တိုင်ကလည်း ပန်းထိုး မကျွမ်းကျင်ပေ။ သူတို့အိမ်တွင် ချွေးမအကြီးဆုံးသာ အနည်းငယ် တတ်ကျွမ်းသည်။ ဟယ်တုံးတုံးမှာ အိမ်ထောင်ဖက် ရှာပေးရမည့် အရွယ်ရောက်နေပြီဖြစ်ပြီး အိမ်ထောင်ရေးကိစ္စ အဆင်ပြေသွားပါက ပြင်ဆင်မှုများ စတင်ရတော့မည်။ သူ့ မင်္ဂလာဝတ်စုံက လုံးဝ ရိုးရိုးကြီးတော့ ဖြစ်နေ၍ မရပေ။
ဟယ်တုံးတုံး အလုပ်ခိုနေမည်ကို စိုးရိမ်သဖြင့် ဟယ်တာ့နျန်းက သူ၏ မနက်ပိုင်း လုပ်လက်စကို တမင် လာရောက်စစ်ဆေးသည်။
“အင်း... မဆိုးပါဘူး... တိုးတက်လာတယ်။ ဒီ မက်မွန်ပွင့်လေးက အလှဆုံးပဲ… အပ်ရာတွေက အသေသပ်ဆုံးပဲ... ပန်းဝတ်ဆံ နည်းနည်းပဲ ကျန်တော့တယ်”
ပထမပိုင်းကို ကြားသော် ဟယ်တုံးတုံး မျက်နှာကြီး ပြုံးဖြီးနေသော်လည်း နောက်ဆုံးတစ်ခွန်းကို ကြားလိုက်ရသောအခါ သူ့အပြုံးများ ပျောက်ကွယ်သွားသည်။
“အဲ့ဒါ ယွီကော ထိုးပေးထားတာ...”
“ယွီကောက ပန်းလည်း ထိုးတတ်တယ်?! သူ့လက်ရာက မင်းမရီးထက် အများကြီး သာတယ်။ မင်း သူ့ဆီ သွားပြီး မကြာခဏ သွားသင်သင့်တယ်”
“ဟုတ်ကဲ့!”
ဟယ်တုံးတုံးက ချက်ချင်း သဘောတူလိုက်သည်။ ဒါက အပြင်ခိုးထွက်ဖို့ အကြောင်းပြချက်ကောင်း တစ်ခုပဲ… မဟုတ်ရင် သူ့အမေက သူ့ကို အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေမှာ။ ဟီးဟီး~
ထိုအချိန်တွင် လင်းယွီသည် အိမ်၌ လျှော်ပြီးခါစ အဝတ်များကို လှန်းနေသည်။ အဝတ်အများစုမှာ သစ်ကိုင်းများ စသည်တို့ဖြင့် ချိတ်မိ၍ စုတ်ပြဲနေသည်။ အပေါက်ငယ်များကို ဒီအတိုင်း ထားသော်လည်း အပေါက်ကြီးများကိုမူ တစ်စုံတစ်ယောက်က ဖြစ်ကတတ်ဆန်း ဖာထေးထားသည်။ ဝေ့ချင်းရှန် ကိုယ်တိုင် ဖြစ်လောက်သည်။
ဝေ့ချင်းရှန်လို အရပ်ရှည်ရှည်၊ ဗလတောင့်တောင့် ယောက်ျားကြီး အပ်ကိုင်ထားမည့် ပုံစံကို မြင်ယောင်ကြည့်လိုက်ရုံဖြင့် လင်းယွီ ရယ်ချင်စိတ် ပေါက်သွားသည်။
ယနေ့ ဝေ့ချင်းရှန် အိမ်မှာမရှိသဖြင့် လင်းယွီ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ဝေ့ချင်းရှန် သူ့ဘေးမှာ ရှိနေသရွေ့ သူ မည်သည်ကိုမျှ မကြောက်တော့သလို ခံစားရသည်။
မွန်းတည့်ချိန်တွင် လင်းယွီက ရိုးရိုးရှင်းရှင်း တစ်ခုခုစားရန် စီစဉ်ထားခဲ့သော်လည်း အစားအသောက် မချွေတာရန် ဝေ့ချင်းရှန် တင်းတင်းကျပ်ကျပ် ပြောထားသည်ကို သတိရသွားသည်။ ကျန်းမာရေးကို ဂရုမစိုက်လျှင် ကလေးမွေးနိုင်မည် မဟုတ်ဟု ဆိုသည်လေ။
