Chapter 19
မည်သည့်အရာဖြစ်ပျက်သွားသည်ကို သဘောပေါက်လိုက်သည်နှင့် ဝေ့ချင်းရှန်က လေးကို အမြန်ဆွဲတင်ပြီး မြှားတစ်စင်း ပစ်လွှတ်လိုက်ရာ တောရစ်ငှက်ကို မြေကြီးပေါ် ပြုတ်ကျသွားစေခဲ့၏။ လင်းယွီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်… ဤသည်မှာ ဝေ့ချင်းရှန် သားကောင်ဖမ်းသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး တကယ်ကို အံ့ဩစရာကောင်းလှသည်!
တောရစ်ငှက် လန့်ပြေးသွားမည်စိုး၍ လင်းယွီမှာ ဝေ့ချင်းရှန် နောက်မှသာ လိုက်ကြည့်ရဲသည်။ တောရစ်ငှက်က အသက်ရှင်နေဆဲဖြစ်ပြီး မြှားမှန်ထားသော တောင်ပံဒဏ်ရာဖြင့် ထွက်ပြေးရန် ရုန်းကန်နေသည်။ ဝေ့ချင်းရှန်က လှမ်းဖမ်းပြီး တောရစ်ငှက်ကို မြှောက်ကိုင်လိုက်သည်။ လင်းယွီက လည်ပင်းဆန့်ပြီး လှမ်းကြည့်လိုက်သည်။ "ကြီးလိုက်တဲ့ တောရစ်ငှက်”
"တောရစ်တွေက သဘာဝအရ ဉာဏ်များတယ်။ မင်း သူ့ကို လန့်အောင်မလုပ်ခဲ့ရင်၊ သူ အခုလို ပျံထွက်မလာလောက်ဘူး”
လင်းယွီ၏ မျက်လုံးများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ နောက်ထပ် တောရစ်တစ်ကောင် ဖမ်းမိတာ သိပ်ကောင်းတာပဲ… ငွေအလုံအလောက် စုမိသွားရင် သူတို့ လယ်မြေ ဝယ်လို့ရပြီလေ။
သူတို့နှစ်ဦး မနက်ခင်းတစ်လျှောက်လုံး တောနက်ထဲ လှည့်လည်သွားလာခဲ့သည်။ လမ်းတစ်လျှောက်တွင် အထိတ်တလန့် ခုန်ပေါက်ထွက်ပြေးသွားသော သမင်ပြောက်တစ်ကောင်နှင့် ဆုံခဲ့၏။ ဝေ့ချင်းရှန်က နောက်က မလိုက်ခဲ့ပေ… ၎င်းက သမင်မဖြစ်ပြီး ကိုယ်ဝန်ဆောင်နေပုံရသည်။
လင်းယွီလည်း ၎င်းကို မြင်လိုက်သည်။ သမင်ပြောက်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏… အရမ်းလှတာပဲ!
မွန်းတည့်ချိန်တွင် သူတို့နှစ်ဦး နေ့လယ်စာအဖြစ် မုန့်ပြားများကို မျှဝေစားသောက်ခဲ့၏။ ခဏမျှ နားပြီးနောက် တောထဲတွင် သားကောင်များကို ဆက်လက် ရှာဖွေကြသည်။ မွန်းလွဲပိုင်းတွင် ဝေ့ချင်းရှန်က သူထောင်ထားသော ထောင်ချောက်များကို စစ်ဆေးခဲ့ပြီး၊ ပြီးသည်နှင့် အိမ်ပြန်ရန် စီစဉ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ၊ နွေဦးပေါက်က အလွန်အကျွံ အမဲလိုက်ရမည့် အချိန်မဟုတ်ပေ။ သားကောင်ကြီးကြီးများ တွေ့လျှင်ပင် ဖမ်းမိမည်မဟုတ်သဖြင့် စောစောပြန်တာက ပိုကောင်းသည်။
ထောင်ချောက်တစ်ခုထဲတွင် ခြေထောက်ငြိနေသော နောက်ထပ် တောရစ်တစ်ကောင်ကို ဝေ့ချင်းရှန် တွေ့လိုက်ရသည်။ သူက ၎င်းကို ထုတ်ယူပြီး ခြင်းတောင်းထဲ ထည့်လိုက်သည်။ တောင်အောက်ဆင်းလာစဉ် လမ်းဘေးတစ်လျှောက်ရှိ တောဟင်းရွက်များကို မျက်ခြည်မပြတ် ကြည့်ရှုပြီး နောက်နေ့ မြို့ထဲသွားရောင်းရန် အချို့ကို ခူးယူခဲ့လေ၏။
ယနေ့ တောရစ်ငှက် နှစ်ကောင် ဖမ်းမိသဖြင့် ဝေ့ချင်းရှန် အတော်လေး ကျေနပ်နေသည်။ သူ့ခင်ပွန်းသည်လေး လိုက်လာကတည်းက သူ့ကံတွေ ကောင်းလာခဲ့သည်။
ရေစီးသံ ကြားလိုက်ရသဖြင့် လင်းယွီက တောအုပ်ထူထူဘက်သို့ လှမ်းကြည့်လိုက်ရာ စမ်းချောင်းငယ်လေးဘေးတွင် ပေါက်ရောက်နေသော စိမ်းစိုစို တောဟင်းရွက်ခင်း တစ်ခုကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ အရောင်လက်သွား၏။ "ချင်းရှန်! အဲ့ဒါ ရေနံနံပင်ထင်တယ်!"
