Ch 20
Viewers 4k

Chapter 20


လင်းယွီသည် ချမ်မိသားစုထံသို့ ငါးဟင်းရည်တစ်ပန်းကန် သယ်သွားခဲ့၏။ ချမ်မိသားစု၏အိမ်နှင့် သူ၏အိမ်မှာ လမ်းကြားလေးတစ်ခုသာ ခြားပြီး အလွန်နီးကပ်သည်။


သူက ပန်းကန်လုံးကိုကိုင်လျက် တံခါးဝတွင် ရပ်နေသည်။ ရိုးရိုးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို သူမြင်လိုက်ရပြီး သူမပွေ့ချီထားသော ကလေးငယ်လေးမှာပင် အစာငတ်သဖြင့် ဖြူရော်ပိန်လှီနေသည်။ လင်းယွီက တုံးကော၏ တူလေးနှစ်ယောက်ကို ပြေးသတိရသွားသည်။ ထိုကလေးငယ်နှစ်ဦးမှာ ကောင်းကောင်းစားသောက်ရပြီး ဝဖြိုးကာ ကျန်းမာသန်စွမ်းကြသည်။


သူသည် ကောတစ်ဦးဖြစ်သည့်တိုင် မိခင်ဖြစ်သူက သူ့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့သည်ကို လင်းယွီ သတိရမိသည်။


ခြံဝင်းထဲတွင် စန်းနျန်းက ရင်ခွင်ထဲမှ ရှောင်ချင်းကို ချော့မြှူနေသည်။ တံခါးဝတွင် သူစိမ်းတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ သူမ သတိထားမိသွား၏။


လင်းယွီ သတ္တိမွေးပြီး သူမကို ပြုံးပြလိုက်သည်။ "ကျွန်တော်က ချန်းရှန်ရဲ့ ခင်ပွန်းသည်ပါ။ ကလေးအတွက် စားစရာလေး နည်းနည်း လာပို့ပေးတာပါ"


သူက ဝေ့ချန်းရှန်၏ အမျိုးသားဖြစ်ကြောင်း ကြားသောအခါ စန်းနျန်း အမြန်လျှောက်လာသည်။ သူမက အပြင်ထွက်ခဲသဖြင့် လင်းယွီကို တစ်ခါမှ မမြင်ဖူးပေ၊ အိမ်နီးချင်း ဝေ့ချန်းရှန် အမျိုးသားတစ်ယောက်နှင့် အိမ်ထောင်ကျသွားသည်ကိုသာ သိထားသည်။


စန်းနျန်း၏ မျက်နှာမှာ သောကရောက်နေပုံပေါ်သော်လည်း လင်းယွီကို အားစိုက်ပြုံးပြလိုက်သေးသည်။ အနားရောက်လာသောအခါ လင်းယွီ၏ လက်ထဲတွင် ငါးဟင်းရည် တစ်ပန်းကန် ပါလာသည်ကို မြင်လိုက်ရသည်။ ဟင်းရည်ပေါ်တွင် ရွှေအိုရောင် ဆီအလွှာလေး ဝဲနေပြီး နို့နှစ်ရောင် ဟင်းရည်ထဲတွင် ငါးလေးတစ်ကောင်နှင့် တို့ဟူး အတုံးအချို့ ပါဝင်သည်… ကလေးငယ်တစ်ယောက်အတွက်တော့ လုံလောက်လှသည်။


စန်းနျန်း အလွန် ကျေးဇူးတင်မိသွားသည်။ စောစောက သူတို့ပြောနေသည်များကို ကြားသွားပြီး ကလေးအတွက် အစားအသောက် လာပို့ပေးခြင်း ဖြစ်မည်။ "ကျေးဇူးတင်ပါတယ် ချန်းရှန်ရဲ့ ခင်ပွန်းသည်ရယ်။ ကလေးက ဘာမှနားမလည်သေးလို့ပါ"


အသံကြားတော့ ချမ်လောင်ထိုက်လည်း ထွက်လာသည်။ ပန်းကန်ကိုင်ထားသူမှာ လင်းယွီဖြစ်သည်ကို မြင်လိုက်သည်နှင့် သူမ၏နှာခေါင်းက မွှေးပျံ့သောအနံ့ကို ချက်ချင်းရသွားပြီး အမြန်လျှောက်လာခဲ့၏။ "အာ... ယွီကောကိုး! စန်းနျန်း... နင် ဘာလို့ ပန်းကန် မြန်မြန်သွားမယူသေးတာလဲ၊ သူ့ကို ဧည့်ခံလေ"


