Chapter 12
Viewers 347

အခန်း (၁၂) - ဘာနီခံတပ်ဟောင်း

 

 

ဆာအာ့ယန် ကြယ်မြေပုံပေါ်ရှိ အနီရောင်အမှတ်အသားများကို ပျင်းရိစွာ လက်ဖြင့် ခြစ်လျက် ပြောသည်။ 

 

"ကိစ္စတွေက နည်းနည်းလေး စိတ်ဝင်စားဖို့ကောင်းလာပြီ"

 

မည်သို့ စိတ်ဝင်စားဖို့ကောင်းပါသနည်း။

 

ချူစစ်၏ တိုတောင်းသောကုဒ်ကို တုပရန်ခက်ခဲမှုနှင့် အချက်ပြအရင်းအမြစ်အမှတ်အသားကို ပုံတူကူးရခက်ခဲကြောင်းကို ဆာအာ့ယန်သည် ချူစစ်ကိုယ်တိုင်ထက်ပင် ပိုမိုနက်ရှိုင်းစွာ နားလည်ထားသည်။ နောက်ဆုံးအနေနှင့် အာကာသထောင်အတွင်းတွင် ထိုကဲ့သို့သော အရာများကို လုပ်ကိုင်ခြင်းမှလွဲ၍ သူလုပ်စရာ မည်သည်မျှမရှိခဲ့ပေ။

 

အမှန်ပြောရလျှင် အာကာသထောင်အတွင်းရှိ အကျဉ်းသားအားလုံးသည် ဤနယ်ပယ်တွင် ဆရာကြီးများပင် ဖြစ်ကြသည်။

 

နောက်ဆုံးအနေဖြင့် ပြောရလျှင် သူတို့သည် ထမင်းသုံးနပ်စားသကဲ့သို့ပင် အချက်ပြလှိုင်းများနှင့် ဆော့ကစားရင်း ပျင်းရိငြီးငွေ့နေကြသည်။

 

ဤဆရာများအတွင်း၌ ဆာအာ့ယန်သည် ဒုတိယဖြစ်ပါလျှင် ပထမဖြစ်မည့်သူ မရှိတော့ပေ။

 

အခြားသူ၏ ဆက်သွယ်ရေးလိုင်းအတွင်းသို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် ခေတ်ဦးကာလတုန်းကထက် များစွာ ပိုခက်ခဲလာသည်။ နှစ်ထောင်ချီပြီး ပြိုင်ဆိုင်မှုများကြောင့် ချို့ယွင်းချက်အားလုံး ပိတ်သိမ်းခံလိုက်ရပြီး ယခုဆိုလျှင် အသုံးချ၍ရသည့်အရာ မရှိသလောက်ပင် ဖြစ်သည်။

 

သာမန်လူများအတွက် ဤနယ်ပယ်တွင် အလုပ်လုပ်ချင်ပါက အလွန်ပင်ခက်ခဲလှသည်။

 

ဤသို့ ပျင်းရိနေသည့် အကျဉ်းသားများအတွက်ပင် သူတို့ထဲရှိ အတော်ဆုံးသူများပင် တိုက်ရိုက်ထောက်လှမ်းမှုသာ လုပ်နိုင်ကြသည်။

 

အခြားသူများ၏ လိုင်းအတွင်းသို့ အတင်းဝင်ရောက်ပြီး တိုက်ရိုက်ဆက်သွယ်မှု လုပ်နိုင်သည့်လူဆိုလျှင် ဆာအာ့ယန်တစ်ယောက်တည်းပင် ရှိသည်။

 

ဆာအာ့ယန်ကသာ အခြားသူများ၏ ဆက်သွယ်ရေးလိုင်းများသို့ အတင်းအကျပ်ဝင်ရောက်ကာ သူတို့နှင့် တိုက်ရိုက် စာတိုပေးပို့စကားပြောနိုင်သူ ဖြစ်သည်။ သို့သော် သူသည် သဘာဝမကျသည့်အပြင် ယေဘုယျအားဖြင့် ခိုးဝင်ခြင်းကို စိတ်မဝင်စားဘဲ ပျင်းရိဖွယ်ကောင်းသည်ဟု မှတ်ယူထားသည်။ သူသည် အခြေခံအားဖြင့် လူတစ်ဦးတည်းကိုသာ စိတ်အနှောင့်အယှက်ပေးရန် အာရုံစိုက်ထား၏။