ဝေ့ချင်းရှန်က ဤလမ်းကနေ ယခင်က မသွားဖူးပေ… သူက မှတ်ဉာဏ်ကို အားပြုပြီး တောင်အောက်ကို ဆင်းလာခဲ့ခြင်းသာ ဖြစ်၏။ ဤနေရာ၌ သီးသန့်တည်ရှိနေသော စမ်းချောင်းလေးတစ်ချောင်း တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတို့နှစ်ဦး ရေစပ်ဆီသို့ လျှောက်သွားလိုက်ရာ ထင်သည့်အတိုင်းပင်... မြစ်ကမ်းဘေးတွင် ပေါက်နေသော ရေနံနံပင် အကြီးကြီးတစ်ခုကို လင်းယွီ တွေ့လိုက်ရသည်။
"ဒါက စားလို့ရလား" ဝေ့ချင်းရှန်က အရိုးတံတစ်ခုကို ခူးပြီး နမ်းကြည့်လိုက်သည်။ ထူးဆန်းသော အနံ့တစ်ခု ရသည်… ဖော်ပြရန်ခက်သော်လည်း မွှေးလွန်းနေခြင်းတော့မဟုတ်။
လင်းယွီက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ "ရတယ်! အဲ့ဒါကို ရေနံနံလို့ခေါ်တယ်။ ကျွန်တော် အရင်က စားဖူးတယ်"
လင်းယွီ ကျောက်မိသားစုနှင့် အတူနေခဲ့စဉ်က အချိန်ကာလတွေက ခက်ခဲခဲ့သည်။ နွေဦးရာသီတွင် သူက ဝမ်းဝဖို့အတွက် စားလို့ရသမျှ တောဟင်းရွက်တွေကို လိုက်ရှာခူးရသည်။ ထို့ကြောင့်ပင် သူက တောဟင်းရွက် အမျိုးအစား အတော်များများကို ခွဲခြားသိမြင်တတ်နေပြီ ဖြစ်သည်။
လင်းယွီ အမြန်လျှောက်သွားပြီး ရေနံနံများကို စတင်ခူးယူရာ ဝေ့ချင်းရှန်လည်း ကူညီပေးသည်။ ကံကောင်းသည်ကား ယနေ့ သူတို့နှစ်ယောက်လုံး ခြင်းတောင်းများ ယူလာခဲ့၏။ လင်းယွီ၏ ခြင်းတောင်းက အခြားတောဟင်းရွက်များနှင့် ပြည့်နေပြီဖြစ်သော်လည်း နေရာနည်းနည်း ကျန်သေးသည်။ ဝေ့ချင်းရှန်က သူ့ခြင်းတောင်းကို ပြန်စီပြီး ဟင်းရွက်များ စတင် ထည့်လေသည်။
ရေမှော်ပင်များကြားတွင် ငါးလေးများကိုပင် သူတို့ တွေ့လိုက်ရသည်။ လင်းယွီက တစ်ကောင်ကို လှမ်းဖမ်းရန် ကြိုးစားသော်လည်း လွတ်သွားသည်။ ဝေ့ချင်းရှန်က သူ့ကို နောက်သို့ ဆွဲလိုက်သည်။ "ကိုယ် လုပ်လိုက်မယ်။ ရေက အေးတယ်"
ဝေ့ချင်းရှန်က ဖိနပ်ချွတ်ပြီး စမ်းချောင်းထဲ ဆင်းသွားသည်။ လက်နှစ်ဖက်ကို စုပြီး ရေရော ငါးပါ ခပ်ယူကာ မြက်ပင်များရှိရာ ကမ်းစပ်သို့ ပက်တင်လိုက်သည်။ လင်းယွီက မိုးမခကိုင်းလေးများကို အမြန်ချိုးပြီး လက်ဝါးအရွယ် ငါးလေးများကို တစ်ကောင်ချင်းစီ သီကုံးလိုက်သည်။