ငါးဟင်းရည်က အလွန်မွှေးနေသဖြင့် ငါးကို သူမကိုယ်တိုင် စားပစ်ပြီး ကလေးကို ဟင်းရည်သာ တိုက်လိုက်မည်ဟု သူမ တွေးနေသည်။


ယောက္ခမဖြစ်သူ လာနေသည်ကို မြင်တော့ စန်းနျန်းမှာ ရွေးချယ်စရာမရှိဘဲ ရှောင်ချင်းကို ပွေ့ချီကာ ပန်းကန်သွားယူရန် ဘေးသို့ ထွက်လာခဲ့ရသည်။ အရသာရှိသော စားစရာကို မြင်တော့ ရှောင်ချင်းက လက်သေးသေးလေးကို ဆန့်တန်းလိုက်သည်။ "မေမေ... ငါးစားမယ်၊ ငါးစားမယ်"


ချမ်လောင်ထိုက်၏ မျက်လုံးထဲမှ လောဘကို လင်းယွီ သတိထားမိလိုက်သည်၊ ယခင်က သူ့ကို ဆဲဆိုနေကျ ချိုက်ချွန်းဟွား၏ အကြည့်မျိုးနှင့် တထေရာတည်းပင်။ ချမ်မိသားစုတွင် လယ်ကွက်ကောင်းကောင်း ဧကအတော်များများ ရှိသလို စန်းနျန်းကလည်း ရက်ကန်းရက်နိုင်သဖြင့် သူတို့မှာ စားနပ်ရိက္ခာ မပြတ်လပ်ကြောင်း ဝေ့ချန်းရှန် ပြောပြဖူးသည်။ အသား မကြာခဏ မစားရသည့်တိုင်အောင် သူတို့စောင့်ရှောက်ထားသော ကလေးတစ်ယောက်က ဤမျှလောက် ပိန်လှီမနေသင့်ပေ။


သူ ငါးဟင်းရည်ကို သည်အတိုင်း ထားခဲ့လိုက်လျှင် ကလေးလေး အများကြီးမစားရမည်ကို စိုးရိမ်မိသွားသည်။


"မရီး... ရှောင်ချင်းကို အောက်ချပေးလိုက်ပါလား" လင်းယွီက ဝင်ပြောလိုက်သည်။


စန်းနျန်းက ရှောင်ချင်းကို အောက်ချပေးခဲ့ပြီး ပန်းကန်နှင့် တူယူရန် အိမ်ထဲသို့ ဝင်သွားသည်။



မြေကြီးပေါ် ရောက်သည်နှင့် ရှောင်ချင်းက လင်းယွီဆီသို့ ခြေလှမ်းသွက်သွက်လေးများဖြင့် ပြေးလာသည်။ လင်းယွီ သူ့ကို ပြုံးပြပြီး ဆောင့်ကြောင့်ထိုင်ကာ လက်ယပ်ခေါ်လိုက်သည်။ "ရှောင်ချင်း... ဒီကိုလာ"


ရှောင်ချင်းက လင်းယွီနှင့် တစ်လှမ်းအကွာတွင် ရပ်သွားသည်၊ အနည်းငယ် ကြောက်နေပုံရသော်လည်း စားစရာကို စားချင်နေဆဲဖြစ်သည်။


လင်းယွီက ပန်းကန်ကို သူ့ဘက်သို့ ကမ်းပေးလိုက်သည်။ "ရှောင်ချင်း... လာလေ၊ ဦးဦး ခွံ့ကျွေးမယ်"


မွှေးပျံ့သော အနံ့၏ သွေးဆောင်မှုကို မခံနိုင်တော့ဘဲ ရှောင်ချင်း အနားရောက်လာသည်။ လင်းယွီက ပန်းကန်ကို ကိုင်ထားပြီး သူ့ကို ခွံ့ကျွေးသည်။ ယခုလို အရသာရှိတာမျိုး မစားရသည်မှာ ကြာပြီဖြစ်သဖြင့် ရှောင်ချင်းက ပန်းကန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အငမ်းမရ သောက်လေတော့သည်။