 

ထိုသူသည် ချူစစ်ပင်ဖြစ်​သည်မှာ ပြောစရာမလိုပါချေ။

 

ဤမကောင်းသည့်လူသည် ကစားနေသကဲ့သို့ ချူစစ်၏ သီးသန့်ဆက်သွယ်ရေးလိုင်းအတွင်းသို့ ခိုးဝင်ခဲ့သည်။ သူ့ရုံး၏ B-လိုင်းဆက်သွယ်ရေးလိုင်းကို အသုံးပြုရန် အနည်းငယ်အားထုတ်ခဲ့ရသော်လည်း နောက်ဆုံးတွင် သူအောင်မြင်ခဲ့သည်။

 

သို့သော် ချူစစ်၏ရုံးရှိ A-လိုင်းဆက်သွယ်ရေးလိုင်းသည် သူမဖြတ်ကျော်နိုင်သည့် အဆင့်တွင်ရှိသည်။

 

A-လိုင်းဆက်သွယ်ရေးလိုင်း 50001 သည် အရည်အသွေးမြင့် သတင်းအချက်အလက်များနှင့် အမိန့်များကို ပို့လွှတ်ရန်အတွက် အထူးအသုံးပြုသည်။

 

A-လိုင်း 50001သို့ ခိုးဝင်ခြင်းသည် ဆာအာ့ယန်အတွက် ကျောက်တုံးကျောက်ခဲမျှ ခက်ခဲပါက 50001 ၏ အရင်းအမြစ်နှင့် အနီရောင်အချက်ပြအမှတ်ကို တုပခြင်းသည် ဂြိုဟ်တစ်ခုလုံးစာလောက် ခက်ခဲသည်။

 

အကြောင်းမှာ နည်းပညာအရည်အချင်း ကွာဟမှုသက်သက်ကြောင့် မဟုတ်တော့ဘဲ ပစ္စည်းကိရိယာကွာဟမှုကြောင့် ဖြစ်သည်။

 

"ဒါက လူတစ်ယောက်တည်းနဲ့ လုပ်လို့ရနိုင်တဲ့ အရာမဟုတ်ဘူး" 

 

ဆာအာ့ယန်က ဖန်သားပြင်ကို ခေါက်ကာ ပြောသည်။

 

"သာမန် အရပ်သုံးပစ္စည်းကိရိယာတွေနဲ့ဆို လုံးဝမဖြစ်နိုင်ဘူး၊ ပထမအလွှာကိုတောင် မဖောက်နိုင်ဘူး၊ သာမန်စစ်တပ်သုံး ပစ္စည်းတွေကလည်း အကောင်းဆုံးဆိုရင် ပထမအလွှာကိုပဲ ဖောက်နိုင်မယ်၊ အဲဒါက နှစ်ဝက်လောက်ကြာမယ်၊ အဆင့်မြင့်ခွင့်ပြုချက် အပြည့်ရှိတဲ့ စစ်တပ်သုံးပစ္စည်းတွေဆိုရင်တောင် အလွှာသုံးလွှာကို လေးနှစ်ကြာမှ ဖောက်နိုင်မှာ… ဘာလို့လဲဆိုတော့ အပြင်ဘက် ကာကွယ်ရေးသော့ခလုတ်ပေါင်း သန်းသုံးသောင်း နှစ်ထောင်နဲ့ ခြောက်ရာ ရှိလို့ပဲ"

 

ချူစစ်သည် စိမ်းသက်သောအကြည့်ဖြင့် သူ့ကိုကြည့်ကာ ဆိုသည်။

 

"ထောင်ဖောက်တဲ့ မစ္စတာယန်… ဒီသတင်းအချက်အလက်တွေကို ဘာလို့ ဒီလောက်ထိ ကောင်းကောင်းကြီး သိနေတာလဲဆိုတာကို မေးလို့ရမလား?"

 

ဆာအာ့ယန်က သူ့လက်ချောင်းနဲ့ ဖန်သားပြင်ကို ခေတ္တ​ခေါက်ပြီး "အာ" ဆိုသည့် အသံထွက်လာကာ ထိုမေးခွန်းကို သဘောကျသွားသယောင်ရှိသည်။

 

သူသည် ခေါင်းကိုစောင်းကာ ချူစစ်ဘက်သို့ လှည့်ပြုံးပြီး ပြောလိုက်သည်။ 

 

"ဘာလို့လဲဆိုတော့ ငါက အရင်တုန်းက မင်းရဲ့ဆက်သွယ်ရေးလိုင်းကို သုံးပီး ငါ့ထိန်းချုပ်ကိရိယာကိုဖြုတ်ဖို့ ကြိုးစားခဲ့လို့လေ"

 

ချူစစ် : "..."

