အခန်း (၂၁) - ကျော်ကြားသော အမည်
ထန်သာမက လဲ့ဖန်ပါ စိတ်ရှည်ကြသူများ မဟုတ်ကြလေရာ ထလာကတည်းက မသိသူတစ်ဦးထံမှ "အရူးလေး" ဟူသော စကားကို ကြားလိုက်ရသည့်အခါ ပုံမှန်အားဖြင့် ရှက်တတ်သည့် လျိုပင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"မင်းကသာ စောက်ရူးဖြစ်မှာ!"
ထန်က ပြန်လည်ချေပလိုက်ပြီး သဘာဝအလျောက်ပင် လက်များဖြင့် လက်ခလယ်နှစ်ချောင်း ထောင်ကာ ဆန့်ထုတ်ပြလိုက်သည်။
သို့သော် သူ၏လက်ချောင်းများ အပြည့်အဝမဆန့်မီတွင် ချူစစ်၌ နောက်ကျောတွင် မျက်လုံးများရှိသကဲ့သို့ သူ၏လက်ချောင်းများကို ပြန်နှိမ့်ချလိုက်သည်။
"ဟင်?"
ထန်နှင့် လဲ့ဖန် နှစ်ယောက်စလုံး အံအားသင့်သွားကြသည်။
ဆာအာ့ယန်က ဟက်ဟက်ပက်ပက်ရယ်ပြီး ဒုံးပစ်ကိရိယာ၏ ပြွန်ချောင်းကို ပခုံးပေါ်သို့ ပြန်တင်လိုက်ကာ မျက်လုံးအဖုံးဖြင့် ဖုံးထားသော သူ၏ ဘယ်ဘက်မျက်လုံးကို မှိတ်ပြကာ ထန်ဆီသို့ ပစ်မှတ်ထားလိုက်သည်။
ဤလှုပ်ရှားမှုသည် ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက်ပေါ်လာခဲ့သည်။ ထန်၏ မျက်ဆန်များ ကျုံ့ဝင်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် ချက်ချင်းဆိုသကဲ့သို့ ခဲသွားသည်။
“ရှူး”
ဒုံးကျည်လောင်ချာမှ ထွက်လာသော လေတိုက်သံသည် ပေါ့ပါးမြန်ဆန်ပြီး ထန်သည် သူ၏ ဒူးခေါင်းများကို လေစီးကြောင်းနှင့် ထိမှန်သွားသည်ကို ခံစားရကာ အလိုအလျောက် တုံ့ပြန်မှုကဲ့သို့ ပျော့ခွေသွားပြီး 'ဒုန်း' ဟူသော အသံနှင့် ဒူးထောက်ကျသွားသည်။
ထန် : "..."
---
ဆာအာ့ယန်က ပခုံးတွန့်ပြီး ပြောလိုက်သည်။
"အင်း... စိတ်မကောင်းစရာပဲ၊ ကျည်ဆံက မရှိတော့ဘူး"
ထန်သည် သူ၏ အူတွေကိုပါ အန်ထုတ်ပစ်ချင်သွားကာ ထလာပြီး နံရံကို ခြေနှင့် ကန်ချင်သွား၏ ။
"စိတ်မကောင်းစရာပါလို့လား! ဒါက R-72 ဒုံးကျည်လောင်ချာ မဟုတ်ဘူးလား၊ လူတွေကို ဒါနဲ့ပစ်ဖို့ ပစ်မှတ်ထားတာလား? မင်ကဘယ်သူလဲ?"