လင်းယွီ အလွန် ဝမ်းသာပျော်ရွှင်နေသည်… ယနေ့ အသီးအပွင့် ကြီးကြီးမားမား ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဝေ့ချင်းရှန်သည်ပင် အံ့ဩနေမိသည်။ လင်းယွီ ဘေးမှာရှိနေလျှင် သူတို့ကံတွေက အထူးတလည်ကို ကောင်းနေတော့သည်။
ပုံမှန်ဆိုလျှင် သူက အမဲလိုက်ဖို့ပဲ အာရုံစိုက်ပြီး တောင်ပေါ်က တောဟင်းရွက် အမျိုးမျိုးအကြောင်း သိပ်မသိပေ… လင်းယွီက သူ့ထက်ပင် ပိုသိနေသေးသည်။
ရေထဲတွင် အတန်ကြာ လျှောက်သွားပြီးနောက် ဝေ့ချင်းရှန်က လက်ဝါးအရွယ် ငါး ဆယ့်တစ်ကောင်၊ ဆယ့်နှစ်ကောင်ခန့် ဖမ်းမိခဲ့၏။ ငါးတွေ ထပ်မတွေ့ရတော့သဖြင့် သူ စမ်းချောင်းထဲမှ ပြန်တက်လာသည်။ ငါးများသည် လန့်သွားသည့်ခဏတာအချိန်၌ပင် အဝေးသို့ ကူးပြေးသွားသလို တချို့ကလည်း ပုန်းအောင်းကုန်ကြသည်။
ဤမျှလောက် ဖမ်းမိခဲ့ခြင်းက အတော်လေး ကောင်းမွန်နေပြီးဖြစ်၏။
မြစ်ကမ်းဘေးတွင် လင်းယွီက ငါးများအားလုံးကို သေသပ်စွာ သီကုံးထားပြီးဖြစ်သည်။ သူက ဝေ့ချင်းရှန်ကို မြှောက်ပြလိုက်သည်။ "ဒီနေ့ ကျွန်တော်တို့ တကယ် ကံကောင်းတာပဲ!"
တောရွာဘဝက ခက်ခဲကြမ်းတမ်းပြီး ဤငါးလေးများက သူတို့ထမင်းဝိုင်းအတွက် အလွန်လိုအပ်နေသော အသားဟင်း တစ်ခွက်ကို ဖြည့်တင်းပေးနိုင်လိမ့်မည်။ ချွန်းကော ဆီမှာ တို့ဟူး ကျန်သေးရဲ့လားဟု လင်းယွီ တွေးတောလိုက်၏။ ကျန်သေးရင် တို့ဟူး နှစ်တုံးလောက်ဝယ်ပြီး ငါးနဲ့တို့ဟူးဟင်းရည် ချက်လို့ရပြီ! တွေးကြည့်ရုံနှင့် သွားရည်ကျလာသည်… သူ ဒီဟင်းကို မစားရတာ ကြာလှပြီလေ။
ဝေ့ချင်းရှန်က သူ့ခင်ပွန်းသည်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "သွားစို့"
ယနေ့က လင်းယွီအတွက် ရလဒ်ကောင်းသောနေ့ဖြစ်ပြီး၊ သူ့သတ္တိများ ပို၍ကြီးထွားလာသလိုပင်။ လမ်းတစ်လျှောက်လုံး သူက ဝေ့ချင်းရှန်နှင့် စကားတွေ မရပ်မနား ပြောလာခဲ့၏။ "အိမ်ပြန်ရင် တို့ဟူးဟင်းရည် ချက်ချင်တယ်… ငါးကို ဆီနဲ့ ရွှေအိုရောင်သန်းတဲ့အထိ ကြော်ပြီး တို့ဟူးနဲ့ ရောချက်မယ်။ အရမ်း မွှေးနေမှာပဲ!"