 

....မင်းအဖေကိုပဲ သွားအာပါလား….

 

ဤမကောင်းသည့်လူသည် ထိုကိစ္စကို မရှက်မကြောက်ဖြင့် ပြောနေကာ နောက်ဆုံးစကားလုံးကို အနည်းငယ်မြှင့်ပြီး အသံချိုချိုလေးနှင့်ပင် ပြောလိုက်​သေးသည်။ သူ့မျက်နှာသည် ပေါ့ပေါ့တန်တန် ပြုံးနေသော်လည်း ထိုသူ ဟာသလုပ်နေခြင်း ဟုတ်မဟုတ်ကို သိရန် မလွယ်လှပါပေ။ 

 

ချူစစ်သည် နှာချေပြီး သူ့မျက်လုံးကို ဖန်သားပြင်ထံ ပြန်လှည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

 

 

"ဆာအာ့ယန်… မင်းလက်မောင်းပေါ်က ထိန်းချုပ်ကိရိယာကို ​ ငါ့ဆက်သွယ်ရေးလိုင်းကနေ ဖွင့်လို့မရဘူးဆိုတာ သတိပေးချင်တယ်၊ နောက်တစ်ခါကျရင် ဒီလိုအတွေးတွေ မတွေးမိစေနဲ့၊ မင်းသာ အမှားလုပ်မိသွားရင် ငိုဖို့အခွင့်အရေးတောင် ရှိ​လိုက်မှာ မဟုတ်ဘူး"

 

ဆာအာ့ယန် : "အိုကေ… ငါမှားသွားတယ်"

 

သူ ဤသို့ပြောသည့်အခါ သူ့လက်ချောင်းများသည် ပင့်ကူမျှင်ကဲ့သို့ပင် ဝိုင်ယာကြိုးများကို ဆွဲဆော့နေပြီး ကီးဘုတ်ပေါ်တွင် တဖြောက်ဖြောက် ရိုက်နေခဲ့သည်။ သူ့အသံမှာလည်း ပျင်းရိနေပြီး တစ်စုံတစ်ရာကို အလိုက်သင့် ဖြေရှင်းနေသည်ဟု ခံစားရစေသည်။

 

ဆာအာ့ယန်သည် စကားပြောရာတွင် အလွန်ပျင်းရိလှသည်ဟု ယခင်ကတည်းက ပြောခဲ့ဖူးသည်။ ကိစ္စတစ်ခုအတွက် လူတစ်ယောက်နှင့် နှစ်ကြောင်းထက် ပိုပြီး ငြင်းခုံရခြင်းကို ဘယ်တုန်းကမှ သူ နှစ်သက်ခဲ့ဖူးခြင်းမရှိပေ။ သူသည် များသောအားဖြင့် စကားတစ်ခွန်းပင် မပြောချင်ဘဲ ခြောက်သွေ့လှသည့် "အင်း" ဆိုသော အသံဖြင့်သာ တုံ့ပြန်လေ့ရှိသည်။

 

သူသည် သင့်စကားကို နားထောင်ထားသည့်ပုံ ရှိသော်လည်း သူ့စိတ်ထဲတွင်မူ "ငတုံး" ဟု လှောင်ပြောင်နေလိမ့်မည်။ ပြီးလျှင် မကြာခဏဆိုသကဲ့သို့ပင် ခေါင်းလှည့်ပြီး လုံးဝလက်မခံတော့ဘဲ သူ့အလုပ်သူ ဆက်လုပ်တတ်သည်။

 

ဤသည်မှာ နှိမ့်ချစွာ အမှားဝန်ခံတတ်သော်လည်း ထပ်ကာထပ်ကာ သတိပေးလျက်သားနှင့် မပြင်တတ်သည့် စရိုက်တစ်မျိုးပါပင်။

 