ဘေးမှ ကြည့်နေသော ချမ်လောင်ထိုက်၏ အပြုံးများ ပျောက်ကွယ်သွားသည်။ ဒီလိုဆို ကလေးက ဟင်းရည်တောင် ချန်ထားမှာ မဟုတ်ဘူး! "စန်းနျန်း! စန်းနျန်း! ပန်းကန်ယူတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ"


ရှောင်ချင်း အကုန်စားပစ်မည်ကို ချမ်လောင်ထိုက် စိုးရိမ်နေသည်၊ စန်းနျန်းက မီးဖိုချောင်၏ ကျိုးပေါက်နေသော ပြတင်းပေါက်မှတစ်ဆင့် ယောက္ခမဖြစ်သူ လောဆော်နေသည်ကို မြင်လိုက်ရသည်။ ချမ်လောင်ထိုက် အလောတကြီး ဖြစ်နေမှန်း သိသဖြင့် သူမက တမင်ပင် အချိန်နည်းနည်း ဆွဲနေလိုက်သည်။


နောက်ဆုံးတွင် စန်းနျန်း ပန်းကန်တစ်လုံးနှင့် ထွက်လာသည်။ "ချန်းရှန်ရဲ့ ခင်ပွန်းသည်... ပန်းကန်ထဲ လောင်းထည့်ပေးပါ"


လင်းယွီ သူမကို ပြုံးပြလိုက်သည်။ "မရီး.. ကျွန်တော့်ကို တူပေးပါ။ ကလေးကို ကျွန်တော်ပဲ ခွံ့ကျွေးလိုက်ပါ့မယ်။ သူက အရမ်းချစ်စရာကောင်းတာပဲ၊ ကျွန်တော် တကယ် သဘောကျသွားပြီ"


စန်းနျန်းက လင်းယွီကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်ကာ တူကို အမြန် ကမ်းပေးလိုက်သည်။


လင်းယွီက ငါးကို တူဖြင့်ညှပ်ပြီး ရှောင်ချင်းကို ခွံ့ကျွေးသည်။ ကလေးလေးက အငမ်းမရ စားနေသဖြင့် ချမ်လောင်ထိုက်က နှာမှုတ်ကာ ထွက်သွားလေသည်။ "ဒီကလေးကို ဘယ်လိုများ သွန်သင်ထားတာလဲ။ နည်းနည်းလေးမှ ယဥ်ကျေးမှု မရှိဘူး!"


စန်းနျန်းက ဘေးတွင်ရပ်ကာ လင်းယွီကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။ အကယ်၍သာ ဟင်းရည်က သူတို့ပန်းကန်ထဲ ရောက်သွားလျှင် ရှောင်ချင်း တစ်လုတ်မှ စားရမည် မဟုတ်ပေ။


"မရီး... ကလေးနာမည်က ဘယ်လိုခေါ်လဲ"


"ချင်းယန်ပါ"


"ချင်းယန်လေးက အရမ်းလိမ္မာတာပဲ"


"စန်းနျန်းလို့ပဲ ခေါ်ပါ။ အစ်မက အပြင်သိပ်မထွက်တော့ မင်းကို မမှတ်မိလိုက်ဘူး"


စန်းနျန်း စကားပြောလို့ ဆုံးသည်နှင့် ချမ်လောင်ထိုက်က လှမ်းအော်ပြန်သည်။ "စန်းနျန်း... စန်းနျန်း! ဘယ်အချိန်ရှိပြီလဲ? ဘာလို့ ထမင်းမချက်သေးတာလဲ"


"စန်းနျန်း... သွားလုပ်စရာရှိတာ လုပ်လေ။ ရှောင်ချင်းကို ကျွန်တော် ခွံ့ကျွေးလိုက်ပါ့မယ်"


နောက်ကျလျှင် ယောက္ခမဖြစ်သူ၏ ဆူပူမှုကို ခံရမည်ကို သိသဖြင့် စန်းနျန်း အမြန် ထမင်းသွားချက်ရသည်။


ကလေးလည်ပင်း အရိုးစူးမည်စိုးသဖြင့် လင်းယွီက ငါးရိုးများကို ဂရုတစိုက် ဖယ်ရှားပေးသည်။