လင်းယွီသည် လက်ထဲ၌ ခပ်ယူထားသော ပြောင်းဖူးမှုန့်များကို ပြန်ချထားလိုက်သည်။ မနေ့က ခူးလာသော တောဟင်းရွက်များက လတ်ဆတ်နေဆဲ ဖြစ်သည်။ သူက တောဟင်းရွက်များကို ဂျုံမှုန့်အဖြူနှင့် ပြောင်းဖူးမှုန့် အနည်းငယ် ရောနယ်လိုက်သည်။
ရောနယ်ပြီးနောက် သူက တောဟင်းရွက်အနှစ်များကို ပေါင်းအိုးထဲသို့ ထည့်လိုက်သည်။ ပေါင်းအိုးကြီးထဲတွင် ဟင်းရွက် အနည်းငယ်သာ ရှိနေသည်ကို မြင်သောအခါ လင်းယွီက ထင်းဖြုန်းရာကျသည်ဟု ခံစားရသည်။
အိမ်တွင် သံဒယ်အိုးကြီး တစ်လုံးသာရှိပြီး သူ့တစ်ယောက်တည်း စားရန်အတွက် ထင်းများ အကုန်ခံ၍ ချက်ပြုတ်ရသည်မှာ နှမြောစရာ ကောင်းလှသည်။ သူ့မှာ သံဒယ်အိုးအသေးလေး တစ်လုံးလောက် ရှိရင် သိပ်ကောင်းမှာပဲ။ ဒါပေမဲ့ အိမ်မှာက ငွေမရှိတော့သလို ကုတင်အသစ် တစ်လုံးလည်း ဝယ်ထားရသေးသည် မဟုတ်ပါလား။
လင်းယွီ၏ မျက်လုံးများ အရောင်လဲ့သွားသည်။ တောဟင်းရွက်များ အားလုံးကို တစ်ခါတည်း ပေါင်းလိုက်မည်… သို့ဆိုလျှင် ဝေ့ချင်းရှန် ညနေပြန်ရောက်လာသောအခါ စားရန် လုံလောက်သွားမည်။ ပေါင်းထားသော ဟင်းသီးဟင်းရွက်များသည် မွန်းလွဲပိုင်းတစ်ခုလုံး ထားလျှင်ပင် အနေအထား မပျက်စီးနိုင်ပေ။
ဒယ်အိုးကြီး ပြည့်သွားသောအခါ လင်းယွီ ကျေနပ်သွားသည်။ နေ့လယ်စာအတွက် သူက ပေါင်းထားသော တောဟင်းရွက် တစ်ပန်းကန်ကျော်သာ စားလိုက်သည်။
မွန်းလွဲပိုင်းတွင် သူ အငြိမ်မနေပေ။ နောက်ဖေးခြံထဲရှိ ကောက်ရိုးပုံကို မြင်သောအခါ သူ ဆွဲထုတ်လာခဲ့၏။ သူတို့ ကုတင်အသစ် ရတော့မည်ဖြစ်ရာ ကောက်ရိုးဖျာ တစ်ချပ် ရက်လုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။ လက်ရှိအချိန်တွင် ကုတင်ပေါ်၌ ကောက်ရိုးကြမ်းများကိုသာ ခင်းထားပြီး ဝေ့ချင်းရှန်က အိပ်ရာခင်းအောက်တွင် ဖြန့်ခင်းပေးထားခြင်း ဖြစ်သည်။ အကျိုးသက်ရောက်မှု အတူတူပင် ဖြစ်သော်လည်း အနည်းငယ် ရှုပ်ပွနေပုံရသည်… သို့သော် အိပ်ရာခင်းများအောက်တွင် ဖုံးကွယ်နေသဖြင့် မသိသာပေ။
ထိုမွန်းလွဲပိုင်းတွင် ဟယ်တုံးတုံးသည် ပန်းထိုးခြင်းတောင်းကို ကိုင်လျက် ထပ်ရောက်လာပြန်သည်။
“ယွီကော... ဘာတွေ ရက်နေတာလဲ”
“ကောက်ရိုးဖျာ ရက်နေတာ”
“ယွီကောက တော်လိုက်တာ!”