ဤပြဿနာက လူများကို အမြဲတမ်း သွေးအန်စေသော်လည်း သူ့ထံသို့ အန်ထုတ်၍မရသောကြောင့် ပြန်မျိုချပြီး ဒုတိယအကြိမ် အစာပြန်ချေရသကဲ့သို့ ဖြစ်နေသည်။ ဖြစ်နိုင်သည်က ချူစစ်တစ်ယောက်တည်းကသာ သူ့စကားကိုကြားပြီးနောက်တွင် အေးဆေးတည်ငြိမ်သည့် မျက်နှာထားဖြင့် ရှိနိုင်ခြင်းဖြစ်သည်။

 

သူသည် ဆာအာ့ယန်၏ အလိုက်သင့်အမှားဝန်ခံမှုကို လျစ်လျူရှုလိုက်ပြီး သူ့စိတ်အတွင်း၌ အတုအပလုပ်ရန် အခြေအနေများကို စဉ်းစားနေမိသည်။ 

 

‘အရပ်သားတွေက မလုပ်နိုင်ဘူး၊ စစ်တပ်က အထူးခွင့်အာဏာရှိတဲ့သူတွေတောင်မှ မလုပ်နိုင်ဘူး၊ဒါဆို တကယ်ကို ဘယ်သူမှ-’

 

‘မဟုတ်ဘူး၊ နေရာတစ်ခုရှိသေးတယ်!’

 

"မင်း ဘာနီခံတပ်ကို သိလား"

 

ချူစစ်က မရည်ရွယ်ဘဲ မေးလိုက်သည်။ သို့သော် ဆာအာ့ယန် မဖြေခင်မှာပင် သူက ပခုံးပင့်ပြီး ဆက်ပြောလိုက်သည်။ 

 

"ဒါဆို မင်းသိမှာပဲ၊ အဲဒီမှာ အထူးအခြေခံဌာနချုပ်ရှိတယ်၊ အရင်တုန်းက တစ်ခုတည်းသော စစ်ဘက်အထူးအခွင့်အရေးရ အခြေခံဌာနချုပ်ဖြစ်ခဲ့တာ၊ နောက်ပိုင်းမှာ မတော်တဆမှုတစ်ခုကြောင့် ကန့်သတ်ချက်မရှိ ပိတ်လိုက်ရတယ်"

 

"အင်း-"

 

ဆာအာ့ယန်သည် တိုးညှင်းသောအသံဖြင့် တုံ့ပြန်လိုက်သည်။ ဤသည်မှာ သူအမှန်တကယ်သိကြောင်း ညွှန်ပြနေသည်။

 

တင်းကျပ်စွာပြောရလျှင် ချူစစ်၏ ဌာနဆိုင်ရာ သတင်းအချက်အလက်များသည်လည်း စစ်ဘက်စနစ်ထဲတွင် ပါဝင်သည်။ ဘာနီခံတပ်ပိတ်သိမ်းသည့်အချိန်တွင် သူတို့မျိုးဆက်က ငယ်ရွယ်သေးသော်လည်း သူ၏နားလည်မှုသည် သာမန်လူများထက် များစွာသာလွန်နေသည်။

 

"ဘာနီခံတပ်ပိတ်ပြီးတော့ အလားတူပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက်၊ အသစ်တည်ဆောက်တဲ့ အခြေခံဌာနချုပ်အားလုံးကို လေးပိုင်းခွဲပြီး သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ဘာနီခံတပ်ထက် တစ်ဆင့်လျှော့ချလိုက်တယ်၊ အဲဒါမှ သူတို့အချင်းချင်း ထိန်းချုပ်ကန့်သတ်နိုင်မှာ" 

 

ချူစစ်က ပြောပြီး ဆာအာ့ယန်ကို ကြည့်လိုက်သည်။ 

 

"ဆိုလိုတာက ဘာနီခံတပ်က လက်ရှိမှာ ဌာနချုပ်အားလုံးထက် သာလွန်နေတဲ့ အရာတစ်ခုပဲ"

 

ပြီးနောက် သိသိသာသာ သာလွန်နေခြင်းဖြစ်သည်။

 

လက်ရှိအဆင့်မြင့်စစ်တပ်ပစ္စည်းကိရိယာများဖြင့် မလုပ်နိုင်သော အရာကို ဘာနီခံတပ်က လုပ်နိုင်မည်လား။

 

