Chapter 11
Viewers 342

အခန်း (၁၁) - ချို့ယွင်းနေသော စနစ်

 

 

 

“မင်းကြားတာ အမှန်ပဲ… အဲဒါက မင်းပဲ၊ ငါ ဒီလှောင်အိမ်ထဲ မပိတ်ခံရသေးခင်က လျှို့ဝှက်ပြီးတော့ အချက်ပြလှိုင်းတွေကို စမ်းသပ်နေတုန်း သူတို့လက်ခံရရှိတဲ့ အမိန့်ကို တိုက်တိုက်ဆိုင်ဆိုင်ရှာတွေ့သွားတာ ၊ အချက်ပြလှိုင်းရဲ့ မူလအစက မင်းဆီကပဲ…  ငါသာ မျက်စိကန်းနေတာမဟုတ်ရင် လုံးဝမမှားနိုင်ဘူး”

 

 

 

ရွှေကျီးငှက်သည် မျက်နှာအမူအရာ ပြောင်းသွားပြီး ချူစစ်၏ မျက်နှာကို ခေတ္တစိုက်ကြည့်ကာ ပြောလိုက်သည်။

 

 

 

“ဒါပေမယ့် မင်းရဲ့မျက်နှာအမူအရာကို ကြည့်ပြီးတော့ ငါအဲဒီတုန်းက တကယ်ပဲ မျက်စိကန်းနေခဲ့တာလားလို့ တွေးမိတယ်”

 

 

 

ချူစစ် ဤထူးဆန်းသည့် အခြေအနေအကြောင်းကို စိတ်အတွင်း၌ပင် တွေးနေလျက် ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်သည်။ 

 

 

 

“သိသာနေတာပဲ”

 

 

 

ရွှေကျီးငှက် :  “...ဟင့်အင်း ငါက ဒီတိုင်း ရိုင်းရာမကျအောင် ပြောလိုက်တာ”

 

 

 

ချူစစ် :  “ရပါတယ်”

 

 

 

ရွှေကျီးငှက် : “...”

 

 

 

သူသည် ခေါင်းလှည့်လိုက်ပြီး သေနေသော ခွေးတစ်ကောင်ကဲ့သို့ သူ၏လှောင်အိမ် အောက်ခြေသို့ ဝင်သွားကာ ချူစစ်နှင့် ထပ်မံ၍ စကားမပြောလိုတော့ဟန်ရှိသည်။

 

 

 

ဆာအာ့ယန်ကိုယ်တိုင်လည်း ချူစစ်ကြောင့် မကြာခဏ စိတ်ညစ်ရသော်လည်း အခြားသူများ စိတ်ညစ်ရသည်ကို ကြည့်ရှုရ၍ ပျော်ရွှင်နေသည်။ သူသည် ရယ်မောကာ စကားဆက်ပြောသည်။ 

 

 

 

“အချစ်ရေ… ကိုယ့်မှာ အကြံပြုချက်တစ်ခု ရှိတယ်”

 

 

 

“ဘာအကြံပြုချက်လဲ?” 

 

 

 

ချူစစ်က လှည့်ပြီး မေးလိုက်သည်။

 

 

 

ဆာအာ့ယန် ခေါင်းပေါ်သို့ ညွှန်ပြလိုက်သည်။

 

 

 

သူ မှီနေသော စားပွဲသည် ထမင်းစားခန်းထောင့်နားတွင် ရှိပြီး သူ့ခေါင်းပေါ်ရှိ နံရံထောင့်၌ ဆန်စေ့အရွယ်ခန့် အနီရောင်အလင်းများ ထွက်နေကာ စက္ကန့်အနည်းငယ်တိုင်းတွင် မှိတ်တုတ်မှိတ်တုတ်လေးဖြစ်နေသည်။ ဤသို့အနီရောင်အလင်းလေးများသည် အာကာသထောင်တစ်ခုလုံး၌ နေရာတိုင်းလိုလိုတွင် ရှိနေတတ်သည်။ ၎င်းတို့သည် ထောင်ရှိဉာဏ်ရည်တုစနစ်၏ မှတ်တမ်းတင်ကိရိယာများဖြစ်ပြီး သာမန်ကင်မရာစောင့်ကြည့်ရေးစနစ်များနှင့် အနည်းငယ်ဆင်တူသော်လည်း ယင်းတို့ထက် များစွာ ပိုမိုပြည့်စုံပေသည်။

 

 

 