သူ ရှင်းပြနေသည်ကို ကြားရုံနှင့်တင် ဝေ့ချင်းရှန် ဗိုက်ဆာလာပြီဖြစ်သည်။ "ဒါဆို အိမ်မြန်မြန်ပြန်ပြီး ချက်ကြတာပေါ့"
ဝေ့ချင်းရှန်က ငါးကို သိပ်ကြိုက်လှသည်တော့ မဟုတ်ပေ။ မိသားစုနှင့် အတူနေခဲ့စဉ်က တောင်ပေါ်မှ ငါးအချို့ကို တစ်ခါတလေ ယူလာတတ်သော်လည်း အိမ်ပြန်ရောက်သည့်အချိန်တွင် သူ့အတွက် ကျန်နေခဲ့သည်မှာ အေးစက်ပြီး ညှီနံ့နံနေသော၊ ငါးခေါင်းသာ ကျန်တော့သည့် ဟင်းရည်အိုး တစ်အိုးသာ ဖြစ်လေသည်။
သို့သော်ငြား သူ့ခင်ပွန်းသည်လေးက ဟင်းချက်တော်လွန်းလှသည်။ … ရှင်းပြနေသည်ကို နားထောင်ရုံနှင့် 'အရသာရှိမှာ သေချာတယ်'ဟု ဝေ့ချင်းရှန် တွေးမိလိုက်၏။
သူတို့၏ ခြင်းတောင်းများထဲတွင် ရေနံနံများနှင့် အခြားတောဟင်းရွက်များ အပြည့်ပါလာသည်။ လင်းယွီက လက်ထဲတွင် သီကုံးထားသောငါးတွဲကို ကိုင်ထားပြီး ဝေ့ချင်းရှန်က တောရစ်ငှက် နှစ်ကောင်ကို ကိုင်ထားသည်။
ရွာအနီးသို့ ရောက်လာသောအခါ ဝေ့ချင်းရှန်က ခြင်းတောင်းထဲမှ ပစ္စည်းများကို အောက်သို့ ဖိချလိုက်သည်။ လင်းယွီက အကြောင်းရင်းကို နားလည်သည်… မနာလိုဝန်တိုတတ်သော ရွာသားများ မျက်စိကျလာမည်ကို သူ စိုးရိမ်၍ဖြစ်သည်။ ကံကောင်းသည်မှာ သူတို့အိမ်က အနည်းငယ် သီးသန့်ဆန်သော နေရာတွင်ရှိသဖြင့် ရွာထဲကို ဖြတ်သွားစရာမလိုဘဲ တောင်နောက်ကျောလမ်းမှတစ်ဆင့် အိမ်သို့ တန်းပြန်နိုင်သည်။
လင်းယွီ ပစ္စည်းများကိုချထားပြီး ကြေးပြားအချို့ယူရန် အိမ်ထဲသို့ အမြန်ပြေးဝင်သွားသည်။ "ချွန်းကော ဆီမှာ တို့ဟူး ကျန်သေးလား သွားကြည့်လိုက်ဦးမယ်!"
ဝေ့ချင်းရှန်က တိုတိုတုတ်တုတ် ပြန်ထူးလိုက်သည်။ လင်းယွီက သူ့ကို လှမ်းကြည့်လိုက်သည်။ "တုံးကောအတွက် ရေနံနံ နည်းနည်းလောက် ယူသွားပေးလို့ ရမလားဟင်"
"အိမ်မှာရှိတာ ကြိုက်တာယူသွား။ ငါးသေးသေးလေးတွေလည်း နည်းနည်း ယူသွားလိုက်… ဒေါ်လေးဟယ်က အရင်တုန်းက ကိုယ့်ကို အများကြီး ကူညီဖူးတယ်"
လင်းယွီ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သူက ရေနံနံတစ်ဆုပ်ကို ယူလိုက်ပြီး ငါးသေးသေးလေး သုံးကောင်ကိုပါ ယူလိုက်သည်… ဟင်းရည်ချက်ရန် အနေတော်ပင်။
တို့ဟူး ကုန်သွားမည်စိုး၍ လင်းယွီ အမြန် ထွက်လာခဲ့၏။ လမ်းတွင် ဟယ်တုံးတုံးအိမ်သို့ ဝင်ကာ အစားအသောက်များ ဝင်ပေးသည်။ ဟယ်တုံးတုံးက ငါးများကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။ "ငါးတွေ!"