"စိတ်အေးအေးထားပါ"
လဲ့ဖန်က ထိုသို့ပြောကာ သူ့ကိုဆွဲထားလျက် တိတ်တဆိတ်နှင့် အိတ်ဆောင်ဗုံးလေးတစ်လုံးကို ကောက်ကိုင်ထားလိုက်သည်။
---
လျို : "…နှစ်ယောက်လုံး စိတ်အေးအေးထားကြပါလား"
ထို့နောက် သူသည် ထပ်၍ စကားမများတော့ပဲ လဲ့ဖန်၏ အိတ်ဆောင်ဗုံးကောက်ယူသည့် လုပ်ရပ်ကို အတုယူလိုက်ကာ နံရံပေါ်ရှိ မဖိတ်ခေါ်ပဲ ရောက်လာသော ဧည့်သည်ကို သတိထားကြည့်ရှုလိုက်သည်။
ချူစစ်၏ ခေါင်းထဲတွင် တစ်ချက်တစ်ချက် ကိုက်ခဲမှုကို ခံစားလိုက်ရသည်။ မျက်နှာပြလိုက်သည့် နှစ်စက္ကန့်အတွင်းမှာပင် ဆာအာ့ယန်ဆိုသည့် လူသည် ပရိသတ်၏ အမုန်းဒဏ်ကို ဆွဲယူလိုက်ပြီး လက်ကိုင်ပဝါများ ရစ်ပတ်ကာ သူ့ကို သတ်ပစ်လိုကြသည်အထိ ဆွဲဆောင်နိုင်ခဲ့သည်။
ဤသည်မှာ သူ၏ ပါရမီတစ်ရပ်ပင် ဖြစ်သည်။
"တစ်နေ့လောက် မရပ်နိုင်ဘူးလား၊ ကိုယ့်အတွက်ကိုယ် ရန်သူတွေ ရှာမနေနဲ့တော့"
ချူစစ်က ဆာအာ့ယန်အား အေးစက်စွာ ပြောလိုက်သည်။
"အဲဒါကြောင့် ပျော်စရာမကောင်းပါဘူး"
ဆာအာ့ယန်က ရယ်လိုက်သည်။
"ဒါပေမဲ့ အုပ်ချုပ်ရေးမှူးကြီးရဲ့ ဂရုစိုက်မှုကို ရစေမယ်ဆိုရင်တော့ ရန်သူဖြစ်ရတာလည်း သိပ်ဆိုးတယ်မထင်ဘူး"
ချူစစ် : "ငါအကြံပေးချင်တာက ဒီဒုံးကျည်လောင်ချာကို မျိုချလိုက်ပြီးတော့ စိတ်ကို ရှင်းသွားအောင် လုပ်လိုက်ပါဦး၊ ရန်သူတွေ အများကြီးရှိရင် ဒုက္ခရောက်မယ့် အကြောင်းနဲ့ ကိုယ်လုပ်သမျှ ကိုယ်ပဲခံရတာဆိုတာကိုလည်း သတိရလိုက်ဦး"
ဆာအာ့ယန်က ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး သူ၏မျက်လုံးများကို မှေးလိုက်သည့်အခါ အလွန်အေးဆေးပြီး အန္တရာယ်ရှိသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဒါဆိုရင် ကိုယ်လည်း စိတ်ရင်းမှန်နဲ့ သတိပေးလိုက်မယ်… ကြိုတင်အသိပေးချက်မပါဘဲ လူတစ်ယောက်ကို အာကာသထဲ လွှတ်ထုတ်လိုက်တာကလည်း အပြစ်ရှိတယ်"
ချူစစ် : "..."
ခေတ္တမျှပင် အုပ်ချုပ်ရေးမှူးချူ၏ ရှားပါးသော မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်သည့် အခိုက်အတန့်တွင် အမှန်စင်စစ် အနည်းငယ် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ သို့သော် မကြာမီတွင် ထိုခံစားချက်သည် အကြောင်းပြချက်မရှိဘဲ ပေါ်ပေါက်လာသည်ဟု သူခံစားမိလိုက်ကာ အေးဆေးစွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်၊
"ငါက မင်းကိုလွှတ်ထုတ်တာမဟုတ်ဘူး၊ အဲဒါကို စကားထစ်နေတဲ့တစ်ယောက်ဆီ သွားမေးလိုက်"
ဆာအာ့ယန်က ထိုသို့သော ပြောဆိုချက်ကို စောင့်မျှော်နေသကဲ့သို့ရှိပြီး ကြားလိုက်ရသည်နှင့် သူ၏မျက်လုံးများ ကွေးသွားကာ နောက်ထပ်ရယ်သံတစ်ကြိမ် ထွက်ပေါ်လာသည်။
သူသည် ပျင်းရိငြီးငွေ့စွာပင် "အင်း" ဟု အသံပြုကာ ပြောလိုက်သည်။
"ငါလည်း အဲဒီလိုပဲ ထင်မိတယ်၊ အဲဒါကြောင့် စကားထစ်ကို ခွဲထုတ်ပစ်လိုက်တယ်"
"..."