“ဒါက မခက်ပါဘူး။ သေသပ်အောင် စီပြီး ကြိုးနဲ့ သေချာချည်လိုက်ရုံပါပဲ”
ဟယ်တုံးတုံး လာလည်သဖြင့် လင်းယွီ ဝမ်းသာသွားသည်။ ဟယ်တုံးတုံးက စကားများပြီး ပွင့်လင်းသူဖြစ်ရာ သူ့ကို အထီးကျန်မှု လျော့ပါးစေသည်။ စကားပြောရ၍ ဟယ်တုံးတုံး ရေဆာမည်စိုးသဖြင့် လင်းယွီက ရေနွေးကြမ်း တည်ပေးပြီး သကြားရည် ဖျော်ပေးလိုက်သည်။
ဟယ်တုံးတုံးက သကြားရည် တစ်ငုံသောက်ပြီး ပြုံးဖြီးလိုက်သည်။
“ယွီကောက တကယ် သဘောကောင်းတာပဲ”
“မင်းက ပိုသဘောကောင်းတာပါ”
သူတို့နှစ်ဦး အချင်းချင်း ကြည့်ပြီး ရယ်မောလိုက်ကြသည်။ နေဝင်စပြုလာချိန်တွင် လင်းယွီက ကောက်ရိုးများကို အတော်လေး သေသပ်အောင် စီပြီးနေပြီဖြစ်သည်။ မနက်ဖြန်ဆိုလျှင် ပြီးလောက်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ဟယ်တုံးတုံးလည်း ပစ္စည်းများ သိမ်းဆည်းပြီး ပြန်ရန် ပြင်ဆင်နေချိန် လင်းယွီက ဟင်းချက်ရန် ပြင်ဆင်နေသည်။ သူ မွန်းတည့်ချိန်က တောဟင်းရွက်များ ပေါင်းထားပြီး အိမ်တွင် ကြော်ထားသော အသားအနည်းငယ် ကျန်သေးသည်။ အသားနဲ့ တောဟင်းရွက် ရောကြော်လိုက်ရမလား။ လင်းယွီ တွန့်ဆုတ်နေသည်၊ ဟင်းနှစ်ခွက်စလုံးက စိမ်းဖန့်ဖန့်တွေချည်း ဖြစ်နေ၍ ဝေ့ချင်းရှန် ခံတွင်းတွေ့ပါ့မလားဟု စိုးရိမ်နေမိသည်။
“တုံးကော... ရွာထဲမှာ တို့ဟူး ရောင်းတာရှိလား”
“ရှိတယ်။ ရွာထဲက ဝမ်အာ့ မိသားစုက တို့ဟူးရောင်းတယ်။ ဒါပေမဲ့ ဒီအချိန်ဆိုရင်တော့ ကျန်သေးရဲ့လား မသေချာဘူး။ ငါ လိုက်ခဲ့ပေးမယ်”
“ခဏလေးစောင့်နော်” လင်းယွီ အိမ်ထဲ အမြန်ဝင်သွားပြီး ကြေးပြားအချို့နှင့် ပန်းကန်လုံးတစ်လုံး ယူကာ ပြန်ထွက်လာသည်။
သူတို့နှစ်ဦး ရွာထဲရှိ ဝမ်အာ့ အိမ်သို့ တို့ဟူးသွားဝယ်ကြသည်။ ရောက်သွားသောအခါ ဝမ်အာ့၏ ခင်ပွန်း ချွန်းကော ရှိနေသည်။ သူတို့လာသည်ကို မြင်သောအခါ သူက လှိုက်လှဲစွာ နှုတ်ဆက်သည်။ “တုံးကောနဲ့ ယွီကော ရောက်နေတာကိုး၊ တစ်တုံးပဲ ကျန်တော့တယ်”
ဟယ်တုံးတုံးက လက်ခါပြလိုက်သည်။ “ယွီကော ဝယ်ချင်လို့ပါ။ ကျွန်တော်က လိုက်ပို့ပေးရုံပါ”
ချွမ်းကောက နောက်ဆုံးကျန်နေသော တို့ဟူးတုံးကို လင်းယွီ၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ “ဒါ နောက်ဆုံးတစ်တုံးပဲ ကျန်တော့တာ... နည်းနည်းလည်း ပဲ့နေတယ်။ ဒီအတိုင်းသာ ယူသွားလိုက်ပါ... မင်းက ချင်းရှန်ရဲ့ ခင်ပွန်းအသစ်လေးပဲဟာ။ ပိုက်ဆံပေးစရာ မလိုပါဘူး”