ဟယ်တာ့နျန်းလည်း ထပ်တူ ဝမ်းသာသွားသည်။ "ယွီကော... မင်းက အရမ်းသဘောကောင်းတာပဲ"
ဟယ်တုံးတုံးက စိမ်းလန်းလတ်ဆတ်နေသော ဟင်းရွက်စည်းကို ကြည့်ပြီး မေးလိုက်သည်။ "ယွီကော... ဒါက ဘာလဲဟင်"
"ရွာထဲက လူကြီးတွေကတော့ ရေနံနံလို့ ခေါ်တယ်။ ဒီအတိုင်း တစ်ခါတည်း ကြော်စားလို့ရတယ်။ ကြိုက်မကြိုက် စမ်းစားကြည့်လေ။ အရသာက နည်းနည်းတော့ ထူးခြားတယ်… တချို့လူတွေကတော့ မစားတတ်ကြဘူး"
ဟယ်တုံးတုံးက စကားဆက်ပြောချင်သေးသော်လည်း လင်းယွီက တို့ဟူးဝယ်ရန် လောနေသည်။ "တုံးကော... ငါ သွားရတော့မယ်။ ငါးနဲ့ ရောချက်ဖို့ တို့ဟူး နှစ်တုံးလောက် သွားဝယ်ချင်လို့"
ဟယ်တာ့နျန်း ၎င်းကို ကြားသောအခါ ဟယ်တုံးတုံးကို ကြေးပြားအနည်းငယ် ကမ်းပေးလိုက်သည်။ "တုံးကော... သွား၊ တို့ဟူး သွားဝယ်ချေ။ မင်းအတွက် ငါးနဲ့ တို့ဟူးဟင်းရည် ချက်ပေးမယ်"
အစားအသောက်အကြောင်း ကြားသည်နှင့် ဟယ်တုံးတုံး စိတ်လှုပ်ရှားသွားသည်။ သူက ပန်းကန်လုံးတစ်လုံးကို အမြန်ဆွဲယူပြီး လင်းယွီနှင့်အတူ ထွက်လာခဲ့၏၊ နောက်ကျသွားလျှင် တို့ဟူး ကုန်သွားမည်ကို စိုးရိမ်၍ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတို့ စောစောရောက်သွားသည်။ နေရောင် အနည်းငယ်သာ ကျဆင်းသေးပြီး ရောင်းစရာ တို့ဟူးများ ကျန်နေသေးသည်။ သူတို့ တစ်ယောက်လျှင် တို့ဟူး နှစ်တုံးစီ ဝယ်ပြီး ပြန်လာခဲ့ကြသည်။
အိမ်အပြန်လမ်းတွင် ဟယ်တုံးတုံးက လင်းယွီနှင့် စကားပြောလာသည်။ "ယွီကော... ဒီနေ့ ဘယ်တွေသွားနေတာလဲ။ ဒီနေ့ငါ လာရှာသေးတယ်၊ မင်း အိမ်မှာ မရှိဘူး"
"ချင်းရှန်နဲ့အတူ တောင်ပေါ်တက်သွားတာ"
"တောင်ပေါ်တက်သွားတာ?! အဲ့ဒီမှာ သားရဲတိရစ္ဆာန်တွေ ရှိတယ်လို့ ကြားတယ်... လူကိုတောင် စားနိုင်တာတဲ့!"