ချူစစ်က သူ့နားကြားမှားနေသည်ဟုထင်ကာ ပြန်မေး၏။
"မင်း ဘာလုပ်လိုက်တာလဲ?"
ဆာအာ့ယန်က သူ့ခါးနောက်ဘက်သို့ လက်တစ်ဖက်ရောက်သွားပြီး တစ်ခုခုကို ချွတ်ယူလိုက်သည်။
ထိုအရာသည် ငွေရောင်သတ္တုခြမ်း ဖန်မှန်တုံးတစ်တုံး ဖြစ်ပြီး ရှေးဟောင်းဟာ့ဒ်ဒရိုက်ဗ်တစ်ခုနှင့် ပုံသဏ္ဍာန်ဆင်တူကာ လက်ဝါးတစ်ဝက်ခန့် အရွယ်အစားရှိပြီး အလွန်ပါးလွှာသည်။ ထိုတုံးကို လက်ဖြင့် ကိုင်ထားသည့်အခါ ကြားဖြတ်နေသော လျှပ်စစ်အသံတစ်ခု ထွက်ပေါ်လာသည်။
"SkyEye စနစ် အသင့်ရှိပါသည်၊ ကျေးဇူးပြု၍ အမိန့်ပေးပါ"
ထိုစကားပြောပြီးသည့်နောက် ထိုအတုံးသည် လူသားကဲ့သို့ ညည်းညူသံတစ်ချက်ပါ ထုတ်လိုက်သည်။
ချူစစ် : "..."
သူသည် တစ်စိတ်တစ်ပိုင်း ခွဲထုတ်ပြီးသော S-အဆင့် အမာခံချပ်ပြားကို စကားမပြောဘဲ ကြည့်ရှုနေပြီး ဆာအာ့ယန်အား မေးလိုက်သည်။
"ဒီကို ဘယ်လိုရောက်လာတာလဲ?"
"ဒီစကားထစ်ကြောင့်ပဲ၊ ငါ မျက်စိမှိတ်ပြီး စိတ်အနားခဏအနားယူတော့မယ့်အချိန်မှာ ထောင်ကနေ လွှတ်ထုတ်ခံလိုက်ရတယ်။ ကံကောင်းတာက ငါက အိပ်မပျော်သေးတော့ အခန်းထဲက ထောင်စောင့်တွေသုံးတဲ့ တစ်ကိုယ်ရေတွယ်ကြိုးကို ငှားပြီး တံခါးဖွင့်၊ နဂါးတိုင်မှာ ချိတ်တွယ်လိုက်တယ်၊ ငါ ချောက်နံရံပေါ်ကို မတက်ခင်မှာပဲ ဒီစိတ်ရောဂါရှိတဲ့စနစ်က ခုန်ကူးသွားတယ်"
ဆာအာ့ယန်က ထိုသို့ပြော၍ အေးစက်စက် ရယ်လိုက်သည်။
SkyEye က နောက်ထပ် ညည်းညူသံ ထွက်လာပြီး သနားစရာကောင်းလှသည်။
နဂါးတိုင်က သူ့ကို ကာကွယ်မထားသည်ကိုပင် ကျေးဇူးတင်ရမည် ။ စိတ်ရောဂါရှိသကဲ့သို့ ပြုမူတတ်သော SkyEye စတင် ခုန်ကူးသွားသည့်အခါ နဂါးတိုင်က ဂြိုဟ်အသေးလေးအား ကာကွယ်ရေးအကာအရံထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ မဟုတ်လျှင် ခုန်ကူးပြီးသည့်နောက်ပိုင်းတွင် ဆာအာ့ယန်ကိုယ်တိုင် ခွဲထုတ်ခံရမည်ဖြစ်သည်။
သူသည် တံတိုင်းအစွန်းကို လက်တစ်ဖက်ဖြင့် ထောက်ပြီး ခုန်ဆင်းလိုက်ကာ ချူစစ်ရှေ့ရှိ မြေပြင်ပေါ်သို့ ခြေချကာ ညည်းညူသံဖြင့် ပြောလိုက်သည်။
"ငါက ဂြိုဟ်စင်္ကြံအောက်ခြေကနေ တက်လာဖို့ ကြိုးစားနေတာ၊ ဒါပေမယ့် ဒီအရူးက ဒုတိယအကြိမ် ခုန်ကူးသွားလိုက်တယ်"
ချူစစ် : "..."