ဝေ့ချန်းရှန်သည် သူ့ခင်ပွန်းသည်လေး ပြန်မလာသေးသည်ကို မြင်သဖြင့် အပြင်သို့ ထွက်ကြည့်သည်။ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ရှောင်ချင်းကို ခွံ့ကျွေးနေသော လင်းယွီကို သူ တွေ့လိုက်ရသည်။


လင်းယွီ ကျွေးပြီး၍ မတ်တပ်ရပ်လိုက်သည်အထိ ဝေ့ချန်းရှန် စောင့်ကြည့်နေပြီးမှ လှမ်းပြောလိုက်သည်။ "ထမင်းစားရအောင်"


"လာပြီ"


ယနေ့ လင်းယွီက ထမင်းပေါင်းချက်ထားပြီး တို့ဟူးငါးဟင်းရည် တစ်ပန်းကန်နှင့် ဝက်ဆီဖြင့် ကြော်ထားသော ရေနံနံတစ်ခွက် ပြင်ဆင်ထားသည်။


ဝေ့ချန်းရှန်က ငါးဟင်းရည်ကို ထမင်းပေါ် ဆမ်းလိုက်ရာ သူထင်ထားသည့်အတိုင်းပင် အလွန်ကောင်းမွန်သည်။ ထူးခြားသော အရသာရှိသည့် ရေနံနံရွက်ကြော်သည်ပင် ကြွပ်ရွပြီး လတ်ဆတ်နေကာ ထမင်းနှင့် အလွန် လိုက်ဖက်လှသည်။


သူတို့နှစ်ဦး စားရင်းသောက်ရင်း စကားစမြည် ပြောကြသည်။ "မင်းက ဘာလို့ ရှောင်ချင်းကို ခွံ့ကျွေးနေတာလဲ။ သူ့ကို အဲ့လောက်တောင် သဘောကျနေတာလား"


"ကျွန်တော် ငါးဟင်းရည် ယူသွားတုန်းက ချမ်လောင်ထိုက်က စားချင်နေတဲ့ပုံ ပေါက်နေတာ။ သူ ရှောင်ချင်းဆီကနေ ယူစားပစ်လိုက်မှာ စိုးလို့ ကျွန်တော်ကိုယ်တိုင် ခွံ့ကျွေးခဲ့တာ"


ဝေ့ချန်းရှန် ပြုံးလိုက်သည်၊ သူ့ခင်ပွန်းသည်လေးက အမြဲတမ်း စိတ်ထားနူးညံ့လွန်းသည်။ "အဲ့ဒါက ချမ်လောင်ထိုက် လုပ်နေကျပဲ။ ရှောင်ချင်းက ကောတစ်ယောက်ဆိုတော့ သူက သဘောမကျဘူးလေ"


သူတို့ ငါးစားလို့ပြီးသွားရာ ဝေ့ချန်းရှန်က ကျန်နေသော ဟင်းရည်ကို ထမင်းနှင့်နယ်ပြီး တာ့ဟေးနှင့် ပိုင်ရွှယ်ကို ကျွေးလိုက်သည်။


လင်းယွီ ဗိုက်အနည်းငယ် တင်းသွားသဖြင့် ခြံဝင်းထဲတွင် လမ်းနှစ်ပတ်၊ သုံးပတ်ခန့် လျှောက်ပြီးမှ အိမ်ထဲပြန်ဝင်ခဲ့သည်။


နောက်တစ်နေ့တွင် သူတို့နှစ်ဦး မနက်စာကို စောစောစားပြီး မြို့ထဲသို့ ထွက်လာခဲ့သည်။ တောဟင်းရွက်များ မလတ်ဆတ်တော့မည်ကို လင်းယွီ စိုးရိမ်သဖြင့် မိုးလင်းသည်နှင့် အစောကြီး ထွက်လာခဲ့ခြင်းဖြစ်၏။


သူတို့သည် တောကြက်လေးကောင်၊ ယုန်တစ်ကောင်နှင့် တောဟင်းရွက် ခြင်းတောင်းနှစ်လုံးကို သယ်ဆောင်လာသည်။ ဝေ့ချန်းရှန်က ခြင်းတောင်းများကို အဝတ်စုတ်တစ်ခုဖြင့် ဖုံးအုပ်လိုက်ပြီးနောက် သူတို့နှစ်ဦး မြို့ဘက်သို့ လျှောက်လာခဲ့သည်။