50001 ကဲ့သို့ အများဆိုင်ရာဆက်သွယ်ရေးလိုင်းတစ်ခုကို ချူစစ်ထံ လွှဲအပ်သောအခါ သူတို့က ဤလိုင်း၏ ဒီဇိုင်းက မည်မျှကောင်း၍ မည်မျှခိုင်မာကြောင်းသာ ရှင်းပြကြသည်။ မည်သည့်ချို့ယွင်းချက်များရှိပြီး မည်သို့အသုံးချရမည်ဆိုသည်ကို ချူစစ်အား ဘယ်တုန်းကမှ မပြောခဲ့ကြပေ။ ဖြစ်နိုင်သည်က သူတို့ကိုယ်တိုင်တောင် မသိကြပေ။

 

ဤသို့ အန္တရာယ်များသည့် သဘောသဘာဝရှိသည့် မေးခွန်းများကို အန္တရာယ်များသော လူများကိုသာ မေးသင့်သည်။

 

ဆာအာ့ယန်က ပြန်ဖြေသည်။ 

 

"အဖြေရှာရမယ်ဆိုရင်တော့ ဒီထက်ပိုသင့်တော်တဲ့နေရာ မရှိတော့ဘူးထင်တယ်"

 

သူသည် ခေတ္တရပ်ပြီး ထပ်မံခေါင်းညိတ်ကာ အတည်ပြုသည်။

 

"ဘာနီခံတပ်ကို ပြန်ဖွင့်မယ်ဆိုရင် တကယ်ပဲလုပ်နိုင်တယ်၊ ငါမျှော်လင့်ထားတာထက်တောင် အချိန်ပိုတိုနိုင်တယ်၊ မှန်းကြည့်ရရင် နေ့တစ်ဝက်လောက်နဲ့တင် လုံလောက်မယ်ထင်တယ်… ဘယ်သူသိမှာလဲ?"

 

သူက "ဘယ်သူသိမှာလဲ" ဟု ဆိုသော်လည်း သူ့မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး အတော် စိတ်ဝင်စားနေပုံရသည်။

 

၎င်းသည် ဦးနှောက်မူမမှန်သူများအတွက် အဖြစ်များသည့် ပြဿနာတစ်ခုဖြစ်မည်။ သာမန်အရာတိုင်းသည် သူတို့အတွက် ပျင်းစရာဖြစ်နေသောကြောင့်၊ သူတို့သည် ဘဝတစ်လျှောက်လုံးနီးပါးကို စိတ်လှုပ်ရှားစရာများရှာဖွေရန်အတွက် အသုံးပြုကြသည်။ တစ်စုံတစ်ခုက ပို၍အန္တရာယ်များလေလေ သူတို့က ပိုပြီးစိတ်လှုပ်ရှားလေလေဖြစ်ပြီး တစ်စုံတစ်ခုက ပို၍မဖြစ်နိုင်လေလေ သူတို့က ပိုပြီးစူးစမ်းချင်စိတ်ပြင်းပြလေလေဖြစ်သည်။

 

 

ဆာအာ့ယန်ကား လူမှုရေးပြဿနာ၏ အကောင်းဆုံးဥပမာတစ်ခုဖြစ်မည်။

 

အမှန်ပြောရလျှင် ဆာအာ့ယန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခြင်းသည် ကောင်းသည့်အရာတစ်ခုမဟုတ်ပါ။

 

အဘယ်ကြောင့်ဆိုသော် သူ၏စိတ်ဝင်စားမှုသည် စူးစမ်းရှာဖွေခြင်းတွင် ရှိသည်လား၊ သို့မဟုတ် ဖျက်ဆီးခြင်းတွင် ရှိသည်လားဆိုသည်ကို မည်သူမျှ ကြိုတင်ခန့်မှန်း၍မရသောကြောင့် ဖြစ်သည်။ ယနေ့တွင် ပုံမှန်ဖြစ်ကာ မနက်ဖြန်တွင် နောက်တစ်မျိုးဖြစ်သွားနိုင်သည်။ အရာရာသည်... သူ၏စိတ်အခြေအနေအပေါ် မူတည်နေသည်။

 

သူ၏ စိတ်ဝင်စားဖွယ်အမူအရာကို မြင်ရသည့်အခါ ချူစစ် ခေါင်းကိုက်လာသည်ဟု ခံစားရသည်။ သူသည် လက်ညှိုးဖြင့် စားပွဲခုံအစွန်းကို လေးလံစွာ ထိလိုက်ပြီး ပြောသည်။

 