ဒုတိယအကြိမ်ခုန်ကူးမှုကို သူကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ချောင်းဆိုးလိုက်ပြီး သူ၏မျက်နှာအမူအရာကို ကွယ်ဝှက်ရန် ခေါင်းလှည့်လိုက်သည်။
အမျက်ထွက်နေဆဲဖြစ်သော ထန်နှင့် လဲ့ဖန်တို့သည် ဆာအာ့ယန် ပြောခဲ့သော စကားလုံးအနည်းငယ်ကို သတိပြုမိလာကြသည်။ အရေးကြီးသော စကားလုံးအချို့က သူတို့နားထဲတွင် ပဲ့တင်ထပ်နေသည်...။
'ထောင်ကနေ လွှတ်ထုတ်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ’
'နဂါးတိုင်မှာ တွယ်ကြိုး ချိတ်ဆွဲခဲ့တယ် ဆိုတာကကော ဘာကိုဆိုလိုတာလဲ’
နဂါးတိုင်ကား သာမန်မဟုတ်သည်မှာ လူသိရှင်ကြား ဖြစ်သည်။ အလွန်နီးကပ်စွာ ချဉ်းကပ်သူများသည် ချက်ချင်းဆိုသကဲ့သို့ အသားငါးအရောအစပ်အဖြစ် ပြိုကွဲသွားတတ်သည်။ ကြိုးကဲ့သို့သော အရာဝတ္ထုကို ထိုနဂါးတိုင်ပေါ်တွင် တင်ထားပါက နဂါးတိုင်နှင့် ကပ်နေသော စွမ်းအင်စက်ကွင်းမှ လွှမ်းမိုးခံရမည်ဖြစ်သည်။
ထိုသို့သော အချိန်တွင် ကြိုးကို ထိမိပါက လက်ပေါ်တွင် သွေးပေနေသည်ကို တွေ့ရမည်ဖြစ်ပြီး အရေပြားနှင့် အသားများ ကွဲအက်သွားလိမ့်မည်။
သို့သော်...
သူတို့ထဲမှ အနည်းငယ်က သံသယဖြင့် ဆာအာ့ယန်၏ လက်နှစ်ဖက်ကို ကြည့်ကြသည်။ ထင်ရှားသော ဒဏ်ရာများ မရှိသည့်အပြင် သွေးယိုစိမ့်နေခြင်းလည်း မရှိပေ။
"ဒီလူ တစ်ခုခုမှားနေတာလား? လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား?"
တန့်က မျက်မှောင်ကြုတ်ကာ အသံနှိမ့်၍ နှုတ်ခမ်းဖျားမှ စကားလုံးများကို ညှစ်ထုတ်လိုက်သည်။
မေးခွန်းထုတ်ခံရသူ လဲ့ဖန်က ပြန်မပြောရသေးမီ ဆာအာ့ယန်က သူ့ကို လှမ်းကြည့်လိုက်သည်။
"စကားသံတိုးနေလို့ ရှင်းရှင်းလင်းလင်း မကြားရဘူး"
ထန် : "..."
သူသည် ထိုလူကို လက်ခလယ်ထောင်ပြလိုသော ဆန္ဒကို ထိန်းချုပ်လိုက်ကာ ဆာအာ့ယန်၏ လက်မောင်းပေါ်ရှိ အနက်နှင့် ရွှေရောင်ကွင်းကို မျက်စောင်းဖြင့် ကြည့်ပြီး အံ့အားသင့်စွာဖြင့် ချူစစ်ထံသို့ လှည့်ကာ မေးလိုက်သည်။
"ဒီလူက အာကာသထောင်ကလား? အခု ထောင်ထဲမှာ ရှိနေသင့်တာမဟုတ်ဘူးလား?"