မနေ့က ဖမ်းမိသော တောရစ်နှစ်ကောင်မှာ ဒဏ်ရာရထားပြီး အစာကောင်းကောင်းမစားနိုင်သဖြင့် အမြန်ရောင်းထုတ်ရန် လိုအပ်သည်။ ကျန်နှစ်ကောင်မှာမူ ဝေ့ချန်းရှန်၏ မင်္ဂလာဆောင်အတွက် ချန်ထားခဲ့ခြင်းဖြစ်ပြီး အလွန်သွက်လက် လန်းဆန်းနေလေ၏။


မြို့သို့ရောက်သောအခါ စောနေသေးသည်။ ဝေ့ချန်းရှန်က ဈေးခွန်ပေးဆောင်ပြီး သစ်သားပြား(တိုကင်ပြား)တစ်ခု ယူကာ ပြန်လာခဲ့၏။ တောဟင်းရွက်များ နေမလောင်စေရန် သူတို့နှစ်ဦး အရိပ်ရသော နေရာတစ်ခုကို ရှာဖွေလိုက်သည်။


ဝေ့ချန်းရှန်က တောကြက်များကို မြေကြီးပေါ် ချထားလိုက်ပြီး လင်းယွီက အဝတ်စုတ်ကို ဖြန့်ခင်းကာ တောဟင်းရွက်များကို အမျိုးအစားအလိုက် စီစဉ်ခွဲခြားလိုက်သည်။


မကြာမီ လူတစ်ယောက်ရောက်လာပြီး တောကြက်များကို ကြည့်လေသည်။ "ဒီတောကြက်တွေ ဘယ်ဈေးလဲ"


"ဒဏ်ရာရထားတဲ့ နှစ်ကောင်က တစ်ကောင်ကို ၄၅ ဝမ်၊ ကျန်တဲ့ နှစ်ကောင်ကတော့ တစ်ကောင် ဝမ်၅၀ပါ"


"ဒီတောကြက်တွေက ဒဏ်ရာရထားတာတောင် ဈေးကြီးလိုက်တာ။ နည်းနည်း လျှော့ပေးလို့ မရဘူးလား"


"ချက်စားရင် အရသာက အတူတူပါပဲ၊ ဒဏ်ရာရထားတာက ကြည့်လို့ သိပ်မလှရုံလေးပါ။" ဝေ့ချန်းရှန်က ဈေးမလျှော့ပေးချင်ပေ။ လျှော့ပေးလိုက်လျှင် အခြားသူများသိသွားပြီး ဈေးဆစ်ကြလိမ့်မည်။ "ဒီလိုလုပ်ပါ... ခင်ဗျား ဒါတွေထဲက တစ်ကောင်ဝယ်ရင် ကျွန်တော့်ခင်ပွန်းသည်က တောဟင်းရွက် တစ်စည်း လက်ဆောင်ပေးပါလိမ့်မယ်"


ထိုလူက သဘောတူလိုက်ပြီး ကြက်အကြီးတစ်ကောင်ကို ရွေးချယ်ကာ လင်းယွီထံမှ တရုတ်သစ်ကတိုးအရွက်တစ်စည်း ယူပြီး ထွက်သွားလေသည်။


ကြက်တစ်ကောင် ရောင်းရသဖြင့် လင်းယွီ ဝမ်းသာသွားသည်။ သူ၏ ရေနံနံရွက်များကို တရုတ်သစ်ကတိုးရွက်နှင့် ဒရင်ကောက်ညွန့် စသည့် အခြားဟင်းရွက်များနှင့်အတူ သေသပ်စွာ စီရီထားသည်။ ဈေးဝယ်လာသော အမျိုးသမီးများက မြင်တွေ့သွားပြီး လာရောက်မေးမြန်းကြသည်။ စိမ်းလန်းလတ်ဆတ်နေသော ရေနံနံရွက်မှာ အလွန် ဆွဲဆောင်မှုရှိပြီး နွေဦးပေါက် ဟင်းသီးဟင်းရွက်များ မရသေးချိန်တွင် တောဟင်းရွက်စားရသည်မှာ ခံတွင်းပြောင်းစေသည်။