၎င်းသည် မြင်ကွင်းတစ်ခုတည်းကိုသာမက အပူချိန်၊ စိုထိုင်းဆနှင့် ရိုးရိုးကင်မရာများ မဖမ်းမိနိုင်သော အရာအားလုံး (ဆက်သွယ်ရေးအချက်ပြလှိုင်းများ အပါအဝင်)ကိုပါ မှတ်တမ်းတင်နိုင်ပြီး ရိုးရှင်းသည့် ဆန်းစစ်လေ့လာမှုများကိုပါ လုပ်ဆောင်နိုင်သည်။

 

 

 

သို့သော် ဆန်းစစ်လေ့လာမှု၏ တိကျမှန်ကန်မှုနှင့် စနစ်ကျမှုသည် ဉာဏ်ရည်တုစနစ်၏ အဆင့်အတန်းပေါ် မူတည်၍ ကွဲပြားသည်။

 

 

 

လက်ရှိနည်းပညာဖြင့် ဤကိရိယာကို ဝှက်ထားလိုသည့် မည်သည့်အရာမဆို အပြည့်အဝ ပေါင်းစပ်ကာ လုံးဝမြင်နိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည်။ သို့သော် အာကာသထောင်ရှိ ကိရိယာ ၁၃၈ ခုလုံးအား တမင်တကာ သိသာထင်ရှားစွာ ပြုလုပ်ထားသည်။

 

 

 

အဓိကအကြောင်းရင်းသည် ထောင်သားများတွင် ဦးနှောက်မှ အရိုးထဲအထိ ပြဿနာရှိနေသောကြောင့်ဖြစ်သည်။

 

 

 

အာကာသထောင်အား စတင်တည်ဆောက်စဉ်က ဒီဇိုင်နာသည် ထောင်သားများ၏ စိတ်သဘောထားကို နားမလည်ခဲ့သဖြင့် စောင့်ကြည့်ရေးကိရိယာများကို တတ်နိုင်သမျှ ဝှက်ထားခဲ့သည်။ ရလဒ်အနေဖြင့် ထိုစိတ်မနှံ့သူများသည် ရူးသွပ်သည့်အရာများ လုပ်ဆောင်ခြင်းကို ရပ်တန့်ကာ ထောင်တစ်ခုလုံးရှိ နေရာတိုင်းအား နှောင့်ယှက်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။ မြေမြှုပ်မိုင်းရှင်းသမားများကဲ့သို့ စိတ်ဓာတ်ဖြင့် ကိရိယာအားလုံးကို တစ်ခုမျှ မကျန်ရစ်စေရန် ဆုံးဖြတ်ကာ အပြည့်အစုံ ရှာဖွေမှုပြုလုပ်ခဲ့ကြသည်။

 

 

 

တစ်ခုသည် ဤနေရာတွင် ဖျက်ဆီးခံရပြီးသည်နှင့် နောက်တစ်ခုသည် ထိုနေရာတွင် တပ်ဆင်ခံရသည်။ တစ်ခုသည် ထိုနေရာတွင် တပ်ဆင်ခံရပြီးသည်နှင့် နောက်တစ်ခုသည်လည်း ဤနေရာတွင် ဖျက်ဆီးခံရသည်။

 

 

 

ဤသို့နှင့် အတွေ့အကြုံအပေါ် အခြေခံသော ဗျူဟာများကို တစ်ခုပြီးတစ်ခု စုစည်းခဲ့ကြပြီး လုပ်ငန်းကွင်းဆက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

 

 

 

တစ်ဖက်နှင့်တစ်ဖက် နှစ်ပေါင်း ငါးဆယ်ကြာ ညှဉ်းပန်းနှိပ်စက်ပြီးနောက် ဒီဇိုင်းအဖွဲ့သည် နောက်ဆုံးတွင် လက်လျှော့ခဲ့ပြီး အခြားဗျူဟာတစ်ခုသို့ ပြောင်းလဲခဲ့သည်—။

 

 

 

သူတို့သည် ကိရိယာတစ်ခုစီတိုင်းကို ရှာဖွေရေးမီးချောင်းကဲ့သို့ ထင်ရှားစေပြီး ထောင့်တိုင်းတွင် တပ်ဆင်ကာ တစ်ရက် ၂၄ နာရီ မရပ်မနားပင် အနီရောင်မှိတ်တုတ်မှိတ်တုတ် လင်းစေခဲ့သည်။ ပြောချင်သည်မှာ- လာပါ၊ လာပါ၊ ငါ့ကိုတိုက်ခိုက်ပါ!ဟူ၍

 

 

 

ဤကဲ့သို့သော စျေးပေါသည့် နည်းဗျူဟာသည် ထောင်သားများ၏ စိတ်နှလုံးကို မယုံနိုင်လောက်အောင် သက်သာရာရစေခဲ့သည်။