ချူစစ်က အေးစက်စွာဖြင့် ပြောလိုက်သည်။
"ထောင်က သူ့ကို မချုပ်နှောင်နိုင်ဘူး၊ ထောင်ဖောက်ပြေးလာတာ"
အဖွဲ့တစ်ခုလုံး : "..."
မေးခွန်းသင်္ကေတမှလွဲ၍ အခြားမည်သည့် မျက်နှာအမူအရာမှ မရှိတော့ဟု သူတို့ ခံစားရသည်။ ထောင်ပြေးတစ်ယောက်သည် ထောင်ကြီးကြပ်ရေးအုပ်လိုက်ကြီးနှင့် မျက်နှာချင်းဆိုင် ထိုသို့ စကားပြောနေပုံက အဘယ်ကြောင့်နည်း? ဤလူကို စကားပြောစရာ မလိုအပ်ဘဲ ဖမ်းဆီးသင့်သည် မဟုတ်ပါတကား။
"အုပ်ချုပ်ရေးမှုးကြီး… ပွင့်ပွင့်လင်းလင်းပြောရရင်၊ ကျုပ်တို့မှာ ပိုများတဲ့ လက်နက်ခဲယမ်းတွေ ရှိတယ်"
ထန်က အသံတိုးပြီး သတိပေးလိုက်သည်။
"သူ့ကိုဖမ်းချင်ရင်..."
ဆာအာ့ယန်က မျက်ခုံးပင့်လိုက်ကာ ခေါင်းငုံ့ပြီး တစ်ခုခုကို စမ်းသပ်လိုက်ကာ ပျင်းရိငြီးငွေ့စွာနှင့် ပြောလိုက်သည်။
"ကံကောင်းတာပဲ၊ ငါ့မှာ ပဋိရုပ်ဒြပ်စင် အဏုမြူဗုံးတစ်ဆုပ်စာ ကျန်သေးတယ်"
အုပ်စု : "..."
သူ၏လက်ဝါးပေါ်တွင် ခင်းထားသော အဏုမြူဗုံးများသည် ဆန်စေ့အရွယ်မျှသာရှိပြီး အထူးကုသမှုခံယူထားသော အပြင်ခွံများကို ဘေးဖယ်ထားလျှင် ဤအဏုမြူဗုံးများတွင် ပါဝင်သော ပဋိရုပ်ဒြပ်ပမာဏသည် အများဆုံး ၃၀ မှ ၄၀ မီလီဂရမ်ခန့်သာ ရှိသည်။
သိပ်မများဟု ထင်ရသော်လည်း ၎င်းတို့သည် ဤဂြိုဟ်တစ်ခုလုံးကို အပိုင်းပိုင်း ပျက်စီးသွားသည်အထိ ပေါက်ကွဲစေရန် လုံလောက်ပေသည်။
ချူစစ် ဤအခြေအနေကို ဆက်ကြည့်ရန် မခံမရပ်နိုင်တော့ဘဲ စကားစပြောလိုက်ပြီး ဆာအာ့ယန်ကို မေးလိုက်သည်။
"ဒါဆိုရင် ငါတို့ ဒီဂြိုဟ်စင်္ကြံနဲ့ ချိတ်ဆက်လိုက်တာနဲ့ မင်းက ဒီမှာ ဆင်းသက်လာတာလား? မင်း ဘာလို့ ဘာနီးခံတပ်ကို ရောက်လာတာလဲ?"
"မှန်းကြည့်ပါလား?"
ထိုမကောင်းသည့်လူက မျက်တောင်ခတ်လိုက်ပြီး ဒုံးကျည်လောင်ချာကို ကိုင်ထားသော လက်ဖြင့် တံခါးပေါက်သို့ လှမ်းလာခဲ့သည်။
ချူစစ် သူ၏နောက်ကျောကို ခေတ္တကြည့်နေပြီးနောက် ခေါင်းမလှည့်ဘဲ နောက်က အရူးလေးများထံ လက်ဝဲပြကာ ပြောလိုက်သည်။
"ထားလိုက်ပါ၊ သူ့ကို မင်းတို့ရှေ့မှာ သွားခွင့်ပြုထားလိုက်"
ဆာအာ့ယန်က သူ၏ရည်ရွယ်ချက်ကို မပြောသော်လည်း လက်ရှိလုပ်ရပ်များအရ သူသည် သူတို့အတွက် လာခြင်း မဟုတ်ကြောင်း သိသာထင်ရှားသည်။
ထန်နှင့် အခြားသူများသည် မျက်နှာချင်းဆိုင်ကြည့်ကာ ခြေလှမ်းအနည်းငယ် လိုက်လာကြသည်။
"အုပ်ချုပ်ရေးမှူးကြီး၊ သူက ဘယ်သူလဲ?"