လင်းယွီ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။ “ဟင့်အင်း... မရပါဘူး”
သူက ဟယ်တုံးတုံးကို အကူအညီတောင်းသလို ကြည့်လိုက်သည်… ၎င်းက သူ ကိုင်တွယ်ရ အခက်ခဲဆုံး အခြေအနေမျိုးပင်။ ဟယ်တုံးတုံးက ရယ်လိုက်သည်။ “ချွန်းကော... ယွီကောကို ခက်ခဲအောင်မလုပ်နဲ့။ သူက စကားသိပ်ပြောတတ်တာ မဟုတ်ဘူး”
လင်းယွီ ပျာယာခတ်နေသည်ကို မြင်တော့ ချွန်းကော အလျှော့ပေးလိုက်သည်။ “ကောင်းပါပြီလေ... ဒါဆို တစ်ဝမ်ပဲ ပေးတော့”
ဟယ်တုံးတုံးက တိတ်တဆိတ် လက်နှစ်ချောင်း ထောင်ပြလိုက်ရာ လင်းယွီက ၂ ဝမ် အမြန်ချထားခဲ့ပြီး ကျေးဇူးတင်စကားဆိုကာ ထွက်လာခဲ့သည်။ ချွမ်းကောက နောက်မှ လှမ်းအော်ပြောလိုက်သည်။ “ချင်းရှန်ရဲ့ ခင်ပွန်းလေး... နောက်တစ်ခါ တို့ဟူးလိုချင်ရင် စောစောလာခဲ့နော်။ ဖယ်ထားပေးမယ်!”
လင်းယွီ ခေါင်းညိတ်လိုက်သည်။
လမ်းလျှောက်လာရင်း ဟယ်တုံးတုံးက ရှင်းပြသည်။ “အဲ့ဒါ ဝမ်အာ့ရဲ့ ခင်ပွန်း ချွန်းကောလေ။ သူက သဘောကောင်းတယ်”
လင်းယွီ ထပ်ပြီး ခေါင်းညိတ်လိုက်သည်။ ဟယ်တုံးတုံးနှင့် လမ်းခွဲပြီးနောက် ညစာပြင်ဆင်ရန် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ နေဝင်သွားပြီဖြစ်ပြီး ဝေ့ချင်းရှန် မကြာခင် ပြန်ရောက်လာတော့မည်။
လင်းယွီက အသားပြားများဖြင့် တို့ဟူးဟင်းရည် ချက်လိုက်ပြီး တောဟင်းရွက်ပေါင်းကို အဓိကဟင်းပွဲအဖြစ် ပြင်ဆင်လိုက်သည်။
ဟင်းချက်ပြီးသည့်တိုင် ဝေ့ချင်းရှန် ပြန်မရောက်လာသေးပေ။ လင်းယွီ တံခါးဝသို့ထွက်ပြီး လှမ်းမျှော်ကြည့်လိုက်သည်။ ကွေ့ကောက်နေသော လမ်းကလေးပေါ်တွင် လူသူကင်းမဲ့နေပြီး အိမ်တိုင်း၏ မီးခိုးတိုင်များမှ မီးခိုးများ လွင့်တက်နေကာ အပြင်တွင် ဆော့ကစားနေသော ကလေးများပင် အိမ်ပြန်သွားကြပြီဖြစ်သည်။
မိုးချုပ်သွားသည်အထိ လင်းယွီ စောင့်နေသော်လည်း ဝေ့ချင်းရှန် ပြန်မလာသေးပေ။ သူ စိုးရိမ်လာပြီး အပြင်သို့ မကြာခဏ လှမ်းကြည့်နေမိသည်။ ခွေးဟောင်သံ ကြားသည်နှင့် သူ အမြန်ပြေးထွက်သွားသည်။ အဝေးမှ ဝေ့ချင်းရှန်နှင့်တူသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် သူ ရေနွေးတည်ရန် မီးဖိုချောင်ထဲသို့ ကပျာကယာ ဝင်သွားလိုက်သည်။