 

 

 

စိန်ခေါ်မှုအဆင့်သည် နိမ့်လွန်းသည်ဟု သူတို့ယူဆသောကြောင့် ဖြစ်နိုင်သည်။ ထောင်သားများသည် ရုတ်တရက်ပင် စောင့်ကြည့်ရေးကိရိယာများကို ဖျက်ဆီးရန် စိတ်ဝင်စားမှုပျောက်ဆုံးသွားခဲ့သည်။ တစ်ခါတရံတွင်သာ သူတို့သည် ကိရိယာကို လက်ခလယ်ထောင်ပြပြီး အခြားအရာများလုပ်ရန် သွားကြသည်။

 

 

 

 

ထိုအရာကြောင့်ပင် ဤကိရိယာများသည် ဤမျှကြာရှည်စွာ လွတ်မြောက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

 

 

 

ဆာအာ့ယန်၏ သတိပေးချက်ပြီးမှသာ ချူစစ်သည် နေရာတိုင်းရှိ ဤသေးငယ်သည့် ကိရိယာများကို သတိရလာခဲ့သည်။

 

 

 

သူသည် ချက်ချင်းပင် ရွှေကျီးငှက်ကို လှောင်အိမ်ထဲတွင် ထားရစ်ခဲ့ပြီး ထမင်းစားခန်း၏အခြားဘက်ခြမ်းရှိ တံခါးထံသို့ လျှောက်သွားခဲ့သည်။ ထိုတံခါးမှတစ်ဆင့် နံပါတ် ၂ စောင့်ကြည့်ရေးဗဟိုဌာနသို့ ရောက်ရှိသည်။

 

 

 

ဤချပ်ပြားနှင့် ကျန်အပိုင်းများ ဆက်သွယ်ထားသော နေရာသည် ၎င်းတို့၏ အနေအထားအရ မြောက်ဘက်ခြမ်းတွင် ရှိပြီး ထိုထဲတွင် အဓိကအပိုင်းမှာ နံပါတ် ၂ စောင့်ကြည့်ရေးဗဟိုဌာန ဖြစ်သည်။ ချပ်ပြားကြားဖြတ်ခံရစဉ်က စောင့်ကြည့်ရေးဗဟိုဌာနသည် လေဆင်နှာမောင်းတိုက်ခံရသကဲ့သို့  နံရံတစ်ခုလုံး ကွေးညွှတ်နေခဲ့သည်။

 

 

 

သတ္တုနံရံသည် ပေါက်မထွက်သွားသော်လည်း အတွင်းဘက်သို့ ဖောင်းကြွလာကာ ထိန်းချုပ်ရေးပုံးတစ်ခုကို ဖိမိနေခဲ့သည်။

 

 

 

၎င်းသည် ကံအားလျော်စွာဖြင့်ပင် ဉာဏ်ရည်တုစနစ် လုပ်ဆောင်ရေးယူနစ် ပါရှိသောအပိုင်း ဖြစ်နေခဲ့သည်။

 

 

 

ဆာအာ့ယန်သည် ချူစစ်နောက်မှ ဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် လေချွန်ကာ ပြောလိုက်သည်။

 

 

 

“သူတို့က ဖောက်ခွဲဖို့ နေရာရွေးချယ်တာ တကယ်ကျွမ်းကျင်တာပဲ”

 

 

 

ချူစစ် ထိန်းချုပ်ရေးစားပွဲကို ချောမောစွာ ပြန်မတ်လိုက်ပြီး ပေါက်ကွဲထွက်သွားသည့် ချိတ်ဆက်ပိုင်းအား ပြန်တပ်လိုက်ကာ နောက်သို့မကြည့်ဘဲ ပြောလိုက်သည်။

 

 

 

“ကျေးဇူးပြုပြီးတော့ မဆိုင်တဲ့သူတွေက ငါနဲ့ ဝေးဝေးနေပါ”

 

 

 

“ငါ မေ့သွားတာပဲ… ငါတို့ရဲ့အုပ်ချုပ်ရေးမှူးက အရှုပ်တွေကို သိပ်မကြိုက်ဘူး၊ ဒါကြောင့် သူ့စိတ်အခြေအနေက အခုသိပ်မကောင်းဘူးဆိုတာ သေချာတယ်” 

 

 

 

ဆာအာ့ယန်က မျက်နှာပေါ်တွင် ကျိုးကြောင်းဆီလျော်သော အကြည့်ဖြင့် နောက်သို့လှည့်ကာ နောက်မှလိုက်လာသူ နှစ်ဦးကို မျက်ခုံးပင့်ပြလိုက်သည်။ 

 

 

 

“မဆိုင်သူတဲ့သူတွေ ဘာလို့ ထွက်မသွားကြသေးတာလဲ? ဒီနေ့အတွက် မင်းတို့မှာ လုပ်စရာမရှိတော့ဘူး”

 

 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : “...” 