"ထောင်ဖောက်ပြေးတဲ့ မစ္စတာ… မင်းရဲ့မျက်နှာအမူအရာကို နည်းနည်းလေး ထိန်းချုပ်ပေးပါဦး၊ ဒုက္ခရှာချင်တဲ့ဆန္ဒကို ဒီလောက်ကြီးရှင်းရှင်းလင်းလင်း ပြဖို့မလိုဘူးမလား၊ မင်းရဲ့ ထိန်းချုပ်ကိရိယာကို မဖြုတ်ရသေးဘူးဆိုတာ သတိမရဘူးလား"

 

ဆာအာ့ယန်က ပျင်းရိစွာဖြင့် ပြောသည်။

 

"အစီရင်ခံတင်ပြပါတယ် ခင်ဗျာ၊ ပထမဆုံး စတင်တဲ့သူက ခင်ဗျားပါ"

 

ချူစစ် : "...မင်း ထွက်သွားလို့ရပြီ"

 

သူသည် SkyEye စနစ်ကို တဖြောက်ဖြောက်ရိုက်နေလျက် ပြောလိုက်သည်။

 

"စကားထစ်တဲ့စနစ်… ကြယ်မြေပုံကို ရှာပြီး 9500 (သို့မဟုတ်) 9501 ဆက်သွယ်ရေးလိုင်းကို တည်နေရာသတ်မှတ်ပေးပါ"

 

ဤသည်မှာ ဘာနီခံတပ်၏ လိုင်းနံပါတ်ကို ချူစစ်မှ ခန့်မှန်းထားခြင်းဖြစ်သည်။ 9 က စစ်ဘက်ဌာနခွဲကို ကိုယ်စားပြုသည်။ 5 က အခြေခံဌာနချုပ်အုပ်စုအား ကိုယ်စားပြုပြီး ထုံးတမ်းစဉ်လာအရ ဗာနီခံတပ်က 0 (သို့မဟုတ်) 1 ဖြစ်နိုင်သည်။ အထူးအ​ခြေခံ ဌာနချုပ်ကိုယ်တိုင် ပိတ်သိမ်းထားလျှင်ပင် ၎င်း၏ ဆက်သွယ်ရေးလိုင်းကို စိတ်ကြိုက်အစားထိုး၍မရဘဲ ဖြစ်နိုင်သည်မှာ ပိတ်ဆို့ခံထားရခြင်းပင်။

 

ဒင်—

 

"ညွှန်ကြားချက်အား နားမလည်ပါ၊ 9500 (သို့မဟုတ်) (သို့မဟုတ်) (သို့မဟုတ်) 9501၊ ဘယ်တစ်ခုကို တည်နေရာသတ်မှတ်ရမှာလဲ၊ ကျေးဇူးပြု၍ ညွှန်ကြားချက် ပြန်လည်ထုတ်ပေးပါ"

 

ချူစစ် : "... တကယ်ပဲ စကားထစ်ဖို့အကောင်းဆုံးနေရာတွေကို ရွေးထားတာပဲ"

 

ဒင်—

 

"(သို့မဟုတ်) (သို့မဟုတ်) (သို့မဟုတ်) (သို့မဟုတ်) (သို့မဟုတ်) ဆိုတာ အားလုံးအလေးပေးတဲ့ စကားလုံးတွေပါ၊ စကားထစ်တာမဟုတ်ဘူး"

 

ဒင်—

 

"SkyEye စနစ်က သွက်လက်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ဝန်ဆောင်မှုကို ပေးစွမ်းနေပါတယ်၊ ကျေးဇူးပြု၍ ရှင်းလင်းသော ညွှန်ကြားချက် ပြန်လည်ထုတ်ပေးပါ"

 

ငါ့ဖင်​ကြီး​ကို သွက်လက်…

 

"အရှက်ကိုမရှိဘူး" 

 

ချူစစ်သည် နှာခေါင်းသံဖြင့် ပြောလိုက်သည်။

 

"ကျေးဇူးပြု၍ ရှင်းလင်းသော ညွှန်ကြားချက် ပြန်လည်ထုတ်ပေးပါ၊ ရှင်းလင်းသော ညွှန်ကြားချက်၊ ရှင်းလင်းသော—"

 

ဤသည်မှာ စကားအများဆုံး၊ စိတ်ရှုပ်စရာအကောင်းဆုံးနှင့် အရှက်မရှိဆုံး ဉာဏ်ရည်တုစနစ်ပင် ဖြစ်မည်။