လင်းယွီက ဈေးအရမ်းမခေါ်ပေ… ရေနံနံရွက်တစ်စည်းကို ၂ ဝမ်၊ တရုတ်သစ်ကတိုးရွက် တစ်စည်းကို ၃ ဝမ် သာဖြစ်သည်။ လူအများအပြား လာရောက်ဝယ်ယူကြရာ ပထမဆုံးအကြိမ်အဖြစ် လူအုပ်ကြီး၏ ဝိုင်းအုံခြင်းကို ခံလိုက်ရသဖြင့် လင်းယွီမှာ စိတ်လှုပ်ရှားပြီး မျက်နှာများပင် နီရဲလာသည်။ ဝေ့ချန်းရှန်က ဘေးမှရပ်၍ ကူရောင်းပေးသည်။


အချို့က အကောင်းဆုံးအဖတ်များကို ရွေးချယ်လိုသဖြင့် မွှေနှောက်ရွေးချယ်ရန် ကြိုးစားသော်လည်း ဝေ့ချန်းရှန်က လုံးဝ မရောင်းပေးချေ။ ဤသည်ကား အလတ်ဆတ်ဆုံး တောဟင်းရွက်များဖြစ်ပြီး ရွေးချယ်ချင်တိုင်း ရွေးချယ်ဖို့တော့ မဖြစ်နိုင်ပေ။ "ဟိုဟာရွေးလိုက် ဒီဟာရွေးလိုက်နဲ့... ကောင်းတဲ့ဟင်းရွက်တွေကို မပျက်စီးစေနဲ့"


ဝေ့ချန်းရှန်၏ အကူအညီဖြင့် လင်းယွီ၏ တောဟင်းရွက်များ ချောမွေ့စွာ ရောင်းထွက်သွားပြီး တောကြက်နှင့် ယုန်များကိုလည်း လူအများအပြား လာရောက်မေးမြန်းကြသည်။ မွန်းတည့်ချိန်တွင် သူတို့ ယူလာသမျှ အကုန်နီးပါး ရောင်းကုန်သွားပြီဖြစ်သည်။


ဝေ့ချန်းရှန်၏ တောကြက်များနှင့် ယုန်အားလုံး ကုန်သွားပြီး လင်းယွီ၌လည်း တောဟင်းရွက် အနည်းငယ်သာ ကျန်တော့သည်… ဖောက်သည်များ ရွေးချယ်ချန်လှပ်ထားခဲ့သော သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခံထားရသော အရာအများစုသာဖြစ်၏။


လူအနည်းငယ်က အနီးအနားတွင် ရစ်သီရစ်သီဖြင့် ဈေးလာမေးကြသည်။ တစ်မနက်ခင်းလုံး ရောင်းပြီးနောက် လင်းယွီ စိတ်လှုပ်ရှားမနေတော့ပေ။ သူ၏ အသံမှာ တိုးညင်းနေသော်လည်း ရှင်းလင်းပြတ်သားစွာ ပြန်ဖြေနေဆဲဖြစ်သည်။


လမ်းလယ်ခေါင်တွင် ကလေးတစ်ယောက်၏ လက်ကို ဆွဲထားသော အမျိုးသမီးတစ်ဦးကို လင်းယွီ တွေ့လိုက်ရသည်။ ကလေးငယ်မှာ အထင်းသား ပင်ပန်းနေပုံရပြီး ဆက်မလျှောက်ချင်တော့ပေ၊ အရုပ်ကြိုးပြတ် ဖြစ်မတတ် ပင်ပန်းနေသော်လည်း အမျိုးသမီးဖြစ်သူမှာ အဝတ်အလိပ်များ သယ်ဆောင်လာလျက် ကလေးကို ဆက်လက် ဆွဲခေါ်လာရရှာသည်။


"စန်းနျန်း"