 

 

 

‘ငါ့မှာ အရှက်မရှိတဲ့ စကားတစ်ခွန်းပြောစရာ ရှိတယ်၊ ပြောရမလား မပြောရမလား မသိဘူး’

 

 

 

သူ ဆဲချင်စိတ်ပေါက်သွားသော်လည်း သူ့ရှေ့မှလူသည် မည်သူဆိုသည်အား သတိရသွားသောအခါ လည်ချောင်းခြောက်သွားပြီး ခက်ခဲစွာပင် စကားသံပြောင်းလိုက်သည်။ 

 

 

 

“ကျွန်တော်... ဒီအတိုင်းပဲ ရပ်နေမယ်၊ စကားမပြောဘူး၊ ဒုက္ခမပေးဘူး၊ အပြင်ကိုတော့ မထုတ်ပါနဲ့… အပြင်မှာ ဝံပုလွေတွေ အများကြီးရှိတယ်”

 

 

 

ဆာအာ့ယန်သည် ချူစစ်ထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်ပြီး မျက်လုံးစွေကာ သူ့အား ကြည့်နေစဉ် သူ၏ဟန်ပန်သည် အလွန်ပင် ပျင်းရိထိုင်းမှိုင်းပြီး မောက်မာလျက်ရှိသည်။

 

 

 

“ငါက သနားလို့ သတိပေးတာပါ… အနည်းဆုံးတော့ အပြင်က လူတွေကို လှောင်အိမ်တွေနဲ့ ပိတ်ထားတယ်၊ ဒါပေမယ့် မင်းရှေ့က ဒီလူကတော့ ထောင်ကထွက်လာတဲ့သူ… ဘာကန့်သတ်ချက်မှ မရှိဘူး”

 

 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : “...”

 

 

 

ထို့နောက် သူသည် စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြီး ပြေးသွားလေသည်။

 

 

 

ဆာအာ့ယန် ကျေနပ်သဘောကျစွာဖြင့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ ထွက်ပြေးသွားသည့်ပုံကို ကြည့်လျက် ကျေနပ်သဘောကျကာ ကလေးကို ဆွဲကိုင်လိုက်ပြီး အပြင်သို့ထုတ်ကာ မြန်ဆန်စွာပင် တံခါးကို ‘ဘန်း’ဆိုသော အသံဖြင့် ပိတ်လိုက်တော့သည်။

 

 

 

ချူစစ်က အေးစက်စက်ဖြင့် စကားပြောသည်။ 

 

 

 

“ဆာအာ့ယန်… မင်းကို လေးစားစွာ ပြောရမယ်ဆိုရင် ငါ့ဘဝတစ်လျှောက်လုံး မင်းလို အရှက်မရှိတဲ့လူကို မတွေ့ဖူးဘူး”

 

 

 

ဆာအာ့ယန်က မျက်ခုံးပင့်ပြီး ဆိုလိုက်သည် :

 

 

 

“ငါတော့ တစ်ယောက်တွေ့ဖူးတယ်”

 

 

 

ချူစစ် မရည်ရွယ်ဘဲ ပြန်မေးလိုက်မိသည်။

 

 

 

“ဘယ်သူလဲ”

 

 

 

သို့သော် ဆာအာ့ယန် စကားမစမီမှာပင် ချူစစ်က သဘောပေါက်သွားပြီး အချိန်မီ စကားပြောခြင်းကို ရပ်လိုက်သည်။

 

 

 

“မင်းပါးစပ်ပိတ်ထားလိုက်တာ ပိုကောင်းမယ်”

 

 

 

ဆာအာ့ယန်က ရယ်လိုက်သည်။

 

 

 

ချူစစ်သည် မျက်မှောင်ကြုတ်လျက် ပိုက်စနစ်ကို ချိတ်ဆက်လျက် ပင့်ကူမျှင်များကဲ့သို့ ရှုပ်ထွေးနေသော ဝိုင်ယာကြိုးများအတွင်းမှ ကျိုးပဲ့နေသည့် တစ်ခုကို ရှာတွေ့သွားသည်။

 

 

 