ဝေ့ချင်းရှန် ပြန်ရောက်လာသောအခါ တောယုန်တစ်ကောင် ပါလာသည်။ လင်းယွီက သစ်သားဇလုံတစ်လုံး ကိုင်လျက် ထွက်လာသည်။ “ဗိုက်ဆာနေပြီမလား။ လက်ဆေးပြီး ထမင်းစားရအောင်”
“မင်း မစားရသေးဘူးလား”
“ဟင့်အင်း... ခုလေးတင် ချက်လို့ ပြီးတာ”
“စောစော ပြန်လာရမှာ၊ လမ်းမှာ ဒီတောယုန်ကို တွေ့လိုက်လို့ အချိန်နည်းနည်း နောက်ကျသွားတာ” ဝေ့ချင်းရှန် က ရှင်းပြလိုက်သည်။ ထမင်းဟင်းတွေ ကျက်နေတာ ကြာပြီဖြစ်ပြီး သူ့ခင်ပွန်းသည်လေးက သူအိမ်ပြန်လာမည့်အချိန်ကို ထိုင်စောင့်နေခဲ့မည်ကို သူ စိုးရိမ်မိသည်။ ထိုအတွေးကြောင့် သူ့ရင်ထဲ နွေးထွေးသွားရသည်။
လင်းယွီ ခေါင်းညိတ်ပြီး ထပ်မံတိုက်တွန်းလိုက်သည်။ “မြန်မြန် လက်ဆေးပြီး စားရအောင်”
“ကောင်းပါပြီ” ဝေ့ချင်းရှန်က တောယုန်ကို နောက်ဖေးခြံထဲရှိ ဝါးလှောင်အိမ်ထဲ ထည့်လိုက်ပြီး ရေနွေးဖြင့် လက်ဆေးကာ အိမ်ဦးခန်းထဲသို့ ဝင်လာခဲ့၏။
စားပွဲပေါ်ရှိ ဆီမီးခွက်ငယ်လေး တဖျပ်ဖျပ် လင်းလက်နေပြီး အခန်းထဲကို မှိန်ဖျော့ဖျော့ လင်းစေသည်။ လင်းယွီ အစားအသောက်များ ယူလာသည်။ သူက တောဟင်းရွက်ပေါင်းကို နှမ်းဆီမွှေးဖြင့် နယ်ထားသဖြင့် အရသာ ပိုကောင်းနေသည်။
“တို့ဟူး ဝယ်လာတာလား”
“ဟုတ်တယ်... တုံးကော လိုက်ပို့ပေးတာ”
စားသောက်နေစဉ် တောဟင်းရွက်ပေါင်းက ဗိုက်ပြည့်စေပြီး အရသာရှိကာ တို့ဟူးဟင်းရည်ကလည်း အရသာ ပြည့်စုံကောင်းမွန်လှသည်။ ပူပူနွေးနွေး ထမင်းတစ်နပ် စားရသဖြင့် ဝေ့ချင်းရှန် ရင်ထဲ နွေးထွေးသွားသည်။
သူ့ခင်ပွန်းသည်လေး သူ၏ဘဝထဲ ရောက်လာကတည်းက သူ့ကို စောင့်မျှော်နေမည့်သူ ရှိခြင်းက မည်သို့ခံစားရသည်ကို သူ နောက်ဆုံးတော့ နားလည်သွားပြီဖြစ်၏။ အလွန် ရိုးရှင်းသော စားစရာများကပင် ကြည်နူးဖွယ် အံ့သြစရာများ ဖြစ်လာပြီး ယခင်က သူ ပေါ့ရွှတ်ရွှတ်ဟု ထင်ခဲ့သော တောဟင်းရွက်များကိုပင် ပန်းကန်လုံး နှစ်လုံးစာ ကုန်အောင် စားနိုင်နေပြီဖြစ်သည်။
“နေ့လယ်က ဘာစားလဲ”
“တောဟင်းရွက်ပေါင်း စားတယ်”
ဝေ့ချင်းရှန် ထပ်မမေးတော့ပေ။ အိမ်တွင် အသား အနည်းငယ်သာ ကျန်တော့သည်။ ယနေ့မနက် သူ၏ဘန်းမုန့်ထဲတွင် သူ့ခင်ပွန်းသည်လေးက အသားတွေ အများကြီး ထည့်ပေးလိုက်ပြီး ယခု တို့ဟူးဟင်းရည်ထဲမှာလည်း အသားတွေ ပါနေသေးသည်… သေချာပေါက် သူ့အတွက် ဖယ်ချန်ထားပေးခဲ့ခြင်း ဖြစ်မည်။