လဲ့ဖန်က ထပ်မံ၍ သည်းမခံနိုင်ဘဲ မေးလိုက်သည်။
ချူစစ်က အေးဆေးစွာ ဖြေလိုက်သည်။
"သူ့နာမည်က ဆာအာ့ယန်၊ မင်းတို့ ကြားဖူးကြတယ်မလား"
ထိုအုပ်စုက မသိလိုက်စွာပင် ခေါင်းညိတ်လိုက်ကြသည်။
"အိုး"
ချူစစ် သူတို့ထံမှ နောက်ထပ် တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူ့ရှေ့ရှိ ဆာအာ့ယန်အား ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မင်း ယူလာတဲ့ဟာတွေကို ငါ့ကို ပြန်ပေးပါ ထောင်ပြေးကြီးရေ၊ သူများ ပစ္စည်းတွေကို ခိုးထားတာ အရှက်မရှိဘူးလား"
ဆာအာ့ယန်က နောက်သို့ပင် လှည့်မကြည့်ဘဲ ရှေ့သို့ လျှောက်လှမ်းရင်း ဒုံးကျည်လောင်ချာကို လှုပ်ခါလိုက်ပြီး ရယ်သံများဖြင့် ပြောလိုက်သည်။
"အစီရင်ခံတင်ပြပါရစေ… အုပ်ချုပ်ရေးမှုးကြီး၊ ဒီပစ္စည်းကို ခင်ဗျား အသုံးပြုပြီးတာနဲ့ လွှင့်ပစ်လိုက်တာ သိသာထင်ရှားပါတယ်၊ ကျွန်တော်က ပြန်လည်သိမ်းဆည်းလိုက်တာပါ၊ လောင်စာသေတ္တာထဲကနေ အသုံးဝင်တဲ့ ခဲယမ်းတစ်ချို့ကိုပါ တွေ့ခဲ့တယ်၊ ခင်ဗျားက ဒီလို အကြောင်းမဲ့အကျိုးမဲ့ မပြောသင့်ပါဘူး"
"ငါ ဘယ်တော့မှ အကြောင်းမဲ့အကျိုးမဲ့ မပြောခဲ့ဘူး၊ ငါ့ရဲ့ မျက်လုံးကာ ကိရိယာကိုလည်း ကျေးဇူးပြပြီးတော့ ပိုင်ရှင်ဆီ ပြန်အပ်ပါ၊ ကျေးဇူးတင်ပါတယ်"
ချူစစ်က ဆက်ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ဆာအာ့ယန်က ရိုးရိုးရှင်းရှင်းပင် နောက်ပြန်လှည့်လိုက်သည်။ သူ၏နောက်ကျောသည် ဗဟိုခံတပ်တံခါးကို မျက်နှာမူနေပြီး လက်နှစ်ဖက်ကို ချူစစ်ထံသို့ ဖြန့်ကားကာ ခြေလှမ်းများကို နောက်ပြန်ဆုတ်နေသည်။ သူ့နောက်ရှိ ကောင်းကင်တွင် မငြိမ်းသတ်သေးသော မီးခိုးများနှင့် မီးလျှံများ ရှိနေသည်။
သူသည် ရယ်မောပြီး ပြောလိုက်သည်။
"လာယူလိုက်ပါ၊ စကားများစရာမလိုပါဘူး"
ချူစစ် : "..."