၎င်း၏ တည်နေရာသည် နံရံနှင့် အလွန်နီးကပ်နေသောကြောင့် ဗုံးကျဲခံရသည့် အချိန်တွင် တိုက်ရိုက်အရည်ပျော်သွားကာ ကျိုးပဲ့နေသော အတွင်းသားတွင် ဆံခြည်မျှင်များကဲ့သို့ ပါးလွှာသော ချိတ်ဆက်မျှင်များ ရာကျော်နီးပါးကို မြင်တွေ့ရသည်။

 

 

 

အုပ်ချုပ်ရေးမှူးချူစစ်သည် ဤချိတ်ဆက်မျှင် ရာကျော်အား အေးဆေးတည်ငြိမ်စွာဖြင့် စက္ကန့်ပိုင်းမျှကြည့်ပြီးနောက် စိတ်မဝင်စားဘဲ မျက်လုံးလှိမ့်ကာ ကျိုးပဲ့နေသော ဝိုင်ယာကြိုးကို ကောင်တာပေါ်သို့ ပြန်ပစ်လိုက်သည်။

 

 

 

ဤကဲ့သို့ ပြင်ဆင်မှုမျိုးအား သူ အစဥ်အမြဲ မကျွမ်းကျင်ခဲ့ပေ။ ဤနေရာတွင် အေးအေးဆေးဆေး ထိုင်ပြီး ပိုက်ဆက်၍ ချပ်ပြားမှ အချက်အလက်များကို ကိုင်တွယ်ရမည့်အစား မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သည့် ပဋိရုပ်ဒြပ်စင် သိုလှောင်ခန်းအတွင်းတွင် လှည့်လည်နေရခြင်းအား ပို၍နှစ်သက်ပေသည်။

 

 

 

 

အုပ်ချုပ်ရေးမှူးချူစစ်သည် လက်နှစ်ဖက်ကို ကောင်တာပေါ်တွင် ထောက်၍ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ယဉ်ကျေးသိမ်မွေ့သော အပြုံးတစ်ခုကို မျက်နှာထက်၌ ဖော်ပြလိုက်ကာ ဆာအာ့ယန်ထံသို့ လှည့်ပြီး ပြောလိုက်သည်။ 

 

 

 

“ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်လား?”

 

 

 

သူစကားပြောသည့်အခါ လက်နှစ်ဖက်စလုံးအား ကောင်တာပေါ်တွင် ထောက်ထားပြီး ကျောကို အနားသတ်၌မှီကာ ရှည်လျားဖြောင့်တန်းသော ခြေထောက်များကို အနည်းငယ် ကွေးထားသည်။ ထိုအပြုံးရိပ်နှင့်အတူ သူသည် ကြော့ရှင်းပြီး သက်တောင့်သက်သာရှိသူအဖြစ် ပေါ်လွင်နေသည်။

 

 

 

ဆာအာ့ယန်က သူ့နှုတ်ခမ်းပေါ်သို့ လက်ချောင်းတစ်ချောင်းတင်ကာ ဆိုလိုက်သည်။ 

 

 

 

“ယဉ်ကျေးချင်ယောင်ဆောင်မနေပါနဲ့… ဂြိုဟ်ပေါက်ကွဲပြီးတော့ အချိန်စီးဆင်းမှု မညီမျှတာကို ထည့်မတွက်ရင် ငါတို့ သိကျွမ်းခဲ့တာ ၄၅ နှစ်၊ ၇ လနဲ့ ၃ ရက်ရှိပြီ၊ မင်း ဘာစဉ်းစားနေလဲဆိုတာကို ငါ ချက်ချင်းမြင်နိုင်တယ်၊ ဘာလို့ တည့်တိုးမပြောတာလဲ?”

 

 

 

ချူစစ်သည် ဤတစ်ကြိမ်တွင် အမှန်တကယ် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ ဆာအာ့ယန်က သူတို့သိကျွမ်းခဲ့သည့် ရက်အထိ တိတိကျကျ ပြောနိုင်မည်ဟု သူ မည်သည့်အခါမျှ မစဥ်းစားဖူးခဲ့ပေ။ သူ အံ့အားသင့်နေမိသောကြောင့် ဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ရာအား အမှန်တကယ် လိုချင်နေသောကြောင့် ဖြစ်စေ ခေါင်းမာလွန်းသည့် အုပ်ချုပ်ရေးမှူးချူစစ်သည် နှုတ်ခမ်းကိုစူပြီး ပထမဆုံးအကြိမ်အဖြစ် ဝေ့ဝိုက်ခြင်းမရှိဘဲ ပြောလိုက်သည်။

 

 

 