 

သူသည် ယဥ်ကျေးမှုမရှိသော အသံဖြင့် ပြောလိုက်သည်။

 

"ပထမဆုံး 9500 ကို တည်နေရာသတ်မှတ်၊ ပြီးရင် 9501"

 

ဒင်—

 

"စကင်ဖတ်စစ်ဆေးမှု စတင်ပါပြီ၊ အချက်အလက်တွေ အများကြီး ရှိပါသေးတယ်၊ တစ်မိနစ်ခန့်ကြာပါမယ်၊ သည်းခံစောင့်ဆိုင်းပေးပါ၊ နောက်ပြန်ရေတွက်ခြင်း- ၅၉—"

 

ချူစစ် : "ဒီတစ်ခါတော့ ၅၉ ကနေ ဆက်တိုက် စကားထစ်ပြီး ရေတွက်မှာလား?"

 

"ကျေးဇူးပြု၍ စကင်ဖတ်စစ်ဆေးမှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အသုံးမဝင်တဲ့ ညွှန်ကြားချက်တွေ မပို့ပါနဲ့"

 

ဆာအာ့ယန် ခေါင်းခါပြီး ပြုံးရယ်လိုက်သည်။

 

ချူစစ် : "..."

 

ခြေတံသွယ်လျ၊ ကြော့ရှင်း၊ ချောမောလှပ​ပြီး  အရသာစုံသော အုပ်ချုပ်ရေးမှူးချူစစ်သည် ရှားရှားပါးပါး ရှုံးနိမ့်မှုတစ်ခုကို ကြုံတွေ့လိုက်ရပြီး သူ၏ပြိုင်ဘက်မှာလည်း စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မမှီသည် စကားထစ်ကောင်တစ်ကောင်ဖြစ်ပြီး လူတစ်ယောက်ပင် မဟုတ်ပေ။

 

ဒင်—

 

"စကင်ဖတ်စစ်ဆေးမှု ပြီးဆုံးပါပြီ၊ ဘာမှရှုပ်ထွေးမှုမရှိပါ၊ စကင်ဖတ်ရလဒ်- 9500 သည် မှားယွင်းသော ဆက်သွယ်ရေးလိုင်းနံပါတ်ဖြစ်သည်၊ 9501— 1— 1— 1—"

 

"ဒီမကောင်းတဲ့စက်ကို ခွဲလိုက်ကြရအောင်"

 

ချူစစ်သည် အေးစက်စွာဖြင့် ပြောလိုက်သည်။

 

"1— တည်နေရာသတ်မှတ်ရလဒ်ကို ကြယ်မြေပုံပေါ်တွင် ပြသထားသည် သတိပေးချက်- ပစ်မှတ်သည် အလွန်ဝေးကွာပြီး စူပါအချက်ပြလှိုင်း ခြေရာခံနိုင်သော နယ်နိမိတ်စွန်းတွင် တည်ရှိသည်၊ ပစ်မှတ်သည် ချဉ်းကပ်လျက်ရှိပြီး၊ ခန့်မှန်းခြေ ၄ နာရီအတွင်း ကြယ်မြေပုံ နယ်မြေ ၁ သို့ ရောက်ရှိမည်ဖြစ်သည်"

 

ချူစစ်သည် စကင်ဖတ်ရလဒ်များကို နားထောင်ရင်း ကြယ်မြေပုံကို စိုက်ကြည့်နေသည်။

 

ဖန်သားပြင်ကြီးပေါ်တွင် မြေပုံသည် ပစ်မှတ်တစ်ခုနှင့်တူညီ​နေပြီး အတွင်းမှအပြင်သို့ သံလိုက်စက်ကွင်းများဖြင့် နယ်မြေအမျိုးမျိုးခွဲခြားထားသည်။ ၁ မှ ၁၀ အထိ နယ်မြေများကို အမှတ်အသားပြုထားသည်။ ပစ်မှတ်၏ဗဟိုသည် ၁၀ ဖြစ်ပြီး အပြင်ဘက်ဆုံးစက်ဝိုင်းသည် ၁ ဖြစ်သည်။ ဤခွဲခြားမှု၏ စံနှုန်းမှာ စကြဝဠာစူပါအချက်ပြလှိုင်း၏ အားကောင်းမှုဖြစ်သည်။