ဝေ့ချင်းရှန်က အသားတစ်တုံးကို ညှပ်ယူပြီး လင်းယွီ၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ “များများစား”
ညစာစားပြီးနောက် ဝေ့ချင်းရှန်က ပန်းကန်များ ဆေးကြောပြီး ကိုယ်လက်သန့်စင်ကာ ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ သူ့ခင်ပွန်းသည်လေးက အသန့်ကြိုက်သူဖြစ်ပြီး တစ်နေ့လုံး တောင်ပေါ်မှာ ချွေးရွှဲနေခဲ့သည်ဖြစ်ရာ၊ သူ အမုန်းမခံနိုင်ပေ။
ကုတင်ပေါ် လဲလျောင်းနေရင်း သူတို့ စကားစမြည် ပြောဖြစ်ကြသည်။ “ဒီနေ့ တောင်ပေါ်မှာ ထောင်ချောက်တချို့ သွားဆင်ပြီး ကျော့ကွင်းတချို့ ထားခဲ့တယ်။ နွေဦးပေါက်က ကြီးကြီးမားမား အမဲလိုက်ဖို့ မကောင်းလှဘူး”
“အင်း”
“မနက်ဖြန် အစောကြီး ထစရာ မလိုဘူး။ မိုးလင်းမှပဲ ထကြတာပေါ့”
လင်းယွီ ထပ်ပြီး အင်းဟု အသံပြုကာ ပြန်ဖြေသည်။ ဝေ့ချင်းရှန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်… သူ စိတ်အခြေအနေ ကောင်းနေသည်။ သူ့ခင်ပွန်းသည်လေးက သားရဲပေါက်စလေးလို သူ့ဘေးတွင် ကွေးကွေးလေးအိပ်ပြီး သူပြောသမျှကို နာခံစွာ ပြန်ထူးနေသည်။
လင်းယွီအား သူနှင့်အတူ စောစောမထစေချင်သဖြင့် ဝေ့ချင်းရှန် ယခုလိုပြောလိုက်ခြင်း ဖြစ်သည်။ လက်ထဲတွင် ပိုက်ဆံမရှိသော်လည်း မနက်ခင်း အလုပ်လေး နည်းနည်းအတွက်နှင့် အလောတကြီး လုပ်နေစရာ မလိုပေ။ ထို့အပြင် နွေဦးရာသီတွင် တောကြက်နှင့် ယုန်ကဲ့သို့သော တိရစ္ဆာန်ငယ်လေးများကိုသာ ဖမ်းဆီးခွင့် ရှိသည်လေ။
“ဒီနေ့ အိမ်မှာ ဘာတွေလုပ်လဲ”
“အဝတ်တွေ လျှော်တယ်။ ခင်ဗျား အင်္ကျီတွေကို ဖာထေးမလို့။ သေးသွားတဲ့ အင်္ကျီတွေကိုတော့ အလုပ်လုပ်တဲ့အခါ ဝတ်ဖို့ ကျွန်တော့်အတွက် အင်္ကျီလက်တိုလေး ပြန်ချုပ်မလို့ စိတ်ကူးထားတယ်”
ဝေ့ချင်းရှန် ကိုယ်အနည်းငယ် လှည့်လိုက်သည်။ သူ့ခင်ပွန်းသည်လေးက ယခုလို စကားအရှည်ကြီး ပြောခဲသည်… ၎င်းက သူ့အတွက် မလွယ်ကူပေ။
“အရမ်းကြီး ပင်ပန်းအောင် မလုပ်နဲ့နော်”
“သိပါတယ်...”
လင်းယွီ စကားပြောရင်း အိပ်မောကျသွားသည်။ ဝေ့ချင်းရှန် က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
သူ့ခင်ပွန်းသည်လေးနှင့် စကားပြောရသည်ကို သူ သဘောကျသည်။ အထူးသဖြင့် လင်းယွီ က သူ့နာမည်ကို တိုးတိုးလေး ခေါ်လိုက်ချိန်တွင်… အလွန် ချိုမြိန်ပြီး နူးညံ့သဖြင့် သူ အင်မတန် သဘောကျရသည်။