“ကြိုးတစ်ချောင်း ပေါက်ကွဲသွားတယ်… မှားယွင်းတဲ့ အမျှင်တွေ ချိတ်ဆက်မိနေတယ်”

 

 

 

မှားယွင်းသော အမျှင်တစ်ချောင်းတည်း ချိတ်ဆက်မိရုံမျှနှင့် ဉာဏ်ရည်တုစနစ်သည် ပုံမှန်အလုပ်လုပ်နိုင်မည် မဟုတ်ပါ။

 

 

 

အကယ်၍ အားလုံးကို သူကိုယ်တိုင် ပြန်ပြင်ရမယ်ဆိုလျှင် စကြဝဠာပျက်သုဉ်းသည့်တိုင် ဤနေရာတွင် နေရမည်ဖြစ်သည်။

 

 

 

ဆာအာ့ယန်သည် ကျေနပ်ဖွယ်ရာ ပြုံးလျက် ချူစစ်ထံသို့ မေးငေါ့ပြီး လှောင်ပြောင်ကာ ပြောလိုက်သည်။

 

 

 

“ပုံမှန်ဆိုရင်တော့ ငါက အခြားလူကို ဒူးထောက်ပြီး ငါ့ကိုပြောခိုင်းတယ်”

 

 

 

ချူစစ်ကလည်း ကျေနပ်စွာ ပြုံးလျက် ပြန်ပြောသည်။

 

 

 

“ပုံမှန်ဆိုရင် ငါက သင်္ချိုင်းသွားတဲ့အခါကျမှ ဒူးထောက်တယ်၊ ပြီးတော့ ဒူးတစ်ဖက်တည်းနဲ့”

 

 

 

“ဒူးတစ်ဖက်တည်းထောက်တာက လက်ထပ်ဖို့ကမ်းလှမ်းတဲ့အခါ ပိုသင့်တော်တယ်” 

 

 

 

ဆာအာ့ယန်က ဆိုသည်။

 

 

 

ချူစစ်က ပြောသည်။

 

 

 

“ဒူးတစ်ဖက်ထောက်တာက ငါ လက်ဆောင်တွေကို ထားဖို့လေ” 

 

 

 

ဆာအာ့ယန် : “...”

 

 

 

အခြေအတင်ငြင်းခုံမှု နောက်တစ်ကြိမ် စတင်ခဲ့သော်လည်း ဆာအာ့ယန်က ချဉ်းကပ်လာခဲ့သည်။ ရှားရှားပါးပါး အားနည်း‌နေသည့်အချိန်တွင် ချူစစ်သည် ရိုးသားစွာပင် ဘေးဖယ်လိုက်ပြီး ဆာအာ့ယန်ဘေး၌ မှီကာ သူ၏လက်ချောင်းများက ပေါင်းစပ်နေသော ဝိုင်ယာကြိုးများအား ရွေးထုတ်နေပုံကို ကြည့်ရှုနေခဲ့သည်။

 

 

 

ဆာအာ့ယန်၏ လက်ချောင်းများသည် ရှည်လျားပြီး လှပကာ သိမ်မွေ့နူးညံ့သော ဝိုင်ယာမျှင်များကို ကိုင်တွယ်ရာတွင် စန္ဒယားတီးနေသကဲ့သို့ ကျွမ်းကျင်လှပသည်။

 

 

 

အမှန်တွင် အာကာသထောင်၏ နံပါတ်တစ် အကြမ်းဖက်သမား ဆာအာ့ယန်သည် စန္ဒယားအမှန်တကယ်တီးနိုင်ခြင်းကို မည်သူမျှ မယုံကြည်ကြပေ။  ထိုကဲ့သို့သော အရာကို မြင်ဖူးသူ အနည်းငယ်သာ ရှိပြီး ဖြစ်နိုင်ခြေမှာ ချူစစ်တစ်ဦးတည်းသာ ဖြစ်နိုင်သည်။

 

 

 

၎င်းမှာလည်း မတော်တဆ ကြားရခြင်းသာ ဖြစ်သည်။

 

 

 

သို့သော် ထိုအဖြစ်အပျက်သည် လင်းယုန်ဖြူ စောင့်ရှောက်ရေးစင်တာတွင် နှစ်ပေါင်း လေးဆယ်ကျော်က ဖြစ်ပျက်ခဲ့ပြီး ရေခဲအအေးခန်းအတွင်း အိပ်စက်ခဲ့ရသည့် နှစ်ပေါင်း ငါးဆယ်ကိုပါ ပေါင်းလိုက်လျှင် နှစ်ပေါင်း တစ်ရာနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

 

 

 