‘မင်း ဒီဒုံးကျည်လောင်ချာကိုပဲ ပွေ့ပြီး ကောင်းကင်ကို တက်သွားလိုက်ပါတော့’
ဆာအာ့ယန်၏ တံခါးကို သိမ်းကျုံးဖောက်ခွဲမှုသည် အလွန် ထိရောက်မှုရှိခဲ့သည်။ ဗဟိုခံတပ်တံခါးတစ်ခုလုံး လုံးဝပျက်စီးသွားပြီး ကာကွယ်ရေးတံတိုင်းနှစ်ဖက်သည် သားရဲတိရစ္ဆာန်၏ သွေးစိုနေသော ပါးစပ်ကဲ့သို့ပင် ပုံပျက်ပန်းပျက်ဖြစ်ကာ ကျယ်ပြန့်စွာ ဟနေသည်။
သူနှင့် ချူစစ်တို့သည် တံခါးပေါက်ကြီးမှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာပြီး အရေးပေါ်စွမ်းအင်ခလုတ်သည် "ဝီး" ဆိုသည့် အသံနှင့်အတူ ဗဟိုခံတပ်တစ်ခုလုံး အပေါ်မှ အောက်သို့ တစ်စစီ မီးအလင်းများ ပွင့်လာသည်။
သူတို့ရောက်ရှိရာ နေရာသည် အရှေ့ဘက် မြေညီထပ်ဖြစ်ပြီး အရွယ်အစားအမျိုးမျိုးရှိကာ မြင့်မားသော တိကျမှုရှိသည့် ကိရိယာများစွာကို ကျယ်ပြန့်လှသော နေရာလပ်တွင် စီထားသည်မှာ ခံတပ်၏ အလွန်မြင့်မားသော အမိုးမှ ခံတပ်၏ အလွန်နက်ရှိုင်းသော အောက်ခြေအထိ ရှိသည်။ ဤနေရာတွင် စကားပြောလျှင် ပဲ့တင်သံပင် ကြားရတတ်သည်။
အရေးအကြီးဆုံး စစ်ဆင်ရေးဗဟိုဌာနသည် မြေအောက်တွင် တည်ရှိသောကြောင့် ယောက်ျားနှစ်ယောက်သည် ဘေးဘက်လှေကားမှတစ်ဆင့် ခြေလှမ်းကျယ်ကျယ်ဖြင့် ဆင်းသွားကြသည်။
သူတို့သည် မြေအောက်ထပ်ရှိ သယ်ယူပို့ဆောင်ရေးချပ်ပြားထံသို့ ဦးတည်လာချိန်တွင် ချူစစ်က နောက်ပြန်လှည့်ကာ နောက်ကျနေသော အရူးသုံးယောက်အား အားတက်သရော ခေါ်လိုက်သည်။
“မြန်မြန်လာကြ”
ထို "မြန်မြန်" ဆိုသော စကားလုံးနှစ်လုံးသည် တစ်နည်းတစ်ဖုံဖြင့် "အိပ်ပျော်နေသူ" သုံးယောက်ကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထန်သည် ဆာအာ့ယန်အား ကြည့်ရှုကာ ဤသူ၏ အကြောင်း အမှန်တရားကို သဘောမပေါက်မီ သူ့ပါးစပ်က "ဟင့်အင်း” ဟု အော်လိုက်မိပြီး ခြေချော်ကျကာ လှေကားမှတစ်ဆင့် လိမ့်ကျသွားသည်။ သူ့ရှေ့နှစ်လှမ်းတွင် ရှိနေသည့် လဲ့ဖန်နှင့် လျိုတို့ကလည်း သူနှင့်အတူ လိမ့်ကျသွားကြသည်။
သုံးယောက်လုံး အချိန်မီ မထနိုင်တော့ဘဲ ချူစစ်အား ပြန်မေးကြသည်။
"အုပ်ချုပ်ရေးမှုးကြီး၊ ခင်ဗျားက သူ့ကို ဘယ်သူလို့ ပြောလိုက်တာလဲ? ဆာအာ့ယန်လား???"
ချူစစ် : "..."
ဆာအာ့ယန်က ပြုံးပြီး ပြောလိုက်သည်။
"ဒီအရူးလေးတွေရဲ့ တုံ့ပြန်မှုအာရုံခံစနစ်က စကြာဝဠာကို အခါသုံးရာလောက် ပတ်မိမှာပဲ"