လင်းယွီ တိုးတိုးလေး လှမ်းခေါ်လိုက်သည်။ စန်းနျန်း လှည့်ကြည့်လိုက်ရာ လမ်းဘေးတွင် ရှိနေသော လင်းယွီနှင့် ဝေ့ချန်းရှန်တို့ကို မြင်လိုက်ရသည်။ သူမက အဝတ်လိပ်များကို ကိုင်ကာ လျှောက်လာခဲ့သည်။ "ချန်းရှန်၊ ချန်းရှန်ရဲ့ ခင်ပွန်း... ရှင်တို့နှစ်ယောက် ဒီနေ့ ဈေးလာရောင်းကြတာလား"


"ဟုတ်တယ်... ချန်းရှန် သားကောင်တချို့ လာရောင်းတာ"


စန်းနျန်း စကားနှစ်ခွန်းခန့် ပြောပြီး ထွက်သွားရန် ပြင်လိုက်သည်။ သူမ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း မည်သည့်စကားမျှ ထုတ်မပြောပေ။ သို့သော်ငြား သူမ ဆွဲထားသော ရှောင်ချင်းက ရုတ်တရက် ငိုယိုလေတော့သည်။ "မေမေ... သား ညောင်းနေပြီ။ ဆက်မလျှောက်ချင်တော့ဘူး... ဝူး ဝူး ဝူး~"


စန်းနျန်း ဆောင့်ကြောင့်ထိုင်ကာ သူ့ကို ချော့မော့ရသည်။ "ရှောင်ချင်း၊ လိမ္မာတယ်နော်။ မေမေ အဝတ်တွေ ရောင်းပြီးတာနဲ့ အိမ်ပြန်လို့ရပြီ"


"ဟင့်အင်း... ရှောင်ချင်း ဆက်မလျှောက်ချင်တော့ဘူး။ ခြေထောက်တွေ နာနေပြီ... ဝူး ဝူး ဝူး~"


ငိုနေသော ရှောင်ချင်းကို စန်းနျန်း မချော့နိုင်တော့ပေ။ လင်းယွီလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကူချော့ပေးသည်။ "မငိုနဲ့နော်... မငိုနဲ့။ ဦးဦးတို့နဲ့ ဒီမှာနေခဲ့ပြီး မေမေ ပြန်လာတာကို စောင့်နေမလား" ရှောင်ချင်းက သူ့မိခင်ကို ကြည့်လိုက်သည်။ "နေခဲ့ချင်တယ်... မေမေ"


စန်းနျန်း မျက်နှာပူသွားသည်။ "ယွီကောကို ဒုက္ခပေးရတော့မယ်။ ငါ အဝတ်တွေ ရောင်းပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"


လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကလေးတစ်ယောက်ပဲဟာ။ ဘာဒုက္ခမှ မရောက်ပါဘူး"


စန်းနျန်း ကျေးဇူးတင်စကားဆိုပြီး ထွက်သွားသည်။ အဝတ်တစ်စုံ ရက်လုပ်ပြီးတိုင်း မြို့ထဲသို့ သွားရောင်းရလေ့ရှိသော်လည်း ယောက္ခမဖြစ်သူက ကလေးကို မထိန်းပေးချင်သဖြင့် လာတိုင်း ရှောင်ချင်းကို ခေါ်လာရသည်။ သူမက အဝတ်လိပ်များကို သယ်ပြီး ကလေးလက်ကိုဆွဲကာ မြို့ထဲရောက်သည်အထိ တရွေ့ရွေ့ လမ်းလျှောက်လာရရှာသည်။


ရှောင်ချင်းက ငယ်သေးသဖြင့် သူမက တစ်လှည့်စီ ချီလိုက်၊ လမ်းလျှောက်ခိုင်းလိုက်နှင့်သာ လာရသည်။ မြို့ထဲရောက်သောအခါ ဖောက်သည်များကို လိုက်လံရှာဖွေရပြီး ရှောင်ချင်းက နောက်မှ လိုက်ရသည်။ သူ ပင်ပန်းသည်မှာ သဘာဝကျပါသည်။


ယခုတော့ သူ့ကို ကြည့်ပေးမည့်သူ ရှိသွားပြီဖြစ်၍ သူမက အဝတ်လိပ်များကို အမြန်ယူကာ ဝယ်သူရှာရန် ထွက်သွားလေတော့သည်။