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ရာ ကုန်လွန်ခဲ့လေပြီ ။

 

 

 

ဆာအာ့ယန်သည် ထိုဝိုင်ယာမျှင်များကို စနစ်တကျ ခွဲခြားသိမ်းဆည်းနေပြီး အာရုံစိုက်ထားပုံရသည်။ သူ၏ ဖြူဖပ်ဖြူရော်ဖြင့် ဖန်သားပြင်ကဲ့သို့ ဖြူစင်နေသော မျက်လုံးများသည် လှုပ်ရှားခြင်းမရှိဘဲ မျက်ခွံများသည် အနည်းငယ် ကျဆင်းလျက် ရှိသည်။ သူသည် အလွန်အေးချမ်းသောမြင်ကွင်းတွင် တည်ငြိမ်ပြီး အတွင်းသီးသန့်ခံစားမှုရှိသည့် စရိုက်လက္ခဏာကိုပင် သရုပ်ဖော်နေသည်။

 

 

 

တစ်စက္ကန့်အကြာတွင် သူသည် ကောင်တာပေါ်သို့ မှီလျက် မျက်ခွံများကို မြှင့်တင်ကာ ချူစစ်ဘက်သို့ ကြည့်ရှုလာပြီး နှုတ်ခမ်းထောင့်များကို အနည်းငယ် မြှင့်တင်ရင်း ပြောလိုက်သည်။ 

 

 

 

“ပွင့်ပွင့်လင်းလင်းပြောရရင် ငါကတော့ မင်းကို တစ်ခါတလေ…”

 

 

 

သူသည် ရုတ်တရက် ပခုံးတစ်ချက်တွန့်ပြီး ကျိုးနေသော ဝိုင်ယာကြိုးကို ဆက်ချိတ်ရန် မျက်လုံးများကို ပြန်ချလိုက်သည်။ 

 

 

 

“ပြီးပြီ… မင်းက ရှားရှားပါးပါး လူကို မစော်ကားတဲ့အချိန် ဖြစ်‌နေတဲ့အတွက် အုပ်ချုပ်ရေးမှူးကြီး… မင်းကို ငါမလှောင်တော့ဘူး”

 

 

 

ချူစစ်က သံသယဖြင့် မေးလိုက်သည်။

 

 

 

 

“မင်းက ငါ့ကို ဘယ်လိုထင်တာလဲ?”

 

 

 

နောက်ဆုံးအမျှင် ပြီးတော့မည့်အချိန်ဖြစ်ပြီး ကြိုးတစ်ခုလုံးကို အပြင်ဘက်အခွံဖြင့် နှစ်ခါလှည့်၍ အားဖြည့်လိုက်သည်။ ဆာအာ့ယန်သည် ပျင်းရိစွာဖြင့် ကြိုး၏အစွန်းကို ကိုင်ယူပြီး ပျက်စီး‌နေသောလူငယ်တစ်ဦးကဲ့သို့ သူ၏နှုတ်ခမ်းထောင့်အား ထိကပ်ကာ ချူစစ်ထံ လက်ဆင့်ကမ်းလိုက်သည်။

 

 

 

“ဟေ့… ချစ်ရတဲ့ အုပ်ချုပ်ရေးမှူးကြီး၊ မင်းကို အနမ်းပေးလိုက်မယ်”

 

 

 

ချူစစ် : “...”

 

 

 

စကားလုံးများကို ချန်ခဲ့ပြီး အဓိပ္ပာယ်များကို ဝေ့ဝိုက်စွာ ပြောရင်းထွက်သွားသည့် ဤစိတ်မမှန်သည့်သူကို အကျဉ်းခန်းထဲ ထည့်ကာ တစ်ညလုံး လျှပ်စစ်ဓာတ်လိုက် ခံခိုင်းသင့်သည်။

 

 

 

ချူစစ်က ဝိုင်ယာကြိုးကို ဆွဲယူပြီး မှန်ကန်သည့် အပိုင်းအတွင်းသို့ ထိုးသွင်းလိုက်သည်။

 

 

 

ဒင်—

 

 

 

“အာကာသထောင် ဉာဏ်ရည်တုစနစ် SkyEye မှ ဝန်ဆောင်မှုများ ဆက်-ဆက်-ဆက်- ဆက်တင်ပြပါမည်”

 

 

 

ချူစစ် : “...” 