"အင်း... ဒါပေမဲ့ ချင်းရှန် ရှိနေတော့ အဆင်ပြေပါတယ်"
"ဟွန်း... ယွီကော သိမယ်မထင်ပါဘူး! ငါ ပြန်ရောက်တော့ ရှဟယ်ဟွားက ယွီကောအကြောင်း မကောင်းပြောနေတာ၊ ယွီကောက သူ့ကို ရိုက်ပါတယ်ဆိုပြီးတော့လေ"
လင်းယွီ ခဏမျှ ကြောင်အမ်းသွားသည်— ရှဟယ်ဟွားက သူ့အကြောင်း တကယ်ကြီး အဲ့လိုပြောနေတာလား။
"ဒါပေမဲ့ စိတ်မပူပါနဲ့၊ လူတိုင်းက ယွီကော ဘယ်လိုလူလဲ သိကြပါတယ်။ ဘယ်သူမှ သူ့ကို မယုံဘူး" ဟယ်တုံးတုံးက ဂုဏ်ယူသောလေသံဖြင့် နှာမှုတ်လိုက်သည်။ "ပြီးတော့ ငါကရော သူ့ကို ဒီအတိုင်း လွှတ်ထားမယ် ထင်နေလား? အဲ့ဒီနေရာမှာတင် သူ့ကို ချက်ချင်း ဝင်ပြောပေးလိုက်တာ! မနေ့က သူ ယွီကောကို ဆိုးဆိုးရွာရွား အနိုင်ကျင့်ထားလို့ ယွီကော တုန်တောင်တုန်နေတာလို့။ ငါ ပြန်ပက်လိုက်တော့ ရှက်ပြီး မျက်နှာကြီး နီရဲသွားတာ… ယွီကော မြင်သင့်တယ်... ဟားဟားဟား!"
ပြဿနာကြီးကြီးမားမား မဟုတ်တော့သည်ကို သိလိုက်ရသဖြင့် လင်းယွီ ရယ်မောလိုက်သည်။ "တုံးကော... ကျေးဇူးပါပဲ"
"ဘာတွေ ကျေးဇူးတင်နေတာလဲ? ယွီကောက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ! မင်း မင်္ဂလာဆောင်တုန်းက ငါ့ကို ကြက်ဥတစ်လုံး ကျွေးဖူးတာ ငါ မှတ်မိသေးတယ်"
သူတို့နှစ်ဦး ရယ်မောလိုက်ပြီး ပန်းကန်လုံးများကို ကိုင်ဆောင်ကာ ဝမ်းသာအားရဖြင့် ကိုယ့်လမ်းကိုယ် ခွဲ၍ ပြန်လာခဲ့သည်။
လင်းယွီ အိမ်ပြန်ရောက်သောအခါ ဝေ့ချင်းရှန်က ငါးများကို သန့်စင်ပေးထားပြီးဖြစ်သည်။ လင်းယွီ လက်ဆေးပြီး ဟင်းစချက်သည်။ သူက ရေနံနံကို ငရုတ်သီး၊ ကြက်သွန်ဖြူတို့ဖြင့် ဆီသတ်ပြီး အရသာပိုရှိစေရန် ဝက်ဆီကို အသုံးပြုလိုက်သည်။ ငါးသေးသေးလေးများကို ရွှေအိုရောင်သန်းသည်အထိ ကြော်ပြီးနောက် ရေနွေး၊ တို့ဟူးတို့ဖြင့် ရော၍ ပေါင်းချက်ချက်လိုက်သည်။ နောက်ဆုံးတွင် ကြက်သွန်မြိတ်လေးများ ဖြူးပြီး မီးဖိုပေါ်မှ ချလိုက်သည်။
မွှေးပျံ့သော အနံ့များ လေထဲတွင် ပြန့်လွင့်လာသဖြင့် မီးကူထိုးပေးနေသော ဝေ့ချင်းရှန်သည် အိုးထဲသို့ အကြိမ်ကြိမ် လှမ်းကြည့်နေမိသည်။
"ယွီကော... ဟင်းချက်ဖို့ သံဒယ်အိုး အသေးတစ်လုံး မလိုအပ်ဘူးလား"
ဟင်းကြော်ရန်နှင့် ဟင်းရည်ချက်ရန်အတွက် ဒယ်အိုးကြီး တစ်လုံးတည်းကိုသာ အသုံးပြုနေရသည်မှာ အဆင်မပြေကြောင်း ဝေ့ချင်းရှန် သတိထားမိသည်။ လင်းယွီ ခေါင်းညိတ်လိုက်သည်။ "နောက်မှပဲ အဲ့ဒီအကြောင်း ပြောကြတာပေါ့"