လင်းယွီ ဆောင့်ကြောင့်ထိုင်ကာ ရှောင်ချင်း၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ သုံးနှစ်အရွယ် ကလေးငယ်မှာ အလွန်သေးငယ်ပြီး ပင်ပန်းလွန်းသဖြင့် အဝတ်စပေါ်တွင် ထိုင်ချကာ မလှုပ်တော့ပေ။


ဝေ့ချန်းရှန် ထရပ်ပြီး လမ်းလျှောက်ထွက်သွားသည်။ "ကိုယ် သောက်စရာ တစ်ခုခု သွားဝယ်လိုက်ဦးမယ်။ ခဏနေရင် ပြန်လာခဲ့မယ်"


လင်းယွီ ခေါင်းညိတ်လိုက်သည်။ တစ်မနက်ခင်းလုံး ရောင်းချပြီးနောက် သူတို့ ရေတစ်ပေါက်မှ မသောက်ရသေးသဖြင့် နှစ်ယောက်လုံး အနည်းငယ် ရေဆာနေကြပြီဖြစ်သည်။


လမ်းဘေးတွင် ဝေ့ချန်းရှန် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တွေ့လိုက်သည်။ လူအုပ်ထဲ လှည့်ပတ်ကြည့်ရှုနေစဉ် သူ့ဘက်သို့ လျှောက်လာနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ကျောက်ကျားကျူးလည်း သူ့ကို သတိထားမိသွားပြီး မျက်နှာခဏမျှ တောင့်တင်းသွားကာ အမြန်ရှောင်ထွက်သွားလေသည်။


ကျောက်ကျားကျူး ဆေးအချို့ သယ်လာသည်ကို ဝေ့ချန်းရှန် မြင်လိုက်ရသည်၊ ကျောက်တာ့ကျစ် အတွက် ဖြစ်လောက်သည်၊ အခြေအနေ မည်သို့ရှိနေမည်နည်းဟု သူ တွေးနေမိသည်။ ဝေ့ချန်းရှန်က စုံစမ်းရန် ဆေးဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။


သူက ကြေးပြားဆယ်ပြား ထုတ်ပြီး တရုတ်ဇီးသီး အချို့ ဝယ်လိုက်သည်။ ဆိုင်အကူ ချိန်တွယ်နေစဉ် သူက မေးလိုက်သည်။ "စောစောက ထွက်သွားတဲ့လူ... သူ ဘာဆေးလာဝယ်တာလဲ? သူက ကျွန်တော့် ဦးလေးပါ။ ကျွန်တော် အခုလေးတင် သူနဲ့ လွဲသွားလို့။ သူ ဘာဖြစ်လို့လဲ"


"ခင်ဗျားမေးတဲ့လူက သူ့သားအတွက် ဆေးလာဝယ်တာလေ။ ဒီမနက်တင် ကျုပ်တို့ဆိုင်က သမားတော်တစ်ယောက်ဆီ သူ့ကို သွားစစ်ဆေးခိုင်းလိုက်သေးတယ်။ သိရသလောက်တော့ သူက သူ့ရွာက စျေးပေါတဲ့ဆေးတွေ သွားဝယ်တိုက်တော့ သူ့သားရဲ့ အအေးမိရောဂါက ပိုဆိုးသွားတာပဲ။ အခုတော့ ပိုဆိုးနေပြီလေ။ ငွေတေးလ် အနည်းငယ်လောက် မကုန်ဘဲနဲ့တော့ သူ ကောင်းလာမှာ မဟုတ်ဘူး"


ဝေ့ချန်းရှန် တရုတ်ဇီးသီးများကို ယူပြီး ထွက်လာခဲ့၏။ ခံရတာ နည်းတောင်နည်းသေးတယ်။ အဲ့ဒီ ကျောက်တာ့ကျစ်က ဘာမှအသုံးမကျတဲ့အပြင် သူ့ခင်ပွန်းသည်ကိုတောင် အနိုင်ကျင့်ရဲသေးတယ်… သူနဲ့ထိုက်တန်တဲ့ အကျိုးဆက်ကို ရတာပဲ။


ဝေ့ချန်းရှန်က လင်းယွီကို ပြောပြရန် မရည်ရွယ်ထားပေ။ သူက သကြားရည် နှစ်ခွက်နှင့် ပေါက်စီအချို့ ဝယ်ပြီး ပြန်လာခဲ့သည်။