 

 

 

‘ဒီလိုပျက်စီးနေပြီး စကားလုံးတွေထစ်နေတဲ့ စက်က တကယ် အလုပ်လုပ်နိုင်သေးလား’

 

 

 

သူ့နှုတ်ခမ်းထောင့်သည် တုန်‌နေပြီး ထိန်းချုပ်ပြားပေါ်မှ ခလုတ်အချို့ကို နှိပ်ကာ ညွှန်ကြားချက်ပေးရန် ကြိုးစားလိုက်သည်။ 

 

 

 

“ဂြိုဟ်ပေါက်ကွဲတဲ့နေ့ရဲ့ မှတ်တမ်းရှိသေးလား? အဲဒါကို ပြပေးပါ”

 

 

 

“အိုကေ… ဒေတာဘေ့စ် ရှာဖွေရန် ၃ စက္ကန့်ခန့် ကြာမြင့်ပါမည်၊ နောက်ပြန်ရေတွက်ခြင်း- ၃—၂—၂—?”

 

 

 

ချူစစ် : “...” 

 

 

 

‘ဒါက ၂ ကို နောက်ရာစုထိ တောက်လျှောက်ရေတွက်နေမှာလား?’

 

 

 

ဆာအာ့ယန် မျက်ခုံးပင့်ပြီး ဉာဏ်ရည်တုစနစ်ဗဟိုဦးနှောက်၏ အခွံကို ရိုက်လိုက်သည်။

 

 

 

“အိုး—၂— ၁— အချက်အလက်ထုတ်ယူမှု ပြီးဆုံး”

 

 

 

ချူစစ် : “...”

 

 

 

‘သူပြောချင်တာက- မေ့လိုက်တော့ မင်းစကားညပ်နေတာက ငါ့အသည်းကို နာကျင်စေတယ်’

 

 

 

သို့ပေသည့် နောက်တစ်ချက်တွင် ဖော်ပြလာသည့် ဖန်သားပြင်နှင့် ဘေးရှိ စာသားမှတ်တမ်းအချက်အလက်များက သူ့မျက်နှာကို မှိုင်သွားစေသည်—။

 

 

 

SkyEye စနစ်၏ ပထမဆုံး ဗီဒီယိုမှတ်တမ်းသည် ဆက်သွယ်ရေးလမ်းကြောင်းက ညွှန်ကြားချက်စာအား လက်ခံရရှိခဲ့သော အခိုက်အတန့်ဖြစ်သည်။ ညွှန်ကြားချက်စာ၏ တိုတောင်းသည့် လျှို့ဝှက်ကုဒ်ကို ထပ်တူပြု အာကာသမြေပုံ 50001 ပေါ်တွင် မြင်တွေ့နိုင်သည်။

 

 

 

၎င်း၏ အရင်းအမြစ်ကို ထင်ရှားသော အနီရောင်ဖြင့် အမှတ်အသားပြုထားသည်။

 

 

 

50001 သည် ချူစစ် ပိုင်ဆိုင်သော အများဆိုင်ရာဆက်သွယ်ရေးလိုင်း၏ တိုတောင်းသော လက္ခဏာသင်္ကေတဖြစ်ပြီး လုံခြုံရေးအဆောက်အအုံအမှတ် ၅ ရှိ ဌာနခွဲတစ်ခု၏ ဦးဆောင်သူကို ကိုယ်စားပြုသည်။

 

 

 

ဤအနီရောင် အမှတ်အသားသည် ချူစစ်၏ သီးသန့် အချက်ပြအရင်းအမြစ် အမှတ်အသားဖြစ်သည်။

 

 

 

 

 

 

 

မှတ်ချက် - ဝတ္ထုထဲက အချိန်နှုန်းနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေသူများအတွက်:

 

 

 

ဤဝတ္ထုထဲရှိ လူသားများသည် နှစ်ပေါင်း ၂၀၀ အထိ ရှင်သန်ကြပါသည်။ ကျွန်ုပ်တို့ သတ်မှတ်ထားသည့် တစ်နှစ်သည် သူတို့အတွက် နှစ်နှစ်နှင့် ညီမျှသည်။

 

 

 

ဆာအာ့ယန်က ချူစစ်ကို နှစ်ပေါင်း ၄၅ နှစ်သိကြောင်း ပြောသည့်အခါ ယင်းသည် ကျွန်ုပ်တို့၏ သာမန်အချိန်ကာလအရ ၂၂.၅ နှစ် ဖြစ်သည်။

 

 

 

ရိုးရှင်းစွာပြောရလျှင် ဝတ္ထုထဲ၌ ဖော်ပြသော အချိန်ကာလအားလုံးကို ၂ ဖြင့် စားပါ။ ထိုအခါ သင်သည် သာမန်အချိန်ကာလကို ရရှိမည်ဖြစ်သည်။