"ကောင်းပြီလေ... ငွေပြည့်သွားရင် ကြော်ချက်ဖို့ သံဒယ်အိုးအသေးတစ်လုံး ဝယ်ကြတာပေါ့"
သံထည်ပစ္စည်းများက ဈေးကြီးပြီး စည်းမျဉ်းစည်းကမ်းများလည်း တင်းကျပ်သည်။ သံဒယ်အိုးတစ်လုံး ဝယ်ရန်အတွက် အနည်းဆုံး ငွေတေးလ် အနည်းငယ်ခန့် စုဆောင်းထားရန် လိုအပ်သည်။
သူတို့၏ အိမ်နီးချင်း ချမ်လောင်ထိုက်သည် သူတို့အိမ်ဘက်သို့ လည်ပင်းဆန့်၍ ချောင်းကြည့်နေသည်။ လင်းယွီ ဝေ့မိသားစုထဲသို့ အိမ်ထောင်ကျလာကတည်းက သူတို့အိမ်မှ အသားဟင်းနံ့များ နေ့တိုင်းလိုလို လွင့်ပျံ့လာတတ်သည်။ ယနေ့ သူတို့ မည်သည့်ဟင်းချက်နေသည်ကို သူမ မသိသော်လည်း မွှေးပျံ့သော အနံ့ကြောင့် သူမ သွားရည်ကျလာရသည်။
ရှောင်ချင်းက နှုတ်ခမ်းကို သပ်ပြီး လက်ချောင်းများကို စုပ်လိုက်သည်။ "အဘွား... သား အသားစားချင်တယ်"
ချမ်လောင်ထိုက်က သူမဘေးရှိ သုံးနှစ်အရွယ် ကလေးငယ်ကို စိတ်မရှည်စွာဖြင့် တွန်းဖယ်လိုက်သည်။ "စား... စား... စား! မင်းက စားဖို့ပဲ သိတယ်! ငါတောင် အသားစားချင်နေတာကို!"
ရှောင်ချင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူက နေရာမှာတင် ထိုင်ပြီး ငိုလေတော့သည်။ "အမေ! အမေ့ဆီ သွားမယ်! အမေ!"
အိမ်ထဲတွင် ရက်ကန်းရက်နေသော သူ၏မိခင်က အမြန် ပြေးထွက်လာသည်။ "ချင်းကော... ချင်းကော... အမေ ရှိတယ်၊ အမေ ရှိတယ်"
သူမက ကလေးကို ပွေ့ချီပြီး နှစ်သိမ့်ပေးလိုက်သည်။ သုံးနှစ်အရွယ် ကလေးငယ်၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နေပြီး ရှိုက်ငိုနေရှာသည်။
ချမ်လောင်ထိုက်က သူမကို စူးစူးရဲရဲ လှမ်းကြည့်လိုက်သည်။ "နင့်ကောက ဘာများ ထူးခြားနေလို့လဲ။ မြေကြီးပေါ် လဲကျသွားရုံလေးကို။ ဘာတွေ အရေးကြီးနေတာလဲ။ အသုံးမကျတဲ့ကောင်မ! မြန်မြန် ထမင်းသွားချက်စမ်း… မဟုတ်ရင် နင့်ကို ဘယ်သူက လာကျွေးမှာလဲ"
စန်းနျန်းက ချင်းကောကို အမြန် ပွေ့ချီခေါ်သွားသည်။ ကလေးငယ်က ငိုနေဆဲဖြစ်သည်။ "အမေ... သား အသားစားချင်တယ်"
"လိမ္မာပါတယ်... အမေ ရက်ကန်းထည်တွေ ရောင်းရရင် အသားဝယ်ကျွေးမယ်နော်"
ချင်းကောမှာ အရသာရှိတာတစ်ခုခု စားချင်နေရှာသည်… သူ ကောင်းကောင်းမစားရတာ အတော်ကြာပြီဖြစ်၏။ မနီးမဝေးမှ ရနေသော အသားဟင်းနံ့က သူ့ကို ပို၍ငိုချင်လာစေသည်။ အသံကြောင့် စိတ်ရှုပ်နေသော ချမ်လောင်ထိုက်က ဟောက်လိုက်သည်။ "ငိုနေ.. ငိုနေ... ငိုနေ! နင် ဆက်ငိုနေရင် ဝံပုလွေစာကျွေးဖို့ တောင်ပေါ် ပစ်တင်လိုက်မယ်!"