 

 

ပစ်မှတ်သည် နယ်မြေ ၁ ၏ အပြင်ဘက်နယ်နိမိတ်အပြင်ဘက်တွင် ရှိပါက စကြဝဠာစူပါအချက်ပြလှိုင်းကိုပင် မရောက်ရှိနိုင်ပေ။။

 

လက်ရှိတွင် 9501 ကို ကိုယ်စားပြုသည့် အမှတ်သည် နယ်နိမိတ်စွန်းတွင်ရှိပြီး တည်နေရာသတ်မှတ်မှုအမှားအယွင်း ဖြစ်နိုင်ခြေသည် အလွန်ကြီးမားသည်။ ၎င်းသည် အတွင်းဘက်သို့ အနည်းငယ်စီ ရွေ့လျားသွားသောအခါ တည်နေရာသတ်မှတ်မှုအမှားကို လုပ်ဆောင်နိုင်သည့်အဆင့်မှ လျှော့ချနိုင်သည်။

 

ချူစစ် ဖန်သားပြင်ထောင့်ရှိ ပြသထားသောအချိန်ကို ပေါ့ပေါ့ပါးပါးကြည့်ပြီးနောက် SkyEye ၏ ဦးနှောက်အခွံကို ထပ်မံထိလိုက်သည်။

 

"၄ နာရီကြာပြီးရင် ထပ်ရှာပါ၊ အခုတော့ ငါ့မှာ အရမ်း အရေးကြီးတဲ့ နောက်ထပ်ညွှန်ကြားချက် ရှိတယ်"

 

ဒင်—

 

"စံကျတဲ့ ညွှန်ကြားချက်စကားစုဟာ တိုတောင်းပြီး ရှင်းလင်းသင့်ပါတယ်၊ လေးစားစွာဖြင့်၊ ခင်ဗျား-"

 

ချူစစ် : "ငါ မီးခလုတ်ပိတ်တော့မယ်"

 

ဒင်—

 

"ကျေးဇူးပြု၍ ခင်ဗျားရဲ့ ညွှန်ကြားချက်ကို ပြောပြပါ"

 

"ဒီညစ်ပတ်တဲ့နေရာထဲမှာ စားစရာတစ်ခုခု ရှိသေးလားဆိုတာ ရှာကြည့်" 

 

ချူစစ်ကား အေးဆေးတည်ငြိမ်နေသော်လည်း သူသည် ငတ်သေလုနီး ဖြစ်နေလေသည်။

 

"ညွှန်ကြားချက်ကို လက်ခံရရှိပါပြီ၊ ရှာဖွေမှုစတင်ပါပြီ၊ ၃— ၂— ရှာဖွေမှု ပြီးဆုံးပါပြီ"

 

ဆာအာ့ယန် : "အိုး၊ စနစ်က အချိန်မဆွဲဘဲ ရှာဖွေမှုကလည်း စောစော ပြီးသွားတယ်"

 

ဒင်—

 

"ပြထားတဲ့နေရာမှာ ခင်ဗျားလိုအပ်တာ ရှိပါတယ်"

 

ယောက်ျားနှစ်ယောက်သည် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ ထိုနေရာသည် ချပ်ပြား၏ အနောက်ဘက်အပိုင်းရှိ လောင်စာသိုလှောင်ခန်းဖြစ်ပြီး မီလီဂရမ် ဆယ်ဂဏန်းစာရှိသည့် ပဋိရုပ်ဒြပ်စင် လောင်စာများ ရှိသည်။ ဤမျှများပြားသည့် ပေါက်ကွဲမှုကြောင့် ထွက်လာမည့် ကြီးမားသောစွမ်းအင်က အာကာသထောင်ကို ကောင်းကင်အထိပင် ပျံတက်သွားစေနိုင်သည်။

 

ဆာအာ့ယန် သရော်သံဖြင့် ပြောလိုက်သည်။

 

"စကားထစ်လေး… အရင်ဆုံး မင်းကို ဂရမ်နည်းနည်းလောက် ကျွေးကြည့်ရင်ရော?"

 

ဒင်—

 

"ကျွန်ုပ် မှားသွားပြီ မှားသွားပြီ မှားသွားပြီ မှားသွားပြီ မှားသွားပြီ… မှန်ကန်တဲ့ရလဒ်ကို ပြန်လည်ပြင်ဆင်ပြီးပါပြီ"