ချင်းကောက သူမပြောသည့်စကားများကို နားမလည်သော်လည်း အဆူခံရသဖြင့် ပို၍ပင် အသံကျယ်ကျယ် ငိုလေတော့သည်။
သူတို့အိမ်များက နီးကပ်နေသဖြင့် ကလေးငိုသံကို လင်းယွီ သဘာဝကျကျပင် ကြားနေရသည်။ ဘယ်ကလေးကများ အသားမစားချင်ဘဲ နေမလဲ။ ကျောက်မိသားစုနှင့် အတူနေခဲ့စဉ်က သူများအိမ်မှ အသားချက်သည့် အနံ့များကြောင့် သူ မကြာခဏ ဒုက္ခရောက်ခဲ့ရသည်။ သို့သော်ငြား သူက ခင်ပွန်းအသစ် တစ်ယောက်သာ ဖြစ်သဖြင့် ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိသောကြောင့် ငြိမ်ငြိမ်လေးသာ နေလိုက်တော့သည်။
ဝေ့ချင်းရှန်က သူ့အတွေးများကို ဖတ်မိသွားသည်။ "အဲ့ဒါ ချမ်လောင်ထိုက်ရဲ့မြေးလေ…ကော တစ်ယောက်ပေါ့။ ချမ်လောင်ထိုက်က ဆက်ဆံရခက်တယ်။ သူတို့မိသားစုက တကယ်တော့ ပြည့်စုံပါတယ်။ ဒါပေမဲ့ ချွေးမဖြစ်သူက သားမမွေးဘဲ ကောမွေးလို့ဆိုပြီး အထင်သေးနေတာ"
လင်းယွီလည်း ထိုအဘွားကြီး၏ အသံကို ကြားလိုက်ရသဖြင့် ယခင်က သူ့ကို အမြဲ ရိုက်နှက်ဆဲဆိုလေ့ရှိသော ချိုက်ချွန်းဟွားကို သတိရသွားသည်။
"တစ်ပန်းကန်လောက် သွားပို့ပေးရအောင်။ အဲ့ဒီ ချင်းကောက သနားစရာလေး"
လင်းယွီ စိတ်မကောင်းဖြစ်နေသည်ကို မြင်၍သာ ဝေ့ချင်းရှန် သဘောတူလိုက်ခြင်းဖြစ်မှန်း လင်းယွီ သိသည်။ "ကျေးဇူးတင်ပါတယ်”
"ထပ်ပြီး ကျေးဇူးတင်နေဦးမယ်ဆိုရင် ကိုယ် စိတ်ဆိုးတော့မှာ" ဝေ့ချင်းရှန်က မျက်နှာထားကို တင်းလိုက်သည်။ "သွားပေးပြီးတာနဲ့ တန်းပြန်လာခဲ့။ ချမ်လောင်ထိုက်က ရောလို့ကောင်းတဲ့သူ မဟုတ်ဘူး"
"အင်း... သိပါတယ်"
လင်းယွီက ငါးသေးသေးလေး တစ်ကောင်နှင့် တို့ဟူး အနည်းငယ်ကို ပန်းကန်ထဲ ခပ်ထည့်လိုက်ပြီး ဟင်းရည် သိပ်မထည့်ခဲ့ပေ… ကလေးများ ဗိုက်ပြည့်ရန် အဖတ် ပိုလိုအပ်သည်လေ။ "ကျွန်တော် သွားလိုက်ဦးမယ်"
"အင်း... ဟင်းပေးပြီးတာနဲ့ ပြန်လာခဲ့"
လင်းယွီ ကြာနေပါက အပြောအဆိုကြမ်းသော ချမ်လောင််ထိုက်က အခွင့်ကောင်းယူ၍ အနိုင်ကျင့်မည်ကို စိုးရိမ်သဖြင့် ဝေ့ချင်းရှန်က နောက်ဆုံးအနေဖြင့် သတိပေးလိုက်သည်။